အပိုင်း ၉၄
Viewers 19k

🍵Chapter 94

 - ကျွန်တော်ပါ ... ဝမ်ရူကွေ့  (၂)



ဝမ်ရူကွေ့၏ လေသံမှာ ပင်ပန်းနွမ်းနယ်နေကြောင်း ကျောင်းပေါစန့် သတိပြုမိသွားခဲ့သည်။


သူသည် စိတ်မကောင်းဖြစ်သွားခဲ့ပြီး  " မြန်မြန်သွားနားတော့ ... ဓာတ်ခွဲခန်းကို ချက်ချင်းပြန်မလာလည်းရတယ် ... ဌာနမှူးကို အကျိုးအကြောင်း ပြောထားလိုက်မယ် ... " ဟု ဆိုလာလေ၏။


ဝမ်ရူကွေ့သည် ၁၀ ရက်ဝန်းကျင်ကြာ ပြေးလွှားနေခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။သူက ကျောင်းပေါစန့်အား ခေါင်းညိတ်ပြခဲ့ပြီး အိပ်ဆောင်ဆီသို့ ဦးတည်သွားခဲ့တော့သည်။


ထိုအချိန်တွင် ရုံးခန်းထဲမှ ထွက်လာသော အန်ယွဲ့မိန်က ဝမ်ရူကွေ့ကို တွေ့သွားပြီး အပြေးလေး ချဉ်းကပ်လာခဲ့လေ၏။


" ရဲဘော်ဝမ် ...  ရဲဘော်ဝမ် အဝေးရောက်နေတုန်း ရဲဘော်ဖူက နှစ်ခါလောက် ဖုန်းဆက်ထားတယ် ... ပြန်ရောက်ရောက်ချင်း ဖုန်းပြန်ဆက်ပေးပါတဲ့ ... "


ဝမ်ရူကွေ့မှာ ခေတ္တရပ်တန့်သွားခဲ့ပြီး ယင်းနောက်တွင် ဖူကျန့်ယိထံသို့ ဖုန်းသွားဆက်တော့လေသည်။

ဖုန်းချပြီးသောအခါတွင်မူ သူက အိပ်ဆောင်သို့ပြန်မသွားတော့ဘဲ ထို့အစား အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့သည်။


ထုံမိသားစုသည် ယနေ့ညတွင် စက်ဘီးတစ်စ်ီးရပြီး ထုံညီအစ်ကိုများကျောင်းပြန်တက်ခြင်း အထိမ်းအမှတ်အနေဖြင့် ဖက်ထုပ်များ ဝိုင်းဖွဲ့စားသောက်ကြမည်ဖြစ်သည်။


တစ်မိသားစုလုံး ဧည့်ခန်းထဲတွင် ထိုင်ကာ ဖက်ထုပ်များ အတူထုပ်နေကြသည်။ 

ပေါင်မုန့်လုံးလေး ထုံမျန်မျန်သည်ပင်လျှင် ပါဝင်ကူညီလျက် ရှိပေ၏။


ထုံးစံအတိုင်းပင် ထုံရွှယ်လူ၏ ဖက်ထုပ်များက ပုံစံ အကျနဆုံးဖြစ်သည်။


ထုံကျားမင်သည် ကနဦးတွင် ကောင်းကောင်းမလုပ်တတ်သော်လည်း သင်ယူနိုင်စွမ်း မြင့်မားသောကြောင့် ထုံရွှယ်လူ့ထံမှ နည်းနာများကို လေ့လာပြီးနောက်တွင်မူ သူ၏ ဖက်ထုပ်များက ပိုပို၍ ကြည့်ကောင်းလာသည်။


သို့သော်လည်း ထုံကျားရှင်း၏ ဒုံးဝေးနေမှုက ထုံရွှယ်လူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။အနာဂါတ် ဖက်ရှင်ဒီဇိုင်နာအလောင်းအလျာတစ်ဦးအနေဖြင့် ငယ်စဥ်ကတည်းက လက်မှုကျွမ်းကျင်မှုတစ်ခုခုရှိထားသင့်သည်ဟု ထုံရွှယ်လူ ထင်မြင်မိသည်။


ယခုတွင်မူ သူ၏ ဖက်ထုပ်များက အလွန် ပုံဆိုးပန်းဆိုးဖြစ်နေပြီး ကြည့်ပင် မကြည့်နိုင်လောက်သည့်အထိပင်။


" တတိယအစ်ကိုကြီးရဲ့ ဖက်ထုပ်က ရုပ်ဆိုးလိုက်တာ ... "


ကလေးအရွယ် ထုံမျန်မျန်သည်ပင်လျှင် ထုံကျားရှင်း၏ ဖက်ထုပ်များကို မခံစားနိုင်ရှာပေ။


ထိုအခါ ထုံကျားရှင်းက ထုံမျန်မျန်၏ မျက်နှာအား ဂျုံမှုန့်ဖြင့် ပွတ်လိုက်ပြီး " ငါ့ကိုပြောနေတာလား ... နင့်ဟာက ငါ့ဟာထက်တောင် ရုပ်ပိုဆိုးသေးတယ် ... " ဟု ပြောလိုက်လေ၏။


ထုံမျန်မျန်တစ်ယောက် မကျေမနပ်ဖြစ်သွားခဲ့ပြီး သူမက နှုတ်ခမ်းထော်လျက် ပြန်လည်ချေပတော့သည်။


" တတိယအစ်ကိုကြီးရဲ့ ဖက်‌ထုပ်တွေက ရုပ်ဆိုးတယ် .... "


" နင့်ဖက်ထုပ်တွေက နင့်ထက်ကို ပိုရုပ်ဆိုးတယ် ... " ထုံကျားရှင်းက ထုံမျန်မျန့်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။


မောင်နှမနှစ်ယောက် တစ်ပွဲတစ်လှမ်းနွှဲနေခဲ့ကြပြီး နောက်ဆုံးတွင် ထုံမျန်မျန်က စိတ်ဆိုးသွားတော့လေ၏။


" တော်ပြီ ... ကြီးလာရင် တတိယအစ်ကိုကြီးရဲ့ အမှိုက်တွေကို ရှင်းမပေးတော့ဘူး ... "


" ဟားဟားဟားး .... "

 

ထုံရွှယ်လူသည် ထိုစကားကိုကြားသောအခါ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။


ထုံကျားရှင်းမှာ ယခုချိန်တွင် သူက ထုံမျန်မျန့်ကို ဂရုစိုက် စောင့်ရှောက်ပေးထားရသည့်အတွက် တစ်ချိန်ချိန်တွင် ထုံမျန်မျန်သည်လည်း သူ့အား တစ်ဖန်ပြန်လည် လုပ်ကျွေးပြုစုရမည်ဟု အမြဲလိုလိုပြောနေခဲ့သည်။ထုံမျန်မျန်မှာလည်း သဘောတူညီခဲ့လေ၏။


ယခု နှစ်ဦးသားရန်ဖြစ်သောအချိန်တွင်မူ ပေါင်မုန့်လုံးလေးမှာ အစ်ကိုကြီး၏ အနောက်သို့လိုက်၍ အမှိုက်ရှင်းပေးချင်စိတ် မရှိတော့ရှာပေ။

 

ထုံရွှယ်လူသည် မျက်ရည်များ စို့လာသည်အထိ ပြင်းထန်စွာ ရယ်မောခဲ့လေ၏။ထုံကျားမင်၏ မျက်လုံးများသည်လည်း အနည်းငယ် ကွေးညွတ်နေလျက်ရှိသည်။


ထို့နောက်တွင် ရုတ်တရက် တံခါးခေါက်သံ တစ်သံထွက်ပေါ်လာသည်။


ထုံမိသားစုဝင်များအားလုံး ငြိမ်ကျသွားကြတော့၏။

ထုံရွှယ်လူက သူမ၏ လက်များကို စင်ကြယ်အောင် သုတ်လိုက်ပြီး " တံခါးသွားဖွင့်ပေးလိုက်ဦးမယ် ... ဆက်လုပ်ထား ... " ဟု ဆိုခဲ့သည်။

ယင်းနောက်တွင် သူမက ခြေတံရှည်များဖြင့် တံခါးဆီသို့ လျှောက်သွားလေ၏။


" ဘယ်သူပါလဲ ... "

ထုံရွှယ်လူက တံခါးတစ်ဖက်မှ မေးမြန်းလိုက်သည်။


တံခါးအပြင်ဘက်တွင် ခေတ္တငြိမ်သက်နေခဲ့ရာမှ " ကျွန်တော်ပါ ... ဝမ်ရူကွေ့ ... " ဟူသော လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။


ထုံရွှယ်လူသည် နောက်ဆုံးတွင် တံခါးဖွင့်လိုက်ရာ လမ်းခရီးမှ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေလျက် ထိုနေရာတွင် ရပ်နေသော ဝမ်ရူကွေ့ကို တွေ့လိုက်ရသည်။


ဝမ်ရူကွေ့မှာ ပင်ပန်းနွမ်းနယ်နေပုံရပြီး ကိုယ်အလေးချိန် အနည်းငယ် ကျသွားသလိုပင်။


အချင်းအချင်းမတွေ့ကြရသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့်အတွက် ထုံရွှယ်လူ့ကို တွေ့သောအခါ ဝမ်ရူကွေ့၏မျက်တောင်များက တဖျပ်ဖျပ်ခတ်သွားတော့လေသည်။


ယနေ့ညတွင် လရောင် တောက်ပနေပြီး ထုံရွှယ်လူ၏ မျက်ဝန်းများထဲ၌ ညကောင်းကင်ယံက ရောင်ပြန်ဟပ်နေသည်။


တောက်ပနေသော မျက်ဝန်းအစုံဖြင့် ထုံရွှယ်လူမှာ ဝမ်ရူကွေ့၏ အမြင်တွင် ပိုလို့ပင် ချစ်စရာကောာင်းနေခဲ့သည်။


" ရဲဘော်ဝမ် ...  ဘယ်တုန်းက ပြန်ရောက်တာလဲ " ထုံရွှယ်လူက ပြုံးလျက် အကျိုးအကြောင်း မေးမြန်းလိုက်၏။


" ဒီနေ့ ညနေပိုင်းကပါ ... "


ဝမ်ရူကွေ့၏ လေသံမှာ ခါတိုင်းထက်ပင် ပိုမိုဩရှနေသည်။


သူသည် ယခင်ကတည်းက ဤလောက် အဖြစ်သည်းတတ်သူလော။ခရီးမှ ပြန်ရောက်ရောက်ချင်း သူမထံသို့ ချက်ချင်း အပြေးလာခဲ့သည်။မသိလျှင် ခွေးပေါက်လေးတစ်ကောင်သဖွယ်ပင်။


ထုံရွှယ်လူ၏ အပြုံးက ပိုမိုနက်ရှိုင်းလာတော့သည်။

" မြန်မြန်ဝင်ပါ ...  ညစာမစားရသေးဘူးမလား ရဲဘော်ဝမ် ... "


" မစားရသေးပါဘူး "


ဝမ်ရူကွေ့၏ နားရွက်ထိပ်များက နီရဲနေသည်။


ထုံမိသားစု၏ အဖြစ်အပျက်မှန်သမျှကို ဖူကျန့်ယိထံမှ သိရှိခဲ့ပြီးနောက်တွင် ဝမ်ရူကွေ့ မှာ အတွေးပင်မရှိဘဲ ဤနေရာသို့ ပြေးလာမိခဲ့သည်။

ကားပေါ်မှ ဆင်းသက်ပြီး ညနေပိုင်း လေညင်းကို ခံစားလိုက်ရချိန်တွင် စိတ်ကြည်လင်ပြီး တည်တည်ငြိမ်ငြိမ်ဖြစ်နေခဲ့သလောက် ယခုအချိန်တွင်မူ စိတ်အားထက်သန်မှုကိုသာ ခံစားမိတော့လေ၏။


မည်သို့ပင်ဆိုပါစေ သူသည် မြို့တော်သို့ ရောက်ရှိနှင့်နေပြီး ဖြစ်သည့်အတွက် ယထုံမိသားစုနေအိမ်သို့သာ ဦးတည်ရန် ရွေးချယ်ခဲ့သည်။


ထုံရွှယ်လူသည် တံခါးကို ပြန်ပိတ်ပြီး ပြုံးလျက် " ရဲဘော်ဝမ် လာတာနဲ့အတော်ပဲ .... အခုလေးတင် စကားစမြည်ပြောရင်း ဖက်ထုပ်လုပ်နေကြတာလေ ... " ဟု ဆိုလာခဲ့သည်။


သာမန်လူတစ်ယောက်သည် မောပန်းနွမ်းနယ်နေချိန်တွင် စားချင်သောက်ချင်စိတ် ရှိမည်မဟုတ်သော်လည်း ထုံရွှယ်လူ၏ အရသာရှိသော အချက်အပြုတ်စွမ်းရည်မှာတော့ ဝမ်ရူကွေ့အား အတွေးဖြင့်ပင် သွားရည်ကျသွားစေနိုင်သည်။


နှစ်ဦးသား ဧည့်ခန်းဆီသို့ ဦးတည်ခဲ့ကြပြီး လရောင်လွှမ်းနေသောသူတို့၏ အရိပ်များမှာ အလျားမတူညီကြပေ။


ဝမ်ရူကွေ့က  လည်ချောင်း ရှင်းလိုက်ပြီး " ရဲဘော်ထုံတို့မိသားစု ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်ကြားပြီးပါပြီ ... မကူညီနိုင်ခဲ့လို့ တောင်းပန်ပါတယ် .... "  ဟု ပြောလိုက်လေ၏။


ထိုအခါ ထုံရွှယ်လူက ဝမ်ရူကွေ့ကို မော့ကြည့်လိုက်လျက် ပြန်ဖြေသည်။

" မဟုတ်တာပဲ ... ရဲဘော်ဝမ်က အများကြီး ကူညီပေးထားပြီးပါပြီ ... ကျေးဇူးတင်ပါတယ် ရဲဘော်ဝမ် ... "

 

ဝမ်ရူကွေ့‌ကြောင့်သာ ဖူကျန့်ယိက မာမိန်၏ ခင်ပွန်းအကြောင်း ကူညီစုံစမ်းပေးခဲ့ခြင်းဖြစ်သည်။သူမဘာသာသူမ တစ်ကိုယ်တည်းလုပ်ဆောင်ရပါက ကြာရှည်လိုက်မည့်ဖြစ်ခြင်းပင်။


လေနုအေးက သူမ၏ ဆံမြိတ်များထဲသို့ ဝင်ရောက်ဖြတ်သန်းလာခဲ့ပြီး ထုံရွှယ်လူမှာ ဝမ်ရူကွေ့အား စူးစူးစိုက်စိုက်ကြည့်ရှုနေလျက်ရှိသည်။သူတို့နှစ်ဦးစလုံးမှာ ချစ်စရာကောင်းပြီး နွေးနွေးထွေးထွေးရှိလှပေ၏။


ထိုအချိန်မှာပင် ဝမ်ရူကွေ့တစ်ယောက် နှလုံးခုန်မြန်လာတော့သည်။သူက မျက်တောင်များကို တဖျပ်ဖျပ်ခတ်ပြီး 

" အဲလို မပြောပါနဲ့ ... ကျားမင်တို့နှစ်ယောက်ရော ကျောင်းပြန်တက်လို့ ရသွားပြီလား ... " ဟု မေးမြန်းလိုက်လေ၏။


" ကျောင်းကိစ္စက ပြေလည်သွားပါပြီ ... မနက်ဖြန် နှစ်ယောက်လုံး ကျောင်းပြန်တက်ကြမှာပါ ... "


ထုံရွှယ်လူမှာ အကျင့်ယုတ်သော ကောင်လေး ကျန်းမင်နှင့် သူ၏ အဘိုးဖြစ်သူတို့အား သင်ခန်းစာပေးချင်သေးသော်လည်း သူမ၏ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိသည်။ပြိုင်ဘက်များထက် အားနည်းနေသော အခြေအနေမျိုးတွင် အလျင်စလိုလှုပ်ရှားလိုက်ပါက တစ်စုံတစ်ရာ ထိခိုက်လာနိုင်ပေ၏။


ဝမ်ရူကွေ့သည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်သက်သာရာ ရသွားခဲ့သော်လည်း ချက်ချင်းပင် စိုးရိမ်လာမိပြန်သည်။

တစ်ဖက်လူက သူသည် ကိစ္စများကို  ဖြေရှင်းပြီးကြောင်း မသိလိုက်ဘဲနှင့်ပင် ဤနေရာသို့ အလန့်တကြား ရောက်ရှိလာသည်ဟု အတွေးပေါက်သွားနိုင်သည် မဟုတ်ပါလော။


ထုံရွှယ်လူမှာမူ တစ်ဖက်လူ၏ အတွေးများကို မသိရှိခဲ့ဘဲ ဝမ်ရူကွေ့ လည်ချောင်းရှင်းသွားစေမည့် စားသောက်ဖွယ်ရာတစ်ခုခုကို ပြုလုပ်ပေးရန် တွေးတောနေခဲ့သည်။


ဝေ့ကျီကောင်းသည် သူ၏ရဲဘော်ဟောင်းထံ အလည်သွားခဲ့ရာမှ ရရှိလာသော သစ်တော်သီးအချို့ကို ထုံမိသားစုထံ ပေးအပ်ခဲ့၏။ထို့ပြင် အိမ်တွင်လည်း သကြားညိုခဲများ ကျန်ရှိသေးသည်။၎င်းပစ္စည်းများဖြင့် သစ်တော်သီးယို ပြုလုပ်နိုင်မည်ဖြစ်သည်။


နှစ်ဦးသား အတွေးကိုယ်စီဖြင့် အိမ်ထဲသို့ လျှောက်လှမ်းသွားခဲ့ကြ၏။


ထုံကျားမင်နှင့်ကလေးများမှာ ဝမ်ရူကွေ့နှင့် ရင်းနှီးကြသည့်အတွက် မော့ကြည့်ကာ " အစ်ကိုကြီး ... " ဟု ခေါ်ဆိုလာကြသည်။


ထုံမျန်မျန်ကတော့ ဝမ်ရူကွေ့နှင့် အရင်းနှီးဆုံးသူပင်။

အစ်ကိုကြီးကို တွေ့လိုက်ရသောအခါတွင် ပေါင်မုန့်လုံးလေးက ထိုင်ခုံပေါ်မှ ဆင်းသွားခဲ့ပြီး သကြားလုံးများကို အိတ်ကပ်ထဲမှ ထုတ်ပေးလာခဲ့သည်။

" သကြားလုံး ယူပါ ကိုကို .... "


ဝမ်ရူကွေ့ မတုံ့ပြန်ရသေးမီမှာပင် ထုံကျားရှင်းက ကြားဖြတ်ပြောဆိုတော့လေ၏။


" မျန်မျန် ... နင့်ဆီမှာ သကြားလုံးတွေရှိရင်လည်း တတိယအစ်ကိုကြီးကို ဘာလို့ မပေးတာလဲ ... "


ထိုအခါ ထုံမျန်မျန်၏ မျက်နှာငယ်လေးက  နီရဲသွားသည်။

" အစ်ကိုကြီး ရူကွေ့က သကြားလုံးကြိုက်တယ် ... " 


ထုံကျားရှင်းမှာ ထုံမျန်မျန်၏ စကားက အဆီအငေါ်မတည့်သလို ခံစားလိုက်ရတော့၏။


" တတိယအစ်ကိုကြီးလည်း သကြားလုံး ကြိုက်ပါတယ်နော် ... "


" ဒါပေမဲ့ တတိယအစ်ကိုကြီးက ရုပ်မချောဘူး‌လေ ... "


ထိုစကား၏ ဆိုလိုရင်းမှာ " ရုပ်ဆိုးသဖြင့် သကြားလုံးနှင့် မထိုက်တန် ... " ဟူ၍ပင်။


ထုံကျားရှင်းခမျာ ဆွံ့အသွားခဲ့လေ၏။


၎င်းအချိန်တွင် ဝမ်ရူကွေ့က ပြုံးလျက် ထုံမျန်မျန်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်တော့သည်။

" အစ်ကိုကြီး မယူတော့ပါဘူး ... ညီမလေးပဲ သိမ်းထားလိုက်နော် ... "


တစ်ချိန်တည်းမှာပင် ထုံရွှယ်လူက ဝမ်ရူကွေ့အတွက် မီးဖိုချောင်ထဲမှ ရေတစ်ခွက် ယူလာပေးခဲ့သည်။


" ဒီမှာစောင့်နေနော် ... ကျွန်မ ဖက်ထုပ်သွားပြုတ်လိုက်ဦးမယ် ... သိပ်မကြာပါဘူး ... "


ထိုအခါ ဝမ်ရူကွေ့က ရေခွက်ကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်လေ၏။

ယင်းနောက်တွင်မူ သူသည် ရုတ်တရက် အတွေးတစ်ခုပေါ်လာတော့သည်။အချက်အပြုတ်ကျွမ်းကျင်‌သောအမျိုးသားမျိုးမှာ အများသူငါနှင့် မတူကွဲပြားကြောင်း ထုံရွှယ်လူက ပြောပြခဲ့ဖူးသည်။


ထို့ကြောင့်ပင် ဝမ်ရူကွေ့သည် ရေကိုမော့သောက်လိုက်ပြီး " လက်သွားဆေးလိုက်ဦးမယ် ... ကျွန်တော် ကူညီပေးပါရစေ ... " ဟု  ဆိုလိုက်တော့လေ၏။


ထုံရွှယ်လူမှာမူ ထိုစကားအား များများစားစား အတွေးပေါက်မသွားခဲ့ဘဲ ဖက်ထုပ်ပန်းကန်ကို ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

အိုးထဲမှရေက ပွက်ပွက်ဆူလာသောအခါ သူမက ဖက်ထုပ်များကို ထည့်လိုက်လေ၏။


ဖက်ထုပ်များ ကျက်အောင် စောင့်ဆိုင်းနေစဉ်တွင် ထုံရွှယ်လူသည် သကြားညိုခဲနှင့် သစ်တော်သီးအား အသုံးပြု၍ ယိုပြုလုပ်ရန် စီစဥ်ခဲ့သည်။

သူမသည် သစ်တော်သီးနှစ်လုံးကို ထုတ်ယူပြီး အခွံခွာကာ ရေ ၊ သကြားညိုခဲတို့ဖြင့်  အိုးတစ်လုံးထဲတွင် ထည့်ပြုတ်လိုက်သည်။


ဖက်ထုပ်များ ကျက်သွားသောအခါတွင်  ထုံကျားမင်နှင့် ထုံကျားရှင်းတို့က ဖက်ထုပ်များကို ဆယ်ယူရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့ကြ၏။ထိုအချိန်တွင် ဝမ်ရူကွေ့မှာ ဖက်ထုပ်အနည်းငယ်ကို ထုပ်ပြီးလျက်သား ဖြစ်နေခဲ့သည်။


ဝမ်ရူကွေ့ ထုပ်ထားသော ဖက်ထုပ်များက အလွန်အံ့အားသင့်စရာကောင်းပြီး ဂုံးပုံသဏ္ဍာန် ၊ လခြမ်းပုံသဏ္ဍာန် အစရှိသဖြင့် ပုံစံအမျိုးမျိုးရှိသည်။


ထုံရွှယ်လူက ပန်းကန်ပြားကို စားပွဲပေါ်တင် ပြီး ပြုံးရယ်လျက် " ရဲဘော်ဝမ်က တော်သားပဲ ... " ဟု မှတ်ချက်ပြုလိုက်လေ၏။


ဝမ်ရူကွေ့ခမျာ နှလုံးအခုန်မြန်သွားခဲ့သော်လည်း အပြင်ပန်း၌မူ တည်ငြိမ်ဟန်ဆောင်ထားဆဲဖြစ်သည်။


" နှစ်သစ်ကူးကာလရောက်ရင် အိမ်မှာ ဖက်ထုပ်တွေအများကြီးလုပ်တယ်လေ ... အဲဒါကြောင့် နည်းနည်းပါးပါး လုပ်ဖူးတာပါ ... "


" တော်တာပေါ့ ... လက်ဆေးပြီး လာစားတော့လေ ရဲဘော်ဝမ် ... " ထုံရွှယ်လူက ပြုံးလျက် ဆိုလာခဲ့သည်။


ထိုအခါ ဝမ်ရူကွေ့က လက်ထဲမှ ဖက်ထုပ်ကို ချလိုက်ပြီး " ဟုတ်ကဲ့ပါ ... " ဟု ပြန်လည်ဖြေကြားလိုက်လေ၏။

ဧည့်ခန်းထဲမှ လှည့်ထွက်လာချိန်တွင် သူ၏ နှုတ်ခမ်းများက အထိန်းအကွပ်မရှိဘဲ အပေါ်သို့ အလိုလိုကော့တက်သွားခဲ့သည်။