🍵Chapter 87
ထုံရွှယ်လူက ထုံကျားမင်နှင့် ထုံကျားရှင်းတို့၏အကူအညီကို လိုအပ်လိမ့်မည် ~
ဖူကျန့်ယိသည် ပညာရေးဌာန၌ အလုပ်လုပ်သော သူ၏ယောက်ဖထံမှတဆင့် ထုံမိသားစုတွင်ဖြစ်ပျက်ခဲ့သည်များကို ကြားသိခဲ့ရသည်။
ထိုအရာကို သိရှိပြီးနောက်တွင် ထုံရွယ်လူ့အား အစိုးရပိုင်စားသောက်ဆိုင်တွင် သွားရှာရန် နေ့တစ်ဝက်ခွင့်ယူခဲ့သော်လည်း သူမက ရက်အနည်းငယ်အနားယူနေလိမ့်မည်ဟု ဖူကျန့်ယိ မမျှော်လင့်ထားခဲ့ပေ။
ထုံရွှယ်လူ၏လုပ်ဖော်ကိုင်ဖက်များဆီမှ ထုံရွှယ်လူ နေထိုင်သောနေရာကို သိခဲ့ရပြီးထိုနေရာသို့ရောက်သောအခါ သူမက အပြင်ထွက်သွားကြောင်း သိရှိခဲ့ရပြန်သည်။
ဖူကျန့်ယိသည် ထုံရွှယ်လူပြန်မလာမီ နေ့တစ်ဝက်ကြာအောင် အပြင်တွင်စောင့်ခဲ့သည်။
သူမက တစ်နေကုန်နီးပါး ထွက်သွားခဲ့သော်လည်း ခြင်ကိုက်ရာများအပြည့်ဖြင့် သာ အိမ်ပြန်လာခဲ့လေသည်။
သူမသည် ထုံကျန်းကျန်းအား ထောင်ထဲအရောက်ပို့ပေးခဲ့ပြီး ဟဲမျိုးရိုးသားအမိထောင်နန်းစံရခြင်း၏ သက်သေတစ်ဦးဖြစ်ကြောင်းကိုပါ သတိရသွားချိန်တွင်မူ သူမ တစ်ခုခုလုပ်ရန်ကြံနေပြန်သည်ကို ရိပ်စားမိရန် သိပ်မကြာလိုက်ပေ။
" ဘာလို့လဲ ... ရှင်က ကျွန်မကို ကူညီပေးချင်လို့လား "
ထုံရွှယ်လူက မျက်ခုံးပင့်တင့်ကာ မေးသည်။
" ကျွန်တော်က ရဲဘော်ထုံရဲ့ကိစ္စတွေထဲ ဝင်ပါချင်တာမဟုတ်ဘူး ... ဒါပေမဲ့ ရူကွေ့က ရဲဘော်ထုံ့ကို စောင့်ကြည့်ပေးဖို့ တောင်းဆိုခဲ့တယ် ... ကျွန်တော် ရူကွေ့နဲ့ သိခဲ့တာ နှစ်တွေအများကြီးကြာခဲ့ပြီ ... ပြီးတော့ သူမိန်းကလေးတစ်ယောက်ကို အရမ်းဂရုစိုက်တာ ဒါပထမဆုံး အကြိမ်ပဲ ... သူ့ကို ဘယ်လိုလုပ်ပြီး မကူညီဘဲ နေနိုင်မှာလဲ "
မိန်းကလေးအများစုမှာ ထိုသို့သောစကားကိုကြားလျှင် ရှက်သွေးဖြာသွားကြမည်ပင်။
ထုံရွှယ်လူက ပြုံးလျက် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် " ဒီတော့ ရဲဘော်ဝမ်က ကျွန်မကို ကူညီပေးဖို့ ရှင့်ဆီမှာ တောင်းဆိုခဲ့တာပေါ့ ... အခု ရှင့်ကို ယုံနိုင်သွားပါပြီ ... " ဟု ပြောလာခဲ့သည်။
ဖူကျန့်ယိ ".........."
ထို့ကြောင့်ပင် သူမက ကနဦး၌ သူ့အား မည်သည့်အရာကိုမှ အသိမပေးလိုခဲ့ခြင်းဖြစ်ပေမည်။
ထုံရွှယ်လူမှာ သတိကြီးကြီးထားနေခဲ့လေ၏။
" ကျွန်မဖြစ်စေချင်တာက အရမ်းရိုးရှင်းပါတယ် ... ကျွန်မရဲ့မောင်နှစ်ယောက်လုံးကို ကျောင်းပြန်တက်နိုင်စေချင်တယ် ..."
ထုံကျားမင်နှင့် ထုံကျားရှင်းတို့မှာ " ဆရာများအား ပြန်ခံပြောပြီး သင်ကြားမှုခံယူရန်အတွက် ရိုကျိုးခြင်းမရှိ " ဟူသော အကြောင်းပြချက်ဖြင့် ကျောင်းထုတ်ခံခဲ့ကြရသည်။ပညာရေးဌာနညွန်ကြားရေးမှူး၏ မြေးဖြစ်သူကျန်းမင်ကို ကာကွယ်ရန်အတွက် ရန်ပွဲအကြောင်းကိုတော့ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုကြခြင်းမရှိခဲ့ပေ။
ထိုသို့ဖြစ်ခြင်းကြောင့် ကျောင်းပြန်တက်နိုင်မည့်တစ်ခုထဲသော နည်းလမ်းမှာ သင်ကြားမှုခံယူရန်အတွက် ရိုကျိုးခြင်းမရှိသည် မဟုတ်ကြောင်း သက်သေပြရန်သာဖြစ်သည်။
သူတို့မှာ ညံ့ဖျင်းသောကျောင်းသားများ မဟုတ်ကြောင်း သက်သေပြရန်အကောင်းဆုံးနည်းလမ်းမှာ သူတို့၏ဆရာမက အကျင့်ပျက်သူဖြစ်ကြောင်း ထုတ်ဖော်ရန်ပင်။
မာမိန်၏နာမည်ဂုဏ်သတင်းပျက်ပြားနေသရွေ့ ထိုအချက်ကိုအသုံးချပြီး ထုံကျားမင်နှင့် ထုံကျားရှင်းတို့အား ကျောင်းပြန်တက်ရစေနိုင်မည်ဖြစ်သည်။
ဖူကျန့်ယိက ခဏတာငြိမ်သက်သွားပြီးနောက် "ဒါဆို ရဲဘော်ထုံက အဲဒီဆရာမမာကို ပစ်မှတ်ထားနေတာလား" ဟု မေးမြန်းလာခဲ့သည်။
" ပစ်မှတ်ထားတာမဟုတ်ပါဘူး ... မှန်တာကိုလုပ်ရုံပါ ... သူ့လိုလူမျိုးက ဆရာမ မဖြစ်သင့်ဘူး ... "
" တွေးထားတာရှိလား ... ကျွန်တာ်ကူညီနိုင်ကောင်း ကူညီနိုင်မှာပါ ... "
ထုံရွှယ်လူက အနည်းငယ်စဉ်းစားလိုက်ပြီးနောက် " ရှင်ဝင်ပါသင့်တယ်လို့ ကျွန်မ မထင်ဘူး ... ရှင့်အပေါ် ဆိုးဆိုးရွားရွားထိခိုက်လာနိုင်လောက်တယ် ... "
ဟု ပြောကြားလိုက်သည်။
ဖူကျန့်ယိသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်သာဖြစ်ပြီး နိုင်ငံသားများကြားမှ ကိစ္စရပ်များအား လိုက်လံဖြန်ဖြေဂရုစိုက်ပေးနေရမည့် ရဲအရှာရှိလည်းမဟုတ်ပေ။သူဝင်ပါလာပါက ကိစ္စများအားလုံး ဖရိုဖရဲဖြစ်ကုန်လိမ့်မည်။
ထို့ပြင် သူမတို့နှစ်ဦးစလုံးမှာ လူလွတ်များဖြစ်ပြီး အမျိုးတော်စပ်သည်မျိုးလည်း မရှိချေ။စကားများသို့လောသို့လောထွက်လာပါက အမျိုးမျိုးထင်ကြေးပေးခြင်းခံလာရနိုင်သည်။
ထုံရွှယ်လူသည် မာမိန်အား အဂတိလိုက်စားမှုဖြင့် တိုင်ကြားချင်သော်လည်း ထိုအကြံကို လက်လွှတ်လိုက်ရသည်။ယင်းမှာ လွယ်ကူသောနည်းလမ်းမဟုတ်ပေ။
မာမိန်အား လက်ပူးလက်ကြပ်မိစေရန် ရဲတစ်ဦးလိုအပ်သည်။
ထိုသို့ဖြင့် ဖူကျန့်ယိအား ဆွဲထည့်ပြီး ဖြေရှင်းနိုင်လိုက်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ရဲများမရှိပါက ကိစ္စရပ်တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားနိုင်သည်။
" ရဲဘော်ထုံကိုယ်တိုင် ဖြေရှင်းနိုင်ရဲ့လား ... "
ဖူကျန့်ယိက မေးမြန်းလာခဲ့၏။
ထိုအခါ ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။
" ကျွန်မ စဉ်းစားထားတာ ရှိပါတယ် ... ဒါနဲ့ တောင်းဆိုစရာလေးတစ်ခုရှိတယ် ... "
" ဘာများလဲ ... "
" မာမိန့်ခင်ပွန်းရဲ့အလုပ်နေရာနဲ့ အချက်အလက်တွေ စုံစမ်းပေးနိုင်မလား ... "
ထုံရွှယ်လူ၏စိတ်ထဲတွင် မည်သည့်အရာများရှိနေသည်ကို ဖူကျန့်ယိ အတိအကျ မသိသော်လည်း ယင်းအချက်အလက်များအား ရှာဖွေရန်မှာ သူ့အတွက် မခက်ခဲလှပေ။
ဖူကျန့်ယိက ခေါင်းညိတ်လိုက်ပြီး " ပြဿနာမရှိပါဘူး ... တတ်နိုင်သမျှ အမြန်ဆုံးစုံစမ်းပေးပါ့မယ် ... ဒါပေမဲ့ဥပဒေနဲ့မကင်းလွတ်တာမျိုးမလုပ်ပါဘူးလို ကတိပေးပါ ... " ဟု ပြောဆိုလိုက်လေ၏။
"စိတ်မပူပါနဲ့ ရဲဘော်ဖူ ... ကျွန်မက တရားဥပဒေကို လိုက်နာတဲ့နိုင်ငံသားပါ ... ဥပဒေနဲ့မညီတာကို ဘယ်တော့မှ မလုပ်ဘူး ... "
မှန်ပေသည်။သူမက လက်ဖက်စိမ်းမတစ်ဦးဖြစ်သည်။
သို့သော်ငြား လက်ဖက်စိမ်းများထဲတွင်လည်း ကောင်းသောလက်ဖက်စိမ်းမနှင့် ဆိုးရွားသောလက်ဖက်စိမ်းမဟူ၍ အစားစားကွဲပြားသေး၏။သူမသည် တရားဥပဒေကို ဘယ်သောအခါမှ ချိုးဖောက်မည်မဟုတ်သကဲ့သို့ ဆက်ဆံရေးတစ်ခုတွင်လည်း တတိယလူအဖြစ်ခံမည်မဟုတ်ချေ။
ဘဝကြီးမှာ အဆင်ပြေချောမွေ့လွန်းခဲ့သည်။အဘယ်သို့သောအကြောင်းရင်းကြောင့် ထိုသို့သောအရာများအား ကျူးလွန်ရလေမည်နည်း။
ဖူကျန့်ယိက အဖြေကိုကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ယင်းနောက်တွင် သူ၏ဝမ်းဗိုက်ထဲ၌ ရုတ်တရက်ဆူညံလာတော့၏။
ဖူကျန့်ယိက ထုံရွှယ်လူ့အား ပြုံးပြလျက် " ရဲဘော်ထုံ ... ရူကွေ့ကပြောတယ် ... မင်းရဲ့ဟင်းချက်စွမ်းရည်က အံ့မခန်းဆိုပဲ ... ရဲဘော်ထုံပြန်လာတဲ့အထိ အကြာကြီးစောင့်ခဲ့ရတာ ... ကျွန်တော် ညစာတောင်မစားရသေးဘူး ..." ဟု ဆိုလာခဲ့သည်။
မြင်းတစ်ကောင်အား ကိုယ်ပိုင်အကျိုးအတွက် အသုံးပြုချင်လျှင် အနည်းဆုံးတော့ အစာကျွေးရဦးမည်ဖြစ်သည်။ဖူကျန့်ယိထုတ်မပြောလာလျှင်ပင် ထုံရွှယ်လူ့ထံ၌ ဧည့်ခံကျွေးမွေးရန်စိတ်ကူးရှိနှင့်ပြီးသားဖြစ်လေ၏။
သူမက နေရာမှ ထရပ်လိုက်ပြီး " ရဲဘော်ဖူက ဘာကြိုက်တတ်လဲ ... မစားနိုင်တာမျိုးရောရှိလား " ဟု မေးမြန်းလိုက်သည်။
ထိုအခါ ဖူကျန့်ယိက ပြုံးဖြီးလျက် " အကုန်စားပါတယ် ... မစားနိုင်တာဘာမှမရှိဘူး ... " ဟု ဖြေဆိုလိုက်လေ၏။
ဤမျှလောက်အထိ လူကောင်ထွားနေသည်မှာ အံ့ဩစရာမရှိပေ။ဖူကျန့်ယိသည် အစားမရွေးသူဖြစ်သည်။
ထုံရွှယ်လူက မီးဖိုခန်းဆီသို့ လျှောက်သွားရင်း တစ်ကိုယ်တည်း တွေးတောလိုက်လေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထုံကျားမင်နှင့် ထုံကျားရှင်းတို့သည် အိမ်တွင်သာ စာလေ့လာခဲ့ကြပြီး ထို့အပြင် ထုံရွှယ်လူက သူတို့အား မျိုးစေ့ပင်စိုက်နည်းနှင့် ပဲပင်ပေါက်အညှောက်ဖောက်နည်းတို့ကိုလည်း သင်ကြားပေးခဲ့သည်။ထို့ကြောင့်ပင် လောလောလတ်လတ်တွင် မီးဖိုချောင်တွင်း၌ အလွန်ကောင်းမွန်သော ပဲပင်ပေါက်များရှိနေသည်။
ဝေ့မိသားစုက ပေးခဲ့သည့်ခေါက်ဆွဲခြောက်အချို့ ဖြင့် ထုံရွှယ်လူမှာ ဂေါ်ဖီထုပ်ကြက်ဥခေါက်ဆွဲနှစ်ပန်းကန်ကိုပြင်ဆင်လိုက်ပြီး အပေါ်မှ ပဲပင်ပေါက်ကိုပါ ဖြူးထားလိုက်သည်။
ခေါက်ဆွဲခြောက်ကို ပြုတ်လိုက်ရုံသာဖြစ်သောကြောင့် အားလုံးချက်ပြုတ်ပြီးဆုံးရန် အချိန်သိပ်မကြာလိုက်ပေ။စုစုပေါင်း မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့သည်။
အမှန်တကယ်တွင် ဝမ်ရူကွေ့သည် ထုံရွှယ်လူ၏ဟင်းချက်စွမ်းရည်အကြောင်းကို ဖူကျန့်ယိအား တစ်ကြိမ်တစ်ခါမှ ပြောမပြခဲ့ဖူးချေ။နောက်ဆုံးတစ်ခေါက်တွင် ဝမ်ရူကွေ့မှာ သူ့အား ကိတ်မုန့်တစ်ဖဲ့ပင် မသဒ္ဓါခဲ့သောကြောင့် ဖူကျန့်ယိ့ခမျာ စိတ်အနှောက်အယှက်ဖြစ်နေရခြင်းဖြစ်သည်။
ဂေါ်ဖီထုပ်ကြက်ဥခေါက်ဆွဲအား ပဲပင်ပေါက်ဖြင့်ရောမွှေစားသုံးလိုက်ရသည့်အရာထက် ဖူကျန့်ယိအား စိတ်ကျေနပ်စေသောအရာမရှိတော့ချေ။
ဝမ်ရူကွေ့ ပြန်လာသည့်အခါတွင် ထုံရွှယ်လူချက်ကျွေးသည့်ခေါက်ဆွဲကို စားခဲ့ရကြောင်း ဝမ်းပန်းတသာကြွားလုံးထုတ်ပြလိုက်ဦးမည်။
ကိတ်မုန့်တစ်ဖဲ့ပင် မကျွေးသလော။လုံးဝ ပြဿနာမရှိချေ။
***
နှစ်ရက်အကြာတွင် ထုံရွှယ်လူသည် သတင်းအချက်အလက်များ ထွက်ရှာခဲ့လေ၏။သုံးရက်မြောက်နေ့၌ မာမိန်၏အရေးကိစ္စတစ်စိတ်တစ်ပိုင်းကို သိရှိလာရသည်။
လွန်ခဲ့သည့်နှစ်ရက်က ထုံရွှယ်လူ လာရောက်ချောင်းမြောင်းခဲ့ချိန်တွင် မာမိန်တို့နှစ်ဦးသား၏ဆုံရပ်အနီးအနားရှိအိမ်များမှာ တံခါးများပိတ်ထားခဲ့ကြသည်။သို့သော်လည်း ယနေ့တွင်မူ အိမ်တစ်အိမ်၏ တံခါးများက ပွင့်လျက်ရှိနေပေ၏။
လင်ငယ်ဖြစ်သူ၏ဘေးအိမ်၌ အသက်ခြောက်ဆယ်အရွယ် အဘွားကြီးတစ်ယောက်နေထိုင်သည်။ယခုတွင်မူ ထိုယောက်ျား၏သမီးငယ်က ယင်းအဘွားကြီး၏ခြံဝန်းထဲတွင် ဆော့ကစားနေလျက်ရှိသည်။
ထုံရွှယ်လူသည် အဘွားကြီးနှင့် ရင်းနှီးမှူရယူရန်အတွက်အိမ်ဝယ်ရန်စုံစမ်းနေကြောင်း အကြောင်းပြကာ အချက်အလက်တချို့ကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။
လင်ငယ်ယောက်ျား၏အမည်မှာ သွမ်ဝမ်ဖူဖြစ်ပြီး သတ္တုစက်ရုံတွင် အလုပ်လုပ်သည်။သူ့ထံတွင် ဇနီးမယားနှင့် သမီးတစ်ယောက်ရှိပြီး ပညာတတ်တစ်ဦးဖြစ်သောဇနီးဖြစ်သူမှာတော့ ကျေးလက်ဒေသတွင် တာဝန်ကျလျက်ရှိပေ၏။သွမ်ဝမ်ဖူမှာ မြို့တော်၌ သူ၏သမီးငယ်နှင့်အတူ နေထိုင်ပြီး နေ့ခင်းပိုင်းများတွင် ဘေးအိမ်မှ အဘွားကြီးက ထိုကလေးမလေးအား ကြည့်ရှုစောင့်ရှောက်ပေးထားရသည်။
အဘွားကြီးထံတွင် သားသမီးမရှိသော်လည်း စနေနေ့နေ့ခင်းပိုင်းများ၌ ကျေးလက်ဒေသတွင်နေထိုင်သောတူဖြစ်သူဆီသို့ အလည်အပတ်သွားကာ တနင်္ဂနွေနေ့ညအချိန်မှ အိမ်ပြန်ရောက်လာတတ်သည်။
ယင်းအချက်က ထုံရွှယ်လူ့အား အနည်းငယ် အတွေးပေါက်သွားစေလေ၏။သူမ ထင်မြင်သည်သာ မှန်ကန်လျှင် မာမိန်နှင့်သွမ်ဝမ်ဖူတို့မှာ စနေ့နေ့ည၌ တိတ်တိတ်ပုန်းခိုးတွေ့ကြလေ့ရှိသည်။ထိုအချိန်တွင် ဘေးအိမ်မှ အဘွားကြီးလည်း နေအိမ်၌ မရှိပေ။အခြားအိမ်များမှာလည်း လူမနေကြသည်ဖြစ်ရာ သူတို့နှစ်ဉီးအား လူမိသွားစရာအကြောင်းမရှိချေ။
ထုံရွှယ်လူသည် ယင်းသတင်းအချက်အလက်ကို ရရှိပြီးနောက် ခပ်သုတ်သုတ်ထွက်ခွာသွားခဲ့သည်။
ထို့နောက်တွင် သူမသည် ဖူကျန့်ယိ့ထံမှ ပိုမိုသိရှိလာခဲ့ရပြန်လေ၏။
မာမိန်၏ခင်ပွန်းသည်မှာ ရေအရင်းအမြစ်ဗျူရိုမှ ရေတွင်းတူးအဖွဲ့တွင် အလုပ်လုပ်ပြီး ပုံမှန်အားဖြင့် ည ၈ နာရီ ၉ နာရီအထိ နာရီပေါင်းများစွာ အလုပ်လုပ်ရလေ့ရှိသည်။ရေအရင်းအမြစ်ဌာနရုံးမှာလည်း မြို့ထဲတွင် တည်ရှိခြင်းမဟုတ်သည့်အတွက် သူသည် တစ်လလျှင် တစ်ကြိမ်သာ အိမ်ပြန်လာနိုင်သည်ဟု ကြားသိရလေ၏။
မာမိန်၏ယောက္ခမနှင့် ယောက္ခထီးတို့မှာလည်း သူတို့လင်မယားနှင့်အတူမနေထိုင်ကြသည့်အတွက် စနေနေ့ညနှောင်းပိုင်းတွင် အိမ်ပြန်လာသည့်မာမိန့်အား မည်သူမှ မေးခွန်းထုတ်မည်မဟုတ်ပေ။
ထုံရွှယ်လူသည် တစ်ကိုယ်တည်းတွေးတောလိုက်ပြီး လာမည့်စနေနေ့၌ စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူမဘာသာသူမ အရာအားလုံးကိုလုပ်ဆောင်နိုင်မည်မဟုတ်သည့်အတွက် ထုံကျားမင်နှင့်ထုံကျားရှင်းတို့၏အကူအညီကိုလည်း လိုအပ်သေးလေသည်။
🍵🍵🍵🍵
ထောက်ပို့ဌာနဝင်းထဲ၌ဖြစ်သည်။
နောက်ဆုံးတွင် အခြားသောထုံမိသားစုက ထုံရွှယ်လူတို့ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံအား သိရှိသွားကြတော့လေ၏။
အစ်ကိုကြီးထုံက သူ၏ဇနီးဖြစ်သူအား " ညီမလေး ဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ဘူး ... အချိန်အားအောင်လုပ်ပြီး သွားလည်ကြရအောင် " ဟု ပြောကြားလိုက်သည်။
ချန်ယွဲ့လင်လည်း ထောက်ခံတော့လုဆဲဆဲမှာပင် အမေထုံက စကားဖြတ်ပြောလာခဲ့လေ၏။
" ဘာကိစ္စသွားလည်မှာလဲ ... သွားလည်တော့ရော သူ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာမလို့လား ... "
ထိုအခါ အစ်ကိုကြီးထုံက ခေါင်းတစ်ချက်ကုတ်လိုက်ပြီး " ညီမလေးရဲ့ပြဿနာကို ကျွန်တော်ဖြေရှင်းနိုင်သည်ဖြစ်စေ မဖြေရှင်းနိုင်သည်ဖြစ်စေ အခြေအနေသွားကြည့်လိုက်တာက ပိုကောင်းမလားလို့ ... " ဟု ပြောလိုက်သည်။
အမေထုံတစ်ယောက် မျက်နှာပျက်သွားတော့သည်။
" ဘာကိုအခြေအနေကြည့်မှာလဲ ... သူစားသောက်ဆိုင်ကို အလုပ်ပြောင်းလာတဲ့အကြောင်း ငါတို့ကို ပြောပြဖူးလား ... ငါတို့ဆီ လာလည်ဖူးလား ... "
ထိုအချိန်တွင် ချန်ယွဲ့လင်သည် ထုံရွှယ်လူ့ကိုကာကွယ်ပေးရန် ကြိုးစားခဲ့သည်။
" အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့သူတွေက အချိန်မအားလပ်တာများတယ်လို့ ကြားဖူးတယ် ... ရွှယ်လူက သမီးတို့ဆီလာလည်ဖို့ အချိန်မရှိလို့ဖြစ်မှာပါ ... "
" ဘာပဲဖြစ်ဖြစ် မင်းတို့တွေ တစ်ယောက်မှ မသွားရဘူး ... ကျန်းကျန်း ဒုက္ခရောက်နေတုန်းကတောင် ငါတို့သြဇာနဲ့ အလွဲသုံးစားမလုပ်ခဲ့ဘူး ... အခု အပြင်လူတစ်ယောက်အတွက်နဲ့ ရာထူးအာဏာကို အလွဲသုံးစားလုပ်တော့မလို့လား ... "
အမေထုံ၏စကားများသည် အစ်ကိုကြီးထုံနှင့် ချန်ယွဲ့လင်တို့ကို နှုတ်ဆိတ်နေစေခဲ့သည်။