အပိုင်း ၁၀၈
Viewers 30k

🍵Chapter 108

- အဲဒီမိန်းမက ဘာလိုချင်လို့လဲ(၂)


ကျောင်းယွီရှစ်ထွက်သွားသောအခါ ကျိုးယန်က တစ်ခုခုပြောချင်နေသည့်ပုံပေါက်နေသော်လည်း ဝမ်ရူကွေ့က သူပြောမည်ကိုစောင့်မနေတော့ပဲ အခန်းထဲသို့ ဝင်လာလိုက်လေသည်။


ကျောင်းယွီရှစ်သည် အိမ်သို့ပြန်ရောက်‌လာသောအခါ အမေဖြစ်သူ ကျုံးရှုလန်နှင့် တည့်တည့်တိုးသွားသည်။


ကျောင်းယွီရှစ်၏မျက်နှာက အလွန်ပျော်ရွှင်နေသည့်ပုံပေါ်နေသောကြောင့် ကျုံးရှုလန်လည်း မနေနိုင်ပဲမေးလိုက်မိသည်။

"ဘယ်လိုဖြစ်လာတာလဲ...မျက်နှာက ပြုံးရွှင်လို့ပါလား..."


ကျောင်းယွီရှစ်က မျက်နှာကိုချက်ချင်းတည်ကာပြောလိုက်သည်။

"မပြုံးရွှင်ပါဘူး..."


ကျုံးရှုလန်က ထပ်မေးလိုက်သည်။

"ခုနက ဘယ်သွားနေတာလဲ...ခုနက အိမ်ကိုပြန်ရောက်လာပြီး ချက်ချင်းပြန်ထွက်သွားတာ မြင်လိုက်တယ်..."


"ရဲဘော်ဝမ်ပြန်ရောက်လာလို့လေ...မေမေ ဟိုနေ့တုန်းက ရဲဘော်ဝမ်ကို ဇီးသီးခြောက်ပေးခိုင်းထားတာမလား...အခုထိ သူ့အသံက ဝင်နေတုန်းမို့လို့ အိမ်ကို အဲဒီဇီးသီးခြောက်တွေပြန်လာယူပြီး သွားပေးလိုက်တာ..."


ကျုံးရှုလန်က သူ့သမီးကို သေချာစူးစိုက်ကြည့်နေလိုက်ပြီးမှ ခေါင်းငြှိမ့်လိုက်သညိ။

"ဟုတ်တယ်...နောက်ရက်နည်းနည်းကြာလို့မှ မကောင်းသေးရင် ထပ်ယူပြီးပေးလိုက်ဦးလေ..."


ကျောင်းယွီရှစ်သည် သူမ၏အမေထံမှ ထိုသို့အကြည့်ခံလိုက်ရသောကြောင့် အနည်းငယ် ရှက်သွားကာ စိတ်ထဲပေါ်လာသည်ကို ပြောလိုက်သည်။

"ကန်တင်းကနေ ထမင်းသွားယူလိုက်ဦးမယ်..."


ကျောင်းယွီရှစ်သည် ကန်တင်းမှ နေ့လယ်စာထမင်းဘူးသွားယူရန် အိမ်မှအထွက်တွင် သူမ၏အဖေနှင့် တည့်တည့်တိုးသွားသည်။


ကျောင်းပေါရှန်းက သူ့သမီးအား နှုတ်ဆက်ရန်ပြင်နေချိန်မှာပင် ကျောင်းယွီရှစ်က အနှုတ်ဆက်မခံပဲ ထွက်ပြေးသွားလေသည်။


ကျောင်းပေါရှန်းသည် အိမ်ထဲသို့ရောက်သောအခါ သိချင်စိတ်ဖြင့်မေးလိုက်သည်။

"ယွီရှစ်က စားစရာသွားယူတာလား...ဘာဖြစ်လို့ ပြေးသွားတာလဲ..."


ကျုံးရှုလန်က ကျောင်းယွီရှစ်အတွက် ရေနွေးနွေးတစ်ခွက် ငှဲ့ပေးကာပြောလိုက်သည်။

"ဟုတ်တယ် စားစရာသွားယူတာ...ပြေးသွားတာကတော့ ရှက်နေလို့နေမှာပါ..."


ထိုစကားကိုကြားသောအခါ ကျောင်းပေါရှန်းက ပို၍ပင် စိတ်ရှုပ်သွားသည်။

"ရှက်နေတယ်...သူက ဘာဖြစ်လို့ ရှက်နေရတာလဲ..."


ကျုံးရှုလန်က ပြုံးလိုက်သည်။ သူမ ပြုံးလိုက်သောအခါ မျက်လုံးနားမှ အရေးအကြောင်းများက ပေါ်လာကြသည်။


"ရှင့်ရဲ့တပည့် ပြန်ရောက်လာလို့ ယွီရှစ်က ဇီးသီးခြောက်သွားပေးတယ်လေ...အဲဒါ ပြန်ရောက်တည်းက တစ်ချိန်လုံးက ပြုံးရွှင်နေတာပဲ..."


ကျောင်းပေါရှန်းက ထိုစကားကိုကြားသောအခါ ဘာမှပြန်မပြောပဲ တိတ်ဆိတ်သွားသည်။


ကျုံးရှုလန်မြင်သောအခါ သက်ပြင်းချလိုက်သည်။

"စိတ်မပူပါနဲ့ရှင်...ကျွန်မကလည်း အကျိုးသင့်အကြောင်းသင့် မစဉ်းစားတတ်တဲ့လူမဟုတ်ပါဘူး...ရူကွေ့က ယွီရှစ်ကို စိတ်မဝင်စားဘူးဆိုရင် အတင်းတိုက်တွန်းမနေတော့ပါဘူး...ဒါပေမယ့် အခုထိက ကျွန်မတို့ ဘာမှသေချာမသိသေးဘူးလေ...အခွင့်အရေးက ရှေ့တည့်တည့်ကြီးမှာ ရောက်နေမှတော့ နည်းနည်းတော့ ကြိုးစားသင့်တာပေါ့ မဟုတ်ဘူးလား..."


ကျောင်းပေါရှန်းလည်း အတန်ကြာတိတ်ဆိဆ်နေပြီးမှ ပြောလိုက်သည်။

"အေးပါကွာ...ကြည့်ကြသေးတာပေါ့..."


ဤနေရာ၌ သူ၏အခြားတပည့်များဆိုလျှင်တော့ ကျောင်းပေါရှန်း ဝင်ပါမိမည်ဖြစ်သည်။


သို့သော် ယခုက ဝမ်ရူကွေ့ဖြစ်နေသည်။


ဝမ်ရူကွေ့သည် ဤအသက်အရွယ်အထိ အိမ်ထောင်မပြုရသေးခြင်းမှာ သူ၏သိပ္ပံပညာအပေါ်ရူးသွပ်ခြင်းကြောင့်လည်းပါသလို သူ၏မိသားစုကြောင့်လည်းဖြစ်သည်။


ဝမ်ရူကွေ့သည် သူ၏မိဘများကြောင့် စိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ရကာ ယခုအချိန်အထိလည်း လက်ထပ်ရမည့်အရေး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဖြစ်နေသည်။


ထို့ကြောင့် ကျောင်းပေါရှန်းသည် ဝမ်ရူကွေ့အား သူ့သမီးနှင့် ချစ်ကျွမ်းဝင်ရန် တွန်းပို့ပေးရမည့်အစား လေသံမျှပင် မဟရဲဖြစ်နေမိသည်။


သူ့ယောင်္ကျားပြန်ဖြေလိုက်သည်ကို ကြားသောအခါ ‌ကျုံးရှုလန်လည်း နှုတ်ခမ်းကို တင်းတင်းစေ့၍ ဘာမှဆက်မပြောတော့ပေ။


အခန်းထဲရှိလေထုသည် ရုတ်တရက် လေးလံထိုင်းမှိုင်းလာသကဲ့သို့ ခံစားလိုက်ရလေသည်။


***


ထိုခေတ်အခါ၌ လူတော်တော်များများသည် အလွန်ဆင်းရဲကြသောကြောင့် လခထုတ်သည့်ရက်၌ပင် အစိုးရပိုင်စားသောက်ဆိုင်သို့ မလာနိုင်ကြပေ။


သို့သော် ချက်ပြုတ်သည့်နေရာသို့ ထုံရွှယ်လူဝင်လိုက်သည့်အချိန်မှစ၍ စားသောက်ဆိုင်က တစ်နေ့ထက်တစ်နေ့ လူပိုစည်‌လာ‌လေသည်။


စားသောက်ရမည့်အချိန်များ၌ဆိုလျှင် လူများသည် ခုံရရန်ပင် မနည်းလုနေရသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ထိုတိုးဝှေ့နေသောလူအုပ်ကြီးကို အော်ရ၍ ထန်ရှောင်ယန်ပင် အသံဝင်သွားရသည်။


ယနေ့နေ့လယ်တွင် မိန်းကလေးရဲဘော်တစ်ယောက်သည် နေ့လယ်စာစားချိန်‌ကျော်လွန်ပြီးသည်အထိ စားသောက်ဆိုင်၌ ကြာမြင့်စွာ ထိုင်စောင့်နေလေသည်။


နောက်ဆုံး အတော်ကြာသည့်အခါမှ ထုံရွှယ်လူ မီးဖိုထဲမှထွက်လာသည့်အခါ ထိုမိန်းကလေးသည် ထုံရွှယ်လူနားသို့ ချက်ချင်းပြေးသွားလေသည်။

"မင်္ဂလာပါ စားဖိုမှူး..."


ထုံရွှယ်လူက ထိုမိန်းကလေးကိုအကဲခတ်၍ မျက်ခုံးကိုအနည်းငယ်မြှင့်ကာမေးလိုက်သည်။

"မင်းက ဘယ်သူလဲ..."


ဝမ်နျန်ကျန်းက ပြောလိုက်သည်။

"စားဖိုမှူး...ကျွန်မက ဒီနားက အထည်စက်ရုံမှာအလုပ်လုပ်တာပါ...ဒီကို ခဏခဏရောက်ဖူးတယ်...စားဖို‌မှူးရဲ့ ဝက်သားပေါင်းက အရမ်းကိုကောင်းတာပဲ..."


ထုံရွှယ်လူက ဘာမှသိပ်မပြောသေးပဲ ဆက်အကဲခတ်နေလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."


ဝမ်နျန်ကျန်းသည် ချက်ချင်း အသံကို နှိမ့်၍ ပြောလိုက်သည်။

"စားဖိုမှူး...စားဖိုမှူးကို ကျွန်မပြောစရာရှိလို့...ခဏလောက် အပြင်ကို လိုက်ခဲ့ပေးလို့ရမလားဟင်..."


အချိန်က နေ့လယ်ဘက် အလင်းကြီးရှိသေးသောကြောင့် ထိုအမျိုးသမီးက သူမကို ရန်ပြုမည်ကို ထုံရွှယ်လူမကြောင်ပေ။ ထို့ကြောင့် အပြင်သို့လိုက်ရန် ထုံရွှယ်လူ သဘောတူလိုက်သည်။


အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ဝမ်နျန်ကျန်းသည် သူမ၏ဇာတ်လမ်းကို ထုံရွှယ်လူအားပြောပြလိုက်သည်။

"ကျွန်မအဖွားရဲ့ အသက် ၇၀ ပြည့်မွေးနေ့ရောက်တော့မှာလေ...အဖွားက သူငယ်ငယ်တုန်းကစားခဲ့ဖူးတဲ့ ဝက်သားပေါင်းကို စားချင်နေတာ...ဒါပေမယ့် အမေနဲ့ ယောင်းမလုပ်တဲ့ဝက်သားပေါင်းတွေက အဲဒီအရသာမထွက်ဘူးတဲ့..."


"ဒါပေမယ့် ဟိုတလောတုန်းက အစ်မရဲ့ဆိုင်က ဝက်သားပေါင်းကို အိမ်ကိုဝယ်သွားတာ...အဖွားက အစ်မရဲ့ဝက်သားပေါင်းက သူငယ်ငယ်တုန်းက စားခဲ့ရတဲ့ အရသာနဲ့ တော်တော်တူတယ်တဲ့လေ...အဲဒါကြောင့် ကျွန်မစဉ်းစားနေတာ...အစ်မများ ကျွန်မအတွက် ဝက်သားပေါင်းတစ်အိုးလောက် ချက်ပေးနိုင်မလားလို့...အစ်မလုပ်ပေးမယ်ဆိုရင် ကျွန်မဘက်ကလည်း ဘာမဆို ပြန်လုပ်ပေးဖို့ အသင့်ပါ..."


ဝမ်နျန်ကျန်းသည် ဝက်သားပေါင်းအား ဆိုင်မှ မဝယ်ရသည့်အကြောင်းမှာ...အဖွား၏မွေးနေ့ကျရောက်သည့်နေ့၌ ဆိုင်၌ ဝက်သားပေါင်းမရောင်းသည့်နေ့ဖြစ်နေသောကြောင့် ဖြစ်သည်။


ထို့အပြင် စားသောက်ဆိုင်၌ လူတစ်ယောက်လျှင် မည်မျှသာဝယ်ရမည်ဆိုသော သတ်မှတ်ချက်ကလည်း ရှိနေသေးသည်။ ဝမ်နျန်ကျင်းသာ ဝက်သားပေါင်းများအကုန်ဝယ်လိုက်ပါက တစ်ယောက်ယောက်က တိုင်ချက်ဖွင့်လိုက်နိုင်သည်။


ထို့ကြောင့် ဝမ်နျန်ကျင်းသည် ဘာမှမတတ်နိုင်ပဲ စားသောက်ဆိုင်၏စားဖိုမှူးကို ချဉ်းကပ်ရတော့ခြင်းဖြစ်သည်။


ထုံရွှယ်လူက ခဏမျှစဉ်းစားကာ မေးလိုက်သည်။

"ရှင်က အထည်စက်ရုံမှာ အလုပ်လုပ်တာနော်..."


ဝမ်နျန်ကျင်းကလည်း ထုံထိုင်းသူမဟုတ်ပါ။ ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူမအတွက် မျှော်လင့်ချက်ရှိသည်ကိုမြင်ကာ ခေါင်းကို ချက်ချင်းငြှိမ့်လိုက်သည်။


"ဟုတ်တယ်...ကျွန်မက အထည်စက်ရုံမှာ အလုပ်လုပ်တာပါ...စက်ရုံကနေ တစ်ခါတစ်လေကျရင် အပြစ်လေးတွေ နည်းနည်းပါးပါးပါလို့ ရောင်းလို့မရတော့တဲ့ အထည်တွေ ရှိတတ်တယ်..."


ဝမ်နျန်ကျင်းက စကားကို ဆက်မပြောလိုက်သော်လည်း သူမ ဘာကိုဆိုလိုချင်သည်ကို နှစ်ယောက်လုံး သိလိုက်ကြလေသည်။


ထိုအထည်များသည် အပြစ်အနာအဆာပါသော်လည်း အသုံးဝင်နေသေးသည်သာဖြစ်သည်။ ထို့အပြင် ဈေးကလည်း အလွန်နည်းနေမည့်အပြင် ဝယ်ရန် လက်မှတ်လည်းမလိုပေ။


ထုံရွှယ်လူ၌ ပိုက်ဆံရှိသော်လည်း လက်မှတ်အလုံအလောက်မရှိပေ။ ကလေးများ၏အင်္ကျီများကလည်း လျှော်ရလွန်း၍ အရောင်လွင့်နေပြီဖြစ်သည်။ မကြာခင် အဝတ်အစားအသစ်များ အနည်းဆုံး တစ်စုံစီတော့ ဝယ်ပေးရတော့မည်။


ထို့အပြင် သူမ ကိုယ်တိုင်အတွက်လည်း စဉ်းစားရဦးမည်။ ထုံရွယ်လူသည် အခြားထုံမိသားစုထံမှ ထွက်လာခဲ့စဉ်က ဆောင်းရာသီအဝတ်အစားများ ဘာမှ မယူလာခဲ့ပေ။ ယခုမှ သွားယူလို့လည်း မရတော့။


ထို့ကြောင့် ထူထဲသည့်အဝတ်အစားများသာ မရပါက ဤဆောင်းတွင်း၌ ထုံရွှယ်လူ အေးခဲ၍ သေရုံသာရှိတော့သည်။


ယခု ဝမ်နျန်ကျန်း ကမ်းလှမ်းလာသည့် အပေးအယူကြောင့် ထိုအခက်အခဲလည်း အဆင်ပြေတော့မည်။


ဤကဲ့သို့သော အခြေအနေကို အိပ်ချင်နေချိန်၌ ခေါင်းအုံးလာပေးသူနှင့် ကြုံရခြင်းဟု ခေါ်ရမည်ထင်သည်။ ယခုအခွင့်အရေးမှာ စားဖိုမှူးမုန့်နေရာ၌ အစားထိုးဝင်ရခြင်း၏ကောင်းကျိုးသာဖြစ်ပေလိမ့်မည်။


ထုံရွှယ်လူက ပြောလိုက်သည်။

"ကျွန်မရဲ့ မျိုးရိုးနာမည်က ထုံပါ...ရှင့်နာမည်ကရော..."


ဝမ်နျန်ကျန်း၏မျက်လုံးများက အရောင်တောက်ပသွားကြသည်။

"ကျွန်မနာမည်က ဝမ်နျန်ကျန်းပါ...အသက်က ၂၀ ရှိပြီ...အခု ဟုန်ယန်းအထည်စက်ရုံမှာ အလုပ်လုပ်နေပါတယ်..."


ထုံရွှယ်လူ: "..."


ပြောချပစ်လိုက်တာတွေကလည်း များလိုက်တာ...

ထိုကဲ့သို့ မိမိအကြောင်း အပြည့်အစုံ မိတ်ဆက်ခြင်းမှာ ရှေးခေတ်တုန်းကသာ လုပ်ကြသည့်ပုံစံဖြစ်သည်။


"အခုလောလောဆယ် ကျွန်မ ချည်ထည်နဲ့ ဆောင်းတွင်း အဝတ်အထည် နည်းနည်းလိုနေတာ...အဲဒါတွေ ရှင့်ရဲ့အလုပ်မှာ ရလောက်လား..."


ဝမ်နျန်ကျန်းက ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။

"ရတာပေါ့...အခု အေးစပြုလာပြီဆိုတော့ လွန်ခဲ့တဲ့ နှစ်လလောက်တည်းက ကျွန်မတို့ ဆောင်းတွင်းအထည်တွေ စလုပ်နေတာ...အစ်မက ဘယ်လောက်လိုတာလဲ..."


ထုံရွှယ်လူလည်း ကွယ်ဝှက်မနေတော့ပဲ လိုအပ်သည်များကို ပြောလိုက်သည်။

"ကျွန်မဝတ်ဖို့ ဆောင်းဦးဝတ်စုံ တစ်စုံနဲ့ ဆောင်းတွင်းဝတ်စုံ နှစ်စုံ...နောက် ဆယ်နှစ်ပတ်ဝန်းကျင် ကောင်လေးနှစ်ယောက်အတွက် နှစ်စုံ...ငါးနှစ်အရွယ် ကလေးမလေးအတွက်က နှစ်စုံ...အဲဒါတွေရနိုင်မလား..."


ထုံရွှယ်လူတောင်းဆိုလိုက်သည့်အရာများကြောင့် ဝမ်နျန်ကျန်းပင် အနည်းငယ် လန့်သွားသည်။

"ရှိပါတယ်...ဒါပေမယ့် အစ်မ လိုတာတွေက အများကြီးပဲ...အဲဒီလောက်လိုတာသေချာရဲ့လား..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ကျွန်မရဲ့ဆောင်းတွင်းအဝတ်အစားတွေက အခိုးခံလိုက်ရလို့လေ...အဲဒါတွေကို အစားမထိုးပဲ ဆောင်းတွင်းကို ဖြတ်သန်းလို့လည်း မရလောက်ဘူး..."


ထိုစကားကိုကြားသောအခါ ဝမ်နျန်ကျန်းသည် တကယ်မရှိသည့် သူခိုးကို စိတ်တိုကာ ကျိန်ပင်ကျိန်တွယ်လိုက်သည်။

"ရပါတယ်...ဒါဆိုရင် ‌နောက်တစ်ခေါက်ထပ်တွေ့ဖို့ ချိန်းလိုက်ကြမယ်လေ..."


ထုံရွှယ်လူက ခဏမျှစဉ်းစားလိုက်ကာပြောလိုက်သည်။

"မွေးနေ့လုပ်မယ့်နေ့မှာ အသားကို စားသောက်ဆိုင်ဆီကို ‌စောစောယူလာပေးပါနော်...ကျွန်မ ချက်ပြီးရင် လာပြန်ယူလို့ရပြီ...အဝတ်အစားတွေအတွက်ကတော့ အဲဒီနေ့ပဲ ဆိုင်မပိတ်ခင် လာပေးရင် ရပါပြီ..."


ပစ္စည်းအပေးအယူကို အချိန်ခြားပြီးလုပ်ပါက လူမိသွားလျှင်တောင်မှ အလဲအလှယ်လုပ်နေခြင်းမဟုတ်ပဲ အမျိုးအချင်းချင်း ပစ္စည်းပေးသည်ဟုသာ ပြောလိုက်လျှင်ရသည်။


ဝမ်နျန်ကျန်းကလည်း ထိုအစီအစဉ်ကို သဘောကျသည်။ ထို့ကြောင့် ထုံရွှယ်လူအား ချီးကျူးကာ ပြုံးရွှင်သောမျက်နှာဖြင့် အလုပ်ဆီသို့ ပြန်သွားလေတော့သည်။


စားသောက်ဆိုင်သို့ ထုံရွှယ်လူ ပြန်သွားသောအခါ မုန့်ချင်းချင်းက မေးလိုက်သည်။

"အဲဒီမိန်းမက ဘာလာပြောတာလဲ..."


မုန့်ချင်းချင်းက မေးလိုက်သံကြားသောအခါ ထန်ရှောင်ယန်ရော လျှိုတုံချန်တို့ကပါ လှမ်းကြည့်လိုက်သည်။


ထုံရွှယ်လူက သူတို့မမြင်အောင် မျက်စိကိုဝေ့လိုက်၍ ပြောလိုက်သည်။

"အရင်က အထည်စက်ရုံမှာတုန်းက သူ့အစ်မနဲ့ ကျွန်မတို့က တူတူလုပ်ခဲ့ကြဖူးလို့လေ...အဲ့ဒါ ကျွန်မကိုတွေ့တော့ မျက်နှာကို မှတ်မိပြီး သူ့အစ်မအကြောင်း ပြောပြနေတာပါ..."


ထုံရွှယ်လူက ပြောပြလိုက်သောအခါ မုန့်ချင်းချင်းက ဘာမှဆက်မမေးတော့ပေ။