အပိုင်း ၉၅
Viewers 21k

🍵Chapter 95

သမီးဖြစ်သူသည် ဝမ်ရူကွေ့အတွက် ကိုက်ညီသည်ဟု သူ မပြောနိုင်ပါ  




ထုံရွှယ်လူသည် ဧည့်ခန်းထဲသို့ သွားရောက်ပြီး ဝိုင်းဖွဲ့မစားသောက်သေးဘဲ ဖက်ထုပ်အစိမ်းများကို ယူဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့လေ၏။


ထိုအခါ ထုံမျန်မျန်က ဖက်ထုပ်တစ်ခုအား မီးဖိုချောင်ထဲအထိ သယ်ဆောင်လာပြီး မျက်လုံးများပိတ်လုမတတ်ပြုံးပြကာ  " မမ အတွက် ... " ဟု ဆိုလာသည်။


" မျန်မျန်လေးက လိမ္မာလိုက်တာ ... မမမှာလည်း ဖက်ထုပ်ရှိပါတယ် ... ညီမလေးပဲ စားလိုက်နော် ... "


ထုံရွှယ်လူသည် ပေါင်မုန့်လုံးလေးအတွက် ဖက်ထုပ်သေးသေးလေးများ သီးသန့်ပြုလုပ်ပေးခဲ့၏။ဖက်ထုပ်အကြီးများကို စားသုံးရာမှ ပေါင်မုန့်လုံးလေး အစာနင်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။


ထုံမျန်မျန်မှာ ထိုစကားကြောင့် စိတ်ပျက်မသွားဘဲ သူမ၏ လက်ထဲမှ ဖက်ထုပ်သေးသေးလေးအား တစ်ကိုက် ကိုက်လိုက်တော့‌လေ၏။အရသာရှိလွန်းသဖြင့်မျက်လုံးသေးသေးလေးများ ကျဉ်းမြောင်းသွားသည်။


လက်ရှိအချိန်တွင် ထုံမျန်မျန်မှာ အလွန့်အလွန်ပင် ချစ်စရာကောင်းနေသဖြင့် ထုံရွှယ်လူ့ခမျာ တဖြည်းဖြည်း အသည်းယားလာတော့သည်။

ကလေးလေးမှာ ချစ်စရာကောင်းရုံသာမက လိမ္မာရေးခြားရှိပြီး သိတတ်လေ၏။စားကောင်းသောက်ဖွယ်တစ်ခုခု တွေ့သည့်အခါတိုင်း အစ်မကြီးအတွက် တစ်စိတ်တစ်ပိုင်းကို သိမ်းထားပေးတတ်သည်။


ညီအစ်မနှစ်ယောက်ကြားမှ ဆက်ဆံရေးကို ကြည့်ရှုရင်း ဝမ်ရူကွေ့၏ မျက်ဝန်းအိမ်နက်များထဲ၌ နွေးထွေးမှုအချို့ ဖြတ်ပြေးသွားလေ၏။


ထုံကျားရှင်းမှာ ဖက်ထုပ်များ ပူနေသေးသည်ကိုပင် ဂရုမထားဘဲ မည်မျှပင် အရသာရှိကြောင်း ညဉ်းတွားလျက် အစာအိမ်တစ်ခုလုံး ပူလောင်သွားသည်အထိ တစ်ခုချင်းစီ ဆက်တိုက်စားနေခဲ့သည်။


ထုံရွှယ်လူသည် ဖက်ထုပ်များကို ကလေးများ အဆင်ပြေပြေစားနိုင်စေရန် ဂရုတစိုက်ပြုလုပ်ခဲ့သည်။သူမသည် ဖက်ထုပ်လွှာကို ကောင်းမွန်စွာ ပါးလွှာအောင် ပြုလုပ်ခဲ့၏။ပြုတ်ပြီးသား ဖက်ထုပ်များမှာ ကိုက်စားရန် အနေတော်ပင်ဖြစ်သည်။


ဖက်ထုပ်လွှာများက ပါးလွှာသော်လည်း ထုံရွှယ်လူသည် ၎င်းတို့ကို မြဲမြံစွာ ထုပ်ပိုးခဲ့ပြီး ရေတွင် ပြုတ်သောအခါတွင်လည်း အကျက်ညီပြီး ဖက်ထုပ်များ မကွဲစေရန် ညင်ညင်သာသာ မွှေပေးခဲ့သည်။


ပါဝင်ပစ္စည်းမှာ ဝက်သား ၊ မှို ၊ မုန်လာဥနီနှင့် ကြွက်နားရွက်မှိုများကို ရောစပ်ထားသော မုန့်နှစ်ဖြစ်ပြီး တစ်ချက်ကိုက်လိုက်သည်နှင့် ဟင်းနှစ်ရည်က ပါးစပ်ထဲသို့ စိမ့်ဝင်လာလိမ့်မည်။ဖက်ထုပ်စားရင်းဖြင့် လျှာကိုပင် မျိုချချင်စိတ်ပေါက်သွားလောက်အောင် လွန်စွာအရသာရှိလေ၏။


ဝမ်ရူကွေ့သည် ပင်ပန်းနွမ်းနယ်နေသဖြင့် ခံတွင်းတွေ့နိုင်ရန် ခဲယဉ်း‌သော အခြေအနေဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အစားအစာသည် သူ၏ အာရုံကြောများကို လှုံ့ဆော်ပေးခဲ့ပြီး နောက်ဆုံးတွင်မူ စားချင်စိတ် ဖြစ်ပေါ်လာခဲ့တော့၏။


ထုံရွှယ်လူ ချက်ပြုတ်ထားသည့် ဖက်ထုပ်များ၏ နတ်သုဒ္ဓါသဖွယ် မွေးပျံ့သောရနံ့က ဝမ်ရူကွေ့၏ နှာဖျားသို့ ဝင်ရောက်လာသည်။အမြင်တင့်တယ်လှသည့် ဖက်ထုပ်များနှင့် တွဲဖက်စားသုံးရမည့် ဆော့စ်အနှစ်တို့မှာလည်း ပင်ပန်းနွမ်းနယ်နေရှာသော ဝမ်ရူကွေ့၏ မြင်လွှာထဲသို့ ရောက်ရှိလာတော့၏။


ဝမ်ရူကွေ့တစ်ယောက် တမင်တကာ မရည်ရွယ်ပါဘဲ ပန်းကန်လုံးကြီးနှစ်လုံးစာ ဖက်ထုပ်များအား အပီကြုံးမိသွားရှာသည်။


ညစာစားပြီးနောက် ထုံကျားမင်သည် ဘေးအိမ်မှ ဝေ့မိသားစုထံသို့ ဖက်ထုပ်အစိမ်းများ သွားပို့ပေးခဲ့ပြီး ထုံမျန်မျန်မှာလည်း ထုံကျားမင်၏ အနောက်မှ ယက်ကန်ယက်ကန်ဖြင့် လိုက်ပါသွားခဲ့သည်။ထုံကျားရှင်းမှာမူ ပြောစရာပင်မလိုဘဲ အလိုက်သိစွာဖြင့် ပန်းကန်များကို ဆေးကြောနေခဲ့လေ၏။


ထို့ကြောင့်ပင် ထုံရွှယ်လူနှင့် ဝမ်ရူကွေ့တို့ နှစ်ဦးတည်းသာ ဧည့်ခန်းထဲ၌ ကျန်ရစ်ခဲ့ကြသည်။


အလင်းရောင်အောက်မှ ထုံရွှယ်လူက ဝမ်ရူကွေ့၏ မျက်လုံးထဲတွင်  အထူးဆွဲဆောင်မှုရှိနေသည်။သူမ၏ ပါးပြင်များမှာ ဆေးကူထားသည့်သဖွယ် နီမြန်းနေလေ၏။နှုတ်ခမ်းသားများသည်လည်း နီရဲလျက်ရှိကာ မျက်လုံးထောင့်နားရှိ သူမ၏ မွေးရာပါအမှတ်သည် နှုတ်ခမ်းအရောင်နှင့် တစ်ထပ်တည်းနီးပါးပင်ဖြစ်သည်။ထုံရွှယ်လူသည် လှတပတ နှင်းဆီပန်းနီလေးတစ်ပွင့် သဖွယ်ပင်။


ဝမ်ရူကွေ့က ထုံရွှယ်လူ့အား ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲကာ " နောက်ကျနေပြီ ... ကျွန်တော်ပြန်တော့မယ် ... " ဟု ဆိုလာခဲ့လေ၏။


" ခဏနေပါဦး ... သစ်တော်သီးယို လုပ်ထားသေးတယ် ... အခုလောက်ဆို ရလောက်ပြီ ... ခဏလေး ... သွားယူလိုက်ဦးမယ် ... "


" ကျွန်တော် ယူလိုက်ပါ့မယ် "

ဝမ်ရူကွေ့က မတ်တပ်ထရပ်လျက် ပြောလိုက်သော်လည်း ထုံရွှယ်လူမှာ ငြင်းဆန်ခဲ့လေ၏။


" ရပါတယ် ...  "


ယင်းနောက်တွင် ထုံရွှယ်လူက အလျင်လိုစွာဖြင့် ဧည့်ခန်းထဲမှ လှည့်ထွက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။များမကြာမီမှာပင် သူမက သစ်တော်သီးယိုပန်းကန်ကို ကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာသည်။


" ကျေးဇူးအများကြီး တင်ပါတယ် ... "

ဝမ်ရူကွေ့၏ နားရွက်ထိပ်များမှာ နီရဲလျက်ရှိသည်။လာရောက်ခဲ့သော မူလရည်ရွယ်ချက်မှာ ထုံမိသားစု၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန်ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် အစားအသောက်အတွက် ရောက်လာမိသလို ခံစားလာရသည်။


ထိုအချိန်တွင် ထုံရွှယ်လူက ပန်းကန်ကို စားပွဲပေါ်တင်ပေးလျက် ဆိုလာခဲ့၏။

" သကြားညိုခဲနဲ့ ယိုထိုးထားတာလေ ... အဆုတ်အတွက် ကောင်းတယ် ... ပူနေတုန်းစားလိုက်နော် ... ပြီး‌ရင်တော့  ခဏတဖြုတ်လောက် စပ်တာတွေ မစားသေးနဲ့ဦး ... "


ဝမ်ရူကွေ့သည် ထုံရွှယ်လူ၏ ညွှန်ကြားချက်ကို အသိအမှတ်ပြုကာ အချိုပွဲ တစ်ဇွန်းအား ခပ်ယူမြည်းစမ်းကြည့်လိုက်သည်။

သစ်တော်သီးယိုမှာ သူမ၏ ဂရုစိုက်ကြင်နာသော စကားလုံးများသကဲ့သို့ပင် ချိုမြိန်နွေးထွေးနေပေ၏။၄င်းချိုမြိန်မှုက ခံတွင်းဝမှတစ်ဆင့် ဝမ်ရူကွေ့၏ နှလုံးသားထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။


စားသောက်ပြီးသောအခါတွင် ဝမ်ရူကွေ့မှာ အချိန်ထပ်မံ မဖြုန်းတီးတော့ဘဲ မတ်တပ်ရပ်လျက် နှုတ်ဆက်စကား ဆိုလိုက်လေသည်။

ထိုအချိန်တွင် ထုံရွှယ်လူက မတ်တပ်ထရပ်ပြီး ကောင်းကင်ကို မော့ကြည့်လျက် ပြောလာလေ၏။


" ဘာလို့ ညအိပ်ပြီးမှ မပြန်တာလဲ ရဲဘော်ဝမ် ... "


ဝမ်ရူကွေ့ခမျာ နှလုံးခုန်နှုန်း မြန်ဆန်လာခဲ့ပြီး သူ၏ လက်ထဲမှ ခရီးဆောင်အိတ်မှာလည်း ချော်ထွက်လုနီးနီးပင်။


ဦးနှောက်က အချိန်မီ မတုံ့ပြန်နိုင်သေးခင်မှာပင် ဝမ်ရူကွေ့သည် ထုံရွှယ်လူ့အား စေ့စေ့ကြည့်ကာ " ကောင်းပါပြီ ... " ဟု ပြန်လည်ဖြေကြားမိသွားသည်။


၎င်းစကားကို ပြောထွက်သွားပြီးနောက် ဝမ်ရူကွေ့မှာ ယင်းနေရာ၌ပင် အေးခဲသွားတော့၏။ထိုသို့သော ဖိတ်ကြားချက်မျိုးအား မည်သည့်စိတ်ကူးမျိုးဖြင့် လက်ခံမိသွားလေသနည်း။


အမှန်တကယ်တွင် သူသည် ထိုသို့မပြုသင့်ပေ။ထုံရွှယ်လူ၏နေအိမ်၌ သူ တစ်ညအိပ်ခဲ့သည့်သတင်းစကားများသာ ထွက်ပေါ်လာခဲ့လျှင် မိန်းကလေးတစ်ဦး၏ ဂုဏ်သိက္ခာအတွက် မကောင်းနိုင်ပေ။


သို့သော်လည်း ဖိတ်ကြားချက်ကို ဦးစွာ လက်ခံနေနှင့်ပြီးသား ဖြစ်နေသည်။

မည်သို့သော အတွေးမျိုးဖြင့် ထိုသို့ပြုမိလေသနည်း။


" ကျားရှင်းက သူ့အစ်ကိုနဲ့ အိပ်တော့ သူ့အခန်းက လွတ်တယ် ... ရဲဘော်ဝမ် ကျားရှင်းရဲ့အခန်းကို သုံးလို့ရတယ် ... "


ထုံရွှယ်လူက ပြောပြောဆိုဆိုဖြင့် အရှေ့မှ ဦးဆောင်လျှောက်လှမ်းသွားခဲ့သည်။


ဝမ်ရူကွေ့မှာမူ မှိန်းမောနေလျက် အနောက်မှ လိုက်ပါသွားလေ၏။

ဝမ်ရူကွေ့၏ မျက်လုံးများက ထုံရွှယ်လူ၏ သွယ်လျသော ခန္ဓာကိုယ်ပေါ်တွင်ရှိနေပြီး လက်ရှိအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်မျိုးသာ ရှိသည်။


ယင်းမှာ ....


ယနေ့ည၌ သူတို့နှစ်ဦးစလုံး တစ်မိုးတည်းအောက်တွင် အချိန်ကုန်ဆုံးရတော့မည် ဟူ၍ပင်။


ထုံရွှယ်လူသည် ဝမ်ရူကွေ့၏ ပုံမှန်မဟုတ်သော ခံစားချက်ကို အလိုလိုသိရှိသွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။ထိုအခါ ဝမ်ရူကွေ့မှာ တောင့်တင်းသော စက်ရုပ်တစ်ရုပ်သဖွယ် ခြေလက်များအား တစ်ပြိုင်တည်း ရွေ့လျားလျက် မှိန်းမောလမ်းလျှောက်နေသည်ကို တွေ့လိုက်ရတော့လေ၏။


ထုံရွှယ်လူ၏ နှုတ်ခမ်းများက ကွေးညွှတ်သွားခဲ့ပြီး သူမသည် ကျယ်လောင်စွာ ရယ်မောလုမိတော့မတတ်ပင်။


မျက်ကွင်းညိုများနှင့် ကွဲရှနေသောလေသံအရ ခရီးပန်းနေကြောင်းသိသာသဖြင့် ထုံရွှယ်လူမှာ ဝမ်ရူကွေ့အား တစ်ညတာအိပ်စက်ရန် ပြောခဲ့ခြင်းဖြစ်သည်။


သူသည် ခရီးမှ ပြန်ရောက်ရောက်ချင်း စိတ်ပူနေသည့်အရှိန်ဖြင့် သူမထံသို့ အပြေးလာခဲ့လေ၏။သို့ဖြစ်၍ ညဉ့်နက်ချိန်ကြီးတွင် သူ့အား စစ်တပ်အိမ်ရာသို့ တစ်ကိုယ်တည်း ပြန်မလွှတ်လိုက်နိုင်ပါ။


စက်ဘီးငှားရမ်းပေးနိုင်သော်လည်း လမ်းခရီးက အလွန်ဝေးလံပြီး မီးတိုင်မရှိသော လမ်းတစ်လျှောက်ကို ကျော်ဖြတ်ရမည်ဖြစ်လေသည်။ထို့အပြင် လမ်းမှာလည်း အလွန်ကောင်းသော အခြေအနေမဟုတ်ပေ။

ပင်ပန်းနေသူတစ်ဦးအနေဖြင့် ညဘက်တွင် ပြန်သွားရန် မကြိုးစားခြင်းကသာ အသင့်လျော်ဆုံးဖြစ်လိမ့်မည်။


သို့သော်လည်း ဝမ်ရူကွေ့က ဤမျှလောက်အထိ စိတ်လှုပ်ရှားနေလိမ့်မည်ဟု ထုံရွှယ်လူ ထင်မထားခဲ့ပေ။


ထုံရွှယ်လူက ထုံကျားရှင်း၏ အခန်းကို ဝမ်ရူကွေ့အား ပြလိုက်လေ၏။အခန်းတွင်း၌ ခေါင်းအုံးနှင့် စောင်အပိုများရှိပြီး အားလုံးအား လျှော်ဖွပ် နေလှန်းထားပြီးသားဖြစ်သည်။


" အိုးထဲမှာ ရေနွေးရှိပါတယ် ... ရေချိုးချင်ရင် ရေချိုးလို့ရပါတယ် ... "


" ကောင်းပါပြီ ... "


 ***


ကျောင်းယွီရှစ်သည် လည်ချောင်းနာခြင်းကို သက်သာစေသည့် ထိုင်ဝမ်ချိုမွှေး‌စေ့ အိတ်ကြီးကို ကိုင်ဆောင်လျက် အိမ်ပြန်ရောက်လာခဲ့သည်။


ကျူံးရှုလန်သည် ထိုအခြင်းအရာကိုမြင်သောအခါ အံ့ဩသွားတော့လေ၏။


" ရဲဘော်ဝမ့်ကို သွားပေးတယ်ထင်နေတာ ... မပေးခဲ့ဘူးလား ... "


" သွားခဲ့တယ် ...ဒါပေမဲ့ သူမရှိဘူး ... "


" ရူကွေ့က အိပ်ဆောင်မှာ မရှိဘူးလား"

ထိုအချိန်တွင် ရေချိုးပြီး အပြင်ထွက်လာသော ကျောင်းပေါရှန်းမှာ မျက်မှောင်ကြုတ်သွားတော့သည်။


" သူ့ ဘေးအခန်းက ရဲဘော်ကျိုးက ပြောတာ ... မြို့ကို ထွက်သွားပြီးကတည်းက တစ်ခါမှကို ပြန်မရောက်သေးတာတဲ့ ... "

ကျောင်းယွီရှစ်က ခေါင်းညိတ်လျက် ပြန်ဖြေလေ၏။


ကျောင်းပေါရှန်းတစ်ယောက် မျက်လုံးအပြူးသားဖြစ်သွားတော့သည်။

" လမ်းမှာတင် ၁၀ရက်ကျော်ကြာသွားလို့ ခရီးပန်းပြီး အသံပါပျောက်သွားတဲ့လူက ဘာလို့ အဆောင်ပြန်မနားတာလဲ ... "


ကျူံးရှုလန်သည်လည်း မျက်မှောင်ကြုတ်လျက် " သူ့အဘိုးက လှမ်းခေါ်လို့များလား ... " ဟု ဝင်ရောက် ထောက်ပြလိုက်တော့လေ၏။


ထိုအခါ ကျောင်းပေါရှန်းက ခေတ္တတွေးတောလျက် ခေါင်းညိတ်လာသည်။

" အင်း ဟုတ်လောက်မယ် ... ရူကွေ့က အရမ်းသိတတ်တဲ့ ကလေးလေ ..."


" ဟုတ်တယ် ... သူက အရမ်းတော်တဲ့ ကောင်လေးပါ ... သူနဲ့အတူတူ ခရီးထွက်ရလို့ တော်ပါသေးတယ် ... ယွီရှစ်က ကျွန်မနဲ့ အဖေ့ကို ပြုစုရတာ မနိုင်နင်းဘူးလေ ... "


ကျောင်းပေါရှန်းသည်လည်း သူ၏ ကျောင်းသားဖြစ်သူမှာ အံ့အားသင့်ဖွယ်ကောင်းကြောင်း သိသည်။အပြင်ပန်း အေးစက်သော်လည်း အမှန်တကယ်တွင် အလွန်ဂရုစိုက်ပေးတတ်သူတစ်ဦး ဖြစ်လေ၏။


ကျူံးရှုလန်က သူမ၏ သမီးဖြစ်သူကို လှမ်းကြည့်လိုက်ပြီး " မြန်မြန်သွားပြီး ရေမိုးချိုးတော့လေ ယွီရှစ် ... သူ ပြန်လာမှ နောက်တစ်ကြိမ် သွားပေးပေါ့ ... " ဟု ပြောလိုက်သည်။


ထိုအခါ ကျောင်းယွီရှစ်မှာ ခေါင်းညိတ်လျက် အဝတ်အစားများယူရန် အခန်းတွင်းသို့ ဝင်သွားခဲ့သည်။


ကျောင်းယွီရှစ် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ကျူံးရှုလန်သည် ခင်ပွန်းဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နံဘေးတွင် အတူဝင်ထိုင်လိုက်တော့သည်။


ယင်းနောက်တွင် သူမက " ရှင့်ရဲ့ကျောင်းသား ဝမ်ရူကွေ့မှာ ကောင်မလေးရှိလား ... " ဟု မေးမြန်းလာတော့၏။


ထိုအခါ ကျောင်းပေါရှန်းက ခဏတာစဉ်းစားပြီး ခေါင်းယမ်းပြသည်။

" ဟင့်အင်း ... ဘာလို့မေးတာလဲ ... " 


" ကျွန်မတို့သမီးလေးနဲ့ဆိုရင်ရော ဘယ်လိုသဘောရလဲ ... "


ကျောင်းပေါရှန်းက ဇနီးသည်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည်ကိုမှ ပြန်မပြောပေ။


လွန်ခဲ့သော ဆယ်နှစ်က အချိန်သာဆိုလျှင် လိုက်ဖက်အညီဆုံးဟူ၍ပင် ပြန်ဖြေလိုက်မိမည်ဖြစ်သည်။


သို့သော်လည်း သူတို့မိသားစုတွင် အဖြစ်အပျက်များ များပြားခဲ့‌လေ၏။သူသည်နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သောကြောင့် လွတ်လပ်ခွင့်ကို ထိန်းချုပ်ခံထားရပြီး ဇနီးနှင့် ယောက္ခမတို့မှာလည်း မွေးမြူရေးခြံသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။


ယခုတွင်မူ သူတို့နှင့် ဝမ်မိသားစုမှာ မိုးနှင့်မြေသဖွယ် ကွာခြားနေပြီဖြစ်ကြောင်း ကျောင်းပေါရှန်း ကောင်းကောင်းသိသည်။


အဘိုးဝမ်သည် လေတပ်ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည်။သူသည် စစ်မှုထမ်းစဥ်တွင် များစွာအောင်မြင်ခဲ့ပြီး ပထမတန်းနှင့် တကွ အထူးဆုများစွာကို ရရှိခဲ့လေ၏။

အငြိမ်းစားမယူမီတွင် ပထမတန်းသူရဲကောင်းဘွဲ့ကိုပင် ရရှိခဲ့သေးသည်။


ဝမ်ရူကွေ့၏ဖခင်မှာလည်း လေတပ်တွင် ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်ပြီး မကွယ်လွန်မီတွင် မရေမတွက်နိုင်သော အောင်မြင်မှုများစွာကို ဆွတ်ခူးနိုင်ခဲ့သည်။ 

ဝမ်မိသားစုမှ အခြားသူများအားလုံးသည်လည်း စစ်ရေးဘက်တွင် အမျိုးမျိုးသော အောင်မြင်မှုများစွာ ရရှိခဲ့ကြလေ၏။


ဝမ်ရူကွေ့သာ စစ်တပ်ထဲဝင်ခဲ့လျှင် သူ၏ ဖခင်ထက်ပင် ပိုမိုထွန်းပေါက်မည် ဖြစ်သည်။


သူသည် ဝမ်ရူကွေ့၏ ဆရာဖြစ်သော်လည်း ဝမ်မိသားစုနှင့် ယှဉ်နိုင်သည့် မိသားစုမှလူ မဟုတ်ပေ။

သို့သော်လည်း ဇနီးဖြစ်သူ စိတ်မကောင်းမဖြစ်စေရန် သပ်သပ်ဖြင့် သူ၏ သမီးနှင့် ဝမ်ရူကွေ့တို့မှာ လိုက်ဖက်ညီကြောင်း နှုတ်ဖျားလေးဖြင့် ပေါ့ပေါ့တန်တန် မပြောလိုက်နိုင်ပါ။