🍵Chapter 107
- အဲဒီမိန်းမက ဘာလိုချင်လို့လဲ
ထုံတကျွင်း၏အဒေါ်၊ မူလခန္ဓာကိုယ်ပိုင်ရှင်၏အဖွားလေးသည် အသက် ၂၂ နှစ်၌ နာမကျန်းရောဂါတစ်ခုဖြင့် ကွယ်လွန်သွားခဲ့သည်။
လူတစ်ယောက် ဖျားနာခြင်းဖြင့်ကွယ်လွန်သွားသည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်သော်လည်း ထိုအဒေါ်သည် သေဆုံးသည့်အချိန်အထိ အိမ်ထောင်မပြုသွားခြင်းကတော့ အနည်းငယ်ထူးဆန်းသည်။
ထိုအဖွားလေးသေဆုံးသည့်အချိန်သည် လွန်ခဲ့သည့် အနှစ် ၃၀ ဖြစ်သောကြောင့် ၁၉၃၀ခုနှစ်နှောင်းပိုင်းအချိန်ဖြစ်သည်။ ထိုအချိန်၌ အသက် ၂၂ နှစ်အရွယ်အပျိုဆိုသည်မှာ အလွန်ပင် ရှားပါးလေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏အဖိုးသည် ချောမောသောလူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ထိုအဖွားလေးသည်လည်း အတော်အတန်တော့ ကြည့်ကောင်းမည်ပင်ဖြစ်သည်။ ထိုကဲ့သို့သော အမျိုးသမီးက အိမ်ထောင်ပြုရန်လည်း ခက်ခဲစရာအကြောင်းမရှိပေ။
ထိုအခါ အရေးကြီးသည့်မေးခွန်းပေါ်လာပေသည်။ ထိုအဖွားလေးသည် ထိုအသက်အရွယ်အထိ အဘယ်ကြောင့် အိမ်ထောင်မပြုခဲ့ရပါသနည်း။ မကျန်းမမာဖြစ်နေခဲ့သောကြောင့်လား။
ထိုမေးခွန်းအတွက် အဖြေကိုတော့ ထုံကျားမင်ပင် မသိချေ။
အချိန်ရှိသည့်အခါတွင် ပိုင်ဟယ်ရှိရွာသို့ပြန်၍ ရွာသားများထံမှ သတင်းအစအနများ ရလိုရငြားမေးကြည့်ရမည်ဟု ထုံရွှယ်လူ စိတ်ကူးလိုက်သည်။
ရှန်ဝမ်ရုံက ဝမ်းသာအားရဆက်ပြောနေသည်။
"လောင်ရှောင်က အခု အနောက်မြောက်ပိုင်းကိုရောက်နေတာလေ...ကျူးကျူးရဲ့အဖိုးပြောနေတာတော့ နောက်နှစ်လောက်ဆိုရင် မြို့တော်ကို ပြန်ပြောင်းရလောက်တယ်တဲ့...အဲဒီအချိန်ကျမှ သမီးနဲ့ သူ့ကိုပေးတွေ့ပေးရမယ်...သူလည်း သမီးကို မြင်ရင် အံ့ဩသွားမှာ..."
ထုံရွှယ်လူကပြုံး၍ ထိုအစီအစဉ်ကို သဘောတူလိုက်သည်။
မှောင်စပြုလာသောကောင်းကင်ကို လှမ်းကြည့်၍ ရှန်ဝမ်ရုံက မတ်တပ်ရပ်ကာပြောလိုက်သည်။
"နောက်တောင်ကျနေပြီ...အဖွားပြန်တော့မယ်...ကျူးကျူးရဲ့အစ်ကိုက နောက်ရက်ဆို ပြန်လာတော့မှာလေ...သူ့အတွက် အရသာရှိတာလေးတွေ ပြင်ထားရမယ်..."
ဒါဆိုရင် ဝေ့ကျူးကျူးပြောပြောနေသည့် ရုပ်ဆိုးကိုကို ဆိုသည့်လူ ပြန်လာတော့မည်ပေါ့။
ထုံရွှယ်လူ စိတ်ဝင်စားသွားသည်။
ညီမတစ်ယောက်လုံးက ရုပ်ဆိုးကိုကိုဟုခေါ်ရလောက်အောင် ထိုလူသည် မည်မျှပင် ရုပ်ဆိုးသည်လဲဆိုသည်ကို ထုံရွှယ်လူ သိချင်နေမိသည်။
ရှန်ဝမ်ရုံပြန်သွားသောအခါ ထုံရွှယ်လူလည်း ညစာကို စ၍ပြင်ဆင်ချက်ပြုတ်လိုက်သည်။
ခြံဝန်းထဲ၌ ထုံမျန်မျန်နှင့် ခွေးလေးတို့ ကစားရင်း ရယ်မောနေကြသည်ကို ထုံရွှယ်လူက ပြတင်းပေါက်မှလှမ်းကြည့်ရင်းပြောလိုက်သည်။
***
ဝမ်ရူကွေ့သည် ခွင့်ရက်များ အကုန်သုံးလိုက်ပြီးဖြစ်သောကြောင့် ဌာနသို့ ချက်ချင်းပြန်ရတော့မည်ဖြစ်သည်။
ဌာနက ဝမ်ရူကွေ့အား နားနားနေနေ နေရန် ခွင့်ရက်ပေးထားခြင်းဖြစ်သည်။ သို့သော်လည်း ဝမ်ရူကွေ့သည် မနားရပဲ တစ်ချိန်လုံး ပြေးလွှားနေရသောကြောင့် ပင်ပန်းကာ ကိုယ်အလေးချိန်ပင် ပိုကျသွားရလေသည်။
ကျန်းဟွာရုံ၏အမှုက စစ်ဆေးနေဆဲဖြစ်ကာ ကျန်းတန့်ဟုန်ကလည်း ကျန်းမိသားစုဆီသို့ မပြန်ချင်သေးပေ။ အချိန်ကြာမြင့်စွာ ဆွေးနွေးပြီးကာမှ ကျန်းတန့်ဟုန်သည် ဖူကျန့်ယိ၏အိမ်၌ နေဖြစ်သွားသည်။
ဝမ်မိသားစုအိမ်၌ အရွယ်ရောက်ပြီးသား ယောင်္ကျားနှစ်ဦးရှိသာသောကြောင့် အမျိုးသမီးတစ်ယောက် လာနေရန်မှာ အနည်းငယ်တော့ မသင့်တော်ဖြစ်နေသည်။ ကျန်းတန့်ဟုန်အား ထုံရွှယ်လူ၏အိမ်၌ နေခိုင်းရန် ဝမ်ရူကွေ့စဉ်းစားမိသော်လည်း ကျန်းမိသားစုက အငြိုးထားကာ ထုံရွှယ်လူအား အန္တရာယ်ပေးမည်ကို စိုးရိမ်သောကြောင့် ထိုအကြံအား ထုတ်မပြောလိုက်တော့ပေ။
ထို့ကြောင့် ကျန်းတန့်ဟုန်သည် ဖူကျန့်ယိ၏အိမ်၌သာနေဖြစ်သွားသည်။ ဖူကျန့်ယိ၏အမေနှင့် အစ်မတို့လည်း အိမ်၌ရှိသောကြောင့် ကျန်းတန့်ဟုန်သည် ရပ်ဝေးမှလာသောအမျိုးတစ်ယောက်ကဲ့သို့ လာနေ၍ အဆင်ပြေသွားသည်။
ဖူကျန့်ယိအိမ်၌ ကျန်းတန့်ဟုန်အား ချခဲ့ပြီးသောအခါ ဝမ်ရူကွေ့သာ် ဌာနသို့ပြန်လာခဲ့သည်။
ဌာနသို့ပြန်ရောက်ရောက်ချင်းမှာပင် ကျိုးယန်နှင့် တွေ့လိုက်ရသည်။
ဝမ်ရူကွေ့ဖြစ်ပျက်နေပုံကို မြင်သောအခါ ကျိုးယန် လန့်ဖြန့်သွားသည်။
"မင်းဘာဖြစ်လာတာလဲ...အနားယူဖို့အိမ်ပြန်သွားတာမဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ အရင်ကထက်တောင် ပိုဆိုးတဲ့ပုံပေါ်နေတာလဲ..."
ဝမ်ရူကွေ့၏အသံက အက်ကွဲနေသည်။
"အိမ်မှာ လုပ်စရာလေးတွေရှိလို့ပါ..."
ဘာလုပ်စရာရှိသည်လဲကိုတော့ ဝမ်ရူကွေ့ မပြောလိုက်ပေ။
ကျိုးယန်က ဝမ်ရူကွေ့အား ဂရုဏာသက်စွာကြည့်လိုက်သည်။
"မင်းကိုကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံပဲ...အသံတွေတောင်ကွဲလို့...ကိုယ့်ဘာသာကိုယ်လည်း အနားပေးဦးမှပေါ့ကွာ...ငယ်သေးတယ်ဆိုပြီး ကျန်းမာရေးကို လျစ်လျူမရှုနဲ့ကွ..."
ယနေ့၌ ကျိုးယန်သည် ဦးလေးဇုန်းနီးပါ ဗျစ်တောက်ဗျစ်တောက်ပြောလွန်းနေသည်ဟု ဝမ်ရူကွေ့တွေးနေမိသည်။
ထို့နောက် နှစ်ယောက်သား အဆောင်ဘက်ဆီသို့လျှောက်လာလိုက်ကြသည်။ အခန်းများနားသို့ရောက်သောအခါ ဝမ်ရူကွေ့၏အခန်းရှေ့၌ အမျိုးသမီးတစ်ဦးရပ်နေသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးကိုမြင်သည်နှင့် ကျိုးယန်၏မျက်လုံးများက တောက်ပသွားကြကာ ဝမ်ရူကွေ့အား တံတောင်ဆစ်နှင့် တွန်းလိုက်သည်။
"မင်းတွေ့လား...အဲ့ဒါ ဒါရိုက်တာကျောင်းရဲ့သမီးကွ...မင်းမရှိတဲ့အချိန်တုန်းက မင်းပြန်ရောက်ပြီလားဆိုပြီး နေ့တိုင်းလာလာကြည့်နေတာ..."
ဝမ်ရူကွေ့ကတော့ အံ့ဩသည့်ပုံမပြပဲ ဘာမှလည်း ပြန်မပြောချေ။
ကျိူးယန်ကတော့ အရှုံးမပေးသေးပဲ စနောက်သည့်မျက်နှာပေးဖြင့် ပြောလိုက်သည်။
"မင်းက တကယ်ကို မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ...ဒါရိုက်တာကျောင်းရဲ့သမီးကလည်း မင်းကို စိတ်ဝင်စားနေပုံရတယ်..."
ဝမ်ရူကွေ့က မျက်မှောင်ကြုတ်၍ ကျိုးယန်၏စကားကိုဖြတ်ပြောလိုက်သည်။
"မစပါနဲ့ကွာ...အဲဒီလိုတွေလျှောက်ပြောနေတာ ရဲဘော်ကျောင်းအတွက်လည်းမကောင်းဘူး..."
ကျိုးယန်က ရယ်လိုက်သည်။
"စိတ်မပူပါနဲ့ကွာ...ငါကလည်း မင်းရှေ့မှာပဲပြောတာပါ...တခြားလူတွေရှေ့မှာဆို တစ်ခွန်းတောင်မပြောပါဘူးကွ..."
"ဒါပေမယ့် ပြောလက်စနဲ့ပဲ ဆက်ပြောလိုက်တော့မယ်...ကျောင်းမိသားစုရဲ့ ဂုဏ်အရည်အချင်းက မင်းတို့ ဝမ်မိသားစုကိုတော့ မမှီပေမယ့် ဒါရိုက်တာကျောင်းက တကယ်ကို တော်တဲ့လူပဲကွ...သူလုပ်ထားတဲ့ အလုပ်တွေက သက်သေပဲ...အခု နိုင်ငံရေးအခြေအနေကလည်း ပြောင်းလာပြီဆိုတော့ ငါ့သဘောအရသာဆိုရင်တော့ မင်းသာ စိတ်ဝင်စားမယ်ဆိုရင် ဒါရိုက်တာကျောင်းရဲ့သမီးကလည်း မင်းအတွက် သင့်တော်တဲ့အိမ်ထောင်ဘက်ဖြစ်မှာပဲ..."
ကျောင်းပေါရှန်း၏မိန်းမဘက်မှမိသားစုသည်လည်း ပြုပြင်ခြင်းခံပြီးပြီဖြစ်၍ ကျောင်းပေါရှန်းအပေါ်ချမှတ်ထားသော ကန့်သတ်ချက်များကိုလည်း တဖြည်းဖြည်းချင်း ဖြေလျော့ပေးနေပြီဖြစ်သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းက ကျောင်းပေါရှန်းလုပ်ဆောင်အောင်မြင်ခဲ့သော ကိစ္စများကို လျစ်လျူရှု၍မရပေ။
၁၉၆၄ခုနှစ်က ဒုံးကျည်၊ ထို ၁၉၆၄ ခုနှစ်မှာပင် ပထမဆုံးအနုမြူဗုံး၊ ၁၉၆၇ခုနှစ်တွင် ပထမဆုံးဟိုက်ဒရိုဂျင်ဗုံး၊ ၁၉၇၀ ခုနှစ်တွင် ပထမဆုံးဂြိုလ်တု။
ထိုတီထွင်အောင်မြင်မှုများအားလုံးတွင် ဒါရိုက်တာကျောင်းပေါရှန်း၏လုပ်အားနှင့်ဉာဏ်ရည်များပါနေခဲ့သည်။
ထိုအရာများအားလုံးသည် တစ်ခုမကျန် ကမ္ဘာတစ်ဝှမ်းလုံးကိုပါ အကျိုးသက်ရောက်ခဲ့သည်ဖြစ်သောကြောင့် ယခု နိုင်ငံရေးအခြေအနေကောင်းမွန်လာသည်နှင့်အမျှ ဒါရိုက်တာကျောင်း၏ ဂုဏ်ဒြပ်သည် ကျစရာအကြောင်းမရှိပဲ ပို၍ တက်လာမည်သာဖြစ်သည်။
ထို့ကြောင့် ကျောင်းမိသားစုသည် ဝမ်မိသားစုနှင့် မယှဉ်နိုင်လျှင်တောင်မှ အရမ်းနောက်ကျကျန်နေခဲ့သည်တော့မဟုတ်ပေ။
ဝမ်ရူကွေ့က ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။
"နောက်ဆိုရင် ဒီအကြောင်းကို လေသံတောင်မဟနဲ့..."
ဝမ်ရူကွေ့က တကယ်စိတ်တိုသွားသည့်ပုံပေါ်နေသောကြောင့် ကျိုးယန်လည်း ခေါင်းကုတ်ကာ ပြောလိုက်သည်။
"အေးပါကွာ အေးပါ...ငါမပြောတော့ပါဘူး...မင်းရဲ့ အခုအသက်အရွယ်နဲ့ တစ်သက်လုံး လူပျိုကြီးပဲဖြစ်သွားတော့မှာ စိုးရိမ်လို့ပါ..."
ဝမ်ရူကွေ့က ကျိုးယန်၏စကားကို လျစ်လျူရှုထားလိုက်သည်။
နှစ်ယောက်သားလျှောက်ရင်းဖြင့် အခန်းနားသို့ရောက်သွားကြသည်။ ဝမ်ရူကွေ့ကိုမြင်သောအခါ ကျောင်းယွီရှစ်၏မျက်လုံးများက အရောင်တောက်ပသွားကြလေသည်။
"ရဲဘော်ဝမ်... ရဲဘော်ဝမ်...ရဲဘော်ကျိူး...ရှင်တို့ပြန်ရောက်လာကြပြီပဲ..."
ဝမ်ရူကွေ့ရော ကျိုးယန်ရော ခေါင်းငြိမ့်၍ ကျောင်းယွီရှစ်အား နှုတ်ဆက်လိုက်ကြသည်။
ဝမ်ရူကွေ့က မေးလိုက်သည်။
"ဒီမှာ ကျွန်တော့်ကို လာရှာနေတာလား ရဲဘော်ကျောင်း...ကျွန်တော် ဘာလုပ်ပေးရမလဲ..."
ဝမ်ရူကွေ့၏အသံကိုကြားသောအခါ ကျောင်းယွီရှစ်၏မျက်နှာက ချက်ချင်းပျက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်လိုဖြစ်လို့ ရှင့်ရဲ့အသံက အရင်ကထက်တောင် ပိုဆိုးသွားတာလဲ ရဲဘော်ဝမ်...နေဦး...ရှင့်အတွက် ဇီးသီးခြောက်သွားယူပေးမယ်..."
ကျောင်းယွီရှစ်သည် ပြောပြီးပြီးချင်း နောက်သို့လှည့်ကာပြေးသွားသောကြောင့် ဝမ်ရူကွေ့ပင် ငြင်းချိန်မရလိုက်ပေ။
ကျိုးယန်က မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။
"ဇီးသီးခြောက်က ကောင်းတယ်ကွ..."
ဝမ်ရူကွေ့က ကျိုးယန်အား အေးစက်စွာကြည့်လိုက်သည်။
"ဒါဆို မင်းစားလေ..."
ကျိုးယန်က အလျင်အမြန်ပင် လက်ခါပြလိုက်သည်။
"ဟေ့ကောင် ငါအဲဒီလိုမပြောဘူးနော်...ပြီးတော့ အဲဒါတွေက ငါ့အတွက်မဟုတ်ဘူးလေ..."
ထိုသို့ပြော၍ ကျိုးယန်သည် အခန်းထဲသို့ ဝင်မည်အလုပ်တွင် ဝမ်ရူကွေ့က ဆွဲထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းယွီရှစ်ပြန်ရောက်လာလျှင် ဤနေရာ၌ သူတို့နှစ်ယောက်တည်းရှိနေပါက ကောလဟလများစွာထွက်ပေါ်လာတော့မည်ဖြစ်သည်။ ကျိုးယန်ပါရှိနေလျှင်တော့ ထိုကောလဟလများကို တားပြီးသားဖြစ်သွားလိမ့်မည်။
ကျိုးယန်ကလည်း ဘာဆက်ဖြစ်ကြမည်ကို သိချင်သောကြောင့် ပျော်ရွှင်စွာပင် အခန်းထဲသို့ မဝင်ပဲ အပြင်၌ ဆက်နေနေလိုက်သည်။
မကြာခင်မှာပင် ကျောင်းယွီရှစ် အပြေးလေးပြန်ရောက်လာသည်။ ပြေးလာရသောကြောင့် သူမ၏ပါးများက ပန်းရောင်သမ်းနေကြသည်။
"ရဲဘော်ဝမ် ဒီမှာ ဇီးသီးခြောက်...စားလိုက်ပါနော်..."
ဝမ်ရူကွေ့က လှမ်းမယူပဲပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရဲဘော်ကျောင်း...ဒါပေမယ့် ကျွန်တော် လက်မခံပါရစေနဲ့...ခင်ဗျားပဲ ပြန်ယူသွားလိုက်ပါ..."
ကျောင်းယွီရှစ်သည် သူမ၏ ရှည်လျားသောမျက်တောင်များကို အနည်းငယ်ခတ်လိုက်၍ ပြုံးကာပြောလိုက်သည်။
"ဒါ ဖေဖေနဲ့ မေမေတို့က ပေးလိုက်တာပါ...ရဲဘော်ဝမ်ကို ကျေးဇူးတင်တဲ့အနေနဲ့...ယူပါနော်...ကျွန်မ ပြန်ယူသွားရင် သူတို့က ဆူကြမှာ..."
ဆရာနှင့် ဆရာ့ဇနီးတို့ကပေးလိုက်သည်ဆိုသည်ကိုကြားသည့်အခါတွင်တော့ ဝမ်ရူကွေ့လည်း လက်ခံလိုက်ရတော့သည်။
"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်...ဆရာတို့ကိုလည်း ကျေးဇူးတင်တယ်လို့ပြောပေးပါ..."
ဝမ်ရူကွေ့က လက်ဆောင်ကို လက်ခံလိုက်သည့်အခါမှ ကျောင်းယွီရှစ်လည်း စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။
"ရပါတယ်ရှင်...ရဲဘော်ဝမ်သာ အဖိုးကို ကူပြီးမစောင့်ရှောက်ပေးရင် ကျွန်မတို့လည်း ဒီကိုရောက်နေနိုင်မှာမဟုတ်ဘူး..."
"ဪ ဟုတ်သားပဲ...ရဲဘော်ဝမ်သောက်မယ်ဆိုရင် ဇီးသီးခြောက်ကို ၂ ခုလောက်ပဲယူပြီး ၁၅ မိနစ်လောက်ရေနွေးနဲ့စိမ်လိုက်ရင် ရပြီနော်...သောက်ရတာ ပေါ့နေရင် သကြားလေးနည်းနည်းထည့်သောက်လို့ရတယ်...ဂန္ဓမာပန်းခြောက်လေးထည့်သောက်ရင် ပိုကောင်းတယ်..."
ဝမ်ရူကွေ့က ထပ်၍ ကျေးဇူးတင်စကားပြောလိုက်သည်။
ဝမ်ရူကွေ့သည် သူ့အပေါ် တရင်းတနှီးရှိမလာပဲ ပင်ပန်းနေပုံပေါက်နေသောကြောင့် ကျောင်းယွီရှစ်လည်း ဆက်နေရမည်ကို အားနာလာမိသည်။ ထို့ကြောင့် အခြားတစ်နေရာသို့ သွားရဦးမည်ဟုပြောကာ နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။