အပိုင်း ၁၀၀
Viewers 30k

🍵Chapter 100

သူတို့ သိသမျှက သူ့ကို အနိုင်ကျင့်ဖို့ပဲ (၂)



နှစ်ယောက်သား မီးဖိုချောင်ထဲရောက်သွားချိန်တွင် စားဖိုမှူးမုန့်သည် သူ၏ ဘယ်ဘက်လက်ဖြင့် ခေါက်ဆွဲများကို ဆယ်ယူရန် ရုန်းကန်နေသည်ကို တွေ့လိုက်ကြရသည်။


စားဖိုမှူးမုန့်မှာ ရုန်းကန်နေရသလောက် စိတ်မရှည်နိုင်တော့ပုံပင်။

သူသည် မုန့်ချင်းချင်းတို့သားအမိ ဝင်ရောက်လာသည်ကို သိရှိသော်လည်း ခေါက်ဆွဲမှလွဲ၍ အခြားအရာများကို အာရုံမစိုက်နိုင်ခဲ့ပေ။


ခေါက်ဆွဲသည် ပြီးပြည့်စုံသော အသွင်အပြင်ရှိပြီး တစ်ချက်ကိုက်လိုက်သည်နှင့် ဟင်းရည်၏ အစပ်အဟပ်မိ‌သောအရသာကို ခံစားရနိုင်သည်။အလွန်ရိုးရှင်းသော ဟင်းလျာဖြစ်သော်လည်း မစားဘဲ မနေနိုင်ချေ။

ချဲ့ကား၍ မဆိုချင်သော်လည်း ဤလို ခေါက်ဆွဲမျိုးသာဆိုလျှင် နောက်ထပ် ၃ပန်းကန်လောက်အထိ စားသုံးနိုင်ပေသည်။


မုန့်ချင်းချင်းတို့ သားအမိကို မြင်သောအခါ ထုံရွှယ်လူက " စားကြည့်ကြဦးမလား ... " ဟု မေးမြန်းလိုက်လေ၏။


" ဟုတ် ... "


မိခင်ဖြစ်သူ ငြင်းဆန်တော့လုဆဲဆဲမှာပင် မုန့်ချင်းချင်းက မဆိုင်းမတွ ခေါင်းညိတ်လိုက်တော့သည်။

အနံ့မွှေးမွှေးနှင့် စွဲမက်ဖွယ်ကောင်းလွန်းသော ခေါက်ဆွဲတစ်ပန်းကန်ကို အဒေါ်ကြီးလည်း မလွန်ဆန်နိုင်ချေ။


ထုံရွှယ်လူသည် မုန့်ချင်းချင်းတို့ကို ခေါက်ဆွဲတစ်ပန်းကန်စီ ပြင်ပေးခဲ့လေ၏။

သားအမိနှစ်ဦးမှာလည်း စားဖိုမှူးမုန့်သကဲ့သို့ပင် ခေါက်ဆွဲအား အငမ်းမရ စားသုံးနေကြတော့သည်။


အပြင်ဘက်မှ ထန်ရှောင်ယန်မှာမူ နှစ်သက်ဖွယ်ကောင်းသော ရနံ့ကြောင့် ရုတ်ချည်း ဆာလောင်လာခဲ့သည်။သူမသည် စားဖိုချောင်ဘက်သို့သာ မရပ်မနား စူးစိုက်ကြည့်နေမိခဲ့လေ၏။

အချိန်အတော်ကြာ အာရုံခံစားပြီးနောက်တွင်မူ ထန်ရှောင်ယန်မှာ အနံ့ကောင်းသည်နှင့် အရသာပါ ကောင်းမွန်နိုင်သည် မဟုတ်ဟု တွေးတောကာ သူမဘာသာသူမ ဖြေသိမ့်လိုက်တော့သည်။


နောက်ဆုံးတွင် စားဖိုမှူးမုန့်သည် သူ၏ဘယ်လက်ကို အသုံးပြု၍ ခေါက်ဆွဲတစ်ပွဲလုံးကို ကုန်အောင် စားနိုင်ခဲ့သည်။ စားဖိုမှူးမုန့် နောက်ထပ် တစ်ပန်းကန်ကို ကိုင်တော့လုဆဲဆဲမှာပင် လျှိူတုံချန်က ပြန်လည်ရောက်ရှိလာတော့လေ၏။


လျှိူတုံချန် ဝင်လာသည်ကိုမြင်သောအခါ စားဖိုမှူးမုန့်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။


လျှိူတုံချန်တစ်ယောက် ဆွံ့အသွားခဲ့လေ၏။

စိတ်ဖိစီးသဖြင့် နေချင်းညချင်း စိတ်ဖောက်သွားပြီလော။

 

ယင်းနောက်တွင် စားဖိုမှူးမုန့်က ထုံရွှယ်လူ့ကို လက်ညိုးထိုးပြလျက် ဆိုလာခဲ့တော့သည်။

" ကျုပ်နေရာကို လူစားဝင်ပေးမဲ့သူ  ရှာတွေ့ပြီ ... " 


" ရဲဘော်ထုံလား ... "


စားဖိုမှူးမုန့်က ထုံရွှယ်လူအား ညွှန်ပြနေသည်ကို တွေ့လိုက်ရသောအခါ လျှိူတုံချန်တစ်ယောက် အံ့အားသင့်သွားခဲ့သည်။  ထို့နောက်တွင်မူ သူ၏မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားကာ " ခင်ဗျား မနောက်စမ်းပါနဲ့ဗျာ ... " ဟူသော အကြည့်ဖြင့် စားဖိုမှူးမုန့်ကို ကြည့်နေခဲ့လေ၏။


သို့သော်လည်း စားဖိုမှူးမုန့်က ဟုတ်မှန်ကြောင်းကို ထပ်မံ အတည်ပြုလာသည်။

" ခင်ဗျားပြောသလိုပဲ ... ကျုပ်နေရာမှာ ရဲဘော်ထုံက အစားဝင်လိမ့်မယ် ... ဒီ ဆီချက်ခေါက်ဆွဲကို သူလုပ်ထားတာ ... ခင်ဗျားကိုယ်တိုင်မြည်းကြည့်လိုက်ဗျာ ... "


 ထုံရွှယ်လူက မဆိုင်းမတွပင် လျှိူတုံချန်အား ခေါက်ဆွဲတစ်ပွဲ အမြန်ကမ်းပေးလိုက်သည်။


အမှန်အတိုင်းပြောရလျှင် လျှိူတုံချန်မှာ ဆိုင်ထဲသို့ စစဝင်လာချင်းကတည်းက သင်းပျံ့သော ရနံ့ကို ခံစားမိခဲ့သည်။၎င်းအစားအစာ၏ ပဲ့ကိုင်ရှင်မှာ ထုံရွှယ်လူဖြစ်နေမည်ကိုတော့ လျှိူတုံချန် မျှော်လင့်မထားခဲ့ပေ။


နီမြန်းနေသောခေါက်ဆွဲကို ကြည့်ရင်း လျှိူတုံချန်က တစ်လုပ်မြည်းစမ်းကြည့်လိုက်သည်။တစ်ကိုက် ကိုက်လိုက်သည်နှင့် သူ၏ နှလုံးသားက ရုတ်ချည်းပင် အခုန်မြန်လာခဲ့တော့သည်။


သူ ရှုံးသွားလေပြီ။


ထုံရွှယ်လူ၏ အချက်အပြုတ်စွမ်းရည်မှာ သူ၏အစ်မပင်မဆိုထားနှင့် စားဖိုမှူးမုန့်ထက်ပင် ပိုမိုသာလွန်နေသေးသည်။


လျှိူတုံချန်မှာ ထုံရွှယ်လူ့ကိုကြည့်ရင်း စိတ်တိုလာတော့လေ၏။

ဤမိန်းမမှာ အဆိုးတကာ့ အဆိုးဆုံးပင်။


နောက်ဆုံးအကြိမ်က သူမသည် စားပွဲထိုးရာထူးကို လုယူခဲ့ပြီး ဤတစ်ကြိမ်တွင်တော့  စားဖိုမှူးရာထူးကို သိမ်းပိုက်ပြန်လေပြီ။

နောက်တစ်ကြိမ်တွင် မန်နေဂျာရာထူးအထိ အပိုင်သိမ်းလာနိုင်လောက်သည်။


စားဖိုမှူးမုန့်မှာ ဝမ်းသာလွန်းသဖြင့် မျက်ခုံးတန်းများပင် ထောင်တက်နေရှာသည်။


" ဘယ်လိုသဘောရလဲ မန်နေဂျာလျှိူ ... အရသာဘယ်လိုလဲ ... "


လျှိူတုံချန်မှာ အရသာမကောင်းဟူ၍လည်း လိမ်လည်မပြောနိုင်ရှာပေ။

သူက အောင့်သက်သက်မျက်နှာပေးဖြင့် " မဆိုးပါဘူး ... ဒါပေမယ့် သူက မင်းနေရာမှာ ၆လလောက် အစားဝင်ရမယ်ဆိုရင် စားဖိုမှူး လိုင်စင်တော့ လိုသေးတယ် ... " ဟု ဆိုလိုက်လေ၏။


" ဒါက ပြဿနာမဟုတ်ပါဘူး ...  နောက်နှစ်ရက်နေရင် အရည်အချင်းစစ် စာမေးပွဲအတွက် စာရင်းသွင်းလိုက်ပါ့မယ် ... "


ထုံရွယ်လူ၏စကားကြောင့် လျှိူတုံချန်မှာ ပြန်လည် ချေပပြောဆိုနိုင်သည်မျိုးလည်းမရှိတော့ပေ။


" ကောင်းပြီလေ ...  လောလောဆယ် စားဖိုမှူးမုန့်ရဲ့ နေရာမှာ အစားဝင်နိုင်မယ် ထင်တယ် ... ဒါပေမယ့် မင်းရဲ့ လက်ရှိရာထူးကရော ... "


လျှိူတုံချန်မှာ သူ၏ အစ်မဖြစ်သူအား ခေါ်ယူမည့်အကြံအစည်ကို လွယ်လွယ်ကူကူ လက်မလျှော့နိုင်သေးပေ။

လျှိူတုံချန် ထပ်မံအကြံပြုတော့လုဆဲဆဲမှာပင် ထုံရွှယ်လူက ကြားဖြတ်ပြောဆိုလာတော့လေ၏။


" မုန့်ချင်းချင်းကိုပဲ ဆက်ပြီး ခန့်ထားလိုက်လို့ရပါတယ် ... "


" .... "


လက်ရှိအချိန်တွင် လျှိူတုံချန်မှာ အလွန်ပင် မပျော်မရွှင်ဖြစ်နေရှာသည်။


သူမ ဆက်လက်ရှိနေနိုင်သည်ကိုသိလိုက်ရသဖြင့် မုန့်ချင်းချင်းမှာ အလွန်အမင်း ပျော်ရွှင်သွားတော့လေ၏။


ထိုအချိန်တွင် ထန်ရှောင်ယန်က စားဖိုချောင်ထဲသို့ ဝင်လာသည်။


" ဝါး ... ဟင်းပွဲက အရမ်း အံ့ဩစရာကောင်းတာပါပဲလား ... စားဖိုမှူးမုန့်ရဲ့ လက်ရာထက်တောင် ပိုသာသေးတယ် ...  ဘာကို လူစားထိုးနေဦးမှာလဲ ... ရဲဘော်ထုံကိုပဲ တစ်ခါတည်း ခန့်လိုက်ပါတော့ ... စားဖိုမှူးမုန့်က အသက်ကြီးနေပြီ နောက်နှစ်နည်းနည်းဆို ပင်စင်ယူရတော့မှာ ... ဘာလို့ ရဲဘော်ထုံ့ကိုပဲ တစ်ခါတည်း မခန့်လိုက်တာလဲ ... "


ဤသည်မှာ ကြားထဲမှ အတို့အထောင်လုပ်နေခြင်းပင်။

ထန်ရှောင်ယန် ပီသပါပေသည်။


သူမသည် စားဖိုမှူးမုန့်နှင့် ထုံရွှယ်လူတို့ မသင့်မြတ်အောင် ကုန်းချောနေသည်မှာ ထင်ရှားလေ၏။


ထုံရွှယ်လူ ပြန်လည်ချေပတော့လုဆဲဆဲမှာပင် စားဖိုမှူးမုန့်က ထန်ရှောင်ယန့်အား ပျစ်ပျစ်နှစ်နှစ် ပြောဆိုလိုက်တော့လေသည်။


" ကိုယ့်ဘာသာကိုယ်နေစမ်း ... ဝင်ဝင်မပါနဲ့ ... ဒီလောက် စိတ်ဓာတ်ယုတ်နေတာ နင့်ကို ဘယ်သူက ယူချင်မှာလဲ ... "


" …………… "


ယင်းစကားမှာ ထန်ရှောင်ယန်၏ အရှိုက်ကို တည့်တည့်ထိသွားလေသည်။


လျှိူတုံချန်က သူမအား ကာကွယ်ပေးလိုပေးငြား ထန်ရှောင်ယန်က တစ်ချက်ကြည့်လိုက်သေးသည်။

ကံမကောင်းစွာပင် လျှိူတုံချန်က သူမကို ပြန်မကြည့်ခဲ့ချေ။

 

ထန်ရှောင်ယန်မှာ မျက်ရည်များဝေ့ဝိုက်လျက် အပြင်သို့ ပြေးထွက်သွားခဲ့တော့သည်။


မကောင်းသောလူများပင်။

သူတို့ သိသမျှမှာ သူမကို အနိုင်ကျင့်ဖို့ရန်သာဖြစ်သည်။

 

ထန်ရှောင်ယန် ငိုယိုပြီး ထွက်ပြေးသွားခဲ့သော်လည်း မည်သူကမှ သူမအတွက် စိတ်မကောင်းမဖြစ်ခဲ့ကြပေ။


များမကြာမီမှာပင် လျှိူတုံချန်သည်လည်း မျက်နှာတည်ကြီးဖြင့် အခင်းနေရာမှ ထွက်ခွာသွားခဲ့တော့သည်။


ယင်းနောက်တွင် ထုံရွှယ်လူက အခြေအနေများအား ရှင်းရှင်းလင်းလင်းဖြစ်စေရန် ရည်ရွယ်ကာ ဆိုခဲ့လေ၏။


" စားဖိုမှူးမုန့် ... ထန်ရှောင်ယန် စောစောက ပြောတာနဲ့ပတ်သတ်ပြီးတော့ စိတ်မပူပါနဲ့ ...စားဖိုမှူးမုန့်ရဲ့လက် ပြန်ကောင်းလာတာနဲ့ ကျွန်မ ရာထူးကနေ ဖယ်ပေးမှာပါ ... ကျွန်မက အိမ်ထောင်ပြုသားမွေးလုပ်ရဦးမှာဆိုတော့  စားဖိုမှူးအလုပ်နဲ့ဆို သိပ်မကိုက်ဘူးလေ ... "


ထုံရွှယ်လူမှာ စားဖိုမှူးမုန့်နှင့် ပြေပြေလည်လည်ဖြစ်ရန် ကြိုးစားနေခြင်းပင်။သူမသည်လည်း စစ်မြေပြင်သဖွယ်နေ့ရောညပါ ရုန်းကန်ရမည့်အလုပ်ကို တစ်သက်လုံး လုပ်မသွားနိုင်ချေ။


စားဖိုမှူးမုန့်သည် ထန်ရှောင်ယန်၏ စကားကြောင့် အနည်းငယ် စိတ်ကသိကအောက်ဖြစ်နေခဲ့သော်လည်း ထုံရွှယ်လူက ထိုသို့ ဆိုလာသောအခါတွင် ချက်ချင်းပင် စိတ်မကောင်းဖြစ်သွားတော့သည်။


" ကျုပ်က ရဲဘော်ထုံကို ယုံပြီးသားပါ ... ထန်ရှောင်ယန်က စိတ်ဓာတ်မကောင်းဘူးရယ် ... သူ့လို မိန်းကလေးမျိုးနဲ့ ပေးစားမဲ့အစား ကျုပ်သားကို သေအောင်ရိုက်သတ်လိုက်တာမှ ပိုကောင်းဦးမယ် ... "


လောကကြီးတွင် ဇနီးမယား မရှာနိုင်သော ယောက်ျားသားများသာရှိပြီး အိမ်ထောင်မပြုနိုင်သော မိန်းမသားမရှိဟု စားဖိုမှူးမုန့်က ယူဆထားသည်။


ယခုအသက်အရွယ်အထိ ထန်ရှောင်ယန် ဂေါ်မစွံဖြစ်နေသေးရသည့် အကြောင်းအရင်းမှာ အသွင်အပြင်ထက် အကျင့်စာရိတ္တပိုင်းနှင့် အများအပြားသက်ဆိုင်နေသည်ဟု ထုံရွှယ်လူ ထင်မြင်မိလေ၏။


ဤသည်မှာ ထုံရွှယ်လူ စားဖိုမှူးအဖြစ် တာဝန်ယူသည့် ပထမဆုံးနေ့ဖြစ်သောကြောင့် စားဖိုမှူးမုန့်သည် အနားယူရန် အလျင်စလိုမရှိခဲ့ပေ။ယင်းအစား သူသည်မီးဖိုချောင်ထဲတွင် ဆက်နေကာ အကြံဉာဏ်အချို့နှင့် နည်းစနစ်တချို့ကို ပို့ချပေးနေခဲ့သည်။


သို့သော် ထုံရွှယ်လူ့အား များများစားစားသင်ပြစရာမလိုကြောင်း စားဖိုမှူးမုန့် သိလိုက်ရသည်။ထုံရွှယ်လူ ပြုလုပ်ထားသည့် ဝက်သားပေါင်းမှာ သူ့အား စားဖိုမှူးရာထူးကိုပင် စွန့်လွှတ်ချင်စိတ် ပေါက်သွားစေသည်။ထိုမှသာ ထုံရွှယ်လူချက်ပြုတ်သော အစားအသောက်ကို နေ့တိုင်း ရရှိနိုင်မည်ဖြစ်လေ၏။


နေ့လည်စာစားချိန်ရောက်သောအခါ စားဖိုမှူးမုန့်သည် ထုံရွှယ်လူနှင့် ထန်ရှောင်ယန်တို့ အပေါက်အလမ်းမတည့်မည်ကို စိုးရိမ်ကာ အစားအသောက်များ ဝင်ရောက်တည်ခင်းပေးခဲ့သည်။


ဆိုင်တွင် အခြားအချိန်များထက် လက်မလည်အောင်ဖြစ်ခဲ့ရပြီး စားသုံးသူများ၏ ပန်းကန်ထဲတွင် အသားများ မကျန်ခဲ့ရုံသာမက ဟင်းသီးဟင်းရွက်များပင် မရှိသလောက်ဖြစ်သည်။


ထန်ရှောင်ယန်တစ်ယောက် အော်ငိုချင်စိတ်ပေါက်လာသော်လည်း စားဖိုမှူးမုန့်က သူမကို ဂရုမစိုက်ပေ။

ထို့အစား သူက " ကျေနပ်စရာပဲ ... " ဟုသာ မှတ်ချက်ပြုခဲ့သည်။


ယင်းစကားက ထန်ရှောင်ယန့်အား ထိုနေရာ၌ပင် လဲသေချင်စိတ်ပေါက်သွားစေလေ၏။


ဤသို့ဖြင့် ထုံရွှယ်လူသည် စားဖိုမှူးမုန့်၏ ရာထူးနေရာကို ယာယီတာဝန်ယူပေးခဲ့သည်။


သို့သော် မုန့်ချင်းချင်းက သူမ၏ အနားတွင် တဝဲဝဲတလည်လည်လုပ်နေသည်ကိုတော့ ထုံရွှယ်လူ နားမလည်နိုင်ပေ။


သူမကို တွေ့လိုက်ချိန်တိုင်းတွင် မုန့်ချင်းချင်းမှာ မျက်လုံးများ တောက်ပလာပြီး ပါးပြင်များနီရဲသွားကာ idolဖြစ်သူကို တွေ့လိုက်ရသော ပရိတ်သတ်မိန်းကလေး တစ်ဦးသဖွယ် ဖြစ်သွားလေ့ရှိသည်။


မုန့်ချင်းချင်းမှာ မိန်းကလေးများအား စိတ်ဝင်စားသည်ဟုပင် ထုံရွှယ်လူ ထင်မှတ်သွားခဲ့သည်။

ထိုသို့ မဟုတ်ပါက သူမကိုယ်တိုင်သည်ပင်လျှင် လိင်တူ လိင်ကွဲနှစ်မျိုးစလုံး ကြွေဆင်းလာနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေခြင်းလော။


 ***


ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့သည် တစ်ရက်နှင့်တစ်ည ရထားစီးခဲ့ပြီး နောက်ဆုံးတွင် ပေဟယ်စီရင်စုသို့ ရောက်ရှိသွားခဲ့ကြသည်။ယင်းနောက်တွင် တုန်းဖုန်းအစည်းအရုံးသို့ သွားရောက်ရာ နေ့တစ်ဝက်ခန့် ထပ်မံကြာမြင့်ခဲ့လေ၏။


နှစ်ဦးသား ကျန်းတန့်ဟုန်နှင့် တွေ့နိုင်ရန် မနည်းကြိုးပမ်းလိုက်ရသည်။ကျန်းတန့်ဟုန် တစ်စိတ်တစ်ပိုင်းပါဝင်သည့် ကြယ်နီထုတ်လုပ်ရေးအသင်းက ဝမ်ရူကွေ့တို့အား ကျန်းတန့်ဟုန်နှင့် လွယ်လွယ် တွေ့ခွင့်မပေးသောကြောင့် ဖြစ်လေ၏။


ဖူကျန့်ယိသည် သူ၏ အနေအထားများကို မဖော်ပြခဲ့ဘဲ ဝန်ထမ်းများအား ကျန်းတန့်ဟုန်ထံ အမြန်တင်ပြရန် အာဏာပြခြင်းမျိုးလည်းမလုပ်ခဲ့ပေ။ထိုသို့မဟုတ်ပါက သူတို့၏ ခရီးစဉ်တစ်ခုလုံး အချည်းနှီးဖြစ်သွားနိုင်သည်။


ကျန်းတန့်ဟုန်သည် ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့ကို တွေ့သောအခါ မှင်သက်သွားခဲ့သည်။


" ဘယ်သူတွေလဲ မသိဘူး ...  "

 

ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့သည် ခရီးစဉ်မတိုင်မီတွင် ကျန်းတန့်ဟုန်၏ အကြောင်းကို စုံစမ်းခဲ့ကြရာ သူမသည် အသက် ၃၀ ဟု သိရလေ၏။


သို့သော် ယခု သူတို့ရှေ့မှ အမျိုးသမီးမှာ‌ ဖျော့တော့နေပြီး မျက်ဝန်းများမှာလည်း ပေါ့ပေါ့ပါးပါးမရှိပေ။သူမသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး လောကဓံမုန်တိုင်းများစွာကို ကြံ့ကြံ့ခံနေပုံရသည်။သူမသည် နဂိုရှိရင်းစွဲအသက်ထက် ၁၀ နှစ်ခန့်ပင် ပိုမိုကြီးရင့်သလို ထင်ရပေ၏။


ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့လည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။လက်ရှိအချိန်တွင် နှစ်ဦးသား၏ စိတ်ထဲ၌ အံ့အားသင့်မှုနှင့် သနားစိတ်များ ရောယှက်နေသည်။


ယင်းနောက်တွင် ဖူကျန့်ယိက စကားစလိုက်တော့လေ၏။


" မင်္ဂလာပါ ရဲဘော်ကျန်း ... ရဲဘော်ကျန်းရဲ့ဦးလေး ကျန်းဟွာရုံနဲ့ပတ်သက်ပြီးတော့ နည်းနည်းပါးပါးမေးစရာလေးတွေရှိလို့ပါ ... အချိန်ရရဲ့လားဗျ ... "


ကျန်းတန့်ဟုန်သည် ကျန်းဟွာရုံ ဟူသော အမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်ချည်း စိတ်ပြင်းထန်လာပုံရသည်။  


" ကျန်းဟွာရုံက ကျွန်မဦးလေးမဟုတ်ဘူး ... လူမှားနေပြီ "


ကျန်းတန့်ဟုန်က ပြောပြောဆိုဆိုဖြင့် လှည့်ထွက်လုဆဲဆဲတွင် ဖူကျန့်ယိက အရှေ့မှ အမြန်ပိတ်ရပ်လိုက်လေ၏။


ကျန်းတန့်ဟုန်၏ မျက်နှာပေါ်တွင် မုန်းတီးစိတ်ပျက်နေသော အငွေ့အသက်များ ပြည့်နှက်နေသည်။


" ကျွန်မဆီက ဘာလိုချင်လို့လဲ ... ကျန်းဟွာရုံကို မသိဘူးလို့ ပြောနေတယ်လေ ... မဟုတ်မှလွဲ ရှင်တို့က သူလွှတ်လိုက်တဲ့လူတွေလား ... "


ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့သည် တစ်ဖက်လူက ဤမျှလောက်အထိ ပြင်းထန်စွာ တုံ့ပြန်လာမည်ဟု မျှော်လင့်မထားခဲ့ကြပေ။