အပိုင်း ၉၁
Viewers 19k

🍵Chapter 91

 Dacron အထည်စကို ဘာလုပ်ရမလဲ  



" အစ်ကိုကြီးရှေ့မှာ အကောင်းပြောခိုင်းမှာတော့ မဟုတ်ဘူးမလား ... အရင်တစ်ခေါက်တုန်းကတော့ နင် သူ့ကို‌ ခွေးချေးပုံကြီးလိုပဲ လျစ်လျူခဲ့တယ်လေ ... "


" ……"


ဤစကားကို ဖန်ဝမ်ယွမ်သာ ကြားလျှင် မည်သို့ခံစားသွားရမည်မှန်း မသိနိုင်သော်လည်း ထုံရွှယ်လူ့ခမျာတော့ အူတက်နေပြီဖြစ်သည်။


" နင့်အစ်ကိုကို ခွေးချေးပုံလို့ ထင်နေတုန်းပဲ ...  မဟုတ်ပါဘူး ... နင့်‌ဆီက တခြားအကူအညီ လိုချင်တယ်ပြောတာ .... ငါ့မောင်နှစ်ယောက် ကျောင်းထုတ်ခံရတဲ့အကြောင်း သတင်းလိုက်ဖြန့်ပေးပါ ... သိတဲ့လူများလေ ပိုကောင်းလေပဲ ... "


လက်ရှိအချိန်တွင် မာမိန်ဖောက်ပြန်သည့်ကိစ္စကို လူတိုင်းသိကြသော်လည်း ဆရာမကို ပြန်ပြောသဖြင့် ထုံကျားမင်နှင့်ထုံကျားရှင်းတို့ ကျောင်းထုတ်ခံကြရသည်ကိုတော့ မည်သူမှ မသိကြပေ။

ထုံရွှယ်လူ၏ မူလစိတ်ကူးမှာ မာမိန်၏ အရှုပ်တော်ပုံကို အသုံးချ၍ သူမ၏ မောင်နှစ်ဉီး ကျောင်းပြန်တက်နိုင်စေရန် ကျောင်းဘက်နှင့် ညှိနှိုင်းရန်ဖြစ်သည်။


သို့သော်လည်း ယခုတွင်မူ စိတ်ကူးပြောင်းသွားလေပြီ။

ထုံရွှယ်လူသည် လူထု၏ ထင်မြင်ယူဆချက်များကို အသုံးပြု၍ သူမ၏ မောင်နှစ်ဉီးကျောင်းပြန်တက်ရောက်ပေးပါရန် ကျောင်းဘက်မှ ခခယယ တောင်းဆိုလာမည်ကိုသာ လိုလားတော့သည်။ထိုကျောင်းသို့ အောက်ကျနောက်ကျ ပြန်သွားလိုစိတ် မရှိပေ။


ဖန်ကျင်းယွမ်မှာ ထုံရွှယ်လူ တောင်းဆိုလာမည့်အရာက ခက်ခဲလောက်မည်ဟု မှန်းထားခဲ့၏။သို့သော်လည်း ထုံရွှယ်လူ စကားဆုံးဆုံးချင်းမှာပင် သူမက ချက်ချင်းခေါင်းညိတ်လိုက်နိုင်တော့သည်။

" ကိစ္စမရှိဘူး ... ငါ့ဆီသာ ပုံအပ်ထားလိုက် ... "


ဖန်ကျင်းယွမ်သည် ရိုးရာဖျော်ဖြေရေးဌာန၌ အလုပ်လုပ်ခဲ့ပြီး လူအများနှင့် ရင်းနှီးသည်။ဖန်မိသားစုတွင် လည်း ဆွေမျိုးများစွာရှိပြီး ၎င်းတို့အားလုံးမှာ အစိုးရဌာနများတွင် အလုပ်လုပ်ကြသည်။

ဖန်ကျင်းယွမ်မှာ သတင်းဖြန့်ချီရေးပြုလုပ်ရန်အတွက် အသင့်တော်ဆုံးသူပင်။


ဖန်ကျင်းယွမ် မထွက်ခွာမီတွင် ထုံရွှယ်လူသည် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့သွားကာ သရေစာအချို့ကို ဝယ်ယူခဲ့သည်။အချို့မှာ ဖန်မိသားစုအတွက်ဖြစ်ပြီး ကျန်အချို့မှာတော့ အခြားထုံမိသားစုအတွက်ပင် ဖြစ်လေ၏။


ထို့အပြင် သူမသည် ချန်ယွဲ့လင်အတွက် ယွမ်တစ်ရာကိုလည်း ထုတ်ယူခဲ့သေးသည်။ယခင်က ခဏတာချေးငှားခြင်းသာဖြစ်သည်ဟု ပြောခဲ့ဖူးသည် မဟုတ်ပါလော။


ဖန်ကျင်းယွမ်နှင့် လမ်းခွဲပြီးနောက် ထုံရွှယ်လူသည် အိမ်သို့ တိုက်ရိုက်ပြန်သွားခဲ့သည်။


ယင်းအချိန်တွင် ဝမ်ရူကွေ့သည်လည်း မြို့တော်မှပြန်လာနေခဲ့၏။


 ***

ထုံရွှယ်လူ အိမ်ပြန်ရောက်သောအခါတွင် ထုံကျားမင်နှင့် အခြားသူများက အပြင်တွင်သာ ရှိနေကြဆဲဖြစ်သည်။


ဝေ့ကျီကောင်းသည် ညီမလေးဝေ့နှင့်အတူ ကျေးလက်ဘက်ရှိ စစ်မှုထမ်းဟောင်းရဲဘော်တစ်ဦးထံသို့ အလည်အပတ်သွားရန် စီစဉ်ခဲ့လေ၏။ထိုသို့ မသွားမီတွင် ထုံမောင်နှမများအား အတူလိုက်ခဲ့ရန် ဆန္ဒရှိ မရှိကိုလည်း မေးမြန်းခဲ့သေးသည်။


ထုံမိသားစု၌ ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးနောက်တွင် ဝေ့မိသားစုသည် ဆင်ခြေမျိုးစုံဖြင့် သူတို့ထံသို့ အစားအသောက်များ ဆက်တိုက်ပို့ပေးနေခဲ့သည်။ထိုအရာကို ထုံမိသားစုဝင်များလည်း ကောင်းကောင်းသိကြပေ၏။


ဝေ့ကျီကောင်းမှာ အားကိုးအားထားပြုနိုင်သူတစ်ဦး ဖြစ်ပြီး အလည်အပတ်သွားမည့်နေရာသည်လည်း သိပ်၍ မဝေးလံပေ။


ထုံကျားမင်နှင်် ထုံကျားရှင်းတို့အား အိမ်ထဲ၌ပင် နေ့စဉ်ရက်ဆက်ပိတ်လှောင်ထားပါကလည်း ရေရှည်တွင် မကောင်းနိုင်‌ချေ။ခရီးထွက်ခြင်းမှာ တစ်စုံတစ်ရာ မထိခိုက်စေနိုင်သဖြင့် ထုံရွှယ်လူသည် ကလေးများအား ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခိုင်းခဲ့လေ၏။


ထုံကျားရှင်းနှင့် ထုံမျန်မျန်တို့မှာ အလွန်ပင် လိုက်ချင် နေကြသဖြင့် ထုံကျားမင်ခမျာ အငယ်နှစ်ယောက်အား ကြည့်ရှုစောင့်ရှောက်ပေးရန် အတူလိုက်ပါသွားရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။


အချိန်စောသေးသဖြင့် ထုံရွှယ်လူမှာ ယခင်က ဝမ်ရူကွေ့ပေး‌ခဲ့သော Dacron အထည်စကို ယူဆောင်ကာ ဝေ့မိသားစု၏ အိမ်ဘက်သို့ ဦးတည်သွားခဲ့သည်။


အိမ်၌ တစ်ကိုယ်တည်းပျင်းရိနေရှာသော ရှန်ဝမ်ရုံမှာ ထုံရွှယ်လူ့ကို မြင်သောအခါ တောက်ပစွာ ပြုံးပြလာခဲ့လေ၏။

" အမလေး ... နောက်ဆုံးတော့ အဖော်ပြုပေးမဲ့သုရောက်လာပြီ ... ဒီနေ့ ကျူးကျူးမရှိတော့ ထူးထူးဆန်းဆန်းကြီး ခံစားနေရတာ ... "


" စောစောလာမလို့ပါပဲ ... ဒါပေမဲ့ အိမ်မှာ ကိစ္စလေးပေါ်လာလို့ အခုမှပဲ လာနိုင်တော့တယ် ... "


" အချိန်မရွေးလာလို့ရပါတယ်ကွယ် .... လုပ်စရာလည်း များများစားစားမရှိပါဘူး ... ဪ ဟုတ်သား ... ဒါနဲ့ ဘာချုပ်ချင်လို့လဲ ... ဂါဝန်လား ... ရှပ်အင်္ကျီနဲ့ စတိုင်ပန့်လား ... "


ထိုအခါ ထုံရွှယ်လူက ခေတ္တတွေးတောပြီး " ဂါဝန်ဆိုရင် အဆင်ပြေမယ်ထင်တယ် ... " ဟု ပြန်ဖြေလိုက်သည်။


လူအများမှာ ဤအချိန်အထိ ရှေးရိုးစွဲနေကြဆဲဖြစ်ပြီး ဒူးအောက်ဖုံးသောဝတ်စုံများကိုသာ ဝတ်ဆင်နိုင်ကြသည်။

ယင်းအပြင် လာမည့်အောက်တိုဘာလတွင် ဆယ်နှစ်တာ အရေးတော်ပုံလှုပ်ရှားမှုများ ပြီးဆုံးမည်ဖြစ်ကာ လူ့အဖွဲ့အစည်းသည် ပိုမိုပွင့်လင်းခေတ်မီလာမည်ဖြစ်ပေသည်။ထို့ကြောင့်ပင် ၀တ်စားဆင်ယင်မှုမှာ ပြဿနာဖြစ်တော့မည် မဟုတ်ချေ။


ရှန်ဝမ်ရုံက ပြုံးလျက် ခေါင်းညိတ် သဘောတူလိုက်သည်။

" ဒါပေါ့ ... ရဲဘော်ထုံ့လိုမိန်းကလေးက လှလှပပ ဝတ်စားသင့်တယ် ... အဘွားငယ်ငယ်တုန်းကလည်း ဂါဝန်တွေဆို သိပ်ကို သဘောကျခဲ့တာ ... အခုတော့ အသက်လေးရလာပြီလေ ... "


" မဟုတ်တာ ... အဘွားရှန်က အခုထိ အရမ်းနုပြီး လှတုန်းပတုန်းပါပဲ ... စတွေ့တုန်းကဆို အသက် ၂၀ပိုင်း ကောင်မလေးထင်နေတာ ... "


ထိုအခါ ရှန်ဝမ်ရုံက မျက်လုံးတစ်ဝိုက်မှ အရေးအကြောင်းများပေါ်သည်အထိ ပြုံးလာခဲ့တော့လေ၏။

 

" အမလေး ... တော်ပါရှင် ... ကျွန်မလိုပုံစံကသာ အသက် ၂၀ပိုင်းဆိုရင် အသက် ၂၀ အရွယ် မိန်းကလေးတွေ အကုန် ထိုင်ငိုကုန်လိမ့်မယ်ရှင့် ... "


ထုံရွှယ်လူသည် အချို့အပိုင်းများကို ချဲ့ကားပြောဆိုခဲ့မိသော်လည်း ရှန်ဝမ်ရုံမှာ အမှန်တကယ်ပင် နုပျိုသူဖြစ်သည်။သူမသည် အသက် ၆၀ နီးပါးရှိသော်လည်း အသက် ၅၀ပိုင်းထက် ငယ်ရွယ်သည်ဟု ထင်ရပေ၏။


ဝေ့မိသားစုအိမ်တွင် ရှန်ဝမ်ရုံ့အတွက် အပ်ချုပ်ခန်းတစ်ခန်းရှိသည်။အခန်းသည် ကျယ်ဝန်းပြီး အလင်းရောင်ကောင်းစွာရကာ အတွင်းတွင် Peony အမှတ်တံဆိပ် အပ်ချုပ်စက်တစ်လုံးရှိသည်။


ထိုခေတ်ကာလ၌ အပ်ချုပ်စက်တစ်လုံးလျှင် ယွမ် ၁၃၀ ဝန်းကျင်တန်ကြေးရှိပြီး လူတိုင်းတတ်နိုင်သောပမာဏ မဟုတ်ပေ။ဝေ့မိသားစုမှာ ငွေကြေးဖူလုံသောမိသားစုဖြစ်သောကြောင့်သာ ထိုသို့ ဝယ်ယူနိုင်ခြင်းဖြစ်သည်။


ရှန်ဝမ်ရုံသည် ထုံရွှယ်လူ့အား ပေကြိုးဖြင့်တိုင်းတာနေခဲ့သည်။ထုံရွှယ်လူ၏ ခါးနေရာသို့ ရောက်သွားသောအခါ တွင် ရှန်ဝမ်ရုံတစ်ယောက် အံ့အားသင့်သွားတော့လေသည်။

" ဝါးး ... ခါးက အရမ်းသွယ်တာပဲ ... အဘွား ငယ်ငယ်တုန်းကထက်တောင် လက်မဝက် ပိုလျော့သေးတယ် ... "


သို့သော်လည်း ထုံရွှယ်လူ၏ ရင်ဘတ်နှင့်ပတ်သတ်၍ ရှန်ဝမ်ရုံက တစ်စုံတစ်ရာမဆိုခဲ့ပေ။ထုံရွှယ်လူ၏ ကောက်ကြောင်းအလှမှာ ချုံးဆမ် ( တရုတ်ရိုးရာဝတ်စုံ)ဖြင့်သာဆိုလျှင် အလွန်ပင် အံ့သြဖွယ်ရာကောင်းနေလိမ့်မည်။


ကံဆိုးစွာပင် ယနေ့ခေတ်၌ ချုံးဆမ်ဝတ်စုံအကြောင်း မည်သူကမှ မပြောဝံ့ကြဘဲ ၎င်းတို့ကို ဝတ်ဆင်မှု အလွန်နည်းပါးသည်။

လွန်စွာပင် နှမျောစရာကောင်းလွန်းလှ၏။


တိုင်းတာပြီးနောက်တွင် ရှန်ဝမ်ရုံသည် ထုံရွှယ်လူနှင့် အတူ အဝတ်အစားပုံစံကို ဆွေးနွေးခဲ့သည်။

နောက်ဆုံးတွင် ထုံကျားမင်နှင့်ထုံကျားရှင်းတို့ ကျောင်းထုတ်ခံရသည့်အကြောင်းသို့ စကားရောက်သွားခဲ့လေ၏။


" သူတို့ဆရာမကို ထိန်းသိမ်းထားပြီးပြီမလား ... ဒါဆိုရင် ကျားမင်နဲ့ ကျားရှင်းတို့ ကျောင်းပြန်တက်သင့်တာပေါ့ မဟုတ်ဘူးလား ... "


" ဟုတ်ပါတယ် .... ဒါပေမဲ့ ခဏလောက် စောင့်ကြည့်ချင်သေးတယ် ... "


" အကူအညီလိုရင်ပြောနော် ... အဘွားရဲ့အမျိုးသားက မြို့တော်မှာ အဆက်အသွယ် နည်းနည်းပါးပါးရှိတယ်လေ ... အထောက်အပံ့ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့... "


အမှန်တကယ်တွင် ရှန်ဝမ်ရုံသည် ထုံရွှယ်လူ၏ စကားကို နားမလည်ခဲ့ပေ။သို့သော်လည်း ထုံရွှယ်လူမှာ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းရှိသော ကလေးတစ်ယောက်ဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။ထို့ကြောင့်ပင် တစ်ဖက်သား အဆင်သင့်မဖြစ်သေးချိန်၌ ရှန်ဝမ်ရုံမှာ အတင်းအကြပ် မမေးမြန်းခဲ့ခြင်းဖြစ်သည်။


" ကျေးဇူးတင်ပါတယ် အဘွားရှန် ... အကူအညီလိုရင် အရင်ဆုံးပြောပြပါ့မယ် ... "

ထုံရွှယ်လူက ပြုံးလျက် ကျေးဇူးတင်ကြောင်း ဆိုလိုက်လေ၏။


လောကကြီးတွင် မာမိန်နှင့် ထန်ရှောင်ယန်တို့ကဲ့သို့ ရွံရှာဖွယ်ကောင်းသူများ များပြားသော်လည်း ဝေ့မိသားစုကဲ့သို့ ချစ်စရာကောင်းသော ပုဂ္ဂိုလ်များလည်း ရှိကြသည်။


နှစ်ဉီးသား အချိန်အနည်းငယ်ကြာအောင် စကားစမြည်ပြောဖြစ်ခဲ့ကြပြီး သူတို့မသိလိုက်ခင်မှာပင် ကောင်းကင်ကြီးမှာ ပုစွန်ဆီရောင်သမ်းလာခဲ့လေသည်။


ထုံရွှယ်လူ အိမ်ပြန်တော့လုဆဲဆဲမှာပင် ခြံဝင်းထဲမှ ကျယ်လောင်သော အော်ဟစ်သံကို ထွက်ပေါ်လာသည်။

ယင်းအသံမှာ ဝေ့ကျူးကျူး၏‌ လေသံနှင့် ဆင်တူလေ၏။


ထုံရွှယ်လူနှင့် ရှန်ဝမ်ရုံတို့နှစ်ဦးစလုံး လန့်ဖျပ်သွားကြသည်။အထူးသဖြင့် ရှန်ဝမ်ရုံသည် လက်ထဲတွင်ရှိသမျှကို ပစ်ချပြီး အပြင်သို့ အမြန်ပြေးထွက်သွားခဲ့၏။


ခြံဝင်းထဲသို့ရောက်သောအခါ ဝေ့ကျူးကျူးတစ်ယောက် ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။အဘိုးဖြစ်သူ ဝေ့ကျီကောင်းက နံဘေးမှ နေ၍ ချော့မြူပေးနေသော်လည်း ဝေ့ကျူးကျူးခမျာ စိတ်မအေးနိုင်ရှာပေ။


ထုံရွှယ်လူမှာ ဝေ့ကျူးကျူးအား အသေအချာလှမ်းကြည့်လိုက်ရာ တစ်စုံတစ်ရာကြောင့် အလွန်ပင် ရင်ထိတ်သွားတော့လေ၏။ဝေ့ကျူးကျူး၏ ဆံပင်များ‌ပေါ်၌ အစိမ်းရောင်ကျိုင်းကောင်များဖြင့် ဖုံးလွှမ်းနေသည်။

ထုံရွှယ်လူမှာ ဝေ့ကျူးကျူးကို ကြည့်နေရင်း အသက်ရှုရပ်လုမတတ်ပင်ဖြစ်နေရှာသည်။


သို့သော်လည်း ထူးဆန်းသည်မှာ ရှန်ဝမ်ရုံကဲ့သို့သော စိတ်နှလုံးနူးညံ့သူက ကျိုင်းကောင်များအား မကြောက်ရွံခြင်းပင်။သူမက ဝေ့ကျီကောင်းအား အပြစ်ဆိုညည်းတွားနေရင်း မြေးမဖြစ်သူ၏ ဆံပင်ထက်မှ ကျိုင်းကောင်များကို ကောက်ယူနေလေသည်။


" ကလေးကို ဘယ်လိုထိန်းနေတာလဲ ... ဘယ်လိုလုပ်ပြီးတော့ခေါင်းပေါ်မှာ ပဒိုင်းသီးတွေ ကပ်ပါလာရတာတုန်း ... "


ထိုအခါ ဝေ့ကျီကောင်းက အပြစ်ကင်းစင်သော အကြည့်မျိုးဖြင့် " ဟ ... စက္ကန့်ပိုင်းလောက်ပဲ ခဏလွတ်သွားတာပါကွ ... ပြီးတော့ သူ့ဟာသူ ကပ်လာတော့တာပဲ ... " ဟု ဆိုခဲ့သည်။


ပဒိုင်းသီးဟု ဆိုလိုက်ခြင်းလော။

ထုံရွှယ်လူတစ်ယောက် အံ့အားသင့်သွားသည်။

ဝေ့ကျူးကျူး၏ ‌ခေါင်းပေါ်မှ အရာများမှာ ကျိုင်းကောင်များ မဟုတ်သလော။


နောက်ဆုံးတွင် ဝေ့ကျူးကျူး ၏ဆံပင်ပေါ်ရှိ ကျိုင်းကောင်များမှာ လုံးဝမလှုပ်ရှားကြောင်း ထုံရွှယ်လူ သတိပြုမိခဲ့သည်။သူမက ဝေ့ကျူးကျူး၏အနီးသို့ ချဉ်းကပ်သွားခဲ့လေ၏။ထိုအခါ ၎င်းတို့မှာ ကျိုင်းကောင်များမဟုတ်ဘဲ ပဒိုင်းသီးစိမ်းများဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။၎င်းအသီးများမှာ လက်သန်းတစ်ဝက်ခန့် အရွယ်ရှိပြီး အဝေးမှကြည့်လျှင် ကျိုင်းကောင်များနှင့် အလွန်ဆင်တူသည်။


ရှန်ဝမ်ရုံသည် မြေးမလေး၏ဆံပင်ပေါ်မှ ပဒိုင်းသီးများအား ဂရုတစိုက် ဆွဲခွာပေးနေသည့်ကြားထဲမှပင် ရံဖန်ရံခါ ဆံပင်ကို သွားသွားဆွဲမိသေးသည်။

ရှန်ဝမ်ရုံက ဆံပင်ပေါ်မှ ပဒိုင်းသီးတစ်လုံးကို အားစိုက်၍ ဆွဲခွာပေးလိုက်သည့်အခါတိုင်း ဝေ့ကျူးကျူးထံမှ အော်သံထွက်လာတတ်သည်။


" အဘွားရှန် ... ကျူးကျူးက ပန်းသရဖူနဲ့လှချင်လို့ဆိုပြီး ပဒိုင်းသီးတွေ သူ့ဘာသာသူ ကောက်တင်လာတာ ... " ထုံကျားရှင်းက ပြုံးစိစိမျက်နှာပေးဖြင့်  ပြောလာလေ၏။


ထုံမျန်မျန်သည်လည်း ခေါင်းတညိတ်ညိတ်ဖြင့် " မမကျူးကျူးက အရမ်းလှမှာလို့ ပြောတယ် ... " ဟု ‌ဆိုလာပြန်သည်။

ထိုသို့ပြောပြီးနောက် ထုံရွှယ်လူ့ကို လှမ်းတွေ့လိုက်သောထုံမျန်မျန်မှာ သူမ၏ ပုညက်ညက်ခြေထောက်လေးများဖြင့် အစ်မကြီးထံ ယက်ကန်ယက်ကန် ပြေးသွားတော့လေသည်။


" မမ .... "


ထုံရွှယ်လူသည် သူမထံသို့ ပစ်ဝင်လာသော ပေါင်မုန့်လုံးလေးအား ဆွဲဖမ်းခဲ့လိုက်ပြီး ဆံပင်ကို စစ်ဆေးပြီးသောအခါမှသာ စိတ်အေးနိုင်တော့သည်။

ထုံမျန်မျန်၏ ခေါင်းပေါ်၌ ပဒိုင်းသီးများ ကပ်ပါလာခြင်းမရှိသည်ကို တွေ့လိုက်သောအခါ ထုံရွှယ်လူတစ်ယောက် အလိုလို သက်ပြင်းချမိသွားလေ၏။


ထိုအချိန်တွင် ဆံပင်ဆွဲခံနေရရှာသည့် ဝေ့ကျူးကျူးမှာတော့ အော်ဟစ်နေသည့်ကြားထဲမှ " လှဖို့ပဖို့က အရမ်းခက်ခဲတာပါပဲလားရှင် ...  " ဟု ကြားဖြတ်ညည်းတွားပြလာခဲ့လေ၏။


သူမသည် လှပဖို့ရန်ကိုသာ လိုလားပါလျက် အဘယ်ကြောင့် ဤလိုဖြစ်နေရပါသနည်း။


ပဒိုင်းသီးများပွထနေသည့် ဦးခေါင်းနှင့်ဝေ့ကျူးကျူးထံမှ ထိုသို့သောစကားမျိုးကြားလိုက်ရသောအခါတွင် အားလုံးက ဝါးလုံးကွဲမတတ် ရယ်မောပွဲကျသွားကြတော့လေသည်။

(မင်မင်တို့ ငယ်ငယ်ကဆော့တဲ့ ကပ်သီးလို့ထင်တာပဲ သေချာမသိဘူး 🥹)