အပိုင်း ၉၆
Viewers 19k

🍵Chapter 96

လုပ်ပေးခဲ့သမျှက အနည်းဆုံးတော့ တည်သီးခြောက်လေးနဲ့တောင် မထိုက်တန်တော့ဘူးလား  



ကျောင်းပေါရှန်းက မည်သည်ကိုမှ ပြန်မပြော‌လာသောကြောင့် ကျူံးရှုလန်တစ်ယောက် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။


" ကျွန်မတို့ရဲ့ လက်ရှိအနေအထားကြောင့် တော်တော်များများက တရင်းတနှီးမနေကြချင်ဘူးဆိုတာကို သိပါတယ် ... ဝမ်မိသားစုနဲ့ ယှဉ်လို့တောင်မရဘူးဆိုတာကိုရောပဲ ...  ဒါပေမယ့် ယွီရှစ်က အသက် ၂၀ ရှိပြီ ... ခင်ပွန်းလောင်းကို မကြာခင် ရှာမတွေ့ရင် ပိုပို ခက်ခဲလာလိမ့်မယ် .... 


ထိုသို့ပြောနေစဉ်တွင် ကျူံးရှုလန်၏ မျက်လုံးများက နီရဲလာတော့သည်။


သမီးဖြစ်သူမှာ ငယ်စဉ်ကတည်းက သူမတို့နှင့်အတူ မွေးမြူရေးခြံသို့ အပို့ခံခဲ့ရပြီး ၁၂ နှစ်မပြည့်ခင်မှာပင် တိရစ္ဆာန် မစင်များကို စတင်ကောက်ယူခဲ့ရရှာသည်။ယင်းပြင် သူမအား ကဲ့ရဲ့ရှုတ်ချသူများလည်း များပြားခဲ့လေ၏။ထိုနေ့ရက်များကို ပြန်လည် သတိရမိသောအခါ ကျူံးရှုလန်တစ်ယောက် နှလုံးသားအား ဓားဖြင့် အမွှန်းခံနေရသလို ခံစားသွားရသည်။

 

ဇနီးသည်ဖြစ်သူ ငိုနေသည်ကို တွေ့သောအခါ ကျောင်းပေါရှန်းက လက်ကိုင်ပုဝါတစ်ထည်ကို ဆွဲထုတ်ပေးလာခဲ့လေ၏။သူ၏ နှလုံးသားသည်လည်း ဇနီးသည်နှင့် ထပ်တူထပ်မျှ နာကျင်နေရှာသည်။


" မငိုပါနဲ့ ... ယွီရှစ်မြင်သွားရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး ... "

 

" အင်းပါ ... မငိုတော့ပါဘူး ....  ကျွန်မက စိတ်မကောင်းဖြစ်မိရုံပါ ... ယွီရှစ်ကိုပါ ကျွန်မတို့နဲ့အတူတူ ဆွဲချမိခဲ့လို့လေ ... "


ကျောင်းပေါရှန်းသည်လည်း စိတ်ထဲတွင် မကောင်းနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။


တံခါးအပြင်ဘက်၌ ရပ်နေခဲ့သော ကျောင်းယွီရှစ်တစ်ယောက်လည်း မျက်လုံးများ နီရဲနေရှာသည်။

ဆပ်ပြာယူရန် ပြန်လာခဲ့သော်လည်း ယခုမှာ အချိန်ကောင်းမဟုတ်သေးပုံပင်။


ယင်းနောက်တွင် သူမက နောက်ပြန်လှည့်ကာ ထွက်ခွာသွားခဲ့တော့၏။


 ***


ထုံကျားမင်နှင့် မောင်နှမများသည် ဝမ်ရူကွေ့ တစ်ညတာ အိပ်စက်ခြင်းအပေါ် သဘောထား တစ်စုံတစ်ရာ မရှိခဲ့ပေ။


ဆွေမျိုးများ ရံဖန်ရံခါ တည်းခိုလေ့ရှိကြသကဲ့သို့ပင် သဘောထားပြီး အခြားအတွေးမရှိခဲ့ကြပါ။ရေချိုးပြီးနောက် မောင်နှမတစ်သိုက် အိပ်ရာဝင်ရန် အခန်းထဲသို့ ပြန်ဝင်သွားကြတော့လေ၏။


ဝမ်ရူကွေ့မှာ အိပ်မပျော်နိုင်လောက်ဟု ထင်ထားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အလွန်ပင်ပန်းနွမ်းနယ်နေခဲ့ရာ ခေါင်းအုံးနှင့် ခေါင်း ထိလိုက်ပြီး မိနစ်အနည်းငယ်အကြာမှာပင် အိပ်မောကျသွားတော့လေသည်။


ထုံရွှယ်လူသည် ကျောင်းပြန်တက်သည့် ပထမဆုံးနေ့တွင် ထုံကျားမင်နှင့် ထုံကျားရှင်းတို့အား အဖော်လိုက်မပေးခဲ့ချေ။

သူမသည် ထိုနေရာတွင်နေ၍ ကလေးများအား လွန်လွန်ကြူးကြူး ကာကွယ်ပြမနေလိုပါ။သူမသည် သူတို့ကို ခွန်အားတိုးလာစေပြီး ဝတ္ထုထဲတွင် ဖော်ပြထားသော မားမားမတ်မတ်ရပ်တည်နိုင်သည့်သူဌေးများအဖြစ်သို့ ပြောင်းလဲသွားနိုင်စေရန်ကိုသာ လိုလားခဲ့သည်။


ထုံရွှယ်လူသည် ယနေ့တွင် အစိုးရပိုင်စားသောက်ဆိုင်၌ လုပ်ငန်းခွင်ပြန်ဝင်ရမည်ဖြစ်သော်လည်း ဝမ်ရူကွေ့က နိုးမလာခဲ့သောကြောင့် အပိုခွင့်တစ်ရက် ထပ်မံယူလိုက်ရသည်။


ဝမ်ရူကွေ့မှာ မွန်းတည့်ချိန်အထိ နိုးမလာခဲ့ချေ။ပြတင်းပေါက်အပြင်ဘက်၌ မည်မျှပင် လင်းလင်းချင်းချင်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ရူကွေ့တစ်ယောက် လန့်ဖျပ်သွားတော့လေသည်။


ခေါင်းအုံးဘေးတွင် တင်ထားသော နာရီကိုကြည့်လိုက်သောအခါ နံနက် ၁၁နာရီ ၁၅မိနစ်ရှိနေပြီဖြစ်သည်။

ဝမ်ရူကွေ့၏ နားရွက်ထိပ်များ ရုတ်တရက်နီရဲလာတော့သည်။အဘယ်ကြောင့် ဤလောက်အထိ အိပ်မောကျသွားရပါလေသနည်း။


သူက အိပ်ရာမှ အမြန်ထပြီး အဝတ်အစားလဲကာ အခန်းထဲမှ ထွက်သွားလိုက်လေ၏။ပထမဆုံးမြင်လိုက်ရသည်မှာ ထုံရွှယ်လူက ခြံဝန်းထဲတွင် ကြက်တောင်ခတ်နေသည့် မြင်ကွင်းပင်။(ခြင်းလုံးခတ်သလိုမျိုး ကြက်တောင်မွေးလေးကို ခြေထောက်နဲ့ခတ်တာပါ(


ထုံရွှယ်လူသည် ထိုအခြင်းအရာတွင် အလွန်တော်ပြီး ရှေ့ပြန် နောက်ပြန် ဘယ်ညာ အစရှိသဖြင့် မရိုးရအောင် လှည့်ပတ်၍ ခတ်နေခဲ့သည်။

 

သူမသည် သစ်ပင်များကြားတွင် ခုန်ပျံကျော်လွှားနေသော ပျံလွှားငှက်ကလေးတစ်ကောင်သဖွယ်ဖြစ်ပြီး လွယ်လွယ်ကူကူ အကြည့်ခွာ၍ မရနိုင်ပေ။


အနီးနားရှိ ထုံမျန်မျန်မှာလည်း လက်ဖဝါးသေးသေးလေးများဖြင့် လက်ခုပ်တီးနေပြီး " မမက အရမ်းအံ့သြဖို့ကောင်းတာပဲ ... " ဟု ဆိုလာခဲ့လေ၏။


ထိုအခါ ထုံရွှယ်လူက ကြက်တောင်ကို လက်ဖြင့်လှမ်းဖမ်းပြီး ခြေစုံရပ်လိုက်တော့သည်။


" ရော့ ... မျန်မျန်လည်း ဆော့ကြည့် ... "

 

ထုံမျန်မျန်သည် ဒင်္ဂါးပြားနှင့် ကြက်မွေးများဖြင့် ပြုလုပ်ထားသော ကြက်တောင်ကို ကိုင်ဆောင်ထားသည်။သူမသည် ကြက်တောင်ကို လေးလေးနက်နက် စူးစိုက်ကြည့်လျက် နှုတ်ခမ်းကို တင်းတင်းစေ့ထားလေ၏။

ယင်းနောက်တွင် သူမက လက်ကိုဆန့်ထုတ်ကာ ကြက်တောင်ကို လေထဲသို့မြှောက်ပစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ခြေထောက်သေးသေးလေးတစ်ဖက်ဖြင့် ကန်ထုတ်လိုက်သည်။


ဘုန်း ...


ပေါင်မုန့်လုံးလေးခမျာ မြေပြင်ပေါ် ဖင်ထိုင်လျက်သား လဲကျသွားပြီး ‌ကြက်တောင်သည်လည်း  ခေါင်းပေါ်ပြုတ်ကျလာတော့သည်။


ပေါင်မုန့်လုံးလေးမှာမူ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်လုံးများနီရဲနေရှာသည်။


" မမ ... မျန်မျန်က အရမ်းညံ့တာပဲ .... "


ထုံရွှယ်လူသည် ထုံမျန်မျန်၏ မိုက်မဲသောအကြည့်ကို မြင်လိုက်ရချိန်တွင် ရယ်မောလုနီးနီးပင်။


" မျန်မျန်က မညံ့ပါဘူး ... အရမ်းငယ်သေးလို့ပါ ... မျန်မျန် အသက်ကြီးလာရင် အရမ်းတော်လာလိမ့်မယ် ... "


" မမလို တော်လာမှာလား ... "

ထုံမျန်မျန်က ခေါင်းညိတ်လျက် ချွဲပစ်ပစ်လေသံလေးဖြင့် မေးမြန်းလာခဲ့သည်။


ထိုအခါ ထုံရွှယ်လူက ပေါင်မုန့်လုံးလေးကို ကောက်ပွေ့လိုက်ပြီး ဖြူနုနုပါးပြင်လေး နစ်ဝင်သွားသည်အထိ နမ်းရှုံ့လိုက်တော့လေ၏။


" ဒါပေါ့ ... မမတို့ မျန်မျန်က အရမ်းလှတာလေ ... မမလိုမျိုး တော်လာမှာ သေချာတယ် ... "

 

ကလေးလေး၏ ကွဲကြေနေသော နှလုံးသားမှာ ချက်ချင်းပင် ပြန်လည်သက်သာသွားလေသည်။

 

" ဟုတ်တယ် ... ဟုတ်တယ် ...  အစ်မကြီးကျူးကျူးကလည်း မျန်မျန်က တော်တော်လှတယ်လို့ ပြောတယ် ... " 


ထို့နောက်တွင် သူမက ရုတ်တရက် မျက်မှောင်ကြုတ်ကာ " တတိယအစ်ကိုကြီးကျတော့ရော ဘယ်လိုမျိုးလဲ ... " ဟု စိုးရိမ်တကြီးဖြင့်  ဆိုလာခဲ့သည်။


တတိယအစ်ကိုကြီးမှာ မချောမောသကဲ့သို့ထူးချွန်လာမည်လည်း မဟုတ်သည်မှာ သေချာသည်။


ထုံရွှယ်လူမှာ ပေါင်မုန့်လုံးလေး ဆိုလိုသော အဓိပ္ပါယ်ကို အတိအကျနားလည်သွားပြီး အူနာသွားသည်အထိ ရယ်မောလိုက်တော့လေ၏။


ကျောင်းတွင်ရှိနေခဲ့သော ထုံကျားရှင်းခမျာတော့ ရုတ်တရက် နှာထချေလာခဲ့သည်။


ပေါင်မုန့်လုံးလေးကို ပွေ့ထားချိန်မှာပင် မနီးမဝေး၌ ရပ်နေသော ဝမ်ရူကွေ့အား ထုံရွှယ်လူ လှမ်းတွေ့သွားတော့သည်။ဝမ်ရူကွေ့သည် သူမတို့နှစ်ဦးအား ငေးမောကြည့်နေခဲ့ပုံရလေ၏။


" နိုးပြီလား ....  ရဲဘော်ဝမ် "


ဝမ်ရူကွေ့သည် ထုံရွှယ်လူ၏ လေသံကို ကြားသောအခါတွင် အသေအချာ စိတ်ပြန်လည်စုစည်းလိုက်တော့သည်။


" အားနာပါတယ် ... ကျွန်တော် အကြာကြီး အိပ်မိသွားတယ် ... "


ဝမ်ရူကွေ့၏ နားရွက်ထိပ်များက နီရဲလျက် ရှိသည်။ကောင်းကောင်းအိပ်စက်အနားယူပြီးနောက် မနေ့ညကထက် သူ၏ အသံက ပိုအဆင်ပြေလာသော်လည်း အနည်းငယ် အက်ရှနေဆဲပင်။


" ရပါတယ် ... ကျွန်မ ဖက်ထုပ်လုပ်ပေးမယ်နော် .... "


ထုံရွှယ်လူက ပြောပြောဆိုဆိုဖြင့် ထုံမျန်မျန့်အား ပြန်ချလိုက်ပြီး မီးဖိုချောင်ထဲသို့ ၀င်သွားခဲ့သည်။သူမသည် မြန်ဆန်သွက်လက်ပြီး အချိန်တိုအတွင်းမှာပင် ဟင်းရွက်ဖက်ထုပ်တစ်ပန်းကန်ကို ပြင်ဆင်ပြီးသွားခဲ့သည်။


စားသောက်ပြီးသောအခါ ဝမ်ရူကွေ့က ထုံမိသားစုအား နှုတ်ဆက်စကားဆိုပြန်လေ၏။


ယင်းနောက်တွင် ထုံရွှယ်လူက ဝမ်ရူကွေ့အား တံခါးဝဆီသို့ လိုက်ပို့ပေးခဲ့သည်။


" ရဲဘော်ဝမ် ကျွန်မကိုပေးခဲ့တဲ့ Dacron ပိတ်စကို အရမ်းကြိုက်တယ် ... ကျေးဇူးတင်ပါတယ်နော် ... "


" ရပါတယ် ... "

ဝမ်ရူကွေ့က ညင်သာစွာ ပြုံးလိုက်၏။


ထုံရွှယ်လူ၏ အနီရောင်နှုတ်ခမ်းများသည်လည်း ကွေးညွှတ်သွားပြီး သူမသည် ဝမ်ရူကွေ့ကို တည့်တည့်စိုက်ကြည့်နေလျက်ရှိသည်။


" ကျွန်မ Dacron ပိတ်စကို ၀တ်စုံချုပ်ထားတယ် ... နောက်တစ်ခေါက်ကျ ပြမယ် ... "


ထုံရွှယ်လူ၏ တောက်ပသော အပြုံးကို မြင်လိုက်ရသောအခါ ဝမ်ရူကွေ့၏ မျက်လုံးများ လှုပ်ခတ်သွားသည်။


ထုံရွှယ်လူမှာလည်း ဝမ်ရူကွေ့၏ နီမြန်းနေသာ နားရွက်ထိပ်ဖျားများကို ကြည့်ရှုနေခဲ့ရင်း အပြုံးတို့က ပိုလို့ပင် နက်ရှိုင်းလာတော့၏။

လွန်စွာ ရိုးစင်းလိုက်သော ယောက်ျားပင်။


ယင်းနောက်တွင် ဝမ်ရူကွေ့တစ်ယောက် ထုံမိသားစု နေအိမ်မှ ထွက်ခွာလာခဲ့သည်။


 ***


ဝမ်ရူကွေ့သည် အခြေစိုက်စခန်းသို့ တိုက်ရိုက်ပြန်မသွားခဲ့ဘဲ ထို့အစား ဖူကျန့်ယိ အလုပ်လုပ်သော ရဲစခန်းဆီသို့သာ ဦးတည်သွားခဲ့သည်။


ဖူကျန့်ယိက ဝမ်ရူကွေ့ကိုတွေ့သောအခါ ချောင်းဟန့်ပြီး " မင်းလာမယ်ဆိုတာသိသားပဲ ... " ဟု ပြောလိုက်လေ၏။


ဝမ်ရူကွေ့သည် ခရီးမှ ပြန်ရောက်ရောက်ချင်း သူ့ထံသို့ ဖုန်းဆက်ခဲ့ပြီး ထုံရွှယ်လူဖြစ်ပျက်ခဲ့သည်များကို သိသွားသောအခါ ရုတ်ချည်းပင် ဖုန်းချသွားခဲ့လေသည်။

မနေ့ကတည်းက ဝမ်ရူကွေ့ ပေါ်လာလိမ့်မည်ဟုပင် ဖူကျန့်ယိ ထင်မှတ်ထားခဲ့၏။


ထိုအခါ ဝမ်ရူကွေ့က ဖူကျန့်ယိ ပြောနေသည်များအား မသိနားမလည်ချင်ယောင်ဆောင်ကာ အေးစက်သောလေသံဖြင့် " ဟုတ်သားပဲ ... မင်း မနေ့က ဖုန်းဆက်တုန်းက ဆရာမမာ အခုလိုတွေ လုပ်ရဲတာက ညွှန်မှူးနဲ့အမျိုးတော်နေလို့လို့ ပြောခဲ့တယ်မလား ...  ညွှန်မှူးနဲ့က ဘယ်လိုအမျိုးတော်တာလဲ ... " ဟု မေးလိုက်သည်။


" ဘာလို့မေးတာလဲ ငါ့ကောင်ရဲ့ ... ရဲဘော်ထုံ့အစား လက်စားချေပေးဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား ... " 

ဖူကျန့်ယိက မျက်ခုံးပင့်လျက် ပြန်လည် မေးမြန်းလိုက်လေ၏။


" မင်းလုပ်ရမှာက သူတို့ရဲ့ဆက်ဆံရေးကို ပြောပြရုံပဲ ... "


ဖူကျန့်ယိမှာ ဝမ်ရူကွေ့ဆိုလိုသည်ကို ချက်ချင်းပင် နားလည်သည်။


အမှန်အတိုင်းပြောရလျှင် ဖူကျန့်ယိမှာ ထိုကိစ္စများထဲသို့ ဝမ်ရူကွေ့ ဝင်ပါသည်ကို သိပ်အားမပေးချေ။

သို့သော်လည်း ဝမ်ရူကွေ့မှာ စိတ်ဆုံးဖြတ်ပြီးလျှင် မည်သူမှ ဖျောင်းဖျ၍ မရနိုင်သူဖြစ်ကြောင်းကို သူ ကောင်းကောင်းသိသည်။

ထို့ကြောင့်ပင် ဖူကျန့်ယိသည် မာမိန်နှင့် ကျန်းမိသားစု၏ ပတ်သတ်ဆက်နွှယ်မှုကို ဝမ်ရူကွေ့အား ရှင်းပြခဲ့လေ၏။


ဖူကျန့်ယိ စကားဆုံးသွားသောအခါ ဝမ်ရူကွေ့က သူ၏ ခရီးဆောင်အိတ်ကို ထပ်မံဆွဲယူလိုက်သည်။


" ကျေးဇူးပဲကွာ ... ငါနားလည်ပြီ ... "


" ရူကွေ့ ... မင်းရဲဘော်ထုံ့ကို အရမ်း အာရုံစိုက်လွန်းနေတယ်လို့ မထင်ဘူးလား ... "


ထိုအချိန်တွင် ဝမ်ရူကွေ့သည် နှုတ်ဆိတ်နေပြီး သူ၏ မျက်တောင်များက တဖျပ်ဖျပ်ခတ်နေသည်။


ရုံးခန်းတံခါးမှာ ပွင့်လျက်သားရှိနေပြီးမည်သူမဆို အချိန်မရွေး ဝင်လာနိုင်သောကြောင့် ဖူကျန့်ယိသည် ထိုအကြောင်းကို ဆက်လက်မပြောလိုတော့ပေ။

ထို့ကြောင့်ပင် သူက စကားလမ်းကြောင်းလွှဲလိုက်တော့သည်။


"ဒီတစ်ခါ‌ရော အနောက်မြောက်ပိုင်းက လက်ဆောင်တွေ ယူလာသေးလား ... "


" တည်သီးခြောက် နှစ်ဘူးယူလာတယ် ... "


" နောက်ဆုံးတော့ ငါ့ကို တွေးပေးတတ်ပြီပေါ့လေ ...  ကဲ ... မြန်မြန်ပေးတော့ ... "

 

" မင်းအတွက် ယူလာဖို့ မေ့သွားတယ် ... "

 

ဝမ်ရူကွေ့၏ စကားကြောင့် ဖူကျန့်ယိတစ်ယောက် အံ့ဩသွားတော့သည်။


" မင်းအဘိုးနဲ့ ရဲဘော်ထုံ့အတွက်ကျ ပေးစရာရှိပြီး ငါ့အတွက်ကျ မပါဘူးပေါ့ ... "


ထိုအခါ ဝမ်ရူကွေ့က ခရီးဆောင်အိတ်ကို ဆွဲလျက် ဖူကျန့်ယိ၏ ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။


 ဖူကျန့်ယိ "……"


စွမ်းဆောင်ပေးခဲ့သမျှမှာ အနည်းဆုံး တည်သီးခြောက်လေးနှင့်ပင် မထိုက်တန်တော့ပေတကား။


အလွဲကြီး လွဲနေပေပြီ။


 ***


ဝမ်ရူကွေ့ ထွက်ခွာသွားပြီးနောက် ထုံရွှယ်လူသည် အခန်းကို သန့်ရှင်းရေးလုပ်ရန် ဦးတည်သွားခဲ့သည်။

အခန်းထဲသို့ကြည့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ တို့ဟူးတုံးသဖွယ် သပ်သပ်ရပ်ရပ် ခေါက်ထားသော စောင်ပိုင်းပင်ဖြစ်သည်။


စောင်အစွန်းပိုင်းများမှာ ထောင့်ကျကျရှိနေပြီး ၎င်းသည် ယခင်ဘဝက သူမ မြင်ဖူးခဲ့သည့် ဗီဒီယိုများထဲမှ တပ်မတော်သားများ စောင်ခေါက်ထားသည့်ပုံစံနှင့် ဆင်တူနေသည်။


ထုံရွှယ်လူတစ်ယောက် အံ့သြသွားသည်။ဝမ်ရူကွေ့ စောင်ခေါက်ထားသော ပုံစံမှာ ဩချ‌ရလောက်သည်။


ထို့နောက်တွင် ဝမ်ရူကွေ့က ထုံကျန်းကျန်းကို အေးအေးလူလူပင် ချုပ်ထားလိုက်သည့် အချိန်ကို ထုံရွှယ်လူ ပြန်လည် သတိရသွားတော့၏။

ထိုအခြင်းအရာအရ ဝမ်ရူကွေ့သည်  တရားဝင် စစ်တပ်လေ့ကျင့်မှုကို ခံယူထားပုံရသည်။သူသည် ယခင်က စစ်သင်တန်းတက်ဖူးခဲ့ပုံပင်။


ထုံရွှယ်လူတစ်ယောက် ဝမ်ရူကွေ့တို့ မိသားစုအကြောင်းကို အနည်းငယ် သိနားလည်စပြုလာသည်။