🍵Chapter 88
- မာမိန်၏မျက်လုံးများ ပြူးကျယ်လာသည် (၁)
အမေထုံသည် ရန်ချင်းနယ်မှ အကြောအဆစ်များညောင်းညာကိုက်ခဲလျက် ပြန်လာခဲ့ရကတည်းက ထိုအကြောင်းကိုတွေးရင်းတွေးရင်း ပိုလို့ပင်စိတ်တိုလာရသည်။
ထုံရွှယ်လူသည် မြိုသို့ပြောင်းလာပြီးနောက် သူမတို့မိသားစုအား အကြောင်းသတင်းတစ်စုံတစ်ရာ ပြောပြခဲ့သည်မျိုးမရှိပေ။လူကြီးသူမတစ်ဦးအနေဖြင့် သူမထံသို့ ဦးစွာ လာရောက်လည်ပတ်ပေးရန် မျှော်လင့်ထားပုံရသည်။
အဓိပ္ပါယ်လုံးဝမရှိသောကိစ္စရပ်ပင်။
အမေထုံသည် ထုံရွှယ်လူ၏အလုပ်ခွင်သို့ အလည်အပတ်သွားရန် တုံ့ဆိုင်းနေခဲ့သည်။ယခု ထုံရွှယ်လူ ဒုက္ခရောက်နေချိန်တွင် ပို၍ပင် လည်ပတ်ချင်စိတ်ပျောက်သွားသေး၏။သူသည် သူမ၏သားကြီးနှင့်ချွေးမဖြစ်သူတို့ကိုလည်း ထုံရွှယ်လူ့ထံ သွားရောက်လည်ပတ်ခြင်းမပြုရန် တားဆီးခဲ့သည်။
အကယ်၍သာ ထိုသို့သွားရောက်လည်ပတ်ပါက ထုံရွှယ်လူက သူတို့အား အကူအညီတောင်းလာမည်ကို အမေထုံ တစ်ယောက် စိုးရိမ်နေလေ၏။
အမေထုံ၏တားမြစ်စကားကြောင့် ချန်ယွဲ့လင်နှင့် အစ်ကိုကြီးထုံတို့မှာ ၎င်းတို့၏စိတ်ကူးများအား စွန့်လွှတ်ခဲ့ရသည်။
🍵🍵🍵🍵
ဝမ်ရူကွေ့တို့ထံတွင်ဖြစ်သည်။
တစ်ကြိမ်နာမကျန်းဖြစ်လျှင် အမှန်တကယ်နာမကျန်းဖြစ်သည်ပင်။အဘိုးကျုံး၏အခြေအနေမှာ တဖြည်းဖြည်း စိုးရိမ်စရာကောင်းလာပြီး ဆေးရုံမှ နောက်ဆုံးအဆင့်သတိပေးကာ မိသားစုဝင်များအား စိတ်ပြင်ဆင်ထားကြရန် ပြောကြားခဲ့သည်။
သို့သော်လည်း နောက်ဆုံး၌ ကံကောင်းစွာဖြင့်ပင် အဘိုးကျုံးမှာ ၎င်းအခြေအနေအားလုံးကို ကျော်ဖြတ်နိုင်ခဲ့လေ၏။
မည်သို့ပင်ဆိုစေကာမူ လက်ရှိကျန်းမာရေးအခြေအနေကြောင့် အခြားသူများမှာ အဘိုးကျုံးအားပြန်ခေါ်လျက် ရထားအကြာကြီးစီးပြီး မပြန်ရဲကြသေးပေ။
ထို့ကြောင့်ပင် ဝမ်ရူကွေ့ပြန်လာရန် နောက်တစ်ကြိမ်နှောင့်နှေးခဲ့ရပြန်လေသည်။
***
စနေနေ့ နေ့ခင်းပိုင်း၌ ဖြစ်လေ၏။
ထုံရွှယ်လူသည် ထုံကျားမင် ၊ ထုံကျားရှင်းတို့နှင့် အတူထွက်ခွာသွားမည်ဖြစ်၍ ထုံမျန်မျန့်အား ဝေ့မိသားစုထံအပ်၍ ကြည့်ရှုထားပေးရန် အကူအညီတောင်းခဲ့သည်။
သူမသည် ထုံကျားမင်အား စာတိုက်သို့သွားစေပြီး မာမိန်၏ခင်ပွန်းထံသို့ဖုန်းဆက်ကာ အိမ်တစ်အိမ်ပြိုကျရာတွင် မာမိန်ပါပိတ်မိလျက်ရှိနေကြောင်း အကြောင်းကြားစေခဲ့သည်။
ဖုန်းတစ်ဖက်မှလူမှာ ရုတ်ချည်း လန့်ဖျပ်သွားခဲ့ပြီး ဖုန်းခေါ်ဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်းပင် မမေးမြန်းနိုင်တော့ပေ။ပြိုကျသောအိမ်၏လိပ်စာကိုသာတောင်းယူပြီး ချက်ချင်းဆိုသလို ဖုန်းချသွားခဲ့သည်။
ထိုအချိန်တွင် ထုံရွှယ်လူနှင့်ထုံကျားရှင်းတို့သည် သွမ်ဝမ်ဖူ၏အိမ်သို့သွားကာ ထောင့်တစ်နေရာတွင် ပုန်းလျက် စောင့်ဆိုင်းနေခဲ့ကြသည်။တစ်ဖက်တွင်မူ သူတို့စုဆောင်းထားသောထင်းခြောက်များကို စုပုံချထားလေ၏။
နောက်ဆုံးရလဒ်မှလွဲ၍ အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။
ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်မိုက်လာသည်။လမ်းကြားထဲတွင် တိတ်ဆိတ်နေသည်မှာ အပ်ကျသံပင် ကြားနိုင်ရလောက်သည်အထိပင်။
ထုံကျားရှင်းမှာ မျက်နှာတစ်ဝိုက် ခြင်များအတွယ်ခံနေရပြီး ယားယံလွန်းသဖြင့် မကုတ်ဘဲ မနေနိုင်တော့ရှာပေ။
" ဟို မိန်းမကြီးက ဘယ်ချိန်လာမှာလဲ... "
နောက်ဆုံးအခေါက် ထုံရွှယ်လူမှာ သူမ၏မျက်နှာအနှံ့ ခြင်ကိုက်ခံခဲ့ရသည်။ဤတစ်ကြိမ်တွင်မူ ထုံကျားရှင်းနှင့်အတူရှိနေသဖြင့် ခြင်များက သူမကို လျစ်လျူကာ ထုံကျားရှင်းကိုသာ အဆက်မပြတ်ကိုက်နေကြပေ၏။
ထုံရွှယ်လူက ထုံကျားရှင်း၏မျက်နှာပေါ်ရှိ ခြင်ကိုက်ရာများကို ကြည့်ရှုပြီး စာနာသောလေသံဖြင့် " မကြာခင်လာတော့မယ်ထင်ပါတယ် ... ခဏလောက်စောင့်ရအောင် " ဟု ပြောလိုက်သည်။
နောက်ထပ် ဆယ်မိနစ်ကျော်သွားပြီဖြစ်သည်။ထုံရွှယ်လူမှာ ယနေ့၌ မာမိန်ရောက်မလာတော့ဟု အတွေးပေါက်သွားချိန်မှာပင် မာမိန်က လမ်းကြားထဲတွင် ပေါ်လာခဲ့သည်။
ယခင်အချိန်နှင့် နှိုင်းယှဉ်ပါက မာမိန်သည် ယခုတစ်ကြိမ်တွင် ရည်ရွယ်ချက်ရှိရှိ အလှပြင်ဆင်ထားပုံရသည်။သူမသည် ဂါဝန်ကို ၀တ်ဆင်ထားပြီး တင်ပါးကို ဘယ်ညာယိမ်းလျက် လမ်းလျှောက်လာသည်။
မာမိန်က သွမ်ဝမ်ဖူ၏အိမ်တံခါးကို ခေါက်လိုက်လေ၏။ထိုအခါ သူမ၏ချစ်သူက တံခါးဝ၌ အလျင်အမြန်ပင် ပေါ်လာလေသည်။
သွမ်ဝမ်ဖူက မာမိန့်အား တောက်ပသောမျက်ဝန်းများဖြင့်ခေါင်းစခြေဆုံးကြည့်ရင်း " ဒီနေ့အရမ်းလှတာပဲ မိန်ရယ် ... " ဟု ပြောလိုက်လေ၏။
မာမိန်က သွမ်ဝမ်ဖူ့အားရယ်မောလျက် စိုက်ကြည့်နေခဲ့သည်။
" ဘာတွေပြောနေတာလဲ ... မြန်မြန်အထဲဝင်ကြရအောင် ... ဟုတ်သားပဲ ... သိုင်ယာ အိပ်ပျော်နေပြီလား"
" ဟုတ်တယ် အိပ်ပျော်နေပြီ ... ခဏလောက်တော့ အိပ်ပျော်နေဦးမယ်ထင်တယ် ... "
နှစ်ယောက်သား စကားစမြည်ပြောရင်း အထဲသို့ ဝင်သွားခဲ့ကြလေ၏။ထုံရွှယ်လူမှာ ထိုသို့သောစကားများအား ကြားဖူးပြီးသားဖြစ်သည့်အတွက် အထူးအဆန်းဖြစ်မနေခဲ့သော်လည်း ထုံကျားရှင်းမှာတော့ လောကကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားသလိုခံစားနေခဲ့ရသည်။
ထုံရွှယ်လူက ထုံကျားရှင်းအား တံတောင်ဖြင့် တွန်းလိုက်ပြီး " ထင်းတွေယူလာခဲ့ ... စကြမယ် ... " ဟု ပြောလိုက်လေ၏။
နောက်ဆုံးတွင် ထုံကျားရှင်းလည်း အသိစိတ်ပြန်ဝင်လာပြီး ထုံရွှယ်လူနှင့်အတူ သွမ်ဝမ်ဖူ၏အိမ်ရှေ့သို့ ထင်းများသယ်သွားခဲ့သည်။
ထုံကျားရှင်းသည် နံရံကို ဦးစွာကျော်တက်ခဲ့ပြီး ထုံရွှယ်လူက အပြင်ဘက်မှနေ၍ ထင်းများကမ်းပေးခဲ့လေ၏။
အချိန်ကောင်းဖြစ်ကြောင်းသေချာစေရန် ထုံရွှယ်လူက အိမ်နောက်ဘက်သို့သွားပြီး တစ်ချက်စစ်ဆေးလိုက်ရာ အိမ်အတွင်းထဲမှ ညဉ်းညူသံများကို ကြားရသည်။
ယင်းနောက်တွင် သူမက အိမ်ရှေ့မှ ထုံကျားရှင်းအား ထင်းပုံကို မီးစရှို့စေတော့လေ၏။
မီးရှို့ပြီးနောက် ထုံကျားရှင်းက အိမ်နောက်ဘက်သို့ လျှောက်သွားခဲ့ပြီး အထဲမှလူများ အနောက်ပေါက်မှ ထွက်ပြေးလွတ်မြောက်ခြင်းမပြုနိုင်စေရန် သစ်သားတံခါးကို လက်ဖြင့်တွန်းထားလိုက်သည်။
ယင်းအချိန်တွင် ထုံရွှယ်လူက လမ်းကြားထဲမှ ပြေးထွက်သွားပြီး မီးငြှိမ်းသတ်ရန် အကူအညီတောင်းတော့သည်။
" ကူညီကြပါဦး အရပ်ကတို့ရေ .. အိမ်တစ်အိမ် မီးလောင်နေပါတယ် ... "
ဆောင်းရာသီဖြစ်၍ ရာသီဥတုခြောက်သွေ့သောကြောင့် အိမ်တစ်အိမ် မီးလောင်သည်နှင့် မီးကူးစက်မှုက မြန်ဆန်မည်ဖြစ်သည်။
မီးလောင်နေကြောင်း ကြားသိရသောအခါတွင် အရပ်ထဲမှလူများက ကူညီ၍မီးငြှိမ်းသတ်ပေးရန် ရေပုံးကိုယ်စီဖြင့် ပြေးထွက်လာကြတော့၏။
ထုံရွှယ်လူသည် လူအုပ်ကြီးကို ဦးစီးဦးဆောင်ပြုပြီး သွမ်ဝမ်ဖူ၏အိမ်ရှေ့တည့်တည့်သို့ အတိအကျပြေးသွားခဲ့သည်။
ထိုအခါ ခြံထဲ၌ အမှန်တကယ်မီးလောင်နေကြောင်း လူအုပ်ကြီးက မြင်တွေ့သွားကြသည်။အိမ်ကိုမကူးစက်သေးသော်လည်း မကြာခင်မှာပင် မီးစွဲသွားနိုင်ခြေရှိသည်။
လူအုပ်ကြီးက အိမ်တံခါးကိုခေါက်လုဆဲဆဲမှာပင် ထုံရွှယ်လူက တားမြစ်လိုက်လေ၏။
" စိတ်တော့မရှိပါနဲ့ ... အထဲမှာ တစ်ခုခုဖြစ်နေတယ်ထင်တယ် ... ကျွန်မစောစောက အကြာကြီးအော်ခေါ်နေခဲ့ပေမဲ့ အကြောင်းမပြန်ဘူး ... နံရံကိုကျော်တက်ပြီး အထဲက လူတွေကိုကယ်ဖို့ တံခါးဖျက်မှ ရမယ်ထင်တယ် "
ထုံရွှယ်လူ၏စကားကို မည်သူမှ သံသယမ၀င်ခဲ့ပေ။သူမသည် မီးလောင်နေကြောင်းကို ပထမဦးဆုံးသတိပြုမိသူဖြစ်ပြီး ရပ်ရွာသို့လှည့်ပတ်၍အကူအညီမတောင်းမီ အိမ်ရှင်များကို ဦးစွာခေါ်ခဲ့လိမ့်မည်။
ထို့ကြောင့်ပင် လူအုပ်ကြီးက တံခါးမခေါက်တော့ဘဲ နံရံကိုကျော်ကာ အတွင်းဘက်မှနေ၍ ခြံတံခါးအား ဖွင့်လိုက်ကြသည်။ယင်းနောက်တွင် အားလုံးက ခြံထဲသို့ ပြေးဝင်ပြီး မီးအား အမြန်ငြိမ်းသတ်လိုက်ကြလေ၏။ထိုအချိန်တွင် သန်မာသောအမျိုးသားနှစ်ဦးက အိမ်တံခါးကို သွားခေါက်ခဲ့သည်။
ဒေါက် ... ဒေါက်
အိမ်ထဲ၌ ပူလောင် လောင်မြိုက်နေကြသူနှစ်ဦးစလုံး လန့်ဖျပ်ကုန်ကြသည်။
" ဘာတွေဖြစ်နေတာလဲ " မာမိန်က ဖျော့တော့စွာမေးလိုက်၏။
သွမ်ဝမ်ဖူသည်လည်း ရုတ်ချည်းပင် စိုးရိမ်စိတ်များဝင်လာတော့သည်။
" ဘယ်လိုလုပ်သိမှာလဲ ... "
ထိုအခါ မာမိန်က သူ့အား လက်ဖြင့်တွန်းလိုက်ပြီး " သွား ... မြန်မြန်သွားကြည့်ချေ ... " ဟု ဆိုလာခဲ့လေသည်။ထိုအချိန်မှာပင် နောက်ထပ်ကျယ်လောင်သည့် အသံကြီးတစ်ခုထွက်လာတော့သည်။
' ဘန်း ..... '
ခိုင်ခံ့ခြင်းမရှိသောသစ်သားတံခါးအား အပြင်မှ တွန်းဖွင့်လိုက်ရာမှ ထွက်ပေါ်လာသောအသံပင်။
လူအုပ်ကြီးက ထိုနေရာသို့ အပြေးအလွှားဝင်ရောက်လာခဲ့ကြပြီး သူတို့သည် အိပ်ရာထဲတွင် သတိလစ်မေ့မျောနေသူများကို တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။သို့ရာတွင်မူ လွန်စွာပင် သတိရှိနေသူနှစ်ဦးက အဝတ်မဲ့စွာဖြင့် အပေါ်အောက်ပူးကပ်လျက်ရှိနေသည်ကိုသာ တွေ့လိုက်ကြရ၏။
အားလုံး အံ့အားသင့်သွားကြသည်။
ယင်းအချိန်တွင် မာမိန်က ကျယ်လောင်စွာ အော်ဟစ်ပြီး စောင်ကို ဆွဲတင်လိုက်လေ၏။ထိုအခါ အောက်ဘက်တွင်ရှိနေခဲ့သောသွမ်ဝမ်ဖူ၏အဝတ်ဗလာခန္ဓာကိုယ်က လူမြင်ကွင်းသို့ပေါ်ပေါက်လာသည်။ထို့ကြောင့်ပင် သွမ်ဝမ်ဖူသည်လည်း အလားတူပင် စောင်ကို အမြန်ဆွဲတင်ခဲ့လေ၏။
ထိုအချိန်တွင် လူအုပ်နှင့် ရောယှက်လျက်ရှိနေသော ထုံရွှယ်လူက အသံဖျက်၍ " ဘုရားရေ ... ရဲဘော်သွမ်ရဲ့ ဇနီးက ကျေးလက်ဘက်မှာ တာဝန်ကျနေတယ်လို့ ထင်နေတာ ... အဲဒီမိန်းမက ဘယ်သူတုန်း ... သူတို့က ဖောက်ပြန်နေကြတာမဟုတ်ဘူးလား ... " ဟု ပြောကြားလိုက်သည်။
ထိုအခါမှ အခြားသူများလည်း အသိစိတ်ပြန်ဝင်လာတော့သည်။
" ဟုတ်သားပဲ ... သူ့မိန်းမက ကျေးလက်မှာ တာဝန်ကျပြီး နှစ်သစ်ကူးကာလတွေမှာပဲ ပြန်လာတာကို ငါမှတ်မိတယ် ... အဲဒီမိန်းမက သူ့မိန်းမမဟုတ်ဘူး ... "
" တံခါးမဖွင့်တာ အံ့သြစရာမရှိပါဘူး ... ဒီလိုမျိုးပြောဝံ့စရာမရှိတဲ့ဟာမျိုးကိုလုပ်နေကြတာကို ... "
" အကုန်မြန်မြန်လက်စသတ်ရအောင် ... သူတို့ကို ကြိုးတုပ်ပြီး ရဲစခန်းကို ခေါ်သွားကြဟေ့ ... "
အိမ်ထောင်ရေးဖောက်ပြန်ခြင်းသည် ၎င်းတို့၏လက်ရှိလူ့အဖွဲ့အစည်းတွင် ကြီးလေးသောရာဇ၀တ်မှုတစ်ခုဖြစ်သည်။နာမည်ဂုဏ်သတင်းပျက်ပြားရုံသာမကဘဲ ထောင်ဒဏ်ပါ ကျသင့်လာနိုင်ပေ၏။
စောင်အောက်မှ မာမိန်သည် ကြောက်ရွံ့တုန်လှုပ်နေပြီး သူမ၏တုန်ရီနေသောလက်များဖြင့် သွမ်ဝမ်ဖူ့အား ဆွဲဆိတ်လိုက်တော့သည်။
" အား .... "
သွမ်ဝမ်ဖူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် ဖြူဖျော့နေသောမျက်နှာဖြင့် သနားကမားပြောလာလေသည်။
" အကုန်လုံး နားလည်မှုလွဲနေကြတာပါဗျာ ... စောင်အောက်ကသူက ကျွန်တော့်မိန်းမပါ ... "
" မယုံဘူး ... သူ့မျက်နှာကို ကြည့်ရအောင်ဟေ့ ... "
ထုံရွှယ်လူက အသံတုဖြင့် ဝင်ပြောလိုက်လေ၏။
ရွေးချယ်စရာမရှိရှာသောသွမ်ဝမ်ဖူသည် မာမိန့်အား လက်ဖြင့်လှမ်းတို့ကာ "မိန်းမ ... သူတို့ကို ပြလိုက်လေ" ဟု ပြောရှာသည်။
သွမ်ဝမ်ဖူမှာ သူနေထိုင်သောနေရာက ဝေးလံခေါင်သီလျက် လူသူကင်းမဲ့ရန်ကိုသာမျှော်လင့်ခဲ့ပြီး ယခင်အချိန်များတွင်လည်း အိမ်နီးချင်းများနှင့် ရောရောယှက်ယှက်မနေခဲ့ပေ။သူ၏ဇနီးမှာလည်း တစ်နှစ်တွင် တစ်ကြိမ်သာအိမ်ပြန်လာသည်ဖြစ်ရာ အရပ်ထဲမှသူများက ဇနီးဖြစ်သူ၏မျက်နှာအား မှတ်မိကြမည်မဟုတ်ဟု မျှော်လင့်ခဲ့သည်။
မာမိန်သည်လည်း အလားတူပင်တွေးတောပြီး စောင်ကိုဖြည်းညင်းစွာဖယ်ကာ ဖြူဖပ်ဖြူလျော်ဖြစ်နေသော သူမ၏မျက်နှာကိုပြသလိုက်လေ၏။
အမှန်တကယ်ပင် သွမ်ဝမ်ဖူ၏ဇနီးအား လူအများက မမှတ်မိကြပေ။လူအနည်းစုမှာ သွမ်ဝမ်ဖူ၏ဇနီးအား မြင်ဖူးကြသော်လည်း ယခုအချိန်တွင် မေမိန်က မျက်နှာတစ်ခြမ်းကိုသာပြသောကြောင့် သွမ်ဝမ်ဖူ၏ဇနီးသည်အစစ်ဟုတ်မဟုတ် ဝေခွဲရခက်နေကြသည်။
ထိုအချိန်တွင် ထုံရွှယ်လူမှာ လက်ဖက်စိမ်းမတစ်ဉီး၏အရည်အချင်းများအား ထုတ်သုံးလိုက်တော့၏။
" ငါ သူ့ကိုသိတယ်ဟေ့ ... သူက သွမ်ဝမ်ဖူ့ရဲ့မိန်းမမဟုတ်ဘူး ... နန်မြို့တော်မူလတန်းကျောင်းက ဆရာမပဲ ... နာမည်က မာမိန်တဲ့ ... "
" ဆရာမမာမိန်က ဖောက်ပြန်နေတယ်ပေါ့ ... မြန်မြန် ရဲခေါ်ကြစမ်း ... "
မာမိန်၏ခင်ပွန်းသည်မှာ သူ၏ဇနီးဖြစ်သူ မတော်တဆမှုဖြစ်နေသည်ကို ကြားသိရသဖြင့် အရေးပေါ်ခွင့်ယူကာ မြို့တော်သို့ အလျင်စလိုပြန်သွားခဲ့သည်။
ရေအရင်းအမြစ်ဗျူရိုမှ မြို့တော်ဆီသို့ ကားဖြင့် ၂ နာရီကြာမြင့်ပြီး လက်အောက်ငယ်သားအပေါ်တွေးတောပေးတတ်သောသူ၏အထက်လူကြီးက ဌာနမှ ဒရိုင်ဘာတစ်ဦးထည့်ပေးခဲ့ပြီး အမြန်ထွက်ခွာစေခဲ့လေ၏။
ကားရပ်ပြီးနောက်တွင် မာမိန်၏ခင်ပွန်းနှင့် ယာဉ်မောင်းတို့မှာ မတော်တဆမှုဖြစ်သည့်အိမ်သို့ ပြေးလာကြရာ ယင်းအိမ်ရှေ့တွင် လူများစုပြုံနေသည်ကို တွေ့လိုက်ကြရတော့သည်။
လူအုပ်ကြီးကို မြင်သောအခါတွင် မာမိန်၏ခင်ပွန်းမှာ မတော်တဆမှု အမှန်တကယ်ဖြစ်သည်ဟုထင်မှတ်သွားခဲ့ပြီး လူများကြားသို့တိုးဝှေ့သွားခဲ့လေ၏။
" နန်မြို့တော်မူလတန်းကျောင်းက ဆရာမမာမိန်က ဖောက်ပြန်နေတယ်ဟေ့ ... "
အိမ်ဝင်းထဲသို့ရောက်သွားသောအခါ တစ်စုံတစ်ယောက်အော်ပြောနေသံကို သူကြားရလိုက်တော့သည်။
ဝမ်ပေါင်ကော၏ခေါင်းထဲ၌ ကျယ်လောင်သောအသံကြီးဖြင့် ဗလောင်ဆူသွားလေသည်။
အခြားသူများမှာလည်း ခပ်သွက်သွက်လုပ်ဆောင်နေကြပြီး အချို့မှာမူ ရဲစခန်းဆီသို့ပင် ဦးတည်နေကြပြီဖြစ်သည်။
များမကြာမီပင် ရဲများရောက်ရှိလာပြီး မာမိန်နှင့်သွမ်ဝမ်ဖူတို့အား ဖမ်းဆီးလိုက်ကြတော့သည်။
မာမိန်သည် အိမ်ထဲမှ ထွက်လာချိန်တွင် သူမအား နာကျည်းစွာစူးစိုက်ကြည့်နေသည့် ခင်ပွန်းဖြစ်သူအား တွေ့သွားလေ၏။
ဝမ်ပေါင်ကောက သူမထံသို့ ပြေးလာပြီး အကြိမ်ပေါင်းများစွာ ပါးရိုက်လျက် " မကောင်းတဲ့မိန်းမ ... ငါဆိုတဲ့ဝမ်ပေါင်ကောက မင်းအပေါ်ဘာတွေများ မှားခဲ့မိလို့ ဒီလိုမျိုးလုပ်ရက်ရတာလဲ ... ငါမင်းကိုသတ်ပစ်မယ် ... " ဟု ပြောလာခဲ့သည်။
မာမိန့်ခမျာ ပါးပြင်များပူလောင်လာခဲ့သော်လည်း ယခုအချိန်မှာ နာကျင်မှုကို ဂရုထားနေရမည့်အချိန်မဟုတ်ပေ။
" ယောက်ျား ... ကျွန်မ ချောက်ချခံရတာပါ ... ကျွန်မ အမှားမလုပ်ခဲ့ပါဘူး ... "
ထိုအခါ ဝမ်ပေါင်ကောက မာမိန့်အား ပါးရိုက်လိုက်ပြန်သည်။
" အခုလိုအချိန်မှာတောင် လိမ်ဖို့ကြိုးစားနေတုန်းလား ဟမ် .... "
မာမိန်၏မျက်နှာမှာ ဘေးဘက်သို့လည်ထွက်သွားပြီး ထိုအချိန်တွင် လူအုပ်ကြားထဲ၌ ရပ်နေသောထုံရွှယ်လူ့အား သူမ လှမ်းတွေ့သွားတော့သည်။
မီးခိုးရောင်လူအုပ်များကြားတွင် ထုံရွှယ်လူသည် ကြိုးကြာဖြူတစ်ကောင်ကဲ့သို့ဖြူဖွေးနေ၏။အရပ်ရှည်ရှည် တန်းတန်းမတ်မတ်ရပ်နေသောသူမ၏ပုံစံမှာ အလွန်ဆွဲဆောင်မှုရှိသည်။
မာမိန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။