အပိုင်း ၁၁၀
Viewers 30k

🍵Chapter 110

- သူ့ပါးများက သိသိသာသာပင် နီရဲလာသည်ကိုမြင်သောအခါ ထုံရွှယ်လူကအံ့ဩသွားသည်။



“ဒါဆိုသူက ဖောက်ပြန်တဲ့ဆရာမရဲ့တူလား”


“ဟုတ်တယ် အဲ့ဒါသူဘဲ၊ ငါ့အမေ သူနဲ့ဝေးဝေးမှာနေလို့ပြောလိုက်တယ်၊ အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတာက အရမ်းရှက်ဖို့ကောင်းတယ်တဲ့”


“ငါ့အမေလဲ အဲ့ဒီလိုဘဲပြောလိုက်တာ၊ ငါသာသူနဲ့ကစားရဲရင် ငါ့ခြေထောက်ကို ချိုးပစ်မှာတဲ့”


အခြားကလေးများ၏စကားကိုကြားသောအခါ ကျန်းမင်၏မျက်နှာက ဝက်အသည်းရောင်ပြောင်းသွားကာ အံတင်းတင်းကြိတ်လိုက်သည်။


သူက ထရပ်ပြီး ထုံကျားရှင်းကိုပြန်ပြောရန်လုပ်လိုက်သောအခါ ထုံကျားမင်ကသူ့ကိုကန်လာ၏။


သူကနောက်သို့ ခြေနှစ်လှမ်းစာယိုင်သွားပြီးနောက် မြေကြီးပေါ်သို့ထပ်လဲကျသွားသည်။


ထုံကျားရှင်းက ဒေါသတကြီးအော်ပြောလိုက်သည်။

“မင်းအဒေါ်က ဖောက်ပြန်နေတဲ့သူ၊ မင်းအဖိုးကလည်း လာဘ်စားခဲ့တယ်၊ သူက လာဘ်ပေးလာဘ်ယူလုပ်ပြီး တိုင်းပြည်ပိုင်ပစ္စည်းဥစ္စာကို ခိုးခဲ့တာ၊ မင်းအဖိုးအဖမ်းခံလိုက်တာက မှန်တယ်၊ မင်းတို့တစ်မိသားစုလုံးက လူဆိုးတွေချည်းဘဲ”


ကျန်းမင်က ထိတ်လန့်သွားသည်။


သူ့အဖိုးအဖမ်းခံလိုက်ရတာလား 

အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။


သူ့အမေပြောတာတော့ အဖိုးက မြို့ပြင်ကိုခနထွက်သွားတာ တစ်လလောက်တော့ကြာမယ်ဆို။။။


သူက စိတ်ကိုပြန်တင်းကာ အံကြိတ်ကာပြောလိုက်သည်။

“ထုံကျားရှင်း သတ္တိမရှိတဲ့ကောင်၊ မင်းဒီလိုမျိုးမဟုတ်တာတွေဘဲ ဆက်ပြောနေမယ်ဆိုရင် ငါဆရာမနဲ့သွားတိုင်မှာ”


ထုံကျားရှင်းက ဖင်လှုပ်ပြလိုက်သည်။

“သွားတိုင်လိုက်လေ၊ ငါမင်းကိုမတားဘူး မင်းအဖိုးကအဖမ်းခံထားရတာ၊ တကယ်ဆို သူကသေဒဏ်တောင်အပေးခံရမှာတဲ့”


သေဒဏ်လား။


ထိုစကားကိုကြားသောအခါ ကျောင်းသားများက ပင့်သက်ရှိုက်မိသွားကြသည်။ သူတို့အားလုံးက ကျန်းမင်နားမှ တတ်နိုင်သလောက် ဝေးဝေးသို့ရှောင်လိုက်ကြသည်။


ထုံကျားမင်၏ ထုံကျားရှင်းကိုဆွဲကာ သူ၏အပြုအမူကိုမကြိုက်ကြောင်းဖော်ပြလိုက်သည်။

“စကားပြောမနေနဲ့တော့ ကျောင်းတက်တော့မယ်”


ထုံကျားရှင်းက ကျန်းမင်ကိုလှောင်ပြပြီးမှ တစ်ဖက်လှည့်ကာပြေးထွက်သွားသည်။


အခြားကျောင်းသားများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားကြ၏။ ရုတ်တရက်ဆိုသလိုပင် ကစားကွင်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။


ကျန်းမင်က မြေကြီးပေါ်တွင်ထိုင်လျက် ကျန်နေခဲ့သည်။ သူကပိုပြီးတွေးကြည့်လေလေ ပိုကြောက်လာလေဖြစ်သည်။ သူက အိမ်သို့ပြန်ပြေးကာ လူကြီးများအားငိုယိုပြလိုက်သည်။


မည်သို့ပင်ဖြစ်စေ အိမ်တွင်ကသောင်းကနင်းဖြစ်နေသောကြောင့် ဘယ်သူကမှ သူ့ကိုအာရုံမစိုက်နိုင်ကြပေ။


ကျန်းမင်က လူကြီးများလျစ်လျူရှုသည်ကိုခံရသဖြင့် မပျော်တော့ပေ။ ထို့ကြောင့် သူက ကြမ်းပြင်ပေါ်လူးလိမ့်ကာ လုပ်နေကျပုံစံအတိုင်း ဂျီကျလိုက်သည်။


ကျန်းဟွာရုံကြောင့် ကျန်းမိသားစုမှလူအားလုံးက အလုပ်ထုတ်ခံလိုက်ရသည်။


လူတိုင်းက စိတ်ညစ်၊ကြောက်လန့်ကာ စိုးရိမ်နေကြ၏။ သူတို့က ကျန်းမင်ကို အနည်းငယ်ချော့လိုက်သော်လည်း ၎င်းကသူ ကဂျီကကြောင်ကျသည်ကို မတားလိုက်နိုင်ပေ။


နောက်ဆုံးတွင် ကျန်းမင်၏အဖေက ဒေါသထွက်သွားကာ သူ့မျက်နှာကိုဖြတ်ရိုက်ချလိုက်သည်။


ကျန်းမင်၏မျက်နှာက တစ်ဖက်သို့လည်သွားကာ နှာခေါင်းထဲမှသွေးများစီးကျလာ၏။


ကျန်းမင်သည် ကလေးဘဝကတည်းက အလိုလိုက်ခံခဲ့ရကာ ဘယ်သူကမှ သူ့အပေါ်လက်တစ်ချောင်းတောင်မတင်ခဲ့ကြပေ။


ထို့ကြောင့် သူက အရိုက်ခံလိုက်ရပြီး သူ့ပါးကနီရဲလာသောအခါ အလွန်အမင်းကိုအံ့ဩသွားသည်။ သို့သော်ငြား သူက ခေါင်းမာသောကလေးဖြစ်သဖြင့် အရိုက်ခံရသည်ကို ဒီအတိုင်းငြိမ်မခံနိုင်ပေ။ သူက စိတ်စုစည်းပြီးနောက် နှာခေါင်းမှသွေးတောင်မသုတ်ဘဲ သူ့အဖေ၏ဗိုက်ကို ခေါင်းဖြင့်ပြေးဆောင့်လိုက်သည်။


မထင်မှတ်ထားဘဲ ဗိုက်သို့အဆောင့်ခံလိုက်ရသောအခါ ကျန်းမင်၏အဖေက နာကျင်မှုဖြင့်ပင့်သက်ရှိုက်လိုက်သည်။


သူက သူ့သားကိုရိုက်မိသည့်အတွက် အနည်းငယ်အပြစ်ရှိသလို ခံစားနေခဲ့သော်လည်း အခုတွင်မူ သူကနောက်တစ်ခါဒေါသူပုန်ထပြီး ခြေထောက်မြှောက်ကာ ကျန်းမင်ကိုကန်ထုတ်လိုက်သည်။


ကျန်းမင်က လွင့်ထွက်သွားကာ သူ့အနောက်မှ နံရံနှင့်ရိုက်မိသွားသည်။ သွေးများက သူ့ခေါင်းအနောက်ဘက်မှ စိမ့်ထွက်လာ၏။


ကျန်းမင်က မျက်တောင်နှစ်ခါလောက်ခတ်လိုက်ပြီးနောက် သတိမေ့သွားသည်။


ချက်ချင်းဆိုသလို ကျန်းမိသားစုက ဖရိုဖရဲအခြေအနေထဲကျရောက်သွားလေသည်။


***

သိသာထင်ရှားနေသော သက်သေအထောက်အထားများကြောင့် အင်အားစုအများအပြားက ကျန်းဟွာရုံကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေကြသဖြင့် ကျန်းမိသားစုလုပ်နိုင်သည်မှာ ဘာမှမရှိပေ။


သူတို့က သူတို့၏အသိမိတ်ဆွေနှင့် မိသားစုများကို အကူအညီတောင်းရန်ကြိုးစားကြသော်ငြား ပုံမှန်အားဖြင့် သူတို့မိသားစုကိုကပ်ဖားရပ်ဖားလုပ်နေကြသော ထိုလူများသည် သူတို့ကိုရှောင်ဖယ်လာကြ၏။


သူတို့က ကျန်းတန့်ဟုန်ကို ကျန်းဟွာရုံအပေါ်သူမ၏တိုင်ကြားချက်အား ပြန်ရုတ်သိမ်းပေးရန်အတွက် တွေ့ရန်ကြိုးစားကြသော်ငြား လူကိုတောင်မမြင်လိုက်ရပေ။


နောက်ဆုံးတွင် ရက်အနည်းငယ်ကြာပြီးနောက် ကျန်းဟွာရုံ၏ပြစ်ဒဏ်ထွက်လာသည်။


ကျန်းဟွာရုံသည် စစ်အာဇာနည်၏ကလေးများအပေါ် အနိုင်ကျင့်ခြင်း၊ သူ၏အာဏာကို ကိုယ်ရေးကိုယ်တာရယူလိုမှုအတွက် အသုံးချခြင်း၊ လာဘ်ပေးလာဘ်ယူလုပ်ခြင်းနှင့် အစိုးရပိုင်ပစ္စည်းဥစ္စာများကို ထိပါးခြင်းစသည့် ပြစ်မှုများစွာကြောင့် သေဒဏ်‌ချခံလိုက်ရသည်။


ကျန်းမိသားစုဝင်တစ်ချို့သည်လည်း ဤပြစ်မှုများအထဲတွင် ပါဝင်နေကြ၏။ ထို့ကြောင့် တစ်ချို့က အပြစ်ပေးခံရကာ လယ်‌တောဘက်တွင် 1-5နှစ်အထိ အလုပ်ကြမ်းလုပ်ရန်အတွက် အပို့ခံလိုက်ရသည်။


ကျန်းမင်က ကလေးဖြစ်ကာ အပြစ်ကင်းသဖြင့် လယ်တောဘက်သို့ အပို့မခံလိုက်ရပေ။


သို့သော်ငြား သူ့မိသားစုဝင်အားလုံးက အဝေးသို့ပို့ခံလိုက်ရသဖြင့် သူတစ်ယောက်တည်း အသက်ရှင်ရပ်တည်နိုင်မည်မဟုတ်ပေ။


အခြားရွေးချယ်စရာမရှိသောကြောင့် သူက ဆွေမျိုးများနှင့်နေရန် အပို့ခံလိုက်ရသော်ငြား ဘယ်သူကမှ သူနှင့်မထိချင်သလို သူနှင့်ဆယ်ပေအကွာကိုတောင် မကပ်ချင်ကြပေ။


သူတို့ကမတတ်နိုင်သော်လည်း သူ့ကိုဂရုစိုက်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဆွေမျိုးများသည် သူ့ကိုအလှည့်ကျစီ အချိန်တစ်ခုကြာအောင် စောင့်ရှောက်ပေးကြမည်ဟု သဘောတူလိုက်ကြသည်။


ကျန်းမင်က သူ့အမျိုးများအိမ်တွင် အလှည့်ကျပတ်‌နေရလေသည်။ သူကကျောင်းလည်းမတက်နိုင်တော့သလို သူ့အမျိုးများကလည်း သူ့ကိုမကြိုဆိုကြပေ။


သူ့ဘဝက အလွန်သနားစရာကောင်းလာခဲ့သည်။


ဝမ်ရူကွေ့က ပြစ်ဒဏ်အကြောင်းသိပြီးသောအခါ ခွင့်ယူပြီးမြို့တော်သို့ပြန်လာခဲ့သည်။


သူက အရင်ဆုံး ကျန်းတန့်ဟုန်ဆီသွားလိုက်သည်။


ကျန်းတန့်ဟုန်က ကျန်းဟွာရုံ၏အမှုကိုတချိန်လုံးအာရုံစိုက်နေခဲ့၏။ သူမက ကျန်းဟွာရုံတစ်ယောက် သေဒဏ်ပေးခံရပြီး ကျန်သည့်ကျန်းမိသားစုဝင်များကလည်း လယ်တောဆီသို့ အပို့ခံလိုက်ရသည်ကို သိသွားသည်။


သူမက ရင်ထဲတွင်ခံစားချက်များပြည့်လျှံလာသဖြင့် မျက်ရည်များက ပါးတစ်လျှောက်စီးကျလာသည်။


သူမ၏ ကျန်းမိသားစုကိုလက်တုံ့ပြန်မှုက ပြီးဆုံးသွားပြီဖြစ်သည်။ ကျန်နေသည်ဟူ၍ ကြယ်နီထုတ်လုပ်ရေးအသင်းခေါင်းဆောင်တို့သားအဖသာကျန်တော့သည်။


သူမက သူမဘဝကိုပျက်စီးစေခဲ့သော လူတစ်ယောက်ကိုမှ အလွှတ်မပေးနိုင်ပေ။


သူမက သူမခင်ပွန်းမိသားစုအပေါ်တိုင်ကြားမှုအား ဆက်လုပ်မည်ကိုသိသွားသောအခါ ဝမ်ရူကွေ့က ခေါင်းညိတ်ပြလိုက်သည်။

“ခင်‌ဗျားစိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ကျွန်တော်တို့ခင်ဗျားကိုကူညီပါ့မယ်”


ကျန်းတန့်ဟုန်က ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးပါ ရဲဘော်ဝမ် ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မမောင်လေးအတွက်ကို ဘယ်တော့မှလက်စားချေနိုင်တော့မှာမဟုတ်ဘူး”


သူတို့ဘေးတွင်ရပ်နေသော ဖူကျန့်ယိ :“???”

ငါကရော၊ ငါကရောလို့။


သူမက ဝမ်ရူကွေ့တစ်ယောက်တည်းကိုသာ ကျေးဇူးတင်နေ၏။ 

တကယ်တော့ သူလည်းကူညီပေးခဲ့တယ်လေ။


ကျန်းတန့်ဟုန်က သူ၏မျှော်လင့်နေသောမျက်နှာကို လုံးဝမမြင်သလိုဟန်ဆောင်ကာ ဒီအတိုင်းလျစ်လျူရှူထားလိုက်သည်။


ကျန်းတန့်ဟုန် ကျေးဇူးမတင်သည်ကလည်း မလွန်ပေ။ ဖူအိမ်တွင် သူမ‌နေနေခဲ့ချိန်၌ ဖူကျန့်ယိသည် သူမခင်ပွန်းမိသားစုအပေါ် တိုင်ကြားချက်ဖွင့်မည့်ကိစ္စအား ရပ်တန့်ရန် မနားတမ်းပြောဆိုခဲ့၏။


သူမက သူ့မျက်နှာကို အလွန်အမင်းပင်ထိုးလိုက်ချင်သော်လည်း သူကအတိတ်တွင်အကူအညီအများကြီးပေးခဲ့သဖြင့် မလုပ်နိုင်ပေ။


သူက သူမဖိနပ်ကိုစီးကာ လမ်းမလျှောက်ဖူးပေ။

(Tn:, သူမနေရာကနေ ဝင်မခံစားကြည့်ပေးဘူးလို့ပြောတာပါ)

သူမကို ခွင့်လွှတ်ပေးဖို့ပြောရအောင် သူက ဘယ်သူမလို့လဲ။


သူမက သူ့ကိုမထိုးလိုက်တာနှင့်တင် ‌အတော်လေးကြင်နာမှုထားပြီးသားဖြစ်သည်။ အဲ့ဒါကို သူကကျေးဇူးတင်ခံချင်သေးတာလား။


ရယ်စရာဘဲ။


စစ်အာဇာနည်၏ကလေးအနေဖြင့် ကျန်းမိသားစု၏အိမ်သည် သူမ၏အမည်အောက်သို့ရောက်လာ၏။


သူမက သူမ၏ခန်းဝင်ပစ္စည်းပမာဏတချို့ကို ပြန်ရနိုင်သော်လည်း ကျန်းတန့်ဟုန်က ထိုကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်သည်။ သူမက ထိုပစ္စည်းအားလုံးကို တိုင်းပြည်ဘဏ္ဍာအဖြစ် လှူလိုက်၏။


ထို့အပြင် သူမက ကျန်းမိသားစုဝင်များလုပ်ခဲ့သည့် အလုပ်နေရာများမှတစ်ခုကိုလည်း ရွေးချယ်ခွင့်ရှိ၏။


အချိန်တစ်ချို့ကြာအောင် တွေးကြည့်ပြီးနောက်တွင် ကျန်းတန့်ဟုန်က ဆရာမဖြစ်ရန်ဆုံးဖြတ်လိုက်သည်။


သူမက ထုတ်လုပ်ရေးအသင်းတွင် စာသင်ခဲ့ဖူး၏။ ထို့ကြောင့် စာသင်ကြားခြင်းကသာ သူမပိုင်ဆိုင်သည့် တစ်ခုတည်းသောအရည်အချင်းဖြစ်သည်။


ကျန်းမိသားစုက လယ်တောဘက်သို့ပို့ခံရပြီးနောက်တွင် ကျန်းတန့်ဟုန်က ဖူကျန့်ယိ၏အိမ်မှ ကျန်းမိသားစုအိမ်သို့ပြောင်းလာခဲ့သည်။


သို့သော်ငြား သူမက ထိုနေရာတွင် အကြာကြီးနေရန် မဆုံးဖြတ်ထားပေ။ သူမ၏အကြံမှာ အိမ်ကိုတတ်နိုင်သမျှ အမြန်ဆုံးရောင်းရန်ဖြစ်သည်။


ထို့နောက်တွင် သူမက ကျောင်းမှပေးသောအဆောင်သို့ပြောင်း‌နေမှာဖြစ်သည်။


***

ကျန်းတန့်ဟုန်ကိုင်တွယ်‌ရသော ကိစ္စများသည် ရှူပ်ထွေးမှုများပိုပြီးလျော့နည်းလာခဲ့သည်။ သူမခင်ပွန်းမိသားစုကို တိုင်ကြားချက်ဖွင့်ရန်အတွက်မူ ၎င်းက ကျန်းဟွာရုံကို အမှုဖွင့်သည်ထက် ပိုပြီးလွယ်ကူနေခဲ့၏။


နောက်ဆက်တွဲလိုက်လာနိုင်သော အခြားသူများလည်းရှိနိုင်၏။ ဝမ်ရူကွေ့အနေဖြင့် ထိုမျှအထိ ကိုယ်ရေးကိုယ်တာကျကျ ဝင်လုပ်ဆောင်ပေးရန်မလိုပေ။


ကျန်းတန့်ဟုန်နှင့် တွေ့ပြီးသည့်နောက်တွင် သူအိမ်သို့ပြန်လာခဲ့သည်။


အဖိုးဝမ်ကသူ့ကိုတွေ့သောအခါ ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်သွား၏။


“မင်းခွင့်တွေထပ်ယူလာပြန်ပြီလား၊ မင်းဒီနှစ်အတွင်းယူတဲ့ ခွင့်တွေက ပြီးခဲ့တဲ့၇နှစ်၈နှစ်အတွင်းမှာယူခဲ့တဲ့ ခွင့်တွေ‌ထက်တောင် ပိုများတယ်နော်”


အဖိုးဝမ်သည် သူ့မြေးကိုတွေ့ရသည်ကိုပျော်သော်ငြား ရှေ့မျိုးဆက်မှဖြစ်သဖြင့် သူက အလုပ်ကိစ္စများကို အလေးအနက်ထားကာ လတ်တလောကာလအတွင်းတွင် သူ့မြေးက ခွင့်အများကြီးယူလာသည့်အပေါ် သဘောမတူပေ။


ဝမ်ရူကွေ့က နှုတ်ခမ်းကိုအနည်းငယ်စေ့လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ကျွန်တော်ဂရုစိုက်ပေးဖို့လိုတဲ့ ကိစ္စတွေကိုဂရုစိုက်နေလို့ပါ၊ အနာဂတ်ကျရင် ခွင့်တွေထပ်မယူတော့ပါဘူး”


အဖိုးဝမ်က နှာခေါင်းရှူံ့လိုက်သည်။

“မင်းက ကျန်းမိသားစုရဲ့ပတ်သက်တဲ့ ကိစ္စတွေကိုဘဲ ဂရုစိုက်နေတာ၊ မင်းကိစ္စတွေကျတော့ရော”


ဝမ်ရူကွေ့က အနည်းငယ်ထိတ်လန့်သွားသည်။

“ဘာကိစ္စလဲ”


အဖိုးဝမ်သည် ဘယ်ကစပြောရမလဲတောင် မသိတော့ပေ။


“မင်းကျန်းဟွာရုံကို တိုင်ကြားလိုက်တာက စစ်အာဇာနည်ကလေးတစ်ချို့အတွက်ကြောင့် မဟုတ်ဘူးလေ၊ မင်းက အဲ့ဒါတွေအားလုံးကို မြက်နုလေးအတွက် လုပ်ခဲ့တာ‌၊ အခုဆို မင်းကဒီလောက်အားတွေအများကြီးစိုက်ထုတ်ထားမှတော့ မြက်နုလေးကို သိအောင်သွားမပြောပြတော့ဘူးလား”


ဝမ်ရူကွေ့: “……”


အဖိုးဝမ်က သူတွေးနေသည်များကို ချက်ချင်း‌ပြောနိုင်၏။ အဖိုးဝမ်က ဒေါသထွက်လွန်းသဖြင့် သူ့မုတ်ဆိတ်‌မွှေးကြီးများကတောင် ရမ်းခါသွားသည်။

“မင်းတကယ်ဘဲ မြက်နုလေးကိုပြောပြဖို့ မစဉ်းစားထားဘူးလား”


ဝမ်ရူကွေ့က ဟုတ်ကြောင်းအသံပြုလိုက်သည်။

“အမ်းးး”


“ဘာအမ်းးးလဲကွ ”

အဖိုးဝမ်က ရိုင်းပျသောစကားများကို လုံလုံလောက်လောက်မသိပေ။ 


“ဒီလိုပုံစံမျိုးနဲ့ မင်းက မြက်နုလေးပေါ်မှာ ဘယ်လိုအခြေချမှာလဲ”


ဝမ်ရူကွေ့က မျက်လွှာလိုက်ပြီး လေးနက်စွာပြောလာ၏။

“အဖိုး ကျွန်တော်သူမကိုကူညီပေးတာက ဒါကလုပ်သင့်တဲ့အရာမလို့ပါ”


အဖိုးဝမ်၏ခေါင်းပေါ်မှ မီးခိုးငွေ့များထွက်လာတော့မည်ဖြစ်သည်။

“*ကိုလုပ်သင့်တဲ့အရာလား၊ မင်းကအသိအသာကြီး မြက်နုလေးကိုသဘောကျနေတာလေ၊ မဟုတ်ရင် မင်းကဘာလို့ဒီလောက်ခွင့်တွေအများကြီးယူလာမှာလဲ”


ဝမ်ရူကွေ့က မျက်တောင်ခတ်ပြီး အဖိုးဝမ်အားကြောင်အစွာကြည့်လိုက်သည်။


ဧည့်ခန်းထဲတွင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားလေသည်။