အပိုင်း ၉၃
Viewers 19k

🍵Chapter 93

- ကျွန်တော်ပါ ... ဝမ်ရူကွေ့ 



ရလဒ်အား ကျောင်းဘက်သို့ ပြန်လည်တင်ပြသောအခါ တာဝန်ခံမှာ ပြင်းထန်စွာ ကြိမ်းမောင်းခံခဲ့ရသည်။


" မင်းမှာ ဦးနှောက်မရှိဘူးလား ... သူတို့က အခုထိ ငါတို့ကိုစိတ်ခုနေတုန်းပဲ ... ဘယ်လိုလုပ် ပြန်လာချင်စိတ်ရှိမှာလဲ ... ပြန်သွားပြီးတော့ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ကျောင်းစရိတ်နဲ့ ပြဌာန်းစာအုပ်ဖိုးတွေကို အကုန်တာဝန်ယူပါတယ်လို့ ပြောလိုက် ... ကျောင်းဘက်က အကုန်စိုက်ထုတ်ပေးမယ်လို့ ... "


ကျောင်းအုပ်ကြီး၏ စကားကြောင့် တာဝန်ခံသည် ထုံရွှယ်လူတို့ထံ ပြန်သွားကာ နောက်တစ်ကြိမ် ဖျောင်းဖြရပြန်သည်။

ဤတစ်ကြိမ်တွင် ထုံရွှယ်လူက လက်ခံလာမည်ဟု ခံစားခဲ့ရသော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ပေ။

ထုံရွှယ်လူမှာ သူမ၏ မောင်နှစ်ဦးအား မွေးရပ်မြေသို့ ပြန်ခေါ်သွားမည်ဟုသာ ဆိုနေဆဲဖြစ်သည်။


တာဝန်ခံဖြစ်သူမှာ တတ်စွမ်းသမျှ ပြောဆိုခဲ့သော်လည်း ထုံရွှယ်လူ၏ သဘောထားက လုံးဝ မပြောင်းလဲခဲ့ပေ။တာဝန်ခံဖြစ်သူခမျာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက်သား လဲကျတော့မတတ်ပင် ဖြစ်နေရှာသည်။


သို့သော်လည်း ရှေးယခင်အခါက တပ်မှူးကြီးတစ်ဦးမှာ သူသဘောတွေ့နှစ်ခြိုက်သူအား တပ်စုသို့ ဝင်ရောက်ပူးပေါင်းရန် သုံးကြိမ်သုံးခါသွားရောက် စည်းရုံးသည်ဟူသော သမိုင်းကြောင်း ရှိခဲ့ဖူးသည်။

သို့သော်လည်း သူ၏ အတွေ့အကြုံများနှင့် ရဲဘော်ထုံအား ခြုံငုံသုံးသပ်ကြည့်ပုံအရ သုံးကြိမ်ဖြင့်ပင် လုံလောက်မည်မဟုတ်ဟု ခံစားရသည်။


တာဝန်ခံဖြစ်သူမှာ ထပ်မံ၍ တာဝန်ပျက်ကွက်ခဲ့ပြန်ပြီး ကျောင်းအုပ်ကြီးသည်လည်း နောက်တစ်ကြိမ် ကြိမ်းမောင်းတော့လေသည်။


နောက်ဆုံး၌‌ ကျောင်းအုပ်ကြီးမှာ တာဝန်ခံဖြစ်သူအား အသုံးမကျဟု ယူဆကာ ထပ်မံ မစေလွှတ်တော့ဘဲ ထို့အစား ဆရာမနှစ်ဦးကိုသာ ထုံရွှယ်လူ့ထံသို့ သွားရောက်စေခဲ့သည်။


ထုံရွှယ်လူ၏ အပြုအမူများမှာ ပိုမို ညင်သာလာသော်လည်း အဖြေကတော့ ပြောင်းလဲခြင်း မရှိသေးပေ။

ဆရာမများ၏ စည်းရုံးခြင်းက မအောင်မြင်သော်လည်း အနည်းဆုံးတော့ ထုံရွှယ်လူမှာ လေသံပြောင်းလဲလာခဲ့သည်။


ထုံရွှယ်လူသည် သူမတို့၏ နေအိမ်က ကျောင်းမှ အလှမ်းဝေးကြောင်းဆိုခဲ့ပြီး စက်ဘီးတစ်စီးဖြင့်သာ အသွားအပြန်လုပ်နိုင်လျှင် ကောင်းမည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဆိုလာခဲ့လေ၏။

 

ဆရာမနှစ်ဦးက ကျောင်းအုပ်ကြီးထံ ပြန်လည် သတင်းပို့ခဲ့ပြီး  ထိုသတင်းကိုကြားသောအခါ ကျောင်းအုပ်ကြီးမှာ ဒေါသတကြီးဖြင့် စားပွဲအား လက်သီးဖြင့် ထုလိုက်တော့သည်။


" ရဲတင်းလိုက်တာ ... "


ဤသည်မှာ ဒေါသထွက်စရာ ကိစ္စဖြစ်သော်လည်း ဒေါသထွက်သလောက်ပင် သူတို့ ညီအစ်ကိုနှစ်ဦးအတွက် စက်ဘီးစီစဉ်ပေးရန် အကြံထုတ်ရသေးသည်။


အချိန်ကြာလာသည်နှင့်အမျှ ကျောင်းနှင့်ပတ်သတ်သော ကောလဟာလများက ပိုမို ဆိုးရွားလာလေ၏။

 ကျောင်းအုပ်ကြီးကိုယ်တိုင်သည်ပင်လျှင် မာမိန်နှင့် ဖောက်ပြန်နေနိုင်သည်ဟူသော  သို့လောသို့လော သတင်းများ ထွက်ပေါ်လာသည်။ထိုသို့မဟုတ်လျှင် အဘယ်ကြောင့် မာမိန့်အား ထင်ရာစိုင်းခွင့်ပေးထားလေသနည်းဟူသော မေးခွန်းများစွာလည်း ပေါ်ပေါက်လာလေ၏။


ကျောင်းအုပ်ကြီးမှာ ထိုအတင်းအဖျင်းများအား တစ်ဆင့်ပြန်ကြားချိန်တွင် သွေးအန်လုမတတ်ပင် ဖြစ်ခဲ့ရသည်။


သို့ဖြစ်၍ ကျောင်းအုပ်ကြီးသည် ဖီးနစ်အမှတ်တံဆိပ်စက်ဘီးအသစ်တစ်စီးဝယ်ယူရန် ရန်ပုံငွေစုဆောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။

သို့မှသာ ကောလဟာလများအား အမြန်ဆုံး ဖြေဖျောက်နိုင်ပေမည်။


ကျောင်းအုပ်ကြီးမှာ စက်ဘီးအား ထုံရွှယ်လူတို့ထံသို့ လူကြုံဖြင့် ပေးပို့ခဲ့သည်။

သို့သော်လည်း ထုံရွှယ်လူမှာ လက်မခံမီတွင် နှစ်ကြိမ်ခန့် ဟန်ဆောင်ပန်ဆောင် ငြင်းပယ်ခဲ့သေးလေ၏။


နောက်ဆုံးတွင် သူမက ထုံကျားမင်တို့အား လာမည့်နှစ်ရက်အတွင်း ကျရောက်မည့် တနင်္လာနေ့တွင် ကျောင်းပြန်လွှတ်လိုက်ပါမည်ဟု သဘောတူညီခဲ့သည်။


ဆရာမနှစ်ယောက် ထွက်ခွာသွားသောအခါ ထုံကျားရှင်းက အပြေးလေးရောက်ရှိလာခဲ့၏။ယင်း‌နောက်တွင် သူသည် ညကောင်းကင်ယံမှ ကြယ်စင်များသဖွယ်ဖြစ်သော မျက်ဝန်းများဖြင့် စက်ဘီးအား ဝေ့ဝိုက်ကြည့်ရှုနေတော့သည်။


" အစ်မ ... ဒီစက်ဘီးက အခု ကျွန်တော်တို့ အပိုင်ဖြစ်သွားပြီလား ... "


ထုံကျားရှင်းက သူမအား " အစ်မ " ဟု လေလုံးကွဲအောင်ခေါ်ဆိုလာသော ပထမဆုံးအကြိမ်ပင်။


ထိုအခါ ထုံရွှယ်လူက တည်ငြိမ်စွာဖြင့် မျက်ခုံးပင့်ရင်း ခေါင်းညိတ်ပြလိုက်လေ၏။

" ဟုတ်တယ် ... အခုကစပြီး မင်းနဲ့ ကျားမင် ဒီစက်ဘီးစီးပြီး ကျောင်းတက်လို့ရပြီ ... "


ဘေးတွင်ရပ်နေသော ထုံကျားမင်သည် ထုံကျားရှင်းကို တစ်ချက်ကြည့်လှမ်းလိုက်ပြီး မည်သည်ကိုမှ ပြန်မပြောပေ။


ထုံကျားရှင်းမှာတော့ အလွန်ပင် အပျော်လုံးဆို့သွားခဲ့ပြီး ခြံဝန်းထဲသို့ ပြေးသွားခဲ့သည်။


" ဟေးးး ... အခု ငါတို့မှာ စက်ဘီးရှိပြီကွ ... "


ထုံမျန်မျန်မှာ အဖြစ်အပျက်များကို နားမလည်သော်လည်း အစ်ကိုအစ်မများ ပျော်လျှင် သူမလည်း ဝမ်းသာသည်။


ပေါင်မုန့်လုံးလေးသည် လက်နှစ်ဖက်ကို ဘေးတိုက်ဆန့်တန်းလျက် ထုံကျားရှင်း၏အနောက်သို့ ပြေးလိုက်သွားခဲ့လေ၏။

" အခု ချက်ဘီး ရတွားပြီကွ ... "


" အပျော်မစောကြသေးနဲ့ဦး ... စက်ဘီးစီးတတ်ကြလား ... "


ထုံရွှယ်လူ၏ မေးခွန်းကြောင့် ထုံကျားရှင်းမှာ အောင်ပွဲခံနေရာမှ ရုတ်ချည်းပင် ရပ်တန့်သွားသည်။

" ကျွန်တော် မစီးတတ်ဘူး ... "


" ကျွန်တော်ရောပဲ ... "

ထုံကျားမင်သည်လည်း ထုံကျားရှင်းကဲ့သို့ပင် ဖြေကြားလာခဲ့သည်။


" ဒါဆို လောလောဆယ်တော့ စက်ဘီးသုံးလို့ မရလောက်သေးဘူး ... " ထုံရွှယ်လူက ပုခုံးတွ့န့်လျက် ပြောလိုက်လေ၏။


မည်သို့ပင်ဆိုစေကာမူ ထုံကျားမင်နှင့် ထုံကျားရှင်းတို့မှာ စက်ဘီးစီးသော နည်းလမ်းအား သိခြင်း ၊ မသိခြင်းကို စိုးရိမ်စိတ်သိပ်မရှိပေ။သူတို့သည် မည်သည့်အချိန်တွင်မဆို သင်ယူနိုင်ကြသေးသည်။


သို့‌ဖြစ်သော်လည်း ထိုခေတ်ကာလတွင် စက်ဘီးမှာ အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ပြီး လူနည်းစုသာ တတ်နိုင်ကြသည်။


ထုံမိသားစုတွင်လည်း စက်ဘီးတစ်စီး ရှိလာခဲ့ပြီဖြစ်ရာ ထုံကျားရှင်းမှာ စက်ဘီးအသစ်စက်စက်လေးအား ကလေးငယ်လေးတစ်ယောက်သဖွယ် ယုယနေခဲ့လေ၏။


သူတို့၏ စက်ဘီးကို ပိုမိုကောင်းမွန်စွာကာကွယ်နိုင်ရန်အတွက် ထုံကျားရှင်းသည် ဝေ့မိသားစုထံသို့သွားကာ အကြံဉာဏ်အချို့ရယူခဲ့သည်။


ညီအစ်ကိုနှစ်ယောက် ကျောင်းပြန်တက်ရန်အတွက် ကျောင်းဘက်မှ စက်ဘီးထောက်ပံ့ပေးခဲ့ခြင်းမှာ မယုံနိုင်စရာကောင်းသော်လည်း ဝေ့ကျီကောင်းမှာ ကလေးများ၏ ရှေ့တွင် မည်သည်ကိုမှ မပြောခဲ့ပေ။


ထုံကျားရှင်းအား ဝေ့ကျီကောင်း ပြောပြခဲ့သည့် တစ်ခုတည်းသော အရာမှာ စက်ဘီး၏ ဆေးသားများကို ကာကွယ်နိုင်ရန် လက်ကိုင်နှင့် ဘားတန်းများကို ပလတ်စတစ်ကြိုးများဖြင့် တုပ်နှောင်ထားရန် ဖြစ်သည်။


ဝေ့ကျီကောင်းသည် သူ၏ အတွေ့အကြုံများအရ အကြံပေးခဲ့ခြင်းဖြစ်ပြီး ထုံကျားရှင်းကို ပလပ်စတစ်ကြိုးတစ်စည်းပင် ပေးလိုက်သေးသည်။ပလတ်စတစ်ကြိုးများကို လက်ခံရရှိသောအခါတွင် ထုံကျားရှင်းက ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးဖြီးသွားခဲ့သည်။


ထို့နောက်တွင် သူက ဝေ့ကျီကောင်းအား ကျေးဇူးတင်ကြောင်းပြောကာ အိမ်ပြန်သွားခဲ့၏။အိမ်သို့ပြန်ရောက်သောအခါတွင်မူ ထုံကျားမင်၏ အကူအညီဖြင့် စက်ဘီးဘားတိုင်များအား ပလတ်စတစ်ကြိုးများဖြင့် တုပ်နှောင်လိုက်တော့သည်။


နေ့လယ်စာပြင်ဆင်ပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာသော ထုံရွှယ်လူမှာ အရောင်စုံနေသည့် စက်ဘီးကြောင့် မျက်စိကွယ်သွားတော့မလိုပင်။

ကြည့်ရဆိုးသည်ထက်ပင် ပိုမိုဆိုးရွားနေသေးသော အခြေအနေဖြစ်သည်။


သို့သော်လည်း ညီအစ်ကိုနှစ်ယောက်မှာ အလွန်တရာ ကျေနပ်နေခဲ့ကြသဖြင့် ထုံရွှယ်လူမှာ မည်သည်ကိုမှ ထုတ်မပြောခဲ့ပေ။


နေ့လည်စာစားပြီးသောအခါတွင် ထုံကျားမင်တို့မှာ တရေးတမော မအိပ်ဘဲ ထို့အစား လမ်းကြားထဲသို့သွား၍ စက်ဘီးစီးလေ့ကျင့်ခဲ့ကြလေသည်။


ထိုခေတ်ကာလမှ စက်ဘီးများမှာ ကြီးမားလေးလံပြီး အသက် ၉ နှစ်အရွယ် ထုံကျားရှင်းအတွက် ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ထုံကျားမင်မှာမူ အလုံအလောက်ကြိုးစားပါက စီးနင်းလာနိုင်ပေသည်။


ထုံကျားမင်သည် အနာဂါတ်စီးပွားရေးလောက၏ ထူးချွန်သူဖြစ်ပြီး သူ့ထံတွင် နက်နဲသော သင်ယူနိုင်စွမ်းရှိသည်။သူသည် နေဝင်ချိန်၌ စက်ဘီးကို ခပ်ဖြေးဖြေး စီးနင်းနိုင်နေပြီဖြစ်လေ၏။


 ***


နှစ်ရက်ကြာ ရထားစီးပြီးနောက် ဝမ်ရူကွေ့နှင့် အခြားသူများမှာ မြို့တော်သို့ ရောက်ရှိခဲ့ကြသည်။


ကျူံးရှုလန်မှာ ပြန်လာရန် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ရထားပေါ်တက်လာစဉ်ကတည်းက အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။

ခင်ပွန်းဖြစ်သူနှင့် ဆုံရတော့မည်ဟူသော အတွေးက သူမအား ပင်ပန်းရန်ကိုပင် မစွမ်းသာနိုင်တော့ပေ။


ဖခင်ဖြစ်သူ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သေချာသွားသည်နှင့်တစ်ပြိုင်နက် သူမတို့သည် ရထားဖြင့် အခြေစိုက်စခန်းဆီသို့ အမြန်ခရီးနှင်ခဲ့ကြသည်။


ကျောင်းပေါရှန်းသည် လွန်ခဲ့သော နှစ်ရက်က ဖုန်းလက်ခံရရှိခဲ့ပြီး ယနေ့တွင် သူတို့ရောက်ရှိလာမည်ကို ကြိုတင်သိရှိခဲ့သည်။

ကံမကောင်းစွာပင် အစိုးရဘက်မှ ခွင့်ပြုချက်မရဘဲ အခြေစိုက်စခန်းအပြင်ဘက်သို့ ခြေတစ်လှမ်းပင် ချခွင့် မရှိပေ။


ကျောင်းပေါရှန်းမှာ မနက် ၃ နာရီ ၊ အိပ်ရာမှ ထကတည်းက ထိုင်မရ ထမရ ဖြစ်နေခဲ့ရှာသည်။ယ‌နေ့တွင် သူသည် အလွန်အမင်း စိတ်လှုပ်ရှားလျက်ရှိ၏။


ဆယ်နှစ်ရှိလေပြီ။သူ၏ ဇနီးနှင့်သမီးဖြစ်သူတို့အား နောက်ဆုံးတွေ့ခဲ့သည်မှာ ဆယ်နှစ်တာပင် ကြာရှည်ခဲ့ပြီဖြစ်သည်။


ခွဲခွာခဲ့စဉ်အချိန်တွင် သူ၏ သမီးလေးမှာ ၁၀ နှစ်အရွယ်သာ ရှိပြီး ယခုအချိန်တွင် မည်သို့သော ပုံစံဖြစ်နေမည်ကို သိချင်မိသည်။


စခန်းမှူး၏ ဇနီးနှင့်သမီးတို့ ရောက်ရှိလာမည့်အကြောင်းကို သိရှိပြီးနောက်တွင် စခန်းရှိ အခြားသူများက တည်းခိုရန်နေရာသစ်များ အမြန်စီစဉ်ပေးကြပြီး စားသောက်ဖွယ်ရာများစွာ ဝယ်ယူပေးကြသည်။

ထို့ပြင် ဘူတာရုံသို့ ကားဖြင့်သွားကြိုရန် လူပင် လွှတ်ပေးလိုက်သေးလေ၏။


မွန်းတည့်ချိန်၌ အားလုံးစောင့်စားနေကြ‌သူများမှာ အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့ကြသည်။


မည်သူ့ အကူအညီမှ မပါဘဲ ကားပေါ်မှ ပထမဆုံးဆင်းသက်လာခဲ့သူမှာ ကျူံးရှုလန်ပင် ဖြစ်လေ၏။


ကျောင်းပေါရှန်းမှာ အခြေစိုက်စခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ပြီး ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး ကားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသောအခါတွင် မျက်လုံးများ နီရဲလာတော့သည်။


ထိုသူမှာ သူ၏ ဇနီးသည်ပင်။

မွေးမြူရေးခြံသို့ ပို့ဆောင်မခံရသေးမီအချိန်တွင် ဇနီးဖြစ်သူအား ဤလိုပုံစံဖြင့် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ထိုအချိန်က သူ၏ ဇနီးသည်မှာ နှင်းဆီနီလေးတစ်ပွင့်သဖွယ် တောက်ပနေခဲ့သည်။

ယခု သူမ၏ အသွင်အပြင်က နှလုံးသားကို ဓားမြှောင်နှင့် အထိုးခံလိုက်ရသည့်သဖွယ် ကျောင်းပေါရှန်းအား နာကျင်စေသည်။


သူက ကျူံးရှုလန်ထံသို့ လျင်မြန်စွာ လျှောက်လှမ်းသွားရင်း လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး "ရှုလန် ... နောက်ဆုံးတော့ ကိုယ် မင်းကိုပြန်တွေ့နိုင်ခဲ့ပြီ ... " ဟု ဆိုလာခဲ့သည်။


ကျူံးရှုလန်သည်လည်း ခင်ပွန်းဖြစ်သူ၏ အသွင်အပြင်ကြောင့် ထပ်တူထပ်မျှ ဝမ်းနည်းနေခဲ့သည်။


လွန်ခဲ့သည့် ၁၅ နှစ်က ၎င်းတို့သည် မိမိတို့နိုင်ငံ၏ အထောက်အပံ့ဖြင့် ပစိဖိတ်သမုဒ္ဒရာ၏ အခြားတစ်ဖက်စွန်းမှ ပြန်လာနိုင်ခဲ့ကြသော်လည်း လွန်ခဲ့သော ၁၀ နှစ်တွင်မူ ခွဲခွာရန် ဖိအားပေးခံခဲ့ကြရသည်။

 

၁၀ နှစ်ကြာသည့်တိုင်အောင် အချင်းချင်း အဆက်အသွယ်မရှိခဲ့ကြဘဲ  နောက်ဆုံး ပြန်လည်ဆုံတွေ့ကြသောအခါတွင်မူ သူမ၏ခင်ပွန်းသည်မှာ ရည်မှန်းချက်ကြီးသော လူငယ်လေးအဖြစ်မှ ဆံဖြူများဖြင့် အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ကျူံးရှုလန်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။


ကျောင်းမိသားစုဝင်များအားလုံး ငိုခဲ့ကြပြီးဤကဲ့သို့ ခါးသီးသည့် ပြန်လည်ဆုံဆည်းမှုကို မျက်မြင်တွေ့ခဲ့ကြသော အခြေစိုက်စခန်းရှိ အခြားသူများမှာလည်း မျက်ရည်များကို လက်ခုံများဖြင့် သုတ်ဖယ်နေခဲ့ကြသည်။


အားလုံး ငြိမ်သက်သွားကြပြီးနောက် ကျောင်းပေါရှန်းသည် သူ၏ကျောင်းသား ဝမ်ရူကွေ့အား ကျေးဇူးတင်စကား ဆိုခဲ့လေ၏။


" ရူကွေ့ ... ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွာ ... "


သူသည် မိသားစုအား လူကိုယ်တိုင် သွားရောက်ခေါ်ဆောင်သင့်သော်လည်း စခန်းမှ မထွက်ခွာနိုင်ခဲ့ပေ။ထိုတာဝန်ကို ပေးအပ်ရန် အခြားမည်သူ့ကိုမှ မယုံကြည်နိုင်ခဲ့သော်လည်း ဝမ်ရူကွေ့သည် သူ၏ မိသားစုအား ခေါ်ဆောင်ပေးရန် စေတနာအလျောက် ကူညီပေးခဲ့သည်။


ဇနီးဖြစ်သူနှင့် ခဏတာ စကားပြောပြီးနောက်တွင် လမ်းခရီး၌ နာမကျန်းဖြစ်ခဲ့သဖြင့် ခရီးမှာ မျှော်လင့်ထားသည်ထက် ပိုမိုကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းပေါရှန်း ကြားသိခဲ့ရလေသည်။ဝမ်ရူကွေ့သာ မကူညီလျှင် ပို၍ပင် အချိန်ကြာမြင့်သွားနိုင်သည်ကိုပါ သိခဲ့ရသည်။


" မဟုတ်တာပဲ ဆရာ ... ဒါ ကျွန်တော့် တာဝန်ပါပဲ ... "