🍵Chapter 102
- ဦးလေးဇုန်း : ပြောမိတာမှားတယ် (၂)
ထိုအခါ ကျန်းတန့်ဟုန်က ရယ်မောလာခဲ့ပြီး ဤတစ်ကြိမ်တွင် သူမ၏ အပြုံးက ဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။
" နှလုံးသားမရှိဘူးတဲ့လား ... ရှင်တို့လို နှလုံးသားမရှိတဲ့ မကောင်းဆိုးဝါးတွေက ကျွန်မကို ဒီစကားလာပြောနေတာလား ... အခု လာနောက်နေကြတာလား ... "
ကျန်းတန့်ဟုန်၏ ယောက္ခမမှာ ထိုစကားကြောင့် ဒေါသချောင်းချောင်းထွက်လာလေ၏။
" ကြည့်ကြပါဦး အရပ်ကတို့ရေ ... ကျွန်မတို့ သားလေးကတော့ သူ့အသက်ကို ကယ်ပေးပြီး သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းခဲ့ရရှာတယ် ... နောက်ဆုံးကျတော့ သူကများ ကျွန်မတို့ကို မကောင်းဆိုးဝါးတဲ့တော် ... မြတ်စွာဘုရားရေ ... ဒီလို နှလုံးသားမဲ့တဲ့ ကောင်မမျိုး တစ်ခါမှ မမြင်ဖူးဘူး ... "
ထိုစကားကို ကြားသောအခါ ရွာသားအားလုံးက ကျန်းတန့်ဟုန်အား ဝေဖန်လေကန်လာကြသည်။
သို့သော်လည်း ကျန်းတန့်ဟုန်မှာ အခြားသူများ၏ ထင်မြင်ချက်ကို လားလားမှ ဂရုမစိုက်ဘဲ သူမကို ကိုင်ဆွဲထားသည့် သားငယ်ဖြစ်သူကို တွန်းဖယ်လိုက်လေသည်။
" ငါ့အနားက ထွက်သွား ... "
ထိုအခါ လင်းယင်းပေါင်းမှာ အနောက်သို့ ဖင်ထိုင်လျက်သား လဲကျသွားပြီး ပြင်းထန်စွာ ရှိုက်ငိုလာတော့သည်။
သို့သော်လည်း ကျန်းတန့်ဟုန်က တစ်ချက်လှည့်မကြည့်ဘဲ ဝမ်ရူကွေ့ ဘက်သို့ လှည့်ကာ “သွားကြစို့ ... ” ဟု အေးစက်စွာ ပြောခဲ့လေ၏။
သူမသည် ဤရွံရှာဖွယ်ကောင်းသော နေရာ၌ နောက်ထပ်တစ်မိနစ်မျှပင် ဆက်နေချင်စိတ်မရှိပေ။
မြေးငယ်ဖြစ်သူ မြေပြင်ပေါ်သို့ တွန်းချခံရသည်ကို မြင်လိုက်ရသောအခါတွင် ကျန်းတန့်ဟုန်၏ ယောက္ခမမှာ စိတ်နှလုံးနာကျင်သွားလေသည်။သူမက လင်းယင်းပေါင်းကို အမြန်ကောက်ပွေ့လိုက်ပြီး ကျန်းတန့်ဟုန်ကို ကျယ်လောင်စွာ ဆဲဆိုကြိမ်းမောင်းတော့သည်။
လင်းကျင်းပေါင်းမှာမူ အသက် ၁၁ နှစ်ရှိပြီဖြစ်သည်။မိခင်ဖြစ်သူက ညီငယ်လေးကို မြေကြီးပေါ်သို့ တွန်းချပြီး ခါးခါးသီးသီးပြုမူနေသော မြင်ကွင်းကိုကြည့်ရှုရင်း သူ၏ မျက်ဝန်းများထဲ၌ မုန်းတီးမှုများ ပြည့်နှက်လာတော့၏။
" ခင်ဗျားရဲ့ ယောက်ျားနဲ့ သားတွေကို ထားပစ်ခဲ့တဲ့အတွက် အသေဆိုးနဲ့ သေရလိမ့်မယ် ... "
ကျန်းတန့်ဟုန်မှာ သားဖြစ်သူထံမှ ကျိန်စာတိုက်သံကိုကြားသောအခါတွင် နေမြဲအတိုင်း အေးစက်စွာရှိနေခဲ့သည်။
ဖူကျန့်ယိမှာမူ ဖြစ်ပျက်နေသည့်အရာများအပေါ် အလွန်ရှုပ်ထွေးသော ခံစားချက်များပေါ်ပေါက်လာသည်။ကျန်းတန့်ဟုန်က စိတ်ပြောင်းသွားပြီး သူတို့နှင့်မလိုက်တော့မည်ကို စိုးရိမ်သော်လည်း တစ်ဖက်တွင် သူမသည် သွေးအေးလွန်းပြီး သားသမီးများကို လုံးဝ ဂရုမစိုက်သလို ခံစားခဲ့ရသည်။
ဝမ်ရူကွေ့မှာမူ နှုတ်ဆိတ်နေခဲ့ပြီး မည်သည်ကိုမှ မပြောခဲ့ပေ။
ယင်းနောက်တွင် ဝမ်ရူကွေ့တို့သည် ခရိုင်မြို့သို့ ပြန်သွားခဲ့ပြီး တည်းခိုခန်းတွင် တစ်ညတာ အိပ်စက်ခဲ့ကြသည်။ယောက်ဖဖြစ်သူက သူ၏နေအိမ်တွင် တည်းခိုရန်ပြောသော်လည်း ဝမ်ရူကွေ့က ငြင်းဆိုခဲ့လေ၏။
ဝမ်ရူကွေ့သည် ယောက်ဖဝမ်းကွဲအား သူ ပေဟယ်စီရင်စုသို့ ရောက်ရှိနေကြောင်း အဘိုးကို မပြောရန် တောင်းဆိုခဲ့ပြီး ယောက်ဖသည်လည်း သဘောတူညီခဲ့သည်။
သို့သော်လည်း ယောက်ဖဖြစ်သူမှာ အိမ်ပြန်ရောက်ရောက်ချင်းမှာပင် သူ့မိန်းမထံ ထိုအကြောင်းကို ဖောက်သည်ချလိုက်တော့သည်။
ထိုအခါ ဝမ်ရူကွေ့၏ ဝမ်းကွဲအစ်မက မြို့တော်သို့ ချက်ချင်းဖုန်းဆက်ပြီး အဘိုးဝမ်အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့လေ၏။
အဘိုးဝမ်မှာ ထိုနေ့ညမှာပင် ဝမ်ရူကွေ့၏ အကြောင်းကို သိရှိသွားပြီး တစ်ချိန်တည်းမှာပင် စိတ်ကသိကအောက်ဖြစ်လာရှာသည်။သူက ဦးလေးဇုန်းထံ၌ ချက်ချင်းပင် စတင်ညဉ်းတွားတော့လေ၏။
" ရူကွေ့က ငါ့စကားနားမထောင်တော့ဘူး ... သူ့ကျန်းမာရေးကို လုံးဝဂရုမစိုက်တော့ဘူးလားကွာ ..."
ထိုအခါ ဦးလေးဇုန်းက အဘိုးဝမ်အား အမြန်နှစ်သိမ့်ပေးရှာသည်။
" ဘယ်သူပြောနိုင်မှာလဲ ရူကွေ့က မြက်နုလေးအတွက် လုပ်နေတာ မဟုတ်ပါဘူးလို့ ... ကံကောင်းရင် နှစ်မကုန်ခင်တောင် သတင်းကောင်းကြားရနိုင်တယ် ... ရူကွေ့ကို တစ်ခါတစ်လေလေး လွှတ်ထားပေးလိုက်ပါ ဗိုလ်မှူးရယ် ... "
ဦးလေးဇုန်း၏ စကားများက အဆက်အစပ်ရှိသည်ဟု အဘိုးဝမ် ခံစားသွားရသည်။ ဤသည်မှာ ဝမ်ရူကွေ့ဘက်မှ မိန်းကလေးတစ်ဦးကို စိတ်ဝင်စားကြောင်း ပြသသည့် ပထမဦးဆုံး အကြိမ်ပင်။
ဤနှုန်းဖြင့်သာဆိုလျှင် နှစ်ကုန်လောက်၌ မြေးမလေးရလာနိုင်မည်ကိုပင် မပြောနိုင်ချေ။
ထိုအကြောင်းကို ပိုတွေးလေလေ အဘိုးဝမ်တစ်ယောက် ပိုမို စိတ်ပျော်လာလေလေဖြစ်သည်။
ဤသို့ဖြင့် အဘိုးဝမ်သည် တစ်ညလုံးနီးပါး ဦးလေးဇုန်းအား သူ၏ စိတ်ကူးများအကြောင်း ရေပက်မဝင်အောင် ပြောနေခဲ့တော့လေ၏။
သန်းခေါင်ကျော်ခါနီးတွင် ဦးလေးဇုန်းခမျာ မျက်လုံးများ မဖွင့်နိုင်လောက်အောင်ဖြစ်လာသည်။
ဦးလေးဇုန်း : ပြောမိတာမှားတယ်
***
အစိုးရပိုင်စားသောက်ဆိုင်မှ ထုံရွှယ်လူ ထွက်လာသောအခါတွင် အမေရှောင်က သူမကို အပြင်ဘက်၌ စောင့်နေခဲ့သည်။
" စာအုပ်နဲ့ အပင်တွေ အဆင်သင့်ရှိတယ် ... လိပ်စာလေး ပေးပါဦး ... မနက်ဖြန် တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်မယ် ... "
ထုံရွှယ်လူ့ကို တွေ့လိုက်ချိန်တွင် အမေရှောင်က ချက်ချင်း လေးနက်စွာပြောလာခဲ့လေ၏။
အမေရှောင်အား ထုံရွှယ်လူ နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်လခွဲနီးပါးရှိပြီဖြစ်ပြီး သူမသည် ဤအတောအတွင်း အမေရှောင့်သတင်းကို တစ်ကြိမ်မှ မကြားခဲ့ရပေ။
နောက်ဆုံးတစ်ကြိမ် ဈေးဆစ်ပြီးကတည်းက အမေရှောင်မှာ သူမနှင့် ခပ်ကင်းကင်းနေတော့မည်ဟု ထုံရွှယ်လူ မှန်းဆထားခဲ့သည်။ထိုသို့ဖြစ်ခဲ့ပါက သူမ တတ်စွမ်းနိုင်သည်မျိုးလည်း ရှိမည်မဟုတ်ပေ။
ထုံရွှယ်လူက အံ့သြဝမ်းသာစွာဖြင့် အမေရှောင်အား သူမ၏ လိပ်စာကို ပြောပြခဲ့သည်။အမေရှောင်သည် ထုံရွှယ်လူ၏ လိပ်စာကို ရေးမှတ်ခဲ့ပြီး မထွက်ခွာမီတွင် ရုတ်တရက်ရပ်ကာ ပြောလာခဲ့လေ၏။
" အခုဆို ဆရာမမာလည်း အပြစ်ခံနေရပြီ ... ကျန်းမိသားစုနဲ့ ကင်းကင်းနေတာ ကောင်းမယ်ထင်တယ် ... "
ထုံရွှယ်လူတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ယခု အမေရှောင်က သူမအတွက် စိတ်ပူပေးနေခြင်းလော။
နောက်ဆုံးတွေ့ခဲ့ချိန်၌ အမေရှောင်သည် အလွန်မောက်မာခဲ့သဖြင့် ဤတစ်ကြိမ်တွင် သူမအား အပြုသဘောဆောင်စွာ အကြံပြုလာမည်ဟု ထုံရွှယ်လူ ထင်မထားခဲ့ပေ။
အမှန်အတိုင်းပြောရလျှင် ထုံရွှယ်လူမှာ အမေရှောင့်ကို ဆန့်ကျင်စရာ အကြောင်းမရှိပေ။
အမေရှောင်က ပြေလည်ရန်လမ်းကြောင်းဖွင့်ပေးခဲ့သဖြင့် ထုံရွှယ်လူသည်လည်း အလိုက်သင့်လေး ကောင်းကောင်းမွန်မွန်ပြန်လည်ဖြေကြားပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ် အန်တီ ... ကျွန်မမှတ်ထားပါ့မယ် ... "
ထိုအခါ အရောင်အသွေးစုံသော ဒေါင်းငှက်တစ်ကောင် လေထဲတွင် ဂုဏ်ယူစွာ ပေါ်လွင်နေသကဲ့သို့ပင် အမေရှောင်က ရယ်ရယ်မောမောဖြင့် ထွက်ခွာသွားခဲ့သည်။
ထုံရွှယ်လူ အိမ်ပြန်ရောက်သောအခါ ထုံမျန်မျန်၏ အထိတ်တလန့်အော်သံကိုကြားလိုက်ရသည်။
" ဟင့်အင်း ... မလာနဲ့ ... မလာနဲ့ ... "
ထုံရွှယ်လူလည်း လန့်ဖျပ်ပြီး ခြံဝင်းထဲသို့ ပြေးဝင်သွားလိုက်လေ၏။
ထိုအခါ ခွေးတစ်ကောင်က ထုံမျန်မျန်၏ အနောက်မှ ပြေးလိုက်နေသည်ကို တွေ့လိုက်ရသည်။
ထုံရွှယ်လူမှာ ကနဦးက စိတ်ပူပန်သည့် အရှိန်ဖြင့် ဖျော့တော့နေခဲ့သလောက် ခွေးကို အနီးကပ်မြင်လိုက်ရချိန်တွင်မူ စိတ်အေးသွားသည်။
ထုံမျန်မျန်၏ အနောက်သို့ လိုက်နေသောခွေးမှာ တစ်လမှ နှစ်လသားအရွယ်သာရှိဦးမည်။ထိုခွေးပေါက်လေးမှာ အလွန်သေးငယ်လေ၏။ခွေးလေးက အမြီးတနှန့်နှန့်ဖြင့် ပေါင်မုန့်လုံးလေးကို လိုက်ဆွဲနေခဲ့ပြီး တစ်နေရာတွင် ဟန်ချက်ပျက်ပြီး လဲကျသွားတော့သည်။
သို့သော် ခွေးပေါက်လေးမှာ နာကျင်လေဟန်မရဘဲ ထို့အစား ၎င်း၏တင်ပါးသေးသေးလေးများဖြင့် ချက်ချင်းအားယူထလိုက်ပြီး ထုံမျန်မျန့်အား အသံပိစိလေးဖြင့် ဟောင်နေလေ၏။
" ဝု ... ဝု... "
ထိုအချိန်တွင် ထုံမျန်မျန်က မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး ပုပုသေးသေးလက်လေးများဖြင့် သူမကိုယ်သူမ ဖုံးအုပ်ကာ ခေါင်းတယမ်းယမ်းဖြင့် ဆိုလာတော့သည်။
" ငါ့အနားကို မလာနဲ့ ... ငါလည်း ခွေးပေါက်စလေးပဲ ... ငါတို့နှစ်ယောက်လုံးက ခွေးပေါက်လေးတွေမို့ နင် ငါ့ကို ကိုက်လို့မရဘူး ... "
နှစ်ဦးသား မည်မျှပင် ချစ်စရာကောင်းလိုက်လေသနည်း။
အစ်မကြီးကို လှမ်းတွေ့လိုက်သောအခါ ထုံမျန်မျန်က ခြေထောက်သေးသေးလေးများဖြင့် ယက်ကန်ယက်ကန် ပြေးလာလေ၏။ယင်းနောက်တွင် သူမက မှတ်တုပ်မှိတ်တုပ်မျက်လုံးများဖြင့် ထုံကျားမင်ကို တိုင်တန်းတော့လေသည်။
" မမ ... တတိယမြောက်အစ်ကိုကြီးက မျန်မျန့်ကို လိုက်ကိုက်အောင် ခွေးကို လွှတ်ထားတယ် ... "
ထိုအခါ ထုံရွှယ်လူမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီးထုံမျန်မျန်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
" မျန်မျန်က ခွေးလေးကို ဘာလို့ အရမ်းကြောက်နေတာလဲ ... ချစ်စရာလေးမဟုတ်ဘူးလား ... "
ထိုအခါ ထုံမျန်မျန်က စပျစ်သီးလုံးများနှင့်တူသော ခပ်ဝိုင်းဝိုင်းမျက်လုံးများကို ပိတ်လိုက် ဖွင့်လိုက်လုပ်ပြီး " ဒါပေမယ့် သူက မျန်မျန့်ကို ကိုက်တယ်လေ ... ဘောင်းဘီကိုလည်း လိုက်ဆွဲသေးတယ် ... " ဟု ဆိုလာလေ၏။
" သူကိုက်တာနာလား ... "
ထိုအခါ ပေါင်မုန့်လုံးလေးက ခေါင်းကို စောင်းငဲ့၍ တစ်ချက်တွေးတောလိုက်ပြီး ယင်းနောက်တွင်မူ " မနာပါဘူး ... " ဟု ဖြေလာသည်။
"ဒါဖြင့်ကြောက်စရာမကောင်းဘူးပေါ့ ...မမနဲ့ အတူတူသွားကြမလား ... "
အစ်မကြီးဖြစ်သူနှင့် အတူရှိချိန်တွင် ထုံမျန်မျန်မှာ ယုံကြည်ချက်များ တိုးလာပြီး သူမ၏ လက်သေးသေးများအား ထုံရွယ်လူ၏ လက်ဖဝါးထဲသို့ လျှိုသွင်းလိုက်တော့လေသည်။
" ခွေးလေးက ဘယ်ကလဲ ... "
ထုံရွှယ်လူက ထုံကျားရှင်းတို့ထံသို့ သွားရောက် မေးမြန်းလိုက်သည်။
ထိုအခါ ထုံကျားရှင်းက တောက်ပနွေးထွေးသောမျက်ဝန်းများဖြင့် ရှင်းပြလာတော့၏။
" အိမ်ပြန်လမ်းမှာ တွေ့လို့ ခေါ်လာတာပါ .. ကျွန်တော်တို့ မွေးလို့ရမလားအစ်မ ... ခွေးလေးက အရမ်းငယ်သေးတယ် ... ကျွန်တော်တို့ ခေါ်မထားရင် ငတ်သေသွားလိမ့်မယ် ... "
ထုံရွှယ်လူက ခွေးကလေးကို ကြည့်လိုက်သည်။၎င်းသည် တစ်လမှ နှစ်လသားအရွယ်ခန့်ရှိပုံရပြီး မွေးထားရန် မတတ်နိုင်တော့သော မိသားစုတစ်စုစုမှ စွန့်ပစ်ထားပုံရသည်။
ခွေးပေါက်ကလေးမှာ အလွန်ချစ်စရာကောင်းလှပြီး နဖူးပေါ်ရှိ အနက်ရောင် အမွေးအမျှင် အနည်းငယ်မှလွဲ၍ တစ်ကိုယ်လုံး ဖြူဖွေးနေသည်။ပိုမိုစိတ်ဝင်စားစရာကောင်းသည်မှာ ယင်းအနက်ရောင် အမွေးများက နှလုံးသားပုံစံဖြစ်နေခြင်းပင်။
လူသစ်ရောက်လာသည်ကို သတိထားမိသော ခွေးကလေးက ထုံရွှယ်လူ့အနားသို့ ချဉ်းကပ်လာပြီး ခြေထောက်များအား ပွတ်သီးပွတ်သပ် လုပ်နေတော့လေသည်။
ထိုအခါ ထုံရွှယ်လူက ထိုင်ချလိုက်ပြီး ခွေးပေါက်ကလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ခွေးမကလေးက အလွန်ကျေနပ်သွားပုံရပြီး တွန့်လိမ်ကောက်ကွေးကာ မြေပြင်ပေါ်သို့ လှဲချလိုက်လျက် သူမ၏ ဝမ်းဗိုက်ကို ပြသလာသည်။
ထုံရွှယ်လူသည်လည်း ၎င်း၏ ချစ်စဖွယ်ကောင်းမှုကြောင့် စိတ်ကူးထဲတွင် နှာခေါင်းသွေးပင် ယိုနေပြီဖြစ်သည်။
" ကောင်းပြီ ... မွေးချင်ရင် မွေးလို့ရတယ် ဒါပေမယ့် အစာကျွေးတာနဲ့ သန့်ရှင်းရေးအတွက် တာဝန်ယူရမယ် ... တာဝန်ယူနိုင်ရင် ခေါ်ထားလို့ရတယ် ..."
အိမ်တွင် သူမ မှလွဲ၍ အရွယ်ရောက်သူလည်း မရှိသည့်အပြင် ခြံဝန်းမှာ အလွန်ကျယ်ဝန်းလေ၏။
၄င်းတို့သည် သိုက်သိုက်ဝန်းဝန်းဖြစ်ရန် အတွက်သာမက လုံခြုံရေးအတွက်ပါ ခွေးတစ်ကောင်ကို အမှန်တကယ် လိုအပ်နေသည်။
ထိုအခါ ထုံကျားရှင်း၏ မျက်လုံးများက တောက်ပလာပြီး သူက " ကျွန်တော် ဂရုစိုက်ပါ့မယ်လို့ ကတိပေးပါတယ် ... " ဟု စိတ်အားထက်သန်စွာ ဆိုလာခဲ့တော့၏။
ခွေးကလေးက သူမကို အမှန်တကယ် ကိုက်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ ထုံမျန်မျန်က ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး တုန်ရီနေသောလက်လေးဖြင့် ခွေးကလေး၏ ခေါင်းကို ခပ်သာသာ ပုတ်ပေးလိုက်သည်။
" မမ ... ခွေးလေးက အရမ်းကိုင်လို့ကောင်း ... "
စကားမဆုံးသေးမီမှာပင် ခွေးပေါက်လေးက ပါးစပ်ဖွင့်လိုက်ပြီး ထုံမျန်မျန်၏ လက်သန်းကို ကိုက်လာခဲ့တော့လေ၏။
ထုံမျန်မျန်တစ်ယောက် မျက်ရည်များဝိုင်းလာသည်။အမှန်တကယ်တွင် ခွေးကလေး၏ သွားများသည် ချွန်ထက်ခြင်းမရှိဘဲ အကိုက်ခံရလျှင်လည်း လုံးဝမနာပေ။
သို့သော်လည်း ထုံမျန်မျန်မှာ ကြောက်လန့်တကြား အော်ဟစ်ဆဲဖြစ်ပြီး ခွေးပေါက်ကလေးနှင့် နီးစပ်ရန် ငြင်းဆိုခဲ့လေ၏။
မည်သို့ပင်ဆိုပါစေ ခွေးပေါက်လေးကတော့ ထုံမျန်မျန်၏ အနောက်မှ ပြေးလိုက်ရခြင်းကို သဘောတွေ့နေရှာသည်။
ထိုနေ့တွင် ထုံမိသားစုနေအိမ်မှာ ဆူညံသံများဖြင့် စည်ကားနေခဲ့တော့လေ၏။
***
စားဖိုမှူးမုန့်မှာ လက်ဒဏ်ရာကြောင့် နေ့စဉ်ဘ၀ရေးရာတွင် အဆင်သိပ်မပြေရှာပေ။သူ၏ သားဖြစ်သူမှာလည်း အလုပ်များဖြင့် ဇယ်ဆက်နေလေသည်။
ထုံရွှယ်လူမှာ စားဖိုမှူးတာဝန်များကို ကျွမ်းကျင်စွာ ထမ်းဆောင်နေနိုင်ဖြင့် စားဖိုမှူးမုန့်သည် နောက်တစ်နေ့တွင် အလုပ်မဆင်းတော့ဘဲ ရွာရှိ မိသားစုထံသို့ ပြန်သွားခဲ့သည်။
ပုံမှန်အားဖြင့် လျှိူတုံချန်သည် စားသောက်ဆိုင်တွင် စားသောက်လေ့မရှိဘဲ စားသောက်ချိန်တွင် အစ်မဖြစ်သူ၏ နေအိမ်သို့သာ သွားရောက်လေ့ရှိသည်။သို့သော် ထုံရွှယ်လူ၏ လက်ရာကို မြည်းစမ်းပြီးကတည်းက လျှိူတုံချန်မှာ နေ့လည်စာရော ညစာကိုပါ စားသောက်ဆိုင်၌သာ စားသောက်ပြီး အခြားမည်သည့်နေရာကိုမှ မသွားတော့ပေ။