အပိုင်း ၁၀၁
Viewers 30k

🍵Chapter 101

 - ဦးလေးဇုန်း : ပြောမိတာမှားတယ်  

 - 


ဝမ်ရူကွေ့သည် လွန်ခဲ့သော ရက်များအတွင်း  လှည့်ပတ်ပြေးလွှားနေခဲ့ရပြီး အနားယူရန်ပင် မစွမ်းသာခဲ့ချေ။

သူ၏ အသံမှာ ယခင်ကထက်ပင် ပိုမိုကွဲအက်နေပြီဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ ယခု ထိုအချိန်တွင် တစ်ခုခုပြောရမည်ဟု ဝမ်ရူကွေ့ ခံစားရလေ၏။


" ရဲဘော်ကျန်း ... စိတ်အေးအေးထားပါ ... ကျွန်တော်တို့ကို ကျန်းဟွာရုံက လွှတ်လိုက်တာ မဟုတ်ပါဘူး ... ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့ ရဲဘော်ကျန်းကို ကူညီပေးနိုင်ပါတယ် "


ထိုအခါ ကျန်းတန့်ဟုန်၏ မျက်လုံးများ နီရဲသွားကာ သူမ၏ မျက်နှာပေါ်တွင်လည်း လှောင်ပြောင်သောအကြည့်တစ်ခု ပေါ်လာတော့သည်။


" ကူညီမယ်တဲ့လား ... ရှင်တို့က ကျွန်မအတွက် ဘာလုပ်ပေးနိုင်မှာ မလို့လဲ "


ယင်းနောက်တွင် ကျန်းတန့်ဟုန်က ခေတ္တ စကားရပ်လိုက်ပြီး ဝမ်ရူကွေ့တို့ကို တစ်ချက်ကြည့်ကာ ဆက်ပြောပြန်လေ၏။


" ရှင်တို့ကို ဒီနေရာကနေ ထွက်သွားပေးဖို့ တောင်းဆိုရင်ရော ဘယ်လိုလဲ ... ထွက်သွားပေးနိုင်ကြရဲ့လား ... "


ထိုအခါ ဝမ်ရူကွေ့တစ်ယောက် ပြောစရာစကား ပျောက်ရှသွားခဲ့သော်လည်း ခဏအကြာတွင် သူက အားယူပြီး ဆိုလာခဲ့သည်။


" လောလောဆယ်တော့ ကျွန်တော်တို့ မကူညီပေးနိုင်ပါဘူး ... ခဏနေကျရင်တော့ အကောင်းဆုံးလုပ်ပေးပါ့မယ် ... "


ကျန်းတန့်ဟုန်က ဝမ်ရူကွေ့အား မျက်မှောင်ကြုတ်လျက် ကြည့်နေခဲ့သည်။


ခေတ္တကြာပြီးနောက် သူမက “ကောင်းပြီလေ ...  ဒီတစ်ကြိမ်တော့ ယုံပေးလိုက်မယ် ဒါပေမယ့် ရှင့်ဘေးက လူကိုတော့ ကျွန်မ မယုံဘူး ... " ဟု ဆိုလာခဲ့၏။


ဖူကျန့်ယိ " ...... "

 

မည်သို့သော အမှားမျိုးလုပ်မိသောကြောင့် သူ့ကို မယုံကြည်ရပါသနည်း။

ပင်ကိုယ်ရုပ်ရည်က လူကြမ်းပုံစံပေါက်နေခြင်းကြောင့်လော။


ကျန်းတန့်ဟုန်က ဖူကျန့်ယိကို အယုံအကြည်မရှိသောကြောင့် ဝမ်ရူကွေ့သည် ဖူကျန့်ယိအား နေရာမှ ခေတ္တရှောင်ပေးစေခဲ့သည်။ယင်းနောက်တွင် သူက ကျန်းတန့်ဟုန်နှင့်ကျန်ရစ်ခဲ့ပြီး ကျန်းတန့်ဟုန်ပြောပြသော အဖြစ်အပျက်များအား ဂရုတစိုက် နားထောင်တော့လေ၏။


ကျန်းတန့်ဟုန်၏ ဇာတ်ကြောင်းကို အလေးအနက်ထား နားထောင်ရင်း သူမ၏ မိဘများသည် ၁၉၅၂ ခုနှစ်တွင် ကိုရီးယား၌ တိုင်းပြည်အတွက် အသက်စွန့် ပေးဆပ်ခဲ့ကြကြောင်း ဝမ်ရူကွေ့ သိရှိခဲ့ရသည်။

သူမ၏ မိဘနှစ်ပါးမှာ စစ်သူရဲကောင်းများဖြစ်လာကြပြီး မိသားစုသည်လည်း တကွဲတပြားဖြစ်သွားသောကြောင့် ဦးလေးဖြစ်သူ ကျန်းဟွာရုံကပင် သူမတို့အား ခေါ်ယူမွေးစားခဲ့သည်။


မိဘများ ကွယ်လွန်ပြီး တစ်နှစ်အကြာတွင် သူမ၏ မောင်လေးမှာ ရောဂါတစ်ခုကြောင့် ဆုံးပါးသွားခဲ့သည်။သူမ၏ အမေ သိမ်းဆည်းထားခဲ့သော ခန်းဝင်ပစ္စည်းများသည်လည်း မောင်ဖြစ်သူနှင့်အတူ ပျောက်ကွယ်သွားတော့လေ၏။


သူမ၏ အဘိုးမှာ ရွာသူကြီးတစ်ဦးဖြစ်ပြီး တစ်ဦးတည်းသော သမီးဖြစ်သည့် မိခင်ဖြစ်သူ အိမ်ထောင်ပြုချိန်တွင် ခန်းဝင်ပစ္စည်းများစွာ ပေးအပ်ခဲ့သည်။


" ရဲဘော်ကျန်း အဲဒီ အချိန်တုန်းက အသက်ဘယ်လောက်လဲ ... မောင်လေးဖြစ်သူ သေဆုံးရမှုမှာ တခြားအကြောင်းအရာတွေရော ရှိနေမယ်လို့ ထင်လား ... " ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။


ကျန်းတန့်ဟုန်မှာ ဖြစ်ပျက်ခဲ့သည်များအား ပြန်လည်တွေးတောမိချိန်တွင် မျက်လုံးများ နီရဲသွားလေသည်။


" ကျွန်မ အဲဒီအချိန်တုန်းက အသက်ခြောက်နှစ်ပဲရှိသေးတာ ... ဒါပေမယ့် တချို့ဟာတွေကို ကောင်းကောင်း မှတ်မိနေသေးတယ် ... ကျွန်မ မောင်လေးမှာ အဖျားနည်းနည်းလေးပဲရှိတာ တခြားအကုန်ကောင်းတယ် ... ဒါပေမယ့် နောက်တစ်ရက်ကျတော့ ရုတ်တရက်ကြီး ဆုံးသွားတယ် ... မောင်လေးကို ကျွန်မ သွားကြည့်ချင်ပေမဲ့ တွေ့ခွင့်မရခဲ့ဘူး ... "


သူမ၏ မောင်ငယ်ဖြစ်သူကို ပေါ့ပေါ့တန်‌တန် မြေချသဂြိုလ်လိုက်ကြပြီးနောက် ကျန်းတန့်ဟုန်မှာ မောင်ငယ်ဖြစ်သူကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့် မရခဲ့တော့ချေ။


ယင်းနောက်တွင် ဝမ်ရူကွေ့က  ဆက်လက်မေးမြန်းလာခဲ့သည်။


" ခန်းဝင်ပစ္စည်းတွေကရော ... ကျွန်တော်သိသလောက်တော့ ခင်ဗျားရဲ့အမေ သူရဲကောင်းဟွမ်က သူ့ရဲ့ ပိုင်ဆိုင်မှုအများစုကို စစ်တပ်ကို လှူခဲ့တာ မဟုတ်ဘူးလား ... "


" ဟုတ်တယ် ... ပိုင်ဆိုင်မှုအများစုကို လှူခဲ့ပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး ... ကျွန်မနဲ့ မောင်လေးအတွက် ခန်းဝင်ပစ္စည်း နည်းနည်းပါးပါး သိမ်းထားခဲ့သေးတယ် ... လက်ဝတ်ရတနာတွေနဲ့ ရွှေချောင်းတွေ အများကြီးပဲ ... အဖေရော သူရော တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပြီးတော့ ကျွန်မတို့အတွက် ချန်‌ထားပေးခဲ့တာ ... "


သို့သော် ထိုအရာများက အခက်အခဲများ၏ ဇစ်မြစ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရွှေအများအပြားရှိသည်ကို အမှတ်ရသော်လည်း ဦးလေးဖြစ်သူထံမှ မွေးစားခြင်းခံရပြီးနောက်တွင် မည်သည့်ခန်းဝင်ပစ္စည်းကိုမှ ထပ်မတွေ့ရတော့ပေ။အသက်ကြီးလာချိန်တွင် မေးမြန်းခဲ့သော်လည်း အမှတ်မှားနေခြင်းသာဖြစ်ပြီး မည်သည့်ရွှေမျိုးမှ မရှိကြောင်း ဦးလေးဖြစ်သူက ပြောပြခဲ့သည်။


သူတို့သည် သူမက အခြားသူများအား ရွှေအကြောင်း စကားဟမည်ကို စိုးရိမ်သဖြင့် သူမကို အခန်းတစ်ခုထဲတွင် လှောင်ပိတ်ကာ အစာရေစာမကျွေးဘဲ ပစ်ထားခဲ့သည်။ငယ်ရွယ်သော ကျန်းတန့်ဟုန်မှာ ယင်းအဖြစ်အပျက်နောက်ပိုင်းတွင် ရွှေ‌အကြောင်း ထပ်မံ စကားမစရဲတော့ပေ။


ထိုအကြောင်းကိုကြားသောအခါ ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လျက် " လိုအပ်ခဲ့ရင် ကျန်းဟွာရုံအတွက် သက်သေခံပေးဖို့ ဆန္ဒရှိပါရဲ့လား ရဲဘော်ကျန်း ... " ဟု မေးမြန်းလိုက်၏။


ကျန်းဟွာရုံမှာ ဝမ်ရူကွေ့ တွေးထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားလွန်းပြီး သူပြုခဲ့သော ရာဇ၀တ်မှုများ အားလုံးကို စာရင်းပြုစုလျှင် စာရွက်ပင် လောက်နိုင်မည်မဟုတ်ချေ။


ကျန်းတန့်ဟုန်မှာ အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏လက်များက တုန်ခါသွားကာ မျက်လုံးအစုံတွင်မူ စိတ်လှုပ်ရှားမှု အငွေ့အသက်များ ရှိနေသည်။


" ကျန်းဟွာရုံကို တကယ် တိုင်ချက်ဖွင့်မှာလား ... "

 

" ဟုတ်ပါတယ် ... "

ဝမ်ရူကွေ့က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ 


ထိုအခါ ကျန်းတန့်ဟုန်က ခေါင်းမော့ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူမ သည် ပြင်းထန်စွာ ရယ်မောနေသဖြင့် ပါးပြင်ပေါ်သို့ မျက်ရည်များပင် စီးကျလာသည်။


" အံသြစရာပဲ ... အသက်ရှင်ရင်းနဲ့ ဒီလိုနေ့မျိုး ရောက်လာနိုင်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး ... "


သူမ၏ မိဘနှစ်ပါးနှင့် မောင်ဖြစ်သူတို့ ဆုံးပါးသွားခဲ့သည်။ထို့အပြင် သူမ၏ ဥစ္စာပစ္စည်းများသည်လည်း ပျောက်ကွယ်သွားခဲ့လေ၏။လူတကာက သူမ၏ ဦးလေးအား ယောက်ျားကောင်းတစ်ယောက်သဖွယ်မှတ်ယူကာ သူမကိုလည်း သမီးအရင်းအချာတစ်ဦးသဖွယ် ပျိုးထောင်ပေးသည်ဟု ထင်မှတ်နေကြသည်။

ကျန်းဟွာရုံမှာ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်းကို သူမ တစ်ဦးတည်းသာ သိသည်။


သို့သော်လည်း ထိုအကြောင်းအား မည်သူ့ကိုမှ ပြောမပြနိုင်ခဲ့ပေ။သူမကို မည်သူကမှ ယုံကြည်မည်လည်း မဟုတ်သကဲ့သို့ ကောလဟာလများဖြန့်ပါက သူမ၏ မောင်ငယ်ဖြစ်သူကဲ့သို့ပင် အဆုံးသတ်သွားရနိုင်သည်။


 သူမသည် ဤနှစ်များတစ်လျှောက်လုံး နှိမ့်ချပြီး ပျော့ညံ့ဟန်ဆောင်ခဲ့သော်လည်း ကျန်းဟွာရုံနှင့် မိသားစုက သူမကို အလွတ်မပေးခဲ့ချေ။


ကျန်းတန့်ဟုန်သည် အသက် ၁၆နှစ်အရွယ်တွင် ထုတ်လုပ်ရေးအဖွဲ့သို့ စေလွှတ်ခြင်းခံခဲ့ရပြီးစေတနာ့ဝန်ထမ်းအဖြစ် ပို့ဆောင်ခြင်းသာဖြစ်ကြောင်း ကျန်းဟွာရုံတို့ မိသားစုက အခြားသူများကို  လီဆယ်ပြောပြခဲ့သည်။

အလိမ်အညာဖြစ်သည်မှာ ထင်ရှားသော်လည်း သူမဘက်မှ ရပ်တည်ပေးသူ မရှိခဲ့ချေ။


နောက်တစ်နှစ်တွင် သူမသည် မြစ်ထဲသို့ တွန်းချခံခဲ့ရပြီး ခေါင်းဆောင်၏ သားဖြစ်သူက သူမ ရေထဲတွင် ရုန်းကန်နေရသည်ကို မြင်တွေ့ပြီး ကယ်တင်ပေးခဲ့သည်။


ထို့နောက်တွင် သူမသည် ယခင်ကလို သန့်ရှင်းစင်ကြယ်ခြင်း မရှိခဲ့တော့ဘဲ ထိုသူအား လက်ထပ်ရန် တွန်အားပေးခံလာရတော့သည်။နောက်ပိုင်းတွင်လည်း ထ်ိုသူနှင့်အတူ ကလေးနှစ်ယောက်ယူရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရလေ၏။


ကျန်းတန့်ဟုန်မှာ လွတ်လပ်မှုကို ချုပ်ကိုင်ခံခဲ့ရပြီး ထုတ်လုပ်ရေးအဖွဲ့အပြင်သို့ ခြေမချနိုင်ခဲ့ပေ။သူမသည် ခင်ပွန်းဖြစ်သူ၏ မိသားစုကိုလည်း ရွံရှာခဲ့ပြီး သားနှစ်ယောက်ကို မွေးဖွားပြီးနောက် ပညာတတ်လူငယ်စခန်းသို့ ပြန်သွားခဲ့သည်။


ကျန်းတန့်ဟုန် ပြောပြသည်များကို နားထောင်ရင်း ဝမ်ရူကွေ့၏ လက်အတွင်းဘက်မှ သွေးပြန်ကြောများ ထောက်တက်လာခဲ့သည်။


" ကျွန်တော့်သူငယ်ချင်းကို အကုန် ပြန်ပြောလိုက်ပါ့မယ် ... စိတ်မပူပါနဲ့ ရဲဘော်ကျန်း ...  ကျွန်တော့်သူငယ်ချင်းက မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှူးပါ ... ယုံကြည်လို့ရပါတယ် ... "


ထိုအခါ ကျန်းတန့်ဟုန်က ဖူကျန့်ယိရှိနေသော နေရာသို့လှမ်းကြည့်လိုက်ပြီး ဤတစ်ကြိမ်တွင် သူမသည် ဖူကျန့်ယိအား မည်သည်ကိုမှ မပြောတော့ပေ။


ယင်းနောက်တွင် ဝမ်ရူကွေ့သည် ကျန်းတန့်ဟုန်၏ ဖြစ်‌ကြောင်းကုန်စင်ကို ဖူကျန့်ယိအား ပြန်လည်ပြောပြခဲ့သည်။


အဖြစ်အပျက်များကို သိလိုက်ရ‌သောအခါ ဖူကျန့်ယိမှာ အလွန်ဒေါသထွက်သွားခဲ့ပြီး‌ အနီးနားမှ သစ်ပင်တစ်ပင်ကို လက်သီးဖြင့်ထိုးလိုက်တော့လေ၏။


" ဒီလို မကောင်းဆိုးဝါး ရှိတယ်ဆိုတာကို မယုံနိုင်ဘူး ... မဟုတ်သေးဘူး မကောင်းဆိုးဝါးလို့ ခေါ်ဖို့တောင်မတန်ဘူး ... အဲလူက မကောင်းဆိုးဝါးထက်တောင် ပိုဆိုးရွားသေးတယ် ... "


" ကြယ်နီထုတ်လုပ်ရေးအသင်းရဲ့ ဥက္ကဌက ကျန်းဟွာရုံရဲ့ လူပဲ ... ငါတို့ရောက်လာတာကို သတင်းပေးပြီးနေလောက်ပြီ ... ငါတို့ ရဲဘော်ကျန်းကို ဒီမှာထားခဲ့ရင် သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ရတယ် ... "


" မင်းပြောတာ မှန်တယ် ... သူ့ကို ငါတို့နဲ့အတူ ခေါ်သွားရမယ် ... "


သို့သော်လည်း လက်ရှိတွင် သူတို့ နှစ်ဦးတည်းသာရှိပြီး ကြမ်းတမ်းသောပတ်ဝန်းကျင်တွင် နေထိုင်သူများက ရက်စက်တတ်သည်ဟူသော အချက်ကို မေ့ထား၍ မရပေ။ရုန်းထွက်ရန် အလျင်စလို ကြိုးစားပါက သူတို့အားလုံး ထိုနေရာ၌ ပိတ်မိသွားနိုင်သည်။


" တစ်ယောက်ယောက်ဆီက အကူအညီလိုမယ် ... " ဝမ်ရူကွေ့က လေးနက်စွာ ဆိုလိုက်လေ၏။


သူ၏ တစ်ဝမ်းကွဲယောက်ဖဖြစ်သူမှာ ဤခရိုင်၏ ရာဇဝတ်မှုတရားသူကြီး ဖြစ်သည်။သို့သော်လည်း ဝမ်ရူကွေ့သည် ယခုတစ်ကြိမ် ခရီးစဉ်အကြောင်း ယောက်ဖဖြစ်သူအား အသိပေးခြင်းမရှိခဲ့ပေ။ထိုသို့ပြုလိုက်ပါက အဘိုးအား အသိပေးလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ  အကူအညီတောင်းရုံမှတပါး အခြားရွေးချယ်စရာမရှိသော အခြေအနေဖြစ်သည်။

သူနှင့် ဖူကျန့်ယိတို့ ကျန်းတန့်ဟုန်အား ဘေးကင်းစွာ အတူခေါ်ဆောင်သွားနိုင်မည့် အခြားနည်းလမ်းလည်း မရှိချေ။


ဖူကျန့်ယိသည် ဝမ်ရူကွေ့၏ ယောက်ဖတစ်ဝမ်းကွဲအကြောင်းကို သိရှိပြီးနောက်တွင် အနည်းငယ်စဉ်းစားပြီး ဝမ်ရူကွေ့ကို လွှတ်လိုက်တော့သည်။


" ကောင်းပြီ မင်းသွားတော့ ... ရဲဘော်ကျန်း ကို ငါကာကွယ်ပေးထားမယ် ... "


 " ကောင်းပြီ ...  "


ဝမ်ရူကွေ့မှာ သူတို့ ဆုံးဖြတ်ထားသည်အကြောင်းများကို  ကျန်းတန့်ဟုန်အား ပြောပြခဲ့သည်။

တစ်ရက်တည်းတွင်ပင်လျှင် အိပ်မက်ဆိုးကြီးသဖွယ်ဖြစ်သော နေရာမှ လွတ်မြောက်နိုင်တော့မည်ကို သိရှိသွားသောအခါ ကျန်းတန့်ဟုန်၏ပါးပြင်ပေါ်သို့ မျက်ရည်များ ချက်ချင်းစီးကျလာသည်။


ဝမ်ရူကွေ့သည် ထုတ်လုပ်ရေးအဖွဲ့မှထွက်ခွာပြီးနောက် သူ၏ ဝမ်းကွဲယောက်ဖကိုရှာဖွေရန် ခရိုင်အစိုးရရုံးသို့ အမြန်သွားရောက်ခဲ့သည်။ကံကောင်းစွာဖြင့်ပင် ယောက်ဖဖြစ်သူက ရုံးခန်းထဲတွင် ရှိနေခဲ့လေ၏။


ကျန်းတန့်ဟုန်၏ အကြောင်းကို သိရှိပြီးနောက် ‌ယောက်ဖဖြစ်သူမှာ ဝမ်ရူကွေ့၏ အလျင်စလိုဖြစ်နေမှုကြောင့် စိတ်အလိုမကျဖြစ်သွားခဲ့သည်။မည်သို့ပင်ဆိုပါစေ သူက ထုတ်လုပ်ရေးအဖွဲ့သို့ သွားရောက်ရန် ကားတစ်စီးခေါ်ပေးခဲ့လေ၏။


ကြယ်နီထုတ်လုပ်ရေးအသင်း ခေါင်းဆောင်မှာ ဖူကျန့်ယိ၏ အကြောင်းကို သိရှိသောကြောင့် စိတ်မသက်မသာ ခံစားနေခဲ့ရသည်။သူသည် တစ်ခုခုဖြစ်မည်ကို စိုးရိမ်ပြီး ကျန်းဟွာရုံထံ အမြန်ဖုန်းဆက်ခဲ့သော်လည်း သုံးကြိမ်တိုင်သည်အထိ တစ်ဖက်က ဖြေကြားမလာ‌ခဲ့ပေ။


ကျန်းတန့်ဟုန်အား တိတ်တဆိတ်ခေါ်ဆောင်သွားရလေမလား ဟူ၍ပင် အတွေးဝင်လာသည်အထိ ဖြစ်သည်။


သိပ်မကြာခင်မှာပင် သူ၏ စိတ်ကူးအတိုင်း မလုပ်ဆောင်မိခဲ့သည်ကို စတင်နောင်တရလာတော့၏။

ဝမ်ရူကွေ့သည် ခရိုင်တရားသူကြီးနှင့် အတူပြန်လာပြီး ကျန်းတန့်ဟုန်ကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။


ခေါင်းဆောင်ဖြစ်သူမှာ ဖျော့တော့သွားလေ၏။ကျန်းတန့်ဟုန် ထုတ်လုပ်ရေးအဖွဲ့မှ နုတ်ထွက်ခြင်းသည် သတင်းဆိုးဖြစ်ကြောင်း သိသော်လည်း ခရိုင်တရားသူကြီးနှင့် ရင်ဆိုင်လာရသောအခါတွင် သူတတ်နိုင်သောအရာ မရှိချေ။


ယင်းနောက်တွင် သူက ရုတ်တရက် အကြံတစ်ခုရသွားခဲ့ပြီး သားဖြစ်သူအား မြေးနှစ်ယောက်ကို သွားခေါ်စေလိုက်၏။ထို့နောက်တွင်မူ ကျန်းတန့်ဟုန်ထွက်ခွာမသွားရန် ကလေးများအား ငိုယိုတားဆီးခိုင်းတော့လေသည်။


ကလေးနှစ်ယောက် ပြေးလာသည်ကို မြင်လိုက်ရသောအခါ ကျန်းတန့်ဟုန်မှာ ကားထဲသို့ ၀င်လု‌ဆဲဆဲအချိန်ဖြစ်သည်။


သားအကြီးဖြစ်သူ လင်းကျင်းပေါင်းက သူမ၏ ဘယ်ဘက်လက်မောင်းကို ဆုပ်ကိုင်လာခဲ့ပြီး " အမေ ... မသွားပါနဲ့ သားနဲ့ညီလေးကို  ထားခဲ့တော့မှာလား ..." ဟု ဆိုလာခဲ့သည်။


သားငယ် လင်းယင်းပေါင်းကတော့ သူမ၏ ညာလက်မောင်းကို ဆုပ်ကိုင်ထားပြီး နှပ်ချေးများထွက်လာသည်အထိ ပြင်းထန်စွာ ငိုယိုလျက်ရှိသည်။


" အဘိုးက ပြောတယ် ... အမေက မြို့တော်ကို သွားတော့မှာတဲ့ ... ရှောင်ပေါင်းကို စွန့်ပစ်လိုက်ပြီလား အီးဟီးဟီး ...  "


သားနှစ်ယောက်ကို ကြည့်နေသော ကျန်းတန့်ဟုန်၏ မျက်ဝန်းများထဲတွင် မိခင်မေတ္တာ အငွေ့အသက်မရှိချေ။အေးခဲသော အမုန်းတရားများနှင့် ရွံရှာနေသော အကြည့်များသာဖြစ်သည်။


သူမက ကလေးများ၏ လက်ကိုဆွဲဖယ်ပြီး အေးစက်စွာပြောခဲ့လေ၏။

" ငါ့ကို အမေလို့ လာမခေါ်နဲ့ ... ငါက မင်းတို့အမေ မဟုတ်ဘူး ...   ပြီးတော့ မင်းတို့က ငါ့သားတွေမဟုတ်ဘူး ... "


သူမသည် ထိုရွံရှာဖွယ်လူနှင့် အတင်းအကြပ်လက်ထပ်ရန် ခိုင်းစေခြင်းခံခဲ့ရပြီး အလိုမပါဘဲ အတူအိပ်စက်ကာ ကလေးနှစ်ယောက် မွေးပေးခဲ့ရသည်။

ဤကလေးများသည် သူမဖြတ်သန်းခဲ့ရသော အရှက်တရားများကို အမှတ်နေစေသည်။သူမသည် သူတို့ကို မည်သည့်အချိန်ကမှ အလိုမရှိခဲ့ပေ။


ကျန်းတန့်ဟုန်၏ ကြမ်းတမ်းသော စကားများကို ကြားသောအခါ ယောက္ခမဖြစ်သူက သူမကို လက်ညှိုး ငေါက်ငေါက်ထိုးလာတော့သည်။


" တာပေါင်းနဲ့ ရှောင်ပေါင်း‌တို့ကို နင်ကိုယ်တိုင်ပဲ ကိုးလလွယ် ဆယ်လဖွားပြီး မွေးလာတာ မဟုတ်ဘူးလား ... အခုကျ သူတို့ကို စွန့်ပစ်ပြီး မြို့တော်ကို ပြန်သွားတော့မယ်ပေါ့ ... နင်ဘယ်လိုတောင် နှလုံးသားမရှိလိုက်တဲ့ ကောင်မလဲ ... "