🍵Chapter 89
- မျှော်လင့်မထားသောဧည့်သည်
-
ထိုမိန်းမပင်ဖြစ်နေသည်။
သူမကို ချောက်ချခဲ့သူမှာ ထုံရွှယ်လူပင်ဖြစ်လေ၏။
မာမိန်မှာ ရဲများထဲမှ ရုန်းကန်လျက် အော်ဟစ်နေကာ ထုံရွှယ်လူ့အား အကြမ်းဖက်ချင်နေခဲ့သည်။
" သောက်ကောင်မ ... နင့်ကို သတ်ပစ်မယ် ... "
သို့သော်လည်း ရဲအရာရှိများက သူမ၏လက်ကိုလိမ်ကာ မလှုပ်ရှားနိုင်အောင် ချုပ်ထားလိုက်သောအခါတွင် မာမိန်တစ်ယောက် စိတ်ရှိသလို မပြုမူနိုင်တော့ပေ။
သူမက လှောင်အိမ်ထဲတွင် ပိတ်မိနေသော တိရစ္ဆာန်တစ်ကောင်သကဲ့သို့ ထုံရွှယ်လူ့အား မျက်ထောင့်နီကြီးဖြင့် စူးစိုက်ကြည့်နေခဲ့လေသည်။
သို့သော်လည်း ထုံရွှယ်လူကတော့ သာသာယာယာလေးမျက်တောင်ခတ်ပြကာ မာမိန့်အား " နှုတ်ဆက်ပါတယ် ... " ဟု ပါးစပ်လှုပ်ရုံသာ လှမ်းပြောခဲ့သည်။
***
မာမိန်နှင့်လင်ငယ်ဖြစ်တို့သူမှာ ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းခံခဲ့သည်။
အပြင်ဘက်တွင် ရုန်ရင်းဆန်ခတ်ဖြစ်နေသော်လည်း သွမ်ဝမ်ဖူ၏သမီးဖြစ်သူ သိုင်ယာမှာ နိုးမလာသေးပေ။
တစ်ခုခုမူမမှန်ဟု ထုံရွှယ်လူခံစားလိုက်ရသည်။
ယင်းနောက်တွင် သူမသည် လူအများနှင့်အတူ အခန်းတစ်ခန်းထဲသို့ ဝင်သွားခဲ့ရာ အားပျက်ပြီး ဖြူဖပ်ဖြူလျော်ဖြစ်နေလျက် မျက်နှာလေးလက်တစ်ဖဝါးစာသာကျန်ရှိတော့သည့်ကလေးမလေးကို အိပ်ရာထဲတွင် တွေ့လိုက်ရတော့သည်။
ထုံရွှယ်လူသည် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ရာ ကလေးမလေး၏ အိပ်ရာဘေးမှ မြေပဲခွံများကို မြင်သွားလေ၏။ထုံရွှယ်လူတစ်ယောက် အခြေအနေကို သဘောပေါက်သလိုလိုဖြစ်လာသည်။
မြေပဲမှာ လူအတော်များများနှင့် ဓါတ်မတည့်တတ်သောအရာဖြစ်ပြီး တစ်ဉီးချင်းစီအလိုက် မူးဝေခြင်းမှ အရေပြားရောင်ရမ်းခြင်းအထိ လက္ခဏာများ ကွဲပြားသည်။အချို့သောသူများတွင်မူ ချွေးအေးများထွက်ခြင်း သို့မဟုတ် ခြေလက်များချိနဲ့အားယုတ်ခြင်းတို့ကို ဖြစ်ပေါ်စေလေ၏။
ကလေးမလေးသည် မြေပဲနှင့်ဓာတ်မတည့်သူဖြစ်ပြီး သူမ၏ဖခင် သွမ်ဝမ်ဖူက မာမိန်နှင့် တိတ်တိတ်ပုန်းချိန်းမတွေ့မီအချိန်များတွင် ကလေးအား ရည်ရွယ်ချက်ရှိရှိမြေပဲများကျွေးထားလေသလားဟု ထုံရွှယ်လူ သံသယဝင်မိသွားသည်။
ထိုသို့သာ အမှန်တကယ်ဖြစ်ခဲ့လျှင် သွမ်ဝမ်ဖူမှာ မကောင်းဆိုးဝါး မိစ္ဆာကောင်ပင်။
သို့သော်လည်း ၎င်းမှာ သူမ၏ ထင်မြင်ချက်သာ ဖြစ်ပြီး သက်သေမရှိချိန်တွင် လက်လွှတ်စပယ် တပ်အပ်မပြောဆိုလိုပေ။
ကံကောင်းထောက်မစွာဖြင့်ပင် ကလေးမလေးက ယခင်ကတည်းက ကျန်းမာရေးကောင်းမွန်ပုံရပြီး ယခုတစ်ကြိမ်တွင်လည်း ဆိုးဆိုးဝါးဝါးကျန်းမာရေးထိခိုက်မည့်ပုံမပေါ်ပေ။
သွမ်ဝမ်ဖူမှာ ထိန်းသိမ်းခံလိုက်ရပြီး ကလေးမလေး၏မိခင်သည်လည်း ကျေးလက်ဘက်တွင်ရှိနေလေသည်။မိခင်ဖြစ်သူ ရောက်မလာသေးမီအချိန်အထိ သိုင်ယာ့အား ပြုစုစောင့်ရှောက်ပေးထားရန် ရဲအရာရှိများက ခေါ်ဆောင်သွားခဲ့ကြလေ၏။
ကလေးမလေးအား ခေါ်ဆောင်သွားကြပြီးနောက် လူအုပ်ကြီးက အဖြစ်အပျက်ကို ဆက်လက်ပြောလာကြသည်။အတော်များများကမူ မာမိန့်အား ပျစ်ပျစ်နှစ်နှစ် ပြောဆိုနေခဲ့ကြ၏။
" အရှက်ကို မရှိဘူးဟယ် ... ကျောင်းဆရာမတစ်ယောက်ဖြစ်နေပြီးတော့ တခြားသူရဲ့ယောကျ်ားနဲ့ကုတင်ပေါ်ရောက်နေတယ် ... တကယ်ကို သိက္ခာမရှိတာပဲ ... "
" ဟုတ်ပါ့ ... ဘယ်လိုဆရာမမျိုးလဲမသိဘူး ... ကျွန်မသားက နန်မြို့တော်မူလတန်းကျောင်းမှာ တက်နေတာလေ ... တခြားဆရာမတွေလည်း မာမိန့်လိုမျိုးဖြစ်နေမှာကိုတောင် စိုးရိမ်လာပြီ ... "
" ရှင်ပြောမှ ကျွန်မတောင် စိတ်ပူလာတယ် ... အဲလိုဆရာမမျိုးတွေဆီကနေ ကလေးတွေက ကောင်းတဲ့အရာတွေ သင်ယူနိုင်ကြပါ့မလား ... "
ထုံရွှယ်လူသည် ထိုသူတို့၏ ဆွေးနွေးချက်များကို နားထောင်ပြီးနောက် ယင်းနေရာမှ ထွက်ခွာလာခဲ့သည်။
အိမ်အနောက်ဘက်တွင်ရှိနေခဲ့သော ထုံကျားရှင်းသည်လည်း ရုန်ရင်းဆန်ခတ်အခြေအနေများကြားမှ ကသောကမျော ပြေးလာခဲ့လေ၏။
နှစ်ဦးသားလမ်းကြားထဲမှ ထွက်ခွာလာကြပြီးနောက်တွင် ထုံကျားရှင်းက သူမကို မော်ကြည့်လာခဲ့လျက် ခေါင်းကို အမြန်ပြန်ငုံ့လိုက်ပြန်သည်။ယင်းနောက်တွင် သူက အရှေ့မှ ကျောက်ခဲတစ်လုံးကို ကန်ထုတ်ပြီး နေရခက်သောမျက်နှာထားမျိုးဖြင့် ထပ်မံမော့ကြည့်လာခဲ့လေ၏။
ထုံကျားရှင်း၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိသည့် ထုံရွှယ်လူက " ပြောစရာရှိရင်လည်း ပြော ... " ဟု စကားလမ်းကြောင်းဖွင့်ပေးလိုက်သည်။
ထိုအခါမှ ထုံကျားရှင်းက သူ၏အတွေးအား ထုတ်ဖော်ပြောပြလာသည်။
" မျက်နှာကို မပြလိုက်သင့်ဘူးထင်တယ်နော် ... အခုတွေ့သွားပြီဆိုတော့ ကျန်းမင်ရဲ့အဘိုးက ပြန်လက်စားချေလာရင် ဘယ်လိုလုပ်ကြမလဲ ... "
" အခု ငါ့ကို စိတ်ပူပေးနေတာလား ... " ထုံရွှယ်လူက အနည်းငယ်မျက်မှောင်ကြုတ်လျက် ကြားဖြတ် မေးမြန်းလိုက်သည်။
ထုံကျားရှင်း၏ မျက်နှာတစ်ခုလုံး ရုတ်ချည်းပင် နီရဲသွားသည်။သူက ခေါင်းမော့ပြီး ထုံရွှယ်လူ့ကို စိုက်ကြည့်ကာအကြောက်အကန်ငြင်းဆန်တော့လေ၏။
" အစ်မကို စိတ်ပူနေတာ မဟုတ်ပါဘူး ... ရှေ့မကြည့်နောက်မကြည့်တွေလုပ်ခဲ့တယ်လို့ ခံစားရလို့ ... "
" စိတ်ပူရင် စိတ်ပူတယ်လို့ပြောလို့ရပါတယ် ... ဘာတွေ တွန့်နေတာလဲ ... "
ထုံကျားရှင်း၏ နားရွက်များ နီရဲလာသည်။
" မဟုတ်ပါဘူးဆို ... အစ်မကို စိတ်ပူနေတာ မဟုတ်ဘူး ... "
ထုံရွှယ်လူမှာ အော်ရယ်လုမိတော့မတတ်ဖြစ်နေရှာသည်။
" ဟုတ်ပြီလေ ... အဲလိုဆိုတော့လည်း အဲလိုပေါ့ ... ဒါပေမဲ့ သူတို့ငါ့ကို လက်စားချေမှာကို စိတ်မပူဘူးလေ ... အဲဒါကြောင့်ပဲ မျက်နှာပြလိုက်တာ ... "
သူမသည် မာမိန့်ကိုချောက်ချခဲ့ခြင်းမဟုတ်ပေ။မာမိန်ကိုယ်တိုင်ကပင် ဖောက်ပြန်ခြင်းဖြစ်သည်။
သူမသည် မာမိန့်ကိုဆွဲခေါ်လာပြီး အခြားသူ၏လင်ယောက်ျားရှိသောအိပ်ရာပေါ်သို့ ပစ်တင်ပေးလိုက်ခြင်းလည်း ဟုတ်မနေချေ။
ထို့ပြင် မာမိန်၏အရေးကိစ္စမှာ နောက်တစ်နေ့တွင် မြို့တစ်ခွင် ပျံ့နှံ့သွားတော့ပေမည်။ဤဘက်ခေတ်၌ ဖျော်ဖြေရေးလည်း များများစားစားမရှိသည့်အတွက် ထိုသို့သောသတင်းများက လူတကာထံသို့ အရောက်မြန်သည်။
ကျန်းမင်၏အဘိုးမှာလည်း ဤလိုကိစ္စမျိုးနှင့် ဝေးနိုင်သမျှဝေးဝေး၌ နေလိုမည်သာဖြစ်သည်။သူသည် သွေးမနီးသော ဆွေမျိုးတစ်ယောက်အတွက်နှင့် အရဲစွန့်မည့်သူမျိုးလည်းမဟုတ်ချေ။
သူမကို မြင်သည်ဖြစ်စေ ၊ မမြင်သည်ဖြစ်စေ မာမိန်ကတော့ ကျိန်းသေပေါက် သံသယဝင်မည်သာ ဖြစ်လေသည်။
ထိုသို့ဖြစ်လျက် အဘယ်ကြောင့် ပုန်းအောင်းနေရပါမည်နည်း။မျက်နှာကိုသာ ထုတ်ပြပြီး မီးတောက်ထဲသို့ လောင်စာထည့်ပေးလိုက်မည်။
ထုံကျားရှင်းသည် ထိုစကားများကို ကြားပြီးနောက် စိတ်သက်သာရာရသွားသော်လည်း ချောင်းဟန့်လျက် " ဘာပဲဖြစ်ဖြစ် အဓိပ္ပါယ်မရှိတာတွေ ... " ဟု ပြောဆိုလာခဲ့သည်။
" ဒီ ဈေးကိုင်နေတဲ့ကောင်ကတော့ ... "
" .... "
ထုံကျားမင်သည် ဖုန်းခေါ်ပြီးနောက် ထုံမျန်မျန့်အား ကြည့်ရှုစောင့်ရှောက်ရန် အိမ်သို့ တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။
အိမ်ပြန်ရောက်လာသော ထုံရွှယ်လူတို့နှစ်ယောက်ကို မြင်လိုက်ချိန်တွင်မူ ထုံကျားမင်မှာ ယခင်ကကဲ့သို့ ငြိမ်သက်မနေနိုင်တော့ပေ။
" ဘယ်လိုဖြစ်သွားလဲ ... အဖမ်းခံလိုက်ရပြီလား "
ထိုအခါ ထုံကျားရှင်းက မျက်ဝန်းဝိုင်းဝိုင်းများဖြင့် ဖြစ်ကြောင်းကုန်စင်အား အနည်းငယ်ချဲ့ကား၍ စိတ်လှုပ်ရှားစွာပြန်ပြောပြနေတော့လေသည်။
သို့သော် သူသည် ထုံမျန်မျန်၏နားများကို ပိတ်ထားရန် မမေ့လျော့ခဲ့ပေ။
မည်သည်ကိုမှ မကြားနိုင်ရှာသောထုံမျန်မျန့်ခမျာတော့ နှုတ်ခမ်းတစ်ထောင်ခန့်ထွက်လောက်အောင် ဆူပုတ်နေခဲ့၏။
ကလေးများစကားပြောနေစဉ်တွင် ထုံရွှယ်လူသည် ညစာပြင်ဆင်ရန် မီးဖိုချောင်သို့သွားခဲ့သည်။ထုံကျားမင်က ထမင်းချက်ထားပြီး ဟင်းသီးဟင်းရွက်နှင့် ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်ထားကာ ထုံရွှယ်လူ အဆင်သင့်ယူကြော်ရန်သာ လိုအပ်လေ၏။
သူမသည် ယနေ့နံနက်စောစောတွင် ညစာအတွက်ရည်ရွယ်ပြီး ထုံကျားမင်အား ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီမှ ဝက်ဗိုက်သားသွားဝယ်စေခဲ့သည်။
ထုံရွှယ်လူက အသားကို ရေစင်အောင်ဆေးပြီး ဂျင်း ၊ ကြက်သွန်စိမ်း ၊ စီချွမ်ငရုတ်ကောင်းမှုန့်တို့ထည့်ကာ မီးအေးအေးဖြင့် ပြုတ်လိုက်သည်။ ၈၀%ခန့် ကျက်သွားချိန်တွင်မူ ဝက်သားတုံးကိုဆယ်ယူပြီး ပါးပါးလှီးရန်ပြင်ဆင်တော့သည်။
ဝက်သားတုံးအား ဓားဖြင့်လှီးဖြတ်ရန်မှာ တစ်စုံတစ်ဉီးအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်နိုင်ပေ၏။အသားပြားအထူက ပါးလွန်းလျှင် ပဲ့ထွက်သွားနိုင်ပြီး ထူလွန်းလျှင်လည်း သင့်တင့်လျောက်ပတ်သည့် ညီညွတ်မှုရှိမည်မဟုတ်ချေ။
သို့သော်လည်း ဓားကိုင်ခြင်းအမှုမှာ ထုံရွှယ်လူ့အတွက် ပြဿနာမရှိပေ။သူမ လှီးဖြတ်သောအသားပြားအားလုံးက အရွယ်ညီကြသည်။
ဝက်သားအဆင်သင့်ဖြစ်သောအခါ ထုံရွှယ်လူက ကြက်သွန်ဖြူဟင်းရွက်ကြော်ဟင်းပွဲအတွက် ပြင်ဆင်တော့လေသည်။
ထုံကျားရှင်းမှာ အဖြစ်အပျက်များကိုဖောက်သည်ချအပြီး မီးဖိုချောင်ထဲမှ ထွက်လာသောရနံ့ကို ရှူရှိုက်မိသွားသောအခါ တဟုန်ထိုး ပြေးလာခဲ့တော့သည်။ဝက်သားပြားပန်းကန်ကို မြင်လိုက်ရချိန်တွင်မူ သူ၏မျက်လုံးများက ဦးခေါင်းထက်မှ မီးသီးထက်ပင် ပိုမိုလင်းလက်လာလေ၏။
ထုံကျားရှင်းက ဝေ့လည်ကြောင်ပတ်လုပ်ပြီး ဝက်သားပြားတစ်ပြားကို ပါးစပ်ထဲသို့ အမြန်ကောက်ထည့်လိုက်သည်။အိစက်တုန်ခါနေသည့်အဆီများသော အသားတစ်လွှာသည် သူ့ပါးစပ်ထဲတွင် ချက်ချင်းဆိုသလိုပင် အရည်ပျော်သွားသည်။အသား၏အဆီမပါသော အစိတ်အပိုင်းမှာမူ ပြီးပြည့်စုံသောအရသာရှိလေ၏။ပဲငပိနှင့် ငရုတ်သီးစိမ်းတို့၏အရသာက အသား၏အရသာကို ပိုမိုထူးကဲသွားစေပြီး ထုံကျားရှင်းခံတွင်းထဲသို့ အရသာနှစ်မျိုးစလုံး ပျံ့နှံ့သွားသည်။
လွန်စွာပင် အရသာရှိလေ၏။မယုံနိုင်စရာကောင်းလောက်အောင်ပင်ဖြစ်သည်။
ထုံကျားရှင်းက ဝက်သားပန်းကန်ပြားကို ယူလျက် ဧည့်ခန်းထဲသို့ ပြေးသွားခဲ့လေ၏။
" ညစာစားချိန်ရောက်ပြီဗျို့ ... ဒီနေ့ဝက်သားလွှာချက်တယ် ... "
ကျောင်းထုတ်ခံရသော်လည်း ဤလိုအရသာရှိသောဟင်းကောင်းများကိုသာ နေ့တိုင်းစားနိုင်ပါလျှင် ကျောင်းထုတ်ခံရခြင်းက အဘယ်အရေးနည်း။
ယခုအချိန်တွင် နေ့ရက်တိုင်းက သူ့အတွက် ကောင်းကင်ဘုံသဖွယ်ဖြစ်သည်။
ယခင်က အိမ်ရာထဲမှ မရွှေ့ပြောင်းချင်ဟု အဘယ်ကြောင့်မိုက်မိုက်ကန်းကန်းပြောမိခဲ့ပါသနည်း။
မာမိန်၏ပြဿနာကိုဖြေရှင်းအပြီး ယနေ့ည၌ ထုံမိသားစုမှာ ညစာကို ဝမ်းသာအားရစွာဖြင့် ကျေကျေနပ်နပ် စားသုံးနိုင်ခဲ့ကြသည်။
****
မာမိန်၏အတင်းအဖျင်းများက မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားသည်။သတင်းများ၏ပျံ့နှံ့နှုန်းမှာ ထုံရွှယ်လူမျှော်လင့်ထားသည်ထက်ပင် ပိုမိုမြန်ဆန်နေခဲ့သည်။ထုံရွှယ်လူမှာ လိုအပ်ခဲ့ပါက မီးထဲသို့ လောင်စာထပ်ထည့်ရန်ပင် ပြင်ဆင်ထားပြီးဖြစ်သော်လည်း ထိုသို့ပြုစရာမလိုခဲ့ပေ။
မာမိန်၏သတင်းများမှာ ကျောင်းတွင်း၌ မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားသည်။မူလတန်းကျောင်းရှိ ဆရာဆရာမများပင်လျှင် အံ့ဩရလောက်သည်အထိ ဖြစ်လေ၏။မာမိန်မှာ စိတ်မရှည်သူဖြစ်သော်လည်း ဤကဲ့သို့ အရှက်မဲ့သော လုပ်ရပ်မျိုးကို ကျူးလွန်မည်ဟု သူတို့က မျှော်လင့်မထားကြပေ။
" လူတစ်ယောက်ကိုအပေါ်ယံပဲကြည့်ပြီး အကဲဖြတ်လို့မရနိုင်ဘူးပဲ ... ဆရာမမာက ဒီလိုလူစားမျိုးလို့ ဘယ်တုန်းကမှ ထင်မထားမိခဲ့ဘူး ... "
" ဘယ်လိုလုပ်ပြီးတော့ ဆရာမလို့ ဆက်ခေါ်နေသေးတာလဲ ... အရှက်မရှိတဲ့သူက ဆရာဂုဏ်ပုဒ်နဲ့မထိုက်တန်ဘူး ... "
" သူ့ယောက်ျားက ကွာရှင်းဖို့လုပ်နေပြီကြားတယ် ... "
" ဘယ်သူက မကွာဘဲ နေနိုင်မှာလဲ ... လက်ပူးလက်ကြပ်ကြီး မိထားတာကို ... ဘယ်ယောက်ျားက အဲလိုကိစ္စကို ခွင့်လွှတ်နိုင်ပါ့မလဲ "
အားလုံးမှာ ထိတ်လန့်အံ့အားသင့်နေကြပြီး မာမိန့်ဘက်မှ ရပ်တည်ပေးသူမရှိပေ။မာမိန်၏အဖြစ်အပျက်အပြီး၌ ကျောင်းဘက်မှနေ၍ မာမိန့်အား ဆရာမရာထူးမှ ထုတ်ပယ်ကြောင်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ထုံရွှယ်လူ မျှော်မှန်းထားသည့်အတိုင်းပင် ကျန်းမင်၏အဘိုးဖြစ်သူ ညွှန်မှူးကျန်းက မာမိန်သည်သူတို့နှင့် ဝမ်းကွဲတော်စပ်သူသာဖြစ်ကြောင်း ၊ ရဲများအနေဖြင့် ဥပဒေကြောင်းလမ်းအရ အစွမ်းကုန်အရေးယူသင့်ကြောင်း ပြောကြားခဲ့သည်။
မာမိန်၏ခင်ပွန်းသည်မှာတော့ သစ္စာဖောက်ခံရသလိုခံစားရသဖြင့် စီရင်ချက်မချမီမှာပင် မာမိန်နှင့် ကွာရှင်းရန် ဆုံးဖြတ်ခဲ့သည်။
သွမ်ဝမ်ဖူ၏ဇနီးသည်လည်း မြို့တော်သို့ပြန်လာပြီး ကွာရှင်းရန်ရွေးချယ်ခဲ့သည်။ထို့ပြင် သူမသည် သွမ်ဝမ်ဖူ၏အလုပ်ရာထူးကိုရယူကာ မြို့ထဲသို့ ပြန်လည်ပြောင်းရွှေ့လာနိုင်ခဲ့၏။
မာမိန်နှင့်သွမ်ဝမ်ဖူတို့၏အရေးကိစ္စက လူတကာ၏ပါးစပ်ဖျားတွင် ရှိနေလေသည်။
ယင်းနောက်တွင်မူ အရပ်သားများက သူတို့နှစ်ဦးအား ဆွဲခေါ်သွားကြကာ လူထုတစ်ရပ်လုံး နှစ်ထောင်းအားရစေမည့် ရှုတ်ချရေးပွဲစဥ်ကို လုပ်ဆောင်ရန် ကြံစည်ကြတော့၏။
ထိုအကြောင်းကို ကြားသောအခါ ထုံရွှယ်လူသည် ထုံကျားမင်တို့အား ခေါ်ဆောင်ကာ စုဝေးပွဲနေရာသို့ ဉီးတည်သွားခဲ့လေသည်။