(2) အတင်းအကျပ်လက်ထပ်စေခြင်း
Viewers 13k

(2) အတင်းအကျပ်လက်ထပ်စေခြင်း 

အဆုံးသတ်မှာတော့ လင်ဝေ့ရှီးတစ်ယောက် အိပ်မက်ဆိုးကနိုးထလာခဲ့ပြီဖြစ်ပါတယ်။ အိပ်မက်ထဲကရုတ်တရက်လွတ်မြောက်လာပြီး မျက်လုံးကိုဖွင့်လိုက်တဲ့အခါ ဟောင်းနွမ်းနေတဲ့လိုက်ကာစကိုမြင်ရတယ်။ ခြေလက်တွေကတောင့်တင်းနေပြီး နှလုံးက တဒိတ်ဒိတ်ခုန်နေတယ်။

အရင်ဘဝကဖြစ်ရပ်တွေကို နောက်တစ်ကြိမ်အိပ်မက်မက်ခဲ့တယ်။ ရှုံးနိမ့်ခဲ့ရတဲ့အိမ်ထောင်ရေးရယ်၊ အထီးကျန်ဆန်စွာစွန့်ပစ်ခံရပြီး သေဆုံးသွားခဲ့တာရယ်၊ ကောင်းကင်ဘုံက ထူးထူးဆန်းဆန်းစာအုပ်ကြီးရယ်၊ နောက်တော့ လင်ဝေ့ရှီးကိုယ်ထဲနိုးထလာစဉ်က ကြောက်ရွံ့မှုတွေရယ်ပဲဖြစ်တယ်။

ကောင်းရှီးက အပြီးတိုင်သေဆုံးသွားခဲ့ပြီးပြီ။ ဒီကမ္ဘာပေါ်မှာ ကောင်းရှီးဆိုတာ လုံးဝမရှိတော့ဘူး။ ယင်းကော်နယ်စားရဲ့မြေးအကြီးဆုံး၊ ယန့်ဝမ်အိမ်တော်ဆက်ခံသူသခင်လေးရဲ့ဇနီးက မီးသဂြိုဟ်ပြီးစီးလို့ အေးစက်စက်ကဗျည်းတိုင်တစ်ခုဖြစ်သွားခဲ့တာကြာပြီ။ သူရဲ့တည်ရှိမှု သူရဲ့အဆင့်အတန်း ဝမ်းနည်းနာကျည်းမှုတွေ အပြစ်တွေ အားလုံးက အခုလင်ဝေ့ရှီးနဲ့ဘာမှမပတ်သက်တော့ဘူး။ 

သူ့အတွက်တော့ မြေအောက်လောကကနေ ပြန်လာခွင့်ရတာကိုက ကြီးမားတဲ့သနားကြင်နာမှုကြီးဖြစ်နေပြီ။ ဘဝအသစ်ပြန်စသင့်နေပါပြီ။

လင်ဝေ့ရှီးက ဒီအကြောင်းတွေကိုတွေးလိုက်မှ အိပ်မက်ဆိုးရဲ့ခြောက်လှန့်မှုကနေ တဖြည်းဖြည်းလွတ်မြောက်လာနိုင်ခဲ့တယ်။

လင်ဝေ့ရှီး ဒီကိုရောက်တာ တစ်လကြာပြီ၊ တစ်လဆိုတဲ့အချိန်က ရှည်လွန်းတယ်လည်းမဆို တိုလွန်းတယ်လည်းမဟုတ်ပေမယ့် လင်ဝေ့ရှီးရဲ့လက်ရှိအခြေအနေတွေကိုနားလည်ဖို့လုံလောက်ပါတယ်။ ပြောရရင် ကောင်းရှီးနဲ့နဂိုလင်ဝေ့ရှီးက သိကျွမ်းခဲ့ဖူးတယ်။ ကောင်းရှီးအသက်(၁၁)နှစ်အရွယ်တုန်းက မင်းသမီးကြီးအိမ်တော်ကနေပြန်လာတုန်း နယ်စားအိမ်တော်အပေါက်ဝမှာ မတ်တပ်ရပ်နေတဲ့သားအဖနှစ်ယောက်ကို တွေ့ခဲ့ပါတယ်။ ဒီလိုမြင်ကွင်းကို သူအရင်ကတစ်ခါမှမမြင်ဖူးဘူး။ လှည်းမောင်းသမားကတော့ သခင်မလေးစိတ်ဆိုးမှာစိုးတဲ့အတွက် မတ်တပ်ရပ်နေတဲ့သားအဖနှစ်ယောက်ကို ဆူပူမောင်းထုတ်တယ်။ ကောင်းရှီးက လိုက်ကာစကိုဖွင့်ကြည့်လိုက်တော့ အိမ်တော်ပေါက်ဝကလူကိုမြင်ပါတယ်။ သူက အရှက်ခွဲခံရလို့ ဒေါသထွက်နေဟန်ရှိတယ်။ ဒါပေမယ့် ဘေးနားကကြောက်နေတဲ့သမီးငယ်ကိုပြန်ကြည့်ရင်း ဒေါသတွေကိုမြိုချကာ အပေါက်စောင့်ကို တောင်းတောင်းပန်ပန်ပြောနေခဲ့ပါတယ်။ သူက အလုပ်တောင်းနေတာပါ။ အလုပ်ကြမ်းဆိုရင်တောင် ဘာပဲဖြစ်ဖြစ်ရပါတယ် ဆိုပြီးတော့ပါ။

ဒီလူက အသံတိုးတိုးလေးနဲ့ပြောနေပြီး ဘေးနားကပိန်ပါးတဲ့ကလေးမလေးက အဆက်မပြတ်ချောင်းတွေဆိုးနေတယ်။ ပြီးတော့ လက်သေးသေးလေးတွေနဲ့ အဲဒိလူရဲ့အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားတယ်။ ကောင်းရှီးရဲ့နှလုံးသားလေးလည်း ရုတ်တရက်လှုပ်ရှားခဲ့ရတာပေါ့။ သူက ကလေးဘဝကတည်းက အဖေနဲ့ ရင်းရင်းနှီးနှီးမနေဖူးဘူး။ သူ ဘာတွေပဲလုပ်လုပ် အဖေဖြစ်တဲ့ယင်းကော်နယ်စားဆက်ခံသူကတော့ “အင်း” ဆိုတဲ့စကားတစ်ခွန်းသာပေးပြီး နောက်ပြန်လှည့်သွားကာ ကိုယ်လုပ်တော်ဖွားသားသမီးနှစ်ယောက်ကိုသာ ပြုံးပြလေ့ရှိတယ်။ သူ့အဖေပြောခဲ့တာ.. သူက အမေနဲ့အဖွားစနက်ကြောင့် အမြဲမောက်မာနေတာတဲ့လေ။  

ဒါပေမယ့် ဘယ်သူခန့်မှန်းမိမှာလဲ… မာနကြီးတဲ့သခင်မလေးကောင်းရှီးက ဖခင်မေတ္တာကို အကြာကြီးမျှော်လင့်နေခဲ့ရတာကိုပေါ့… 

ကောင်းရှီးက လိုက်ကာစကိုချပြီး ဘေးနားကအစေခံကို အမိန့်ပေးလိုက်တယ်။ အစေခံကောင်မလေးက ကောင်းရှီးကို တအံ့တသြမော့ကြည့်ပါတယ်။ ပြီးတော့မှ ရထားလုံးထဲထွက်ပြီး သားအဖနှစ်ယောက်ကို ငွေတုံးအတုံးနှစ်ဆယ်ပေးလိုက်တယ်။ ကောင်းရှီးခန့်မှန်းမိတာ အဖေဖြစ်သူက သူ့သမီးအတွက် ဆေးကုသစရိတ်ရှာနေသလားလို့ပါ။ အဲဒိလူက စိုးရိမ်ပူပန်လွန်းအားကြီးလို့ ဒေါသထွက်ဖို့တောင် သတိမရနိုင်ဘူးလေ။ ငွေတစ်စက သူရဲကောင်းတစ်ယောက်ကိုတောင် အကျပ်ရိုက်စေတယ်လို့ ဆိုရိုးရှိတယ်။ အသက်ရှင်ဖို့ငွေရှာရတာ မလွယ်ကူပါဘူး။ ငွေတုံးနှစ်ဆယ်က ကောင်းရှီးအတွက်ဘာမှမဟုတ်ဘူး။ ဒီလုပ်ရပ်က သူငယ်စဉ်ကတည်းက မျှော်လင့်စောင့်စားခဲ့ရတဲ့ ဖခင်မေတ္တာကိုရည်စူးပါတယ်။

ကောင်းရှီးက နောက်ဆက်တွဲကိစ္စတွေကိုမသိတော့ဘူး။ သူက မျက်နှာလည်းမပြလိုက်ဘူး၊ သားအဖနှစ်ယောက်ရဲ့နာမည်ကိုလည်းမမေးလိုက်ဘူး။ သူဘယ်သူလဲဆိုတာကိုလည်း မပြောပြလိုက်ဘူး။ အကယ်၍ ဒီနေရာမှာကောင်းရန်သာဆိုရင် သေချာပေါက်ကိုဂုဏ်ဖော်နေလိမ့်ဦးမှာပဲ။ ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်ဆိုပြီး လူတွေကိုသိစေဦးမှာ။ ဒါပေမယ့် ကောင်းရှီးကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ ဒီလိုလုပ်တာ သူ့ပုံစံမဟုတ်ဘူး။ ဂုဏ်သတင်းကျော်စောစေဖို့ အခြားလူတွေကို အသုံးချဖို့မလိုအပ်ပါဘူး။ 

ဒီမတော်တဆဖြစ်ရပ်ကို ကောင်းရှီးလုံးလုံးမေ့သွားခဲ့တာကြာပြီ။ နောက်ပိုင်းမှာ ပုမိဖုရားရဲ့စနက်ကြောင့် တိုင်းပြည်အခြေအနေအန္တာရယ်ကျရောက်လာတဲ့အတွက် အဲဒိအကြောင်းကို ထပ်တွေးတောမနေခဲ့တော့ဘူး။ ဒါပေမယ့် ဘယ်သူသိမှာလဲ… သူကယ်တင်ပေးခဲ့တဲ့ သားအဖမှာနောက်ထပ်ကံကောင်းခြင်းတွေ ရောက်ရှိလာဦးမယ်ဆိုတာကိုပေါ့…။ သားအဖနှစ်ယောက်မှာ အဖေဖြစ်သူရဲ့နာမည်က လင်ယုံဖြစ်ပြီး နေမကောင်းတဲ့သမီးကတော့ လင်ဝေ့ရှီးပါ။ လင်ယုံက ငွေတုံးနှစ်ဆယ်ကိုအသုံးပြုပြီး သူ့သမီးအသက်ကိုကယ်လိုက်နိုင်တယ်။ အဲဒိအချိန်က တိုင်းပြည်ကိုကယ်တင်ဖို့ ယန့်ဝမ် မြို့တော်ကိုရောက်လာတဲ့အချိန်။ လင်ယုံက မွေးရာပါခွန်အားကြီးသူဖြစ်ပါတယ်။ သူက ယန့်ဝမ်ရဲ့လက်အောက်ကိုခိုဝင်ခဲ့ပြီး သူ့သမီးကိုတော့ မွေးရပ်မြေပြန်ပို့လိုက်တယ်။ သူ့သမီးကလေးကြီးလာရင် တင့်တင့်တယ်တယ်လက်ထပ်နိုင်ဖို့ရာ ယန့်ဝမ်ဆီမှာ စိတ်ရောကိုယ်ပါနှစ်မြှပ်ပြီး အမှုထမ်းခဲ့တယ်။ 

ကျန်းကျောင်းမင်းဆက်ဆယ့်သုံးနှစ်မှာ မုကျုံးဧကရာဇ်နတ်ရွာစံခဲ့တယ်။ သူ မသေဆုံးမီမှာ ယန့်ဝမ်ကို မှူးမတ်သုံးယောက်အဖွဲ့ဝင်အဖြစ်သတ်မှတ်ပေးခဲ့တယ်။ ယန့်ဝမ်လည်း အကြီးဆုံးမင်းသားလေးနန်းတက်တာကို မြို့တော်မှာနေပြီး ကူညီပေးခဲ့ရတယ်။ တစ်နှစ်အကြာမှာတော့ နယ်စပ်အရေးကိစ္စတွေပေါ်ပေါက်လာတာကြောင့် စစ်ချီခဲ့ရပါတယ်။

ပုန်ကန်မှုကိုနှိမ်နင်းရတယ်၊ ဧကရာဇ်အသစ်ကို ပံ့ပိုးပေးရတယ်၊ နယ်စပ်မှာစစ်သွားတိုက်ရတယ်… ဒီအရေးကိစ္စတွေအကုန်လုံးက လူအင်အားအများအပြားလိုအပ်တယ်။ လင်ယုံက ယန့်ဝမ်ဘေးနားခြေကုပ်ယူနိုင်ဖို့ ဒီအခွင့်အရေးတွေကိုအသုံးချခဲ့တယ်။ တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေရရှိလာခဲ့ပြီး ယန့်ဝမ်ရဲ့အားကိုးရတဲ့လူဖြစ်လာခဲ့တယ်။ ယန့်ဝမ်ကလည်း လင်ယုံရဲ့သတ္တိဗျတ္တိတွေကို သိရှိတာကြောင့် သူနဲ့အတူလိုက်ပါစေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ စစ်မြေပြင်က အနောက်မြောက်နယ်စပ်ဒေသက သောဟော်တိမျိုးနွယ်စုတွေရဲ့ပုန်ကန်မှုဖြစ်တယ်။ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးပြီး ရာသီဥတုက အရိုးကွဲလောက်အောင်အေးတယ်။ ယန့်ဝမ်က အသာစီးရဖို့အတွက် ဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့်ကြိုးစားခဲ့ရတယ်။

တစ်ကြိမ် တိုက်ပွဲငယ်လေးတစ်ခုအတွင်းမှာ ယန့်ဝမ်ချောင်းမြောင်းလုပ်ကြံခံရတဲ့အချိန် လင်ယုံကအသက်ပေးလို့ကယ်တင်ခဲ့တယ်။ သူက ကျောကုန်းမှာမြားသုံးချောင်းစိုက်ခံရတာတောင်မှ ရန်သူကိုဖောက်ထွက်ဖို့ ယန့်ဝမ်ကိုကူညီခဲ့တယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ စစ်ဆင်ရေးကျရှုံးတဲ့ သောဟော်တိမျိုးနွယ်စုတွေက သူတို့ရဲ့ဒေါသကို သေဆုံးပြီးသားလင်ယုံအပေါ်ပုံချခဲ့တယ်။ သူတို့က လင်ယုံရဲ့ခေါင်းကိုဖြတ်ပြီး မြို့တံခါးဝမှာ ချိတ်ဆွဲထားခဲ့ကြတယ်။ ယန့်ဝမ်ကိုပြသဖို့အတွက်ဖြစ်ပါတယ်။

ယန့်ဝမ်က တစ်နှစ်တိတိအချိန်ယူပြီးမှ သောဟော်တိမျိုးနွယ်စုကို အပြီးသတ်ချေမှုန်းလိုက်နိုင်တယ်။ အမျိုးသားကြီးငယ်မှန်သမျှ သုတ်သင်ခံရပြီး အသက်ကြီးသူတွေ အမျိုးသမီးတွေ ကလေးငယ်တွေသာကျန်ရှိခဲ့တယ်။ နောက်တစ်နှစ်အတွင်းမှာတော့ ယန့်ဝမ်က မြောက်ပိုင်းက အခြားမျိုးနွယ်စုနှစ်ခုနဲ့အတူ အုပ်ချုပ်မှုပုံစံအသစ်ကို ဖွဲ့စည်းပေးခဲ့ပြီး အနောက်မြောက်ပိုင်းအခြေအနေတွေ ငြိမ်းချမ်းသွားတဲ့အခါမှ လင်ယုံရဲ့အရိုးပြာကိုသယ်ဆောင်လို့ မြို့တော်ဆီပြန်လာခဲ့တယ်။

ယန့်ဝမ်ရဲ့အောင်မြင်မှုသတင်းတွေက မြို့တော်တခွင်လုံးပျံ့နှံ့နေခဲ့ပြီး တိုင်းသူပြည်သားတွေအားလုံးက ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြတယ်။ မင်းဆရာကျန်းရဲ့သင်ကြားမှုအောက်မှာ ရင့်ကျက်လာပြီဖြစ်တဲ့ဧကရာဇ်လေးကတော့ ယန့်ဝမ်ဆီကို စာချွန်လွှာပို့ပြီး လိုရာဆုတစ်ခုတောင်းစေခဲ့တယ်။ ယန့်ဝမ်က တိုင်းပြည်ရဲ့အမြင့်ဆုံးဖြစ်တဲ့ ချင်းဝမ်ဘွဲ့ခံဖြစ်ပြီး ဘုရင်ကိုယ်စားအုပ်ချုပ်သူအဖြစ်အာဏာရှိတယ်။ ဒီကမ္ဘာပေါ်မှာ သူလိုအပ်နေတဲ့အရာ ဘာမှမရှိဘူး။ အကယ်၍ တစ်ယောက်ယောက်က လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကသေဆုံးသွားခဲ့တဲ့ သူ့ရဲ့ဝမ်ဖေးအကြောင်းပြောမယ်ဆိုပါစို့.. ဒါဆို.. သူ့မှာလိုအပ်နေတဲ့အရာ ဇနီးအသစ်တစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

သို့ပေမယ့်လည်း ယန့်ဝမ်တောင်းဆိုတဲ့ဆုကတော့ လူအားလုံးမထင်မှတ်ထားတဲ့အရာပါ။ သူက ငွေသားတွေကိုလည်း မတောင်းခဲ့သလို သူ့ရဲ့တစ်ဦးတည်းသောသားအတွက် ရာထူးတစ်နေရာကိုလည်း မတောင်းခဲ့ပါဘူး။ အဲဒိအစားသူက တိုင်းပြည်ကိုပေးဆပ်ရင်းကျဆုံးသွားခဲ့တဲ့လင်ယုံအတွက် မြို့စားနေရာတစ်ခုသာ တောင်းဆိုခဲ့ပါတယ်။ ယန့်ဝမ်တောင်းဆိုတဲ့ဆုက ဂုဏ်ပုဒ်တစ်ခုအပြင်ဘာမှမပိုဘူး။ ဒါက ယန့်ဝမ်အိမ်တော်ကို ချီးမြှင့်တာထက် အများကြီးပိုလွယ်ကူတယ်။ ပြီးတော့ နန်းတွင်းရဲ့ဂုဏ်သတင်းလည်း ပိုမွှေးလာလိမ့်မယ်။ ဒါကြောင့် အမတ်ချုပ်ကျန်းက တွေဝေတုန့်ဆိုင်းမှုမရှိ ယန့်ဝမ်ရဲ့တောင်းဆိုချက်ကိုလက်ခံပြီး လင်ယုံကို ကျုံးယုံမြို့စားဘွဲ့ချီးမြှင့်ခဲ့တယ်။ 

လင်ယုံရဲ့ဇနီးသည်က လွန်ခဲ့တဲ့နှစ်များစွာကတည်းက သေဆုံးသွားခဲ့ပြီး သူ့မှာ သမီးတစ်ယောက်ပဲကျန်ရှိခဲ့တယ်။ ကျုံးယုံမြို့စားဘွဲ့အတွက် ဆက်ခံသူမရှိဘူး။ ဒါကြောင့် လင်ဝေ့ရှီးလုပ်နိုင်တဲ့အရာကတော့ သူ့အဖေရဲ့အရှိန်အဝါအောက်မှာ စည်းစိမ်တွေကိုခံစားဖို့အပြင် မရှိနိုင်တော့ပါဘူး။ 

စိတ်ထိခိုက်စရာကောင်းလှတဲ့ လင်ယုံသေဆုံးမှုသတင်းကို ယွမ်ကျားဒုတိယနှစ်မှာ လင်အိမ်တော်ဆီသတင်းပို့စေခဲ့သူကတော့ ယန့်ဝမ်ကိုယ်တိုင်ပါ။ ဒါပေမယ့် ယွမ်ကျားစတုတ္ထနှစ်ဆယ်လပိုင်းရောက်မှပဲ မြို့စားဘွဲ့ချီးမြှင့်ခံခဲ့ရတယ်။ ဒီအချိန်မှာ လင်ဝေ့ရှီးရဲ့ဝမ်းနည်းပူဆွေးခြင်းကာလ သုံးနှစ်မပြည့်သေးပါဘူး။ မူလလင်ဝေ့ရှီးရဲ့ကိုယ်ခန္ဓာက အားနည်းတယ်။ သူ့အမေကလည်း သူ့ကိုမွေးရင်းသေဆုံးသွားခဲ့ပြီးပြီ။ ဒီနှစ်တွေအတွင်းမှာ အပြန်အလှန်အားကိုးစရာဆိုလို့ ဒီသားအဖနှစ်ယောက်ပဲရှိတယ်။ ဒါကြောင့် သူ့ဖခင်ရဲ့အရိုးပြာ မွေးရပ်မြေရှိရာရောက်ရှိလာတဲ့အထိသာ ခံနိုင်ရည်ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်လကအကြောင်းကို လင်ဝေ့ရှီးမှတ်မိပါသေးတယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်မိန်းကလေးက သူမရဲ့အိပ်မက်ထဲ ရုတ်တရက်ပေါ်လာခဲ့ပြီး အပြုံးလေးနဲ့မဝံ့မရဲပြောခဲ့တာက ဖခင်ဖြစ်သူကိုသွားရှာပါတော့မယ်တဲ့လေ။ 

မိဘမဲ့မိန်းကလေးငယ်တစ်ယောက်ရဲ့အမြင်မှာ ဖခင်ထက်အရေးကြီးတဲ့အရာ ဘာမှမရှိဘူး။ နန်းတွင်းကချီးမြှင့်တဲ့စည်းစိမ်ချမ်းသာမြေယာတွေက ဖခင်ရဲ့အရိုးပြာနဲ့နှိုင်းယှဉ်ရင်ဘာမှမဟုတ်ဘူး။ ဒါကြောင့် မူလပိုင်ရှင်က စိတ်ဖြောင့်ဖြောင့်နဲ့ထွက်သွားနိုင်ဖို့အရေး ဖခင်ကိုစောင့်မျှော်နေခဲ့ရတာဖြစ်ပါတယ်။ 

အချိန်က ယွမ်ကျားပဉ္စမနှစ်ရဲ့ ဦးဆုံးလဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဆယ့်နှစ်လပိုင်းမှာ ကောင်းရှီးသေဆုံးသွားခဲ့ပြီး မူလပိုင်ရှင်က လင်ယုံနောက်လိုက်သွားခဲ့တယ်။ နောက်ပြီး လင်မိသားစုနဲ့ရေစက်ပါတဲ့ကောင်းရှီးက တဖန်ပြန်လည်မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။

ကောင်းရှီးက… ဟင့်အင်း အခုဆို လင်ဝေ့ရှီးလို့ပြောရတော့မှာပေါ့…။ လင်ဝေ့ရှီးက သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ရေသွားခပ်လာခဲ့ပြီး ကိုယ်လက်သန့်စင်တယ်။ ဒါတွေက သူ့အရင်ဘဝမှာ တွေးတောင်မတွေးဖူးတဲ့အရောတွေ။ နယ်စားအိမ်တော်မှာ ဒုတိယတန်းစားအစေခံတွေတောင်မှ တံမြက်စည်းလှည်း စတဲ့အလုပ်ကြမ်းတွေမလုပ်ရဘူး။ လင်ဝေ့ရှီးဆို မွေးလာကတည်းက လက်ဆေးမယ်ဆို လက်ချောင်းတွေကို အရံသင့်ဖြန့်ကားထားပေးရုံပဲ။ အစေခံမိန်းကလေးတွေက ဆေးကြောသုတ်သင်ပေးကြတယ်။ အခုတော့ သူက မျက်နှာသစ်တာ ဆံပင်ဖြီးတာကအစ အဝတ်အစားလျှော်ဖွတ်ရေးကိုပါ ကိုယ်တိုင်လုပ်နေရပါပြီ။

သူ့အဖေလင်ယုံက နန်းတွင်းကချီးမြောက်တဲ့မြို့စားဖြစ်ပါတယ်။ ဒါက မြို့တော်က ချမ်းသာတဲ့မိသားစုတွေနဲ့ မယှဉ်နိုင်ဘူးဆိုရင်တောင် မြို့သေးသေးလေးတစ်ခုမှာတော့ လင်ဝေ့ရှီးတစ်သက်တာ ပူပန်မှုမရှိ နေထိုင်စားသောက်ဖို့လုံလောက်တယ်။ ဒါပေမယ့်အခုတော့ လင်ဝေ့ရှီးက အရာအားလုံးကိုယ်တိုင်လုပ်နေရတယ်။ အတိအကျပြောရရင် ဆုချီးမြှင့်တဲ့နေ့က စပြီးဖြစ်ပါတယ်။

မြို့တော်က ဧကရာဇ်လေးက အသက်(၈)နှစ်အရွယ်မှာ နန်းတက်ပြီး ဒီနှစ်ရောက်မှ အသက်(၁၂)နှစ်ပဲရှိသေးတယ်။ ကလေးတစ်ပိုင်း လူကြီးတစ်ပိုင်း ဧကရာဇ်လေးက တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်သေးပါဘူး။ ဧကရာဇ်လေးမှာ အာဏာရှိတယ်ဆိုသော်ငြားလည်း တိုင်းပြည်တစ်ခုလုံးရဲ့အမိန့်စာပြန်တမ်းတွေက အမတ်ချုပ်ကျန်းရှောင်းလျန်ဆီက လာပါတယ်။  

ကျန်းရှောင်းလျန်က နန်းတွင်းအမတ်တွေကိုအုပ်ချုပ်တယ်။ သူက ဆုချီးမြှင့်တဲ့ကိစ္စကို ချက်ချင်းဆိုသလို အောက်ကလူတွေကိုတာဝန်လွှဲပေးလိုက်တယ်။ မြို့စားကျုံးယုံမှာက သူရဲကောင်းဂုဏ်ပုဒ်ကိုဆက်လက်ဆက်ခံမယ့် ညီအစ်ကိုလည်းမရှိဘူး၊ သားလည်းမရှိဘူး။ တစ်ဦးတည်းသော သမီးတစ်ယောက်ပဲကျန်တယ်။ ဒါကြောင့် လင်ဝေ့ရှီးရဲ့ပစ္စည်းဥစ္စာတွေက မင်းမှုထမ်းတွေ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လောက်တောင်ဖြတ်စားလာဘ်စားလုပ်ခံထားရမလဲ… လူတိုင်း တွေးကြည့်ရုံနဲ့သိနိုင်တယ်။

ဒီအကြောင်းကိုတွေးမိလေလေ လင်ဝေ့ရှီး ဒေါသထွက်လေလေပဲ။ သူက အရောက်နောက်ကျသွားလို့ နန်းတွင်းကိုယ်စားလှယ်ရောက်လာတဲ့နေ့ကို မမှီလိုက်ဘူး။ နန်းတွင်းကချီးမြှင့်တဲ့အဓိကပစ္စည်းတွေကို အရာရှိတွေက ထိန်းသိမ်းလိုက်ကြပြီး အရိုးအရင်းလေးတွေကိုပဲ အဒေါ်လင်တို့မိသားစုဆီမှာ ထားခဲ့ကြတယ်။ အဆုံးမှာတော့ သမီးအရင်းဖြစ်တဲ့လင်ဝေ့ရှီးလက်ထဲကို မြို့စားကျုံးယုံသမီးဆိုတဲ့ အမည်နာမတစ်ခုပဲ ရောက်လာတယ်။

လင်ယုံရဲ့ပစ္စည်းတွေကိုပြန်ရချင်ရင်တော့ ဟိုကပ်သည်ကပ်လိုက်အကူညီတောင်းဖို့အတွက် လင်ဝေ့ရှီးက ပိုက်ဆံတွေသုံးရဦးမှာ။ အကယ်၍အတိတ်ဘဝကသာဖြစ်မယ်ဆိုရင် လင်ဝေ့ရှီးအနေနဲ့ စကားလေးတစ်ခွန်းနှစ်ခွန်းပြောလိုက်ရုံပဲ။ ဒါပေမယ့် အခု သူက ယန့်ဝမ်အိမ်တော်သခင်လေးဇနီးမှမဟုတ်တော့တဲ့အတွက် သူ့ဖာသာ နည်းလမ်းရှာဖို့ပဲရှိတယ်။

လင်ဝေ့ရှီးက နန်းတွင်းရဲ့အမိန့်ပြန်တမ်းအကြောင်း၊ သူရဲကောင်းတံဆိပ်အကြောင်းတွေးတောရင်း လက်ထဲကတဘက်ကို ရေနှစ်လိုက် လိမ်ညှစ်လိုက်လုပ်ပြီး တကိုယ်ရေသန့်ရှင်းရေးလုပ်နေတယ်။ ဒီလင်ဝေ့ရှီးရဲ့ပုံပန်းသွင်ပြင်အကြောင်းပြောရမယ်ဆိုရင်တော့ တကယ့်ကို ပါးစပ်အဟောင်းသားဖြစ်ရမှာပဲ။ သူ့အရင်ဘဝမှာ အထက်တန်းလွှာတွေ မင်းမျိုးမင်းနွယ်တွေ အလှပေါင်းများစွာကို စုံစုံလင်လင်မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုလင်ဝေ့ရှီးရဲ့မျက်နှာပုံပန်းကိုတော့ ဘယ်သူမှမှီနိုင်မယ်မထင်ဘူး။ အလွန်တရာသိမ်မွေ့လှပြီး စာဖွဲ့မရလောက်အောင်လှပလွန်းတယ်။ လူတွေကို ကိုယ့်ကိုကိုယ်သိမ်ငယ်စေလောက်တဲ့အထိ လှပပါတယ်။

လင်ဝေ့ရှီးက မျက်နှာသစ်ပြီး လက်မောင်းတွေကိုပွတ်တိုက်ရုံပါ။ ဒါပေမယ့် အခန့်မသင့် ရေတွေကြမ်းပြင်ပေါ်မှောက်ကျသွားတယ်။ သူက ခဏရပ်သွားပြီးမှ ကြမ်းပြင်ကိုသုတ်ဖို့ တစ်ခုခုသွားရှာမယ်ပြင်ပါတယ်။ ဒါပေမယ့် အခန်းတံခါးဝကိုလက်တင်လိုက်တဲ့အချိန်မှာ ရုတ်တရက် အပြင်ဘက်ကအသံတွေကြားလိုက်ရတယ်။

ဒေါ်လေးလင်က လင်ဝေ့ရှီးမနိုးသေးဘူးလို့ထင်နေတာ၊ ဒါပေမယ့် နိုးနေရင်တောင် ဂရုမစိုက်ဘူး၊ သူတို့ပြောစကားတွေကို လင်ဝေ့ရှီးကြားသွားမှာ ပူမနေဘူး။ ဒေါ်လေးလင်က တစ်သက်လုံး အသက်ရှင်ဖို့ရုန်းကန်ခဲ့ရတယ်။ နောက်တော့ ရုတ်တရက်ပဲ အရာရှိတစ်ချို့ သူ့အိမ်တံခါးဝရောက်လာပြီး နန်းတွင်းအမိန့်ပြန်တမ်းနဲ့ ဆုလာဘ်များစွာကို ပေးသွားခဲ့တယ်။ ဒါကြောင့် ဒေါ်လေးလင် လောဘမကြီးဘူးဆိုမှ ထူးဆန်းနေတဲ့ဖြစ်ရပ် ဖြစ်လိမ့်မယ်။  

“ကျွန်မမောင်က အသက်တိုရမယ့်ဇာတာပါလာတယ်။ မိန်းမကလည်း ကလေးမွေးရင်းသေ၊ သူကိုယ်တိုင်ကလည်း စစ်ပွဲမှာ သူများကိုကယ်ရင်းသေတယ်၊ အဟင့်.. ကျွန်မက မောင်လေးကို သိပ်ချစ်တာပါ၊ ရှင်လည်းသိတဲ့အတိုင်းပဲ ကျွန်မတို့အိမ်မှာ ကျွေးမွေးရမယ့်ပါးစပ်ပေါက်တွေလည်းများတယ်၊ မောင်လေးက လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက သူ့သမီးကို အိမ်မှာလာအပ်သွားတာ၊ ရုတ်တရက်ကြီး ကျွန်မတို့မှာ ပြုစုရမယ့်လူမမာတစ်ယောက်တိုးလာတယ်၊ ဒါပေမယ့် ကျွန်မ ငြိုငြင်ခဲ့ဖူးလို့လား”

တံခါးရွက်ပေါ်ကလင်ဝေ့ရှီးရဲ့လက် ရုတ်တရက်ရပ်သွားတယ်။ သူက တံခါးကိုဖြတ်ပြီးဝင်လာတဲ့ အပြင်က စကားသံတွေကို တိတ်တဆိတ်နားထောင်နေပါတယ်။

“ယောင်းမလင်… ယောင်းမလင်က စိတ်ကောင်းနှလုံးကောင်းရှိလို့ တူမလေးကို ခြောက်နှစ်လုံးလုံးစောင့်ရှောက်လာတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် အခု ယောင်းမရဲ့မောင်မှာ ကျော်ကြားမှုတွေရှိနေပြီ၊ အစ်မရှီးက ဝန်ထုတ်ဝန်ပိုးလူနာကြီးမဟုတ်တော့ဘူး၊ မြို့စားသမီးဖြစ်နေပြီ၊ သူက ယောင်္ကျားလေးမဟုတ်တာ ကံဆိုးတယ်၊ ရာထူးကိုဆက်ခံလို့မရပေမယ့် ငွေကြေးကတော့ လူတွေကို သစ္စာမဖောက်ပါဘူး၊ အစ်မရှီးမှာက ခန်းဝင်ပစ္စည်းတွေအများကြီးရှိတယ်၊ နောင်အနာဂတ်မှာ ကောင်းကောင်းမွန်မွန်လက်ထပ်နိုင်မှာ”

ဒေါ်လေးလင်က ဒီစကားတွေကိုကြားပြီး မသက်မသာဖြစ်သွားတယ်။

“ကျွန်မက သူ့ရဲ့တစ်ဦးတည်းသောအစ်မပါ၊ အခု သူကသေသွားပြီ၊ သူပိုင်တဲ့ငွေတွေကို ကျွန်မလည်းရနိုင်တာပဲ မဟုတ်ဘူးလား၊ သမီးတွေက တခြားမိသားစုအတွက်ဖြစ်သွားမှာပဲလေ၊ ကျွန်မက တအူတုံဆင်းမောင်နှမရင်းပါ၊ ပြီးတော့ အစ်မရှီးက ရာထူးဆက်ခံလို့မရပေမယ့် ကျွန်မတို့အိမ်ကသား လီတက ယောင်္ကျားလေးတစ်ယောက်လေ ပြောကြည့်ပါဦး”

လီတက ဒေါ်လေးလင်ရဲ့သားဖြစ်ပြီး အသက်(၁၉)နှစ်ပြည့်ပြီး လက်မထပ်ရသေးပါဘူး။ သူက တစ်နေ့လုံး ရွာရိုးကိုးပေါက်လျှောက်သွားနေတတ်တာ အခုလည်း ဘယ်သွားနေမှန်း မသိကြပါဘူး။

အဘွားဝမ်က ရွာရဲ့နာမည်ကြီး အောင်သွယ်တော်တစ်ယောက်ဖြစ်တယ်။ သူမက စကားတွေကိုကြားပြီး ရယ်မောဖို့ပဲတတ်နိုင်တယ်။ အပြင်ပန်းမှာတော့ ယဉ်ကျေးသယောင်ပြုထားရပေမယ့် အဘွားဝမ်က စိတ်ထဲကျိတ်မတွေးဘဲ မနေနိုင်ဘူး။ … စည်းစိမ်ဥစ္စာဆိုတာ ညီအစ်ကိုတွေ သမီးတွေကိုပဲ ချန်ထားခဲ့ကြတာမဟုတ်ဘူးလား…. ဘယ်နှယ့် သူ့ကျမှ…ပေါက်ပေါက်ရှာရှာ… အစ်မရဲ့သားက ဆက်ခံရမယ်တဲ့.. ကြား ကြားဖူးပါဘူးတော်…

ဒါပေမယ့် သူက အောင်သွယ်တော်တစ်ယောက်ပါ။ ဒေါ်လေးလင်နဲ့မျက်နှာပျက်စရာအကြောင်းမရှိတဲ့အတွက် ရယ်ရယ်မောမောဆက်ပြောလိုက်ပါတယ် “ယောင်းမလင်ပြောတာမှန်ပါတယ်၊ ယောင်းမကအခု အစ်မရှီးရဲ့အဒေါ်၊ သူ့ခမျာ မိဘတွေလည်း မရှိတော့ဘူးဆိုတော့ လက်ထပ်တဲ့ကိစ္စတွေကို ယောင်းမကပဲ စီမံပေးရမှာ၊ လျှိုမြေပိုင်ရှင်အိမ်ကသားက အခုအရမ်းကိုရေပန်းစားနေတာ၊ တကယ်လို့ အစ်မရှီးသာ သူနဲ့အိမ်ထောင်ကျရင် သခင်မလေးတစ်ယောက်လို နေရမှာ၊ လယ်အလုပ်တွေရော အိမ်အလုပ်တွေရောလုပ်စရာမလိုဘူး၊ အစေခံတစ်ယောက်လည်းရှိဦးမှာ၊ ယောင်းမ… ကျွန်မကို ဘက်လိုက်တယ်လို့ အပြစ်မမြင်ပါနဲ့၊ ဒါပေမယ့် လျှိုမြေပိုင်ရှင်အိမ်က အရမ်းကောင်းတာနော့၊ ဆယ်မိုင်ပတ်လည် ရွာရှစ်ရွာက မိန်းကလေးတွေ ဘယ်လောက်များများ သူတို့အိမ်နဲ့လက်ဆက်ချင်ကြလဲ သိရဲ့လား၊ အခု လျိုအိမ်က အစ်မရှီးကိုသူတို့ရဲ့တရားဝင်ဖြစ်စေချင်တာ၊ ဒါ လက်မလွှတ်သင့်တဲ့အခွင့်အရေးနော့်”

လက်မလွှတ်သင့်ဘူး… ဘာကလက်မလွှတ်သင့်တာလဲ။ လင်ဝေ့ရှီးရဲ့နာမည်အောက်မှာ အမွေပစ္စည်းတွေက တောင်ပုံရာပုံ၊ ပြီးတော့ ထောက်ပံ့ရမယ့် တူသားမောင်ဘွားလည်း မရှိဘူး၊ သူ ဘယ်သူ့ကိုလက်ထပ်လက်ထပ် အဲဒိလူက အချီကြီးပွပေါက်တိုးမှာမဟုတ်ဘူးလား၊ ပြီးတော့ ကျုံးယုံမြို့စားရာထူး ဆိုတာကြီးကိုလည်း အသုံးချလို့ရဦးမယ်၊ အရာရှိဖြစ်ချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် စီးပွားရေးလုပ်ချင်တာပဲဖြစ်ဖြစ် နန်းတွင်းစာမေးပွဲဝင်ဖြေချင်ရင်တောင်မှ ရသေးတယ်၊ ရမယ့်အကျိုးတွေက အဲ့သလောက်များတာကို… 

တံခါးပေါ်က လင်ဝေ့ရှီးရဲ့လက်တွေ အလိုလျောက်ဆုပ်ကိုင်မိသွားတယ်။ သူ့အဖေရဲ့ ဝမ်းနည်းခြင်းနှစ်ပတ်လည်က မပြီးသေးဘူး.. လူတွေက အိမ်ထောင်ပြုဖို့ လာဆွယ်ရဲနေကြပြီလေ..

……………