အဒေါ်ရှဲ့လည်း နားထောင်ပြီးနောက် အလွန်စိတ်သက်သာရာရသွားပေသည်။ သူတို့သားလေးက အရမ်းကောင်းတာကို၊ ဒါပေမဲ့ အဲ့ဒီမာမိသားစုက မမြင်နိုင်ဘဲ အဆုံးမှာတော့ ယန်ရှောင်ချွမ်းလိုလူမျိုးနဲ့ လက်ထပ်လိုက်ရပြီ။ စက်ဆုပ်စရာကောင်းလိုက်တာ! အဲ့ဒီလူ ယန်မိသားစုကသားကလည်း အိမ်ထောင်ကျခဲ့တာ နှစ်တွေကြာပြီဆိုပေမယ့် ကလေးတစ်ယောက်မှတောင် မရှိသေးတဲ့အပြင် အကြမ်းဖက်တတ်သေးတယ်လေ!
ရှဲ့ယွီ အဝတ်အစားတွေကို လှမ်းပြီးသွား၍ တိတ်တဆိတ်ပင် အခန်းထဲသို့ ပြန်သွားခဲ့သည်။
လွန်ခဲ့သောရက်အနည်းငယ်က ကျုံးဟွားထံမှ မာဖူကွေ့က ဇနီးအသစ်နှင့် လက်ထပ်တော့မယ်လို့ ကြားသိလိုက်ရ၍ သူစိတ်မသက်မသာဖြစ်ခဲ့ရ၏။
သို့ရာတွင် ယခုတော့ မာဖူကွေ့ တကယ်လက်ထပ်ပြီးသွားကြောင်း ကြားသည့်အခါ သူ့နှလုံးသားမှာ မတည်ငြိမ်ဖြစ်မနေတော့။ ကြည့်ရတာတော့ သည်ရေစက်ဟာ လုံးဝပြတ်တောက်သွားပုံပဲနော် ဟုတ်တယ်မဟုတ်လား?
***
"ဇနီးလေးရေ……"
ရွှီချင်းမှာ လှည့်ကြည့်ကာ လီချန်ဖုန်းအား မျက်နှာချင်းဆိုင်၍ အေးတိစက်အေးစက် မထူးခြားဟန်ဖြင့် ကြည့်လာလျက်။
လီချန်ဖုန်းသည် ရွှီချင်းက မလှုပ်ရှားသည်ကို မြင်လိုက်ရ၍ စိုးရိမ်စိတ်ကြီးလာကာ ရွှီချင်းအနားမှာ လှည့်ပတ်ကြည့်နေရင်း "ဇနီးလေးရယ် ကိုယ်မှားသွားပါတယ်ကွာ! နောက်တစ်ခါ အားအရမ်းမသုံးတော့ပါဘူးနော်"
ရွှီချင်းက လီချန်ဖုန်းရဲ့ ခေါင်းကို တစ်ချက်ရိုက်ပစ်လိုက်ပြီး "နောက်တစ်ခါ?!" လီချန်ဖုန်းက နာကျင်ခြင်းမရှိဘဲ ချက်ချင်း နောင်တရဟန်ဖြင့် "နောက်တစ်ခါဆိုတာမရှိပါဘူး! နောက်တစ်ခါမရှိတော့ပါဘူး!"
"ဒီည ကျွန်တော်တို့ ဘယ်လိုအိပ်ကြမလဲဆိုတာပဲ ပြောကြတာပေါ့"
ရွှီချင်းလည်း သူ့လုပ်လက်စတွေကို ချထားလိုက်ကာ လီချန်ဖုန်းအား စူးစိုက်ကြည့်လိုက်လေသည်။
သည်းမခံနိုင်တော့ဘူးနော်! မနေ့ညက သူတို့ရဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားမှုတွေကြောင့် ကုတင်မှာ ကျိုးကျသွားခဲ့ရတယ်လေ။
လီချန်ဖုန်းက ရွှီချင်းလုပ်လက်စကို အလျင်စလို လက်လွှဲယူကာ ကျွမ်းကျွမ်းကျွကျင်ဖြင့် လုပ်ပြီးနောက် အသံကျယ်ကျယ်ပြောလာခဲ့သည်။
"အခု ကိုယ်အိပ်ရာကို ပြန်ပြင်လိုက်မယ်နော်။ နောက်ရက်အနည်းငယ်အတွင်းမှာ ကိုယ်အိပ်ရာအကြီးကြီးလုပ်ပေးမယ်လေ!"
အဲ့ဒီကုတင်ကို အကြမ်းခံနိုင်ပြီးတော့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေကြောင့် ဘာဆူညံသံမှ မထွက်စေရဘူးကွာ။ ပြီးတော့ ဒီလို လှုပ်ရှားမှု "သေးသေးလေး"ကြောင့် မပြိုကျစေဖို့ သေချာပေါက်လုပ်ရမယ်!
ဟုတ်တယ်! ဒါဟာ တစ်ခုတည်းသော နည်းလမ်းပဲလေ! ရွှီချင်းမှာ အနည်းငယ် စိတ်တိုနေကာ ခေါင်းခါလိုက်ရင်း သူ့ကိုယ်သူရေရွတ်နေလေ၏။ "ငါက ဘာလို့သဘောတူရမှာတုန်း? တကယ်ပါပဲ!"
လီချန်ဖုန်းက ရွှီချင်းပြောလိုက်တာကို နားထောင်ရန် ကြိုးစားလိုက်ပေမယ့် ရွှီချင်းရဲ့ အသံမှာ ရှင်းရှင်းလင်းလင်းမကြားနိုင်လောက်အောင် အရမ်းမြန်ပြီး တိုးညှင်းလွန်းလှလေသည်။
"ဝု! ဝု ဝု!"
"တစ်ယောက်ယောက် လာနေတယ်" ရွှီချင်းက ခြံဝင်းတံခါးဝ၌ ရှောင်ပေါင်ရဲ့ ဟောင်သံကို ကြားလိုက်ရ၍ တစ်စုံတစ်ယောက်ရောက်လာတာကို သိလိုက်ရ၏။ ရှောင်ပေါင်မှာ ပါပီလေးဖြစ်နေတယ်ဆိုပေမယ့်လည်း ရွှီချင်းက ဝိဥာဥ်စမ်းရေတွေတိုက်လိုက်ပြီးနောက်တွင် သူက ပိုထွားလာပြီး ပိုသန်မာလာခဲ့သည်။ သူ့ဟောင်သံမှာ ပေါက်စအသံသာဖြစ်နေသေးသော်လည်း သူက အိမ်ကို စောင့်ကြပ်ပေးတတ်၏။
အဒေါ်ရှဲ့က ခြံဝင်းတံခါးကို ပြုံးရွှင်စွာ တွန်းဖွင့်လိုက်ရာ သူ့ခြေထောက်နားရှိ ဘောင်းဘီစမှာ အနက်ရောင်ခွေးပေါက်လေးဆီက ရုတ်ချည်း အကိုက်ခံလိုက်ရပေသည်။ "ဒီသေးသေးလေးက အိမ်ကို ဘယ်လိုစောင့်ကြပ်ရမလဲဆိုတာ သိတာပဲ။ ဒါကြောင့်မို့ ခြံတံခါးက အမြဲတမ်းဖွင့်ထားတာ အံ့သြစရာမဟုတ်တော့ပါဘူးလေ" အဒေါ်ရှဲ့က မခုခံနိုင်တဲ့ ရှောင်ပေါင်လေးကို ညင်ညင်သာသာလေး ဘေးဖယ်လိုက်ရင်း ရွှီချင်းဆီသို့ ပြုံးလျက် လျှောက်သွားလိုက်သည်။
ရွှီချင်းက 'သူစိမ်း'ကို တားရန် ကျရှုံးသွားခဲ့၍ သူ့ခြေထောက်နားဆီ ပြန်ပြေးလာပြီး အဆက်မပြတ်ဟောင်နေသေးတဲ့ ရှောင်ပေါင်လေးကို နှစ်သိမ့်ပေးလိုက်ရင်း မေးလာ၏။ "အဒေါ်ရှဲ့ တစ်ခုခုဖြစ်လို့လားဗျ?" အဒေါ်ရှဲ့သည် မူလက ကြော့ရှင်းရည်မွန်တဲ့ အသွင်အပြင်ရှိပြီးဖြစ်ရာ ယခုလို ပြုံးပျော်နေသည်ကြောင့် သူ့ကို ပို၍ကြည့်ကောင်းစေသွားလေသည်။
"ကောင်းပြီလေ၊ ဒါက သတင်းကောင်းပဲ! မနေ့က မာဖူကွေ့ လက်ထပ်လိုက်ပြီတဲ့!" အဒေါ်ရှဲ့လည်း သူ့အတွက် ရွှီချင်းယူလာပေးတဲ့ ခွေးခြေခုံပေါ် ထိုင်လိုက်ကာ သူ့ရဲ့ပျော်ရွှင်စရာတွေကို ရွှီချင်းအား မျှဝေတော့သည်။
ရွှီချင်းသည် မာမိသားစုရဲ့ မင်္ဂလာပွဲအကြောင်း ကြားလိုက်သည်နှင့် အပြုံးမမည်တဲ့အပြုံးဖြင့် သူ့ခေါင်းကို ငုံ့၍ အလုပ်လုပ်နေသော လီချန်ဖုန်းထံ တစ်ချက်လှမ်းကြည့်လိုက်မိသည်။
"... ကောင်းကင်ဘုံကတောင် သည်းမခံနိုင်တော့လို့ မာဖူကွေ့ကို လက်ထပ်ဖို့ အဲ့လိုလူမျိုးကို ရှာပေးလိုက်တယ်လို့ မင်းထင်လား?" အဒေါ်ရှဲ့က ကနဦး၌ အလွန်ပျော်ရွှင်နေပေမယ့် သူတို့က သူ့ရဲ့ရှောင်ယွီကို ပစ်ပယ်ပြီးနောက် မာဖူကွေ့ လက်ထပ်လိုက်တဲ့တစ်ယောက်အကြောင်းကို တွေးမိလိုက်တော့ မပျော်မရွှင်ဖြစ်သွားရ၏။
ရွှီချင်းသည် လီချန်ဖုန်းနှင့် လင်းဖန်လျန်တို့ နှစ်ယောက်သားက မာဖူကွေ့အတွက် ထိုသို့သောလူမျိုးကို ရှာပေးလိုက်တာကို တကယ်မထင်ထားခဲ့ပေမယ့် ယန်မိသားစုရဲ့သားကလည်း ဘယ်လိုလုပ်ပြီး သဘောတူလိုက်ရတာလဲဟ?!
အဒေါ်ရှဲ့ ထွက်သွားပြီးနောက် ရွှီချင်းက သံသယအသံနှင့် ပြောဆိုလေရာ လီချန်ဖုန်းမှာ ရယ်ကာမောကာဖြင့် "ယန်မိသားစုရဲ့သားက မာဖူကွေ့လို့ ကြားလိုက်တာနဲ့ ချက်ချင်းပဲ သဘောတူလိုက်တာလေ။ သူပြောတာတော့ မာမိသားစုကို လက်ထပ်လိုက်ပြီဆိုတာနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက သူ့ဟာဖြစ်လာမယ်ဆိုတဲ့ မိသားစုထုံးစံရှိတယ်တဲ့။ မာဖူကွေ့က သူ့ရဲ့အရင်ယောကျ်ားထက်တောင် ပိုပိန်ပြီးတော့ ပိုအားနည်းသေးတော့ အမ်... သူနဲ့တိုက်ခိုက်ဖို့လည်း ပိုလွယ်ကူသလို မာဖူကွေ့ရဲ့ လှည့်ကွက်တွေကို သူမကြောက်ဘူးပြောတယ်လေ"
"ဒါက ခင်ဗျားအကြံလား?" ရွှီချင်းက ရှောင်ပေါင်ရဲ့ ဗိုက်သားလေးကို ကုတ်ပေးနေစဥ် မေးလိုက်ရာ လီချန်ဖုန်းလည်း ငြင်းဆန်မနေတော့ဘဲ သူ့အလုပ်သွားပြန်မလုပ်ခင်မှာ ရွှီချင်းအား သွားပေါ်အောင် ပြုံးပြလိုက်လေသည်။
နေ့လည်ခင်း၌ ရှဲ့ယွီက ဝူအိမ်သို့ တစ်ခုခုကို ပို့ပေးပြီး ပြန်လာခဲ့ရာ အိမ်အပြန်လမ်းတွင် အမွှေးထူထူ အသားမည်းမည်း လက်ကြီးကြီးတစ်စုံက ရုတ်ချည်း သူ့ပါးစပ်နှင့် နှာခေါင်းကို ပိတ်၍ ဆွဲခေါ်သွားလေ၏။ အနီးရှိအိမ်တစ်အိမ်ဆီသို့ ဆွဲခေါ်သွားခံရရင်း သူ့အရှေ့၌ ခြံဝင်းတံခါး တင်းတင်းကျပ်ကျပ်ပိတ်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရပေသည်။
xxx
ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
လင်းဖန်းလျန်က မာဖူကွေ့ကိစ္စကို အားလုံးအခြေကျသွားသည်အထိ စောင့်ဆိုင်းပြီးနောက် သူ့ပစ္စည်းများကို စိတ်အားထက်သန်စွာ ထုပ်ပိုးပြီး အဒေါ်ရှဲ့အိမ်ဆီသို့ မြည်းလှည်းနှင့် အပြေးသွားတော့သည်။ "အာ သမားတော်လင်း ဝင်လာပါ! ဝင်လာ!"
ဦးလေးရှဲ့က လင်းဖန်းလျန်အား အပြုံးဖြင့် နှုတ်ဆက်ပြီး တံခါးဖွင့်ပေးကာ ခြံဝင်းထဲသို့ အမြန်ဖိတ်ခေါ်လိုက်သည်။ လင်းဖန်းလျန်က သူ့ကိုယ်ပေါ်ဆွဲထားတဲ့ ဆေးသေတ္တာကို ပုတ်ပြကာ တည်ငြိမ်အေးဆေးသည့်နှယ် ဟန်ဆောင်လျက် "ကျွန်တော်က ရှဲ့ကောအာ အပြည့်အဝ နေပြန်ကောင်းလာပြီလားဆိုတာ လာစစ်ဆေးပေးတာပါဗျာ။ ဦးလေးတို့ကို အနှောင့်အယှက်မပေးမိပါဘူးနော်?"
ဦးလေးရှဲ့က လင်းဖန်းလျန်ကို စူးစိုက်ကြည့်ရင်း "မင်းဘာတွေပြောနေတာတုန်း? ငါတို့က ကျေးဇူးမသိတတ်တဲ့သူတွေမို့လို့လားကွာ? မြန်မြန်လာ ဝင်လာခဲ့!"
လင်းဖန်းလျန် ဆေးသေတ္တာကို အောက်ချကာ ထိုင်လိုက်ပြီး သာမန်ကာလျှံကာ လှည့်ပတ်ကြည့်သော်လည်း သူတွေ့ချင်နေတဲ့သူကို မတွေ့ရသဖြင့် စိတ်ဓာတ်အနည်းငယ်ကျသွားသလို ခံစားလိုက်ရ၏။ "ဦးလေးရှဲ့ အိမ်မှာတစ်ယောက်တည်းရှိနေတာလား?"
"အင်းလေ ဟုတ်တယ်။ အဒေါ်ရှဲ့က ဝေ့မိသားစုဆီသွားလည်တယ်။ ရှဲ့ကောအာကတော့ ဝူမိသားစုဆီ မနေ့က သူချေးငှားထားတဲ့ပစ္စည်းကို သွားပြန်ပေးနေတာလေ။ မင်းလာမယ်မှန်းသာသိရင် သူတို့ကို ပေးမသွားပါဘူးကွာ! ရေသောက်လိုက်ဦး" ဦးလေးရှဲ့လည်း လင်းဖန်လျန်အရှေ့မှာ လက်ဖက်ရည်တစ်ခွက်ချပေးရင်း ပြောလိုက်သည်။
ရှဲ့ယွီပြန်ရောက်လာသည့်အချိန်၌ သူတို့ထိုင်နေသည်မှာ သိပ်မကြာသေးချေ။ လင်းဖန်းလျန်မှာ ရှဲ့ယွီအား တွေ့လိုက်သည်နှင့် ချက်ချင်းပင် မတ်တပ်ထရပ်ကာ "ဘာဖြစ်လို့လဲ? မင်း ဘာလို့ ဒီလောက်ဖြူဖျော့နေရတာလဲ?"
ရှဲ့ယွီလည်း သူ့အိမ်၌ လင်းဖန်းလျန်ကို တွေ့လိုက်ရမည်လို့ မမျှော်လင့်ထားခဲ့ချေ။ သူအပြုံးတစ်ခုကို ညှစ်ထုတ်ကာ ပြောလိုက်၏။ "သမားတော်လင်းရေ ဘာမှမဖြစ်ပါဘူးဗျာ။ ကျွန်တော် လမ်းမြန်မြန်လျှောက်လာလို့ ဖြစ်မယ်"
ရှဲ့ယွီက ဦးလေးရှဲ့ရဲ့ စိုးရိမ်ပူပန်နေတဲ့ အမူအရာကို တွေ့လိုက်ရ၍ ဆက်ပြောလာခဲ့သည်။ "အဖေ ကျွန်တော်အဆင်ပြေပါတယ်။ နည်းနည်းပင်ပန်းနေလို့ ခဏလောက် နားချင်တယ်" ရှဲ့ယွီက ပြောပြီးသည်နှင့် ခေါင်းငုံ့ကာ သူ့အခန်းဆီသို့ တည့်တည့်သွားလိုက်ပေမယ့် ခြေလှမ်းတွေမှာ အနည်းငယ် တုန်ယင်နေလျက်။
လင်းဖန်းလျန်မှာ ကျင့်ဝတ်တွေကို ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့လှမ်းကာ ရှဲ့ယွီရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပေမယ့် ရှဲ့ယွီက သူ့လက်ကို ချက်ချင်းပင် ခါထုတ်ပစ်ကာ "ငါ့ကိုလွှတ်!"
ထိုအသံမှာ ကျယ်လောင်သလို အလောတကြီးဖြစ်ဟန် ထိတ်လန့်ကြောက်ရွှံ့မှုနှင့်ပြည့်နေခဲ့သဖြင့် လင်းဖန်းလျန်ရော ဦးလေးရှဲ့ပါ လန့်ဖျပ်သွားရ၏။ တစ်ခုခုတော့ မှားနေပြီ!
ရှဲ့ယွီလည်း သူ့တုံ့ပြန်မှုလွန်သွားသည်ကို သိသဖြင့် အရာအားလုံးကို မြင်နိုင်ပုံပေါ်တဲ့ လင်းဖန်းလျန်ရဲ့ အကြည့်ဆီမှ အလျင်စလို ရှောင်လိုက်လေသည်။ "ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ နည်းနည်းမသက်မသာဖြစ်နေလို့... ကျွန်တော်... ကျွန်တော်တောင်းပန်ပါတယ်။"
ဦးလေးရှဲ့လည်း ဤကဲ့သို့သော ကသိကအောက်အခြေအနေကို ထိန်းသိမ်းရန် အလျင်စလို ရှေ့တက်လာခဲ့၏။ "ငါတောင်းပန်ပါတယ်ကွာ။ ရှောင်ယွီက နေသိပ်မကောင်းလို့ သူ့လေသံက နည်းနည်းပြင်းထန်နေတာပါ။ စိတ်မရှိပါနဲ့ စိတ်မရှိပါနဲ့ကွာ။"
လင်းဖန်းလျန်က ရှဲ့ယွီအား အနီးကပ်စိုက်ကြည့်၍ "ကျွန်တော်က သမားတော်တစ်ယောက်ပါ! မင်းနေမကောင်းလို့ရှိရင် မင်းကိုကြည့်ပေးဖို့ ကိုယ့်မှာတာဝန်ရှိတယ်" ရှဲ့ယွီမှာ လင်းဖန်းလျန်ရဲ့ ပြင်းပြတဲ့အကြည့်တွေကို မခံနိုင်တော့ဘဲ သူ့ခေါင်းကို လှည့်လိုက်ကာ "အရမ်းကြီးကြီးမားမားမဟုတ်လို့ ခင်ဗျားကို ဒုက္ခပေးစရာမလိုပါဘူးဗျာ"
"ဒါပေမယ့် မင်းကို ဒီလိုမြင်နေရတာ ကိုယ်အရမ်းစိုးရိမ်တယ်လေ!"
လင်းဖန်းလျန်ရဲ့ ခိုင်မာပြီး စိုးရိမ်နေတဲ့ လေသံကြောင့် ရှဲ့ယွီကို အံ့သြစေရုံသာမက ဦးလေးရှဲ့ကိုပါ ကြောင်အသွားစေ၏။
တစ်ဖက်တွင်တော့ ရွှီချင်းအိမ်မှ ယခုလေးတင်ပြန်ရောက်လာသော အဒေါ်ရှဲ့က တော်တော်လေးကို တည်ငြိမ်နေခဲ့သည်။ ဒီကလေးက သူ့သားအပေါ်မှာ ခံစားချက်ရှိနေတာကို သူသိပြီးသားဖြစ်ပေမယ့် ဒီအချိန်မှာ ဒီလိုမျိုး တိုက်ရိုက် ရဲရဲဝံ့ဝံ့ ပြောလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ပေ။
လင်းဖန်းလျန်သည် ရှဲ့ယွီရဲ့ ဖြူဖျော့ဖျော့ မျက်နှာလေးကို ကြည့်ကာ ပြောလာ၏။ "ကိုယ် မင်းကို စိတ်ပူလို့ပါ၊ တစ်ချက်လောက် စမ်းသပ်ခွင့်ပေးနော်၊ ဟုတ်ပြီလား?" သူက ရှဲ့ယွီလက်ကို ညင်သာစွာ ကိုင်လျက် သွေးခုန်နှုန်းစမ်းသပ်လိုက်ပေသည်။
အဒေါ်ရှဲ့လည်း သွေးခုန်နှုန်းစမ်းသပ်မည့်အကြောင်းကြားတော့မှ အမြန်ရှေ့ကို ပြေးလာကာ "ဘာဖြစ်လို့လဲ? မင်းနေမကောင်းဘူးလား? မင်းရဲ့အသားအရေက ဆိုးရွားနေပုံပဲ!" ထိုမှသာ ရှဲ့ယွီလည်း သူ့လက်ကို လင်းဖန်းလျန်ကိုင်ထားမှန်း သဘောပေါက်သွားကာ အလျင်စလို အားသုံး၍ ပြန်ဆွဲယူလိုက်၏။ "ဘာမှမဖြစ်ပါဘူးဗျာ။ ကျွန်တော် လမ်းမြန်မြန်လျှောက်လာမိလို့ပါပဲ။ ဘာမှမဖြစ်ဘူး"
အဒေါ်ရှဲ့က သူ့စကားတွေကို မယုံကြည်ဘဲ လင်းဖန်းလျန်ကို စိုးရိမ်စွာ မေးလိုက်ရာ လင်းဖန်းလျန်က ပြောလာခဲ့၏။ "မင်းရဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာပြီဆိုပေမယ့် မင်းရဲ့ နှလုံးခုန်နှုန်းက နည်းနည်းမြန်နေတယ်။ မင်း တစ်ခုခုကို ထိတ်လန့်နေတာလား?"
ရှဲ့ယွီရဲ့လက်မှာ တင်းကျပ်သွားပေမယ့် သူစကားမပြောခင်မှာပဲ ဦးလေးရှဲ့က လင်းဖန်းလျန်အား ရိုက်ကာ အန္တရာယ်ရှိသည့်လေသံဖြင့် ပြောလာခဲ့သည်။ "ထိတ်လန့်စေတယ်? မင်းရဲ့စကားက ငါတို့ကို လန့်စေတာကွ! လာခဲ့ စကားကောင်းကောင်းပြောကြရအောင်!" ဦးလေးရှဲ့သည် ထိုသို့ပြောကာ လင်းဖန်းလျန်ကို ခြံဝင်းအပြင်ဆီ ဆွဲထုတ်သွားတော့သည်။
အဒေါ်ရှဲ့က ရှဲ့ယွီရဲ့နဖူးလေးကို သူ့လက်နဲ့ထိလိုက်ပြီး "တော်ပါသေးရဲ့ အဖျားတော့မရှိဘူးပဲ။ ခဏလောက် အနားယူလိုက်ဦး။ မင်းရဲ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းမလာသေးဘူးလေ" ရှဲ့ယွီလည်း အသံတိတ် ခေါင်းညိတ်ပြလိုက်၏။ သူ့စိတ်တွေ လုံးဝကို ဖရိုဖရဲဖြစ်နေလေပြီ၊ သူစိတ်တည်ငြိမ်ဖို့လိုနေပြီ။
***
ညနေခင်းရောက်တော့မည်ဆိုသော်လည်း အပြင်ဘက်၌ လင်းချင်းနေဆဲ။ ရာသီဥတုမှာ ပူပြင်းသထက် ပူပြင်းလာခဲ့ပြီး ညအချိန်မှာ နောက်ကျလာခဲ့လျက်။
ရွှီချင်းမှာ ကြက်ခြံထဲသို့ ကြက်ကလေးတွေကို ပြန်ထည့်နေဆဲ။ သူတို့ရဲ့အိမ်လေးက တောင်ခြေမှာရှိသဖြင့် ဤအချိန် ဤနေရာ၌ တောရိုင်းတိရစ္ဆာန်တွေ အများကြီးရှိလေသည်။ သူတို့အိမ်အနောက်ဘက်ရှိ တောင်တွေအကြောင်း စဥ်းစားကြည့်မိသည့်အခါတွင် တောရိုင်းယုန်သားကို အာသီသပြင်းပြလာသလို ခံစားလိုက်ရ၏။
သည်ရက်တွေထဲမှာ သူတို့က ငါး၊ ဟင်းရွက်ချဥ် ဒါမှမဟုတ် ဝက်သားကိုသာ စားခဲ့ရသည်။ သူတို့ရဲ့ဘဝမှာ တခြားသူတွေထက် တကယ်ပင် ပို၍သက်တောင့်သက်သာရှိသော်လည်း အရသာရှိလှတဲ့ တောရိုင်းယုန်သားကို စားဖူးတဲ့လူအတွက်ကတော့ တသသဖြစ်နေဆဲပင်။
လီချန်ဖုန်းက လော့ကျောင်းမှာထားတဲ့ မှန်တင်ခုံကို ပြီးစီးသွားပြီဖြစ်၍ "ကိုယ် ကျန်းမိသားစုဆီ သွားပို့လိုက်ဦးမယ်နော်" လော့ကျောင်းခင်ပွန်းရဲ့ မျိုးရိုးအမည်မှာ ကျန်းဖြစ်ကာ သူ့နာမည်က ကျန်းမင်ဖြစ်၍ သူတို့က ရွာအလယ်ခေါင်မှာ နေထိုင်တာဖြစ်သည်။
"သွားလေ၊ မြန်မြန်ပြန်လာဦးနော်" ရွှီချင်းက သစ်ကိုင်းခြောက်တစ်ခုကို ဟိုရွှေ့သည်ရွှေ့လုပ်နေရာ လိုက်လံခုန်ပေါက်နေတဲ့ ရှောင်ပေါင်နဲ့ ဆော့ကစားနေလျက်။ ရွှီချင်းမှာ မော့ပင်မကြည့်ဘဲ ပြောလိုက်သဖြင့် လီချန်ဖုန်းမှာ မကျေမနပ်ဖြစ်သွားရ၏။
ဒီခွေးပေါက်သေးသေးလေးက သူ့ထက်တောင် ပိုပြီးဆွဲဆောင်မှုရှိနေလို့လား?!
လီချန်ဖုန်းက ခြေလှမ်းကျဲကြီးဖြင့် ရှေ့တိုးလာကာ ရွှီချင်းအား အနောက်ဘက်မှ ပွေ့ဖက်ပစ်လိုက်သည်။ ထိုအခါမှ ရွှီချင်းက သူ့ခေါင်းကိုလှည့်လာသည့်အခါ လီချန်ဖုန်းလည်း သူ့နဖူးလေးကို အနမ်းပေးလိုက်တော့သည်။
"ကိုယ်သွားတော့မယ်"
"ဒီလူကတော့..." ရွှီချင်းက နမ်းသွားတဲ့ သူ့နဖူးလေးကို ထိလိုက်ကာ ကြမ်းပြင်ပေါ်၌ ဇဝေဇဝါဖြစ်နေတဲ့ ရှောင်ပေါင်လေးကို ကြည့်၍ မရယ်မောဘဲ မနေနိုင်တော့။ ထို့ကြောင့်ပင် ရှောင်ပေါင်ရဲ့ မျက်လုံးထဲမှာ ပိုလို့တောင် ဇဝေဇဝါဖြစ်သွားစေလျက်။ သူ့ပိုင်ရှင်က ဘာလို့ရယ်နေတာလဲဟ?
လီချန်ဖုန်းသည် သူ့လက်ထဲတွင် မှန်တင်ခုံကို သယ်ကာ ရွာတစ်လျှောက် လျှောက်လာသည့်အခါ အိမ်ပြန်လာကြပြီဖြစ်တဲ့ ရွာသားတွေက စူးစမ်းလိုစိတ်နှင့် ကြည့်နေကြ၏။ ရွှီချင်းနှင့် လီချန်ဖုန်းတို့သည် ရံဖန်ရံခါ ရှဲ့မိသားစုအိမ်ဆီ လာလည်ကြသည်မှလွှဲ၍ ရွာထဲသို့ လာသည်မှာ ရှားပါးလွန်းလှပေသည်။
လီချန်ဖုန်းက လမ်းတစ်လျှောက် စပ်စုလိုတဲ့အကြည့်တွေကို ရင်ဆိုင်ကာ အပြာရောင်အုတ်အိမ်တစ်လုံးရှေ့တွင် တံခါးခေါက်လိုက်လေသည်။ ဝေ့လောင်အာ့ကို သူအရင်မေးထားပြီးဖြစ်သဖြင့် ရှာရလွယ်သည်မှာ သဘာဝပင်။
ပိန်ပိန်ပါးပါးအမျိုးသားတစ်ယောက်က တံခါးလာဖွင့်ပေးခဲ့သည်။ အကယ်၍ ရွှီချင်းသာ ဤနေရာမှာ ရှိနေခဲ့ပါလျှင် အနှီလူဟာ တစ်ချိန်က လမ်းမှာ သူနဲ့တွေ့တုန်းက သူ့ရုပ်ရည်ကို လှောင်ပြောင်ခဲ့သည့် ခပ်ဝဝတစ်ယောက်နှင့် ခပ်ပိန်ပိန်တစ်ယောက်ထဲမှ တစ်ယောက်ဖြစ်မှန်း သေချာပေါက် မှတ်မိမည်ပင်။
xxx