🍵Chapter 104
- သူတို့ရှာဖွေနေသောအရာမှာ အမှန်တကယ်ပင် ထိုလျှို့ဝှက်ခန်းထဲ၌ ဝှက်ထားလျက်ရှိပုံရသည်
ထုံးစံအတိုင်း ထုံရွှယ်လူသည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မည်သည့်အခါတွင်မှ လက်လွှတ်မခံချေ။အမှန်တကယ်တွင် သူမသည် ဤအခွင့်အရေးကို စောင့်မျှော်နေခဲ့ခြင်းပင်။
ချက်ပြုတ်ပြီးသည်နှင့် ထုံရွှယ်လူသည် သူမကိုယ်သူမ သန့်ရှင်းသပ်ရပ်အောင်ပြင်ဆင်နေခဲ့လေ၏။
မီးဖိုချောင်ထဲသို့ လျှိူတုံချန်ရောက်လာသောအခါတွင် သူမ စောင့်မျှော်နေသည့် အခိုက်အတန့်သို့ ရောက်လာပြီဖြစ်ကြောင်း ထုံရွှယ်လူ သဘောပေါက်သွားသည်။
လျှိူတုံချန်၏ အနောက်တွင် ပါလာသော အရာရှိများက ထုံရွှယ်လူ့ကို တွေ့သောအခါ တွင် ချက်ချင်း တုံ့ပြန်ခြင်းမရှိပေ။ သူတို့က ထုံရွှယ်လူ၏အနောက်ကိုသာ ဆက်လက်၍ လှမ်းကြည့်နေကြသည်။
အတွင်းရေးမှူးနှင့်တူသော မိန်းကလေး၏အနောက်တွင် စားဖိုမှူးဖြစ်သူက အချိန်အတော်ကြာသည်အထိ ပေါ်မလာသေးပေ။
" ခင်ဗျားတို့ စားဖိုမှူးက ဘယ်မှာလဲ ... ဘာလို့ ထွက်မလာသေးတာလဲ"
ထိုအခါ လျှိူတုံချန်က ထုံရွှယ်လူ့ကို ညွှန်ပြလိုက်သည်။
" ဒါက ကျွန်တော်တို့ စားဖိုမှူးပါ ... ဒါပေမယ့် သူက ယာယီပါ ... ကျွန်တော်တို့ရဲ့ မူရင်းစားဖိုမှူးက လက်ဒဏ်ရာရထားလို့ လောလောဆယ်သူက အစားဝင်ပေးနေတာပါ ... "
ထိုအခါ လူတိုင်းက ထုံရွှယ်လူ့ကို မျက်လုံးအပြူးသားဖြင့် ကြည့်လာကြသည်။
ဤသည်မှာ မိန်းကလေးငယ်ငယ်လေးတစ်ဦးပင်။
အစိုးရပိုင်စားသောက်ဆိုင်များတွင် စားဖိုမှူးဆယ်ယောက်ရှိလျှင် ဆယ်ယောက်စလုံး အမျိုးသားများပင်ဖြစ်ကြသည်။မွေးကတည်းက အမျိုးသမီး စားဖိုမှူးကို မမြင်ဖူးခဲ့ပေ။
တစ်အုပ်စုလုံး အံ့သြသွားကြလေသည်။
ထိုအချိန်တွင် ထုံရွှယ်လူက ပြုံးလျက် သူမကိုယ်သူမ မိတ်ဆက်လိုက်လေ၏။
" အားလုံးပဲ မင်္ဂလာပါ ... ကျွန်မက ဒီစားသောက်ဆိုင်ရဲ့ ယာယီစားဖိုမှူးပါ ... ထုံရွှယ်လူလို့ခေါ်ပါတယ် ... 'ရွှယ် ' က နှင်းဆိုတဲ့စာလုံးက ရွှယ်ပါ ... ' လူ ' ကတော့ အစိမ်းရောင်ဆိုတဲ့ စာလုံးက လူပါ ... "
အစိုးရအရာရှိတစ်ဦးနှင့် တွေ့ဆုံသည့်အခါ အရေးကြီးဆုံးအပိုင်းမှာ တစ်ဖက်သား အထင်ကြီးစေလောက်သည့် အသွင်အပြင်ပင်ဖြစ်သည်။
ထိုအခါ ထိပ်ပြောင်ပြောင်နှင့်လူက ထုံရွှယ်လူ့ကို စူးစမ်းကြည့်ကာ "မင်းက ဒီစားသောက်ဆိုင်ရဲ့ စားဖိုမှူးလား ... " ဟု မယုံနိုင်စွာ မေးမြန်းလာလေ၏။
ထုံရွှယ်လူက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ် ... မာပိုတို့ဟူး ၊ အိမ်ချက်ဝက်ခြေထောက်နဲ့ အာလူးချဥ်ချက်တဲ့သူပါ ... "
ယင်းနောက်တွင် ထိပ်ပြောင်ပြောင်နှင့်လူက ခေတ္တရပ်တန့်သွားပြီးနောက် အသံထွက်၍ ရယ်မောလာတော့သည်။
" အမျိုးသမီးတွေက ကောင်းကင်တစ်၀က်ကို ထမ်းပိုးထားတယ်လို့ သမ္မတကြီး ပြောတဲ့စကားက အမှန်ပဲထင်တယ် ... ရဲဘော်ထုံက အဲဒီစကားကို အသက်ဝင်စေတဲ့ သက်သေပဲ ... "
အခြားသူများ အားလုံးကလည်း ထိုသူနှင့်အတူ ထောက်ခံကြသည်။
ထုံရွှယ်လူ၏ အပြုံးက ပိုမိုနက်ရှိုင်းလာ သလောက် လျှိူတုံချန်မှာတော့ မပျော်နိုင်ဖြစ်နေရှာသည်။စားသောက်ဆိုင်ထဲမှ ပြန်လည်ထွက်ခွာသွားချိန်၌ပင် မည်သူကမှ လျှိူတုံချန့်ကို သတိမထားမိခဲ့ကြပေ။
ထုံရွှယ်လူမှာ ကံကောင်းလွန်းနေသည်ဟု လျှိူတုံချန် ခံစားရသည်။စားဖိုမှူးမုန့်သည် အစိုးရပိုင်စားသောက်ဆိုင်တွင် ၁၀ နှစ်ကျော်ကြာ အလုပ်ဝင်ခဲ့ပြီးဖြစ်သော်လည်း မည်သည့်အစိုးရအရာရှိထံမှ ချီးကျူးခြင်းမခံရဖူးသေးပေ။
မကြာသေးမီရက်အနည်းငယ်ကမှ ယာယီအစားထိုးအဖြစ် စတင်ခဲ့သော ထုံရွှယ်လူမှာမူ ထိုလူများ၏ ချီးကျူးမှုကို ခံခဲ့ရလေသည်။
ထန်ရှောင်ယန်မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်ခဲ့သည်ကို နောက်ဆုံးမှ သိရှိသွားလေ၏။
သူမက တုန်လှုပ်ခြောက်ခြားစွာဖြင့် " သူတို့တွေ အကုန်လုံးက အစိုးရ အရာရှိတွေလား " ဟု မေးမြန်းလိုက်သည်။
သို့သော်လည်း မည်သူကမှ သူမကို မတုံ့ပြန်ခဲ့ကြဘဲ မုန့်ချင်းချင်းကသာ မကောင်းတတ်သဖြင့် ပြန်ဖြေပေးလိုက်ရသည်။
" ဟုတ်တယ်ထင်တယ် ... "
မုန့်ချင်းချင်းသည် အစောပိုင်းတွင် ထိုသူများက မည်သူမည်ဝါမှန်းမသိခဲ့ပေ။ထုံရွှယ်လူက ပန်းကန်များကို ယူဆောင်သွားသောအခါတွင်မှ အရိပ်အမြွက်သိလာခဲ့ခြင်းဖြစ်သည်။
ထန်ရှောင်ယန်မှာ ပါးစပ်အဟောင်းသားဖြင့် နောင်တ အကြီးကြီးရနေတော့လေ၏။မျက်မှောက်ခေတ်စကားဖြင့် ပြောရပါလျှင်သူမသည် ယွမ် ၁၀ သန်းလောက် ဆုံးရှုံးသွားသလို ခံစားနေခဲ့ရသည်။
ထိုသူများအားလုံးက အစိုးရအရာရှိများဖြစ်သည်ကိုသာ သိခဲ့ပါလျှင် ကျသင့်ငွေလက်ခံခြင်း ၊ ပန်းကန် တည်ခင်းပေးခြင်းများအား မုန့်ချင်းချင်းကို လုပ်ခွင့်ပေးမည် မဟုတ်ခဲ့ချေ။သူမသာ အကုန်လုံးကို သိမ်းကြုံးလုပ်ဆောင်မည်ဖြစ်သည်။
" နင်သိရဲ့သားနဲ့ ဘာလို့မပြောတာလဲ ... "
ထန်ရှောင်ယန်က မုန့်ချင်းချင်းကို စူးစိုက်ကြည့်နေလေ၏။
မုန့်ချင်းချင်း "……"
" နင် တမင်လုပ်တာမလား ... "
မုန့်ချင်းချင်း "……"
သူမ၏ ဦးလေးက ထန်ရှောင်ယန်နှင့် ဝေးဝေးနေရန် အဘယ်ကြောင့် ပြောခဲ့သည်ကို မုန့်ချင်းချင်းတစ်ယောက် နောက်ဆုံးတွင် သဘောပေါက်သွားသည်။သူမသည် စိတ်အနှောက်အယှက်ဖြစ်သွားပြီး မျက်နှာများနီမြန်းလာကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့တော့၏။
ထန်ရှောင်ယန်မှာ ချည်အိတ်တစ်လုံးကို လက်သီးဖြင့် ထိုးနေမိသလို ခံစားခဲ့ရသည်။ သူမကိုယ်တိုင်ပင် စိတ်မပြေနိုင်သေးချိန်တွင် ပစ်မှတ်ကပါ ထွက်ပြေးသွားလေပြီ။
ထန်ရှောင်ယန်တစ်ယောက် လွန်စွာပင် ဒေါကန်နေခဲ့လေ၏။
အစိုးရအရာရှိများမှာ ကနဦးကပင် ပြန်သွားပြီဖြစ်သော်လည်း နေ့လည်စာစားချိန် ကျော်သည့်တိုင် လျှိူတုံချန်နှင့် ထန်ရှောင်ယန်တို့နှစ်ဦးစလုံးမှာ မည်သည့်နေရာကိုမှ ထွက်မသွားနိုင်ဘဲ ရှိနေခဲ့ကြသည်။
ထုံရွှယ်လူကတော့ များများစားစား မတွေးပေ။ခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန်လိုအပ်သော်လည်း တစ်နေ့နေ့တွင် ထိုအခြင်းအရာမှ အခွင့်အရေးရလာမည်ဟု မည်သူက ဆိုလေသနည်း။
ထပ်မံ၍ တွေ့ဆုံစရာ အကြောင်းမရှိသည်မျိုးလည်း ဖြစ်နိုင်သည်။
လျှိူတုံချန်မှာမူ အလွန်စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပြီး ထုံရွှယ်လူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေလျက်ရှိသည်။
ထိုသို့ ကြည့်လိုက်ချိန်တိုင်းတွင်လည်း ထုံရွှယ်လူမှာ အလယ်တန်းကျောင်းပြဋ္ဌာန်းစာအုပ်များအား လေ့လာနေသည်ကိုသာ တွေ့ရလေ၏။
ထုံရွှယ်လူမှာမူ လျှိူတုံချန်၏ စပ်စပ်စုစုအကြည့်များကြောင့် လွန်စွာပင် စနိုးစနှောင့်ဖြစ်နေခဲ့ရှာသည်။
ဝမ်ရူကွေ့ ၊ ဖူကျန့်ယိနှင့် ကျန်းတန့်ဟုန်တို့သည် ပေဟယ်တွင် လိုအပ်သည်ထက် ပိုကြာကြာမနေခဲ့ကြဘဲ နောက်တစ်နေ့တွင် ဝမ်ရူကွေ့၏ယောက်ဖ လက်မှတ်ဖြတ်ပေးသည့် ရထားပေါ်သို့ ချက်ချင်းလိုက်ပါစီးနင်းခဲ့ကြသည်။
ကျန်းတန့်ဟုန်သည် ကြယ်နီထုတ်လုပ်ရေး အဖွဲ့မှ ထွက်ခွာလာပြီးကတည်းက အနည်းငယ်ဖျားနေခဲ့သော်လည်း မည်သူ့ကိုမှ မပြောပြဘဲ ချုပ်တည်းထားခဲ့လေ၏။
ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့သည် ရထားပေါ်သို့ ရောက်လာပြီးနောက် ကျန်းတန့်ဟုန် တစ်ခုခုဖြစ်နေသည်ကို သတိပြုမိသွားကြသည်။
"အဆင်ပြေရဲ့လား ရဲဘော်ကျန်း "
ဖူကျန့်ယိက စိုးရိမ်တကြီး မေးလိုက်လေ၏။
သို့သော်လည်း ကျန်းတန့်ဟုန်က သူ့အား တည်ငြိမ်သော အကြည့်တစ်ချက်ဖြင့်သာတုံ့ပြန်ပြီး အခြားမည်သည်ကိုမှ မပြောခဲ့ပေ။
ဖူကျန့်ယိ "……"
ဖူကျန့်ယိတစ်ယောက် အလွန်တရာ စိတ်ထိခိုက်သွားလေသည်။သူသည် ဝမ်ရူကွေ့နှင့် တစ်ဖက်တည်းဖြစ်သော်လည်း ကျန်းတန့်ဟုန်က သူ့ကို ယခုအချိန်ထိ မယုံကြည်နိုင်သေးပေ။
ဖူကျန့်ယိမှာ စိတ်ထိခိုက်လွန်းသဖြင့် မနေ့ညက မိုတယ်ဝန်ထမ်းအား မှန်ယူလာစေခဲ့ပြီး သူ့ရုပ်ရည်သူ အကဲဖြတ်နေခဲ့သည်။
ဤလို ဥပဒိရုပ်ပြည့်ဝသော မျက်နှာမျိုးတွင် ချို့ယွင်းသည့်အရာ မတွေ့နိုင်သေးပေ။
ဖူကျန့်ယိ စနိုးစနှောင့်ဖြစ်နေသည်ကို မြင်သောအခါ ဝမ်ရူကွေ့က ကြားထဲမှ ဝင်ရောက်မေးမြန်းပေးလိုက်လေ၏။
" ရဲဘော်ကျန်း နေမကောင်းဘူးလား .... "
ဤတစ်ကြိမ်တွင်မှ ကျန်းတန့်ဟုန်က ပြန်ဖြေလာသည်။
သူမက ခေါင်းယမ်းလျက် " ကျွန်မအဆင်ပြေပါတယ် ...စိတ်မပူပါနဲ့ ... " ဟု ဆိုခဲ့လေ၏။
ထိုသို့ပြောပြီးနောက် ကျန်းတန့်ဟုန်သည် ဝမ်ရူကွေ့ကိုလည်း လျစ်လျူရှုကာ ပြတင်းပေါက်ဘက်သို့ လှည့်ပြီး ခပ်ဝေးဝေးကိုသာ ကြည့်နေတော့လေသည်။
ဝမ်ရူကွေ့သည်လည်း ဆက်လက်မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်တော့လေ၏။
ကျန်းတန့်ဟုန်မှာ လူမှုရေးမသိတတ်ဟူ၍ ဝမ်ရူကွေ့ မခံစားရပေ။သူမ ဖြတ်သန်းခဲ့ရသည့် ကြောက်မက်ဖွယ်အရာများက ကျန်းတန့်ဟုန်အား အခြားသူများနှင့် သာမန်လူတစ်ယောက်ကဲ့သို့ ပေါင်းသင်းဆက်ဆံ၍ မရနိုင်ဖြစ်စေသည်။
***
ထိုအတောအတွင်း ကျန်းဟွာရုံသည် ကျန်းတန့်ဟုန် ကို ခေါ်ဆောင်သွားကြကြောင်း သတင်းကြားသိခဲ့သည်။သူက ဒေါသတကြီးဖြင့် ဆွေ့ဆွေ့ခုန်နေခဲ့လေ၏။
" ဟေ့ကောင် ရူးနေတာလား ... ဦးနှောက်မပါဘူးလား ... သူ့ကို ဘယ်လိုလုပ် ခေါ်သွားခွင့်ပေးလိုက်တာလဲ ... သောက်ရူးကောင် ... ဒုက္ခရောက်ချင်ရင် မင်းတစ်ယောက်တည်းပဲရောက် ငါ့ကိုပါဆွဲမချနဲ့ ... အခုချက်ချင်းသွားပြန်ခေါ်စမ်း ... မင်းပြန်မခေါ်ရင် ငါ ... "
"ဒုန်းးးး .... "
ကျန်းဟွာရုံ စကားမဆုံးသေးမီမှာပင် သူ၏ အခန်းတံခါးကို ရုတ်တရက် အပြင်မှ တွန်းဖွင့်လာခဲ့ကြသည်။ယင်းနောက် ရဲဝတ်စုံဝတ်ထားသော အမျိုးသားတစ်စုက အထဲဝင်လာကြလေသည်။
ကျန်းဟွာရုံ၏ လက်ထဲမှ ကြိုးဖုန်းသည်လည်း လွတ်ကျသွားခဲ့လေ၏။လက်ရှိအချိန်တွင် ကျန်းဟွာရုံသည် ထိတ်လန့်ကြောက်ရွံ့စိတ်ဖြင့် မျက်လုံးများ ပြူးကျယ်လျက်ရှိကာ သူ၏ လက်က တဆတ်ဆတ်တုန်နေသည်။
" ခင်ဗျားတို့က ဘယ်သူတွေလဲ ... ဒီလိုမျိုး ဘယ်လို ဝင်လာနိုင်ကြတာလဲ "
ကျန်းဟွာရုံသည် စိတ်တည်ငြိမ်အောင် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း သူ့နှလုံးက ရင်ဘတ်ပေါက်ထွက်လောက်သည်အထိ အဆက်မပြတ်ခုန်နေလေသည်။
ယခုအချိန်တွင် သူ့အတွက် တည်တည်ငြိမ်ငြိမ်နေရန် မဖြစ်နိုင်ချေ။ကျန်းဟွာရုံမှာ ထိုသူများကို ကြည့်ရှုပြီး စိတ်ထဲ မသိုးမသန့်ဖြစ်လာသည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရဲတင်းသောအကြည့်ဖြင့် ပြောလာခဲ့လေ၏။
" ကျန်းဟွာရုံ ... မြို့တော်အစိုးရရုံးက ခင်ဗျားနဲ့ပတ်သက်တဲ့ တိုင်ကြားစာတချို့ ရထားတယ် ... စစ်ဆေးကြည့်တော့ တိုင်ကြားထားတာတွေက အမှန်တွေပဲ ... အတူလိုက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးကို ပူးပေါင်းပေးပါ ... "
ကျန်းဟွာရုံသည် ကျောတွင်းခြင်ဆီထဲအထိ စိမ့်အေးသွားခဲ့ပြီး ကြောက်စိတ်ကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။
" မဟုတ်ဘူး ... အမှားတစ်ခုခုတော့ ရှိရမယ် ... ကျုပ်က ပြည်သူတွေအတွက် အမြဲတမ်း ရိုးရိုးသားသား တာဝန်ထမ်းဆောင်ခဲ့တာ ...တိုင်းပြည်နဲ့ ပြည်သူတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုး ဘယ်တုန်းကမှ မကျူးလွန်ခဲ့ဖူးဘူး ... ခင်ဗျားတို့ ကျုပ်ကို ဒီလို ဆက်ဆံလို့ မရဘူး ... "
ထိုအခါ လူလတ်ပိုင်းအရွယ် အမျိုးသား၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး သူ၏ မျက်နှာပေါ်တွင် လွန်စွာ လှောင်ပြောင်ခနဲ့လိုသော အမူအရာ ပေါ်လာသည်။
" ဒါဖြင့် ဘာတွေ စိတ်ပူနေတာလဲ ... ရာဇ၀တ်မှု မကျူးလွန်သရွေ့ တိုင်းပြည်က မှားယွင်း စီရင်မှာ မဟုတ်ဘူး ... "
ကျန်းဟွာရုံမှာ စကားမပြောနိုင်ဘဲ ဖြူဖျော့နေကာ အသက်ကို မနည်းရှူနေရပြီး ခြောက်သွေ့သော ကုန်းပေါ်သို့ ပစ်ချခံထားရသော ငါးတစ်ကောင်နှင့် တူနေသည်။
" တစ်ယောက်ယောက် လာပြီးတော့ သူ့ကို အတူခေါ်ခဲ့ ... "
ကျန်းဟွာရုံသည် အဖမ်းဆီးခံရခြင်းကို ငြင်းဆန်ရန် နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့ပြန်သည်။
" ကျုပ် မလိုက်ဘူး ... ကျုပ် ခင်ဗျားနဲ့ လိုက်သွားရင် တခြားလူတွေ ဘယ်လိုထင်ကြမလဲ ... ကျုပ်မှာ အပြစ်မရှိဘူးလို့ သက်သေပြနိုင်ခဲ့ရင်တောင် ကျုပ်ရဲ့ဂုဏ်သိက္ခာကို အများကြီး ထိခိုက်လိမ့်မယ် ... "
ပညာရေးဌာနမှ အခြားသူများမှာလည်း ထိုစကားကို သဘောတူညီကြပြီး တွတ်ထိုး တွတ်ထိုး လုပ်လာကြသည်။
ထိုအချိန်တွင် အမေရှောင်၏ အစ်ကိုဖြစ်သူ လက်ထောက်ညွှန်ကြားရေးမှူး ရှောင်ကျင့်ရှန်က အထဲသို့ ဝင်လာတော့လေ၏။
" အရာရှိကြီး ...ရဲဘော်ကျန်းက ဘာအမှားလုပ်မိလို့ပါလဲ ... ဒါတွေကို ပြောပြမနိုင်ဘဲနဲ့တော့ သူ့ကို ခေါ်သွားလို့ မရဘူး ... "
ပညာရေးဌာနမှ တခြားသူများကလည်း ယင်းစကားကို သဘောတူညီကြသည်။
သို့သော် ကျန်းဟွာရုံကတော့ တုပ်တုပ်မလှုပ်ဘဲ ရဲအရာရှိအား လှမ်းပြောလာခဲ့၏။
" ဘာမှ ဆက်မပြောနဲ့ ... ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့မယ် "
ထိုအခါ လူလတ်ပိုင်းအရွယ် ရဲအရာရှိက ထပ်မံ၍ အလျင်လိုမနေတော့ပေ။သူက အေးဆေးသော အမူအရာဖြင့် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ဆိုလာခဲ့လေ၏။
" ကောင်းပြီလေ ... တကယ်သိချင်နေတော့လည်း ပြောပြပေးရတာပေါ့ ... ကျန်းဟွာရုံက စစ်သူရဲကောင်းတွေရဲ့ သားသမီးတွေကို ညှဉ်းပန်းနှိပ်စက်မှု ၊ ကိုယ်ကျိုးစီးပွားအတွက် အာဏာကို အလွဲသုံးစားလုပ်မှု ၊လာဘ်ယူမှုတွေ ကျူးလွန်ပြီးတော့ အစိုးရပိုင်ပစ္စည်းတွေကို ခိုးယူခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ စုဆောင်းပြီးသွားပြီ ... အခု သူ့ကို ခေါ်သွားဖို့ လုံလောက်ပြီလို့ ထင်လား ... "
ယင်းစကားဆုံးသောအခါ ရုံးခန်းတွင်းရှိ လူများအားလုံး ငြိမ်သက်သွားကြသည်။အားလုံးက ကျန်းဟွာရုံအား တစ်ချိန်တည်း မှာပင် စူးစိုက်ကြည့်ရှုနေခဲ့ပြီး အလွန်တရာပင် အံ့အားသင့်နေကြလေသည်။
ပြစ်မှုတစ်ခုစီတိုင်းမှာ ကျန်းဟွာရုံအား သေဒဏ်ချမှတ်ရန် လုံလောက်သည်။
ကျန်းဟွာရုံမှာလည်း ထိတ်လန့်နေပြီး သူ၏ ရာဇ၀တ်မှုအားလုံးကို စာရင်းပြုစုပြနေသည့် အမျိုးသား၏ လေသံကို ကြားလိုက်ရသောအခါတွင် အဆုံးမဲ့ကြောက်ရွံ့မှုထဲသို့ လဲပြိုဆင်းသွားသလို ခံစားလိုက်ရသည်။ကျန်းဟွာရုံမှာတုန်ယင်နေပြီး သူ၏ အပေါ်သွား အောက်သွားများက တဆတ်ဆတ် ထိခတ်နေကြလေ၏။
သူတော့ ဇာတ်သိမ်းလေပြီ။
ရှောင်ကျင့်ရှန်သည်လည်း ထိတ်လန့်သွားပြီး ခပ်မြန်မြန် ခွာလိုက်လျက် ဘေးသို့ကပ်ရပ်ကာ ပါးစပ်ပိတ်ထားတော့သည်။
သူသည် ကျန်းဟွာရုံကို ကူညီလိုခဲ့ခြင်းမဟုတ်ဘဲ ဤမျှဆိုးရွားသော ရာဇ၀တ်မှုများကို ကျန်းဟွာရုံက ကျူးလွန်လိမ့်မည်ဟု မထင်ထားခဲ့ခြင်းသာဖြစ်သည်။
ကျန်းဟွာရုံအတွက် အရာရာအဆုံးသတ်သွားလေပြီ။ရှောင်ကျင့်ရှန် တွန်းပို့ရန်ပင် မလိုအပ်လိုက်ပေ။