အပိုင်း ၈၅
Viewers 19k

🍵Chapter 85

 - သူသည် မိုင်ပေါင်းများစွာအဝေးမှ အနံ့အသက်ကို ရနိုင်သည် ~

 - 


အမေရှောင်တစ်ယောက် သူမအစ်ကို၏နေအိမ်သို့ ရောက်ရှိသွားသောအချိန်တွင် ယောက်မဖြစ်သူတစ်ဦးတည်းသာ အိမ်တွင်ရှိနေခဲ့သည်။


ယောက်မဖြစ်သူက အမေရှောင့်အတွက် ပြဌာန်းစာအုပ်များကို ယူဆောင်လာခဲ့ပြီး တစ်ချက်လှမ်းကြည့်လျက် မေးမြန်းလာခဲ့သည်။


" ချန်ဖျင့်ကိစ္စက ဘယ်လိုဖြစ်တာလဲ ... သူက ရဲဘော်ထုံနဲ့ တကယ်ကြီး တွဲခုတ်နေတာလား ... "


ထိုအခါ အမေရှောင်က အသည်းအသန်ခေါင်းခါလျက် "မဟုတ်တာ ... ချန်ဖျင်က အဲဒီမိန်းကလေးနဲ့ ဘာမှမဆိုင်ပါဘူး ... သူ့အကြောင်း ကျွန်မအသိဆုံး ... သူက အမြဲတမ်း ကြင်နာတတ်ပြီး ပုရွက်ဆိတ်တစ်‌ကောင်ကိုတောင် တက်မနင်းရက်တဲ့ကလေးပါ ... ရဲဘော်ထုံရဲ့မိဘတွေ ဆုံးပါးသွားတာကို သိလိုက်တော့ သနားစိတ်ဝင်ပြီး နည်းနည်းပါးပါးထောက်ပံ့ပေးတာပါ ... " ဟု ဖြန်ဖြေပြောကြားလိုက်သည်။


အမေရှောင်မှာ ထုံရွှယ်လူ၏ခြိမ်းခြောက်ခြင်းကြောင့် စိတ်ကွက်လျက်ရှိပြီး ၎င်းသည် ဖြေရှင်းပြီးဖြစ်သောကြောင့် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံအား အခြားသူများထံအသိပေးရန် အကြောင်းမရှိပေ။

အဓိကအကြောင်းရင်းမှာတော့ သူမ၏သားတော်မောင်၏အမည်အား ထုံရွှယ်လူနှင့် ဆက်စပ်မနေစေလိုခြင်းဖြစ်သည်။


ထိုအခါ ယောက်မဖြစ်သူက သက်ပြင်းတစ်ချက်ချလိုက်သည်။

" တွဲခုတ်မနေကြဘူးလို့ကြားရလို့ တော်သေးတာပေါ့ ... ရဲဘော်ထုံက တစ်ယောက်ယောက်နဲ့ပြဿနာတက်ခဲ့တာ သိပြီးပြီလား ... "


အမေရှောင်တစ်ယောက် အနည်းငယ် ထိတ်လန့်သွားလေ၏။

" ပြဿနာတက်တာတဲ့လား ... ဘာကိုဆိုလိုတာလဲ ... "


အမေရှောင်မှာ အခြေအနေအား လုံးဝမသိမနားလည်ပုံပေါက်နေသောကြောင့် ယောင်းမဖြစ်သူက အရင်ရက်များ၌ နန်မြို့တော်မူလတန်းကျောင်းတွင် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံအား ပြောပြလိုက်တော့သည်။


" အစကတော့ သူမှန်းမသိဘူး ... ဒါပေမဲ့ ကျောင်းထုတ်ခံရတဲ့ ကလေးနှစ်ယောက်မှာ မိဘတွေမရှိတဲ့အပြင် ထုံမျိုးရိုးလို့ပါ ကြားလိုက်ရတော့မှ ချန်ဖျင်ရဲ့အသိမိန်းကလေးမှန်း သိခဲ့တာ ... "


ထိုအခါ အမေရှောင်က အနည်းငယ်မျက်မှောင်ကြုတ်လျက် " ကျောင်းထုတ်ခံရတာတဲ့လား ... ကလေးတွေ အချင်းချင်းရန်ဖြစ်ကြတာပဲမလား ... ကျောင်းထုတ်ဖို့အထိ လိုအပ်လို့လား " ဟု မေးမြန်းလိုက်လေ၏။


" သူတို့က တစ်ယောက်ယောက်ကို စော်ကားမော်ကားလုပ်ခဲ့တာတဲ့ ... ပြီးတော့ ဆရာမက ညွှန်မှူးရဲ့ ဆွေမျိုးလေ ... ယောက်မတို့အစ်ကိုကြီးရဲ့အထက်လူကြီးပေါ့ ... အဲဒီကလေးနှစ်ယောက်ကို လက်ခံတဲ့ကျောင်း ဒီမြို့မှာ မရှိဘူးကြားတယ် ... "


အမေရှောင်မှာ ပိုလို့ပင် မျက်မှောင်ကြုတ်သွားတော့သည်။ 


" ဆရာမတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် ဒီလိုမျိုးလုပ်ရက်နိုင်ရတာလဲ ... အဲလိုလူမျိုးက ဆရာမဖြစ်ဖို့ မထိုက်တန်ဘူး ... အစ်ကိုကြီးက ဒီကိစ္စကိုတစ်ခုခုလုပ်ပေးနိုင်လောက်မလား ... "


" ယောက်မက ကူညီပေးချင်လို့လား ... "


" သူတို့က မိဘမဲ့ကလေးတွေလေ ... အဲလောက်ထိ လုပ်စရာမလိုဘူးထင်တာပဲ ... ဒီလိုနိုင်ထက်စီးနင်းလုပ်တာကို သဘောမကျဘူး ... "


ထုံရွှယ်လူမှာ သူမ၏သားဖြစ်သူအတွက် လုံလောက်သူဟုမထင်သော်လည်း အမိအဖမဲ့သောကလေးများအား မမျှတစွာခွဲခြားဆက်ဆံခြင်းမှာလည်း မမှန်ကန်ဟု ထင်မြင်မိသည်။ဤသည်မှ မလျော်မကန်သောဖြစ်ရပ်မျိုးပင်။


အမေရှောင်သည် ရိုးသားဖြောင့်မတ်သူဖြစ်ပြီး  စည်းကမ်းကျင့်ဝတ်များကိုလည်း လိုက်နာကြောင်း သူမ၏ယောက်မဖြစ်သူက ကောင်းကောင်းသိသည်။


" ယောက်မရဲ့အစ်ကိုကြီးက သူ့အထက်လူကြီးနဲ့ ဘယ်တုန်းကမှ လက်ပွန်းတတီးဖြစ်တာမဟုတ်ဘူး ... အကူအညီတောင်းဖို့ လွယ်မှာမဟုတ်ဘူး ... "


ထိုအခါ အမေရှောင်က ခေါင်းတညိတ်ညိတ်ဖြင့်‌တွေးတောနေခဲ့လျက် နှုတ်ဆိတ်သွားတော့လေသည်။


အိမ်အပြန်လမ်းတွင် အမေရှောင်တစ်ယောက် ထုံရွှယ်လူနှင့် သူမ၏မွေးချင်းများအကြောင်းကို စဉ်းစားမိနေခဲ့ပြီး  ထိုမှတစ်ဆင့် တဖြည်းဖြည်းစိတ်ပူပန်လာတော့သည်။


အကယ်၍သာ ထုံရွှယ်လူ အကြပ်အတည်းထဲရောက်ရှိနေသည်ကို ချန်ဖျင်သိသွားလျှင် ထိုမိန်းကလေးအား နောက်တစ်ခေါက်သွားရှာပြန်မည်ကို စိုးရိမ်မိလေ၏။


အမေရှောင်သည် သူမ၏ခင်ပွန်းသည်နှင့် အလျင်အမြန်ဆွေးနွေးခဲ့ပြီး တပ်ထဲတွင်ရှိနေသောရှောင်ချန်ဖျင်၏ဦးလေးဖြစ်သူထံသို့ ရှောင်ချန်ဖျင့်အား တပ်စုသို့ပြန်လာအောင် တိုက်တွန်းပေးရန်အတွက် ကြေးနန်းပေးပို့ အကူအညီတောင်းလိုက်ကြတော့သည်။

စိတ်မသက်မသာဖြစ်သွားသောရှောင်ချန်ဖျင်သည် ဝမ်းကွဲညီအစ်ကို၏ပေါ့ဆမှုများကိုတွေးတောနေခဲ့မိလေ၏။အိမ်သို့ပြန်အရောက် ၊ တပ်စုသို့ပြန်လာရန် ဖိအားပေးထားသောကြေးနန်းကိုဖတ်ရှုပြီးချိန်တွင်မူ သူသည် ထုံရွှယ်လူ့ကို ငွေကြေးချေးငှားရန်ကြိုးပမ်းခဲ့ကြောင်း အမေဖြစ်သူအား အသိပေးလိုက်တော့သည်။

ဤကိစ္စမှာ အမေဖြစ်သူ၏စနက်မကင်းကြောင်း ရှောင်ချန်ဖျင်ကောင်းကောင်းသိသည်။


ရှောင်ချန်ဖျင်ဟန်ဆောင်နေသည်ကို မြင်လိုက်ရချိန်တွင် အမေရှောင်က တစ်ကြိမ်တစ်ခါညှိနှိုင်းပေးရန် ဆုံးဖြတ်လိုက်လေ၏။


" ချက်ချင်းကြီး မသွားချင်သေးလည်းရတယ်လေ ... မနက်ဖြန် အမေတို့စီစဉ်ပေးထားတဲ့မိန်းကလေးနဲ့သွားတွေ့လိုက် ... မင်းရဲ့အိမ်ထောင်ရေးကိစ္စတွေကို ရှင်းကြရအောင် ... "


ရှောင်ချန်ဖျင့်ခမျာ မျက်လုံးများပြူးကျယ်ကုန်တော့သည်။

" အမေစီစဥ်ပေးထားတဲ့သူဆိုတာက ဘာကြီးလဲ ... အခုထိ မဆုံးဖြတ်ရသေးဘူး မဟုတ်ဘူးလား ... "


" မဆုံးဖြတ်ရသေးဘူးလေ ... ဒါပေမဲ့လည်း အဆင်မပြေဖြစ်မှာမဟုတ်ပါဘူး ... တစ်ဖက်က ကောင်မလေးက ဖန်မိသားစုက သမီးလေ ... ရုပ်လေးကလည်းချော အမေတို့အသိုင်းအဝိုင်းနဲ့လည်း လိုက်ဖက်တယ် ... မနက်ဖြန်တပ်စုကို ပြန်မသွားချင်ရင်လည်း အခုပဲဖန်မိသားစုဘက်ကို အကြောင်းကြားလိုက်မယ် .... "


" ဟင့်အင်း ... ဟင့်အင်း ... မသွားနဲ့ ... ကျွန်တော်မနက်ဖြန်တပ်စုကို ပြန်လိုက်မယ် ဟုတ်ပြီလား ... "


" ကျင်းယွမ်က အရမ်းချစ်ဖို့ကောင်းတဲ့မိန်းကလေးပဲကို ... မင်းက သူ့ကို သဘောမကျဘူးလား .... "


ထိုအခါ ရှောင်ချန်ဖျင်က ခေါင်းတစ်ချက်ကုတ်လိုက်ပြီး "ကျွန်တော် သူ့ကိုမကြိုက်ဘူး ... သူ့နဖူးက အရမ်းမောက်တယ်လို့ ခံစားရတယ် ... " ဟု ပြောလိုက်လေ၏။


အမေရှောင် :: ......


တစ်ဖက်တွင်လည်း ဖန်မိသားစုဘက်၌ အလားတူအကြောင်းအရာကို ဆွေးနွေးလျက်ရှိသည်။သူမ၏အမေက ရှောင်ချန်ဖျင့်အကြောင်းပြောလာသည်နှင့်တစ်ပြိုင်နက် ဖန်ကျင်းယွမ်က ခေါင်းတဆတ်ဆတ်ခါယမ်းပစ်လိုက်လေ၏။

 " ဟင့်အင်း အမေ ... သမီး  ရှောင်ချန်ဖျင်နဲ့ချိန်းမတွေ့ချင်ဘူး ... "


" ရုပ်လည်းချောတဲ့အပြင် အရည်အချင်းလည်းရှိတဲ့ ကောင်လေးပဲကို ... သမီး သူ့ကို မကြိုက်ဘူးလား"


ထိုအခါ ဖန်ကျင်းယွမ်က အနည်းငယ် နှုတ်ခမ်းစူလျက်

" မကြိုက်ဘူးလို့ မပြောပါဘူး ... သူ့မျက်လုံးတွေက သေးလွန်းတယ်လို့ ခံစားရလို့ ... " ဟု ပြန်ဖြေလာခဲ့သည်။


 အမေဖန် "……"


ဤသို့ဖြင့် နှစ်ဖက်မိဘပြင်ဆင်ထားသောကြင်ဖက်တွေ့ဆုံပွဲမှာ သဲထဲရေသွန်ဖြစ်သွားတော့လေသည်။

ရှောင်ချန်ဖျင်မှာလည်း တပ်စုသို့ပြန်ရန် အလျင်အမြန်ပြင်ဆင်နေခဲ့လေ၏။မထွက်ခွာမီတွင် ထုံရွှယ်လူ့အား နှုတ်ဆက်ချင်သေးသော်လည်း အမေရှောင်က သူ့အား  နေ့ရောညပါ အနီးကပ် စောင့်ကြည့်နေသဖြင့် နောက်ဆုံး၌ ထိုအကြံအား စွန့်လွှတ်လိုက်ရသည်။


🍵🍵🍵🍵


ဝမ်ရူကွေ့သည် အစိုးရထံမှ ခွင့်ပြုစာများရရှိထားသောကြောင့် ထုတ်လုပ်ရေးအဖွဲ့က ၎င်းတို့၏အဖွဲ့ကို အမြန်လွှတ်ပေးခဲ့သည်။


ဝမ်ရူကွေ့သည် ကျူံးရှုလန်နှင့် ချွန်းလန်ထုတ်လုပ်ရေးမှ အခြားသူများနှင့်အတူ လမ်းလျှောက်ထွက်ရင်း ဘတ်စ်ကားဖြင့် မြို့ထဲသို့လှည့်ပတ်သွားလာခဲ့လေသည်။


သို့သော်လည်း ထုတ်လုပ်ရေးအဖွဲ့ထွက်ခွာလာချိန်တွင် ကျူံးရှုလန်၏ဖခင်မှာ နာမကျန်းဖြစ်နေခဲ့သောကြောင့် မြို့တော်သို့မပြန်နိုင်ဘဲ မြို့တွင်းရှိဟော်တယ်တစ်ခု၌တည်းခိုရန် ဆုံးဖြတ်လိုက်ကြရတော့သည်။


လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်းတို့သည် ခက်ခဲသောအရာ တော်တော်များများကို ခံစားခဲ့ကြရသည်။ထမင်းနပ်မှန်အောင်မစားနိုင်သကဲ့သို့ ကောင်းကောင်းကန်းကန်းလည်း မဝတ်စားနိုင်ခဲ့ကြဘဲ အနေဆင်းရဲ အစားဆင်းရဲဖြစ်ခဲ့ကြသည်။သူတို့သည် အညစ်ပတ်ဆုံးနှင့် အပင်ပန်းဆုံးအလုပ်များကို လုပ်ခဲ့ကြရပြီး မကြာခဏဆိုသလို ရှုတ်ချကြသည်များကိုလည်း ဖြတ်ကျော်ခဲ့ရသေးလေ၏။ဤသို့ဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရသည်။


အဘိုးကျုံးသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက စိတ်မချမ်းမသာဖြစ်နေခဲ့သော်လည်း သမီးဖြစ်သူအတွက်ကြောင့်သာ ထိုနေရာတွင် ဆက်လက်ရှိနေခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ထုတ်ပယ်ခံလိုက်ရကြောင်းအသိပေးစာကို လက်ခံရရှိပြီးသည်နှင့်တစ်ပြိုင်နက် ဤတစ်လျှောက်လုံး သူ့အား အားတင်းထားစေနိုင်ခဲ့သည့်အရာများအားလုံးပျောက်ကွယ်သွားကာ အလွန်တရာပင် ကျန်းမာရေးချူချာလာတော့သည်။


ကျူံးရှုလန်သည် သူမ၏ဖခင်နေမကောင်းဖြစ်နေသည်ကို စိတ်ပူပန်ခဲ့ပြီး များမကြာမီမှာပင် သူမကိုယ်တိုင်လည်း နာမကျန်းဖြစ်လာသည်။

ထို့ကြောင့်ပင် မိခင်နှင့်အဘိုးဖြစ်သူအား ပြုစုစောင့်ရှောက်ရရှာသောကျောင်းယွီရှစ်မှာ အချိန်တိုအတွင်း ထုံထိုင်းလာတော့လေ၏။


ဝမ်ရူကွေ့မှာ ကျောင်းယွီရှစ်ပါ ကျန်းမာရေးမကောင်းဖြစ်သွားမည်ကိုစိုးရိမ်သဖြင့် အဘိုးကျုံးအား ပြုစုပေးရန်တာဝန်ယူလိုက်သည်။


ဝမ်ရူကွေ့၏အကူအညီဖြင့် ကျောင်းယွီရှစ်ခမျာ နောက်ဆုံးတွင် အသက်ရှူနိုင်ခဲ့သည်။


 "ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်ဝမ် ... မြို့တော်ကို ချက်ချင်းပြန်ခဲ့သင့်ပေမဲ့ အဘိုးနဲ့အမေ တစ်ယောက်ပြီး တစ်ယောက် နေမကောင်းဖြစ်မယ်လို့ ထင်မထားခဲ့ဘူး ... အခက်တွေ့စေလို့ တောင်းပန်ပါတယ် ... "


" ဒီလိုမပြောပါနဲ့ ...  မင်းကို ဂရုစိုက်ပေးဖို့ ငါ့မှာတာဝန်ရှိတယ် ... "


ဝမ်ရူကွေ့ချစ်ခင်လေးစားရသောပရော်ဖက်ဆာကြီးသည် ရူပဗေဒနယ်ပယ်တွင် သူ့အား များစွာအထောက်အကူပေးခဲ့သည်။ပရော်ဖက်ဆာကြီးကြောင့်သာ မဟုတ်လျှင် အစောကြီးကတည်းက လက်လျှော့နေနှင့်ခဲ့ပြီးလောက်မည်ပင်။


ထိုအချိန်တွင် ကျောင်းယွီရှစ်က စကားအကြောင်းအရာကို ပြောင်းလဲလိုက်လေ၏။

 " အဖေရော ဘယ်လိုနေလဲ  ကျန်းမာရေးကောင်းရဲ့လား ... "


" ပရော်ဖက်ဆာကြီးက ကျန်းမာပါတယ် ... ရဲဘော်ကျောင်းကို တော်တော်သတိရနေတယ် ... "


ဝမ်ရူကွေ့၏စကားကြောင့် ကျောင်းယွီရှစ်တစ်ယောက်မျက်လုံးများနီရဲသွားခဲ့လေသည်။

" ဟုတ်ကဲ့ ... ကျွန်မတို့လည်း အဖေ့ကို သတိရပါတယ် ...  "


" အဘိုးကျုံးခဏနေနိုးလာတော့မယ်ထင်တယ် ... အထဲဝင်ခွင့်ပြုပါဦး ...  "

 

ထိုအခါ ကျောင်းယွီရှစ်က ခေါင်းညိတ်လျက် " ဟုတ်ကဲ့ပါ ... ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်ဝမ် ... " ဟု ပြန်လည်ဖြေကြားလိုက်လေ၏။


ယင်းနောက်တွင် ဝမ်ရူကွေ့က ထပ်မံစကားမဆက်တော့ဘဲ ၎င်းနေရာမှ လှည့်ထွက်သွားတော့သည်။

ကျောင်းယွီရှစ်သည်လည်း ဝမ်ရူကွေ့၏ကျောပြင်ကို ငေးကြည့်နေခဲ့ရာမှ ခဏအကြာတွင် နေရာမှ ထွက်ခွာသွားခဲ့လေ၏။


ဝမ်ရူကွေ့တို့နှစ်ဦးသားထွက်ခွာသွားကြပြီးနောက်ပိုင်းတွင် ဟိုတယ်မှအလုပ်သမနှစ်ဦးက ခေါင်းချင်းဆိုင်လျက် တွတ်ထိုးတွတ်ထိုးလုပ်နေကြတော့သည်။

" အဲဒီရဲဘော်က အရမ်းကြည့်ကောင်းပေမဲ့ တအားတည့်တိုးဆန်လွန်းတယ် ... မိန်းကလေးက ငိုနေတာကို နှစ်သိမ့်ပေးဖို့တောင် မကြိုးစားဘူး ... "


" ဘာလို့နှစ်သိမ့်ပေးဖို့လိုတာလဲ ... ကြည့်လိုက်တာနဲ့ သမီးရည်းစားတွေမဟုတ်မှန်းသိသာနေတာကို ... "


" ဟုတ်ပါတယ် ... သူတို့တွေ အတူတူပေါ်လာတုန်းက မိသားစုတွေလို့ထင်ခဲ့တာ ...စကားမစပ် အဲဒီရဲဘော်မှာ ချစ်သူမိန်းကလေးများရှိလားမသိဘူး .. "


" ဘာတွေတွေးနေတာလဲ ... စိတ်ကူးယဉ်တာတွေ အခုချက်ချင်းရပ်လိုက်သင့်ပြီ ...  သူ့မှာ ရည်းစားမရှိရင်တောင် နင့်ကိုတော့ ရွေးမှာ မဟုတ်ဘူး ... "

 

" ဘာတွေပြောနေတာလဲဟဲ့ ... "


****


မာမိန်အား ရိုက်နှက်ပြီး နောက်တစ်နေ့တွင် ထုံရွှယ်လူမှာ မာမိန့်ဆီသို့ ချက်ချင်းလိုက်မသွားနိုင်ခဲ့ပေ။တစ်ဖက်လူက သူမအား တိုင်ချက်ဖွင့်လိုက်မည်ကို ထုံရွှယ်လူ အနည်းငယ် စိုးရိမ်နေမိသည်။ထိုသို့ရိုက်နှက်လိုက်ခြင်းက အမှုမဲ့အမှတ်မဲ့ပြုလိုက်မိသောဆုံးဖြတ်ချက်ပင်။


သူမတို့မှာ မည်သည့်ကျောထောက်နောက်ခံ ၊ အဆက်အသွယ်မှမရှိသောကလေးတစ်စုသာဖြစ်သည်။တစ်ဖက်မှ ကလဲ့စားချေရန်စိတ်ပိုင်းဖြတ်လိုက်ပါက မခုခံနိုင်ဘဲ အကြီးအကျယ်ဒုက္ခရောက်ကုန်ကြမည်ပင်။


ဤလိုအခြေအနေမျိုး၌ ပညာသားပါပါလိမ်လည်လှည့်ဖြားတတ်ကြသော ဝတ္ထုထဲမှ အမျိုးသမီးဇာတ်ဆောင်အပေါင်းအား ထုံရွှယ်လူ မနာလိုဖြစ်မိသည်။သူမထံတွင်တော့ အစားအစာသိုလှောင်နိုင်လောက်သည့်အနေအထားပင်ရှိ‌မနေချေ။အလွန်စိတ်ညစ်ညူးဖွယ်ရာကောင်းလှသည်။


၎င်းပြင် အချိန်ကာလသည်လည်း အကောင်းကြီးထဲမပါပေ။ဤသည်မှာ ၁၉၇၆ ခုနှစ်ဖြစ်ပြီး ၁၀ နှစ်တာလှုပ်ရှားမှုအရေးအခင်း၏အဆုံးသတ်သို့ရောက်ရှိနေလေပြီ။အရေးအခင်းမှာ တစ်လ သို့မဟုတ် နှစ်လအတွင်း၌ ပြီးဆုံးမည်ဖြစ်သည်။

အစောပိုင်းနှစ်များတွင်သာဆိုလျှင် ဤအခြေအနေနှင့် လူထုအမြင်ကို အခွင့်ကောင်းယူကာ မေမိန်နှင့် ကျန်းမိသားစုတို့အား တိုင်ချက်ဖွင့်လိုက်နိုင်မည်ပင်။


ထိုနှစ်ကာလများ၌ ဆရာ ၊ ဆရာမများသည် အမြင်ကျယ်ကျယ်မရှိကြဘဲ အသေးအဖွဲကိစ္စဟု သူတို့ ထင်မြင်သောကိစ္စရပ်များအား လုံးဝဂရုမစိုက်တတ်ကြပေ။

သို့သော်လည်း ထိုအရာက ပြဿနာမဟုတ်သေးချေ။


ညွှန်မှုးဖြစ်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိသောကျန်းမိသားစု၏ဩဇာအာဏာနှင့် မြဲမြံသောအဆက်အသွယ်မှာ မည်သူမဆိုလွယ်လွယ်လှုပ်ခတ်၍ရသောအရာမဟုတ်ပေ။

ပြီးပြည့်စုံသောအခိုက်အတန့်အထိ ပုန်းအောင်းနေခြင်းကသာ သူမတို့အတွက် အကောင်း‌ဆုံးဖြစ်လိမ့်မည်။