🍵Chapter 109
- မင်းကမှ တကယ်အရှက်မရှိတဲ့လူ
-
နောက်ရက်အနည်းငယ်ကြာသောအခါ ဝမ်နျန်ကျန်းက ထုံရွှယ်လူအား ထပ်လာရှာ၍ နောက်တစ်နေ့ အလုပ်ပြီးလျှင် တွေ့ရန်ပြောလိုက်သည်။
ထုံရွှယ်လူလည်း အဝတ်များ စောစောရတော့မည်ဖြစ်သဖြင့် ဝမ်းသာသွားမိသည်။
နောက်တစ်နေ့တွင် အစိုးရပိုင်စားသောက်ဆိုင်သည် အချိန်တိကျစွာ ပိတ်သွားသည်။
စားသောက်ဆိုင်ထဲမှ ထွက်ပြီးသောအခါ ထုံရွှယ်လူသည် မုန့်ချင်းချင်းအား နှုတ်ဆက်၍ သူမ၏အိမ်ရှိရာအရပ်နှင့် ဆန့်ကျင်ဘက်နေရာသို့ လျှောက်လာလိုက်သည်။
ထို့နောက် လမ်းကြားတစ်ခုထဲသို့ချိုးဝင်၍ ငှက်သံကို လုပ်လိုက်သည်။
ခဏအကြာမှာပင် လမ်းထောင့်မှ ငှက်သံနောက်တစ်ခု ထွက်ပေါ်လာသည်။
ထုံရွှယ်လူတို့နှစ်ယောက်သည် တရားမဝင်လူမိုက်အဖွဲ့အစည်းတစ်ခုခု၏အဖွဲ့ဝင်များလုပ်သကဲ့သို့ လုပ်နေကြသည်ကို ကြည့်ရသည်မှာ ရယ်စရာတော့ကောင်းနေပေသည်။
ခဏအကြာတွင် ဝမ်နျန်ကျန်းသည် လက်ထဲ၌ အထုပ်တစ်ခုကိုကိုင်၍ ပေါ်လာတော့သည်။ အထုပ်ကိုကြည့်ရသည်မှာ အတော်အသင့် လေးမည့်ပုံပေါ်သည်။
"ရဲဘော်ထုံ...ဒီမှာ အစ်မလိုချင်တဲ့ဟာတွေ..."
ထုံရွှယ်လူက အထုပ်ထဲမှ သိုးမွှေးကုတ်အင်္ကျီကို ထုတ်၍ကြည့်လိုက်သည်။ ထို့နောက် လက်ဖြင့်လည်းသေချာပွတ်ကြည့်လိုက်သည်။ အင်္ကျီမှာ ထူထူထဲထဲနှင့်အသားကောင်း၍ တကယ်လည်း နွေးမည့်ပုံပေါ်လေသည်။
ထုံရွှယ်လူ ကျေနပ်သွားသည်။
"ဘယ်လောက်ပေးရမလဲဟင်..."
ဝမ်နျန်ကျန်းက ပြောလိုက်သည်။
"၄၀.၅၇ ယွမ်ပါ...ဒါပေမယ့် ၄၀ ပဲပေးပါ...ဝက်သားပေါင်းလုပ်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ထပ်လျှော့ပေးလိုက်ပါမယ်..."
ထုံရွှယ်လူသည် ဝမ်နျန်ကျင်းအပေါ် လိုသည်ထက်ပို၍ အခွင့်အရေး မယူချင်တော့ချေ။ ထို့ကြောင့် ဝမ်နျန်ကျန်းအား ၄၀.၆ ယွမ်ပေးလိုက်သည်။
ဤအဝတ်အစားများကို အစတည်းက လျှော့ဈေးနှင့်ရပြီးသားဖြစ်သောကြောင့် ၄၀ သာပေးလိုက်လျှင် အလွန်အခွင့်အရေးယူလွန်းရာ ရောက်သွားပေလိမ့်မည်။
ထုံရွှယ်လူက ပိုပေးလိုက်သောကြောင့် ဝမ်နျန်ကျန်းက အမြန်ပြောလိုက်သည်။
"ခဏလေးနော်...အစ်မကို ပိုက်ဆံပြန်အမ်းပေးမယ်..."
ထုံရွှယ်လူက လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။
"မလိုပါဘူး...မြန်မြန်သာ ပြန်တော့...တော်ကြာ တခြားလူတွေ မြင်ကုန်ရင်မကောင်းဘူး..."
ဝမ်နျန်ကျန်းလည်း ခဏစဉ်းစား၍ အကြွေရှာနေသည်ကို ရပ်လိုက်သည်။ ထုံရွှယ်လူအား အင်္ကျီများကို လျှော့ဈေးနှင့်ပေးထားပြီးပြီမဟုတ်လား။
"ဟုတ်ကဲ့...ဒါဆိုရင် နောက်သုံးရက်နေရင် ကျွန်မ စားသောက်ဆိုင်ကို ဝက်သား လာပို့လိုက်ပါမယ်နော်..."
ထုံရွှယ်လူက ခေါင်းငြှိမ့်၍ မြန်မြန်ပြန်ရန် ထပ်တိုက်တွန်းလိုက်သည်။
ဝမ်နျန်ကျန်းသည်လည်း လူမြင်မခံလိုသောကြောင့် အမြန်လှည့်ထွက်သွားတြောသည်။
ဝမ်နျန်ကျန်းကို မမြင်ရတော့သည့်အချိန်မှ ထုံရွှယ်လူက ပြောလိုက်လေသည်။
"ဟိုနှစ်ယောက်...ထွက်ခဲ့ကြတော့..."
ထုံကျားမင်နှင့် ထုံကျားရှင်းတို့နှစ်ယောက်သည် လမ်းကြား၏အခြားတစ်ဖက်မှ ပြေးထွက်လာကြလေသည်။
ထုံကျားရှင်းက အလွန်စိတ်လှုပ်ရှားနေသောကြောင့် မျက်နှာက နီရဲနေသည်။
"မမ...အဲဒီအထုပ်ထဲမှာ တကယ်အင်္ကျီတွေ ရှိတာလား..."
ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။
"ရှိတာပေါ့...ဒါပေမယ့် အခု ကြည့်မနေနဲ့ အိမ်ရောက်မှကြည့်...ကျားမင် နင့်အိတ်ထဲကို နှစ်စုံထည့်...ကျားရှင်းကိုလည်း နှစ်စုံပေးလိုက်..."
ထုံရွှယ်လူကိုယ်တိုင်ကလည်း သူမ၏အင်္ကျီသုံးစုံကိုသယ်လိုက်သည်။ ထိုသို့ ခွဲသယ်မှသာ လူများ၏စပ်စုခံရခြင်းမှ ကင်းလွတ်ပေမည်။
အိမ်သို့ပြန်ရောက်သောအခါ အဝတ်အစားများကို မကြည့်ခင် ထုံကျားမင်က ဝေ့မိသားစုအိမ်မှ ထုံမျန်မျန်အား သွားခေါ်လိုက်သည်။
ထုံရွှယ်လူသည် သူမ အင်္ကျီသုံးစုံဝယ်ထားကြောင်းကို မောင်နှစ်ယောက်အား အစတည်းက ကြိုပြောထားပြီးသားဖြစ်သည်။
ကျားမင်တို့ကလည်း မနာလိုဖြစ်ကြမည့်လူများမဟုတ်ချေ။
ထုံရွှယ်လူသည် သူမနှင့်အတူ အဝတ်အစားများ ပါမလာသူမဟုတ်လား။ ထုံကျန်းကျန်းကလည်း ထုံရွှယ်လူထက် အရပ်ပုသောကြောင့် သူမ၏အင်္ကျီများကို ထုံရွှယ်လူ ဝတ်၍မရပေ။
ထို့အပြင် ထုံရွှယ်လူက ဝင်ငွေလည်း ရှိနေပြီဖြစ်သောကြောင့် သူမအတွက် အပိုနှစ်စုံဝယ်ခြင်းမှာ ဘာမှမဖြစ်ပေ။
ထုံမျန်မျန်က ဝတ်စုံ နှစ်စုံရသည်ကိုလည်း ဘာမှပြောစရာမရှိပါ။
ထုံကျားမင်သည်ပင် ထုံမျန်မျန်အား အမြဲစနောက်နေသော်လည်း သူတို့၏ညီမလေးကို အလွန်ချစ်ကြသည်။
ထုံကျားရှင်းသည် သူ၏သိုးမွှေးကုတ်အင်္ကျီကို ဆွဲထုတ်၍ကြည့်ကာ ပါးစပ်ကလည်း နားရွက်တက်ချိတ်တော့မတတ်ပြုံးနေလေသည်။
ထို့နောက် အင်္ကျီကို ဝတ်ကာ လူတိုင်းကို လိုက်မေးတော့သည်။
"ဘယ်လိုလဲ...အင်္ကျီက ကျွန်တော်နဲ့ လိုက်တယ်မလား..."
အခြားလူများကလည်း သူတို့အင်္ကျီများနှင့် သူတို့ အလုပ်ရှုပ်နေကြသောကြောင့် မည်သူမျှ သူ့အား အဖက်မလုပ်အားချေ။
ထိုအခိုက်တွင် ထုံမျန်မျန်က သူမ၏လက်လေးများကို ဆုပ်နယ်ကာ အနီရောင်သမ်းနေသော ပါးများဖြင့် ထုံရွှယ်လူနားသို့ ရောက်လာသည်။
"မမ...မျန်မျန်လည်း အင်္ကျီတွေ ဝတ်ကြည့်ချင်တယ်..."
မျန်မျန်က ပြောရင်းဖြင့် သူမ၏ မည်းနက်သောမျက်လုံးများဖြင့် ထုံရွှယ်လူအား မော့ကြည့်လိုက်သည်။ ထိုမျက်လုံးများ၌ အင်္ကျီကို ဝတ်ကြည့်ချင်သည့် အရိပ်အယောင်များပေါ်နေသော်လည်း ထိုသို့ ထုတ်ပြောရသည့်အတွက် ရှက်နေပုံလည်း ပေါ်နေသည်။
ဘယ်လိုတောင် ချစ်ဖို့ကောင်းလိုက်သည့် ကလေးလေးပါလိမ့်...
ထုံရွှယ်လူသည် ထုံမျန်မျန်၏ပါးလေးကို တစ်ချက်နမ်းလိုက်ပြီးမှ အင်္ကျီအသစ်ကို ဝတ်ပေးလိုက်သည်။
အင်္ကျီက ထုံမျန်မျန်အတွက် အနည်းငယ်ကြီးနေသော်လည်း ကလေးများက ဖွံ့ဖြိုးနေသည့်အရွယ်ဖြစ်သောကြောင့် စိတ်ပူစရာတော့မလိုပါ။
အင်္ကျီအသစ်ဝတ်ပြီးသောအခါ ထုံမျန်မျနိ၏မျက်လုံးများက တလက်လက်တောက်ပသွားကြလေသည်။
"မမ...မျန်မျန်လှလားဟင်..."
ဘယ်လိုတောင် စကားတတ်တဲ့ကလေးလေးလဲ...
ထုံရွှယ်လူသည် မျန်မျန်၏ပါးလေးကို လိမ်ဆွဲကာ ပြောလိုက်သည်။
"အရမ်းလှတာပေါ့...မျန်မျန်လေးက ဘာနဲ့မဆို လှနေတာ..."
ထုံမျန်မျန်သည် သူမ၏မျက်လုံးလေးများ ပိတ်သွားအောင် ရယ်လိုက်သည်။
ထုံရွှယ်လူ၏ရယ်မောသံများကိုကြားသောအခါ ခွေးလေးသည်လည်း သူတို့နားသို့ ရောက်လာလေသည်။
ထုံမျန်မျန်က သူမ၏အင်္ကျီအသစ်များပေါ်သို့ ခွေးလေး သေးပေါက်ချမည်ကိုစိုးသောကြောင့် အင်္ကျီများကို အမြန်သိမ်းရန် အော်ဟစ်လိုက်သောအခါ ထုံရွှယ်လူတို့ ရယ်လိုက်ကြမိပြန်သည်။
ထုံကျားမင်သည် သူ၏ ညီနှင့် ညီမတို့ စနောက်နေကြသည်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူတို့အား ပြုံးရယ်၍ ကြည့်နေသော ထုံရွှယ်လူကို ကြည့်လိုက်သည်။ ထိုသို့ကြည့်နေရင်းဖြင့် ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခုကို ထုံကျားမင် ခံစားလိုက်ရသည်။ ထိုခံစားချက်သည် အလွန်နွေးထွေးလှသောကြောင့် မျက်ရည်များပင် စို့လာမိသည်။
ထုံကျားမင်တို့၏ မိဘနှစ်ပါး ကွယ်လွန်သွားစဉ်က ကောင်းကင်တစ်ခုလုံးပြိုကျသွားပြီဟု ထုံကျားမင် ခံစားခဲ့ရသည်။ ညီလေးနှင့် ညီမလေးအား အဆင်ပြေသွားမှာပါ ဟု နှစ်သိမ့်နေသော်လည်း တကယ်ကတော့ သူကိုယ်တိုင်လည်း ကျားရှင်းတို့နည်းတူ တုန်လှုပ်ကြောက်လန့်နေခဲ့သည်သာဖြစ်သည်။
ထိုအချိန်များသည် ထုံကျားမင်အတွက် ကြောက်လန့်ဖွယ်ရာအကောင်းဆုံးအချိန်များဖြစ်ခဲ့ရသည်။ ညီလေးနှင့် ညီမလေးအား ဆက်၍ မထောက်ပံ့တော့မည်ကို သူစိုးရိမ်သည်။ ပိုဆိုးသည်က အဖွားနှင့် ဦးလေးများရှိသည့် ရွာသို့ ပြန်ပို့ခံရမည်ကို ထုံကျားမင် အလွန်ကြောက်နေခဲ့မိသည်။
ထိုကဲ့သို့ ကြောက်လန့်ဖွယ်အကောင်းဆုံး၊ ကူကယ်ရာမဲ့ဖြစ်နေသည့်အချိန်တွင်မှ ထုံရွှယ်လူသည် သူတို့ဘဝများထဲသို့ ဝင်ရောက်လာခဲ့သည်။
ထုံရွှယ်လူပြန်ရောက်လာရသည့်တစ်ခုတည်းသောအကြောင်းအရင်းမှာ တစ်ယောက်ကိုတစ်ယောက်ကူညီရင်း သူတို့၏ဘဝများကို ပိုတိုးတက်ကောင်းမွန်အောင်လုပ်ရန်ဖြစ်သည်ဟု ထုံကျားမင် တွေးမိသည်။ အဖွားကို ဆန့်ကျင်ပေးရန် ထုံရွှယ်လူက ကူညီပေးသလို ထုံရွှယ်လူ နေရန်နေရာနှင့် အလုပ်အတွက်လည်း ထုံကျားမင်တို့နှင့် တူတူနေရင်း အဆင်ပြေသွားခဲ့သည်မဟုတ်လား။
ထိုအပေးအယူဆန်သော ဆက်ဆံရေးကြောင့်သာ သူတို့အတူရှိနေကြခြင်းဖြစ်၍ ထိုအဆင့်မှလည်း ပိုမလာနိုင်ဟု ထုံကျားမင် တွေးထားခဲ့သည်။
သို့သော် ထုံရွှယ်လူ ရောက်လာချိန်မှစ၍ ထမင်းဝိုင်း၌ အသားဟင်းကို မကြာခဏစားလာကြရသလို သူတို့၏ပိုက်ဆံများကိုလည်း ရွာသို့ ခဏခဏပို့စရာမလိုတော့ပေ။
ကောင်းမွန်သောအိမ်လေး၌လည်း နေလာရကာ ညီအစ်ကိုနှစ်ယောက်သည်လည်း စက်ဘီးကိုယ်စီစီးရ၍ ယခုဆိုလျှင် ဆောင်းတွင်းအတွက်ပင် အဝတ်အစားအသစ်များ ရနေချေပြီ။
ထိုကဲ့သို့သော အပြောင်းအလဲများသည် ထုံရွှယ်လူရောက်လာပြီးမှ ဖြစ်လာသည့်အရာများဖြစ်သည်။
ထုံကျားမင်သည် စဉ်းစားရင်းဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူသည် ထုံရွှယ်လူအား ကျားရှင်း ခေါ်သကဲ့သို့ "မမ" ဟု ခေါ်ချင်မိသော်လည်း နှုတ်ခမ်းကို အကြိမ်များစွာ ဖွင့်လိုက် စေ့လိုက်လုပ်ပြီးသည့်တိုင်အောင် အသံက ထွက်မလာချေ။
***
စက်ဘီးရသည့်နေ့ကကဲ့သို့ ထုံကျားရှင်းသည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ထိုည၌လည်း တစ်ညလုံး အိပ်မပျော်ဖြစ်ကာ နောက်တစ်နေ့၌ မထနိုင်တော့ချေ။
ကံမကောင်းစွာပင် ရာသီဥတုကလည်း မအေးသေးပေ။ ရာသီဥတုအေးနေပါက ထုံကျားရှင်းသည် အဝတ်အစားအသစ်များကိုဝတ်၍ ကျောင်းမှ လူများ၏အားကျမနာလိုခြင်းကို ခံနိုင်မည်ဖြစ်သည်။
ကျားရှင်းတို့နှစ်ဦးသည် စက်ဘီးများကိုယ်စီတွန်း၍ ကျောင်းသို့ သွားလိုက်ကြသည်။
ဟုတ်သည်။ စက်ဘီးကို မစီးပဲ တွန်းနေကြခြင်းဖြစ်သည်။
ထုံကျားမင်သည် စက်ဘီးစီးတတ်နေပြီဖြစ်သော်လည်း လူကိုတော့ တင်မနင်းနိုင်သေးချေ။ ကျားမင်က စက်ဘီးကို ကျောင်းသို့မယူချင်သော်လည်း ကျားရှင်းက အလွန်ကြွားချင်နေပေသည်။
စက်ဘီးကို မစီးပဲ အိမ်ထဲ၌သာထားထားရမည်ကို ထုံကျားရှင်း နားမလည်နိုင်ပေ။ ထို့ကြောင့် မစီးတတ်သေးသော်လည်း သူတို့၌ စက်ဘီးရှိကြောင်းကို ကျောင်းမှ အခြားကလေးများသိစေရန် ယူသွားကြခြင်းဖြစ်သည်။
ထုံကျားရှင်း မျှော်လင့်သကဲ့သို့ပင် အတန်းဖော်များသည် ကျားရှင်းတို့အား အလွန်ပင် အားကျမနာလိုဖြစ်နေကြလေသည်။ ကျောင်းသားအချို့ဆိုလျှင် စက်ဘီးအား ထိကိုင်ခွင့်လေးရရန်အတွက်နှင့်ပင် ထုံကျားရှင်း၏ တပည့်အဖြစ် လာလုပ်ကြသည်။
ယခုမနက်၌ ထုံကျားမင်တို့နှစ်ယောက် စက်ဘီးကိုတွန်းလာ၍ ကျောင်းပေါက်ဝသို့ရောက်သောအခါ ကျန်းမင်နှင့် တည့်တည့်တိုးကြလေသည်။
မည်ကဲ့သို့သော တိုက်ဆိုင်မှုပါလိမ့်။
အချိန်က တကယ်ပင် အချိန်ကိုက် ကွက်တိ ဖြစ်နေလေသည်။
ထုံကျားရှင်းက ကျန်းမင်အား ပေစောင်းစောင်းကြည့်၍ တမင် အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
"ကိုကို...ကျွန်တော် ဒီနေ့ အိမ်ပြန်ရင် စက်ဘီးစီးပြန်မယ်နော်...ဒီနေ့ နည်းနည်းလေ့ကျင့်ပြီးရင် ကျွန်တော် စီးတတ်တော့မှာပါ..."
ကျားရှင်းက ကျန်းမင်ရှေ့၌ တမင်ကြွားနေသည်ကို သိသောကြောင့် ထုံကျားမင်သည်လည်း ကျားရှင်းအကြိုက်လိုက်ပြောပေးလိုက်သည်။
"ဟုတ်ပြီလေ..."
ထုံကျားရှင်း၏မျက်နှာက ပို၍ပြုံးသွားသည်။ ခေါင်းကို တဆတ်ဆတ်ငြှိမ့်ကာ ကျေနပ်သွားလေသည်။
ကျန်းမင်သည် မျက်မှောင်ကြုတ်တာ ထုံကျားရှင်းအား စိုက်ကြည့်နေသည်။
ထိုခွေးကောင်၏အစ်မကြောင့် ကျန်းမင်၏ဘဝသည် ယခု ဖရိုဖရဲဖြစ်နေရခြင်းဖြစ်သည်။ ကျန်းမင်၏အဒေါ် လူသိရှင်ကြား အပြစ်ထုတ်ဖော်ခြင်းခံလိုက်ရသည့်အချိန်တွင် ကျန်းမင်တို့တစ်မိသားစုလုံးသဘ် လူအများ၏ တံတွေးခွက်၌ ပက်လက်မျောခဲ့ရသည်။ ကျန်းမင်၏မိဘများသည်လည်း အများ၏ပြောဆိုခြင်းကို ခံခဲ့ရသည်။
ထိုအရာများအားလုံးသည် ကျားရှင်းဆိုသည့် ခွေးကောင်နှင့် သူ၏မိသားစုကြောင့်ဖြစ်ရခြင်းဖြစ်သည်။
ကျန်းမင်သည် တွေးရင်းဖြင့် ပို၍ ဒေါသထွက်လာမိသည်။ ထို့နောက် ရုတ်တရက်ဆိုသလို ကျန်းမင်သည် ခေါင်းကိုငုံ့၍ ထုံကျားရှင်းရှိရာတည့်တည့်သို့ ပြေးဝင်လာလေသည်။
ထုံကျားမင်သည် ကျန်းမင် တစ်ခုခုလုပ်မည်စိုး၍ တစ်ချိန်လုံး သတိထားကြည့်နေခဲ့သည်ဖြစ်သောကြောင့် ကျန်းမင်က ထုံကျားရှင်းဆီသို့ပြေးဝင်လာသည်ကိုမြင်သောအခါ ကျားရှင်းအား အမြန်ဆွဲဖယ်လိုက်နိုင်သွားသည်။
ထုံကျားရှင်းက ဘေးသို့ ရောက်သွားသောကြောင့် ကျန်းမင်လည်း အရှိန်မထိန်းနိုင်ဖြစ်ကာ မြေကြီးပေါ်သို့ လဲကျသွားသည်။
ရုတ်တရက် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကို ထုံကျားရှင်း သတိထားလိုက်မိသောအခါ ဒေါသဖြင့် မျက်နှာက နီလာသည်။
ထို့နောက် ကျန်းမင်နားသို့ပြေးသွားကာ ခြေထောက်နှင့်ကန်လိုက်သည်။
"အရှက်မရှိတဲ့ ကျန်းမင်...မင်းက ငါ့ကို ထိုးဖို့ကြိုးစားရဲတယ်ပေါ့..."
ကျန်းမင်သည် လဲကျသွားစဉ်က ထိခိုက်မိသွားသော လက်ဝါးမှဒဏ်ရာကို ခပ်တင်းတင်းဆုပ်လိုက်သည်။
ထိုအခိုက်၌ ထုံကျားရှင်း၏စကားသံကိုကြားသောအခါ မော့ကြည့်၍ အော်ပြောလိုက်သည်။
"မင်းကမှ အရှက်မရှိတဲ့ကောင်...မင်းရဲ့အစ်မက ပိုတောင်အရှက်မရှိသေးတယ်...မင်းတို့ တစ်မိသားစုလုံးက အရှက်နည်းနည်းမှမရှိတဲ့လူတွေ..."
ထုံကျားရှင်းသည် ဒေါသထွက်လွန်း၍ ခေါင်းမှ မီးခိုးများထွက်မတတ်ပင်ဖြစ်နေသည်။
"မင်းကမှ အရှက်မရှိတာ...မင်းအဒေါ်က ဖောက်ပြန်နေတာလေ...မင်းတို့တစ်မျိုးလုံးကမှ တကယ်အရှက်မရှိတဲ့လူတွေ..."
ထိုစကားကိုကြားသောအခါ အနီးအနားမှ ကျောင်းသားများအားလုံးက ကျန်းမင်အား လှမ်းကြည့်လိုက်ကြလေသည်။