အပိုင်း ၈၆
Viewers 19k

🍵Chapter 86

 သူသည် မိုင်ပေါင်းများစွာအဝေးမှ အနံ့အသက်ကို ရနိုင်သည် ~ 


 

ထုံကျားမင်နှင့်ထုံကျားရှင်းတို့နှစ်ဦးမှာ အချိန်အတော်ကြာ ကျောင်းတက်ရောက်ကြမည်မဟုတ်သောကြောင့် ညီအစ်ကိုနှစ်ဦးကို စိတ်မပျံ့လွင့်စေရန်ရည်ရွယ်၍ ထုံရွှယ်လူက သူတို့အား လယ်ထွန်ခိုင်းပြီး ဟင်းရွက်ပင်မျိုးစေ့များ ကြဲစေခဲ့လေသည်။


ဝေ့မိသားစုက သူမတို့ထံသို့ မျိုးစေ့အများအပြားပေးပို့ခဲ့ပြီး ထိုထဲတွင် ခရမ်းချဉ်မျိုးစေ့ ၊ ဆလတ်ပင်မျိုးစေ့ ၊ ရွှေဖရုံမျိုးစေ့ အစရှိသဖြင့် ပါဝင်လေသည်။


ထုံရွှယ်လူသည် ဥယျာဉ်ခြံကို နှစ်ပိုင်းခွဲထား၏။တစ်ခြမ်းတွင် ကြက်များမွေးမြူထားပြီး ကျန်တစ်ခြမ်း၌ ဟင်းစားပင်များနှင့် ပန်းပင်များစိုက်ပျိုးရန်ဆုံးဖြတ်လိုက်သည်။


ထုံကျားမင်နှင့်ထုံကျားရှင်းတို့  ကျောင်းတက်ရန် မလိုအပ်ကြောင်း သိရှိပြီးနောက် အပျော့်တကာ့အ‌ပျော်ဆုံးသူမှာ ထုံမျန်မျန်ပင်ဖြစ်သည်။သူမသည် နေ့စဉ်နေ့တိုင်း အစ်ကိုကြီးနှစ်ဦး၏အနောက်သို့ ထပ်ကြပ်မကွာ တကောက်ကောက်လိုက်နေတော့လေ၏။


သူမတို့၏နေ့ရက်များက အတော်အတန်ကြာတည်ငြိမ်နေခဲ့ပြီး နောက်ဆုံးတွင် ထုံရွှယ်လူတစ်ယောက် စိတ်အေးနိုင်သွားသည်။ယင်းအချိန်မှစ၍ သူမက စတင်လှုပ်ရှားရန်ဆုံးဖြတ်ခဲ့တော့လေ၏။


ထုံရွှယ်လူသည် မာမိန်၏ပုံမှန်အလုပ်သွားရာလမ်းကြောင်းများတွင် စောင့်ကာ တစ်စုံတစ်ခုသိလိုသိငြား ထောက်လှမ်းနေခဲ့သည်။ကနဦးတွင် မာမိန်သည် လည်ပတ်နေသောနာရီလက်တံသကဲ့သို့ အလုပ်နေရာဖြစ်သောကျောင်းမှလွဲ၍ အခြားနေရာများသို့ လုံးဝသွားရောက်ခြင်းမရှိပေ။

မာမိန်၏နေ့စဉ်ဘဝက လွန်စွာပင် တသမတ်တည်းဖြစ်နေသောကြောင့် ထုံရွှယ်လူ့ခမျာ သူမကသာ တစ်ဖက်သတ် မှားယွင်းသံသယဝင်မိလေပြီလားဟုပင် အတွေးဝင်ခဲ့ရသည်။မည်သို့ပင်ဆိုစေ မြေခွေးတစ်ကောင်သည် ၎င်း၏အမြီးကို မည်မျှကြာအောင် ဖုံးကွယ်ထားနိုင်မည်နည်း။နောက်ဆုံး၌ မာမိန် ချုပ်တည်းမထားနိုင်တော့သောအချိန်ကာလတစ်ခုသို့ရောက်ရှိလာသည်။


ထိုနေ့တွင် မာမိန်သည် ကျောင်းမှအပြန်တွင် အိမ်သို့တန်းတန်းမတ်မတ်မပြန်ခဲ့ပေ။ယင်းအစား သူမသည်  အကြိမ်ပေါင်းများစွာ ချိုးကွေ့လမ်းလွှဲပြီးနောက် လမ်းသွယ်တစ်ခုထဲသို့ လျှောက်လှမ်းသွားခဲ့သည်။


ထုံရွှယ်လူမှာ လူမိသွားမည်ကို စိုးရိမ်သောကြောင့် နီးနီးကပ်ကပ်ကြီး လိုက်မချောင်းနိင်ပေ။ထို့ကြောင့်ပင် မာမိန်အား မျက်ခြည်ပြတ်လုမတတ်ဖြစ်သွားခဲ့သေးသည်။အလားတူလမ်းကြားထဲသို့ တိတ်တဆိတ် နောက်ယောင်ခံလိုက်သွားသောအခါတွင် မာမိန်က အိမ်တစ်အိမ်ထဲသို့ဝင်သွားသည်ကို ထုံရွှယ်လူ တွေ့လိုက်ရသည်။


မာမိန်အိမ်ထဲသို့ဝင်သွားပြီးနောက်တွင် အထဲမှ အမျိုးသားတစ်ဦး၏ခေါင်းပြူထွက်လာပြီး ထိုသူက အပြင်သို့ဝေ့ပတ်ကြည့်ရှုကာ မည်သူတစ်ဦးတစ်‌ယောက်မှမရှိသည်ကို အတည်ပြုပြီးမှ တံခါးကိုပိတ်ကာ အထဲပြန်ဝင်သွားခဲ့သည်။


ထုံရွှယ်လူ့ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်များပင် တဆတ်ဆတ်တုန်နေရှာသည်။

မိုင်ပေါင်းများစွာ အဝေးမှ အနံ့အသက်ကို ခံစားမိလေပြီ။


မာမိန်နှင့် ၎င်းယောက်ျား၏ခိုးကြောင်ခိုးဝှက် အပြုအမူများနှင့် ဤနေရာသို့မရောက်မီ တမင်တကာ လမ်းကြောင်းများစွာ လွှဲသွားသည့်ပုံစံအရ ထိုနှစ်ဦးကြား၌ ဆက်ဆံရေးတစ်ခုရှိနေသည်ဟု မထင်မြင်မိစေရန် ခက်ခဲလွန်းပေသည်။


ဆောင်းဦးရာသီဖြစ်သောကြောင့် နေ့ရက်များက တိုတောင်းလျက် ယခုအခါတွင် မှောင်ရီစပြုနေပြီဖြစ်သည်။သို့သော်လည်း ဤလမ်းကြားအတွင်း၌ ဖြတ်သွားဖြတ်လာများများစားစားမရှိပေ။


ထုံရွှယ်လူသည် အနီးတစ်ဝိုက်အား စူးစမ်းကြည့်ရှုလိုက်ရာ  ဘေးဘီရှိနေအိမ်များ၌ မှောင်မဲနေသည်ကို ဦးစွာ သတိပြုမိသွားသည်။အိမ်ရှင်များ ပြန်ရောက်မလာသေးခြင်းလော ၊ မူလအစကတည်းက နေထိုင်သူများမရှိခြင်းလော ၊ ထုံရွှယ်လူမသိပါချေ။သူမသည် အနီးနားတွင် အချိန်အတော်ကြာအောင် မတ်တပ်ရပ်စောင့်ဆိုင်းနေခဲ့ပြီး ခြင်ကောင်များစွာ၏ပစ်မှတ်သားကောင်ကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့ရသည်။


အလွန့်အလွန့်ပင် ယားယံနေရှာသောထုံရွှယ်လူ့ခမျာ ခြင်ကိုက်ဖုများပေါ်သို့ လက်သည်းဖြင့်ဖိပြီး ကြက်ခြေခတ်အမှတ်အသားများပြုလုပ်နေခဲ့ရလေ၏။


ဆယ်မိနစ်ကျော် စောင့်ဆိုင်းပြီးနောက်တွင်လည်း မာမိန်၏အရိပ်အယောင်ကို မမြင်ရသေးသဖြင့် နောက်ဆုံးတွင် ထုံရွှယ်လူက ယင်းထောင့်နေရာမှ ထွက်သွားခဲ့သည်။ထိုယောက်ျား၏အိမ်ဝန်းနံရံများက အနည်းငယ်မြင့်သော်လည်း ထုံရွှယ်လူ လုံးဝမတက်နိုင်ရလောက်သည်အထိ တော့ မမြင့်မားချေ။

သို့သော်လည်း အမှတ်မထင်လူမိသွားခဲ့ပါက ထွက်ပြေးရန် ခက်ခဲမည်ဖြစ်သောကြောင့် ထုံရွှယ်လူက အိမ်နောက်ဘက်သို့ မသွားမီ အိမ်ရှေ့အား တစ်ချက်လှမ်းကြည့်လိုက်သည်။


ဤသို့ဖြင့် အိမ်နောက်ဖေးမှ တံခါးပေါက်အား ရှာတွေ့သွားခဲ့ချိန်တွင်မူ ထုံရွှယ်လူတစ်ယောက်အပျော်လုံးဆို့သွားတော့လေ၏။၄င်းတံခါးမှာ ရှေးခေတ်သစ်သားတံခါးပုံစံဖြစ်ပြီး ယခုတွင်မူ တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။


ထုံရွှယ်လူက တံခါးနားသို့ တိုးတိုးတိတ်တိတ်လေးချဉ်းကပ်သွားကာ အထဲသို့ နားစွင့်လိုက်လေ၏။ထိုအခါ အတွင်းမှ ညည်းညူသံများနှင့် ကုတင်ယိုင်နဲ့သံများအား ကြားလိုက်ရတော့သည်။


နားတစ်ခုလုံး ညစ်ညမ်းသွားသလိုပါပင်။

ယခင်ဘဝက ဗွီဒီယိုပေါင်းများစွာကြည့်ရှုဖူးသည့်ဆရာကျသူတစ်ဦးအနေဖြင့် အိမ်တွင်း၌ တန်ဖိုးမြင့်ကားတစ်စီးကို စီးနင်းမောင်းနှင်နေကြပြီဖြစ်ကြောင်း ထုံရွှယ်လူ ကောင်းကောင်းကြီးနားလည်သဘောပေါက်သည်။

အခြေအနေအား အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ထုံရွှယ်လူက ဆက်လက်နားထောင်မနေတော့ဘဲ ကနဦးက ပုန်းနေခဲ့သည့် ထောင့်နေရာသို့ပြန်သွားကာ ခြင်အပေါင်းအား စတုဒီသာအလှူပေးနေလိုက်သည်။


နောက်ထပ် ၁၀ မိနစ်မှ မိနစ် ၂၀ ခန့်အကြာတွင် မာမိန်တစ်ယောက် ကိုယ်ထင်ပြလာခဲ့လေ၏။ယနေ့ည၌ လရောင်က အလွန်တောက်ပနေပြီး မာမိန်၏မျက်ဝန်းများက လရောင်လွှမ်းလျက် ရွှန်းစိုနေလေသည်။

လက်ရှိအချိန်တွင် မာမိန်မှာ နွေဦးပေါက်ရေ ပက်ဖျန်းခံထားရသောသစ်သားခြောက်နှင့်ပင် တူနေသေးသည်။


အနီးပတ်ဝန်းကျင်၌ မည်သူမှမရှိသော်ငြားလည်း မာမိန်က ဘေးပတ်ပတ်လည်သို့ စစ်ဆေးကြည့်ရှုနေခဲ့‌လေ၏။

ဤတစ်ကြိမ်၌ မာမိန်နှင့် ဆက်ဆံရေးရှိသော၎င်းယောက်ျားက ကလေးငယ်တစ်ဦးကို ပွေ့ချီပြီး အိမ်အပြင်သို့ ထွက်လာခဲ့သည်။


" သိုင်ယာ ... အန်တီမာ အခုသွားတော့မယ် ...  နောက်တစ်ခေါက်မှ လာလည်မယ်နော် ... "


ထိုအခါ ယင်းကလေးမလေးက ရုတ်တရက်အသိစိတ်ဝင်သွားဟန်ဖြင့် " တာ့တာ ... အန်တီမာ ... " ဟု ထုံထုံထိုင်းထိုင်းနှုတ်ဆက်စကားပြန်လည်ဆိုခဲ့သည်။


" ဟုတ်ပြီ သိုင်ယာလေး ..."


ထို့နောက်တွင် မာမိန်က ၎င်းယောက်ျားအား မျက်လုံးတစ်ဖက်မှိတ်ပြလျက် " ဒါဆို ကျွန်မသွားတော့မယ်နော် အစ်ကိုဖူ ... " ဟု ပြောလိုက်လေ၏။


" အင်းပါ ... ဂရုစိုက်ပြန် ... "


နှုတ်ဆက်စကားဆိုအပြီးတွင် မာမိန်မှာ ပြုံးစိစိမျက်နှာပေးဖြင့် တင်ပါးကိုဘယ်ညာလှုပ်ယမ်းကာ ၎င်းနေရာမှ ထွက်ခွာသွားတော့သည်။

မာမိန် လမ်းကြားတစ်ခုထဲသို့ ချိုးကွေ့သွားသောအခါမှသာ ယင်းယောက်ျားက ကလေးမလေးကိုချီပွေ့လျက် အိမ်ထဲပြန်ဝင်သွားခဲ့လေ၏။


ထုံရွှယ်လူ ထောင့်စွန်းမှထွက်ခွာမလာမီအချိန်အထိ သူမ၏နံဘေးပတ်ပတ်လည်၌ ခြင်ကောင်အုပ်လိုက်ကြီးရှိနေခဲ့သည်။


မာမိန်မှာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားတစ်ဦးနှင့် သမီးတစ်ဉီးရှိကြောင်း သူမ ကြားသိခဲ့ရလေ၏။


ယင်းယောက်ျား၏ရင်ခွင်ထဲ၌လည်း ကလေးတစ်ယောက်ရှိနေပုံအရ သူတို့နှစ်ဦးစလုံးမှာ အိမ်ထောင်သည်များဖြစ်ကြလိမ့်မည်။ဆိုလိုသည်မှာ သူမတို့နှစ်ဦးက သက်ဆိုင်ရာအိမ်ထောင်ဖက်များအား အသီးသီးဖောက်ပြန်နေကြသည်ဟူ၍ပင်။


ယနေ့ခေတ်တွင် အချစ်ရေးအချစ်ရာမှာ လေးနက်သောကိစ္စတစ်ခုဖြစ်ပြီး ဤဖြစ်ရပ်ပေါက်ကြားသွားသည်နှင့် ၎င်းတို့၏ဘဝများ ပျက်စီးသွားမည်ဖြစ်သည်။လွန်ခဲ့သောနှစ်အနည်းငယ်တွင်ပင်လျှင် လူအပေါင်းက လမ်းမများပေါ်သို့ချီတက်ကာ ၎င်းတို့အား ရှုတ်ချပေမည်။


မာမိန့်အရေးအား ဖော်ထုတ်ချင်လျှင် ဆောင်ရွက်ရမည့်ကိစ္စရပ်များရှိသည်။


ဦးစွာ မာမိန်၏ခင်ပွန်းသည် အလုပ်လုပ်သောနေရာကိုစုံစမ်းကာ အထက်ဌာန၏ဖုန်းနံပါတ်အား သိရှိအောင် ဉီးစွာကြံဆောင်ရပေမည်။ထို့နောက်တွင် မာမိန့်ခင်ပွန်းသည်၏အနီးပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ပိုမိုလေ့လာရမည်ဖြစ်သည်။ဤသည်က သူမ၏အနာဂတ်အစီအစဉ်အားထောက်အကူဖြစ်စေလိမ့်မည်။


ထိုယောကျာ်းနှင့် မာမိန်တို့၏ဆက်ဆံရေးကိုရှာဖွေဖော်ထုတ်ခဲ့မိခြင်းမှာ ဥပဒေကြောင်းလမ်းအရ လိုအပ်သည့်ကိစ္စရပ်မဟုတ်သေးချေ။


ထုံရွှယ်လူသည် အိမ်ဆီသို့ လျှောက်လှမ်းလာနေခဲ့ရင်း သူမ၏အစီအစဉ်အကြောင်းကို စဉ်းစားနေခဲ့သည်။အိမ်နားမှ လမ်းကြားထဲသို့ ချိုးကွေ့ပြီးနောက်ပိုင်းတွင် ခပ်ထွားထွား ခန္ဓာကိုယ်တစ်ခုက အရှေ့တွင် ပိတ်ဆို့လျက်ရှိနေသည်ကို မြင်လိုက်ရတော့၏။လမ်းမီးတိုင်မှ မီးရောင်ဖြင့်ပုံဖော်ကြည့်ပုံအရတော့ ထိုသူမှာ ဖူကျန့်ယိပင်ဖြစ်သည်။


သူက ယခုအချိန်ကြီး ဤနေရာ၌ဘာလာလုပ်နေပါသနည်း။


ထုံရွှယ်လူသည် ခြေလှမ်းများကို ရပ်တန့်ပြီး ထိုနေရာတွင် ရပ်နေခဲ့လေ၏။ခြေသံများကြားသောအခါ ဖူကျန့်ယိက  မျှော်ကြည့်လာခဲ့ပြီး ထုံရွှယ်လူ့ကိုမြင်ချိန်တွင် သက်ပြင်းတစ်ချက်ချခဲ့သည်။


 "နောက်ဆုံးတော့ ပြန်လာပြီပဲ ရဲဘော်ထုံ ... "


ထိုစကားကိုကြားသောအခါ ထုံရွှယ်လူတစ်ယောက် ပိုလို့ပင် သိလိုစိတ်ဖြစ်သွားတော့သည်။


" ဘာလို့ကျွန်မကို ရှာနေတာလဲ ရဲဘော်ဖူ ... "


ဖူကျန့်ယိသည် ထိုမေးခွန်းအား မဖြေမီတွင် ထုံရွှယ်လူ့အနီးနားသို့ တိုးကပ်လာခဲ့ပြီး အံ့အားသင့်သွားဟန်ဖြင့် " ရဲဘော်ထုံ့မျက်နှာက ဘယ်လိုဖြစ်ရတာလဲ ... ခြင်ကိုက်ခံထားရတာလား ... " ဟု မေးမြန်းလာခဲ့သည်။


ထုံရွှယ်လူ "……"


ဤလိုကြီး မဖြစ်မနေပြောရမှဖြစ်မည်လော။


ဖူကျန့်ယိက ရယ်မောနေခဲ့ပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်လျက် " တစ်... နှစ် ... သုံး ... လေး ... ငါး ... အမလေး ... မျက်နှာပေါ်မှာ ခြင်ကိုက်ဖု ငါးဖုတောင်ရှိတယ် ... မျက်လုံးတွေလည်းရောင်နေတာ ... ရယ်ချင်စရာကြီး ... " ဟု လှောင်ပြောင်သရော်လာပြန်လေ၏။



 “……”


ဖူကျန့်ယိ ဟာသလုပ်နေသည်များကိုနားထောင်ရင်း ထုံရွှယ်လူ့ခမျာ မျက်ဖြူပင်ဆိုက်တော့မတတ်ဖြစ်လာသည်။မည်သို့ပင်ဆိုပါ‌စေ ဖူကျန့်ယိက သူမအား ပြောစရာရှိနေသည်မှာ သိသာထင်ရှားပြီး ဤလို လမ်းဘေး၌ ဆက်တိုက်ရပ်နေ၍လည်း မဖြစ်သေးပေ။


ထို့ကြောင့်ပင် ထုံရွှယ်လူက ဖူကျန့်ယိအား သူမ၏နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။


အိမ်ထဲတွင် ထုံကျားမင်နှင့်မောင်နှမများက ညစာအတူစားရန်အတွက် ထုံရွှယ်လူ့အား စောင့်ဆိုင်းနေကြလျက်ရှိပြီး ဖူကျန့်ယိကိုမြင်သောအခါ သူတို့အားလုံးက အံ့ဩသွားကြလေ၏။


" ‌ဒါက မမရဲ့သူငယ်ချင်း ... ပြောစရာရှိလို့ခေါ်လာတာ ... စားနှင့်ကြ ... မစောင့်နဲ့တော့ ... "


ထုံကျားမင်နှင့်အခြားသူများက ဧည့်ခန်းတွင်း၌ရှိနေခဲ့ကြသဖြင့် ထုံရွှယ်လူမှာ ဖူကျန့်ယိအား စာကြည့်ခန်းထဲသို့ ခေါ်ဆောင်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။


ဖူကျန့်ယိသည်လည်း အထဲသို့လိုက်ပါလာခဲ့ပြီး စာကြည့်ခန်းအား ကြည့်ရှုနေလေသည်။


စာကြည့်ခန်းမှာ အလွန်မကျယ်သော်လည်း အတွင်းပိုင်း၌များစွာ လစ်လပ်နေသလိုခံစားရသည်။စာကြည့်ခန်းတွင်း၌ စားပွဲနှင့် ကုလားထိုင် ဆက်တင်အဟောင်းတစ်စုံရှိပြီး စားပွဲပေါ်တွင်မူ အနားသတ်များပဲ့နေသောပန်းအိုးတစ်လုံးရှိကာ ၎င်းအတွင်း၌ တောရိုင်းပန်းအနည်းငယ်ထိုးထားသည်။အလွန်ရိုးရှင်းသောစာကြည့်ခန်းအား ထိုတောရိုင်းပန်းပင်အနည်းငယ်ဖြင့် အလှဆင်ထားလျက်ရှိပေ၏။


ထုံရွှယ်လူက မီးဖိုချောင်ထဲမှ ရေနှစ်ခွက် ယူလာခဲ့ပြီး " ဘာပြောစရာရှိလို့လဲ ရဲဘော်ဖူ ... " ဟု မေးမြန်းလိုက်သည်။


ထိုအခါ ဖူကျန့်ယိက ထုံရွှယ်လူ့ထံမှ ရေခွက်ကိုလှမ်းယူလိုက်ပြီး ဦးစွာ တစ်ကျိုက်မော့သည်။


"မင်းတို့မိသားစု ဖြစ်ပျက်ခဲ့တာကို ငါကြားတယ် ...  မင်း  မှာ အခု ဘာအစီအစဥ်ရှိလဲ ... "


သတင်းဆိုးများမှာ သတင်းကောင်းများထက် ပိုမိုပျံ့နှံ့လွယ်လေသည်။


ဖူကျန့်ယိသည်လည်း ဤဒေသတွင်နေထိုင်သူ ဖြစ်သည့်အတွက် သူမတို့၏သတင်းအားသိရှိနေခဲ့သည်ကို ထုံရွှယ်လူ မအံ့ဩပေ။


" သေရေးရှင်ရေးမှ ဖြစ်မလာသေးတာကို စိတ်ပူပန်မနေပါနဲ့ ... "


ဖူကျန့်ယိသည် ဝမ်ရူကွေ့၏သူငယ်ချင်းဖြစ်သော်လည်း ထုံရွှယ်လူမှာ သူ့အား အပြည့်အဝ မယုံကြည်နိုင်သေးပေ။


ထုံရွှယ်လူမှာ သူ့အား လျစ်လျူရှုနေခြင်းဖြစ်ကြောင်း ဖူကျန့်ယိရိပ်စားမိသည်။


" ဒီနေ့ မင်းအလုပ်လုပ်တဲ့ အစိုးရပိုင်စားသောက်ဆိုင်ကို ရောက်ခဲ့တယ် ...မင်းရက်ရှည်ခွင့်ယူထားတယ်လို့ သူတို့က ပြောတယ် ... ရဲဘော်ထုံ ...  မင်းဘာတွေကြံနေတာလဲ"


ဖူကျန့်ယိမှာ သူ့အရေးမဟုတ်သောကိစ္စများအား ထဲထဲဝင်ဝင် ဖြန်ဖြေပေးနေမည့်သူမဟုတ်ချေ။သို့သော်လည်း ထုံမိသားစုအား စောင့်ရှောက်ရန်အတွက် ဝမ်ရူကွေ့က သူ့အား အထူးတလည်တောင်းဆိုထားခဲ့သည်။


သူသည် ဝမ်ရူကွေ့နှင့် တစ်လျှောက်လုံးကြီးပြင်းလာခဲ့ပြီး ဤသည်မှာ မိန်းကလေးရဲဘော်တစ်ဦးအား ဝမ်ရူကွေ့အရေးတယူပြုသောပထမဆုံးအကြိမ်ပင်။ထုံရွှယ်လူ့အကြောင်း မသိခဲ့ရသေးသောအချိန်က သူသည် ဝမ်ရူကွေ့ကို တစ်သက်လုံးလူပျိုကြီးအဖြစ် အရိုးထုတ်မည်ဟုပင် ထင်ခဲ့ဖူးသည်။ဝမ်ရူကွေ့သည် ထောင်စုနှစ်တစ်ခုတွင် တစ်ကြိမ်သာပွင့်ဖူးသော အပင်များနှင့်တူလေ၏။


ပုံမှန်အားဖြင့် ဖူကျန့်ယိသည် ဝမ်ရူကွေ့၏တောင်းဆိုမှုကို ငြင်းပယ်မည်မဟုတ်ပေ။နောက်နောင်တွင် ဝမ်ရူကွေ့ထံမှ ပိုက်ဆံချေးရန် အကြောင်းကိစ္စရှိမလာဟူ၍လည်း တပ်အပ်မပြောနိုင်သည် မဟုတ်ပါလော။