🍵Chapter 103
ထုံရွှယ်လူ့ဆီသွားဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး
လျှိူတုံချန်မှာ စားသောက်ဆိုင်တွင် မကြာခဏ ရှိနေခဲ့ပြီး ထုံရွှယ်လူသည် သူမ၏ လုပ်ငန်းခွင်တွင် ပဋိပက္ခများ မဖြစ်ပွားစေလိုသောကြောင့် ထန်ရှောင်ယန့်အား အစားအစာပေးရာတွင် လက်မတွန့်ခဲ့ပေ။ထန်ရှောင်ယန်သည်လည်း အခြားသူများနှင့် တူညီသောပမာဏကို ရရှိခဲ့သည်။
ပုံမှန်မဟုတ်ဘဲ ပြည့်မောက်နေသော ပန်းကန်ကြောင့် ထန်ရှောင်ယန်မှာ ထုံရွှယ်လူက လျှိူတုံချန်၏ အရိပ်အခြည်ကို ကြည့်ရှုနေရကြောင်း သဘောပေါက်သွားပြီး တစ်ဖန်ဇောင်းကြွလာတော့သည်။
ယနေ့မွန်းလွဲပိုင်းတွင် အစိုးရပိုင်စားသောက်ဆိုင်ရှေ့၌ ဆီဒင်အမှတ်တံဆိပ် မော်တော်ကားများ ရပ်တန့်သွားခဲ့ကြပြီး များမကြာမီတွင် ၎င်းတို့ထဲမှ လူ ၇ ဦး ၈ ဦးခန့် ဆင်းသက်လာခဲ့ကြသည်။
ထိုအမျိုးသားများအားလုံးသည် ရိုးရာဝတ်ရုံရှည်များ ၀တ်ဆင်ထားကြပြီး အချို့၏လက်ထဲတွင် လက်စွဲသေတ္တာများရှိနေကြသည်။အားလုံးမှာ ရာထူးကြီးမားသော အစိုးရအရာရှိများဖြစ်ပုံရလေသည်။
အစိုးရပိုင်စားသောက်ဆိုင်မှ ဝန်ထမ်းများသည် ထိုအချိန်တွင် နေ့လယ်စာကို ခေါင်းမဖော်တမ်း စားနေခဲ့ကြသည်။
ထန်ရှောင်ယန်သည်လည်း ခြွင်းချက် မဟုတ်ပေ။သူမသည် များမကြာခင်ကမှ ထုံရွှယ်လူ ချက်သောအရာကို ခြေထောက်ဖက်ပြီး တောင်းပန်ခယလျှင်ပင် မစားနိုင်ဟု ဆိုခဲ့သော်လည်း ယခုတွင်မူ အတိတ်မေ့သလိုလို ၊ ရွှေပျောက်သလိုလို အရူးကွက်နင်းကာ ဝက်တစ်ကောင်သကဲ့သို့ အငမ်းမရ စားသောက်နေလေသည်။
လျှိူတုံချန်မှာ ဆိုင်ထဲဝင်လာသူများကို ဆိုင်မဖွင့်လှစ်ပါသေးကြောင်း အသိပေးရန် ပြင်လိုက်သော်လည်း အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ဟန်ရသည်ကို တွေ့သောအခါ လျှာကို မတော်တဆ ကိုက်မိသွားသည်။
နာကျင်လွန်းသဖြင့် မျက်နှာကြောများပင် တွန့်သွားခဲ့သော်လည်း အနည်းဆုံးတော့ သူပြောလိုက်မိတော့မည့် မလိုလားအပ်သော စကားများကို ထိန်းထားနိုင်ခဲ့သည်။
ထုံရွှယ်လူသည်လည်း ဆိုင်ထဲသို့ ဝင်လာသော အမျိုးသားများမှာ သာမန်မဟုတ်ကြောင်း ရိပ်စားမိသည်။သူမက မတ်တပ်ထရပ်ပြီး သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေ၏။
" ကြိုဆိုပါတယ်ရှင့် ဘာများအလိုရှိပါသလဲ .... "
ဧည့်သည်များအားလုံးမှာ အမှန်တကယ်ပင် အစိုးရအရာရှိများဖြစ်ကြသည်။ယခင်က အစိုးရပိုင်စားသောက်ဆိုင်များသို့ သွားရောက်လည်ပတ်သည့်အခါမျိုးတွင် ၄င်းတို့၏ အခွင့်အာဏာအရ ကြိုတင် ဖုန်းခေါ်ဆိုကာ အသိပေးလေ့ရှိခဲ့သည်။မည်သည့်ဝန်ထမ်းကမှ သူတို့ကို ရိုင်းရိုင်းပျပျ မပြုမူရဲပေ။ထို့ကြောင့်ပင် ထုံရွှယ်လူ၏ အပြုအမူက အလွန်ချိုသာယဉ်ကျေးနေသည်ကို သူတို့က မအံ့သြကြပေ။
ကြိုဆိုရေးပြုသည့် အပိုင်းမှာ လွန်စွာပင် စိတ်ရွှင်လန်းသွားစေသည်။
ယင်းအုပ်စုမှာ ဝင်ပေါက်နေရာကတည်းက အနံ့တစ်မျိုးကို ရနေခဲ့ပြီး အထဲကို လှမ်းဝင်လိုက်သည်နှင့် ယင်းအနံ့သည် ပိုမို ထင်ရှားလာကာ နှာဖျားမှတဆင့် ဗိုက်ထဲသို့ တည့်တည့်တိုးဝင်သွားသည်။
ထိုရနံ့က သူတို့ကို အလွန်ဆာလောင်သွားစေလေ၏။
ထိုအချိန်တွင် အတွင်းရေးမှုးတစ်ဦးသဖွယ် ၀တ်စားထားသော အမျိုးသားတစ်ဦးက ဝန်ထမ်းများ စားသောက်နေသည်ကို ကြည့်ရှုကာ “ ဘာစားနေကြတာလဲ ” ဟု မေးမြန်းလာသည်။
" မာပို တို့ဟူး ... အိမ်ချက်ဝက်ခြေထောက်နဲ့ အာလူးချဥ်ပါ ... " ထုံရွှယ်လူက အဆောတလျင် ပြန်လည်ဖြေကြားလိုက်သည်။
ထိုဟင်းပွဲတစ်ပွဲချင်းစီကို လှမ်းကြည့်ရင်း တစ်အုပ်စုလုံး တံတွေးမျိုချမိသွားကြသည်။
ယင်းနောက်တွင် အုပ်စုထဲမှ ထိပ်ပြောင်ပြောင်နှင့် အမျိုးသားတစ်ဦးက " အကုန်လုံးမှာမယ် ... တစ်ပွဲစီချပေး ... " ဟု ပြောလာခဲ့သည်။
ထိုအခါ ထုံရွှယ်လူသည်လည်း ဦးညွှတ်ပြလိုက်ပြီး စားဖိုချောင်ထဲသို့ ဝင်သွားတော့လေ၏။ကောင်းဝေ့ဖျင်သည်လည်း လက်ထဲမှ တူကို အလျင်အမြန်ချလိုက်ပြီး ထုံရွှယ်လူ့အား ကူညီပေးရန် အနောက်မှ လိုက်သွားခဲ့သည်။
မုန့်ချင်းချင်းမှာ လုပ်ဖော်ကိုင်ဖက်များ မူမမှန်ဖြစ်နေကြသည်ကို သတိထားမိသော်လည်း ထိုသူများက အစိုးရအရာရှိများ ဟုတ်သည်မဟုတ်သည်ကို မသဲကွဲခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ သူမသည်လည်း တူချောင်းများကို ချလိုက်ပြီး ပိုက်ဆံနှင့် လက်မှတ်များကို ရေတွက်ရန် ထထွက်သွားခဲ့သည်။
ထန်ရှောင်ယန်သာလျှင် အရူးတစ်ယောက်သဖွယ် မရပ်မနား စားသောက်နေသည့် တစ်ဦးတည်းသော သူဖြစ်သည်။
သူမသည် ထုံရွှယ်လူ့ကိုပင် " ကပ်ဖားလျက်ဖားမ " ဟု ရေရွတ်ပြောဆိုလိုက်သေး၏။
လျှိူတုံချန်သည် ထိုစကားကိုကြားသောအခါ ထန်ရှောင်ယန့်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ယခုအချိန်တွင် သူသည် မာပိုတို့ဟူးကို ထန်ရှောင်ယန်၏ ခေါင်းပေါ် သို့ လောင်းချချင်နေလေ၏။
လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ ဝက်ခြေထောက်အားလုံးကို တစ်ချိန်တည်းမှာပင် ချက်ပြုတ်ပြီးဖြစ်သည်။ထုံရွှယ်လူ ပြင်ဆင်ရန် လိုအပ်သမျှမှာ မာပိုတို့ဟူးနှင့် အာလူးပူများသာ ဖြစ်သည်။
ထုံရွှယ်လူမှာ ကောင်းဝေ့ဖျင်အား အာလူးများကို အခွံခွာစေပြီး ထိုအချိန်တွင် သူမက အာလူးများအား အပြားလိုက် လှီးဖြတ်နေခဲ့သည်။
ထုံးစံအတိုင်းပင် ထုံရွှယ်လူသည် အလုပ်ကို လိမ္မာပါးနပ်စွာဖြင့် စေတနာထား၍ လုပ်သည်။သူမ၏ဓားချက်က လျင်မြန်ပြီး အာလူးပြားများအားလုံးက အရွယ်အစားညီကြသည်။
ကောင်းဝေ့ဖျင်မှာ ထုံရွှယ်လူ၏ အရည်အချင်းကို မြင်သောအခါအံ့အားသင့်သွားတော့လေ၏။
" အစ်မ ရွှယ်လူ ... ဓားကိုင်ကျင့်နေတာ ဘယ်လောက်ကြာပြီလဲ "
“ တစ်နှစ်မပြည့်သေးဘူး ...”
အမှန်အတိုင်းပြောရလျှင် ထုံရွှယ်လူ ဓားကိုင်ခဲ့သော ကာလမှာ ထို့ထက် ပိုရှည်လျားသည်။သူမသည် ယခင်ဘဝတွင် ၄င်းအရည်အချင်းကို ၇ နှစ်မှ ၈ နှစ်အထိ လေ့ကျင့်ယူခဲ့ရလေ၏။
သို့သော်လည်း မူလပိုင်ရှင်မှာ တစ်ကြိမ်တစ်ခါမှ မချက်ပြုတ်ဖူးသည်ဖြစ်ရာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည်ဟု ပြောလိုက်ပါက ထူးဆန်းရာကျလွန်းသည်။
ထိုစကားကိုကြားသောအခါ ကောင်းဝေ့ဖျင် တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
" မယုံနိုင်စရာပဲ အစ်မရာ ... စားဖိုမှူးမုန့်ပြောတာတော့ လူတစ်ယောက်က ဓားကိုင် ကျွမ်းကျင်ဖို့အတွက် အနည်းဆုံး ၇ နှစ်ကနေ ၈ နှစ်လောက်အထိ အချိန်ယူရတယ်လို့ ပြောခဲ့တာ ... အစ်မကျတော့ တစ်နှစ်တောင်မပြည့်သေးဘဲ အရမ်းကျွမ်းနေပြီ အံ့ဩစရာပဲ ... "
" နင့်ဘာသာနင် ငါနဲ့မနှိုင်းပါနဲ့ ... ငါက အမြဲတမ်း အရည်အချင်းရှိတယ် "
ကောင်းဝေ့ဖျင်မှာ ထုံရွှယ်လူက ကြွားလုံးထုတ်နေသည်ဟု နည်းနည်းလေးမှ မခံစားရချေ။
သူက ထပ်တလဲလဲ ခေါင်းညိတ်ပြပြီး " ကျွန်တော် သဘောတူပါတယ် .. အစ်မက ပါရမီရှင်ပဲ ...မနာလိုလိုက်တာဗျာ ... အစ်မရဲ့ တစ်ဝက်လောက်ပဲဖြစ်ဖြစ် တော်ချင်မိတယ် ... " ဟု ဆိုလာခဲ့သည်။
ထိုအခါ ထုံရွှယ်လူသည် လိမ်ညာမိခြင်းအတွက် အနည်းငယ် အပြစ်ရှိသလို ခံစားလာခဲ့ရသည်။ထို့ကြောင့် သူမက ကောင်းဝေ့ဖျင်အား ပြန်လည်နှစ်သိမ့်ပေးလိုက်တော့လေ၏။
" လေ့ကျင့်ရင်ရတာပဲ ...ကြိုးစားပြီးလုပ်ရင် ငါ့အဆင့်အထိ ရောက်လာလိမ့်မယ် ... "
ထိုအခါ ကောင်းဝေ့ဖျင်၏ မျက်လုံးများက ဝက်ဝံပေါက်လေးတစ်ကောင်သဖွယ်တောက်ပလာကာ သူ၏ မျက်နှာသည်လည်း စိတ်လှုပ်ရှားမှုအဟုန်ဖြင့် နီရဲလာတော့သည်။
ထုံရွှယ်လူသည် ကစီဓာတ်ကို ဖယ်ရှားရန် အာလူးချောင်းများအား ရေစိမ်ထားသည်။ထိုသို့စိမ်ထားချိန်တွင် သူမသည် မာပိုတို့ဟူးဟင်းလျာကို စတင်ချက်ပြုတ်ခဲ့သည်။
မာပိုတို့ဟူးဟင်းကောင်းတစ်ခွက်အတွက်သော့ချက်နှစ်ခုရှိသည်။တစ်မျိုးမှာ တို့ဟူးဖြစ်ပြီး နောက်တစ်မျိုးမှာ ဟင်းအနှစ်ပင်။
ထို့ပြင် တို့ဟူးမှာ အလွန်ပျော့လွန်း မာလွန်းခြင်းမရှိရပါ။
ထုံရွှယ်လူက တို့ဟူးများကို ပါးပါးလှီးပြီးဆားရည်ထဲ၌ ခေတ္တစိမ်ထားလိုက်သည်။
ထို့မှသာ တို့ဖူး အနံ့များလျော့သွားပြီး ပိုမိုနူးညံ့လာမည်ဖြစ်သည်။
ယနေ့ခေတ်ကာလတွင် အနံ့အရသာအတွက် ကြက်သားမှုန့်မရှိသော်လည်း ကံကောင်းစွာဖြင့်ပင် အစားထိုးအသုံးပြုနိုင်သည့် ပဲနက်နှင့် ပဲငပိများရှိသည်။မာပိုတို့ဟူးဟင်းကို အရသာရှိစေရန် ထိုနှစ်မျိုးကို သေချာပေါက် လိုအပ်ပေသည်။
သိပ်မကြာခင်မှာပင် မီးဖိုချောင်ထဲမှ အနံ့ပြင်းပြင်းတစ်ခုထွက်လာလေ၏။စပ်သောဟင်းလျာ၏ ရနံ့သည် ညှော်၍ စွဲမက်ဖွယ်ကောင်းသည်။ဧည့်ခန်းထဲတွင် ထိုင်နေသူများအားလုံးလည်း ပိုမို ဆာလောင်လာကြသည်။
ကနဦးက ထိပ်ပြောင်ပြောင်နှင့်တစ်ဦးကလည်း မယုံနိုင်စွာ ဆိုလာခဲ့လေ၏။
" အနံ့က အံ့ဩစရာပဲ ... ဒီအစိုးရစားသောက်ဆိုင်ကို အရင်က တစ်ခါမှ မရောက်ဖူးဘူး ... ဒီမှာ ဒီလောက်တော်တဲ့ စားဖိုမှူးတစ်ယောက်ရှိတယ်ဆိုတာကို မသိခဲ့ဘူး ... "
ထိုအခါ အခြားတစ်ဦးကလည်း ဝင်ရောက် သဘောတူညီလေသည်။
" ဟုတ်တယ် .... ကျွန်တော်လည်း ဒီကို တစ်ခါမှ မရောက်ဖူးဘူး ... နေ့လည်စာစားချိန်နဲ့သာမတိုက်ဆိုင်ရင် ဒီကို ရောက်လာဖြစ်မှာတောင်မဟုတ်ဘူး ... "
သူတို့အဖွဲ့မှာ အလုပ်ခရီးမှ ပြန်အလာ အစိုးရပိုင်စားသောက်ဆိုင်ရှေ့မှ ဖြတ်သွားချိန်တွင် နေ့လည်စာစားချိန်နှင့်တိုက်ဆိုင်သဖြင့် လမ်းကြုံဝင်လာကြခြင်းသာ ဖြစ်သည်။
ဤမျှလောက်အထိ အံ့အားသင့်ရမည်ဟု မျှော်လင့်မထားခဲ့ကြပေ။
ထုံရွှယ်လူချက်ပြုတ်ပြီးသောအခါ မုန့်ချင်းချင်းက ဟင်းပွဲများကို သယ်ဆောင်သွားပေးသည်။
ထိုအချိန်တွင် ထန်ရှောင်ယန်သည် နောက်ထပ် ထမင်းတစ်ပန်းကန်ကိုယူကာ ဆက်လက် စားသောက်နေခဲ့သည်။သူမသည် မတ်တပ်ထရပ်ပြီး တည်ခင်းဧည့်ခံပေးရန် လုံးဝ စိတ်ဝင်စားပုံမပေါ်ပေ။
ထိုအခြင်းအရာကို မြင်သော လျှိူတုံချန်မှာလည်း လွန်စွာဒေါကန်သွားလေ၏။ပြင်ပလူများသာမရှိလျှင် ယခုအချိန်တွင် သူသည်ထန်ရှောင်ယန့်အား ဆူပူကြိမ်းမောင်းမိတော့မည်သာဖြစ်သည်။
အစိုးရအရာရှိများမှာ အစားအသောက်ရနံ့များကြောင့် ဆာလောင်နေခဲ့ပြီး ဟင်းလျာများ ခင်းကျင်းပြီးသောအခါတွင် တည်ခင်းမှုပုံစံ ၊ အနံ့၊ အရသာတို့ကို မျက်မြင်တွေ့ရှိသွားကြသည်။
မာပိုတို့ဟူးသည် အနီရောင်တောက်တောက်အသွင်ရှိပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် အပူက နှာခေါင်းထဲသို့ ချက်ချင်းတိုးဝင်သွားသည်။တစ်ချက်ကိုက်လိုက်ချိန်တွင် ပါးစပ်ထဲ၌ တို့ဟူး၏ အရသာနှင့် ပျော့ပျောင်းမှုတို့ဖြင့် ပြည့်နှက်သွားကာ မယုံနိုင်လောက်အောင် အရသာရှိလွန်းပေသည်။
ဝက်ခြေထောက်ပေါ်ရှိ အရေခွံသည် အဆီဖြင့်တောက်ပြောင်နေပြီး ထွင်းဖောက်မြင်ရသော နီရဲရဲအရောင်ရှိသည်။ယင်းပြင် အသားများကပါးစပ်ထဲတွင် ချက်ချင်း ပျော်ဆင်းသွားပြီး ဟင်းအနှစ်က ထမင်းမြိန်စေသည်။ထို့ထက်ပို၍ အရသာရှိနိုင်သည်မျိုး မရှိတော့ပေ။
အာလူးချဉ်ပူပူမှာ ထမင်းမြိန်စေသော နောက်ထပ် ဟင်းလျာတစ်ခွက်ပင်ဖြစ်သည်။၎င်းမှာ ပူပူစပ်စပ်အရသာရှိပြီး တစ်ချိန်တည်းမှာပင် အချဉ်လည်း ကဲသေး၏။
အရာရှိအုပ်စုသည် အနောက်မှ တစ်စုံတစ်ရာ အလိုက်ခံနေရသကဲ့သို့ အချိန်အတော်ကြာအောင် ခေါင်းမဖော်တမ်းစားသောက်နေခဲ့ကြသည်။အမှန်အတိုင်းပြောရလျှင် ဤမျှနှင့် မတင်းတိမ်နိုင်သေးသော်လည်းအလကားမဖြုန်းတီးချင်သောကြောင့် နောက်ဆုံးတွင် သူတို့က ထပ်မံ မမှာယူတော့ရန်ဆုံးဖြတ်လိုက်ကြလေ၏။
ကံကောင်းစွာဖြင့် ပန်းကန်သုံးလုံးထဲမှ နှစ်လုံးထဲတွင် ဟင်းအနှစ်များ ကျန်ရှိသေးပြီး ၎င်းဟင်းအနှစ်များဖြင့်ပင် နောက်ထပ် ထမင်းတစ်ပန်းကန်ခန့် ထပ်မံ စားသုံး၍ရနိုင်သေးသည်။
နေ့လယ်စာစားပြီးသောအခါ အားလုံး ဗိုက်တင်းသွားကြတော့လေ၏။
" ဒီနှစ်တွေအတွင်း ကျုပ်စားဖူးသမျှထဲမှာ အကောင်းဆုံး အစားအစာပဲ ... အထူးသဖြင့် အဲဒီ မာပိုတို့ဟူးဟင်း ... စပ်စပ်လေးနဲ့ အနံ့အရသာကထိမိနေတာ ... "
" ကျုပ်ကတော့ ဝက်ခြေထောက်ကို အရမ်းကြိုက်တယ် ... အရမ်းနူးညံ့ပြီး ပါးစပ်ထဲမှာပျော်သွားတာ ... ဘာကြောင့် အိမ်ချက်ဝက်ခြေထောက်ဟင်းလို့ ခေါ်သလဲဆိုတာကို မအံ့ဩတော့ဘူး ... "
" ကျွန်တော်ကတော့ အာလူးချဉ်ကို အကြိုက်ဆုံးပဲ ... ပူပူချဉ်ချဉ်လေးနဲ့ အရမ်းစားကောင်းတယ် ... "
" ' ဝပ်နေတဲ့ကျား လျှို့ဝှက်နဂါး ' ဆိုတာ ဒါမျိုးကိုပြောတာကွ ... ဒီလိုစားသောက်ဆိုင်သေးသေးလေးက နိုင်ငံခြားသားတွေ စားကြတဲ့ စားသောက်ဆိုင်ထက်ကို ပိုကောင်းနေတယ် ... "
ထိပ်ပြောင်ပြောင်လူ၏ စကားကြောင့် တစ်ဖက်တွင် စောင့်ဆိုင်းနေသော လျှိူတုံချန်က ချက်ချင်း ထထွက်သွားကာ ကြော်ငြာဝင်တော့လေသည်။
" အားလုံးပဲ မင်္ဂလာပါ ... ကျွန်တော်က ဒီစားသောက်ဆိုင်ရဲ့မန်နေဂျာ လျှိူတုံချန်လို့ ခေါ်ပါတယ် ... "
ထိုအခါ ထိပ်ပြောင်ပြောင်နှင့်လူက လျှိူတုံချန့်ကို အပေါ်အောက် စူးစမ်းကြည့်ကာ
" ဝန်ဆောင်မှုနဲ့ အစားအသောက် နှစ်ခုလုံးက ကျေနပ်စရာပါပဲ ... ဟုတ်သားပဲ ဒါနဲ့ ဒီဟင်းတွေကို ချက်တဲ့ စားဖိုမှူးက ဘယ်သူလဲ ... ကျုပ်တို့ သူနဲ့တွေ့ချင်တယ် ... " ဟု ပြောလာခဲ့၏။
လျှိူတုံချန်မှာ အစိုးရအရာရှိများအား မျက်နှာလိုမျက်နှာရ လုပ်လိုခဲ့ပြီး ထုံရွှယ်လူနှင့် အခြားသူများကို ခေါ်ဆောင်လာရန် ရည်ရွယ်ချက်မရှိခဲ့ပါ။
သို့သော်လည်း တစ်ဖက်က ဤသို့တည့်တိုးမေးလာသဖြင့် ထုံရွှယ်လူ့အား သွားခေါ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။