အပိုင်း ၅၅
Viewers 6k

🍬Chapter 55


------------


ချီချန်အန်း ကမ်းပေးတဲ့ရေကို ရွှီလော့ယန် တစ်ကျိုက်တည်းဖြင့်မော့သောက်လိုက်ပြီးနောက် သူ့မျက်လုံးတွေအောက်က အစိမ်းရောင်သန်းနေတဲ့ အနက်ရောင်အိတ်တွေကို ကြည့်လိုက်ပြီး “အခု ဘယ်အချိန်တောင်ရှိနေပြီလဲ"


"ခုနစ်နာရီထိုးနေပြီ"


"မင်းတစ်ညလုံးအိပ်မထားဘူးမလား" 


သူ့မျက်ခုံးတွေ တွန့်သွားပြီး ရွှီလော့ယန်ကအတွင်းဘက်ကို အလျင်စလို ရွှေ့လိုက်ရင်း စောင်ကိုဆွဲမလိုက်ကာ ကုတင်ကို ပုတ်ပြလိုက်သည်။


"ဒီကိုလာခဲ့ အခုစောနေသေးတာမလို့ ခဏလောက်အိပ်လိုက်ဦး၊ ကျွန်တော်လည်းအခုသတိရနေပြီမလို့ သိတ်ပူစရာမလိုပါဘူး။"


ချီချန်အန်း ခဏလောက် တုံ့ဆိုင်းသွားသော်လည်း ငြင်းဆန်ဖို့ ရည်ရွယ်ထားတဲ့ စကားလုံးတွေက ရွှီလော့ယန်ရဲ့ တောင်းဆိုနေတဲ့ မျက်လုံးတွေကို မြင်လိုက်ပြီးနောက်မှာတော့ 'ကောင်းပြီ' ဆိုပြီးဖြစ်သွားရသည်။


ထို့နောက် သူ့အကျီကို ချွတ်လိုက်ပြီး စောင်အတွင်းသို့ဝင်ကာလှဲချလိုက်သည်။ ဆေးရုံခန်းအတွင်း အပူချိန်က အရမ်းမြင့်ပြီး သူ့ဘေးမှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့ နွေးထွေးမှုက သူ့အသားနဲ့ သွေးတွေ အရည်ပျော်သွားတော့မလိုမျိုး စိမ့်ဝင်နေလေသည်။


သူ့စိတ်ထဲမှာ 'အခုနှင်းတွေကျနေပြီ ရုတ်တရက်ကြီး သူ့ကိုလွမ်းလာတယ်' 'ငါဘာလို့သူ့ကို အရမ်းသဘောကျနေရတာလဲ' 'ချီချီနဲ့ မတွေ့ရတာတောင်ကြာပြီ၊ သူ့ကိုညတိုင်း အိပ်မက်မက်ချင်တယ်' ဆို့တဲ့စာကြောင်းများရေးထွင်းထားသလိုမျိုးပေါ်လာသည်။


ယင်းက သူ့ဝိညာဉ်ကို လောင်ကျွမ်းနေသလိုမျိုးခံစားရစေသည်။ချီချန်အန်းအနေဖြင့်တစ်နေ့မှာ ရွှီလော့ယန့်ထံမှ တုံ့ပြန်မှုတစ်ခုခုပြန်ရနိုင်လိမ့်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ချေ။


ဘယ်လိုမျိုးလဲဆိုရင် အေးစက်ပြီးမှောင်မိုက်နေတဲ့ အခန်းထဲမှာ အလင်းရောင်က ရုတ်တရက် တောက်ပလာသလိုဖြစ်နေပေသည်။


သို့သော် သူက နတ်ဆိုးမဟုတ်ကြောင်း ရွှီလော့ယန်ကို ဘယ်လိုရှင်းပြရမလဲဆိုတာကိုမူ လုံးဝမသိတော့ချေ။ 


သူ့ခန္ဓာကိုယ်က ဘာလို့ ဒီလောက်ဆိုးနေတယ်ဆိုတာ၊ သူ့မျက်လုံးတွေက ဘာကြောင့်ပြာနေတယ်ဆိုတာ၊ နှင်းဆီနီတွေကို ဘာကြောင့်မုန်းရတာလဲဆိုတာတွေကို သူဘယ်လိုရှင်းပြရမလဲ။ ပြီးတော့သူ့မိသားစုကဘယ်လိုဆိုတာကိုရောပဲ။


ထိုပို့စ်တွေကို ကြည့်ပြီးတဲ့နောက်မှာ ချိုချို ချဥ်ချဥ်အရသာရှိတဲ့အသ်ီးကို ရလိုက်သလိုခံစားလိုက်ရပြီး ယင်းရနံ့လေးကိုရရုံဖြင့် ထာ၀ရအသက်ရှင်နိုင်သွားသလိုပင်။ သူ့ကို ရွှီလော့ယန်က အမည်မသိနတ်ဆိုးတစ်ဦးလို့ပဲသိထားပြီး နားလည်မှုလွဲသွားအောင် လုပ်ခြင်းက သူဘယ်လောက် ဥာဏ်များပြီးအတွင်းစိတ်မည်းနက်နေသလဲဆိုတာ သိစေတာထက် ပိုကောင်းမည်ဟု သူ့ကိုယ်သူ တွေးတောလိုက်သည်။


ရွှီလော့ယန်က ချီချန်အန်းရဲ့ မျက်လုံးတွေရှေ့ လက်ကိုဝေ့ယမ်းလိုက်ပြီး စိုးရိမ်နေတဲ့လေသံဖြင့် " ချန်အန်း၊ မင်း ခဏလောက်အိပ်သင့်တယ်၊ မင်းကြည့်ရတာ တော်တော်ကိုပင်ပန်းနေပုံပေါက်နေတယ်"


ချီချန်အန်းကသူ့အာရုံကို ပြန်စုစည်းလိုက်ပြီး "ဟုတ်ပါပြီ၊ မင်းရော နည်းနည်းလောက်အနားယူဦးလေ။"


"ကျွန်တော်လဲ မင်းနဲ့အတူတူ တစ်ရေးတစ်မောထပ်အိပ်မယ်လေ"


ရွှီလော့ယန်ရဲ့ မျက်ခုံးများ ကော့တက်လာပြီး ယင်းခဏမှာ သူ့မျက်ခွံပေါ်ကိုသက်ဆင်းခဲ့တဲ့ အနမ်းကို သတိရသွားပြီး နားရွက်ထိပ်များက အနည်းငယ်နီလာကာ "မင်း-" ဟူသော စကားတစ်လုံးကိုသာပြောနိုင်ပြီး ဆက်မပြောနိုင်တော့သဖြင့် ရွှီလော့ယန် စောင်အောက်သို့တစ်ဖန်ပြန်လှိမ့်ဝင်လိုက်၏။ 


သူ့ရဲ့ခန္ဓာကိုယ်အပူချိန်က ပြန်တက်လာတယ်လို့ ခံစားလိုက်ရချိန်မှာတော့ သူကစကားကိုအမြန်ဆက်လိုက်သည်။ 


"ဘာမှမဟုတ်ဘူး မေ့လိုက်ပြီး အိပ်တော့" 


မင်းနိုးလာတဲ့အချိန်ကျမှ ငါအိပ်နေတဲ့အချိန်မှာ မင်းဘာလို့ တိတ်တိတ်လေးနမ်းရတာလဲ ဆိုတာကိုမေးရမယ်။


ချီချန်အန်း မီးပိတ်လိုက်တာကို မြင်လိုက်ရတော့ ရွှီလော့ယန် စောင်အောက်မှ ပြန်ထွက်လာပြီး ချီချန်အန်းရဲ့ အုံ့ဆိုင်းနေတဲ့မျက်နှာကို မှိန်ပြပြ နံနက်ခင်းအလင်းရောင်အောက်ကနေ ကြည့်ရင်း သူ့လက်ကိုင်ဖုန်းကို မတွေ့ကြောင်း သတိရမိသည်။ 


သူနိုးလာတုန်းက ဝမ်ယွိရှင်းရဲ့ နာမည်ကို စောစောက တံခါးပေါက်နားကနေ ကြားလိုက်ရတာကိုသတိရလိုက်ပြီး "ကျွန်တော် တစ်ခုလောက်မေးချင်သေးလို့ အဲ့ဒါပြီးရင် အိပ်လို့ရပြီ"


ချီချန်အန်းရဲ့အသံက သူ့ဘေးကနေနီးကပ်စွာ ထွက်လာသည်။ 


"ကောင်းပြီ မင်းဘာမေးချင်တာလဲ"


"ကျွန်တော် စင်နောက်မှာ မူးလဲပြီး အခြားဘာမှ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး မဟုတ်လား"


ချီချန်အန်းထံက 'အမ်း'ဟုအသံထွက်လာပြီး "ဘာမှမဖြစ်ခဲ့ဘူး တစ်ခုခုဖြစ်သွားရင်လည်း ကျန်းသုန့်က အဲဒါကို ရှင်းပေးလိမ့်မယ်"


စိတ်ထဲမှာ ကြမ်းတမ်းတဲ့ အတွေးတစ်ခုပေါ်လာသော်လည်း ရွှီလော့ယန် နောက်ထပ်မေးခွန်းထပ်မမေးဖြစ်တော့ချေ။


အခန်းက တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြီး ရွှီလော့ယန် သူ့မျက်လုံးများကိုမှိတ်ထားသော်လည်း သူ့စိတ်မှာ မျိုသိပ်ထားတဲ့စိတ်လှုပ်ရှားမှုတစ်ခုဖြစ်နေလေသည်။ 


သူသဘောကျတဲ့လူက သူ့ဘေးမှာ လဲလျောင်းနေပြီး သူ့အသက်ရှူသံကို ကြားနေရတဲ့အချိန်မှာ သူဘယ်လိုလုပ်ပြီးအိပ်နိုင်မှာလဲလို့...။


သို့ပေမယ့် အိပ်ဖို့ကြိုးစားနေတဲ့ ချီချန်အန်းကို အနှောက်အယှက်ပေးမိမှာ စိုးရိမ်တာကြောင့် ရွှီလော့ယန် သူ့ကိုယ်သူ မလှုပ်မိအောင်သတိထားရင်း တခစ်ခစ်အသာတိုးတိုးရယ်မောနေမိပေမယ့် တစ်နည်းနည်းဖြင့် သူအိပ်မနေတာပေါ်သွားလေသည်။


"နျောင်နျောင် အိပ်မပျော်ဘူးလား"


'နျောင်နျောင်'ဆိုတာကိုကြားလိုက်ချိန်မှာတော့ ရွှီလော့ယန် သူ့စိတ်ထဲမှာ ဘာကိုမှ မထိန်းချုပ်နိုင်တော့ပေ။


"အင်း၊ ကျွန်တော်နည်းနည်းအိပ်မပျော်ဘူး'' 


ထို့နောက် သူ့ရဲ့ သတ္တိကို စုစည်းလိုက်ပြီး ဝါကျရဲ့ ဒုတိယ တစ်ဝက်ဖြစ်တဲ့ "ကျွန်တော်.....ကျွန်တော် အိပ်ပျော်ဖို့ ကြိုးစားရင်း ခဏလောက် ဖက်ထားလို့ရမလား ကျွန်တော် အိပ်လို့မပျော်လို့" ဟုပြောလိုက်သည်။


ယခုလိုပြောပြီးချိန်မှာတော့ သူငြင်းပယ်ခံရမှာကို ကြောက်ပြီးမျက်တောင်တောင် မခတ်ဝံ့တော့ပေ။


သို့ပေမဲ့ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ၊ သူ ချီချန်အန်းရဲ့ လက်တွေထဲမှာ ထွေးပွေ့ခံထားရတာကိုသိလိုက်ရပြီး သူ့ကြွက်သားများ တင်းမာသွားရသည်။ 


သူ့နောက်ကျောရဲ့အလယ်ဘက်ကို ချီချန်အန်းက သူ့ရဲ့လက်ဖြင့် ညှင်ညှင်သာသာ ပွတ်သပ်ပေးပြီး ''နျောင်နျောင်.... စိတ်ကိုလျှော့ထားနော်''


ရွှီလော့ယန် သူပြောသည့်အတိုင်း မသိစိတ်က လိုက်လုပ်လိုက်မိပြီးနောက် ချီချန်းအန်း ထံမှ ''လိမ္မာလိုက်တာ'' ဆိုတဲ့ ချီးကျူးစကားကို ခံယူလိုက်ရသည်။


"ကိုယ့်ခါးကို ဖက်ထား"


သူ့ရဲ့လက်ချောင်းထိပ်တွေက အနည်းငယ်တုန်ရီနေပြီး ရွှီလော့ယန် သူ့လက်တွေကို ဂရုတစိုက် မြှောက်လိုက်ပြီး ချီချန်အန်းရဲ့ ခါးမှာ နာခံစွာ ရစ်ပတ်လိုက်သည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်လွန်းနေတာကြောင့် တစ်ယောက်နှလုံးခုန်သံတစ်ယောက်ပင် ခံစားလို့ရနေသည်။


လက်ငါးချောင်းကို အနည်းငယ် တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ပြီး ရွှီလော့ယန် ချီချန်အန်းရဲ့ ရှပ်အင်္ကျီကို ဆုပ်ကိုင်လိုက်ရင်း လေအနည်းငယ်ကိုရှုသွင်းလိုက်ကာ "ကျွန်တော်စောစောက သိနေခဲ့တယ်" လို့ တိုးတိုးလေး ပြောလိုက်သည်။


အခန်းက အရမ်းတိတ်ဆိတ်နေပြီး သူတို့နှစ်ယောက် အရမ်းနီးကပ်နေကာ ရွှီလော့ယန်ရဲ့အသံက ရှင်းရှင်းလင်းလင်းဖြင့် လေထုထဲလွင့်ပျံသွား၏။ 


"မင်း ကျွန်တော်ဆီကနေ အနမ်းခိုးသွားတာ ကျွန်တော်သိတယ်"


ချီချန်အန်းထံမှ မည်သည့်စကားသံမျှထွက်မလာချေ။


သူ့ကိုယ်သူ သေသေချာချာ သုံးကြိမ်ဆက်တိုက် သတိပေးပြီးနောက် ရွှီလော့ယန် နောက်ဆုံးတွင်အားတင်းပြီးမေးလိုက်တော့သည်။ 


"အဲ့....အဲ့ဒါကြောင့် မင်း ကျွန်တော်ကို နောက်တစ်ခေါက်လောက်ထပ်နမ်းပေးလို့ရမလား"


ယင်းစကားတွေပြောပြီးတဲ့နောက်မှာတော့ သူ့ပါးစပ်က မီးစွဲခံလိုက်ရသလိုခြောက်ကပ်သွားတော့၏။


ထိုစကားတွေကိုကြားတဲ့အချိန်မှာတော့ ချီချန်အန်းရဲ့ အသက်ရှုသံက လုံး၀ရပ်တန့်သွားတော့သည်။ သူ ရွှီလော့ယန်ထံက အနည်းငယ်တုန်ယင်မှုနှင့်မျှော်လင့်ချက်ကိုပင် ခံစားလို့ရနိုင်ပေသည်- မဟုတ်ရင်တောင် ရွှီလော့ယန်ဆိုတာကသူဘယ်တော့မှ မငြင်းဆန်နိုင်တဲ့လူသားလေးပဲမဟုတ်လား။


နောက်တစ်စက္ကန့် အကြာမှာပဲ ရွှီလော့ယန် သူ့နဖူးပေါ်မှာ အနမ်းတစ်ပွင့်ကို ခံစားလိုက်ရပြီး ချီချန်အန်းရဲ့ "နျောင်နျောင် မြန်မြန်နေကောင်းအောင်လို့ အိပ်လိုက်နော်"ဆိုတဲ့ ညှင်သာတဲ့ ခပ်နိမ့်နိမ့်အသံကိုကြားလိုက်ရသည်။


ချီချန်အန်း မငြင်းတာကို သတိပြုမိတဲ့နောက်မှာ ရွှီလော့ယန် နည်းနည်းလောက် အကျင့်ပျက်ဖို့ ဆုံးဖြတ်လိုက်ပြီး သတ္တိရှိရှိဖြင့်ထပ်တောင်းဆိုလိုက်သည်။


''ထပ်နမ်းပေးပါဦး''


သုံးစက္ကန့်ကြာပြီးနောက် သူ့နဖူးပေါ်ကို နောက်ထပ် အနမ်းတစ်ခု ထပ်မံ ရောက်ရှိလာလေသည်။


"အောက်....အောက်ကိုနည်းနည်းလောက်"


နူးညံ့သော နှုတ်ခမ်းများက ဖြည်းညှင်းစွာ အောက်သို့ လျှောကျလာကာ သူ့နှာတံပေါ် ညင်သာစွာ ထိတွေ့သွားချေသည်။


"နည်းနည်းလောက်ထပ်ဆင်းပါဦး.....ဟုတ်ပြီလား"


အနမ်းက သူ့နှာဖျားထိပ်လေးအထိ ကျဆင်းသွား၏။


ရွှီလော့ယန်ရဲ့ အသံက တုန်ယင်နေပြီး "အောက်ကိုနည်းနည်းလောက်ထပ်ဆင်းပါဆို"


ယခုတစ်ခါတွင်မူ ချီချန်အန်းက အချိန်အကြာကြီး မလှုပ်ရှားတော့ပေ။ ရွှီလော်ယန်ကအသံမထွက်စေဘဲ အသက်ကိုအသာရှုထုတ်လိုက်သည်။


အချိန်မည်မျှကြာသွားမှန်းမသိသော်လည်း အမှောင်ထုထဲကနေ အလွန်ညင်သာတဲ့ သက်ပြင်းချသံထွက်လာပြီးတဲ့နောက် ချီချန်အန်း သူ့ခန္ဓာကိုယ်ကိုထိန်းထားဖို့ တံတောင်ဆစ်တွေကို ကုတင်ပေါ်ထောက်လိုက်ပြီး ခေါင်းငုံ့ကာ ရွှီလော့ယန်ရဲ့ အဖိုးတန်တဲ့ နှုတ်ခမ်ပါးတစ်စုံကိုဖမ်းယူလိုက်တော့၏။



_____



အာ၀ူး!!!!! ကြားလားကြားလား ကိုယ် ခွေးစာတောထဲကလှမ်းအူတဲ့အသံကို...


Translated By IQ-Team.