ပတ်ဝန်းကျင်ရဲ့လေတွေက အေးစက်နေခဲ့ပြီး ဆောင်းရာသီရဲ့ညက ခပ်စောစောမှာပဲ လင်းရောင်ခြည်သန်းလာတယ်။ အခန်းတွင်းကလူကတော့ ဝေခွဲမရတဲ့စိတ်တွေနဲ့ ကယောင်ကတမ်းဖြစ်နေပါတယ်။ လင်ဝေ့ရှီးတစ်ယောက် ကုတင်ပေါ်လဲလျောင်းရင်း မျက်ခုံးတန်းတွေကို တွန့်ချိုးထားခဲ့တယ်။ တစ်ချက်ကလေးကြည့်လိုက်ရုံနဲ့ သူ ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးဆိုတာ မင်းသေချာမြင်နိုင်ပါတယ်။
ချက်ပြုတ်နေကြတဲ့အသံတွေ ရွာထဲမှာတဖြည်းဖြည်းပျံ့လွင့်လို့လာတယ်။ တောင်သူလယ်သမားတွေမှာ အားအားယားယား နေမြင့်တဲ့အထိအိပ်စက်နေဖို့ အခွင့်မရှိဘူး။ ယခုလိုချမ်းအေးလွန်းလှတဲ့နေ့မျိုးမှာတောင် လူအများစုက အိပ်ရာစောစောထပြီး မီးမွှေးချက်ပြုတ်ကြရတယ်။ ခြံဝင်းထဲကမီးတွေထိန်လင်းနေတဲ့အခန်းထဲမှာလည်း ဆူညံသံတွေရှိတယ်။ ကြည့်ရတာ ဒေါ်လေးလင် အိပ်ရာထပြီထင်ပါတယ်။ အခန်းထဲကလင်ဝေ့ရှီးမှာတော့ ဝေဝါးဝါးအတွေးတစ်ခုရှိတယ်။ သူရဲ့ခြေတွေလက်တွေက အားပျော့နေခဲ့ပြီး အိပ်မက်ထဲကရုန်းမထွက်နိုင်ဖြစ်နေခဲ့ပါတယ်။
အိပ်မက်ဆန်ဆန်တောက်ပနေတဲ့ခြံဝင်းတစ်ခုထဲမှာ ခေါင်းပေါ်ဆံပင်ထုံးလေးနှစ်ခု တစ်ဖက်တစ်ချက်ထုံးထားတဲ့ အစေခံတစ်ယောက်ရှိတယ်။ သူက ကြွရွတောက်ပြောင်နေတဲ့ပိုးသားဝတ်စုံကိုဝတ်ဆင်ထားပြီး အရှေ့ကလူကို မျက်နှာချင်းမဆိုင်ဝံ့ဟန် ခေါင်းကိုအောက်ငုံ့ထားကာ အသံက ခြင်တစ်ကောင်လို တိုးလျနေပါတယ် “ကြင်ယာတော်.. အရှေ့ဘက်ခြံဝင်းက အမှာစကားပါးလာပါတယ်၊ ဆက်ခံသူက အခုမှပြန်ရောက်ပါတယ်တဲ့၊ တစ်နေ့လုံးလည်းမအားမလပ်ဖြစ်နေတာမို့ တကယ်လို့ သခင်မနေမကောင်းဘူးဆိုရင် နန်းတွင်းသမားတော်ပင့်ပြီး ရောဂါလာကြည့်ခိုင်းလိုက်ပါလို့ ပြောလာပါတယ်”
မျက်နှာချင်းဆိုင်ကအမျိုးသမီးက အကြာကြီးတုန့်ဆိုင်းသွားခဲ့ပါသေးတယ်၊ ပြီးမှ အက်ကွဲနေတဲ့လေသံက တိုးဖျော့ညှင်းစွာထွက်လာတယ် “မအားဘူးပေါ့… သူ့မှာ ငါ့လိုသေခါနီးဇနီးသည်ထက်ပိုအရေကြီးတဲ့အရာတွေ ရှိမယ်ထင်ပါရဲ့”
“သခင်မ…”
“မပြောနဲ့တော့၊ မကြားချင်ဘူး” အမျိုးသမီးက နှစ်ကြိမ်ခန့်ချောင်းဆိုးလိုက်တယ်။ သူ့ပုံစံက ချောင်းဆိုးတာကိုအတင်းထိန်းချုပ်ထားပုံရပြီး အခြားသူတွေရဲ့ရှေ့မှာ အားနည်းကြောင်းပြသလိုဟန်မရှိဘူး။ သခင်ဖြစ်သူရဲ့စည်းကမ်းတွေကို ကျင့်သားရနေပြီဖြစ်တဲ့ အစေခံကတော့ အပြင်ဘက်မှာမတ်တပ်ရပ်ရင်း ခေါင်းကိုငုံ့ထားကာ တစ်ဖက်လူရဲ့နေမကောင်းတဲ့အသွင်အပြင်ကို ကြည့်မနေခဲ့ပါဘူး။
ခဏကြာတော့ ချောင်းဆိုးသံက တဖြည်းဖြည်းသက်သာသွားတယ်။ အမျိုးသမီးက ခြောက်သွေ့ကြမ်းတမ်းနေတဲ့လည်ချောင်းကို အခါးရည်သောက်ပြီး ချော့မွေ့သွားအောင်လုပ်ဖို့စိတ်ကူးမရှိဘူး၊ အဲဒိအစားမေးခွန်းပဲထပ်မေးတယ် “ဘယ်သူလာပြောတာလဲ”
အစေခံက ပြောမထွက်ဟန် ချီတုံချတုံဖြစ်သွားတယ် “ကြင်ယာတော်…”
“ပြောစမ်း”
အစေခံက သက်ပြင်းကိုချပြီးပြောတယ် “ယွင်ဟွေ့မိန်းကလေးပါ”
“ယွင်ဟွေ့တဲ့လား.…” အမျိုးသမီးက တိုးလျလျရယ်တယ်။ သူ့ကိုယ်သူလှောင်ပြောင်ချင်တာလားတော့မသိဘူး “လတ်စသတ်တော့သူဖြစ်နေတာကိုး၊ မယှဉ်နိုင်ခဲ့ဘူး၊ တကယ့်ကိုမယှဉ်နိုင်ခဲ့ပါလား… ရှန်ဝမ်ဖေးကိုယ်တိုင်ကချီးမြှင့်ထားပြီးတော့ ဆက်ခံသူကိုခစားလာတာနှစ်တွေအများကြီး… ဒီလိုနှစ်ပေါင်းရှည်ကြာတဲ့တွယ်ညိမှုမျိုးကို ငါ့လိုအပြင်လူတစ်ယောက်က မယှဉ်နိုင်ခဲ့တာ သဘာဝကျပါတယ်”
သိသိသာသာကြီးကို ဆက်ခံသူရဲ့ကြင်ယာတော်ကိုယ်တိုင်က သူ့ကိုယ်သူ အပြင်လူလို့ဖွင့်ဟလာတယ်။ တခြားလူတွေသာကြားခဲ့မယ်ဆိုရင် ဟာသတစ်ခုလိုသဘောထားကြမှာပဲ။ ဒါပေမယ့် ယန့်ဝမ်အိမ်တော်ကအစေခံတွေကတော့ ကြင်ယာတော်ပြောတာမမှားဘူးလို့ သိကြတယ်။
ဆက်ခံသူနဲ့ကြင်ယာတော်က လက်ထပ်ခဲ့ကြတာ တစ်နှစ်ရှိပြီ။ ဒါပေမယ့် သူတို့နှစ်ယောက်ဆက်ဆံရေးက သူစိမ်းတွေထက်တောင်ဆိုးရွားတယ်။ ကြင်ယာတော်က အသည်းအသန်နေမကောင်းဖြစ်နေခဲ့တာကြောင့် အစေခံတွေက အရှေ့ဘက်ခြံဝင်းဆီ သုံးလေးကြိမ်လောက် ခိုးကြောင်ခိုးဝှက်သွားရောက်ခဲ့ကြကာ ဆက်ခံသူကိုခေါ်ဆောင်ခဲ့ကြပေမယ့် ရလဒ်ကနှမ်းထွက်မကိုက်ခဲ့ဘူး။ ကြင်ယာတော်က စိတ်ဓါတ်မာကြောပြီး သူ့ကိုယ်ရေးကိုယ်တာကြားထဲဝင်စွက်ဖက်တာကို မလိုလားဘူး။ ဒါပေမယ့် သူကိုယ်တိုင်က ဆက်ခံသူကို မသိမသာမျှော်နေခဲ့တဲ့အကြောင်းကို အစေခံတွေကသိခဲ့ကြတယ်။ ဒါပေမယ့် ဆက်ခံသူကတော့ ဘယ်တုန်းကမှမလာခဲ့ပါဘူး။
လင်ဝေ့ရှီးက မျက်လုံးတွေကိုပိတ်ထားလျက် တစ်ယောက်အိပ်သစ်သားကုတင်ပေါ်လဲလျောင်းနေတုန်းဖြစ်ပါတယ်။ မျက်ရည်တွေက မျက်ဝန်းထောင့်စွန်းကနေ အဆက်မပြတ်ကျဆင်းနေပြီး ခေါင်းအုံးတစ်ခုလုံးစိုရွှဲသွားခဲ့တယ်။ အိပ်မက်ဆိုးတွေမက်နေခဲ့ပြန်ပြီ။ အတိတ်ရဲ့အရိပ်တွေကတော့ အိပ်မက်ထဲမှာတောင်မှ အလွတ်ပေးချင်ဟန်မရှိဘူး။ ယန့်ဝမ်အိမ်တော်က ရှုံးနိမ့်ခဲ့ရတဲ့အိမ်ထောင်ရေးနေ့ရက်တွေဆီ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်။
အကျိုးသင့်အကြောင်းသင့်ပြောရရင် သူက လင်ဝေ့ရှီးမဟုတ်ဘူး။ ရွာသေးသေးလေးက ကောင်မလေးတစ်ယောက်လည်းမဟုတ်ခဲ့ဘူး။ သူ့ရဲ့နဂိုမိသားစုက အရမ်းကိုအဆင့်အတန်းမြင့်အိမ်တော်တစ်ခုဖြစ်တယ်။ သူ့နာမည်က ကောင်းရှီးဖြစ်ပြီး ယင်းကော်နယ်စားအိမ်တော်က အကြီးဆုံးတရားဝင်မြေးဖြစ်ပါတယ်။ မွေးဖခင်က နယ်စားကြီးရဲ့တစ်ဦးတည်းသောတရားဝင်သားဖြစ်ပြီး မွေးမိခင်ကတော့ ရှို့ခန်းတော်ဝင်မင်းသမီးကြီးရဲ့တစ်ဦးတည်းသောသမီးဖြစ်တယ်။ ကောင်းရှီးက ဒီလိုမျိုးအဆင့်အတန်းမြင့်မားလှတဲ့မိသားစုကနေ ဆင်းသက်လာခဲ့ပြီး နောက်ခံအခြေအနေ အတော်လေးကောင်းမွန်တယ်လို့ပြောလို့ရတယ်။
မြင့်မားလှတဲ့အဆင့်အတန်းကြောင့်လည်း ကောင်းရှီးက ငယ်ရွယ်စဉ်ကလေးဘဝထဲက အလွန်တရာထက်မြက်တယ်။ နောက်ပိုင်း အိမ်ထောင်ပြုတဲ့အချိန်မှာလည်း ဂုဏ်သိက္ခာအပြည့်နဲ့ဖြစ်ခဲ့တယ်။ အဘွားဖြစ်သူကိုအမှီပြုပြီး ယန့်ဝမ်ရဲ့တစ်ဦးတည်းသောသား ကုချန်ယောက်နဲ့လက်ဆက်နိုင်ခဲ့တယ်။ သူတို့ရဲ့မင်္ဂလာပွဲကို ကြေငြာပြီးနောက်မှာ ကောင်းရှီးတစ်ယောက် ယန့်ဝမ်ရဲ့တစ်ဦးတည်းသောသားကိုလက်ဆက်နိုင်ခြင်းနဲ့ပက်သက်ပြီး ရှို့ခန်းတော်ဝင်မင်းသမီးကြီးရဲ့လွှမ်းမိုးနိုင်တဲ့အင်အားကို မြို့တော်တစ်ခုလုံးက သိရှိသွားခဲ့ကြပါတယ်။
ယန့်ဝမ်အကြောင်းပြောကြမယ်ဆိုရင်တော့ မိုးမြေတခွင်လုံးမှာ ယောင်္ကျားမိန်းမလူကြီးလူငယ်မရွေး မွေးကာစကလေးအထိ သြဇာတိက္ကမနဲ့ပြည့်စုံလှတဲ့ဒီနာမည်ကို ကြားဖူးကြတယ်။ ယခင်ဧကရာဇ်ရဲ့နောက်ဆုံးနေ့ရက်တွေက သိပ်ကိုမုန်တိုင်းထန်တဲ့ကာလတွေဖြစ်ခဲ့တယ်။ အင်အားရှိမိန်းမစိုးတွေနဲ့ပေါင်းပြီး ပုမိဖုရားက နန်းတွင်းကိုချယ်လှယ်ခဲ့တယ်။ မြို့တော်ကို တပ်ဖွဲ့တွေအချိန်မှီလွှတ်နိုင်ခဲ့တဲ့ ယန့်ဝမ်ကြောင့်သာမဟုတ်ရင် တိုင်းပြည်အနာဂတ်ကြီးက လုံးဝဥဿုံပြောင်းလဲသွားလိမ့်မှာပဲ။
ယန့်ဝမ်က ဧကရာဇ်ကိုကာကွယ်နိုင်ခဲ့ပြီး ကသောင်းကနင်းအခြေအနေတွေကိုငြိမ်းအေးစေခဲ့တယ်။ ဧကရာဇ်သေဆုံးပြီးချိန်မှာတော့ ကျန်ရစ်ခဲ့တဲ့ ရှစ်နှစ်အရွယ်တစ်ဦးတည်းသောမင်းသားလေးကို နန်းတင်ပေးခဲ့ပြီး အောင်အောင်မြင်မြင်ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမယ့် နယ်စပ်ဒေသမှာရှိတဲ့ လက်အောက်ခံတိုင်းပြည်တွေက ဧကရာဇ်အသစ်လေးရဲ့ငယ်ရွယ်တဲ့အသက်ကို အခွင့်ကောင်းယူခဲ့ကြတယ်။ နန်းတက်ပြီးဒုတိယနှစ်ပိုင်းမှာတော့ နယ်စပ်ဒေသတစ်လျှောက် မငြိမ်မသက်ပုန်ကန်မှုတွေဖြစ်ခဲ့တာကြောင့် ယန့်ဝမ်က စစ်တိုက်ထွက်ခဲ့ရပြီး နှိမ်နင်းခဲ့ရတယ်။ ဧကရာဇ်လေးကငယ်ရွယ်ပြီး မယ်တော်ကြီးကအစွမ်းအစမရှိဘဲ မှူးမတ်တွေကကွဲပြားနေခဲ့တာကြောင့်ဖြစ်ပါတယ်။ ယန့်ဝမ်ရဲ့အောင်မြင်မှုတွေက ရှေ့တန်းစစ်မြေပြင်ကနေ နန်းတွင်းထဲထိရောက်ရှိလာခဲ့ပြီး အကုန်လုံးကဝမ်းမြောက်ခဲ့ကြရတယ်။ ကုန်ကုန်ပြောရရင် ယခုလက်ရှိကျိုးမင်းဆက် တိုင်းပြည်ကြီးတစ်ခုလုံးကို ယန့်ဝမ်ကစောင့်ရှောက်ပေးထားတယ်ဆိုရင် မြေကြီးလက်ခတ်မလွဲမှန်တယ်။
ယန့်ဝမ်မှာ ကုချန်ယောက်လို့ခေါ်တွင်တဲ့သားတစ်ယောက်ပဲရှိတယ်။ ကုချန်ယောက်ရဲ့ဇနီးသည်အနေနဲ့ ကောင်းရှီးတစ်ယောက် ယောက္ခမဖြစ်သူရဲ့စစ်ရေးအောင်ပွဲအလီလီအပေါ်မှာ ဝံ့ကြွားနေခဲ့သင့်တယ်။ ဒါပေမယ့် ယန့်ဝမ်အိမ်တော်ရဲ့ကျက်သရေမင်္ဂလာအဖြာဖြာက ယန့်ဝမ်အိမ်တော်အတွက်ပဲဖြစ်ခဲ့ပြီး သူမနဲ့နည်းနည်းလေးတောင်မသက်ဆိုင်ခဲ့တာ ရင်နာဖို့ကောင်းခဲ့ပါတယ်။
ကောင်းရှီးတွေးတောခဲ့ဖူးတယ်။ သူနဲ့ကုချန်ယောက်တို့ ပထမဦးဆုံးလက်ထပ်ချိန်မှာ နက်နက်ရှိုင်းရှိုင်းခံစားချက်တွေရှိခဲ့ပါရက် ဘယ်အတွက်ကြောင့်များ တစ်ဖက်လူက ရုတ်တရက်စိမ်းကားနိုင်ခဲ့ရသလဲပေါ့…
မင်္ဂလာဦးညကအကြောင်းတွေ မှတ်မိနေသေးတယ်။ ကုချန်ယောက်က သူ့ရဲ့မျက်နှာအုပ်ပုဝါကို လှန်တင်ခဲ့ပြီး လူတွေကြားထဲ အပြုံးလေးနဲ့တိတ်တခိုးဆိုခဲ့တာက “ကိုယ်မင်းကိုရှာတွေ့ပြီ” တဲ့လေ..
ကောင်းရှီး ရှုပ်ထွေးသွားခဲ့တယ်။ ဘာအဓိပ္ပါယ်ပါလိမ့်ပေါ့…။ ဒါပေမယ့် ကြင်စဦးဇနီးမောင်နှံတွေရဲ့သဘောသဘာဝကိုက အရှက်အကြောက်ကြီးကြလေတော့ ကုချန်ယောက်က သူ့ရဲ့နှုတ်ဆိတ်နေမှုကို ရှက်တာကြောင့်လို့ယူဆပြီး အပြုံးလေးတစ်ပွင့်ပေးကာ ဘာမှဆက်မပြောတော့ဘူး။ ကမ္ဘာပေါ်မှာ ဘယ်မိန်းကလေးကများ ဂုဏ်ကျက်သရေကြီးမြင့်မှုတွေနဲ့ သာယာတဲ့ဘဝကို မပျော်ရွှင်ပဲနေမှာပါလိမ့်။ ကောင်းရှီးဆိုတဲ့မိန်းကလေးက ငယ်ရွယ်စဉ်ဘဝကတည်းက ယန့်ဝမ်ရဲ့အောင်မြင်မှုတွေကိုကြားသိခဲ့ရပြီး ကြီးပြင်းလာခဲ့တယ်။ အခုတော့ ယန့်ဝမ်ရဲ့တစ်ဦးတည်းသောသားကို လက်ဆက်နိုင်ခဲ့ပြီ။ တစ်ဖက်လူက နတ်သားလေးတစ်ပါးလိုမြင့်မားလွန်းတော့ ကောင်းရှီးရဲ့နှလုံးသားလေးလည်း အလိုလျောက်ထိရှခဲ့ရတာပေါ့။ သူက ကုချန်ယောက်ရဲ့ဇနီးဖြစ်ရတာကို စိုးရိမ်မှုတွေနဲ့အတူ ဝမ်းသာပျော်ရွှင်ခဲ့တယ်။ လက်ထပ်ပြီး နောက်တစ်လအတွင်းမှာ သူတို့နှစ်ယောက်က တကယ့်ကိုချစ်ခင်မြတ်နိုးခဲ့ကြပြီး မခွဲမခွာအတူရှိခဲ့ကြတယ်။ ကောင်းရှီးက ပျားရည်အိုးထဲမှောက်ကျတဲ့ ဝက်ဝံလေးတစ်ကောင်လို အရမ်းကိုပျော်ရွှင်ခဲ့တယ်။ ကိုယ်လုပ်တော်တွေရဲ့စနက်ကြောင့် မိခင်ဖြစ်သူခံစားခဲ့ရတာကို ငယ်ငယ်ကတည်းမြင်ခဲ့ရပြီးကြီးပြင်းလာတဲ့အတွက် သူရဲ့အိမ်ထောင်ရေးဟာ အံ့အားသင့်စရာကောင်းလောက်အောင်ပျော်ရွှင်ရလိမ့်မယ်လို့ ကောင်းရှီးဘယ်တုန်းကမှမထင်ခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် မိုးနတ်မင်းရဲ့ကြင်နာမှုတွေကို အဓိပ္ပါယ်ကောက်လွဲခဲ့ပါတယ်။ ပန်းပင်တွေက တစ်နေ့မှာညှိုးခြောက်ရမှာဖြစ်ပြီး မျက်နှာလှလှကလေးတစ်ခုဟာလည်း အိုမင်းရမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အရာတွေအားလုံးဟာ ကြာရှည်တည်မြဲလေ့မရှိပါဘူး။ တစ်လအတွင်းမှာပဲ ကုချန်ယောက်ရဲ့သဘောထားက ယူပစ်လိုက်သလို တဆစ်ချိုးပြောင်းလဲသွားခဲ့တယ်။ အဲဒိနေ့မှာ သူက ကောင်းရှီးကိုအေးစက်စက်ကြည့်ရင်းပြောခဲ့တယ် “မင်း ဘာဖြစ်လို့လိမ်တာလဲ၊ ဘာဖြစ်လို့ မင်းက အတုအယောင်ဖြစ်နေရတာလဲ”….
ဘယ်လို… ဘာရဲ့…
အဲဒိအချိန်မှာ သူက ကုချန်ယောက်အတွက် အင်္ကျီချုပ်ပေးနေခဲ့တာ။ သူက အမျိုးသမီးအလုပ်တွေမှာ သိပ်မကျွမ်းကျင်လှဘူး။ အကြောင်းရင်းက ကောင်းရန်နဲ့အမြဲနှိုင်းယှဉ်ခံရတာကြောင့် ပိုလို့တောင်စိတ်မဝင်စားခဲ့လို့ဖြစ်တယ်။ ဒါပေမယ့် အခု ကုချန်ယောက်အတွက်အဝတ်တစ်စုံကို သူ့လက်နဲ့ကိုယ်တိုင်ချုပ်ပေးချင်ခဲ့တယ်။ ဒါက လက်ချောင်းထိပ်တွေ ထပ်ခါထပ်ခါအပ်စူးတာတောင်မှပေါ့။ ကုချန်ယောက်ရဲ့စကားကိုကြားချိန်မှာ ကောင်းရှီးက ဝေခွဲမရဖြစ်သွားပြန်တယ်။ ဘာကိုလိမ်တာလဲ… ဘာက အတုအယောင်လဲ…
အဲဒိအချိန်ကစလို့ ကောင်းရှီးနဲ့ကုချန်ယောက်ရဲ့ ဇနီးမောင်နှံဆက်ဆံရေး အေးစက်သွားခဲ့ပါတယ်။ ကောင်းရှီးက နယ်စားအိမ်တော်ရဲ့အကြီးဆုံးမြေးဖြစ်တယ်။ နောက်ပြီး အဘွားဖြစ်သူမင်းသမီးက အမြဲတမ်းအလိုလိုက်ခဲ့တာကြောင့် ခေါင်းမာတဲ့အကျင့်ရှိတယ်။ ကုချန်ယောက်က သူ့ဆီ မလာချင်ဘူးလား… ရတယ်လေ မလာနဲ့ပေါ့… သူက ခင်ပွန်းဆီကအချစ်ခံဖို့ ကိုယ်လုပ်တော်တစ်ယောက်လို အပျော့ဆွဲမဆွဲလိုခဲ့ပါဘူး…
နောက်ပိုင်းမှာလည်း ဒီစုံတွဲက ပိုလို့ဝေးကွာလာခဲ့ပြီး ရန်သူတွေလိုဖြစ်သွားခဲ့တယ်။ အဆုံးသတ်မှာ ကောင်းရှီးက ဖျားနာလာခဲ့ပြီး အိပ်ရာပေါ်ကမထနိုင်တဲ့အခြေအနေထိဖြစ်သွားခဲ့တယ်။ ကုချန်ယောက်ကတော့ အဆုံးစွန်ထိ သူ့ကိုလာကြည့်ဖို့ ငြင်းဆန်ခဲ့တယ်။
ကောင်းရှီးက မာနကြီးတဲ့မိန်းကလေးတစ်ယောက်။ ဒါပေမယ့် ဒီရှုံးနိမ့်သွားတဲ့အိမ်ထောင်ရေးက သူရဲ့ဂုဏ်သိက္ခာတွေအားလုံးကို ပျက်စီးစေခဲ့တယ်။
သူက သေခြင်းတရားကိုကြုံတွေ့ရချိန်မှာတောင် ဦးညွှတ်ဖို့ခေါင်းမာနေဆဲပဲ။ သူ ဘယ်နေရာမှာ ကောင်းကောင်းမလုပ်ပေးခဲ့လို့လဲ… အဲဒါတောင်မှ ကုချန်ယောက်က ဘာဖြစ်လို့ မကြိုက်ရတာလဲ… ဇနီးသည်တစ်ယောက်ရဲ့နောက်ဆုံးဂုဏ်သိက္ခာကိုတောင်မှ ဘာလို့မျက်နှာသာမပေးချင်ရတာလဲ….
သူ့ရဲ့ဝိဉာဉ်ဟာ လက်ကျန်နာကျည်းချက်တွေကြောင့်ပဲ မြေအောက်ကမ္ဘာဆီခေါ်ဆောင်သွားခြင်းမခံခဲ့ရဘူး။ ခဏတာလွင့်မျောနေခဲ့ပြီး လူ့လောကဆီနောက်ထပ်တစ်ကြိမ်ပြန်ရောက်လာခဲ့တယ်။
ဒီတစ်ကြိမ်မှာ ကောင်းရှီးက ကုချန်ယောက်ရဲ့မေးခွန်းနှစ်ခုနဲ့ ရုတ်တရက်သဘောထားပြောင်းသွားရတဲ့အကြောင်းရင်းကို သိသွားခဲ့ပါတယ်။
သူက အဖြူရောင်လွင်ပြင်ကျယ်ကြီးရဲ့အလယ်မှာ စာအုပ်တစ်အုပ်ကိုတွေ့တယ်။ မေးခွန်းတွေနဲ့ပြည့်နေတဲ့ကောင်းရှီးက စာအုပ်ကိုမရဲတရဲလှန်ကြည့်မိတယ်။ ပါဝင်တဲ့အကြောင်းအရာတွေကတော့ လန့်ဖြန့်တုန်လှုပ်သွားစေဖို့ လုံလောက်ခဲ့ပါတယ်။
ကောင်းရှီးရဲ့ဘဝအကြောင်းကို စာအုပ်ထဲမှာဖော်ပြထားခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ သူက ဇာတ်ဆောင်တစ်ယောက်မဟုတ်ခဲ့ဘူး။ ဒီနေရာမှာ ကောင်းရှီးရဲ့ ကိုယ်လုပ်တော်ဖွားညီမငယ် ကလေးဘဝထဲကပြိုင်ဘက်ဖြစ်ခဲ့တဲ့ ကောင်းရန်ကသာ အဓိကဇာတ်ဆောင်ဖြစ်ခဲ့ပါတယ်။
စာအုပ်ထဲမှာဖော်ပြထားတာက ကောင်းရန်က ဝိဉာဉ်ကူးပြောင်းလာသူဖြစ်တယ်။ ဒါဘာအဓိပ္ပါယ်လဲ ကောင်းရှီးနားမလည်ဘူး။ ဒါပေမယ့် ဒါက စာအုပ်ထဲ သာမန်ကာလျှံကာဖော်ပြထားတဲ့အချက်ဖြစ်ပြီး အရေးကြီးအရာမဟုတ်ဘူး။ နောက်ပိုင်းလာမယ့်အကြောင်းအရာတွေကသာ အဓိကအချက်ကြီးဖြစ်ပါတယ်။
စာမြည်းဖော်ပြချက်အရ ကောင်းရန်က ယင်းကော်နယ်စားအိမ်တော်ရဲ့ အချစ်မခံရတဲ့ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်အဖြစ် အသက်ခြောက်နှစ်အရွယ်မှာ ဝိဉာဉ်ကူးပြောင်းလာခဲ့တယ်။ ကောင်မလေးက အပြင်းအထန်ဖျားနာခဲ့ပြီး သေလုနီးပါးဖြစ်နေခဲ့တယ်။ ဒါမှမဟုတ် သေဆုံးသွားခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါမှသာ သူ့အစား ကောင်းရန်ကူးပြောင်းလာနိုင်ခဲ့တာပါ။
ကောင်းရန်ရောက်ရှိလာချိန်မှာ ကိုယ်ခန္ဓာအခွံလွတ်က အသက်ခြောက်နှစ်ဖြစ်ပေမယ့် ဝိဉာဉ်ကတော့ (၂၆)နှစ်ရှိပြီဖြစ်ပါတယ်။ ခေတ်မီတိုးတက်တဲ့ ဗဟုသုတတွေနဲ့ အတွေ့အကြုံတွေကြောင့် သူက တုံးအဟန်ဆောင်နေခဲ့ပြီး ကျားကိုစားဖို့ ဝက်ယောင်ဆောင်နေခဲ့တယ်။ သူ့ကိုယ်သူ တည်ဆောက်ရုံမက မွေးအမေဖြစ်တဲ့ ဟန်အမျိုးသမီးကိုပါ ယင်းကော်နယ်စားအိမ်တော်ဆက်ခံသူရဲ့ အချစ်ဆုံးကိုယ်လုပ်တော်ဖြစ်ဖို့ ကူညီခဲ့တယ်။ ဒါတင်မက မောင်အရင်းဖြစ်သူကိုပါ နောက်ပိုင်းမှာ နယ်စားအိမ်တော်ဆက်ခံသူဖြစ်လာဖို့ သင်ကြားပြသပေးခဲ့တယ်။ ကောင်းရန်က အသက်ဆယ့်သုံးနှစ်အရွယ်မှာ ဗုဒ္ဓဘုရားကျောင်းထဲ မျက်နှာဖုံးစွပ်လူတစ်ယောက်ကို ကယ်တင်ပေးခဲ့တယ်။ ဒီလူက ကောင်းရန်ဘယ်သူလဲ မသိတာတောင်မှ လက်ကိုဆွဲလို့သွားခွင့်မပြုခဲ့ဘူး။ ကောင်းရန်လည်းရွေးစရာမရှိ ကိုယ်ပေါ်ကကျောက်စိမ်းအဆောင်ပြားလေးကိုထုတ်ပြီး အစွမ်းအစရှိလျှင်ကိုယ်တိုင်လိုက်ရှာလှည့်ပါလို့ ပြောဆိုခဲ့ပါတယ်။
ကောင်းရှီးက ဒီအပိုင်းကိုဖတ်ပြီး မျက်ရည်တွေကျတဲ့အထိ ဝမ်းနည်းပက်လက်ရယ်သွမ်းသွေးမိတယ်။ အံ့သြစရာမရှိတော့ဘူး… ကလေးဘဝထဲက ကောင်းရန်နဲ့ယှဉ်ပြီး စဉ်းစားတွေးခေါ်မတတ်ဘူး၊ ဂရုတစိုက်မရှိဘူးလို့ လူကြီးတွေစွပ်စွဲတာခံခဲ့ရတာ။ သူဘယ်လောက်ပဲသင်ယူသင်ယူ ကောင်းရန်က အမြဲခေါင်းတစ်လုံးသာနေခဲ့တာ။ နဂိုတုန်းကတော့ ကောင်းရန်က မွေးရာပါဉာဏ်ရည်ထက်မြက်တဲ့လူလို့ တွေးထင်ခဲ့တာ။ အခုမှနားလည်သွားခဲ့တာက… ကောင်းရန်က ကလေးတစ်ယောက်မှမဟုတ်တာပဲ၊ အသက်က ကောင်းရှီးအမေလောက်ရှိနေပြီ။ ကလေးလေးရဲ့ကိုယ်ခန္ဓာထဲ အိုမင်းနေတဲ့ဝိဉာဉ်တစ်ခုဝင်နေခဲ့မှတော့ ချွင်းချက်မရှိပြည့်စုံမှုက အံ့သြစရာမှမဟုတ်တော့တာပဲ။
အဲဒိနေ့က မင်္ဂလာအိပ်ခန်းထဲ ကုချန်ယောက်ပြောခဲ့တဲ့ “ကိုယ်မင်းကိုရှာတွေ့ပြီ” ဆိုတဲ့စကား၊ နောက်ပိုင်းမှာ လိမ်တယ်လို့အပြောခံခဲ့ရတာတွေက အံ့သြစရာတွေမှ မဟုတ်ခဲ့တာပဲ။
လတ်စသတ်တော့… အဲ့ဒါ… အဲ့ဒါကိုး…
ကောင်းရှီးရဲ့မျက်လုံးထောင့်စွန်းတွေ ဒေါသကြောင့်နီရဲလာခဲ့တယ်။ သူ့အမေ ဝေ့အမျိုးသမီးက ရှို့ခန်းတော်ဝင်မင်းသမီးကြီးရဲ့သမီးဖြစ်ပြီး မင်းသမီးကြီးမှာ ဒီသမီးတစ်ယောက်ပဲရှိတာကြောင့် အမြဲတမ်းချစ်ခင်အလိုလိုက်ခံခဲ့ရတယ်။ ဒိအတွက်ကြောင့် ဝေ့အမျိုးသမီးက အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ရဲ့မာနကိုအလံလွှင့်လို့ ခင်ပွန်းဖြစ်သူကိုချော့မြှူဆွဲဆောင်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ နူးညံ့ပျော့ပျောင်းတဲ့အမူအကျင့်တွေကိုလည်း လုပ်လေ့လုပ်ထမရှိခဲ့ဘူး။ ကောင်းရှီးက အမေဖြစ်သူ မီးအိမ်ကိုအဖော်ပြုလို့ အာရုံတက်ချိန်အထိ ခင်ပွန်းဖြစ်သူကိုစောင့်မျှော်ခဲ့ရပုံတွေကို ငယ်စဉ်ကလေးဘဝကတည်းက မြင်တွေ့ခဲ့ရတယ်။ အဲဒိအချိန်တုန်းက ကောင်းရှီးဖခင် နယ်စားအိမ်တော်ဆက်ခံသူသခင်လေးကတော့ သူ့အချိန်အများစုကို ဟန်အမျိုးသမီးရဲ့ခြံဝင်းထဲမှာကုန်ဆုံးခဲ့ပါတယ်။
ကောင်းရှီးက မိခင်အတွက်ဝမ်းနည်းခဲ့ရပြီး အနောက်ခြံဝင်းက မြေခွေးလိုကိုယ်လုပ်တော်တွေကို ဒေါသထွက်ခဲ့တယ်။ ဒါပေမယ့် သူ့လို တရားဝင်သမီးတစ်ယောက်က ကိုယ့်အဆင့်ကိုယ်နှိမ့်ချပြီး ကိုယ်လုပ်တော်တစ်ယောက်နဲ့ ပြိုင်ဖက်ရန်ဖြစ်ဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် ကောင်းရှီးက အသည်းအသန်ကြိုးစားပမ်းစားသင်ယူခဲ့ပြီး အနောက်ခြံဝင်းကကိုယ်လုပ်တော်သမီးကို ဖိနှိပ်ထားနိုင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်လည်း ထူးဆန်းတာက ကောင်းရှီးဘယ်လိုပဲကြိုးစားခဲ့ပါစေ ကောင်းရန်လိုမျိုး ဘယ်တော့မှထက်မြက်မလာခဲ့ပါဘူး။ ကောင်းရန်က ဗျတ်စောင်းဆရာကို မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားရလောက်တဲ့အထိ ရှေးသီချင်းကြီးတွေကို ကျွမ်းကျွမ်းကျင်ကျင်တီးခတ်ပြနိုင်တယ်။ သူမက စစ်တုရင်နဲ့ဘုတ်ကစားနည်းတွေကိုပါ တီထွင်ခဲ့ပြီး ဆွေမျိုးထဲက ညီငယ်ညီမငယ်တွေရဲ့အာရုံကို ဆွဲဆောင်ခဲ့တယ်။ တစ်ခါတစ်လေမှာ ကောင်းရန်က အရမ်းကိုနူးညံ့လှပတဲ့ကဗျာစာပေတွေကိုပါ အမှတ်တမဲ့ရွတ်ဆိုပြခဲ့သေးတယ်။ ဒါပေမယ့် လူတွေက ထပ်ရွတ်ခိုင်းရင်တော့ ဒီစာကြောင်းကိုပဲခေါင်းထဲပေါ်လာတာဖြစ်ပြီး ကျန်တာတွေဆက်မစဉ်းစားတတ်ပါဘူးလို့ အပြုံးလေးနဲ့ပြောပြတတ်ပါတယ်။
ဒီလိုသိမ်မွေ့တဲ့ကဗျာစာပေတွေကို ကောင်းရန်ဆက်မရွတ်တတ်ဘူးဆိုတာ ဘယ်သူမှမယုံဘူး။ နောက်ကွယ်မှာ တစ်ခုခုဖုံးကွယ်ထားတာပဲဖြစ်မယ်လို့ လူတွေကထင်ကြတယ်။ ဒါကြောင့် အိမ်တော်ကလူတွေအကုန်လုံးက ကောင်းရန်ကို ပိုလို့အာရုံစိုက်လာကြပါတယ်။ ဒီလိုမျိုး ကျော်ကြားတဲ့ညီမလေးတစ်ယောက်ရဲ့ တောင်ပံတွေအောက်မှာ ကောင်းရှီး အများကြီးစိတ်ဖိစီးခဲ့ရပါတယ်။ ကံကောင်းတာက ကောင်းရှီးအဆင့်အတန်းက ကောင်းရန်ကိုနောက်ကောက်ချန်နိုင်ခဲ့လို့။ ကောင်းရှီးက ရှို့ခန်းမင်းသမီးကြီးရဲ့မျက်နှာနဲ့ ယန့်ဝမ်အိမ်တော်ရဲ့ကုချန်ယောက်ကိုလက်ထပ်နိုင်ခဲ့တယ်။
သူတစ်ခါကတွေးခဲ့တာ အဆုံးမှာတော့ ကောင်းရန်ကိုအနိုင်ပိုင်းနိုင်ခဲ့ပြီပေါ့…။ မြို့တော်တစ်ခွင်လုံးမှာ ကုချန်ယောက်ကိုယှဉ်နိုင်တဲ့သတို့သား မရှိနိုင်တော့ဘူးပေါ့။ ကောင်းရန်ဘာတွေပဲထပ်ကြိုးစားပါစေ နောင်အနာဂတ်မှာ သူ့ယောင်္ကျားမိသားစုထက်မြင့်နိုင်ချေ လုံးလုံးမရှိတော့ဘူးပေါ့…။
ဘဝကြီးက သိပ်ကိုဟားတိုက်ချင်စရာကောင်းတာပါပဲ။ ဗုဒ္ဓဘုရားကျောင်းမှာ ကောင်းရန်တစ်ခါက အသက်ကယ်ခဲ့တဲ့ယောင်္ကျားက ကုချန်ယောက်ဖြစ်နေခဲ့တယ်။ အဲ့ဒိတုန်းက ကောင်းရန်က သွားခွင့်ပြုဖို့အရေး ကိုယ်ပေါ်ကကျောက်စိမ်းဆွဲပြားကိုပေးခဲ့ရတယ်။ ကျောက်စိမ်းဆွဲပြားလေးက ငါးတစ်ကောင်ပုံသဏ္ဍာန်ရှိတယ်။ နဂိုတုန်းကတော့ ဒါကတစ်စုံ။ တစ်စုံတစ်ယောက်ကပြုလုပ်ခဲ့ပြီး ကောင်းရှီးကိုပေးခဲ့တာ။ လက်ရာကအတော်လေးအနုစိတ်လွန်းတယ်လို့ ကောင်းရှီးခံစားရတာကြောင့် သူမက ညီမငယ်ကောင်းရန်ကို ဆွဲပြားတစ်ဝက်ပေးခဲ့ပါတယ်။
ကျောက်စိမ်းဆွဲပြားက နဂိုမူလကောင်းရှီးဟာဖြစ်တယ်။ ကောင်းရန်က ဘုမသိဘမသိအပြင်လူတစ်ယောက်နဲ့သိကျွမ်းရတာကို ပြဿနာတက်မှာစိုးတဲ့အတွက် ကောင်းရှီးရဲ့ကျောက်စိမ်းပြားကိုသာ ထုတ်ပေးခဲ့တယ်။ ဒီကျောက်စိမ်းဆွဲပြားကို ကောင်းရှီး သူမကိုပေးထားတာ ဘယ်သူမှမသိဘူး။ အကယ်၍ နောက်ပိုင်းမှာ တစ်စုံတစ်ယောက်က လာရှာခဲ့သည်ဆိုပါစို့။ ကောင်းရှီးရဲ့ကျောက်စိမ်းဆွဲပြားသာလျှင်ဖြစ်တဲ့အတွက် ကောင်းရှီးပြဿနာသာ ဖြစ်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
လသာတဲ့ညတစ်ညမှာ သူ့အသက်ကိုကယ်ခဲ့တဲ့ ပဟေဠိဆန်တဲ့အမျိုးသမီးတစ်ယောက်ကို ကုချန်ယောက်တစ်ယောက် အချစ်တွေအားလုံးပုံအောပေးခဲ့တယ်။ မျက်နှာမမြင်လိုက်ရပေမယ့်လည်း လက်ထပ်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ သူက ကျောက်စိမ်းဆွဲပြားတစ်ဝက်ကိုအသုံးပြုပြီး ကောင်းရှီးကိုရှာတွေ့ခဲ့တယ်။ သူ တကယ်ကြီးကိုထင်ခဲ့တာ ကောင်းရှီးက သူ့အသက်သခင်ကျေးဇူးရှင်လို့ပါ။ လက်ထပ်ပြီးပထမဦးဆုံးလမှာ သူတို့နှစ်ယောက် အဆင်ပြေခဲ့ကြတယ်။ ဒါပေမယ့် နောက်တစ်လ ကောင်းရှီးမိဘအိမ်ပြန်တဲ့အချိန်မှာတော့ ဇနီးသည်ကိုအဖော်ပြုပြီးလိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ကုချန်ယောက်က ယင်းကော်နယ်စားအိမ်တော်မှာ သူ့ဇနီးညီမဖြစ်သူ ကောင်းရန်နဲ့တွေ့ဆုံခဲ့ပါတယ်။
ခံစားချက်တွေကိုလှည့်ဖျား၊ သနားကြင်နာမှုကိုအစားထိုးရယူခဲ့တဲ့ မနာလိုဝန်တိုတတ်သူအစ်မကြီးက တစ်စထက်တစ်စ ယိုယွင်းလာခဲ့တယ်။ နောက်ပိုင်းမှာ သူ့ရဲ့အိမ်ထောင်ရေး ကံဆိုးမိုးမှောင်ကျခဲ့ပေမယ့် ကောင်းရှီးက စိတ်ဓါတ်မာကြောတဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ကုချန်ယောက် သူ့ကိုပိုပြီးလျစ်လျူရှုလေလေ သူက ပိုပြီးတောင့်ခံပြခဲ့လေလေပါ။ ကောင်းရှီးက ယန့်ဝမ်အိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ အုပ်ချုပ်စီမံခဲ့ပြီး အိမ်တော်ကပိုင်ဆိုင်တဲ့လယ်ယာမြေတွေနဲ့ဈေးဆိုင်တွေကို အသစ်ပြန်လည်ပြင်ဆင်ခဲ့ရင်း ကုချန်ယောက်ဘက်တော်သားတွေကို ဖိနှိပ်ထားခဲ့ပါတယ်။ ကုချန်ယောက်ဘေးနားဆယ်နှစ်တိုင်ခစားခဲ့တဲ့ အစေခံမိန်းကလေးယွင်ဟွေ့ကို ပြိုင်ဆိုင်ခဲ့ရတယ်။ ကောင်းရှီးအပြည့်အဝယုံကြည်ခဲ့တယ်။… သူသာ အကောင်းဆုံးလုပ်ဆောင်နေသရွေ့ တစ်နေ့နေ့မှာ ကုချန်ယောက် သူ့ကိုပြန်လည်မြင်လာနိုင်လိမ့်မယ်ပေါ့…
ဒါပေမယ့် သူ့ရဲ့အတွေးတွေက သိပ်ကိုရိုးစင်းတယ်လို့ပြောရမလား။ သူက တဖြည်းဖြည်းသေဆုံးသွားခဲ့ပြီး အဆုံးသတ်မှာ ကုချန်ယောက်စိတ်တွေပြန်လည်လာတဲ့အထိ မစောင့်နိုင်တော့ပါဘူး။
တကယ်လို့ ဇာတ်လမ်းသာ ဒီနေရာမှာအဆုံးသတ်ခဲ့တယ်ဆိုရင် ကောင်းရှီးက ကုချန်ယောက်နဲ့ရေစက်မပါတဲ့ သူ့ရဲ့ဆိုးရွားလှတဲ့ကံတရားကို သက်ပြင်းချပြီး လက်လွှတ်ခဲ့ဦးမှာပဲ။ ဒါပေမယ့် စာအုပ်ထဲကဇာတ်လမ်းက အခုမှအစပိုင်းပဲရှိသေးတာ။ တကယ့်ဇာတ်ရှိန်မြင့်တဲ့အပိုင်းတွေ မရောက်သေးဘူး။ ကောင်းရှီးက အစ်မကြီးတစ်ယောက်အနေနဲ့ရော ဇနီးသည်တစ်ယောက်အနေနဲ့ပါ တာဝန်မကျေခဲ့ဘဲ သေဆုံးသွားခဲ့တယ်။ ယင်းကော်နယ်စားကြီးက ကောင်းရှီးကို ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့မထိုက်တန်ဘူးလို့ ယူဆခဲ့တယ်။ ယင်းကော်နယ်စားအိမ်တော်က ကုချန်ယောက်အပေါ်မှာ အပြစ်ရှိတယ်လို့ခံစားမိတဲ့အတွက် ကောင်းရန်နဲ့လက်ဆက်စေဖို့ အဆိုပြုခဲ့တယ်။ ကုချန်ယောက်လည်း သေချာပေါက်ကိုလက်ခံခဲ့တာပေါ့။ ဒါကြောင့် ကောင်းရှီးသေဆုံးပြီး သိပ်မကြာခင်အချိန်တွင်းမှာပဲ ကောင်းရန်နဲ့အတူ ဒုတိယမြောက်အိမ်ထောင်အဖြစ် မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။
ကောင်းရန်က ယန့်ဝမ်အိမ်တော်ထဲရောက်ချိန်ကစလို့ ကုချန်ယောက်ကိုအမြဲတမ်း သိမ်သိမ်မွေ့မွေ့ကြင်ကြင်နာနာပြုစုတယ်။ ကုချန်ယောက်ကလည်း ဆုံးရှုံးရပြီလို့ထင်ထားရတဲ့သူမို့ ပိုပြီးတန်ဖိုးထားတယ်။ ဒီလိုနဲ့ပဲ နှလုံးသားတစ်စုံက တစ်သားတည်းဖြစ်လာခဲ့ပါတယ်။ ကုချန်ယောက်က ကောင်းရန်ရဲ့စိတ်ရင်းစေတနာတွေအပေါ်မှာ ခံစားသွားခဲ့ရလို့ သူ့ရဲ့ကိုယ်လုပ်တော်ကိုတောင် စွန့်လွှတ်ခဲ့ပြီး တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ ကုချန်ယောက်က ယန့်ဝမ်ရာထူးကိုဆက်ခံရရှိခဲ့ပြီး တိုင်းပြည်ရဲ့ပင်မထောက်တိုင်ဖြစ်လာခဲ့တယ်။
စာအုပ်ရဲ့ဒုတိယအပိုင်းတွေမှာတော့ ကုချန်ယောက်နဲ့ကောင်းရန်တို့ရဲ့ ချိုမြိန်လှတဲ့နေ့ရက်တွေအကြောင်းကို ဖော်ပြထားခဲ့တယ်။ ကုချန်ယောက်ရဲ့အချစ်တွေက ဘယ်ပုံဘယ်နည်း ဆန်းသစ်နေပြီး ဘယ်လိုမျိုးကြီးမားပါတယ်ပေါ့။ ကောင်းရန်က ကျက်သရေရှိပြီး ဂရုစိုက်တတ်တဲ့ဇနီးသည်တစ်ယောက်ဖြစ်တယ်။ ယန့်ဝမ်အိမ်တော်က လူတွေအားလုံးက ဒီဆက်ခံသူသခင်လေးရဲ့ဇနီးကို လေးစားချစ်ခင်ကြတယ်။ မြို့တော်ကလူတွေ ကောင်းရန်ရဲ့ထက်မြက်လှတဲ့စိတ်နေသဘောထားကိုချီးမွမ်းကြတဲ့အခါ သူတို့က ကောင်းရှီးကိုပါနှိုင်းယှဉ်ပြောဆိုခဲ့ကြပါတယ်။ သူတို့က ဒီလိုမျိုးကောက်ချက်ဆွဲကြတယ် “သေချာတာကတော့ ငါတို့ ဇနီးတစ်ယောက်ကိုရွေးချယ်မယ်ဆိုရင် မိသားစုနောက်ခံတစ်ခုတည်းကိုပဲကြည့်ရွေးလို့မရဘူး၊ အရေးကြီးဆုံးက လူတစ်ယောက်ရဲ့အမူအကျင့်နဲ့စိတ်နေသဘောထားပဲ၊ ယင်းကော်နယ်စားရဲ့အကြီးဆုံးတရားဝင်မြေးနဲ့ ယန့်ဝမ်အိမ်တော်ဆက်ခံသူရဲ့ဒုတိယဇနီးတို့ကိုပဲကြည့်.. သူတို့နှစ်ယောက်က အကောင်းဆုံးဥပမာပဲ”
ကြည့်လေ… ပထမဇနီးကောင်းရှီးက ဆက်ခံသူဇနီးနေရာနဲ့ လုံးလုံးမထိုက်တန်ဘူး…
ကောင်းရှီးတစ်ယောက် ဒီစာကြောင်းကိုမြင်ရတဲ့အချိန်မှာ ရှေ့ဆက်ဖတ်ဖို့အားအင်တွေ ကုန်ဆုံးသွားခဲ့ပါတယ်။ သူက စာအုပ်ကိုပိတ်ပြီး မျက်ရည်တွေကို ပါးပြင်တစ်လျှောက်စီးကျခွင့်ပြုခဲ့တယ်။
လောကမှာ ဆင်းရဲဒုက္ခခုနစ်မျိုးရှိတယ်လို့ ဗုဒ္ဓဘုရားရှင်က မြွက်ကြားတယ်။ မွေးဖွားရခြင်း၊ အသက်အရွယ်ကြီးမြင့်ရခြင်း၊ ဖျားနာရခြင်း၊ သေဆုံးရခြင်း၊ မတရားစွပ်စွဲခံရခြင်း၊ ချစ်တဲ့သူနဲ့ကွေကွင်းရခြင်း၊ အလိုရှိရာမရနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။
ကောင်းရှီးအတွက်တော့ ကုချန်ယောက်က လက်လှမ်းမမှီနိုင်တဲ့လူမျိုးဖြစ်တယ်။ သူက ငယ်ငယ်ကတည်းက ဖခင်မေတ္တာကိုမခံစားရဘူး၊ လူကြီးတွေဆီကလည်း အချစ်မခံရဘူး။ ကိုယ်နှစ်သက်တဲ့လူကို လက်ထပ်ပြီးတော့လည်း လျစ်လျူရှုခံရတယ်။ ဒါကြောင့် ရရာနည်းလမ်းနဲ့ အတတ်နိုင်ဆုံး အစွမ်းကုန်တောင့်ခံခဲ့တယ်။ ခြေကုန်လက်ပမ်းကျပြီး စိတ်ကျရောဂါနဲ့သေဆုံးသွားခဲ့အထိဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကိုတော့ တစ်ချက်ကလေးပြန်လှည့်ကြည့်ပေးဖို့ မဆွဲဆောင်နိုင်ခဲ့ပါဘူး။
ကောင်းရှီးသိပါတယ်။ သူသေဆုံးသွားခဲ့ချိန်မှာ ကုချန်ယောက်ကငယ်သေးတယ်။ တောက်ပတဲ့နောက်ခံရှိန်ဝါလည်းရှိတယ်။ အနာဂတ်မှာ သေချာပေါက်ကို လက်ထပ်လိမ့်ဦးမှာပဲ။ ယန့်ဝမ်ရဲ့နောက်ခံအင်အားကြောင့် မြို့တော်က ဘယ်အထက်တန်းလွှာအမျိုးသမီးမဆို ကုချန်ယောက်ကိုလက်ထပ်ဖို့ အပြေးအလွှားဖြစ်နေကြလိမ့်မယ်။ ဒါပေမယ့် ကောင်းရန်တော့မဖြစ်ရဘူးလေ။
ကောင်းရှီးက စာအုပ်ရဲ့နောက်ပိုင်းအခန်းတွေကို ကတိုက်ကရိုက်လှန်လိုက်ပြီး နားလည်သွားခဲ့တာက ကုချန်ယောက်ရဲ့သဘောထားတွေကိုပဲ။ ကုချန်ယောက်က သူရဲ့မြင့်မားလှတဲ့အဆင့်အတန်းကိုမထောက် တောင်းပန်တိုးလျှိုးရင်းတစ်ဖုံ ချော့မြူရင်းတစ်သွယ်နဲ့ မိန်းမတစ်ယောက်ကိုမြှောက်စားနိုင်တာပဲ။ သူ့ခန္ဓာကိုယ်ကို မိန်းမတစ်ယောက်တည်းအတွက်လည်း ပေးဆပ်နိုင်တာပဲ။ အခြားဘယ်မိန်းမကိုမှ မထိဘဲလည်းနေနိုင်ခဲ့တာပဲ။
ကောင်းရှီး စာအုပ်ကိုဖတ်နေချိန်မှာ ဗီလိန်ဆိုတဲ့အခေါ်အဝေါ်တစ်မျိုးကိုတွေ့တယ်။ ဒီစကားစုကို မကြားဖူးပေမယ့် အဓိပ္ပါယ်ကိုခန့်မှန်းလို့ရပါတယ်။ ဘယ်သူကဗီလိန်လဲ။ ကုချန်ယောက်က ဗီလိန်လား။ မဟုတ်နိုင်ပါဘူး… သူက နှစ်နှစ်ကာကာလည်းချစ်တတ်ပြီး သုံးထောင်သောအလှတွေကို ပန်းတစ်ပွင့်တည်းအတွက်လည်းစွန့်ပစ်ရဲတာပဲ။ ဒါပေမယ့် ဒီချစ်မေတ္တာတွေက ကောင်းရှီးဆိုတဲ့သူ့အတွက်မှ မဟုတ်ခဲ့တာပဲ။
ကောင်းရှီးရဲ့ရှက်ရွံ့တဲ့ခံစားချက်တွေက ရင်တစ်ခုလုံးလှိုက်ခုန်လာတယ်။ မျက်ဝန်းတွေကတော့ တဖြည်းဖြည်းဝေဝါးလာတယ်။ အသိစိတ်တွေ မပျောက်ပျက်သွားခင်မှာ သူက မိန်းမငယ်လေးတစ်ယောက် ပြုံးပြနေခဲ့တာကို မြင်လိုက်ရပါတယ် “ကျေးဇူးရှင်အစ်မ… ကျွန်မ ကျွန်မအဖေကိုသွားရှာပါတော့မယ်၊ လွန်ခဲ့တဲ့ခြောက်နှစ်က အစ်မ ကျွန်မကိုကယ်ခဲ့ပေမယ့် ကျေးဇူးဆပ်ဖို့အခွင့်မသာတော့ပါဘူး၊ အခု ကျွန်မအစား အသက်ဆက်ရှင်ပေးဖို့ အစ်မကိုပဲနှောင့်ယှက်ရပါတော့မယ်”
ကောင်းရှီး မှင်သက်နေခဲ့မိတယ်။ ဘယ်လောက်ကြာကြာအိပ်ပျော်သွားလည်း မသိတော့ဘူး။ နိုးလာတဲ့အချိန်မှာ ဟောင်းနွမ်းနေတဲ့လိုက်ကာစတစ်ခုက မျက်စိရှေ့မှာ။ မွဲခြောက်ခြောက် သစ်သားဗီဒိုတစ်ခုရယ်၊ ဖြူဖျော့ဖျော့ ပိန်ပါးနေတဲ့လက်တစ်စုံရယ်။
အပြင်ဘက်မှာ သိပ်ကိုဆူညံပွက်လောရိုက်နေခဲ့တယ်။ လူတွေအများကြီး အော်ဟစ်ပြောဆိုနေခဲ့ပြီး “တိုင်းပြည်အတွက်အသက်ပေး” “ယန့်ဝမ်ရဲ့အမိန့်” “မြို့စားရာထူးချီးမြှင့်” စသည် စသည် အသံတွေကြားနေရတယ်။ ကောင်းရှီးက မှုန်ဝါးဝါးမှန်တစ်ချပ်ရှိရာလျှောက်သွားခဲ့ပြီး မှန်ပေါ်မှာပေါ်နေတဲ့ ပိန်ပါးပါးကိုယ်ခန္ဓာနဲ့မျက်နှာကို အချိန်အတော်ကြာစိုက်ကြည့်နေမိတယ်။
ဟုတ်တယ်။ ယင်းကော်နယ်စားရဲ့အကြီးဆုံးမြေး၊ ယန့်ဝမ်အိမ်တော်ဆက်ခံသူသခင်လေးရဲ့ဇနီး ကောင်းရှီးက သေဆုံးသွားခဲ့ပြီပဲ။ ဒီနေ့ကစပြီး သူက လင်ဝေ့ရှီး။
…………