🍵Chapter 97
- သူမသွားနေစဉ်တွင် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်ကို သတိထားလိုက်မိသည်
-
ထုံရွှယ်လူ လှည့်ကြည့်လိုက်သောအခါ စားပွဲပေါ်မှ အိတ်နှစ်လုံးကို သတိပြုမိသွားလေ၏။၎င်းတို့ကို ဖွင့်ကြည့်လိုက်သောအခါ တည်သီးခြောက်များကို တွေ့လိုက်ရသည်။
ထုံရွှယ်လူတစ်ယောက် ခေါင်းယမ်းလျက် ရယ်မောမိသွားတော့လေ၏။ဤအရာများကို ဝမ်ရူကွေ့ ချန်ထားခဲ့သည်မှာ သေချာသည်။သို့သော်လည်း ဤအမူအကျင့်က အဘယ်နည်း။
ဝမ်ရူကွေ့သည် အမြဲတစေပင် သူမအတွက် လက်ဆောင်များ တိုးတိုးတိတ်တိတ်ချန်ထားပေးခဲ့လေ့ရှိသည်။
လက်မခံမည်ကို သူစိုးရိမ်နေသလော။
ထိုအခြင်းအရာသာ အမှန်ဆိုလျှင် သူသည် အလွန်အမင်း အတွေးလွန်နေပေပြီ။
ထုံရွှယ်လူသည် သူ့ထံမှ လက်ဆောင်များကို ငြင်းဆန်မည်မဟုတ်ပေ။
သူမက လက်တစ်ဖဝါးစာ အရွယ်ရှိ တည်သီးခြောက်တစ်လုံးကို ထုတ်ယူလိုက်သည်။၄င်းအား အပေါ်မှ သကြားတစ်လွှာဖြင့် ဖုံးအုပ်ထားလေ၏။
တစ်ကိုက် ကိုက်လိုက်ရာတွင် နူးညံ့ချိုမြိန်မှုက အာခံတွင်းထဲသို့ ပျံ့နှံ့သွားသည်။ချိုသော်လည်း အချိုမကဲဘဲ နောက်ထပ်တစ်ကြိမ် မြည်းစမ်းလိုစိတ်ပေါက်လာစေသည်။
ထုံရွှယ်လူက ကျေနပ်စွာဖြင့် မျက်လုံးမှိတ်ထားလိုက်တော့သည်။ငယ်စဉ်အချိန်က စားသုံးခဲ့သော တည်သီးခြောက်၏ ချိုမြိန်မှုကိုပါ အမှတ်ရသွားစေလေ၏။
ထုံမျန်မျန်သည် သူမ၏ ပုပုတိုတိုခြေထောက်ကလေးများဖြင့် ယက်ကန်ယက်ကန် ကမ်းလာခဲ့ပြီး တည်သီးခြောက်စားနေသော အစ်မကြီးကိုမော့ကြည့်ကာ သွားရည်ယိုနေလေသည်။
" ဘာတွေ စားနေတာလဲ မမ ... "
ထုံရွှယ်လူ ငုံ့ကြည့်လိုက်သောအခါ သူမကို စူးစူးစိုက်စိုက်ကြည့်ရှုနေသော ပေါင်မုန့်လုံးလေးကို တွေ့လိုက်ရတော့၏။ထုံမျန်မျန်သည် သူမ၏ အနီရောင်နှုတ်ခမ်းလေးများအား စေ့စေ့ပိတ်ထားသော်လည်း တိတ်တဆိတ် တံတွေးမျိုချလိုက်သည်မှာ သိသာသည်။
ထုံရွှယ်လူမှာ ပေါင်မုန့်လုံးလေးအား စနောက်ချင်စိတ် ဝင်လာတော့သည်။
" မမက တည်သီးခြောက်စားနေတာလေ ... "
ထိုအခါ ပေါင်မုန့်လုံးလေးက သူမ၏ လက်ထဲမှ တည်သီးခြောက်အား မျက်တောင်မခတ်စတမ်း စေ့စေ့ကြည့်ရှုလာတော့လေ၏။
" တည်သီးခြောက်က စားကောင်းလားဟင် .... "
" အရမ်းကို အရသာရှိတာ ... နူးညံ့ပြီး ချိုချိုလေးလေ ...ဒီ့ထက်ကောင်းတာကို မရှိလောက်တော့ဘူး ... "
ထုံရွှယ်လူက ခေါင်းညိတ်လျက် ပြန်လည်ဖြေကြားလိုက်သည်။သို့သော်လည်း သူမ ပြောခဲ့သမျှထဲတွင် ထုံမျန်မျန့်အား တစ်ခုကျွေးမည်ဟူသော စကား တစ်ခွန်းမှ မပါချေ။ထို့အစား သူမသည် ပေါင်မုန့်လုံးလေး၏ရှေ့တွင် တည်သီးခြောက်တစ်ကိုက်ကို ထပ်ကိုက်ပြလိုက်သည်။
ထုံမျန်မျန်သည် သူမ၏ လက်ချောင်းလေးများကို လိမ်လိုက်ပြီး စားချင်စိတ်များပြည့်နှက်နေသော မျက်ဝန်းလဲ့လဲ့ကြီးများဖြင့် ထုံရွှယ်လူ့အား စူးစိုက် ကြည့်ရှုနေသည်။
" မျန်မျန် သေးသေးလေးတစ်ကိုက်လောက် ကိုက်ကြည့်လို့ရလားဟင် မမ ... "
နောက်ဆုံးတွင် ထုံရွှယ်လူတစ်ယောက် ကျယ်လောင်စွာ ရယ်မောမိသွားတော့သည်။
မည်မျှပင် ချစ်စရာကောင်းလိုက်သော ပေါင်မုန့်လုံးလေးနည်း။သွားရည်ယိုနေပြီဖြစ်သော်လည်း တစ်ကိုက် ကိုက်ရန်ကိုသာ တောင်းဆိုရှာသည်။
ထုံရွှယ်လူက အိတ်ထဲမှ တည်သီးခြောက်တစ်ခုကို ထုတ်ပေးလိုက်ပြီး ထုံမျန်မျန့်အား ကမ်းပေးလိုက်လေ၏။
" သေးသေးလေး ကိုက်စရာမလိုပါဘူး ... ဒီမှာ မျန်မျန့်အတွက် ... ဒါပေမယ့် တည်သီးခြောက်တွေ အများကြီးစားတာက မျန်မျန့်အတွက် မကောင်းဘူးနော် ... တစ်ခုပဲစား ... "
ပေါင်မုန့်လုံးလေး၏ ကြည်လင်သော မျက်ဝန်းနက်များက ရွှန်းလဲ့နေသည်။သူမသည် ထုံရွှယ်လူ့ထံမှ တည်သီးခြောက်ကို ယူကာ " ကျေးဇူးပါ မမ ... " ဟု ဝမ်းသာအားရ ဆိုလာခဲ့၏။
ပြောပြောဆိုဆိုနှင့် တည်သီးခြောက်တစ်ကိုက် ကိုက်လိုက်ရာတွင် ထုံမျန်မျန်၏ မျက်လုံးများက ပို၍ပင်တောက်ပလာတော့သည်။အစ်မကြီးဖြစ်သူပြောသလိုပင် တည်သီးခြောက်မှာ နူးညံ့ချိုမြိန်နေလေ၏။
ထုံမျန်မျန်သည် သူမ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်ပြီး ကျေနပ်စွာ ပြုံးကာ မျက်လုံးများ မှိတ်ထားလိုက်တော့သည်။
ထုံရွှယ်လူမှာမူ တည်သီးခြောက် နှစ်ခုကို တစ်ထိုင်တည်း စားခဲ့ပြီး ဝမ်ရူကွေ့အား မည်သည့်အရာ ပြန်ပေးရမည်ကို တွေးတောနေခဲ့လေသည်။
ထိုအချိန်တွင် ဘေးအိမ်၌ ပျိုးထားသောဂန္ဓမာပင်များကို ထုံရွှယ်လူ ရုတ်တရက် သတိရမိသွားသည်။ထိုအပင်များသည် မကြာသေးမီကမှ ပန်းများပွင့်နေခဲ့လေ၏။ထိုပန်းပွင့်များကို အခြောက်ခံကာ လက်ဖက်ရည်လုပ်သောက်လျှင် လည်ချောင်းအတွက် အကျိုးရှိနိုင်သည်။
ယင်းနောက်တွင် သူမသည် တည်သီးခြောက်တစ်ဝက်ကို စက္ကူအိတ်ဖြင့် ခွဲထည့်လိုက်တော့လေ၏။
" မမ အဘွားရှန်ဆီ ခဏသွားမလို့ ... မျန်မျန် လိုက်ချင်လား ... "
" ဟုတ် ... "
ထုံမျန်မျန်က ခေါင်းညိတ်တဆတ်ဆတ်ညိတ်၍ ဖြေဆိုရှာသည်။
" ဒါပေမဲ့ မမကျူးကျူးအတွက် တည်သီးခြောက်မရှိဘူးလေ ... "
ပေါင်မုန့်လုံးလေး၏ စကားကြောင့် ထုံရွှယ်လူက တခစ်ခစ်ရယ်လိုက်ပြီး " ပါတယ်လေ ... ဒါက အဘွားရှန်တို့အိမ်အတွက် .... " ဟု ဆိုကာ စက္ကူအိတ်ကို မြှောက်ပြလိုက်လေ၏။
အစ်မ ကျူးကျုးအတွက်လည်း တည်သီးခြောက်များရှိသည်ကို သိလိုက်ရသဖြင့် ထုံမျန်မျန်တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့သည်။
***
ဝေ့မိသားစုက ထုံရွှယ်လူ၏ တည်သီးခြောက်များကို လက်ခံပြီးနောက်တွင် ဂန္ဓမာပန်း ခူးခွင့်ပေးရုံသာမက ဂန္ဓမာပင်အိုးနှစ်လုံးကိုပင် ပို့ပေးလိုက်သေးသည်။
ထုံရွှယ်လူသည် ဂန္ဓမာပန်းများကို သေချာစွာဆေးကြောပြီး လေဝင်လေထွက်ကောင်းသည့်နေရာတွင် အခြောက်ခံထားလိုက်သည်။ထိုသို့ အခြောက်ခံပြီးသောအခါ ပန်းပွင့်များကို ပေါင်းခံပြီး နောက်တစ်ကြိမ် အခြောက်ခံရဦးမည်ဖြစ်လေ၏။
ဒုတိယအကြိမ်တွင် ၇ ရက်မှ ၈ ရက်အထိအခြောက်ခံရန် လိုအပ်ပြီး ဆိုလိုသည်မှာ သူမသည် ဤဂန္ဓမာပန်းခြောက်များကို မကြာသေးမီအချိန်၌ ဝမ်ရူကွေ့ အား ပေးနိုင်မည် မဟုတ်သေး ဟူ၍ပင်။
အားလုံး လုပ်ကိုင်ပြီးစီးသွားသောအခါ ထုံရွှယ်လူသည် ထုံမျန်မျန့်ကို ခေါ်ဆောင်ပြီး ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့သွားကာ ဟင်းချက်စရာ ဝယ်ယူရန် ပြင်ဆင်တော့သည်။
အပြင်ထွက်ရန် တံခါးဖွင့်လိုက်သောအခါ ကလေးမလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်လေ၏။ယင်းအမျိုးသမီးသည် တံခါးဖွင့်လိုက်သဖြင့် လန့်ဖျပ်သွားပုံရပြီး သူမ လက်တွဲထားသော ကလေးမလေးနှင့်အတူ အနောက်သို့ ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။
ထုံရွှယ်လူသည် မျက်စိရှေ့မှ အမျိုးသမီးအား အပေါ်အောက် စူးစမ်း အကဲဖြတ်လိုက်သည်။သူမ၏အသားအရည်မှာ ညိုနေပြီး အသက် ၂၇ မှ ၂၈ နှစ်ဝန်းကျင်ဖြစ်ပုံရလေ၏။
အတူပါလာသော ကလေးမလေးကို မြင်လိုက်ချိန်တွင် ထိုအမျိုးသမီး မည်သူမည်ဝါမှန်း ထုံရွှယ်လူ ရိပ်စားမိသွားတော့သည်။ထိုအမျိုးသမီးမှာ မာမိန်၏လင်ငယ်ဖြစ်သူ သွမ်ဝမ်ဖူ၏ ဇနီးသည်ပင်။
သို့သော်လည်း သူမက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရပါသနည်း။
"မင်္ဂလာပါ ရဲဘော်ထုံ ... "
ဟော်ရှန်းချောင်းက ထုံရွှယ်လူ့ကို အားနာပါးနာ ပြုံးပြလာသည်။
ထုံရွှယ်လူသည်လည်း ခေါင်းညိတ်ပြလိုက်ပြီး သူမကို မမှတ်မိချင်ယောင်ဆောင်လိုက်လေ၏။
" ဒါနဲ့ ဘယ်သူလဲမသိ .... "
" ကျွန်မက သွမ်ဝမ်ဖူရဲ့ ဇနီးဟောင်းပါ ... လူချင်းတွေ့ပြီး ကျေးဇူးတင်ချင်လို့ ဒီကိုလာခဲ့တာပါ .... "
" ရှင့်ယောက်ျားကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်မလုပ်ပေးနိုင်တာ မရှိပါဘူး ... "
ထုံရွှယ်လူက အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
" ဟုတ်ပါတယ် ... ရဲဘော်ထုံပြောတာ မှန်ပါတယ် ... ဒီကိစ္စက ရဲဘော်ထုံနဲ့ ဘာမှ မဆိုင်ပါဘူး .... မကောင်းတဲ့အကောင်က အဲလိုပဲဖြစ်သင့်တယ် ... "
သူမသည် မာမိန်နှင့် သွမ်ဝမ်ဖူတို့နှင့်အတူ အလယ်တန်းကျောင်းတက်ခဲ့သည်။အမိတိုင်းပြည်က ပညာတတ်လူငယ်များအား ကျေးလက်ဒေသများသို့ ပို့ဆောင်ချိန်တွင် သုံးယောက်သား ထုတ်လုပ်ရေး အဖွဲ့တစ်ခုတည်း၌ တာဝန်ကျခဲ့လေ၏။
သူမသည် မာမိန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပြီး မာမိန့်ကို သူမ၏ အချစ်ဆုံးသူငယ်ချင်းအဖြစ် တွေးတောသတ်မှတ်ထားခဲ့သည်။သူမသည် သူမ၏လျှို့ဝှက်ချက်များအားလုံးကို မာမိန်နှင့်အတူ မျှဝေခဲ့ပြီး သွမ်ဝမ်ဖူနှင့် တွဲခုတ်ရန် တိုက်တွန်းခဲ့သူမှာလည်း မာမိန်ကိုယ်တိုင်ပင်ဖြစ်သည်။
မာမိန်သည် ကျေးလက်တွင် တစ်နှစ်ပြည့်အောင် မနေလိုက်ရဘဲ သူမ၏ ဆွေမျိုးများက မြို့တော်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြလေ၏။
ဟော်ရှန်းချောင်းနှင့်သွမ်ဝမ်ဖူတို့မှာမူ ကျေးလက်မှ လွယ်လွယ်ထွက်ခွာမသွားနိုင်ခဲ့ကြဘဲ ထိုကြားထဲတွင် အိမ်ထောင်ပြုပြီး ကလေးယူခဲ့ကြသည်။သမီးလေး ၂ နှစ်အရွယ်တွင် မာမိန်သည် သွမ်ဝမ်ဖူ့အား သတ္တုစက်ရုံတွင် အလုပ်သွင်းပေးနိုင်သည်ဟု ရုတ်တရက်ပြောလာခဲ့သည်။
ထို့ကြောင့်ပင် သွမ်ဝမ်ဖူမှာ သမီးဖြစ်သူအား ခေါ်ဆောင်ပြီး မြို့တော်သို့ ပြန်သွားခဲ့လေ၏။ဟော်ရှန်းချောင်းသည်သာ ကျေးလက်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။
သူမသည် ထိုအချိန်တွင် မာမိန့်အား အလွန်ပင် ကျေးဇူးတင်ခဲ့လေ၏။သူမတို့ကို ပြေလည်စေရန် ရှေးရှူ၍ ခင်ပွန်းသည်အတွက် မာမိန်က အလုပ်ရှာပေးသည်ဟုပင် ထင်မှတ်ထားခဲ့သည်။ရွံရှာဖွယ်ကောင်းသော လူနှစ်ယောက်သည် သူမ၏ နောက်ကွယ်တွင် ဖောက်ပြန်နေကြမှန်း မသိခဲ့ချေ။
မာမိန်က သွမ်ဝမ်ဖူ့အား မြို့တော်သို့လွှတ်ရန် ဆင်ခြေအမျိုးမျိုးပေးပြီး ဖျောင်းဖျခဲ့သည်မှာ အံ့ဩစရာမရှိတော့ပါ။
ပြန်စဉ်းစားကြည့်လျှင် မာမိန်သည် သူမအား မြို့တော်သို့ လာပါဟူ၍ စကားတစ်ခွန်းမဟခဲ့ပေ။
ဤလိုသာဖြစ်မလာခဲ့လျှင် သူမသည် တစ်သက်တာလုံး အမှောင်ထုထဲ၌ ပိတ်မိသွားနိုင်သည်။
ဟော်ရှန်းချောင်းသည် မာမိန်နှင့် အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ကြောင်း သိလိုက်ရချိန်တွင် ထုံရွှယ်လူမှာ မာမိန့်အား ပိုလို့ပင် မျက်မုန်းကျိုးသွားတော့သည်။
သူခိုး ၊ ဓားပြများနှင့် မိန်းကလေးသူငယ်ချင်းများကို သတိထားပါဟူသော ဆိုရိုးစကားမှာ မာမိန်ကဲ့သို့သော မိန်းမများအတွက် ရည်ညွှန်းထားခြင်းပင်။
သို့သော် သူမ၏ အရှေ့တွင်ရှိသော အမျိုးသမီးသည် ပြတ်သားသော အတွေးအမြင်ရှိသည့် လူရှားပါးဖြစ်သည်။
အခြားသူများသကဲ့သို့ မိုးပြိုသွားသည့်သဖွယ် ငိုယိုပြီး ခင်ပွန်းသည်အတွက် သနားကရုဏာကို တောင်းဆိုနေခြင်းမျိုးလည်းမရှိပေ။
ထုံရွှယ်လူသည် ကလေးမလေးအား တစ်ချက် ငုံ့ကြည့်လိုက်ရာ အနည်းငယ်ဖြူဖျော့နေသေးသည်ကို တွေ့လိုက်ရသည်။
" ကလေးက မြေပဲနဲ့ ဓါတ်မတည့်ဘူးလား ... "
ထုံရွှယ်လူ၏ စကားကြောင့် ဟော်ရှန်းချောင်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။
" အဲဒါကို ဘယ်လိုသိတာလဲ ... သိုင်ယာက မြေပဲ စားလို့မရဘူး ... မဟုတ်ရင် ချွေးအေးတွေ ထွက်ပြီး အကြာကြီး အိပ်ပျော်သွားတတ်တယ် ... ဆရာဝန်သွားပြတော့ မြေပဲနဲ့ ဓါတ်မတည့်တာတဲ့ ... မြေပဲရှောင်ရင် သက်သာသွားမယ်လို့ပြောတယ် ... "
သူမ ကြိုသိခဲ့သည်။သွမ်ဝမ်ဖူမှာ အောက်တန်းကျသော လူဆိုးလူညစ်တစ်ယောက်ပင်။
ထုံရွှယ်လူမှာ ထိုနေ့က ဖြစ်ကြောင်းကုန်စင်အား ဟော်ရှန်းချောင်းကို ပြောပြလိုက်တော့၏။
" မာမိန်နဲ့တွေ့တဲ့နေ့တိုင်း ရှင့်ရဲ့ခင်ပွန်းဟောင်းက ကလေးကို မြေပဲကျွေးတယ် ... "
ဟော်ရှန်းချောင်း၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားတော့သည်။သူမက အောက်သို့ ထိုင်ချလိုက်ပြီး သမီးဖြစ်သူအား စတင်မေးမြန်းတော့လေ၏။
" သိုင်ယာ ... မေမေ့ကို ပြော ... ဖေဖေက သမီးကို မြေပဲကျွေးခဲ့တာလား ... "
ထိုအခါ သိုင်ယာက မျက်လုံးလေး ကလည်ကလည်ဖြင့် ခေါင်းညိတ်ပြလာသည်။
" ဟုတ် ... ဖေဖေက သိုင်ယာ့အတွက် မြေပဲတွေ အများကြီး ယူလာပေးတယ် ... သိုင်ယာ မစားချင်ဘူးလို့ပြောရင် အဆူခံရတယ် ... "
ဟော်ရှန်းချောင်းမှာ ဒေါသချောင်းချောင်းထွက်သွားပြီး မျက်လုံးများ ကျယ်လာတော့သည်။သူမက အောက်နှုတ်ခမ်းကို ကိုက်ခဲထားလျက် သွမ်ဝမ်ဖူ့အား အကြိမ်တစ်သန်းခန့် ဆဲရေးနေခဲ့လေ၏။
မာမိန်နှင့် ဖောက်ပြန်ရုံဖြင့်ပင် အတော်အသင့် ရွံရှာဖွယ်ကောင်းနေပြီဖြစ်သည်။အမှန်တကယ်တွင် ထိုလူမှာ လူသားတစ်ယောက်၏ အခြေခံကိုယ်ကျင့်တရားပင် မရှိချေ။
ဟော်ရှန်းချောင်းမှာ သူမကိုယ်သူမ စိတ်ထိန်းနိုင်ရန် အချိန်အတော်ယူခဲ့ရသည်။
" ကျေးဇူးတင်ပါတယ် ရဲဘော်ထုံ ... ရဲဘော်ထုံသာ ပြောမပြရင် ကျွန်မ ဘယ်တော့မှ သိမှာမဟုတ်ဘူး ... "
ဟော်ရှန်းချောင်းသည် အိမ်ပြန်ရောက်သည်နှင့် သိုင်ယာ၏ မျိုးရိုးအမည်ကို ပြောင်းလဲပစ်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
သွမ်ဝမ်ဖူကဲ့သို့သော လူ့အမှိုက်ကောင်မှာ သားသမီးရှိဖို့ပင် မထိုက်တန်ချေ။
ယင်းနောက်တွင် ဟော်ရှန်းချောင်းက ထုံရွှယ်လူ၏ လက်ထဲသို့ အိတ်တစ်အိတ်ကို ကမန်းကတမ်းထိုးပေးလာသည်။
ထုံရွှယ်လူမှာ မလိုအပ်ကြောင်း ငြင်းလုဆဲဆဲဖြစ်သော်လည်း ဟော်ရှန်းချောင်းက သိုင်ယာ့ကိုပွေ့ချီလျက် ထွက်ပြေးသွားခဲ့လေ၏။
ထုံရွှယ်လူမှာ ရုတ်ချည်းအဖြစ်အပျက်ကြောင့် ကြောင်တောင်တောင်ဖြစ်သွားခဲ့ပြီး အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ ဝက်သား ၂ပိဿာနီးနီးနှင့် မုယောနို့တစ်ဘူးရှိနေသည်။
ဤသည်မှာ အနည်းငယ်များသော ပမာဏပင်။
သူမသည် ဟော်ရှန်းချောင်းအနောက်သို့ ပြေးလိုက်ကာ ပြန်ပေးရန် တွေးလိုက်သော်လည်း ဟော်ရှန်းချောင်းမှာ သရဲသဘက်အလိုက်ခံရသည့်သဖွယ် အလောတကြီး ထွက်ပြေးသွားပြီဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟော်ရှန်းချောင်းက မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားခဲ့လေ၏။
ထုံရွှယ်လူတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားခဲ့သည်။
ကောင်းပေပြီ။သူမ၏ ကျေးဇူးတုံ့ပြန်မှုကို အလဟဿမဖြစ်စေရန် လက်သင့်ခံလိုက်တော့မည်။
ယနေ့ည၌လည်း အသားထပ်စားနိုင်တော့မည်ဖြစ်ကြောင်း တွေးလိုက်မိသောအခါ ထုံရွှယ်လူ၏နှုတ်ခမ်းများက ကွေးညွတ်သွားတော့သည်။