အပိုင်း ၉၂
Viewers 19k

🍵Chapter 92

တာဝန်ခံမှာ နေရခက်လာသည် 



ဖန်ကျင်းယွမ်သည် ထောက်ပံ့ပို့ဆောင်ရေးဌာနဝင်းသို့ ပြန်ရောက်သောအခါ ချက်ချင်း အိမ်မပြန်ခဲ့ဘဲ ထို့အစား သူမသည် ထုံမိသားစုထံသို့သာ ဦးတည်သွားခဲ့လေသည်။


ချန်ယွဲ့လင်သည် ဖန်ကျင်းယွမ်ကိုမြင်သောအခါ အလွန်ပင် အံ့အားသင့်သွားသည်။

" နင်ရောဟုတ်ရဲ့လား ကျင်းယွမ် ... ဆံပင်က ဘယ်လိုဖြစ်သွားတာလဲ ... "


" ခုလေးတင် ညှပ်လာတာလေ ... အစ်မယွဲ့လင်ရော ဘယ်လိုသဘောရလဲ ... "

ဖန်ကျင်းယွမ်က သူမ၏ ဆံပင်များအား ဂုဏ်ယူဝံ့ကြွားစွာဖြင့် ထိတွေ့ရင်း ‌ဆိုလာခဲ့သည်။


ထိုအခါ ချန်ယွဲ့လင်က ဖန်ကျင်းယွမ်၏ ဆံပင်နှင့် မျက်နှာကို ခဏတာလေ့လာပြီး ခေါင်းညိတ်လာလေ၏။

" လှတယ် ... အရင်ကထက် ပိုလှလာတယ် ... သိပ်တောင် မမှတ်မိချင်ဘူး ... "


ဖန်ကျင်းယွမ်၏ အပြုံးမှာ ပိုမိုနက်ရှိုင်းလာသည်။

" ရွှယ်လူက ဒီဆံပင်ပုံစံထားဖို့ အကြံပေးတာလေ ... ညီမလည်း အရမ်းသဘောကျတယ် ... "


" ရွှယ်လူတဲ့လား ... နင်ရွှယ်လူ့ဆီကို သွားလည်ပြီးပြီလား ... " ချန်ယွဲ့လင်က မျက်လုံးအပြူးသားဖြင့် မေးလာသည်။


" သူ့မောင်နှစ်ယောက် ကျောင်းထုတ်ခံရတယ်ကြားလို့ တစ်ခုခု ကူညီနိုင်တာများရှိမလားလို့ သွားကြည့်တာပါ ... "

 

ထိုစကားကိုကြားသောအခါ ချန်ယွဲ့လင်မှာမျက်နှာပျက်ယွင်းသွားတော့သည်။

၎င်းတို့သည် တစ်ချိန်က ထုံရွှယ်လူ၏ အရင်းနှီးဆုံး မိသားစုဝင်များဖြစ်ခဲ့ကြသော်လည်း ယခု သူမဒုက္ခရောက်နေချိန်တွင်မူ ထုံမိသားစုရှိ မည်သူကမှ သွားရောက်လည်ပတ်ခြင်းမပြုကြပေ။


သူမနှင့် ခင်ပွန်းသည်တို့မှာ ထုံရွှယ်လူ့ထံ သတင်းသွားမေးရန် ဆန္ဒရှိခဲ့ကြသော်လည်း ယောက္ခမဖြစ်သူက ခွင့်မပြုခဲ့ချေ။


ဖန်ကျင်းယွမ်မှာ ချန်ယွဲ့လင်၏ မျက်နှာထားကို သတိမထားမိဘဲ ထုံရွှယ်လူက တစ်ဆင့်ပေးခိုင်းခဲ့သော မုန့်နှစ်ထုပ်နှင့် ပိုက်ဆံများကို ပေးအပ်လိုက်လေ၏။


" ရွှယ်လူက အစ်မကို မုန့်ပေးခိုင်းလိုက်လို့ ... ဒါကတော့ ပိုက်ဆံ ... အရင်တုန်းက အစ်မဆီက ချေးထားတဲ့ဟာလို့ပြောတယ် ... ပစ္စည်းတွေ ထားခဲ့ပြီနော် .... ညီမ သွားတော့မယ် ...  "


ဖန်ကျင်းယွမ်မှာ  သူမ၏ လှပသော ဆံပင်ပုံစံအသစ်ကို မိသားစုထံ ပြသရန် အလျင်လိုနေလေသည်။


" နေပါဦး ကျင်းယွမ် ... ဒါက အရမ်းများလွန်းတယ် ... "


ချန်ယွဲ့လင်သည် ပိုက်ဆံများကို ရေတွက်နေခဲ့ပြီး ယွမ် ၂၀ ကျော်သွားသည်ကို သတိပြုမိခဲ့သည်။ထုံရွှယ်လူ အိမ်မှ ထွက်ခွာသွားချိန်၌ သူမသည် ယွမ် ၈၀ သာ ပေးအပ်ခဲ့လေ၏။


" အဲဒါ ညီမနဲ့မဆိုင်ဘူး ... သူနဲ့ နောက်မှ ပြန်ပြောလိုက် .... "


ဖန်ကျင်းယွမ်သည်  နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့ပြီး အဆာပြေမုန့်နှင့် ပိုက်ဆံများဖြင့် ကျန်ရစ်ခဲ့ရှာသည့် ချန်ယွဲ့လင်မှာ ပို၍ပင် အပြစ်ရှိသလို ခံစားလာရသည်။


ဖန်မိသားစုဝင်များသည် ဖန်ကျင်းယွမ်၏ ဆံပင်ပုံစံကို မြင်သောအခါ ချန်ယွဲ့လင် ကဲ့သို့ပင် တုံ့ပြန်ခဲ့ကြသည်။သူတို့အားလုံးမှာ ရုတ်တရက်ပြောင်းလဲသွားခြင်းအတွက် အလွန်အံ့အားသင့်ခဲ့ကြသော်လည်း ဆံပင်ပုံစံက သူမနှင့် အလွန်လိုက်ဖက်သည်ဟု ခံစားမိကြလေ၏။


ထုံရွှယ်လူမှာ ဖန်ကျင်းယွမ်အား ကူညီပေးရုံသာမက အဆာပြေမုန့်များပါ လက်ဆောင်ထည့်ပေးလိုက်သည်ကို သိသောအခါ အမေဖန်က သက်ပြင်းချလာတော့သည်။

" ရွှယ်လူက မိန်းမကောင်းလေးဆိုတာကို အမြဲတမ်း သိနေခဲ့တယ် ...  ဒီလိုအဖြစ်အပျက်မျိုးသာ မဖြစ်ခဲ့ရင် အခုချိန်လောက်ဆို သူက ငါ့ချွေးမ ဖြစ်နေလောက်ပြီ ... "


ဆိုဖာပေါ်တွင် ထိုင်နေသော ဖန်ဝမ်ယွမ်မှာ ထိုစကားကြောင့် နှုတ်ခမ်းများ လှုပ်ခတ်သွားခဲ့သည်။


" သူက အဆင်ပြေပါတယ် ... အရင်က ပုံစံနဲ့ယှဉ်ရင်တော့ နည်းနည်းလေး ပိုကောင်းလာပါပြီ ... အနည်းဆုံးတော့ သူ့ပါးစပ်က ထွက်လာတဲ့ စကားတွေက စိတ်အနှောက်အယှက်ဖြစ်စရာ မကောင်းတော့ဘူး ... "


" ဪ ... ဟုတ်သားပဲ ... ရွှယ်လူက သူ့မောင်တွေကို သူတို့ဆရာမက အနိုင်ကျင့်တယ်ဆိုတဲ့ သတင်းကို ဖြန့်ခိုင်းထားတယ် ... သမီးလုပ်ပေးမယ်လို့ ကတိပေးပြီးသားဆိုတော့ အမေလည်း သမီးကို ကူညီပေးဖို့ လိုတယ် .... "


ထုံရွှယ်လူမှာ သူမနှင့် အလွန်တရာပင်လိုက်ဖက်သော ဤဆံပင်ပုံစံအား ရရှိစေရန် ကူညီပေးခဲ့သည့်အတွက် ဖန်ကျင်းယွမ်မှာ ဆော်ဩမောင်းခတ်ခြင်းလုပ်ငန်းစဥ်အား အသေအချာဆောင်ရွက်ပေးမည်မှာ ကျိန်းသေပင်။


" သနားစရာကောင်းလိုက်တဲ့ မိန်းကလေး ... အမေတို့က တတ်နိုင်သမျှ ကူညီပေးရမှာပေါ့ ... မနက်ဖြန်ကျရင် ဌာနကို သွားပြီး သတင်းဖြန့်လိုက်မယ် ... "


အဖေဖန်မှာ အတင်းအဖျင်းပြောတတ်သည့် လူစားမျိုး မဟုတ်သော်လည်း ဤကိစ္စတွင် ကျောင်းနှင့်ဆရာမများဘက်က မှားယွင်းနေသည်ဟု သူခံစားမိသည်။ထို့ကြောင့်ပင် အဖေဖန်မှာလည်း ကူညီပေးသင့်သည်ဟု တွေးခဲ့လေ၏။


ဖန်ဝမ်ယွမ်ကတော့ မည်သည်ကိုမှ ဝင်မပြောဘဲ တစ်ဦးတည်း နှုတ်ဆိတ်နေခဲ့သည်။


သို့သော်လည်း ဖန်ကျင်းယွမ်မှာ အစ်ကိုဖြစ်သူအား ဤကိစ္စရပ်မှ ဖယ်ခွာနေခွင့် မပေးခဲ့ပေ။

" အစ်ကိုကြီး ... အစ်ကိုကြီးလည်း မနက်ဖြန် အလုပ်မှာ သတင်းလိုက်ဖြန့်ရမယ် ... ”


ဖန်ဝမ်ယွမ်မှာ အသံပြု၍ အရိပ်အကဲပြခဲ့သော်လည်း ဖန်ကျင်းယွမ်ကတော့ သဘောမပေါက်ခဲ့ပေ။

" အစ်ကိုကြီး .... ရွှယ်လူက အရင်တုန်းကလို အစ်ကိုကြီးကို နောက်ယောင်ခံလိုက်နေမှာကို စိုးရိမ်မနေနဲ့တော့ ... အခုလေးတင် သူ့ကို မေးခဲ့တာ ... အစ်ကိုကြီးကို ခွေးချေးပုံလိုပဲ သဘောထားတယ်တဲ့ .... "


ဖန်ဝမ်ယွမ်  “……………”


*****

နောက်တစ်နေ့တွင် ဖန်ကျင်းယွမ်  ရိုးရာဖျော်ဖြေရေးအဖွဲ့သို့ သွားသောအခါ သူမသည် အားလုံး၏ အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာပြန်သည်။

ရိုးရာဖျော်ဖြေရေးအဖွဲ့မှ သူများသည် ဖန်ကျင်းယွမ်နှင့် ဝိုင်းဖွဲ့စကားပြောဆိုကြပြီး  ဆံပင်ညှပ်ရန် မည်သို့ စိတ်ကူးရလာသနည်းဟု မေးမြန်းကြသည်။


ထို့ကြောင့်ပင် ဖန်ကျင်းယွမ်မှာ ထုံရွှယ်လူ့အကြောင်းကို ပြောပြခဲ့လေ၏။

 

လူအုပ်ကြီးက အံ့အားသင့်သွားကြပြန်သည်။  

" ကျင်းယွမ်က အရင်တုန်းက ရွှယ်လူနဲ့ မတည့်ဘူးထင်ခဲ့တာ ... အခု ဘယ်လိုလုပ်ပြီးတော့ ရင်းနှီးသွားကြတာလဲ ... "


" အရင်က မတည့်ဘူးလို့ ဘယ်သူပြောတာလဲ ... သူက စိတ်အနှောက်အယှက်ဖြစ်အောင် အမြဲတမ်းပြောနေတာမလို့ စကားနိုင်ပြန်လုရုံပါ ...  ဒါပေမဲ့ သူက အရင်ကနဲ့ မတူတော့ဘူး ... ပိုသဘောကောင်းလာပြီ ... မဟုတ်ရင် ဒီလိုချစ်စရာကောင်းတဲ့ ဆံပင်ပုံစံရဖို့ ကူညီပေးပါ့မလား ... " 

ဖန်ကျင်းယွမ်က နှုတ်ခမ်းအနည်းငယ်စူလျက် ပြန်ပြောလိုက်လေ၏။


မူလပိုင်ရှင်သည် ယခင်က ရိုးရာဖျော်ဖြေရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သော်လည်း သူမ၏ ဂုဏ်ယူဝံ့ကြွားသော ကိုယ်ရည်ကိုယ်သွေးကြောင့် အခြားအဖွဲ့ဝင်များနှင့် လိုက်လျောညီထွေမဖြစ်ခဲ့ပေ။

ဖန်ကျင်းယွမ်၏ စကားကို ကြားသောအခါ အားလုံးက အံ့ဩပြီး သိလိုစိတ်များ ပြင်းထန်လာကြတော့သည်။


" သူက နင့်အတွက် ဆံပင်ပုံစံကို တကယ်ပဲ ဒီဇိုင်းထုတ်ပေးခဲ့တာလား ကျင်းယွမ် ... ငါမေးကြည့်ရင်ရော သူက ကူညီပေးမယ်ထင်လား ... "


ထိုအခါ ဖန်ကျင်းယွမ်မှာ သူမ ပေးခဲ့သောကတိကို သတိရသွားလေ၏။


" နင့်အတွက် သေချာလေး တစ်ဆင့်ပြန်ပြောပေးလို့ရပေမဲ့ အခုချိန်မှာ သူက အကူအညီလိုနေတယ် ... နင်သာ သူ့ကို ကူညီပေးရင် ဆံပင်ပုံစံ ဒီဇိုင်းဆွဲပေးဖို့ သူ့ဆီချဉ်းကပ်ရတာ ပိုလွယ်သွားမှာ ...  "


ထိုအခါ အခြားသူများက " ဘာအကူအညီလဲ ... " ဟု တစ်ပြိုင်နက်တည်း မေးလာကြသည်။


ထို့ကြောင့် ဖန်ကျင်းယွမ်သည် ထုံရွှယ်လူ၏ မောင်နှစ်ဦး ကျောင်းထုတ်ခံရစေရန် မာမိန်က မြှောက်ထိုးပင့်ကော်လုပ်ခဲ့သည့်အကြောင်းကို ပြောပြခဲ့လေသည်။


မာမိန်သည်  မြို့တော်တွင် အလွန်နာမည်ကြီးသူတစ်ဦးဖြစ်ပြီး ရိုးရာဖျော်ဖြေရေးအဖွဲ့ပင် မဆိုထားနှင့်  သုံးနှစ်အရွယ်ကလေးပင်လျှင် မာမိန့်အကြောင်း သိသည်။


ဖန်ကျင်းယွမ်ထံမှ အဖြစ်အပျက်များအား ပြန်ကြားသောအခါတွင် အားလုံး ဒေါသထွက်သွားကြလေ၏။


" လုံးဝကို အရှက်မရှိတဲ့ မိန်းမပဲ ... "


" ဟုတ်ပါ့ဟယ် ... ရဲဘော်ထုံက ဆံပင်ပုံစံကို ကူညီပေးပေး မပေးပေး ငါတို့ ကူညီပေးမယ် ... "


" ငါရောပဲ ... "


လူတိုင်းက ထုံရွှယ်လူ့အား ကူညီလိုကြောင်း ဆိုလာသောအခါတွင် ဖန်ကျင်းယွမ် အလွန်သဘောကျသွားသည်။ထုံရွှယ်လူမှာ သူမအား မည်သို့ တစ်ဆင့်ပြန်ပြောရမည်ကို သင်ကြားပေးခဲ့ပြီး ထိုသို့အတိအကျပြောပါက အခြားသူများက ကူညီရန် ဆန္ဒရှိလာမည်ဟု ဆိုခဲ့လေသည်။


မူလတွင် ဖန်ကျင်းယွမ်မှာ အနည်းငယ်စိုးရိမ်နေခဲ့သော်လည်း ထုံရွှယ်လူ၏ အကြံအတိုင်းပင် မသွေမတိမ်းဖြစ်လာခဲ့လေ၏။

ထုံရွှယ်လူမှာ အလွန်တရာပင် ပြောင်းလဲသွားပြီး ယခင်ကနှင့် လုံးဝ ကွဲပြားသွားသည်ဟု ဖန်ကျင်းယွမ် ခံစားရသည်။


တစ်ဖက်တွင်လည်း ဖန်မိသားစုဝင်များသည် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်များတွင် သတင်းဖြန့်ချီရန် ကူညီပေးနေခဲ့ကြသည်။


ချန်ယွဲ့လင်သည် အကြောင်းစုံကို သိလိုက်ရပြီးနောက် ဖန်မိသားစုက ထုံရွှယ်လူ့အား ကူညီပေးရန် ကြိုးစားနေကြောင်း ခင်ပွန်းဖြစ်သူကို တိုးတိုးတိတ်တိတ်ပြောပြခဲ့လေ၏။

ယင်းနောက်တွင်မူ သူတို့သည်လည်း ကူညီ သတင်းဖြန့်ချီပေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။


ဤသို့ဖြင့် နန်မြို့တော်မူလတန်းကျောင်းက မာမိန်၏ အထင်အမြင်ကို အရာသွင်းကာ  ကျောင်းသားများအား မလျော်ကန်သော အကြောင်းပြချက်ဖြင့် ကျောင်းထုတ်သည်ဟူသော ကောလဟာလများ ပျံ့နှံ့လာခဲ့သည်။


စကားလုံးများ၏ စွမ်းအားပင်။

ရံဖန်ရံခါတွင် စကားလုံးများသည် သေနတ်အစစ်နှင့် ကျည်ဆန်များထက် ပိုမိုအားကောင်းနိုင်ပြီး တစ်စုံတစ်ယောက်အား အသံတိတ် သတ်ပစ်နိုင်သည်အထိဖြစ်သည်။

ကျောင်းအုပ်ကြီးသည် ကောလဟာလများအား အလျင်အမြန်ပင် ကြားသိခဲ့ပြီး နှလုံးဖောက်လုမတတ်ပင် ဒေါသထွက်သွားတော့လေ၏။


မာမိန် ထိန်းသိမ်းခံလိုက်ရပြီးကတည်းက ဤကျောင်းတွင် မာမိန်ရှိခဲ့သည်ဟူသော နောက်ကြောင်းများ အတတ်နိုင်ဆုံး ပျောက်ပျက်သွားရန်ကိုသာ မျှော်လင့်ခဲ့ပြီး ပြတ်ပြတ်သားသား စည်းတားထားခဲ့သည်။


မာမိန်နှင့် တစ်ဖက်တည်း ရပ်တည်ခဲ့သည်ဟူသော ကောလဟာလသာ ပျံ့နှံ့သွားလျှင် သူတို့အားလုံး ပျက်စီးသွားနိုင်သည်။


အကယ်၍သာ သတင်းစကားများ ပိုမိုပျံ့နှံ့သွားပါက အလုပ်မပြုတ်ခဲ့လျှင်ပင် ရာထူးတိုးရန် မလွယ်တော့ပေ။


ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက်တွင် ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကို ကျောင်းပြန်လည် တက်ရောက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။


ထိုညီအစ်ကိုနှစ်ဦး ကျောင်းပြန်တက်နေသမျှ ကာလပတ်လုံး ကောလဟာလများလည်း ထပ်မံ ပျံ့နှံ့တော့မည်မဟုတ်ချေ။


ထို့ကြောင့်ပင် ကျောင်းအုပ်ကြီးသည် ထုံရွှယ်လူ၏ နေအိမ်သို့ လူကိုယ်တိုင်သွားရောက်ရန် တာဝန်ခံဖြစ်သူကို စေလွှတ်ခဲ့သည်။


အထက်မှ ညွှန်ကြားချက်ကို လက်ခံရရှိသောအခါတွင် တာဝန်ခံ၏မျက်နှာပေါ်သို့ ချွေးအေးများစီးကျလာသည်။


ထုံကျားမင်၏ အစ်မဖြစ်သူကို ပြန်လည် သတိရသွားသောအခါ ဤတာဝန်သည် လွယ်ကူမည်မဟုတ်ဟု ခံစားလာရတော့၏။


မှန်းဆထားခဲ့သလိုပင် ထုံမိသားစုနေအိမ်သို့ သွားရောက်သော ပထမဆုံးနေ့မှာပင် အတားအဆီးများကို ကြုံတွေ့လာရသည်။

 

ထုံကျားမင်နှင့် ထုံကျားရှင်းတို့အား ကျောင်းပြန်လည် တက်ရောက်ခွင့်ပေးကြောင်း အသိပေးလိုက်သော်လည်း ထုံရွှယ်လူက ကျေနပ်ဟန် ပြမလာခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမက အေးဆေးတည်ငြိမ်စွာ ဆိုလာခဲ့လေသည်။


" တကူးတက လာတာကိုတော့ ကျေးဇူးတင်ပါတယ် ...  ဒါပေမယ့် ကျွန်မမောင်လေးနှစ်ယောက်ကို မွေးရပ်မြေမှာ ပညာသင်ဖို့ ပြန်ခေါ်သွားမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ ... "


အေးစက်စက်ချွေးစေးများက တာဝန်ခံ၏ ခေါင်းပေါ်မှ တစက်စက်ကျလာပြန်သည်။


" ရဲဘော်ထုံ ... နယ်ဘက်က ပညာရေးအရင်းအမြစ်တွေက မြို့တော်က ပညာရေးစနစ်နဲ့ ယှဉ်လို့ရတယ်လို့တော့ မထင်ဘူးမလား ... သေချာပြန်စဉ်းစားပါဦး ... "


ထိုအခါ ထုံရွှယ်လူက နှုတ်ခမ်းများကို ကွေးလျက် ရယ်မောလာခဲ့သည်။ 


" ဟုတ်ပါတယ် ...  နယ်က ပညာရေးစနစ်က မြို့တော်နဲ့ မယှဉ်နိုင်ပေမဲ့လည်း အနည်းဆုံးတော့ အဲဒီကျောင်းတွေက တရားမျှတပြီးတော့ ကလေးတွေကို အကြောင်းပြချက်မရှိဘဲ မရိုက်ဘူးလေ ... တမင်တကာ ကျောင်းထုတ်တာမျိုး မလုပ်မှာတော့ သေချာပါတယ် ... "


တာဝန်ခံ “……”

တာဝန်ခံမှာ ထိုစကားများရောက်လာသည်နှင့်အမျှ နေရခက်လာတော့သည်။