အပိုင်း ၉၀
Viewers 19k

🍵Chapter 90

မျှော်လင့်မထားသောဧည့်သည် 




ထုံရွှယ်လူတို့မှာ အလျင်အမြန်သွားခဲ့ကြသော်လည်း လူအများအပြားက ဦးစွာ ရောက်နှင့်နေကြသည်။ပတ်ဝန်းကျင်မှာ အချိန်တိုအတွင်း ပြည့်ကြပ်သွားလေ၏။


မာမိန်နှင့် သွမ်ဝမ်ဖူတို့အား လက်နှစ်ဖက်ကို ကြိုးဖြင့်တုပ်နှောင်ထားလျက် ရင်ပြင်အလယ်တွင် နေရာချထားသည်။သူတို့နှစ်ဉီးစလုံးမှာ နွမ်းလျနေပြီး နှစ်ပေါင်းများစွာ အိုစာသွားကြသလိုပါပင်။


ယင်းအချိန်တွင် ခေါင်းဆောင်ဟုယူဆရသော ပုဂ္ဂိုလ်တစ်ဦးက စင်မြင့်ပေါ်သို့ တက်လာပြီး လူပရိတ်သတ်များအား တိုးတိုးနေရန် သတိပေးကာ ၎င်းတို့နှစ်ဦး၏အပြစ်များအား လူသိရှင်ကြားကြေငြာမောင်းခတ်တော့သည်။


" မာမိန်နဲ့ သွမ်ဝမ်ဖူတို့က ကျောင်းဆရာမနဲ့ သတ္တုစက်ရုံက နည်းပညာရှင်တွေပါ ... ဒါပေမဲ့ သူတို့နှစ်ယောက်က ကျုပ်တို့ပါတီရဲ့ယုံကြည်မှုကို ကျောခိုင်းခဲ့တယ် ... သူတို့တွေက မလျော်မကန်တဲ့ အမှုကို ကျူးလွန်ခဲ့တော့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုက ကျုပ်တို့ရဲ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိလာနိုင်တယ် ... "


ထိုအခါ အောက်ဘက်မှ ပရိတ်သတ်လူအုပ်ကြီးက ရုန်ရင်းဆန်ခတ်ဖြစ်လာတော့သည်။များမကြာမီမှာပင် လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က " ဖောက်ပြန်တဲ့လူတွေကို ဖယ်ချန်ထားသင့်တယ် ... ဥ‌ပဒေကိုချိုးဖောက်တဲ့လူတွေကို ဝိုင်းကြဉ်ကြဟေ့ ... " ဟု အော်ပြောလာလေ၏။


ထိုအခါ လူအုပ်ကြီးက နှစ်ထောင်းအားရစွာဖြင့် ဝိုင်းဝန်းထောက်ခံလာကြပြီး အော်သံများက ပိုပို၍ကျယ်လောင်လာသည်။အချို့သူများမှာမူ မာမိန်တို့အား ခဲဖြင့်ပင်လှမ်းပစ်နေကြသည်။

အချိန်တိုအတွင်းမှာပင် မာမိန်နှင့် သွမ်ဝမ်ဖူတို့၏ဉီးခေါင်းများထက်မှ သွေးများစီးကျလာတော့သည်။


ထုံရွှယ်လူသည် ထိုနေရာတွင် ဆက်မနေချင်တော့ပေ။သူမက ထုံမျန်မျန်၏ မျက်လုံးများကို ဖုံးအုပ်ကာ ကလေးများနှင့်အတူ လူအုပ်ထဲမှ ထွက်လာခဲ့သည်။


‌မာမိန်မော့ကြည့်လိုက်သောအခါ ထုံရွှယ်လူနှင့် ဆင်တူသူတစ်ဉီး၏ နောက်ကျောပြင်ကို လှမ်းတွေ့လိုက်ရလေ၏။


ထိုနေ့က လမ်းကြားထဲတွင် ထုံရွှယ်လူ ပြောခဲ့သည့်စကားကို သူမ ရုတ်တရက် သတိရသွားသည်။

"ရှင့်ရဲ့ ဂုဏ်သိက္ခာတွေ ပျက်ပြားသွားမှာ ... ရှင့်ဆီမှာ ဘာဆိုဘာမှ ကျန်ခဲ့မှာမဟုတ်ဘူး ... "


သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။


 ***


နောက်တစ်နေ့တွင် ထုံမိသားစုထံသို့ မျှော်လင့်မထားသောဧည့်သည့်တစ်ယောက် ရောက်ရှိလာသည်။

ထိုသူမှာ ဖန်ကျင်းယွမ်ပင်။


ဖန်ကျင်းယွမ်ကို တွေ့သောအခါ ထုံရွှယ်လူက မျက်ခုံးပင့်လိုက်ပြီး  " နင်ငါ့ကိုလာရှာတာလား ... " ဟု မေးလိုက်လေ၏။


ထိုအခါ ဖန်ကျင်းယွမ်က မေးငေါ့လျက် ပြန်လည်ငြင်းခုံလာတော့သည်။

" အဲဒီ အကြည့်က ဘာလဲ ... ငါက နင့်ကို လာရှာလို့မရဘူးလား ... "


" ဟုတ်ပြီလေ ... လာရှာလို့ ရပါတယ် ... "

ထုံရွှယ်လူက ပုခုံးပင့်လျက် ပြန်ဖြေလိုက်သည်။


ဖန်ကျင်းယွမ်က တုန်တုန်ယင်ယင်ဖြင့် သူမ၏ စက်ဘီးကို ခြံဝင်းထဲသို့ တွန်းလာခဲ့သည်။ယင်းနောက်တွင် သူမက စက်ဘီးကို နံရံတွင် မှီထားခဲ့ပြီး ခြံဝန်းတစ်ဝိုက်အား လှည့်ပတ်ကြည့်ရှုတော့သည်။


" ဒီနေရာကို ဝယ်ထားတာလား ... ငှားထားတာလား "


" ငှားထားတာ ... "


ထိုအခါ ဖန်ကျင်းယွမ်၏မျက်လုံးများက တောက်ပလာသည်။


" ဘယ်သူ့ဆီက ငှားတာလဲ ... ဈေးကရော ဘယ်လောက်လဲ "


ထုံရွှယ်လူသည်လည်း လက်လေးချောင်းထောင်ပြလိုက်တော့၏။


ဖန်ကျင်းယွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမက အံ့သြစွာဖြင့်  "တစ်လကို ယွမ် ၄၀လား ... နင် တစ်လကို ယွမ် ၄၀ တောင်မရှာနိုင်ဘူးမဟုတ်ဘူးလား ... " ဟု မေးမြန်းလာခဲ့သည်။


" ယွမ် ၄၀ လို့ပြောတာမဟုတ်ဘူး ... ' နင့် အလုပ် မဟုတ် ဘူး ' .... စကားလုံးလေးလုံးကို ပြောတာ ... "


ဖန်ကျင်းယွမ်, "……"


ထုံရွှယ်လူက ဖန်ကျင်းယွမ်ကို ဧည့်ခန်းဆီသို့ ခေါ်သွားခဲ့လေသည်။

" အကြောင်းမရှိဘဲနဲ့တော့ ရောက်လာမှာမဟုတ်ဘူး ... ဘာလဲ လာရင်းကိစ္စက ... "


ထိုအခါ ထုံရွှယ်လူ၏ အနောက်သို့ လိုက်လာနေသော ဖန်ကျင်းယွမ်က ချောင်းဟန့်လိုက်တော့သည်။

" ငါကလည်း ဒီကို လာချင်တယ် ထင်နေလို့လား ... အမေက နင်တို့မိသားစုသတင်းကို ကြားပြီး တစ်ခုခုကူညီစရာရှိမလားကြည့်ဖို့ သွားလည်ခိုင်းတာပါနော် ... "


အမေဖန်က လွှတ်လိုက်ခြင်းဖြစ်သလော။

ထုံရွှယ်လူတစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။


" မဟုတ်တာပဲ ... ငါအဆင်ပြေတယ် ... နင်တို့အမေကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးဉီး ... "


ထိုအခါ ဖန်ကျင်းယွမ်က သက်ပြင်းတချချဖြင့် ထိုင်ခုံဆီသို့ ဦးတည်သွားခဲ့သည်။ယင်း‌နောက်တွင် သူမက ထိုင်ခုံ၌ ထိုင်လျက် ထုံရွှယ်လူ့အား စူးစိုက်ကြည့်ရှုနေလေ၏။


ထုံရွှယ်လူက ဖန်ကျင်းယွမ်၏ရှေ့၌ လက်ဖက်ရည်ခွက်ကို ချပေးလိုက်ပြီး " ပြောစရာရှိလို့လား ... " ဟု မေးမြန်းလိုက်သည်။


ဖန်ကျင်းယွမ်မှာ စကားပြန်မစမီ အချိန်အနည်းငယ်ကြာအောင် ရုန်းကန်ခဲ့ရရှာသည်။

" အရင်တစ်ခေါက်တုန်းက ဒီဆံပင်ပုံစံက ငါနဲ့ မလိုက်ဘူးလို့ ပြောခဲ့တယ်မလား .... ဒါဆို ငါနဲ့လိုက်တာက ဘယ်လိုဆံပင်ပုံစံလဲ ... "


ထုံရွှယ်လူမှာ ယင်းကိစ္စကို မေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။

"ဆံပင်ပုံစံအသစ်ပြောင်းချင်လို့လား ... "


" နင်ငါ့ကိုလိမ်တာလား ... တကယ်လားဆိုတာကိုသိရအောင် ဒီလာခဲ့တာ ... " 

ဖန်ကျင်းယွမ်မှာ အနည်းငယ်ရှက်သွေးဖြာနေခဲ့လေ၏။


ဖန်ကျင်းယွမ်၏ စိတ်မသက်မသာဖြစ်နေသော အမူအရာသည် မနေ့ညက ထုံကျားရှင်းနှင့် အလွန်ဆင်တူနေသည်ဟု ထုံရွှယ်လူ ခံစားမိသည်။

ထုံရွှယ်လူ၏ နှုတ်ခမ်းစွန်းများ ကွေးညွှတ်သွားခဲ့လေသည်။ 


" နင့်နှဖူးက အရမ်းကျယ်တော့ ဆံမြိတ်ချတာ အကောင်းဆုံးပဲ ... "


" ဆံမြိတ်လား ... "


" ဟုတ်တယ် ... အပါးမဟုတ်ဘူး ... ထူတဲ့ဆံမြိတ် "

 

ဖန်ကျင်းယွမ်မှာ ဆံမြိတ်အကြောင်း စိတ်ပင်မကူးခဲ့ဖူးချေ။သူမ၏ အနီးပတ်ဝန်းကျင်တွင် ဆံမြိတ်ချထားသူများကို တွေ့ဖူးခဲ့သော်လည်း ၎င်းတို့၏ ဆံမြိတ်များက တိုပြီး ပါးလည်းပါးကြသည်။ဆံပင်မျှင်အနည်းငယ်အား နှဖူးပေါ်တွင် ချထားသကဲ့သို့သာဖြစ်ပြီး လုံးဝ ကြည့်မကောင်းပေ။


" သွားကြမယ် ... ဆံပင်ဆိုင်ကို ... "


" အခုချက်ချင်းလား ... " ဖန်ကျင်းယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်လေ၏။


" ဆံပင်ပုံစံအသစ် ပြောင်းမလို့ လာတာမဟုတ်ဘူးလား ... ဒါမှမဟုတ် ငါ့ကို မယုံလို့လား ... မယုံရင်လည်း အခု ပြန်လို့ရပြီ ... "


သူမအား ထွက်သွားရန် စောင့်ဆိုင်းနေသော ထုံရွှယ်လူ့ကို ကြည့်ရှုရင်း ဖန်ကျင်းယွမ်တစ်ယောက် စိတ်မကြည်ဖြစ်လာသည်။ထို့နောက်တွင် သူမက အံကိုကြိတ်လျက် အနည်းငယ်စဉ်းစားကာ နောက်ဆုံးတွင်မူ မတ်တပ်ချလိုက်တော့လေ၏။


" ကောင်းပြီ ... သွားကြမယ် ... "


ထုံရွှယ်လူသည် သူမ၏စစ်အဆင် ‌ပြောက်ကျားအိတ်ကိုဆွဲယူကာ အိမ်တံခါးကိုသော့ခတ်ပြီးနောက် ဖန်ကျင်းယွမ်နှင့်အတူ အနီးနားရှိ အစိုးရပိုင်ဆံသဆိုင်သို့ သွားရောက်‌ခဲ့လေသည်။


ဆံသဆိုင်ရှေ့သို့ရောက်သောအခါ တံခါးပေါက်နှင့် မျက်နှာချင်းဆိုင်နေရာ၌ ထောင်ထားသော မှန်ချပ်ကိုတွေ့လိုက်ရ၏။မှန်ရှေ့တွင်မူ ကျွန်းရောင်သစ်သားစားပွဲငယ်ရှိပြီး ၎င်း၏အပေါ်တွင် သင်တုန်းဓား၊ ကတ်ကြေးနှင့် အခြားဆံပင်ညှပ်ကိရိယာများ တင်ထားလျက်ရှိ‌သည်။ဆိုင်ရှိ တစ်ဦးတည်းသော ဆံသဆရာမှာ ဆိုဖာပေါ်တွင် လှဲနေသော အဘိုးကြီးဖြစ်သည်။သူ၏ ဟောက်သံ ကျယ်လောင်လွန်းသည်မှာ ဆိုင်ခန်းခေါင်မိုးပင် ပွင့်ထွက်သွားလောက်သည်။


" ဆရာကြီး ... သူ့ကို ရဲဘော်လျှိူဟူလန်ရဲ့ ဆံပင်ပုံစံအတိုင်း ညှပ်ပေးပါ ... " ထုံရွှယ်လူက ဆံသဆရာထံသို့ ဦးတည်သွားပြီး ကျယ်လောင်စွာပြောလိုက်သည်။


ဆံသဆရာမှာ ထုံရွှယ်လူ၏အသံကြောင့် လန့်ဖျပ်၍နိုးလာလေသည်။သူဘာမှ မပြောရသေးမီမှာပင် ဖန်ကျင်းယွမ်က စောဒဂတက်လာခဲ့၏။


" နင်ပြောတဲ့ကေကြီးက အဆင်ပြေလို့လား ....  "


" ဘာလဲ ... ငါ့အမြင်ကို မယုံလို့လား .... ဒီလိုလုပ်လေ ... နင့်ဆံပင်တစ်ခုခုဖြစ်သွားရင် ငါ့ဆံပင်ကို ကြိုက်သလိုပြန်လုပ်လို့ရတယ် ... ဘယ်လိုလဲ ... " ထုံရွှယ်လူက မျက်ခုံးပင့်လျက် ပြောလိုက်သည်။


ထိုအခါ ဖန်ကျင်းယွမ်က အောက်နှူတ်ခမ်းကို ကိုက်လျက် ခေတ္တတွေးတောလိုက်ပြီး " ဟုတ်ပြီလေ ... ငါ့ဆံပင်ကေ ကြည့်ရဆိုးသွားရင် နင်တော့ မလွယ်ဘူးမှတ် ... " ဟု ဆိုလာခဲ့လေ၏။


ဖန်ကျင်းယွမ်သည် ငယ်စဉ်ကတည်းက ထုံရွှယ်လူနှင့် တည့်တည့်ရှုရှုမဖြစ်ခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ ထုံရွှယ်လူသည် သူမဘာသာသူမ ပြင်ပြင်ဆင်ဆင်နေတတ်သည်ကိုတော့ အမှန်တိုင်းဝန်ခံရပေမည်။


" ကြည့်ရဆိုးတယ်ဆိုတာက ဘာသဘောလဲ ရဲဘော် ... ကျုပ်ဒီအလုပ်လုပ်လာတာ နှစ်ပေါက်နေပြီ ... ဘယ်သူ့ဆံပင်ကေကိုမှ မဖျက်ဆီးဖူးဘူး ... "


ဆံသဆရာကြီးက သိပ်၍ကျေနပ်မနေပေ။


ထိုအချိန်တွင် ထုံရွှယ်လူက နှုတ်ခမ်းစွန်းများအား ကော့ချိုးလျက် ချိုချိုသာသာ ပြုံးလိုက်တော့လေသည်။


" ညီမလေးက သိပ်အပြောအဆိုမတတ်လို့ပါ ... စိတ်မရှိပါနဲ့ ဆရာကြီး ... ကျွန်မတို့ ဒီကိုမလာခင် ဟိုဒီဒီပတ်မေးပြီးသားပါ ... ဆရာကြီးက မြို့တော်မှာ အတော်ဆုံးပဲလို့ကြားတယ်လေ ... မဟုတ်ရင် ဒီကိုလာပါ့မလား ဆရာကြီးရယ် "


" အင်း .... အကောင်းကြိုက်တတ်တာပဲ ... ဒီပညာက ဘိုးဘွားဘီဘင်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေလေ ... ခဏပဲစောင့် ... "


ထုံရွှယ်လူက ဖန်ကျင်းယွမ်အား ထိုင်ခုံပေါ်သို့ထိုင်လျက်သားဖြစ်သွားစေရန် ဖိချလိုက်ပြီး ဆံသဆရာကြီးအား ဆံပင်ပုံစံနှင့်ပတ်သတ်၍ ရယ်ရယ်မောမောအကြံပြုနေခဲ့လေသည်။


သို့သော်လည်း ဆံသဆရာမှာ ထုံရွှယ်လူ၏အကြံဉာဏ်များကို လုံးဝ ဂရုမစိုက်ပေ။


နောက်ဆုံးတွင် ဖန်ကျင်းယွမ်သည် အရှေ့ဆံမြိတ်ထူထူနှင့် လျှိူဟူလန်၏ ဆံပင်ပုံစံအတိုင်းရရှိသွားတော့လေသည်။အမှန်တကယ်တွင် လှိုင်းတွန့်ဆံပင်များက ဖန်ကျင်းယွမ်နှင့် ပိုမိုလိုက်ဖက်မည်ဖြစ်သော်လည်း ထိုနေ့ခေတ်တွင် ဆံပင်ကောက်လိုပါက အစိုးရထံမှ ခွင့်ပြုမိန့်ပေးစာကို လိုအပ်မည်ဖြစ်သည်။ထို့ပြင် ဆံပင်ကိုလည်း ဖားလျားချထား၍မရဘဲ စည်းနှောင်ထားရသေးသဖြင့် ထုံရွှယ်လူမှာ ဖန်ကျင်းယွမ်၏ ဆံပင်ပုံစံအသစ်အတွက် အကောင်းဆုံးအရာတစ်ခုကို အကြံပြုပေးရမည်ဖြစ်သည်။


ဆံပင်ညှပ်ပြီးနောက် ထုံရွှယ်လူသည် ဆံသဆရာကြီး၏ လက်ရာမြောက်သော လုပ်ဆောင်ချက်အား ချီးမွမ်းထောပနပြုခဲ့လေသည်။


" ဒီနေ့ လူချင်းတွေ့ရလို့ အရမ်းကံကောင်းတာပဲ ဆရာကြီးရယ် ... ဆရာကြီးရဲ့လက်ရာက အရမ်းအံ့ဩစရာကောင်းတာပဲ ... နောက်တစ်ခေါက် ဆံပင်ညှပ်ဖို့ ပြန်လာဉီးမှပါ ... "


ဆံသဆရာမှာ ပြုံးဖြီးနေခဲ့ပြီး သူ၏ မျက်နှာထက်တွင် ပန်းများပွင့်နေလျက်ရှိသည်။


" ဒီမှာခဏစောင့်ဦး ... ဆံမြိတ်ပုံသွင်းဖို့ ပစ္စည်းလေးတွေ သွားယူဉီးမယ် ... "


သိပ်မကြာခင်မှာပင် ဆံသဆရာက ကိရိယာအနည်းငယ်ကို ယူဆောင်လျက် ပြန်လာခဲ့၏။ထို့နောက် သူသည် ကောက်တံသေးသေးလေးကို အသုံးပြုကာ ဖြောင့်စင်းနေသော ဆံချည်မျှင်များအား ခပ်ပြေပြေလေး ကောက်လိုက်သည်။


အားလုံးပြီးသွားချိန်တွင် ဖန်ကျင်းယွမ်၏ပုံစံမှာ လုံးဝ ပြောင်းလဲသွားဝောာ့သည်။မှန်ကဲ့သို့ တောက်ပြောင်နေသော နဖူးနှင့် ချင်မင်းဆက်တွင် ‌အမျိုးသားများကြား ရေပန်းစားခဲ့သည့် ဆံပင်ပုံစံသကဲ့သို့ဖြစ်ခဲ့သော်လည်း ယခုတွင်မူ အရှေ့ဆံမြိတ်ဖြင့် လှပလျက်ရှိသည်။


သူမ၏မျက်နှာသည်ပင် ပို၍သေးငယ်သွားပုံပေါက်လေ၏။


ဖန်ကျင်းယွမ်တစ်ယောက် မှန်ထဲမှ သူမ၏ပုံစံအား မယုံကြည်နိုင်စွာ ကြည့်ရှုနေမိခဲ့သည်။


" ဒါ....ဒါက တကယ်ကြီး ငါလား .... "


" ဆံပင်ပုံပျက်မှာ စိုးရိမ်နေသေးလား ရဲဘော် ... "


" ဟင့်အင်း ... မစိုးရိမ်ပါဘူး ... ဆရာကြီးက အရမ်းတော်တာပဲ ... " ဖန်ကျင်းယွမ်က ခေါင်းကိုဘယ်ညာခါယမ်း၌ ပြောလိုက်လေသည်။


ကြည့်ကောင်းလွန်းသဖြင့် ငိုပင် ငိုမိတော့မည်။


ဆံသဆရာကြီးမှာ ချီးမွမ်းစကားများကြောင့် လွန်စွာ ပီတိဖြာကာ ( ၁၀ ) ဆင့်ပင် ဈေးလျှော့ပေးခဲ့ပြီး စုစုပေါင်း ( ၃၀ ) ဆင့်သာ ပေးခဲ့ရလေသည်။


သူသည် နောက်နောင် ဆံပင်ညှပ်ရန် လိုအပ်သည့်အခါများတွင် သူ့ဆိုင်သို့လာရောက်ရန် ထုံရွှယ်လူ့အား တိုက်တွန်းခဲ့ပြီး ထုံရွှယ်လူကလည်း သဘောတူညီခဲ့သည်။


ဆံသဆိုင်ထဲမှ ထွက်လာချိန်တွင် ဖန်ကျင်းယွမ်က သူမ၏ဆံပင်များကို မယုံကြည်နိုင်စွာ ပွတ်သပ်ရင်း နားရွက်များနီရဲနေလျက်ရှိသည်။


" အဟမ်း .... နင့်ကို အစိုးရပိုင်စားသောက်ဆိုင်မှာ တစ်ခုခုလိုက်ကျွေးမယ် ...  ဒါပေမဲ့ အရမ်းကြီးလည်း ရင်ထဲထိမသွားပါနဲ့ ... ငါက နင့်ဆီမှာ အကြွေးမတင်ချင်ရုံသပ်သပ်ပဲ ... "


ထုံရွှယ်လူက ခေတ္တစဉ်းစားနောက် ပြန်လည်တုံ့ပြန်လာခဲ့၏။


" လိုက်ကျွေးစရာမလိုဘူး .... ငါက အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်တာ ... ကြိုက်တဲ့အချိန် အဲမှာစားလို့ရတယ် ... နင်ငါ့ဆီမှာ အကြွေးမတင်ချင်ရင် လုပ်ပေးလို့ရတာ သပ်သပ်ရှိတယ် ... "