အပိုင်း ၉၉
Viewers 30k

🍵Chapter 99

- သူတို့ သိသမျှက သူ့ကို အနိုင်ကျင့်ဖို့ပဲ 




အချိန်မနှောင်းခင်မှာပင် လျှိူတုံချန်က ပြတ်ပြတ်သားသား ပြောလာခဲ့သည်။


 "စားဖိုမှူးမုန့်  .... မနေ့က ခင်‌ဗျားခယ်မရဲ့ ဟင်းချက်စွမ်းရည်ကို မြင်လိုက်တယ်မလား .... ကျွန်တော် စိတ်ဆိုးပြီး ပြောတာတော့မဟုတ်ဘူး ... ဒါပေမယ့် ကျွန်တော်တို့စားသောက်ဆိုင်မှာ ချက်ပြုတ်ဖို့က အဲလောက်အဆင့်နဲ့ အဆင်မပြေနိုင်ဘူး ... "


စားဖိုမှူးမုန့်မှာလည်း စိတ်ပျော်နေပုံမရပေ။သူ၏မျက်လုံးများက ဖားတစ်တစ်ကောင်သဖွယ် ပြူးထွက်နေခဲ့ပြီး တစ်စုံတစ်ရာ အသံမပြုခဲ့ချေ။


မုန့်ချင်းချင်းမှာလည်း သူမ၏ အမေဖြစ်သူကို လှမ်းကြည့်လိုက်၏။


အဒေါ်ကြီးမှာလည်း လျှိူတုံချန်၏ စကားဆုံးသွားချိန်တွင် ရှက်ရွံ့နေဟန်ဖြင့် နှုတ်ဆိတ်နေခဲ့သည်။


လျှိူတုံချန်မှာ သူတို့၏ တုံ့ပြန်မှုအား စိတ်ကျေနပ်အားရသွားပြီး ဆက်လက်ပြောကြားလာတော့သည်။


" စားဖိုမှူးမုန့် ... ခင်‌ဗျားနေရာမှာ အစားထိုးဖို့ တစ်ယောက်ယောက်ကို ရှာမတွေ့ဘူးဆိုရင် မတတ်သာတဲ့အဆုံး ကျွန်တော် တစ်ယောက်ယောက်ကို စီစဉ်ပေးရလိမ့်မယ် ... "


စားဖိုမှူးမုန့်ခမျာ ပိုလို့ပင် စိတ်ညစ်ညူးသွားလေ၏။

ချက်နိုင်ပြုတ်နိုင်သူကို ရှာဖွေရသည်မှာ လွယ်ကူနိုင်သော်လည်း အရသာရှိစွာချက်ပြုတ်နိုင်သူကို ရှာဖွေရသည်မှာတော့ ခက်ခဲလွန်းသည်။

လျှိူတုံချန်သည် အခြေအနေများကို ဗရမ်းဗတာဖြစ်မလာစေနိုင်ဟုလည်း မဆိုနိုင်ပေ။


လျှိူတုံချန်၏ နှုတ်ခမ်းများက အနည်းငယ်ကွေးညွှတ်သွားပြီး သူသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သည့်ပုံစံပင်။


" ကျုပ်အစ်မမှာ စားဖိုမှူးလိုင်စင်မရှိပေမယ့် သူ ချက်တာပြုတ်တာက အရသာရှိတယ် ... ဒီကာလအတွင်း ခင်ဗျားနေရာမှာ သူ့ကို အစားထိုးပေးသင့်တယ်မလား ...  ဘယ်လိုသဘောရလဲ စားဖိုမှူးမုန့် ... "


" ကျုပ်ကို ငတုံးကောင်လို့ မြင်နေတာလား ... "

နောက်ဆုံးတွင် စားဖိုမှူးမုန့်က အသံထွက်လာခဲ့သည်။သူသည် လက်ရှိအချိန်တွင် အနည်းငယ် တုန်ယင်နေလေ၏။


ထိုအခါ လျှိူတုံချန်က နှုတ်ဆိတ်နေလျက် စားဖိုမှူးမုန့်အား စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေခဲ့သည်။ 


" ဒါဆို ခင်‌ဗျားအကြံက ဘာလဲ ... ဖြေရှင်းချက်တစ်ခုလိုတယ် ... "


လျှိူတုံချန်မှာ စားဖိုမှူးမုန့်နှင့်ဆက်ဆံရေးတွင် အဖုအထစ်များ ဖြစ်လာမည်ကို မလိုလားပေ။သို့သော်လည်း သူသည် စားသောက်ဆိုင်ကို တာဝန်ယူထားရသူတစ်ဦးဖြစ်သည်။စားဖိုမှူးမုန့်သာ ပြဿနာမရှိလျှင် လုပ်ဆောင်သင့်သည်ကို ဆက်လက်လုပ်ဆောင်ရပေမည်။


စားဖိုမှူးမုန့်မှာမူ အလွန်စိတ်အနှောက်အယှက်ဖြစ်နေပုံရလေ၏။

လျှိူတုံချန်သည် သူ၏ အစ်မဖြစ်သူအား အစိုးရပိုင်စားသောက်ဆိုင်သို့ အမြဲတစေခေါ်ယူချင်နေခဲ့သည်။ဒဏ်ရာကြောင့်သာ စားဖိုချောင်နေရာကို သိမ်းပိုက်ခွင့်ပေးလိုက်ပါက ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားနိုင်သည်။လျှိူတုံချန်သည် ဉာဏ်နီဉာဏ်နက်များတတ်သဖြင့် ၆လ နောက်ပိုင်းတွင် အလုပ်ရာထူး ပြန်မရတော့မည်ကို စားဖိုမှူးမုန့် စိုးရိမ်နေရှာသည်။


လေထုမှာ တင်းမာနေလေ၏။

မုန့်ချင်းချင်းတို့သားအမိမှာ နှုတ်ဆိတ်နေကြပြီး ထန်ရှောင်ယန်ကတော့ စိတ်ကျေနပ်နေပုံပင်။


လျှိူတုံချန်သည် စားဖိုမှူးမုန့်နှင့် သူ၏ဆက်ဆံရေးကို ယခုအချိန်တွင် ပိုမိုဆိုးရွားမသွားစေလိုပါ။


" ကျုပ် ခင်ဗျားကို နောက်ထပ်တစ်ရက်ပေးမယ် စားဖိုမှူးမုန့် ... အစားထိုးဖို့ တစ်ယောက်ယောက်ကို ရှာမတွေ့သေးရင် ကျုပ်သဘောအတိုင်းပဲ စီစဉ်ရလိမ့်မယ် ... "


ထိုသို့ပြောပြီးနောက် လျှိူတုံချန်သည် ကောင်းဝေ့ဖျင်နှင့်အတူ တစ်နေ့တာအတွက် ပါဝင်ပစ္စည်းများကို သွားရောက်ဝယ်ယူရန် ပြင်ဆင်တော့လေသည်။


ကောင်းဝေ့ဖျင်က စားဖိုမှူးမုန့်ကို တစ်ချက်ကြည့်လာခဲ့သည်။စားဖိုမှူးမုန့်မှာ စိတ်ထဲမကောင်းသော်လည်း ကောင်းဝေ့ဖျင်အား ခေါင်းညိတ်ပြလိုက်လေ၏။


ယင်းနောက်တွင် ကောင်းဝေ့ဖျင်သည်လည်း လျှိူတုံချန်၏အနောက်သို့ လိုက်သွားခဲ့သည်။


ထုံရွှယ်လူထွက်သွားသည်မှာ တစ်ပတ်ကျော်သာရှိသေးသော်လည်း အလုပ်ခွင်တွင် အခြေအနေများစွာ ပြောင်းလဲသွားလေပြီ။စားဖိုမှူးမုန့်မှာ သူမ မထွက်ခွာသွားမီတွင် ခြေလက်အကောင်းပတိအတိုင်း ရှိနေခဲ့သေးသည်။


" ကျွန်မ အမှားပါ အစ်ကိုကြီးရယ် ... ကျွန်မရဲ့ ဟင်းချက်စွမ်းရည်က အစ်ကိုကြီးကို ကူညီဖို့ အရမ်းညံ့လွန်းတယ် ... "

မုန့်ချင်းချင်း၏ မိခင်က သူမဘာသာသူမ အပြစ်တင်လာလေ၏။


" နင့်အပြစ်မဟုတ်ပါဘူးဟာ ... ရဲဘော်ထုံလည်းပြန်ရောက်လာပြီ ... ချင်းချင်းကိုခေါ်ပြီး အိမ်ပြန်တော့ ...  "


" ဒါဆို ဦးလေးက ဘာဆက်လုပ်မှာလဲဟင် ..."


မုန့်ချင်းချင်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

သူမ၏အမေမှာ အိမ်တွင် ထမင်းဟင်းချက်ပြုတ်နေကျသူဖြစ်သည်။သူမသည်လည်း အနည်းငယ်ချက်ပြုတ်တတ်သော်လည်း အချက်အပြုတ်စွမ်းရည်မှာ သူမ၏ အမေထက်ပင် ပိုမိုဆိုးရွားနေသေးသည်။


စားဖိုမှူးမုန့်က နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားပြီး မည်သည်ကိုမှ မပြောပေ။

ယခုအချိန်တွင် ရွေးစရာလမ်းမရှိတော့ဘဲ  သူသည် လျှိူတုံချန်၏ စီစဉ်မှုအတိုင်း လိုက်လျောလိုက်ရတော့ပေမည်။

သို့သော်လည်း စားဖိုမှူးမုန့်မှာ ထိုအတွေးကို မနှစ်မြို့ရှာပေ။သူ၏ ရင်ဘတ်ထဲ၌ မသက်မသာခံစားနေရပြီး ယင်းခံစားချက်များအား ပျောက်ကွယ်သွားအောင်လည်း မစွမ်းနိုင်ခဲ့ချေ။


ထန်ရှောင်ယန်မှာ အဖြစ်အပျက်မှန်သမျှကို ရပ်ကြည့်နေခဲ့သည်။သူမသည် တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း မပြုခဲ့သော်လည်း ဝမ်းသာနေပုံရလေ၏။


မုန့်ချင်းချင်း ထွက်ခွာသွားလုဆဲဆဲတွင်မူ ထုံရွှယ်လူက အကြံပြုလာခဲ့တော့သည်။


" စားဖိုမှူးမုန့် ... ကျွန်မ ချက်ပြုတ်တာက အဆင်ပြေမယ်လို့ထင်တယ် ... စိတ်မရှိဘူးဆိုရင် ကျွန်မ လူစားလဲပေးနိုင်တယ် ... "

 

သူမ အကူအညီလိုခဲ့စဉ်က စားဖိုမှူးမုန့်မှာ ရွာသို့ တကူးတကပြန်သွားပြီး မုန့်ချင်းချင်းအား ခေါ်ဆောင်လာပေးခဲ့သည်။


ထိုအကူအညီကြောင့်သာ မဟုတ်လျှင် သူမ၏ နေရာကို ကူညီတာဝန်ယူပေးမည့်သူ ရှိနိုင်ခဲ့‌မည်မဟုတ်ချေ။


ထုံရွှယ်လူ၏ စကားကြောင့် အားလုံး အံ့ဩသွားကြသည်။


ဦးစွာ အသိစိတ်ပြန်ဝင်လာသူမှာ ထန်ရှောင်ယန်ပင်။သူမက ထုံရွှယ်လူ့အား အထင်အမြင်သေးဟန်ဖြင့် ဆိုလာခဲ့လေ၏။


" တချို့သူတွေက တကယ်ကို နားမလည်နိုင်ကြသေးဘူးပဲ ... ဟင်းချက်တာက တံမြက်စည်းလှည်းတာလောက် ရိုးရှင်းတယ် ထင်နေတာလား ... ဒီအဒေါ်ကြီးဆို သူ့ဘဝတစ်လျှောက်လုံး ချက်ပြုတ်လာခဲ့တာပဲ ... အဲဒါတောင် လိုအပ်နေသေးတုန်း ... နင်က သူ့ထက် ပိုကောင်းအောင်လုပ်နိုင်မယ် ထင်နေတာလား ... "


စားဖိုမှူးမုန့်သည်လည်း ထုံရွှယ်လူ လုပ်နိုင်မည်ဟု မထင်သည်မှာ သိသာပေသည်။

" ရဲဘော်ထုံ တွေးပေးတာကို ကျေးဇူးတင်ပါတယ် ... ဒါပေမယ့် အစားအသောက်ကို အရသာရှိအောင် ချက်ရပြုတ်ရတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး ... "


ထုံရွှယ်လူသည် ထန်ရှောင်ယန့်ကို ပြန်လည်တုံ့ပြန်နေရန် စိတ်မဝင်စားပေ။


" ဒီလိုလုပ်လေ စားဖိုမှူးမုန့် ... ကျွန်မ အခု ဟင်းပွဲတစ်ပွဲ အစမ်းချက်ပြမယ် ... စားဖိုမှူးမုန့် သဘောတွေ့တယ်ဆိုရင် ကျွန်မ လူစားလဲပေးမယ် ... မဟုတ်ရင်တော့ ကျွန်မ ဘာမှ မပြောတော့ဘူး ... "


ထိုအခါ စားဖိုမှူးမုန့်က ခေတ္တ စဉ်းစားပြီး နောက်ဆုံး၌ ထုံရွှယ်လူ၏ အဆိုကို သဘောတူလိုက်တော့သည်။

ပထမဆုံးအနေဖြင့် ထုံရွှယ်လူမှာ သူ့ကို ကူညီရန် ကြိုးစားနေသည်ကို စားဖိုမှူးမုန့် နားလည်သည်။ထို့ကြောင့်ပင် စားဖိုမှူးမုန့်က ငြင်းပယ်မှု မပြုခဲ့ခြင်းပင်။

ထို့ပြင် ဤသည်မှာ ဟင်းပွဲချက်ပြုတ်ရုံမျှသာ ဖြစ်ပြီး မည်သူ့အပေါ်ကိုမှလည်း ထိခိုက်မှုရှိမလာနိုင်ပါ။


စားဖိုမှူးမုန့်၏ ခွင့်ပြုချက်ဖြင့် တစ်ဖွဲ့လုံး စားဖိုချောင်ထဲသို့ ဝင်သွားကြသည်။လျှိူတုံချန်သည် ဟင်းချက်စရာများ ဝယ်ခြမ်းနေဆဲဖြစ်ပြီး မီးဖိုချောင်ထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များသာ ကျန်ရှိတော့လေ၏။


ကန့်သတ်ထားသော ဟင်းချက်စရာများဖြင့် အရသာရှိသောဟင်းလျာ ချက်ပြုတ်ရန်မှာ လွယ်ကူသော ကိစ္စရပ်မဟုတ်ချေ။

မီးဖိုချောင်ထဲ၌ ပါဝင်ပစ္စည်းများ ရှားပါးနေသည်ကို တွေ့သောအခါ စားဖိုမှူးမုန့်က အကြံပြုလာခဲ့သည်။


" တခြား ပစ္စည်းတွေလည်း စုံသွားအောင် ခဏလောက် စောင့်ပါဦးလား ... "


သို့သော်လည်း ထုံရွှယ်လူက စားဖိုမှူးမုန့်၏ အကြံပြုချက်ကို ငြင်းဆိုလိုက်လေသည်။

" ဒီလောက်ဆိုရပါတယ် ... ကျွန်မ ဆီချက်ခေါက်ဆွဲ အစမ်းလုပ်ပြမယ် ... "


' ဆီချက်ခေါက်ဆွဲ ' ဟူသော ဟင်းလျာအား ထို‌ကာလတွင် မည်သူမှ အကျွမ်းတဝင်မရှိကြသေးပေ။

တံခါးနားမှ ခိုးနားထောင်နေသော ထန်ရှောင်ယန်သည် ထိုစကားကို ကြားသောအခါ ရုတ်ချည်းပင် ပြက်ရယ်ပြုလာတော့လေ၏။


" ဆီချက်ခေါက်ဆွဲတဲ့လား ... ဘယ်လိုလုပ် အရသာရှိမှာလဲ ...ဆီလေး လောင်းထည့်လိုက်တာနဲ့ ဟင်းပွဲဖြစ်သွားရောလား ... အရမ်းရယ်စရာကောင်းတာပဲ ... "


ထိုအခါ ထုံရွှယ်လူက ထန်ရှောင်ယန်ကို အေးစက်စွာကြည့်လိုက်တော့လေသည်။

" ပါးစပ်ပိတ်ပြီး စောင့်ကြည့်နေ ... ငါချက်ပြီးရင် နင့်ကို လုံးဝ မကျွေးဘူး ... "


" ငါကရော စားမယ်ထင်နေတာလား ... ခြေထောက်ဖက်ပြီး စားပါပြောတောင် မစားဘူး ... "


ထိုအချိန်တွင် စားဖိုမှူးမုန့်က ထန်ရှောင်ယန့်ကို လှည့်ကြည့်ပြီး အော်ပြောလိုက်တော့သည်။

" မီးဖိုချောင်ထဲက ထွက်သွား ... "


ထန်ရှောင်ယန်မှာ ဒေါသချောင်းချောင်းထွက်သွားပြီး သွေးဆောင့်တိုးချင်သလိုလိုပင်ဖြစ်လာသည်။ယင်းနောက်တွင် သူမက ခြေဆောင့်နင်းပြီး သန့်ရှင်းရေးလုပ်ရန် အပြင်ထွက်သွားတော့လေ၏။


မုန့်ချင်းချင်းတို့သားအမိမှာလည်း စားဖိုချောင်ထဲတွင် အကူအညီမဖြစ်နိုင်သောကြောင့် အပြင်သို့ထွက်ကာ ထုံရွှယ်လူ၏ သန့်ရှင်းရေးအလုပ်များကို ကူညီပေးနေခဲ့သည်။ထို့ကြောင့်ပင် ထုံရွှယ်လူတစ်ယောက် ဟင်းလျာချက်ပြုတ်နိုင်ရန် အချိန်ကောင်းကောင်းရခဲ့လေ၏။


မီးဖိုချောင်ထဲတွင် အခြားပါဝင်ပစ္စည်းများမရှိသော်လည်း မုန့်ညက်ပြတ်လပ်မှုမရှိချေ။ထို့အပြင် ခေါက်ဆွဲပြုလုပ်ရန် အလွန်သင့်လျော်သော ဂျုံမှုန့်လည်း လုံလုံလောက်လောက်ရှိသည်။


ထုံရွှယ်လူသည် ဂျုံမှုန့်ထဲသို့ ကြက်သီးနွေးဆားငံရည် ရောစပ်ကာ စက်လုံးတစ်ခုဖြစ်အောင် ရောသမမွှေလိုက်သည်။ အဆင်သင့်ဖြစ်သွားသောအခါ မုန့်ညက်အပေါ်မှ ဆီစွတ်လိုက်ပြီး ထို့နောက်တွင် စည်ပိုင်းအောက်၌ နာရီဝက်ခန့်ကြာအောင် နှပ်ထားလိုက်သည်။

မုန့်သားပွလာမည်ကို စောင့်ဆိုင်းနေစဉ်တွင် ထုံရွှယ်လူသည် ဂျင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပြီး ခေါက်ဆွဲနှစ်ကို ပြင်ဆင်တော့လေ၏။


မုန့်သားပွသွားသောအခါတွင် မု့န်ညက်အား သေးငယ်သော အပိုင်းများ လှီးဖြတ်ကာ ၎င်းတို့အပေါ်မှ တစ်ဖန် ဆီသုတ်ထားလိုက်သည်။ခေါက်ဆွဲပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရေဆူလာသောအခါ ထုံရွှယ်လူက မုန့်ညက်များအား စတင်နန်းဆွဲတော့လေသည်။


လက်လုပ်ခေါက်ဆွဲပြုလုပ်ရာတွင် ကျွမ်းကျင်မှုများစွာ လိုအပ်ပြီး ထူလွန်း ၊ ပါးလွန်းသွားပါက ခေါက်ဆွဲ၏ အရသာကို ထိခိုက်စေနိုင်သည်။


မည်သို့ပင်ဆိုစေကာမူ ထုံရွှယ်လူ ၏လုပ်ဆောင်ချက်များက အလွန်သေသပ်ပြီး ခေါက်ဆွဲအားလုံးမှာ ပြီးပြည့်စုံသော အရွယ်အစားများဖြင့် ထွက်လာကြသည်။


ထုံရွှယ်လူ ခေါက်ဆွဲလုပ်နေသည်ကို မြင်သောအခါ စားဖိုမှူးမုန့်တစ်ယောက် အံ့အားသင့်သွားသည်။

သူမသည် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားလေ၏။


ထုံရွှယ်လူ့ထံတွင် အချက်အပြုတ်စွမ်းရည်ရှိလိမ့်မည်ဟု စားဖိုမှူးမုန့် ထင်မထားခဲ့ပေ။အစမ်းချက်ပြုတ်နိုင်သည်ဟု ပြောခဲ့သော်လည်း ကြီးကြီးမားမား မျှော်လင့်ထားသည်မျိုးတော့ မရှိခဲ့ချေ။


ခေါက်ဆွဲများ ကျက်ခါနီးတွင် ထုံရွှယ်လူက အဆင်သင့်ပြင်ဆင်ထားခဲ့သော အသီးအရွက်များကို ထည့်လိုက်သည်။

ဂျုံခေါက်ဆွဲပေါ်တွင် ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ ဂျင်းများရှိနေပြီး ထုံရွှယ်လူက အပေါ်မှ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးလိုက်လေ၏။

နောက်ဆုံးအနေဖြင့် အပေါ်မှ ဆီချက်ပူပူလေး လောင်းထည့်လိုက်သောအခါ စူးရှသော ဆူညံသံများနှင့်အတူ ကျက်သရေရှိသောရနံ့က မီးဖိုခန်းတစ်ခုလုံး ပျံ့နှံ့သွားတော့သည်။


" အနံ့လေးမွှေးနေတာပဲ ... ဘယ်ကလဲဟင် ... "


အပြင်ဘက်တွင် ရှိနေသော မုန့်ချင်းချင်းက သွားရည်ယိုချင်စရာရနံ့အား တိရစ္ဆာန်ငယ်လေးတစ်ကောင်သဖွယ် နှာတရှုံ့ရှုံ့ဖြင့် ရှူရှိုက်ရင်း မေးမြန်းလာခဲ့သည်။


ထိုအခါ မုန့်ချင်းချင်း၏ အမေဖြစ်သူက " မီးဖိုချောင်ထဲက လာတာ ... ရဲဘော်ထုံ ခေါက်ဆွဲချက်ပြီးသွားပြီ ထင်တယ် ... " ဟု ပြန်ဖြေလိုက်လေ၏။


စားသောက်ဆိုင်တစ်ဝိုက် အနံ့အသက်များ ဆက်လက်ပျံ့နှံ့နေခိုက်တွင် အားလုံး ရုတ်တရက် ဗိုက်ဆာလာကြသည်။


" သွားကြည့်ရအောင် အမေ ... "


မုန့်ချင်းချင်းတို့သားအမိက စားဖိုချောင်ဆီသို့ ဦးတည်သွားခဲ့ပြီး အပြင်ဘက်တွင် ထန်ရှောင်ယန် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။