အပိုင်း ၁၀၆
Viewers 30k

🍵Chapter 106

- ထုံရွှယ်လူသည် အလွန်အရေးကြီးသည့်‌ဇာတ်ကောင်တစ်ယောက်ကိုမေ့နေခဲ့မှန်း အခုမှပင် သတိရတော့သည်



ကျန်းဟွမ်ရုံ၏ မိသားစုအိမ်အဟောင်းကို ရဲများလွှတ်၍ စစ်ဆေးပြီးသားဖြစ်သော်လည်း မည်သူမှမနေသောကြောင့် အိမ်ထောင်ပရိဘောဂပင်များများစားစားမရှိပေ။ ထို့ကြောင့် ဘာမှရှာစရာမရှိလောက်ဘူး အထင်နှင့် ရဲများသည် ခဏမျှသာရှာဖွေ၍ ပြန်ထွက်လာခဲ့ကြခြင်းဖြစ်သည်။


မြို့တော်ရှိ ကျန်းဟွမ်ရုံ၏အိမ်ကိုသာ သေသေချာချာရှာဖွေခဲ့မိကြသည်။ သို့သော်လည်း မထင်မှတ်စွာပင် ဤသူခိုးကြီးက အလွန်ယုတ်မာကောက်ကျစ်သောကြောင့် များပြားလှစွာသော ပစ္စည်းဥစ္စများကို အိမ်အဟောင်း၌ ဖွက်ထားခဲ့သည်သာမက ထိုအိမ်အဟောင်း၌ အစောင့်တစ်ယောက်မျှပင် မထားခဲ့ပေ။


ထို့ကြောင့် ထိုအိမ်၌ ပစ္စည်းများရှိနေမည်ဟု မည်သူက ထင်မည်နည်း။


ရဲအုပ်လင်းသည်လည်း ကျန်းဟွာရုံပြောနေသည်ကို ဂရုမစိုက်ပဲ တပည့်များကို ထိုအိမ်အဟောင်းဆီသို့ လွှတ်လိုက်တော့သည်။


ရဲများသည် အိမ်အဟောင်း၏ မြေအောက်ခန်းကို လျင်မြန်စွာပင်ရှာတွေ့သွားကြသည်။ ထိုအခန်းထဲသို့ ခြေချလိုက်သည်နှင့် လူတိုင်း မျက်လုံးပြူး အံ့ဩသွားကြလေတော့သည်။


ထိုမြေအောက်ခန်းထဲ၌ မရေတွက်နိုင်သော

အဖိုးတန်ပစ္စည်းများအပြင် ရှေးဟောင်းပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် ရွှေတုံးများ များစွာ ရှိနေသည်။ ထိုအခန်းကို ရှာဖွေနေဆဲမှာပင် ငွေသား ယွမ် ၂၀,၀၀၀ ထွက်လာသေးသည်။


ထိုခေတ်၌ သာမာန်အလုပ်သမားတစ်ဦး၏လစာသည် ယွမ် ၂၀ နှင့် ၃၀ ကြားရှိ၍ အစိုးရဝန်ထမ်းများ၏လစာမှာ ယွမ် ၄၀ နှင့် ၅၀ ကြားပင်ရှိသည်။ ထို့ကြောင့် ရသမျှလစာကို တစ်ပြားတစ်ချပ်မှ မသုံးပဲ စုလျှင်တောင်မှ ထိုကဲ့သို့ ယွမ် ၂၀,၀၀၀ ရရန် အနှစ် ၃၀ ခန့် စုရမည်ဖြစ်သည်။


ယခု ကျန်းဟွာရုံ၏အိမ်အဟောင်း၌ ဤမျှများပြားလှသော ငွေကြေးနှင့် ပစ္စည်းများကို ရှာတွေ့ပြီဖြစ်သောကြောင့် လာဘ်စားခြင်းနှင့်  တိုင်းပြည်၏ ဘဏ္ဍာများကို အလွဲသုံးစားလုပ်ခြင်းအမှုများမှ ကျန်းဟွာရုံ ရှောင်ထွက်၍ ရတော့မည်မဟုတ်ချေ။


ရဲများက ခိုင်လုံသည့်သက်သေ ရှာတွေ့သွားသည့်သတင်းကိုကြားသောအခါ ကျန်းဟွမ်ရုံသည် အကြီးအကျယ် စိတ်ဓာတ်ကျသွားလေတော့သည်။


ကျန်းဟွာရုံကိုကြည့်ရသည်မှာ လေများထွက်သွားသော ပူဖောင်းကဲ့သို့ အသက်မရှိဖြစ်ကာ အချိန်ကြာမြင့်စွာ မလှုပ်မယှက်ပဲငြိမ်နေလေသည်။


ဤတစ်ခေါက်တွင်တော့ ရှောင်ထွက်၍မရတော့ကြောင့် သူ သိလိုက်ရပြီဖြစ်သည်။ ဆင်ခြေများပေးနေလျှင်လည်း ထူးတော့မည်မဟုတ်ပေ။


***


ရဲစခန်းမှထွက်လာသောအခါ ကျန်းတန့်ဟုန်သည် အလွန်စိတ်လှုပ်ရှားနေဆဲရှိသေးသည်။


ဝမ်ရူကွေ့ကပြောလိုက်သည်။

"ရဲဘော်ကျန်း...တရားဝင်အမိန့်ချဖို့ကတြော နည်းနည်းကြာဦးမှာပေမယ့် စိတ်မပူပါနဲ့...ဒီအခြေအနေမှာ ကျန်းဟွာရုံ ပြေးလို့မလွတ်တော့ပါဘူး..."


ဝမ်ရူကွေ့၏စကားကြောင့် ကျန်းတန့်ဟုန်၏စိုးရိမ်စိတ်များ အငွေ့ပျံလွင့်ပျောက်သွားကြတော့သည်။

"ကျေးဇူးအများကြီးတင်ပါတယ်...မင်းတို့နှစ်ယောက်သာဝင်မပါပေးရင် ကျန်းဟွာရုံဆိုတဲ့လူ သူနဲ့ ထိုက်တန်တဲ့အပြစ်တောင်ခံရပါ့မလားမသိဘူး..."


ဝမ်ရူကွေ့က တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

"ဒါ ကျွန်တော်တို့ တာဝန်ပါပဲ...ဪ ဟုတ်သားပဲ...အခု အစ်မ ဘာဆက်လုပ်မှာလဲ..."


ကျန်းတန့်ဟုန်က ပြန်ဖြေလိုက်သည်။

"ငါ ကြယ်နီထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ သူ့ရဲ့သားကို တိုင်ချက်ဖွင့်ချင်တယ်...ကိုယ်ပိုင်အကျိုးအမြတ်အတွက် သူတို့ရဲ့ အာဏာကိုသုံးပြီး မိန်းမနဲ့ တခြား ပညာတတ်မိန်းကလေးတွေကို ထိပါးစော်ကားနေကြတာတွေကို ငါ တိုင်မယ်..."


ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့ကတော့ အံ့ဩသွားသည့်ပုံမ‌ပေါ်ချေ။


ခေါင်းဆောင်၏မိသားစုနှင့် သူမ၏သားနှစ်ယောက်ကို မည်မျှမုန်းကြောင်း ကျန်းတန့်ဟုန်ပြောသည်ကို ကြားတည်းက ကျန်းတန့်ဟုန်သည် ထိုလူများကိုတစ်ခုခုလုပ်တော့မည်ကို ဝမ်ရူကွေ့ မျှော်လင့်ပြီးသားဖြစ်သည်။


သို့သော် ကျန်းတန့်ဟုန်သည် သူမ၏ယောက်ျားနှင့် ယောက္ခမကြီးတို့ကို တိုင်လိုက်ပါက သူမ၏သားနှစ်ယောက်လုံးသည် အဖေမရှိဖြစ်သွားတော့မည်မဟုတ်ပါလား။


ကျန်းတန့်ဟုန်၏အနာဂတ်ဘဝသည်လည်း ပို၍ ခက်ခဲသွားမည်ဖြစ်သည်။


ဖူကျန့်ယိသည်လည်း ထိုသို့ပင် တွေးမိပုံရကာ ကျန်းတန့်ဟုန်အား လှမ်းပြောသည်ကို ဝမ်ရူကွေ့ကြားလိုက်သည်။

"ရဲဘော်ကျန်း...အစ်မ သူတို့တွေကို ဘယ်လောက်မုန်းတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်...ဒါပေမယ့် ဒီလိုလုပ်မယ်ဆိုရင် အစ်မရဲ့ သားနှစ်ယောက်လည်း ဒုက္ခရောက်ကြတော့မှာမဟုတ်ဘူးလား...အစ်မ တစ်ခေါက်လောက် ထပ်ပြီး မစဉ်း‌စားတော့ဘူးလား..."


ဖူကျန့်ယိ၏အမြင်အရ ယခု ကျန်းတန့်ဟုန်က ကျန်းဟွာရုံအား တိုင်ချက်ဖွင့်လိုက်သောကြောင့် ကျန်းမိသားစုသည် သူမကို ပြန်လက်ခံကြတော့မည်မဟုတ်ချေ။ ကျန်းတန့်ဟုန်၌ မိဘလည်းမရှိ၍ အစ်ကိုကလည်း ဆုံးပါးသွားပြီဖြစ်ရာ ယခု သူမ၏ယောင်္ကျားမိသားစုကိုလည်း တိုင်ချက်ဖွင့်လိုက်ပါက သူမ အနာဂတ်၌ မည်သို့နေပါတော့မည်နည်း။


ဖူကျန့်ယိသည် ကျန်းတန့်ဟုန်၏ကောင်းကျိုးကိုသာ လိုလားသောကြောင့် ထိုသို့ပြောလိုက်သည်ဖြစ်သော်လည်း သူ့စကားကို ကြားသောအခါ ကျန်းတန့်ဟုန်၏မျက်နှာက တင်းသွားသည်။


ထို့နောက် ဖူကျန့်ယိကို စိုက်ကြည့်၍ တစ်ချက် လှောင်ရယ်ရယ်လိုက်သည်။


"မင်း ဘာသိလို့လဲ...သူတို့တွေ ဒုက္ခရောက်မှာကို ငါက ဘာဖြစ်လို့ စိုးရိမ်နေရမှာလဲ...သူတို့ ငါ့ကို ဆင်းရဲဒုက္ခရောက်အောင် လုပ်ခဲ့တုန်းက ငါဘယ်လို ခံစားနေရမယ်ဆိုတာကို သူတို့ နည်းနည်းလေးမှ စဉ်းစားခဲ့တာမှမဟုတ်ပဲ...ငါကရော ဘာဖြစ်လို့ သူတို့ကို ထည့်စဉ်းစားနေရမှာလဲ..."


သူမ၏သားများကိုလည်း ကျန်းတန့်ဟုန် ဂရုမစိုက်ပါ။ သူမ၌ မိခင်မေတ္တာဟူ၍လည်း အနည်းငယ်မှ မရှိပေ။


ကျန်းတန့်ဟုန်သည် ငယ်စဉ်တည်းက အေးစက်၍ တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။


ယခု သားနှစ်ယောက်ကိုလည်း သူမ ဘယ်တုန်းကမှ မလိုချင်ခဲ့၍ ယခုထိလည်း သူမ၏ သွေးသားဟု မသတ်မှတ်ခဲ့ပေ။


ဖူကျန့်ယိက ထပ်၍ ပြောမည်အလုပ်တွင် ဝမ်ရူကွေ့က ဝင်တားလိုက်သည်။


"ထားလိုက်ပါတော့..."


ဝမ်ရူကွေ့ကို ကြည့်၍ ကျန်းတန့်ဟုန်က မေးလိုက်သည်။

"ရဲဘော်ဝမ်...သူတို့ကို ငါ တိုင်ချက်မဖွင့်သင့်ဘူးလို့ မင်းရောထင်လား...အဲဒီလိုလုပ်လိုက်ရင် ငါအရမ်းရက်စက်ရာကျသွားမှာလား..."


ဝမ်ရူကွေ့က ခေါင်းခါလိုက်သည်။

"မထင်ပါဘူး...အစ်မ ဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် အစ်မရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လိုက်နာမှာပါ..."


ကျန်းတန့်ဟုန်က ဝမ်ရူကွေ့၏မျက်လုံးများကို အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေပြီးမှ ပြုံးလိုက်သည်။

"မင်းက လူကောင်းပဲ...မင်းရဲ့ ငတုံးသူငယ်ချင်းထက် အများကြီးသာတယ်..."


ဖူကျန့်ယိ; "...."


🍵


ကျန်းဟွာရုံအား စုံစမ်းရေးသည် ချောမောစွာ အောင်မြင်စွာပြီးဆုံးသွားခြင်းမှာ ဝမ်ရူကွေ့တစ်ယောက်တည်းကြောင့်တော့မဟုတ်ပေ။ ရှောင်မိသားစု၏အကူအညီလည်းပါသည်။


ရှောင်ကျင့်ရှန်သည် ကျန်းဟွာရုံအားစုံစမ်းရေးကို ကူညီခဲ့ခြင်းကို ကူညီခဲ့ခြင်းမှာ ထုံရွှယ်လူကြောင့်မဟုတ်ချေ။ တကယ်တော့ သူ့အကျိုးအတွက် လုပ်ခဲ့ခြင်းဖြစ်သည်။


ကျန်းဟွာရုံက ဥက္ကဌဖြစ်၍ ရှောင်ကျင့်ရှန်က ဒုဥက္ကဌဖြစ်သည်။ သူတို့နှစ်ဦးသည် ဘယ်တုန်းကမှ သဘောထားချင်းမတိုက်ဆိုင်ခဲ့၍ ရှောင်ကျင့်ရှန်က ကျန်းဟွာရုံ၏လက်အောက်၌ဖြစ်သောကြောင့် အမြဲတမ်း ခေါင်းငုံ့ခံခဲ့ရသည်။


ထို့ကြောင့် ယခု ကျန်းဟွာရုံတစ်ယောက် ဒုက္ခရောက်နေသောအခါတွင် ရှောင်ကျန့်ရှန်သည် ကျန်းဟွာရုံအား သူတတ်နိုင်သမျှ ချောက်ထဲတွန်းပို့ရန် ကြိုးစားအားထုတ်သည်မှာ မဆန်းတော့ချေ။


ဤကိစ္စ၌ ဝေ့မိသားစု၏အကူအညီလည်း ပါလေသည်။


ဝေ့ကျီကောင်းသည် သူ၏မိန်းမအား ကျန်းဟွာရုံ၏ပြစ်ချက်များကို ပြော‌ပြနေသည်။


ထိုအကြောင်းများကို ရှန်ဝမ်ရုံ နားထောင်ပြီးသောအခါ အစဉ်အမြဲ စိတ်ရှည်သည်းခံ၍ နားလည်ပေးတတ်သော အမျိုးသမီးကြီးသည် ဤတစ်‌ခေါက်တွင်တော့ အလွန်ဒေါသထွက်နေသည့်ပုံဖြစ်သွားလေသည်။

"နှလုံးသားမရှိတဲ့ ‌အရူးပဲ...အဲဒီလိုလူကို ဟိုးအစတည်းက အပြစ်ပေးခဲ့ရမှာ..ပိုက်ဆံနဲ့ အာဏာအတွက် ကိုယ့် တူနဲ့တူမအရင်းကိုတောင် လုပ်ရက်တဲ့ လောဘကောင်ကြီး...တိရစ္ဆာန်ထက်တောင်‌ဆိုးသေးတယ်..."


ထိုကျန်းဟွာရုံဆိုသည့်လူသည် သူ့မရီး၏အမွေပစ္စည်းများကို ခိုးယူပြီးသောအခါ ကလေးနှစ်ယောက်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံလျှင်တော်သေးသည်။ ယခုကတော့ ထိုအမွေများကို သူ့ကိုယ်ပိုင်ပစ္စည်းအဖြစ်သိမ်းယူရုံမျှမက ကလေးနှစ်ယောက်ကိုပါ သတ်ဖို့ကြိုးစားသည်တဲ့လား။ ထိုလူ၏စိတ်သည် တိရစ္ဆာန်များထက်ပင် ဆိုးနေတော့သည်။


စိတ်ကို ပြန်ငြိမ်အောင်ထားပြီးသောအခါမှ ရှန်ဝမ်ရုံကမေးလိုက်သည်။

"ဟိုတစ်ခါရှင်ပြောတုန်း‌ကတော့ ရွှယ်လူ အကူအညီတောင်းမှပဲ ကျွန်မတို့ ဝင်ပါမယ်ဆို...အခု ဘယ်လိုဖြစ်လို့ ဝင်ပါဖြစ်သွားတာလဲ..."


ဝေ့ကျီကောင်းက ဟင်းသီးဟင်းရွက်များကို ဆေးနေရင်းနှင့် ပြောလိုက်သည်။

"အရင်တုန်းက အဲဒီလူက ဒီလို စစ်သားတွေရဲ့ ကလေးတွေကို အနိုင်ကျင့်နှိပ်စက်နေမှန်းမှမသိတာ...အဲဒါကြောင့် ဝင်မပါတာအကောင်းဆုံးပဲဆိုပြီး မပါပဲနေတာ...ကျန်းမိသားစုရဲ့ စစ်မြေပြင်ပြန် စစ်သားနှစ်ယောက်ကို ငါမသိပေမယ့် လောင်ရှောင်က သူတို့နဲ့တူတူ စစ်တိုက်ခဲ့တာတဲ့...သူတို့တွေက ငါတို့တိုင်းပြည်ကို အများကြီး အကျိူးပြုခဲ့ကြတာလေ...အဲဒီအကြောင်းတွေကိုသိပြီးမှတော့ ဘာမှမလုပ်ပဲ ဘေးထွက်ထိုင်နေလို့ကောင်းမလား..."


လောင်ရှောင်?


ရှန်ဝမ်ရုံ၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားကြသည်။

"ရွှယ်လူကို စတွေ့တုန်းက ဘာဖြစ်လို့ အရမ်းတွေ့ဖူးပါတယ်လို့ ခံစားနေရလဲဆိုတာ ကျွန်မ သိပြီ..."


ရှန်ဝမ်ရုံ၏ရုတ်တရက်ထအော်လိုက်သည့်အသံကြောင့် ဝေ့ကျီကောင်းက ခေါင်းကိုလှည့်ကြည့်၍ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."


ရှန်ဝမ်ရုံက ပြန်ဖြေလိုက်သည်။

"လောင်ရှောင်အမေရဲ့ဓာတ်ပုံကို ကျွန်မအရင်တုန်းက တစ်ခါမြင်ဖူးတယ်...ရွှယ်လူက လောင်ရှောင်အမေနဲ့ အရမ်းတူနေတာကိုး..."


ဝေ့ကျီကောင်းသည် ထိုအဖြေကို မမျှော်လင့်ထားမိချေ။ ထို့ကြောင့် ခေါင်းကိုခါကာ ခွက်ထိုးခွက်လန်ရယ်လိုက်မိသည်။

"လောင်ရှောင်ရဲ့ အမေပုံကို ဒီလောက်နှစ်တွေအကြာကြီးကြာပြီးတာတောင်မှ မင်းမှတ်မိ‌နေသေးတာ အံ့ဩတယ်...ငါဆို လုံးဝမမှတ်မိတော့ဘူး..."


ရှန်ဝမ်ရုံက ခေါင်းခါလိုက်သည်။

"အဲ့လိုလည်းမဟုတ်ပါဘူး...ရှင်သာ လောင်ရှောင်အကြောင်းမပြောရင် ကျွန်မလည်း မှတ်မိမှာမဟုတ်ဘူး...လောင်ရှောင်တစ်ယောင်လည်း မိန်းမမရပဲ ဘဝကို ဖြတ်သန်းနေရတာ သနားစရာပဲနော်...သူသာ မိန်းမရပြီး ကလေးတွေ ဘာတွေမွေးရင် ရွှယ်လူ့ကို သူတို့နဲ့ အမျိုးတော်တယ်လို့ ထင်မိမှာပဲ..."


ဝေ့ကျီကောင်းက ပြုံးလိုက်သည်။

"နောက်တစ်ခေါက် လောင်ရှောင်မြို့ထဲလာရင် ရွှယ်လူနဲ့ပေးတွေ့ပေးလိုက်ကြတာပေါ့..."


ထိုည၌ ရှန်ဝမ်ရုံသည် ထုံရွှယ်လူတို့အိမ်သို့ ဟင်းသီးဟင်းရွက်များသွားပို့ရင်းဖြင့် လောင်ရှောင်အကြောင်းကို စကားထဲထည့်ပြောလိုက်မိသည်။


ရှန်ဝမ်ရုံ၏စကားကိုကြားသောအခါ ထုံရွှယ်လူ အနည်းငယ် လန့်သွားမိသည်။

"ကျွန်မက အဖိုးဝေ့ရဲ့ စစ်သားမိတ်ဆွေရဲ့အမေနဲ့တူတယ်လို့ အဖွားပြောလိုက်တာလားဟင်..."


ရှန်ဝမ်ရုံက ပြုံး၍ ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ်တယ်...သမီးကိုတွေ့တည်းက အဖွားက သမီးကို တွေ့ဖူးပါတယ်လို့ခံစားနေရတာ...ရုတ်တရက်ဆိုတော့ ဘယ်သူနဲ့တူတာလဲ စဉ်းစားလို့မရဘူး...ဒီနေ့လယ်မှ ကျူးကျူးရဲ့အဖိုးပြောမှ သမီး ဘယ်သူနဲ့တူတာလဲဆိုတာ မှတ်မိသွားတယ်..."


ထုံရွှယ်လူကလည်း ပြုံး၍ အရမ်းသိချင်နေသည့်ပုံမပေါက်အောင် မေးလိုက်သည်။

"ဪ ထူးဆန်းလိုက်တာနော်...အဖိုးဝေ့ရဲ့မိတ်ဆွေ မျိုးရိုးနာမည်ကဘာလဲဟင်..."


ထုံရွှယ်လူ တစ်ခုခုကို ဖျတ်ခနဲ စဉ်းစားလိုက်မိသွားသည်။


ထုံတကျွင်းသည် ကျယ်ကျင်းဟွာ၏သားအရင်း ဟုတ် မဟုတ်ကို ထုံရွှယ်လူ သံသယဝင်ခဲ့ဖူးသည်။ ကျယ်ကျင်းဟွာသည် အလွန်ရုပ်မလှသော အမျိုးသမီးတစ်ယောက်ဖြစ်သည်မဟုတ်လား။ ထုံတကျွင်းမဟုတ်သည့် ကျယ်ကျင်းဟွာ၏ အခြားသားနှစ်ယောက်သည်လည်း ချောမောသည့်လူများမဟုတ်ပေ။


ထိုအကြောင်းကို ယခင်က ထုံကျားမင်ကို ထုံရွှယ်လူမေးဖူးသော်လည်း ထုံတကျွင်းက အဖိုးနှင့်တူသောကြောင့်ဟု ထုံကျားမင်က ပြောခဲ့သည်။


ထို့ကြောင့် ထုံတကျွင်းသည် ကျယ်ကျင်းဟွာ၏ သားအရင်းမဟုတ်နိုင် ဟူသောအတွေးကို မေ့ထားခဲ့သည်မှာကြာပြီဖြစ်သည်။ သို့သော် ယခု ရှန်ဝမ်ရုံ၏စကားကြောင့် ထိုသံသယများက အလုံးအရင်းနှင့် ပြန်ပေါ်လာကြလေသည်။


ထုံတကျွင်းသည် အဖိုး‌ဝေ့၏မိတ်ဆွေ 

ရဲဘော်ရှောင်၏သားတော့မဖြစ်နိုင်ချေ။ ထိုလူသည် ဘယ်တုန်းကမှ လက်မထပ်ခဲ့သောကြောင့် သားသမီးလည်းမရှိပေ။ သို့သော် ထုံရွှယ်လူသည် ယခုအချိန်အထိ အရေးကြီးသောဇာတ်ကောင်တစ်ယောက်ကို မေ့ထားခဲ့သည်ကို မှတ်မိသွားလေတော့သည်။


 ထိုဇာတ်ကောင်မှာ ထုံတကျွင်း၏အဒေါ်ဖြစ်လေသည်။