🍵Chapter 105
-သူတို့ရှာနေသည့်ပစ္စည်းများမှာ တကယ်ပင် လျှို့ဝှက်ခန်းထဲ၌ ရှိနေပေသည်(၂)
အမေရှောင်သည် ကျန်းဟွာရုံ အဖမ်းခံရသည့်သတင်းကို ထိုနေ့လယ်မှာပင် သူမ၏အစ်ကိုကြီးမှတစ်ဆင့် သိလိုက်ရသည်။
အမေရှောင်လည်း ချက်ချင်းအကြံရကာ သူမ၏တူ ရှောင်ကွမ်းယွမ်ကို ခေါ်၍ စာအုပ်ငယ်များကို ကားပေါ်တင်ခိုင်းလိုက်ကာ ထုံရွှယ်လူ၏အိမ်သို့ မောင်းလာလိုက်သည်။
အမေရှောင်ကိုယ်တိုင်ရောက်ချလာလိမ့်မည်ဟု ထုံရွှယ်လူ မမျှော်လင့်ထားမိချေ။
ထုံရွှယ်လူသည် ထုံကျားမင်နှင့် ထုံကျားရှင်းတို့အား စာအုပ်များကို အိမ်ထဲသို့ သယ်ခိုင်းလိုက်သည်။
အမေရှောင်: "သစ်သီးပင်တွေက နည်းနည်းနောက်ကျနေတယ်...နောက်ရက်ကျမှ ငါယူလာပေးမယ်..."
ထုံရွှယ်လူက လက်များကို ဝှေ့ယမ်းကာပြောလိုက်သည်။
"ရပါတယ်...အဲဒီကိစ္စက အရေးမကြီးပါဘူး...မယူလာလည်းရပါတယ်..."
ယခင်က အမေရှောင်၏ဆောင့်ကြွားကြွားအမူအယာများကို ကြည့်မရသောကြောင့် ထုံရွှယ်လူသည် ပါးစပ်ထဲရှိသည်များကို လျှောက်ပြောထားခြင်းဖြစ်သည်။ သို့သော် ယခုတွင်တော့ အမေရှောင်က ထုံရွှယ်လူကို ဂရုစိုက်သည့်ပုံစံဖြစ်နေသောကြောင့် ထုံရွှယ်လူသည် သူမ တောင်းဆိုထားသည့်အရာများပင် မေ့နေချေပြီ။
အမေရှောင်က ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ...နင်က စိတ်ပြောင်းသွားပြီလား..."
ထုံရွှယ်လူ: "...."
ဘယ်လိုကြီးပါလိမ့်...
ထုံရွှယ်လူက မလိုချင်တော့သည်ကို မလိုချင်တော့ပါဟု ထုတ်ပြော၍ပင် မရတော့ဘူးလား...
"ဘာမှမဟုတ်တော့ပါဘူး...ကျွန်မ ဘာမှမပြောခဲ့ဘူး လို့ပဲသဘောထားလိုက်ပါနော်...အန်တီအဆင်ပြေတဲ့အချိန်ကျမှပဲ သစ်ပင်တွေကို ယူလာပေးပါ..."
အမေရှောင်က မကျေနပ်သည့်လေသံလုပ်လိုက်သည်။
"အဲဒီ သစ်သီးပင်တွေကို ငါလာပို့မှာပါ..."
ထို့နောက် ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
"ဪ ဒါနဲ့ ကျန်းဟွာရုံ ဒီနေ့ အဖမ်းခံလိုက်ရတယ်...နင် အကြွေးပြန်ဆပ်ဖို့ကို စိတ်ပူနေစရာမလိုတော့ဘူး..."
ထုံရွှယ်လူက အံ့ဩကာ ဘာပြောရမည်ပင်မသိဖြစ်သွားသည်။
"အဖမ်းခံရတယ် ဟုတ်လား...ဘယ်လိုဖြစ်လို့လဲ..."
အမေရှောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူက ငါတို့တိုင်းပြည်နဲ့ လူတွေအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်တွေအများကြီး လုပ်ခဲ့လို့ပေါ့...နင် အတိအကျကို သိစရာမလိုသလို နားလည်စရာလည်းမလိုပါဘူး...ငါသွားတော့မယ်..."
ထုံရွှယ်လူ ဘာမှပြန်မပြောရသေးခင်မှာပင် အမေရှောင်က သွက်လက်စွာ လှည့်ထွက်သွားလေတော့သည်။
ထုံရွှယ်လူသည် ယခုကြားလိုက်ရသည့်အကြောင်းအရာကို ရယ်ရမည်လား ငိုရမည်လားပင်မသ်ိတော့ချေ။ ထို့ကြောင့် ထုံကျားမင်ကိုသာ ကူ၍ ကျန်ရှိနေသည့် စာအုပ်များကို သူမ၏ အိပ်ခန်းထဲသို့ သယ်ထည့်လိုက်သည်။
ထုံကျားမင်က မေးလိုက်သည်။
"ဒါတွေက ဘာလုပ်ဖို့လဲ..."
ထုံရွှယ်လူက ခပ်အေးအေးပင်ပြန်ပြောလိုက်သည်။
"နောက်ကျရင် အသုံးဝင်လာလိမ့်မယ်...ဘယ်သူ့ကိုမှ ဒီဟာတွေအကြောင်း သွားမပြောနဲ့နော်..."
ထုံကျားမင်ကလည်း ခေါင်းငြှိမ့်ပြလိုက်သည်။ ထို့နောက် ခဏအကြာမှ ထပ်မေးလိုက်သည်။
"ခုန မမတို့ပြောနေတဲ့ ကျန်းဟွာရုံဆိုတာ...ကျန်းမင်းရဲ့ အဖိုးလား..."
ထုံရွှယ်လူက ခေါင်းငြှိမ့်ပြလိုက်သည်။
"ဟုတ်တယ်...ဒါပေမယ့် နင်နဲ့ ကျားရှင်းတို့ ဒီအကြောင်းကို အပြင်မှာ လျှောက်မပြောမ်စေနဲ့နော်...တော်ကြာ ငါတို့ပါ ဒုက္ခရောက်သွားမယ်..."
ထုံကျားမင်က ခေါင်းငြှိမ့်လိုက်သည်။
"မပြောပါဘူး..."
ကားဆီသို့ အမေထုံ ပြန်ရောက်လာသောအခါ ရှောင်ကွမ်းယွမ်က လည်ပင်းကို ဆန့်၍ ထုံမိသားစုတို့နေသည့်လမ်းဆီသို့ အတင်းမျှော်ကြည့်နေသည်ကို မြင်လိုက်ရသည်။
အမေရှောင်၏မျက်နှာက ချက်ချင်းပင် ပုပ်သိုးသွားသည်။
"နင်က ဘာတွေကြည့်နေတာလဲ...အဲဒီအိမ်မှာ ဘယ်သူတွေနေမှန်း နင်သိလို့လား..."
ခိုးကြည့်နေသည်ကို လူမိသွားသော ရှောင်ကွမ်းယွမ်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။
"ဟင့် ဟင့်အင်း...မသိပါဘူး...အဲဒီမှာ ဘယ်သူတွေနေလဲ ကျွန်တော်မသိပါဘူး..."
အမေရှောင်ကတော့ သူ့တူ၏စကားကို နည်းနည်းမျှပင် မယုံချေ။ အမေရှောင်သည် ရှောင်ကွမ်းယွမ်အား အေးစက်စွာပြောလိုက်သည်။
"ဒီအကြောင်းကို နင့်အစ်ကိုကို နင် စကားတစ်ခွန်းဟလိုက်တာနဲ့ နင့်အဖေကိုပြောပြီး နင့်ခြေထောက်ကို ငါရိုက်ချိုးခိုင်းမှာနော်...နင် ငါ့ကို မကြောက်ရင် စမ်းကြည့်လိုက်ပေါ့..."
ရှောင်ကွမ်းယွမ်: "...."
ရှောင်ကွမ်းယွမ်၏အစ်ကိုဝမ်းကွဲဖြစ်သူ ရှောင်ချန်ဖျင်က စစ်တပ်သို့ မပြန်မှီက ရဲဘော်ထုံအား စောင့်ကြည့်ပေးရန်နှင့် သူမ တစ်ခုခုဖြစ်ပါက သူ့ကို ချက်ချင်းအကြောင်းကြားရန် မှာခဲ့သည်။
ရှောင်ကွမ်းယွမ်သည်လည်း အိမ်ပြန်ရောက်လျှင် အစ်ကို့အား ဖုန်းခေါ်ဖို့ စိတ်ကူးထားသော်လည်း ယခုတွင်တော့ စိတ်ပြောင်းသွားပြီဖြစ်သည်။
သူ၏ခြေထောက်က အစ်ကို့ထက် ပိုအရေးကြီးသည်မဟုတ်လား။
******
ဝမ်ရူကွေ့နှင့် အခြားလူများသည် နောက်ဆုံးတွင်တော့ မြို့တော်သို့ ရောက်သွားကြသည်။
မြို့တော်သို့ ရောက်ရောက်ချင်းမှာပင် ကျန်းဟွာရုံ အဖမ်းခံလိုက်ရသည့်သတင်းကို ကြားလိုက်ကြရသည်။
ထိုအကြောင်းကို ကျန်းတန့်ဟုန် သိသောအခါ ဝမ်းသာလွန်း၍ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်၍ ပါးပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။
"ဘုရားဆိုတာ တကယ်ရှိသေးတာပဲ..."
ကျန်းဟွမ်ရုံအား ရဲစခန်းသို့ ခေါ်သွားပြီးသောအခါ လာဘ်စားခြင်းများ၊ ရာထူးအာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခြင်းများအတွက် သက်သေများက ထင်ရှားစွာရှိနေသောကြောင့် ကျန်းဟွမ်ရုံ ငြင်းဆန်၍ပင် မရဖြစ်နေသည်။
သို့သော် ကျန်းဟွမ်ရုံသည် "စစ်သားများ၏ကလေးများကို ငြင်းပန်းနှိပ်စက်ခြင်း" နှင့် "တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားလုပ်ခြင်း" အမှုများကိုတော့ အခိုင်အမာပင် ငြင်းဆိုနေလေသည်။
အခြားအမှုများက အလွန်ဆုံးမှ လယ်တောသို့အပို့ခံရမည်ဖြစ်သော်လည်း ဤနှစ်မှုကတော့ သေဒဏ်ကျခံရမည်ကို ကျန်းဟွမ်ရုံ သိထားသည်မဟုတ်လား။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ထိုအမှုနှစ်မှုကိုတော့ ကျန်းဟွမ်ရုံ ဘူးခံ၍ ငြင်းရမည်သာဖြစ်သည်။
သို့သော် ကျန်းတန့်ဟုန်ရောက်လာသောအခါတွင်တော့ ကျန်းဟွာရုံသည် ဤနေရာမှ အသက်ရှင်လျက်ထွက်နိုင်မည်ဟူသော မျှော်လင့်ချက်များ အကုန် ဆုံးရှုံးသွားရတော့သည်။
သူရှိနေသည့် အခန်းထဲသို့ ကျန်းတန့်ဟုန် ဝင်လာသည်ကိုမြင်သောအခါ ကျန်းဟွမ်ရုံသည် အလွန်အမင်း ထိတ်လန့်သွားကာ နီရဲနေသောမျက်လုံးများဖြင့် ကျန်းတန့်ဟုန်အား စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။
သေချာစဉ်းစားကြည့်ပါက ဤတူမ အား မတွေ့ရသည်မှာ ဆယ့်ငါးနှစ်ခန့်ပင် ရှိခဲ့ပြီထင်သည်။ သို့သော် ကျန်းတန့်ဟုန်၏မျက်လုံးများထဲမှ ပြင်းထန်သော အမုန်းကို မြင်လိုက်ရသည့်တစ်ခဏမှာပင် ကျန်းတန့်ဟုန်အား ကျန်းဟွမ်ရုံ မှတ်မိသွားလေတော့သည်။
ကျန်းဟွာရုံအား စူးရဲစွာ စိုက်ကြည့်နေသော ကျန်းတန့်ဟုန်၏မျက်လုံးများသည် ပေါက်ထွက်တော့မတတ်ဖြစ်နေသည်။
"မတွေ့တာကြာပြီနော် ဦးလေး...ကျွန်မကို ဒီမှာ တွေ့ရလို့ တော်တော်များ အံ့ဩသွားလား..."
ကျန်းဟွာရုံက သူ့ကိုယ်သူပြန်ထိန်းလိုက်၍ မျက်နှာကိုပြင်ကာ အလွန်ပျော်ရွှင်သွားသည့်ပုံဖြင့်ပြောလိုက်သည်။
"တန့်ဟုန်...မင်းပြန်ရောက်လာတာ ဦးလေးပျော်လိုက်တာ...မင်းနဲ့ မင်းရဲ့မောင်လေးတို့ကို ဦးလေး ဘယ်တုန်းကမှ မညှာမတာမဆက်ဆံခဲ့ဖူးဘူးဆိုတာ ဒီလူတွေကို ပြောလိုက်စမ်းပါ...ဦးလေးသာ မင်းကို မစောင့်ရှောက်ခဲ့ဘူးဆိုရင် မင်းလည်း အခုအချိန်အထိ အသက်ရှင်နေမှာမဟုတ်ဘူးဘေ ဟုတ်တယ်မလား..."
ဘယ်လိုတောင်အရှက်မရှိပဲ ပြောထွက်သည့်စကားပါလဲ...
ကျန်းတန့်ဟုန်သည် ကျန်းဟွာရုံ၏မျက်နှာပေါ်သို့ တံတွေးထွေးပစ်လိုက်သည်။
"ရှင်က မကောင်းဆိုးဝါးပဲ...ကျွန်မမောင်လေးက သုံးနှစ်ပဲရှိပါသေးတယ်...သုံးနှစ်ကလေးလေးကို ရှင်ဒီလိုလုပ်ရက်ခဲ့တာ ကျွန်မ ယုံကိုမယုံနိုင်ဘူး...ဒါကိုတောင် ရှင်က အခု ကျွန်မရှေ့မှာ ပဏာယူနိုင်နေသေးတယ်နော်..."
ကျန်းဟွာရုံကတော့ ယခုအထိ သူ၏အမှားများကို ဘူးခံငြင်းနေဆဲဖြစ်သည်။
"တန့်ဟုန် မင်းအသိစိတ်လွတ်နေပြီလား...အဲဒီတုန်းက မင်းရဲ့မောင်လေးက အပြင်းဖျားပြီးသေသွားတာလေ...ဘာဖြစ်လို့ ဦးလေးကို အပြစ်လာတင်နေတာလဲ...သူဆုံးသွားလို့ ဦးလေးလည်း ဝမ်းနည်းခဲ့ရတာပဲ...သူက မင်းအဖေရဲ့ တစ်ဦးတည်းသော သားမဟုတ်လား..."
ကျန်းတန့်ဟုန်သည် သူမ၏ စက်ဆုပ်မုန်းတီးမှုများကို မထိန်းထားနိုင်တော့ချေ။
"မကောင်းဆိုးဝါးကြီး...ရှင်က အခုထိ လိမ်နေနိုင်သေးတယ်နော်...ရှင်က တိုက်ပွဲပြန်စစ်သားတွေရဲ့မိသားစုအနေနဲ့ အခွင့်အရေးတွေယူချင်လို့ ကျွန်မ မောင်လေးကို သတ်ခဲ့တာ...ဒါတောင်မှလည်း ရှင့်လောဘက အတောမသတ်နိုင်သေးဘူး...ကျွန်မအမေ ကျွန်မအတွက်ထားခဲ့တဲ့ အမွေတွေကိုလည်း ရှင်ယူသွားသေးတယ်..."
"ပြီးတော့ ပြန်လည်ပြုပြင်ရေးကာလမှာ ရှင့်လက်ချက်ကြောင့် လူတွေဘယ်နှယောက်တောင်သေခဲ့ရပြီးပြီလဲ...လူတွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ မြေတွေကို တိုင်းပြည်ကို အပ်နှံပြီး ပြန်ဖြန့်ဖြူးပေးဖို့ ခွင့်ပေးခဲ့တာ...ဒါကို ရှင်က အဲဒီလူတွေကို သတ်ပစ်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ခဲ့တယ်...ပြီးတော့ တိုင်းပြည်ရဲ့ဘဏ္ဍာတွေကို ရှင်ခိုးခဲ့ပါတယ်ဆိုတာကို ရှင်က ဗြောင်ငြင်းနေတုန်းပဲကိုး..."
တိုင်းပြည်ပြန်လည်ပြုပြင်ရေးကာလ၌ ချမ်းသာသည့် လယ်သမားများစွာ အသတ်ခံခဲ့ရသည်မှာ လူတိုင်းနီးပါးသိသည့်အချက်ဖြစ်သည်။ သူတို့ ကိုယ်တိုင် ထွန်ယက်စိုက်ပျိုးခဲ့သည့် လယ်ယာမြေများကို သူတို့၏သွေးများဖြင့် ပြန်လည်ဖြန်းပက်ခဲ့ရသည်။ ထိုအသက်များဆုံးရှုံးခြင်း၌ ကျန်းဟွာရုံသည်လည်း အထင်ကရနေရာတစ်နေရာ၌ ပါခဲ့သည်မှာ သိသာပေသည်။
ကျန်းဟွာရုံသည် လက်အနောက်ဖက်နှင့် နဖူးပေါ်ရှိ အကြောများထောင်လာသည်အထိ လက်သီးကို တင်းကြပ်စွာဆုပ်လိုက်သည်။
"မင်း ဘာစကားတွေပြောနေတာလဲ...မင်းကို ဒီလိုအရွယ်အထိရောက်လာအောင် ငါပဲ ပြုစုစောင့်ရှောက်ခဲ့တာကွ...အရမ်းထူးခြားကောင်းမွန်နေအောင် မထောက်ပံ့နိုင်ခဲ့ပေမယ့် ငါလုပ်နိုင်သမျှတော့ အကောင်းဆုံး လုပ်ပေးခဲ့တာပဲ...ဒါတောင်မှ ငါ့နောက်ကျောကို ဓားနဲ့ထိုးပြီး ဒီလို စွပ်စွဲနေတာ ငါယုံတောင်မယုံနိုင်ပါလား...ငါ မင်းကို ဘယ်တုန်းကမှ ခေါ်ပြီး မစောင့်ရှောက်ခဲ့သင့်ဘူး..."
ကျန်းဟွာရုံသည် ကျန်းတန့်ဟုန်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်နေလေသည်။
သို့သော်လည်း အမှန်ကတော့ ကျန်းဟွာရုံ၏ရင်ဘတ်ထဲ၌ အလွန်ကြောက်လန့်ကာ ဗလောင်ဆူနေပြီဖြစ်သည်။
ကျန်းဟွာရုံသည် သူ့ကိုယ်သူ စိတ်ကို ငြိမ်ငြိမ်ထားရန် ပြန်နားချနေရသည်။ ရဲများကလည်း သူ့အိမ်ကို နှစ်ခါမျှပင်လာရှာပြီးဖြစ်သော်လည်း ဘာသက်သေအထောက်အထားမှ မတွေ့သေးဘူးမဟုတ်လား။
ထို့ကြောင့် ကျန်းဟွာရုံသာ ဆက်၌ဘူးခံငြင်းနေပါက ကျန်းတန့်ဟုန်အနေဖြင့် ဘာမှလုပ်နိုင်မည်မဟုတ်ချေ။ ကလေးမလေးတစ်ဦး၏စကားနှင့် သူကဲ့သို့ လူကြီးတစ်ဦး၏စကား၊ မည်သူ့စကားကို ပိုယုံကြမည်နည်း။
ကျန်းတန့်ဟုန်က လှောင်ရယ်ရယ်လိုက်သည်။
"အော်ပါ...အော်နိုင်တုန်း အော်ထားလိုက်ပါ...ဒါ ရှင်ဒီလို အော်နိုင်တဲ့ နောက်ဆုံး အခွင့်အရေး ဖြစ်သွားတော့မှာပဲ..."
ထိုသို့ပြောပြီးသောအခါ ကျန်းတန့်ဟုန်သည် ရဲအုပ်လင်းဘက်သို့လှည့်၍ ပြောလိုက်သည်။
"ကျွန်မ အမေရဲ့ပစ္စည်းတွေကို သူဘယ်မှာ ဝှက်ထားတယ်ဆိုတာ ကျွန်မ သိပါတယ်..."
ရဲအုပ်လင်း၏မျက်လုံးများ အရောင်တောက်ပသွားကြသည်။
"ဘယ်မှာလဲ..."
ကျန်းတန့်ဟုန်သည် ကျန်းဟွာရုံအားတစ်ချက်လှမ်းကြည့်လိုက်သည်။ ကျန်းဟွာရုံ၏မျက်နှာသည် ဖြူဖျော့နေ၍ ဆောင်းဦးရာသီမှ ရွက်ကြွေကဲ့သို့ တုန်ရီနေလေသည်။
ကျန်းဟွာရုံ၏မျက်နှာမှ ကြောက်လန့်နေမှုကို မြင်လိုက်ရသောကြောင့် ကျန်းတန့်ဟုန် ကျေနပ်သွားမိသည်။ ထို့ကြောင့် ပြုံး၍ ပြောလိုက်သည်။
"ကျွန်မတို့ မိသားစုအိမ်အဟောင်းမှာရှိတဲ့ ကျွန်မအဖွားရဲ့ အခန်းထဲကို ဝင်လိုက်ရင် အထဲမှာ ရှေးဟောင်းပုံစံလုပ်ထားတဲ့ သစ်သားကုတင်တစ်ခုရှိလိမ့်မယ်...အဲဒီကုတင်အောက်မှာ လျှို့ဝှက်အခန်းရှိတယ်...ရှင်တို့ရှာနေတာတွေကို အဲဒီအခန်းထဲမှာ တွေ့ပါလိမ့်မယ်..."
ကျန်းဟွာရုံ တုန်လှုပ်သွားမိသည်။ သူသည် ကျန်းတန့်ဟုန်အား စူးရဲစွာစိုက်ကြည့်ရင်းက ပါးစပ်က တဆတ်ဆတ်တုန်းကာ သွားများက တဂတ်ဂတ်ရိုက်နေကြလေသည်။
ဒီအကြောင်းကို ဒီကောင်မလေး ဘယ်လိုသိသွားတာလဲ...
ဒါ..ဒါ မဖြစ်နိုင်ဘူး...
ကျန်းဟွာရုံ၏ဇနီးသည် သည်ပင် ထိုလျှို့ဝှက်အခန်းအကြောင်းမသိပေ။ အမေက ထိုအခန်းအကြောင်းကို ကျန်းဟွာရုံကိုသာပြောသွားခဲ့ခြင်းဖြစ်သည်။
ကျန်းဟွာရုံ၏မျက်နှာမှ ကြောက်လန့်နေမှုကို မြင်လိုက်သောအခါ ရဲအုပ်လင်းသည် ထိုအခန်းထဲ၌ မည်ကဲ့သို့သော အရာများကို တွေ့ရမည်ကို ခန့်မှန်းနိုင်လိုက်သည်။
သူတို့ရှာနေသည့်အရာများသည် ထိုလျှို့ဝှက်အခန်းထဲ၌ရှိနေမည်မှာ အလွန်ပင် သေချာနေလေပြီ။