(3) ယန့်ဝမ်
Viewers 13k

(3) ယန့်ဝမ် 

တကယ်လို့ လွန်ခဲ့တဲ့သုံးလလောက်ကသာ တစ်စုံတစ်ယောက်က လင်ဝေ့ရှီးကို လက်ထပ်ဖို့ကမ်းလှမ်းလာတယ်ဆိုရင် ဒေါ်လေးလင်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်ထည့်ပေးလိုက်ဦးမှာ။ ဒါပေမယ့် အခုတော့…

ဒေါ်လေးလင် ဝေခွဲမရဖြစ်နေရတယ်။ သူက လျှိုမြေပိုင်ရှင်ရဲ့မျက်နှာကိုလည်း အိုးမည်းမသုတ်ရဲဘူး။ သူ့မောင်ရဲ့ပစ္စည်းတွေကိုလည်း လက်မလွှတ်နိုင်ဘူး။ မိဘအိမ်ကထွက်ပြီး အခြားမိသားစုနဲ့လက်ထပ်ခဲ့တဲ့ အစ်မတစ်ယောက်အနေနဲ့ လင်မိသားစုအကြီးအကဲလို့ သတ်မှတ်လို့မရဘူး။ အကယ်၍ လင်ယုံရဲ့ပိုင်ဆိုင်မှုတွေကို ယူချင်တယ်ဆိုရင်တောင် နည်းနည်းပါးပါးပဲရလိမ့်မယ်။ ဒါပေမယ့် လင်ဝေ့ရှီးသာ သူ့သားကို လက်ထပ်လိုက်ရင်တော့ လင်ယုံရဲ့ပိုင်ဆိုင်မှုတွေအားလုံးက သူ့မိသားစုအတွက်ပဲဖြစ်သွားလိမ့်မယ်။ ဖြစ်နိုင်ရင် မြို့စားကျုံးယုံဆိုတဲ့ဂုဏ်ပုဒ်ကိုတောင် သူ့သားလီတအတွက် အုပ်ချုပ်သူတွေဆီမှာ တောင်းနိုင်လိမ့်ဦးမယ်။ …. ဒါက မြို့စား… နယ်နယ်ရရမဟုတ်ဘူး… ဘေးအိမ်က စာပေသမားဆိုတာထက် အများကြီးပိုကောင်းတယ်…။ ဒေါ်လေးလင်က သိပ်ကိုမနာလိုအားကျနေရပါတယ်။

ဒေါ်လေးလင်နဲ့အဘွားဝမ်မှာ ကိုယ်စီရည်ရွယ်ချက်လေးတွေရှိပြီး တစ်ယောက်ကိုတစ်ယောက် လွန်ဆွဲနေကြတယ်။ သက်ရှိလူသားလင်ဝေ့ရှီးကိုတော့ အလှဆင်ပစ္စည်းတစ်ခုအဖြစ် လုံးလုံးသတ်မှတ်ထားကြတယ်။ လင်ဝေ့ရှီးက အခန်းထဲမှာမတ်တပ်ရပ်နေပြီး စကားတွေကိုနားထောင်ရင်း မဲ့ပြုံးပြုံးလိုက်မိတယ်။ နောက်တော့ ရုတ်တရက် သုန်မှုန်သွားရင်း တံခါးကိုတွန်းဖွင့်လိုက်တော့တယ်။

သစ်သားတံခါးက နံရံနဲ့ပြေးဝင်ဆောင့်သွားလေရဲ့။ ခြံဝင်းထဲကလူနှစ်ယောက်လည်း လန့်ဖြန့်သွားတာပေါ့။ ဒေါ်လေးလင်က ကြောက်လန့်တကြားလှမ်းကြည့်ပြီး လင်ဝေ့ရှီးလက်ချက်မှန်းသိသွားတယ်။ တုန်လှုပ်မှုက ဒေါသတွေအဖြစ် ပြောင်းသွားတော့တာပဲ “မနက်စောစောစီးစီး ဘာတွေလျှောက်လုပ်နေတာလဲ၊ တံခါးကျိုးသွားရင် နင်လျော်နိုင်လို့လား” 

“ဘာလို့ မလျော်နိုင်ရမှာလဲ” လင်ဝေ့ရှီးက ကျောကိုမတ်ပြီး ကြည်လင်တဲ့မျက်ဝန်းတွေနဲ့ ဒေါ်လေးလင်ကိုစိုက်ကြည့်ပေးလိုက်တယ်။ အဖြူနဲ့အနက်ရောထားတဲ့ သူ့ရဲ့မျက်ဝန်းတွေက သိပ်ကိုကြည်လင်ပြတ်သားနေခဲ့တယ်။ ကမ္ဘာပေါ်က ဘယ်လိုအညစ်အကြေးမျိုးဖြစ်ပါစေ အဲဒိမျက်လုံးတွေထဲဝင်ဖို့ မထိုက်တန်ဘူး။ မနှစ်မြို့စရာကောင်းတဲ့ ယုတ်ရင်းကြမ်းတမ်းတဲ့အရာတွေက ဒီမျက်ဝန်းအောက်ကနေ လွတ်သွားစရာအကြောင်းကိုမရှိဘူး “လင်… အဖေက တိုင်းပြည်အတွက်အသက်စွန့်သွားတာ၊ နန်းတွင်းကသူ့ကို မြို့စားဘွဲ့ချီးမြှင့်ထားတယ်၊ ဒေါ်ဒေါ်က ကျွန်မအဖေရဲ့ပစ္စည်းတွေအများကြီးကို လက်ဝါးကြီးအုပ်ထားပြီးတာတောင် ဒီလိုသစ်သားတံခါးသေးသေးလေးတစ်ချပ်အတွက် နှမြောနေတုန်းပဲလား”

အဘွားဝမ်က အခန်းထဲကလူကိုမြင်ပြီး သက်ပြင်းတစ်ချက်ကိုချတယ်။ လင်မျိုးနွယ်အမျိုးသမီးရဲ့အိမ်မှာ မိဘမဲ့ကလေးတစ်ယောက်ရှိမှန်း သူသိတယ်။ ကောင်မလေးက အမြဲတမ်းချုချာနေတတ်ပြီး လူမြင်ကွင်းကိုထွက်လာလေ့မရှိဘူး။ ဒါကြောင့် အဘွားဝမ်က လင်ဝေ့ရှီးကို ဘယ်တုန်းကမှ မမြင်ဖူးဘူး။ နန်းတွင်းကဆုတွေချီးမြှင့်လိုက်တော့မှပဲ အဘွားဝမ်က သူ့ကိုမှတ်မိတော့တာ။ အခုတော့ တစ်ရွာလုံးက လင်ဝေ့ရှီးကို အာရုံစိုက်နေကြပြီ။ ဝဖိုင့်ဖိုင့်အဘွားဝမ်က လျှိုမြေပိုင်ရှင်ဆီက တံစိုးလက်ဆောင်လက်ခံပြီး အောင်သွယ်တော် အပြေးကလေးလာလုပ်ရတာဖြစ်ပါတယ်။

အဘွားဝမ်ရဲ့စိတ်ထဲမှာ လင်ဝေ့ရှီးဆိုတာ အမွေတွေတောင်ပုံရာပုံပိုင်ဆိုင်ထားတဲ့ အချိန်မရွေးသေသွားနိုင်တဲ့ ရှူနာရှိုက်ကုန်းရောဂါသည်တစ်ယောက်ဖြစ်တယ်။ တစ်ချိန်ချိန် မီးဇာကုန်ဆီခမ်းသွားမှာပဲ။ ဒါကြောင့် ကမ်းလှမ်းချက်ကို သေချာပေါက်ငြင်းဆိုမှာမဟုတ်ဘူးလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ အဘွားဝမ်က လင်ဝေ့ရှီးကိုမြင်ပြီး ကမ္ဘာပေါ်မှာ သက်ရှိနတ်သမီးတစ်ပါးမြင်လိုက်ရသလိုမျိုး ကိုယ့်မျက်လုံးကိုယ်တောင်မယုံနိုင်တော့ဘူး။ ပြဇာတ်တွေထဲမှာပါတဲ့ ကောင်းကင်ဘုံကနတ်သမီးဆိုတာ တကယ်ရှိတယ်ပေါ့လေ…

အဘွားဝမ်က လင်ဝေ့ရှီးရဲ့အလှမှာနစ်မျောသွားပြီး လက်ထပ်ပွဲကိုအထမြောက်အောင်လုပ်ရမယ်လို့ စိတ်ကိုပိုပြီး ပိုင်းဖြတ်လိုက်တယ်။ ချမ်းသာချက်က စားမကုန်၊ သူရဲကောင်းရဲ့သမီး၊ အလှကထိပ်တန်း၊ ဒီလိုမိန်းကလေးမျိုးကိုမှ မြန်မြန်ဆန်ဆန်မဆွဲဆောင်ဘူးဆိုရင် သူရူးနေမှပဲရတော့မှာပေါ့။

ဒေါ်လေးလင်ကလည်း တအံ့တသြဖြစ်သွားသေးတယ်။ လင်ဝေ့ရှီးလှပတာ သူသိတယ်၊ ဒါပေမယ့် မတိုင်မီကဆို လင်ဝေ့ရှီးက အမြဲတမ်းအခန်းထဲမှာပဲ တံခါးပိတ်ပြီး တစ်ယောက်တည်းနေလေ့ရှိတယ်။ လူတွေကိုလည်း စကားမပြောဘူး၊ အခြားသူတွေနဲ့လည်း မဆက်ဆံဘူး။ သူက အမြဲတမ်း နေမကောင်းပုံပေါက်နေခဲ့ပြီး မြင်တွေ့ရသူတွေကို ကံမကောင်းဘူးလို့ ခံစားရစေတယ်။  

ဒေါ်လေးလင်လည်း လင်ဝေ့ရှီးရဲ့တွန့်ဆုတ်တွန့်ဆုတ် ရှိုးတိုးရှန်းတန်းအမူအရာတွေကို စိတ်ပျက်ခဲ့တာပါပဲ။ သူ့သားက လင်ဝေ့ရှီးကိုလက်ထပ်ချင်တယ်။ ဒါပေမယ့် ဒေါ်လေးလင်က ဘယ်သောအခါမှ သဘောမတူခဲ့ဘူး။ နောက်ပိုင်းကျတော့ သူက လင်ဝေ့ရှီးကို ပိုလို့တောင်မုန်းလာတယ်။ သူ တထစ်ချယုံကြည်ခဲ့တာ လင်ဝေ့ရှီးက အိမ်သူအိမ်သားတွေကို ကံမကောင်းခြင်းတွေပဲယူဆောင်လာပေးတဲ့ မြေခွေးလိုကလေးမ လို့ပါ။ ဒါပေမယ့် သူက လင်ဝေ့ရှီးကို ခုနှစ်လုံးလုံးကျွေးမွေးလာခဲ့ရတာလေ၊ နှစ်ပေါင်းများစွာကုန်ခဲ့တဲ့ထမင်းတွေကို အလဟဿအဖြစ်မခံနိုင်ဘူး။ ဒေါ်လေးလင်က တွက်ချက်ရေးလုပ်ပြီးသွားပြီ။ နောက်ပိုင်းကျရင် သူက လင်ဝေ့ရှီးကို ချမ်းသာတဲ့အိမ်တစ်ခုမှာ မယားငယ်အဖြစ်ရောင်းစားမှာ။

ဒါပေမယ့်လည်း လင်ဝေ့ရှီးမှာ လင်ယုံရဲ့အမွေတွေရှိကြောင်းသိသွားတဲ့အခါမှာတော့ ဒေါ်လေးလင်က စိတ်ကိုပြောင်းလိုက်တယ်။ နဂိုအတွေးတွေကိုစွန့်လွှတ်လို့မရသေးပေမယ့် အခု သူ့စိတ်တော်တော်ကြီးကို ရှုပ်ထွေးနေပြီ။ 

ဒေါ်လေးလင်က လင်ဝေ့ရှီးကို မျက်လုံးထဲထည့်တာမဟုတ်ဘူး။ ဒါပေမယ့် အခု လင်ဝေ့ရှီးက အခန်းတံခါးကိုတွန်းဖွင့်ပြီး သူ့ကို ဗြောင်ကျကျမေးလာတဲ့အခါမှာတော့ ဒူးတွေတောင် မသိမသာတုန်သွားရလောက်တဲ့အထိ ကြောက်စိတ်ကလေးဝင်သွားရတယ်။ ဒီခံစားချက်က အဆင့်အတန်းမြင့်သခင်မတစ်ယောက်ကို တွေ့လိုက်ရတဲ့အတိုင်းပါပဲ။

ဒေါ်လေးလင်က ခေါင်းကိုယမ်းတယ်။ စိတ်ထဲမှာတော့ ကလေးသာသာလေးကို ကြောက်ရပါ့မလားဆိုပြီး သူ့ကိုယ်သူရယ်ချင်မိသွားတယ်။ သူက မျက်ခုံးကိုဝံ့လို့ မျက်လုံးကိုချီပြီး လင်ဝေ့ရှီးထံ တစ်ချက်ကြည့်ပြီးမှ ကျယ်ကျယ်လောင်လောင် ဆူပူလိုက်ပါတော့တယ်  “ဘာလက်ဝါးကြီးအုပ်တာလဲ၊ အဲဒါတွေက လင်ယုံ ငါ့အတွက်ထားခဲ့တာ၊ နှစ်သစ်ကူးအတွက် ဝယ်စရာခြမ်းစရာတွေကအများကြီး၊ ဒီနှစ်တွေအတွင်းမှာ နင့်ကိုကျွေးမွေးလာရလို့ အသပြာတွေဘယ်လောက်တောင်ကုန်လိုက်လဲသိရဲ့လား၊ အခု ငါ့မောင်ရဲ့ကျေးဇူးနဲ့ နည်းနည်းပါးပါးယူမိတာ ဘာဖြစ်လဲ၊ အိမ်မှာ ကုန်ကျစရိတ် နည်းနည်းပါးပါးသက်သာအောင်လုပ်တာ ဘာဖြစ်လဲ”

“ကျွန်မက ဒေါ်ဒေါ့်အိမ်မှာနေပေမယ့် လီမိသားစုအသပြာတွေကို သုံးစွဲနေတာမဟုတ်ဘူးနော်၊ အဖေက ဒီနှစ်တွေအတွင်း ယန့်ဝမ်လက်အောက်မှာအမှုထမ်းပြီး နှစ်တိုင်းငွေပို့ပေမယ့် ကျွန်မယူထားတာများရှိလို့လား၊ အကုန်လုံး ဒေါ်ဒေါ်သိမ်းသွားတာပဲမဟုတ်ဘူးလား၊ အဲ့ဒါတွေ မပြောနဲ့ဦး… နန်းတွင်းကချီးမြှင့်တဲ့ငွေတုံးသေတ္တာကိုတောင် ဒေါ်ဒေါ်ဖွက်ထားတာပဲလေ၊ အဲဒိငွေတုံးတစ်သေတ္တာက ဒီလိုအိမ်ခြံဝင်းပိစိလေး အခါတစ်ရာပြန်လောက်ဝယ်လို့ရတယ်”

အဘွားဝမ်က လန့်ဖြန့်သွားတာပေါ့… ဘာတဲ့.. ငွေတုံးတစ်သေတ္တာ.. ဟုတ်လား။ ဒေါ်လေးလင်က လျှို့ဝှက်ချက်တွေပေါ်ကုန်လို့ မကျေမချမ်းဖြစ်ပြီး နဖူးကျောကြီးတွေတွန့်ကာပြောဆိုပြန်တယ် “နင်.. ကလေးမလေးက ဘာသိလို့လဲ၊ မဟုတ်တာတွေလျှောက်မပြောနဲ့၊ ဘာငွေတုံးလဲ.. ငွေစငွေနလေးတေဟဲ့… ငါက လင်ယုံရဲ့အစ်မကြီး.. သူ့ကိုနန်းတွင်းကဆုချတာ ငါနည်းနည်းယူလို့မရဘူးလား.. ပြော”

ငွေစငွေနလေးတွေတဲ့… အဟွန့်.. လင်ဝေ့ရှီးက စိတ်ထဲမှာ သရော်နေတယ်။ အခြားလယ်သမားမိသားစုတွေဆို တစ်နှစ်ပတ်လုံးခြစ်ကုပ်စုနိုင်မှ ငွေတုံးနှစ်တုံးသုံးတုံးအပြင် ပိုမရဘူး။ လီမိသားစုမှာတော့ ကျွေးစရာလူတွေလည်းအများကြီး၊ လယ်အထွက်နှုန်းနဲ့အချိုးကျတွက်ကြည့်လိုက်ရင် ငွေတုံးပိုင်ဆိုင်ဖို့ ဘယ်ဖြစ်နိုင်မှာလဲ။ 

လင်ဝေ့ရှီးက အမှန်အမှား မဝေခွဲတတ်တဲ့ ကပ်စီးနည်းတဲ့လူ မဟုတ်ပါဘူး။ နယ်စားအိမ်တော်အကြီးဆုံးမြေးအဖြစ် မွေးဖွားလာတဲ့သူက ရှို့ခန်းမင်းသမီးကြီးရဲ့သင်ကြားပြသမှုတွေကို အချိန်တိုင်းခံယူခဲ့ရတာပါ။ နောက်ပိုင်းမှာလည်း ယန့်ဝမ်အိမ်တော်အုပ်ချုပ်သူသခင်မ ဖြစ်လာခဲ့တယ်။ သူက တွန့်တိုတတ်တဲ့လူမဟုတ်ဘူး။ ဆန့်ကျင်ဘက်ပဲ ကိုယ့်လက်အောက်ငယ်သားတွေအပေါ်မှာ အရမ်းရက်ရောတယ်။ တကယ်လို့ ဒေါ်လေးလင်သာ လင်ဝေ့ရှီးကိုကောင်းကောင်းမွန်မွန်ဆက်ဆံရင်၊ ကိုယ်ချင်းစာပေးတတ်ခဲ့ရင် လင်ဝေ့ရှီးကလည်း လင်ယုံရဲ့မြောက်မြားလှတဲ့အမွေပုံကြီးကို ဒေါ်လေးလင်ကိုမပေးဘဲ တစ်ယောက်တည်းအပိုင်စီးမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့လအတွင်းမှာ လင်ဝေ့ရှီးလေ့လာမိသလောက် ဒေါ်လေးလင်ရဲ့အပြုအမူတွေက သိပ်ကိုစိတ်ပျက်စရာကောင်းခဲ့တယ်။ သူက လင်ဝေ့ရှီးကို တူမအရင်းလို့ သတ်မှတ်တာမဟုတ်ဘူး။ ဝန်ထုတ်ဝန်ပိုးတစ်ခုလိုပဲ သဘောထားတယ်။ နောက်ပိုင်း အမွေတွေအများကြီးမြင်ရတော့မှပဲ ဒေါ်လေးလင်က မောင်နှမချစ်ခြင်းမေတ္တာအကြောင်းတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုတော့တာဖြစ်ပါတယ်။

ဒါပေါ့…. မောင်အရင်းရဲ့စည်းစိမ်ဥစ္စာတွေကို အလွဲသုံးစားလုပ်ဖို့ ဘယ်နည်းလမ်းကအကောင်းဆုံးဖြစ်လိမ့်မလဲ… လင်ဝေ့ရှီးကို လိမ်လိမ်မာမာလေး လီတနဲ့လက်ထပ်စေလိုက်ရုံပဲ… ဒါဆို ပစ္စည်းဥစ္စာတွေက အလိုလျောက် သူတို့အပိုင်ဖြစ်သွားပြီ။ တကယ်လို့ လက်ထပ်ပြီးမှ လင်ဝေ့ရှီးသေဆုံးသွားခဲ့ရင်တောင် ပိုပြီးဟန်ကျပန်ကျဖြစ်လိမ့်မယ်။

လင်ဝေ့ရှီးကလည်း ဒါတွေ အကုန်မြင်တယ်လေ။ သူမရဲ့နှလုံးသားလည်း ဒေါသမီးတွေ ဆထက်တံပိုးတိုးပွားလာရတယ်။ … ဒီအုပ်စုက ဘာအကွက်တွေထွင်နေပြန်ပြီလဲ… အကုန်လုံးက ချစ်တာတွေ မေတ္တာတွေ တရားမျှတတာတွေ ကျင့်ဝတ်တွေကိုပဲ ပါးစပ်ကတတွတ်တွတ်ဆိုနေကြပေမယ့် စိတ်ထဲမှာ သတ်ချင်ဖြတ်ချင် လုယက်ချင်စိတ်တွေပဲပြည့်နေတာ….။နဂိုပိုင်ရှင် ဘယ်လိုသေဆုံးသွားခဲ့လဲ အနည်းဆုံးတော့ လင်ဝေ့ရှီးနားလည်သွားပြီဖြစ်ပါတယ်။ နဂိုပိုင်ရှင်က ရှက်တတ်ကြောက်တတ်ပေမယ့် သူကတော့ သည်းမခံနိုင်ပါဘူး။

ဒါပေမယ့် သူက သူ့အမေရဲ့သင်ကြားပြသမှုတွေကို နားယောင်ပြီး ကိုယ့်ကိုကိုယ်ထိန်းသိမ်းကာ ယဉ်ယဉ်ကျေးကျေးပဲ ပြောဆိုလိုက်ပါတယ် “ကျွန်မကိုပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဒေါ်ဒေါ်ရဲ့ကြင်နာမှုတွေကိုကျေးဇူးတင်ပါတယ်… ဒါပေမယ့် အဖေရဲ့ဝမ်းနည်းခြင်းနှစ်ပတ်လည် မပြီးဆုံးသေးတဲ့အတွက် ဒီစကားတွေ အခုမပြောသင့်သေးပါဘူး… အဘွားဝမ်ကိုလည်း… ဒီနေ့လာရောက်ပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမယ့် ပြန်သွားတဲ့အခါကျရင်တော့ တခြားသူတွေကိုပြောပေးပါ… ကျွန်မ လင်ဝေ့ရှီး အခုချိန်ကစပြီး အဖေ့ရဲ့ကြင်နာမှုတွေကိုအောက်မေ့ပြီး ဘုရားရှေ့မှာပဲ တရားစာရွတ်ဖတ်တော့မှာဖြစ်တယ်…

ဘယ်တော့မှ လက်မထပ်တော့ဘူး… နောက်ပိုင်းတစ်ယောက်ယောက်က အောင်သွယ်ပေးဖို့ပြောလာခဲ့ရင် လက်မခံပါနဲ့”  

လင်ဝေ့ရှီးရဲ့ လက်မထပ်တော့ဘူးဆိုတဲ့အသံကြားတဲ့အခါ ဒေါ်လေးလင်က အဘွားဝမ်ထက်တောင် ပိုပြီးတုန်လှုပ်သွားရတယ် “ဒါဘာစကားလဲ… နင်က လောကကြီးအကြောင်းကို ဘာမှမသိသေးပေမယ့် ငါက လူကြီးတစ်ယောက်အနေနဲ့ နင်အမှားလုပ်နေတာတွေကို ထိုင်ကြည့်နေလို့မဖြစ်ဘူး၊ တောရွာလေးမှာနေရတာ ဘယ်လောက်တောင်အန္တရာယ်များလဲသိရဲ့လား၊ ပူဆွေးခြင်းကာလက နောက်လနည်းနည်းဆိုပြီးပြီ၊ နင်က အရွယ်လေးငယ်တုန်း နင့်ကိုလက်ထပ်ချင်တဲ့လူရှိတုန်း အမြန်ဆုံးလက်ထပ်ရမှာဟဲ့”

လင်ဝေ့ရှီးလည်း ဒေါသတွေကိုချုပ်တည်းပြီး ပြောလိုက်ရတာပေါ့ “ကျွန်မ ဘယ်သူ့ကိုမှ လက်မထပ်ဘူး” စကားဆုံးတာနဲ့ သူက အခန်းရှိရာ လှည့်ထွက်သွားတယ်။

ဒေါ်လေးလင်က လင်ဝေ့ရှီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒေါသအပြည့်နဲ့ဟစ်အော်ပါတယ် “နင်က လိမ္မာယဉ်ကျေးချင်ယောင်ဆောင်ပြီး ဘဝင်မြင့်နေတဲ့မိန်းမပဲ… ဘာ လက်မထပ်ချင်ဘူး ဟုတ်လား… အေး နင်အသက်ကြီးလာရင် ဘယ်သူမှနင့်ကိုလိုချင်မှာမဟုတ်တော့ဘူး… အဲဒိအခါကျရင် နင်ဘာလုပ်မလဲ ငါစောင့်ကြည့်လိုက်ဦးမယ်”

လင်ဝေ့ရှီးရဲ့တစ်ကိုယ်လုံး ရုတ်တရက်တောင့်ခဲသွားလေရဲ့။ ထိုင်းမှိုင်းတဲ့ဆင်းရဲသားခြံဝင်းလေးထဲမှာ လင်ဝေ့ရှီးရဲ့မျက်လုံးတွေ မီးတဝင်းဝင်းတောက်လာတယ်။ 

ဒေါ်လေးလင်ရဲ့စကားတွေက လင်ဝေ့ရှီးရဲ့ချက်ကောင်းကို တစ်ချက်တည်းနဲ့ခုတ်ချလိုက်သလိုပဲ။ သူက အရင်ဘဝမှာ နယ်စားကြီးရဲ့မြေး မင်းသမီးကြီးရဲ့မြေး ဖြစ်ခဲ့ပေမယ့် အိမ်ထောင်ကျပြီးသွားတဲ့အခါမှာတော့ အိမ်ထောင်ရေးကအရမ်းဆိုးရွားခဲ့တယ်။ နောက်ပိုင်းမှာ သူသိသွားခဲ့တာက သူက စည်းကမ်းနားမလည်တဲ့ဇနီးဟောင်းတစ်ယောက်၊ ကျရှုံးသွားခဲ့တဲ့လက်တွဲဖော်၊ ကောင်းရန် ယန့်ဝမ်အိမ်တော်မှာ တရားမျှတစွာလက်ထပ်နိုင်ဖို့ ကိုယ်လုပ်တော်ဖွားသမီးဆိုတဲ့နာမည်ကို ပိုပြီးဂုဏ်တက်စေဖို့ ဖြတ်ကျော်နင်းတဲ့လှေကားထစ်တစ်ခုမျှသာဖြစ်ခဲ့ပါတယ်။ 

ဒါတွေက လင်ဝေ့ရှီးရဲ့နှလုံးသားမှာစိုက်ဝင်နေတဲ့စူးတစ်ချောင်းဖြစ်တယ်။ အခုတော့ ဒေါ်လေးလင်က လင်ဝေ့ရှီးကို ယဉ်ကျေးလိမ်မာချင်ယောင်ဆောင်တယ်၊ အနာဂတ်မှာ လက်ထပ်မယ့်ရှိမှာမဟုတ်ဘူးလို့ အပြင်လူတွေရှေ့မှာကျိန်ဆဲလာတယ်။ ဒေါ်လေးလင်က နဂျီအိမ်ကို ဒုတ်နဲ့ထိုးလိုက်မိပါပြီ။

……..

လင်ဝေ့ရှီးက ရုတ်တရက် ဒီဘက်ကိုလှည့်လိုက်တယ်၊ သူ့မျက်လုံးက မီးဝင်းဝင်းတောက်နေတယ် “ကျွန်မဖာသာ လက်ထပ်ထပ် မထပ်ထပ် ရှင်နဲ့ဘာဆိုင်လဲ၊ ရှင်က ဘာမို့လို့လာပြောနေရတာလဲ၊ နောက်ပြီး ကျွန်မ လက်မထပ်ရင် ရှင်နှိပ်စက်လို့ စောစောစီးစီးသေမှာလေ၊ အဲ့ဒါကောင်းတာမဟုတ်ဘူးလား၊ ကျွန်မသေသွားရင် လင်မိသားစုရဲ့ဂုဏ်သတင်းရော စည်းစိမ်ဥစ္စာရော အကုန်လုံးရှင့်ဟာဖြစ်လာပြီပေါ့”

ဒေါ်လေးလင်က ရုတ်တရက် ထခုန်လိုက်တယ်၊ သူ့ပုံစံက သူ့အမြီးကို တစ်စုံတစ်ယောက်ကတက်နင်းလိုက်သလိုပဲ “ဟဲ့ နင်ဘာစကားပြောတာလဲ”

“ကျွန်မပြောတာ ရှင်းရှင်းလေး နားမလည်ဘူးလား နားကန်းနေလား၊ ရှင့်ရဲ့ယုတ်မာပက်စက်တဲ့အကြံတွေကို ကျွန်မမသိဘူးများ ထင်နေတာလား၊ ဒီမှာ ရှင်းရှင်းလင်းလင်းပြောလိုက်မယ်၊ ကျွန်မ ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး၊ ကျွန်မ လင်ဝေ့ရှီးက လင်မိသားစုလူအဖြစ်မွေးလာပြီး သေရင်လည်း လင်မိသားစုလူအဖြစ်ပဲသေမယ်၊ ကျုံးယုံမြို့စားပိုင်ဆိုင်သမျှအရာအားလုံး ရှင်နဲ့ရှင့်သားဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး”

လင်ဝေ့ရှီးရဲ့ထိုးနှက်ချက်တွေက တစ်ခွန်းနဲ့တစ်ခွန်းအရမ်းမြန်တယ်။ သူက တခြားလူကို ကြားဖြတ်ပြောခွင့် တစ်ခွန်းတစ်လေတောင်ခွင့်မပြုဘူး။ အယုတ္တ အနတ္တစကားတွေ မသုံးပေမယ့် စကားလုံးတွေက ထက်ရှလွန်းတော့ ကြားရတဲ့လူတွေကို ဒဏ်ရာဗရပွဖြစ်အောင် ဓါးသေးသေးလေးတွေနဲ့မွှန်းသလို ခံစားရစေပါတယ်။ ဒေါ်လေးလင်က အဆုတ်ထဲထိအောင် နာကျင်လာရပြီး တစ်ကိုယ်လုံးတုန်ယင်လာပါတယ်။ “နင်  နင် .. ငါ” သူက ဒေါသတွေကြောင့် ရှေ့ဆက်မထွက်နိုင်ဘူး။ 

အဘွားဝမ်လည်း အံ့သြရလွန်းလို့ ပါးစပ်တောင်မစေ့နိုင်တော့ဘူး။ ဒီကောင်မလေးကြည့်ရတာ ပျော့တီးပျော့ဖတ်လေးပေမယ့် ကြမ်းကြမ်းတမ်းတမ်းဆူပူနိုင်ပါ့လား….။ ဒီနှုတ်သီးကောင်းလျှာပါးလေးကိုကြည့်ပါဦး… ဒေါ်လေးလင်ပြောသလို တစ်နေကုန်အခန်းအောင်းနေတယ်ဆိုတာ ဘယ်ဟုတ်မှာလဲ… သူ့ပုံစံက လူတွေကိုဆူပူနေကျပုံစံပဲ…

ဒီလိုထူးဆန်းတဲ့အတွေး ဘယ်ကရောက်လာမှန်း အဘွားဝမ် မသိဘူး။ သူက ခေါင်းကိုယမ်းပြီး အတွေးတွေကိုဘေးဖယ်ထုတ်လိုက်ကာ လင်ဝေ့ရှီကို အပြုံးလေးနဲ့ပြောလိုက်ပါတယ် “အစ်မရှီးက ကိုယ်တိုင်ဆုံးဖြတ်တတ်နေမှကိုး… အဘွားတို့လိုအပြင်လူတွေကတော့ မင်းကိုကြည့်ပြီး စိတ်သောကရောက်ရလို့ ခေါ်ထုတ်ပေးချင်ပေမယ့် အဒေါ်နဲ့တူမကြားသံယောဇဉ်ကိုလည်း ဖြတ်မိမှာစိုးတယ်၊ အခု အစ်မရှီးက ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာနိုင်တာ ပိုကောင်းပါတယ်လေ၊ အစ်မရှီး… အစ်မရှီး အခုအဒေါ်အိမ်မှာနေရတာ သိပ်ပြီးကောင်းလှရယ်မဟုတ်ဘူး၊ လီတက သစ္စာရှိပေမယ့် လီမိသားစုက လယ်သမားတွေလေ၊ ဒါပေမယ့် လျှိုမြေပိုင်ရှင်အိမ်နဲ့လက်ထပ်ရင်တော့ ဆင်စီးပြီးမြင်းရံရမယ်၊ သားရွှေအိုးထမ်းလာသလိုဖြစ်မှာပဲ၊ သခင်မလေးတစ်ပါးလို ခံစားစံစားရမှာ၊ သူတို့က ကိုယ်ပိုင်အစေခံတစ်ယောက်ကိုတောင် ပေးထားဦးမှာတဲ့… အစ်မရှီး…ဒီရွာကိုကျော်သွားပြီးရင် နောက်ထပ်တည်းခိုစရာမရှိတော့ဘူး… စိတ်ကူးမလွဲနဲ့နော်”

လင်ဝေ့ရှီးက ဒေါသထွက်လွန်းလို့ ရယ်မောလိုက်ပါတယ် “ဟွန့်… ရှင်က ကျွန်မရှေ့မှာ ဒီစကားနှစ်ခွန်းကို အလွတ်ရွတ်ဖို့ တော်တော်လေးခက်ခက်ခဲခဲ ကျက်လိုက်ရပုံပဲ၊ ရှင်နဲ့ကျွန်မအဒေါ်က အတူတူပဲ၊ ခြေလှမ်းငါးဆယ်နောက်ဆုတ်တဲ့လူက ခြေလှမ်းတစ်ရာနောက်ဆုတ်တဲ့လူကို ရယ်သွမ်းသွေးတယ်၊ လီမိသားစုက ဝံပုလွေဂူဆိုရင် လျှိုမိသားစုက ကျားခံတွင်းပဲ၊ ရှင့်စိတ်ထဲကယုတ်ယုတ်မာမာအတွေးတွေကို ဘယ်သူကမသိလို့လဲ၊ ဒီမှာ နောက်တစ်ခါထပ်ပြောလိုက်မယ် စဉ်းတောင်မစဉ်းစားနဲ့”

လျှိုမိသားစုက ဒီဒေသမှာရှိတဲ့ အာဏာရှိမြေပိုင်ရှင်မိသားစုဖြစ်ပါတယ်။ ဒီလိုမိသားစုရဲ့သားကို အောင်သွယ်ပေးရတာ အဘွားဝမ်အတွက်တော့ သိပ်ကိုဂုဏ်ယူစရာကောင်းတဲ့ကိစ္စကြီးပဲ။ ဒါပေမယ့် လင်ဝေ့ရှီးက အခု လျှိုအိမ်ရဲ့မျက်နှာကို မြေကြီးပေါ်ချပြီးတက်နင်းပစ်လိုက်ပြီ။ အဘွားဝမ်က ချက်ချင်းဆိုသလို စိတ်အနှောင့်အယှက်ဖြစ်သွားကာ မျက်နှာကိုအောက်ချပြီး ပြောလိုက်တယ် “အရှက်မရှိ မပြောနဲ့၊ မင်းက အဖေလည်းမရှိ အစ်ကိုတွေမောင်တွေလည်းမရှိတဲ့ မိဘမဲ့၊ ငါတို့က မင်းကိုမျက်နှာသာပေးပြီး သူရဲကောင်းသမီးလို့ခေါ်ကြပေမယ့် မင်းကိုယ်မင်း တကယ် မြို့စားအိမ်တော်ကသခင်မလေးလို့များထင်နေလား၊ ငါပြောလိုက်မယ် လျိုအိမ်က မင်းကိုသဘောကျတယ်ဆိုတာ မင်းရဲ့ကံကောင်းခြင်းပဲ၊ မင်း လိမ္မာပါးနပ်ဖို့လိုတယ်၊ ဒီလိုမှမဟုတ်ရင်တော့ လက်မထပ်ချင်ဘူးကနေ လက်ထပ်စရာမလိုဘူးဖြစ်သွားလိမ့်မယ်၊ ဆက်ပြီးဟန်ဆောင်နေမယ်ဆိုရင် လျိုမိသားစုကိုအပြစ်လုပ်မိပြီး မယားငယ်ဘဝရောက်သွားလိမ့်မယ်၊ အချိန်ကျလာရင် ငိုချင်တာတောင် ငိုစရာနေရာရှိမှာမဟုတ်ဘူး”

“ရှင်က ဒုတိယအဆင့်အောင်သွယ်တော်ဖြစ်တာတောင် စကားကြီးစကားကျယ်ပြောရဲတယ်ပေါ့၊ မိန်းမကောင်းတစ်ယောက်ကိုတောင် မယားငယ်အတင်းလုပ်ခိုင်းရဲတယ်” လင်ဝေ့ရှီးရဲ့ကျောက်စိမ်းလိုမျက်ဝန်းတစ်စုံက အဘွားဝမ်ကိုယ်ပေါ်ကျရောက်လာတယ်။ လှောင်ပြောင်လိုတဲ့ခံစားချက်တွေအပြည့်နဲ့ ခပ်အုပ်အုပ်တစ်ချက်ရယ်မောလိုက်တယ် “လေကတော့ကြီးတယ်၊ ချမ်းသာပြီးဝတ်နိုင်စားနိုင်ရင် မြေပိုင်ရှင်ဖြစ်တာပဲလေ၊ သူတို့ကိုယ်သူတို့ ဒေသအာဏာပိုင်အရာရှိများမှတ်နေလား၊ ချမ်းသာတဲ့ရွာငယ်လေးကမြေပိုင်ရှင်ကိုများ ဧကရာဇ်မင်းမြတ်ကြီးထင်နေလား… ရှင်က သူ့သားလက်ထပ်တာကို ဧကရာဇ်သားတော်က တော်ဝင်ကိုယ်လုပ်တော်ရွေးနေတယ်များ မှတ်နေလား”

အဘွားဝမ်က ဒီစကားတွေကိုကြားပြီး သေလောက်အောင်လန့်ဖြန့်သွားရှာတယ် “မင်း အသက်မရှင်ချင်တော့ဘူးလား၊ ဒီလို ခေါင်းဖြတ်ခံရမယ့်စကားတွေလည်း ပြောရဲတယ်လား” 

“ရှင်တို့တွေက လုပ်ရဲမှတော့ ပြောဆိုတာကိုလည်း ခံနိုင်ရမယ်လေ၊ ကလေးကွက်တွေနဲ့လာလှည့်စားနေတာ ရယ်စရာတောင်ကောင်းတယ်၊ ဒီမှာ… ဒီကကြီးမြတ်တဲ့အရီးတော်က ဘယ်လိုလှည့်ကွက်မျိုးမဆိုတွေ့ခဲ့ဖူးတယ်၊ ရှင်တို့တွေ စဉ်းတောင်စဉ်းစားမိမှာမဟုတ်ဘူး” လင်ဝေ့ရှီးရဲ့မျက်ခုံးတန်းတွေ အသာအယာမြင့်တက်လာခဲ့ပြီး ထူထဲကော့ညွှတ်တဲ့မျက်တောင်ရှည်တွေက အနည်းငယ်ငုံ့ရှိုးနေခဲ့ကာ အသံကတော့ ကျောက်စိမ်းကိုဖြတ်တဲ့ရေခဲတွေလိုပဲ။ စကားလုံးတွေက သိသိသာသာကြီးကိုတင်စီးလွန်းပြီး မောက်မာတဲ့သဘောကိုလည်းဆောင်တယ်။ ဒါပေမယ့် လေသံက ကြည်လင်အေးစက်ပြီး နည်းနည်းလေးပျော့ပျောင်းနေတယ်။ လင်ဝေ့ရှီးရဲ့ မြန်ဆန်ပြီးချောမွေ့တဲ့စကားတွေက ကျိန်ဆဲနေတဲ့အချိန်မှာတောင် ကြားရသူတွေကို စိတ်လှုပ်ရှားကျေနပ်မှုလေးတစ်ခု ခံစားရစေပါတယ်။ 

သူ့ရဲ့သတိပေးဆိုဆုံးမစကားတွေက ခြံဝင်းအပြင်ဘက်ကတခြားသူတွေကို ပြုံးမိစေတယ်ဆိုတာ လင်ဝေ့ရှီး မသိဘူး။ အကယ်၍ သိများသိရင်တော့ ဒေါသထွက်လိမ့်ဦးမှာပဲ။ သူက အဘွားဝမ်ကို လက်ညှိုးထိုးပြီး ဆူပူနေဆဲပါပဲ “ရှင်သိအောင်ပြောလိုက်မယ်၊ ဒီကကြီးမြတ်တဲ့အရီးတော်က လက်ထပ်မှာမဟုတ်ဘူး၊ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ကျွန်မကိုဖိအားပေးလို့မရဘူး၊ ဒီနေ့ လျှိုမြေပိုင်ရှင်သား၊ နောက်နေ့ ဝမ်မြေပိုင်ရှင်ရဲ့မြေးဆိုပြီး လာမဆွယ်နဲ့၊ ရှင့်မှာဒီလိုမကောင်းတဲ့အတွေးတွေရှိဦးမယ်ဆိုရင် ကျွန်မ ရုံးတော်က အပြင်ဆုံးယက်မတန်းမှာ ပိုးကြိုးဖြူနဲ့ဆွဲကြိုးချသေပစ်မယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မအဖေရဲ့သူရဲကောင်းတံဆိပ်ကလည်း သိမ်းခံထားရတာပဲ၊ ရှင်တို့တွေက သူရဲကောင်းရဲ့သမီးကို ဘယ်လိုမျိုးညှင်းပန်းနှိပ်စက်နေလဲဆိုတာ အကုန်လုံးမြင်အောင်ပြပစ်မယ်၊ အချိန်တစ်ခုရောက်လာရင်တော့ ဒီကိစ္စက ကြီးကျယ်သွားပြီး ယန့်ဝမ်နဲ့မြို့တော်ကလူတွေအကုန်လုံးသိသွားမှာပဲ၊ အဲဒိအခါကျရင် ရှင်တို့တွေအကုန်လုံး အသက်ရှင်ဖို့မစဉ်းစားနဲ့”

“အစ်မရှီး...”

“ထွက်သွား.. ရှင်နောက်တစ်ခွန်းထပ်ပြောရင် ကျွန်မ အခုချက်ချင်း ရေထဲခုန်ချပစ်လိုက်မှာ”

ခြံဝင်းရဲ့အပြင်ဘက်မှာတော့ ဒေသခံအရာရှိက အဖော်ပြုမတ်တပ်ရပ်နေရင်း ချွေးစေးအေးအေးတွေပျံထွက်လာပါတယ်။ ယောင်္ကျားတစ်ယောက်က သူ့လက်မမှာစွပ်ထားတဲ့ကျောက်စိမ်းလက်စွပ်ကို အသာအယာလှည့်နေရင်း အေးအေးဆေးဆေးပဲမေးလိုက်တယ် “လင်ယုံရဲ့သူရဲကောင်းတံဆိပ်က ထိန်းသိမ်းခံထားတာလား”

“မဟုတ်ရပါ…ဟို.. ကျွန်တော်မျိုးက… ဟို… လုံခြုံအောင်ယာယီထိန်းသိမ်းပေးထားတဲ့သဘောပါ၊ မြို့ငယ်လေးတွေမှာက လူတွေက အသိဉာဏ်မဖွံ့ဖြိုးကြတော့ ခိုးမှုတွေကအမြဲလိုလိုဖြစ်တတ်ပါတယ်၊ ဒါကြောင့် တာဝန်ရှိသူအနေနဲ့ မြို့စားကျုံးယုံရဲ့သူရဲကောင်းတံဆိပ်အခိုးခံရမှာစိုးရိမ်လို့ မြို့ပိုင်ရုံးတော်မှာ ထိန်းသိမ်းပေးထားတာပါ”  

သိပ်ကိုပြောင်မြောက်လွန်းတဲ့ လုပ်ထုံးလုပ်နည်းပါပဲ။ ဒီယောင်္ကျားက ယုံတယ် မယုံတယ် ဘာမှဆက်မပြောဘူး။ လယ်သမားအိမ်လေးထဲကိုသာ တစ်ချက်ကြည့်ပြီးပြောလိုက်ပါတယ် “ကျုံးယုံမြို့စား အသက်ရှိစဉ်တုန်းက သူ့အတွက်စိတ်အားအရစေဆုံးအရာက သူ့ရဲ့တစ်ဦးတည်းသောသမီးပဲ၊ မိန်းကလေးက ငယ်ရွယ်သေးပေမယ့် လင်ယုံရဲ့ဆက်ခံသူဖြစ်တယ်၊ ပစ္စည်းတွေပြန်ယူခဲ့ပြီး မိန်းကလေးကိုလွှဲပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ” 

ဒီယောင်္ကျားရဲ့စကားသံက အတက်အကျအနိမ့်အမြင့်မရှိ မပြောင်းလဲဘူး၊ တောင်းဆိုဟန် မေးခွန်းထုတ်ဟန်လည်း မရှိဘူး။ နှစ်ပေါင်းများစွာ တခြားလူတွေကိုအမိန့်ပေးလာတဲ့ ရာထူးမြင့်လူတစ်ယောက်မှန်း သိသာလှတယ်။ ဘေးနားက ဒေသခံအရာရှိက ချွေးစေးတွေအပြည့်နဲ့ဖြေကြားလိုက်ပေမယ့် ဒီယောင်္ကျားက တုတ်တုတ်မလှုပ်ဘူး။ အရာရှိလည်း အံ့သြသွားပြီးမှ သဘောပေါက်သွားကာ အလျင်အမြန်ခါးကိုငုံ့ကိုင်းလို့အရိုအသေပေးလိုက်ပြီး ဒေါ်လေးလင်ရဲ့ခြံဝင်းထဲ လမ်းလျှောက်ဝင်သွားလိုက်ပါတယ်။ 

ခြံဝင်းထဲမှာတော့ ဒေါ်လေးလင်နဲ့အဘွားဝမ်တို့ ခံနေရဆဲပါပဲ။ သူတို့က ရွာသားတွေ အိမ်နီးချင်းတွေနဲ့လည်း ခဏခဏရန်ဖြစ်ကြတယ်။ ဒါပေမယ့် အကုန်လုံးက သူတစ်လှည့်ကိုယ်တစ်လှည့် ရှုံးလိုက်နိုင်လိုက် တွယ်ကြတာဖြစ်တာမို့ အခုအခြေအနေနဲ့ လုံးလုံးကွာခြားပါတယ်။ အခု သူတို့က လင်ဝေ့ရှီးရဲ့တရစပ်စကားသံတွေကြားမှာ ပြန်နှိပ်ကွပ်ဖို့မပြောနဲ့ စကားတစ်ခွန်းတောင် ရေပက်မဝင်ဘဲ မခံမရပ်နိုင်ဖြစ်နေရပါတယ်။

ဒေါ်လေးလင်က ဒေါသထွက်လွန်းလို့ တစ်ယောက်ယောက်ကိုရိုက်ပစ်ချင်နေပြီ။ ဒါပေမယ့် လက်တွေ့အကောင်အထည်မဖော်ရသေးခင် ရုတ်တရက် ပတ်ဝန်းကျင်လေထုက ဟုတ်မနေဘူးလို့ ခံစားလိုက်ရတယ်။ သူက ခပ်မြန်မြန်ခေါင်းလှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက်လာနေတာမြင်ရပြီး ခြေထောက်အစုံက ပျော့ခွေလုနီးနီးဖြစ်သွားပါတယ်။

"လူကြီးမင်း..." 

ဒေသခံအရာရှိက ကမူးရူးထိုးဝင်လာပြီး ဒေါသတကြီးလက်ကိုဝှေ့ယမ်းပြတယ်။ ….နတ်ဘုရားကြီးကအပြင်ဘက်မှာ ကြည့်နေတုန်း… ဘာလူကြီးမင်းလဲ…. ငါ့ရဲ့အလုပ်လေးကို ဖျက်လိုဖျက်ဆီးမလုပ်နဲ့….။ အရာရှိက ရွာသူမနှစ်ယောက်ကို ကျိတ်ကျိန်ဆဲလိုက်ပြီး လင်ဝေ့ရှီးဘက်ကို ကြင်နာတဲ့အကြည့်လေးနဲ့လှည့်လိုက်ပါတယ် “လင်မိန်းကလေး… အခုတလောနေမကောင်းဘူးလို့ကြားတာ၊ အခုကောင်းသွားပြီနဲ့တူတယ်”

လင်ဝေ့ရှီးက သာမန်ကျေးတောသူမလေးမဟုတ်ဘူး။ အမှုထမ်းဝတ်စုံကို သေသပ်ကျနစွာဝတ်ဆင်ထားတဲ့အရာရှိက သူ့ကိုမျက်နှာလိုမျက်နှာရလာလုပ်နေမှန်း ခန့်မှန်းမိတယ်။ သူက အရာရှိကို သတိအနေအထားနဲ့ကြည့်လိုက်ပြီး တစ်ချက်ဂါရဝပြုလိုက်ကာ ပြောင်တင်းတင်းမေးလိုက်ပါတယ် “အရာရှိကြီးရောက်နေတာကိုး၊ ဘယ်ကိစ္စကြောင့် ရောက်လာတာပါလဲ”

ဒေသခံအရာရှိမျက်နှာပေါ်ကအပြုံးတွေက ပိုလို့ပွင့်လန်းလာတယ်။ ခဏအကြာ အရာရှိရဲ့စကားတွေကိုနားထောင်ပြီးမှာ လင်ဝေ့ရှီးက ပိုပြီးအံ့သြသွားပါတယ်။

အရာရှိက သူရဲကောင်းတံဆိပ်ကို တကယ်ကြီးပြန်ပေးချင်နေတာလား… ပြီးတော့ နန်းတွင်းကချီးမြှင့်တဲ့ပစ္စည်းအကုန်လုံးကို လင်ဝေ့ရှီးနာမည်နဲ့လွှဲပေးဦးမယ်တဲ့… ဘာတွေဖြစ်ကုန်တာလဲ… ဒီပုံမှန်မဟုတ်တဲ့မှင်စာက ဘာလုပ်ချင်နေတာလဲ…

လင်ဝေ့ရှီးရဲ့စကားမပြောနိုင်တုန့်ဆိုင်းနေပုံကို မြင်တဲ့အခါ အရာရှိက ချွေးတွေပြန်လာတဲ့အထိ စိုးရိမ်ပူပန်လာပါတယ်။ နောက်တော့ ရွေးချယ်စရာမရှိ တစ်ဖက်ကိုလှည့်ပြီး အိမ်အပြင်ဘက်ကိုညွှန်ပြကာ မျက်ရိပ်မျက်ကဲပြလိုက်ပါတယ် …..အပြင်မှာ မြို့တော်ကနတ်ဘုရားကြီးရောက်နေတယ်၊ သူက မင်းကိုပေးချင်နေတာ၊ ယူထားလိုက်ပါတော့လား…

လင်ဝေ့ရှီးက အရာရှိနောက်ကလိုက်ပြီး အပြင်ကိုထွက်ကြည့်တဲ့အခါ လမ်းတစ်ဖက်ကသစ်ပင်တွေမှာချည်ထားတဲ့ မြောက်မြားလှစွာသောမြင်းတွေကိုမြင်တယ်။ အဲဒိနေရာမှာ လူတွေအများကြီးမတ်တပ်ရပ်နေကြပြီး အကုန်လုံးက လူတစ်ယောက်ရဲ့နောက်မှာ မလှုပ်မယှက်တိတ်ဆိတ်စွာရှိနေကြတယ်။

လင်ဝေ့ရှီးက နှစ်ဘဝတိုင်နေခဲ့ရပြီးပြီ။ သူမြင်တွေ့ခဲ့ဖူးတဲ့မြင်ကွင်းတွေ ဘယ်လောက်တောင်မှများလဲ။ ဒါပေမယ့် သူက အခု တစ်ဖက်လူရဲ့အရှိန်အဝါတွေကြားမှာ ဖမ်းစားခံလိုက်ရတယ်။ လင်ဝေ့ရှီးရဲ့အမြင်အာရုံတွေ ဗလာဟင်းလင်းဖြစ်သွားခဲ့ပြီး မေးခဲ့မိပါတယ် “ဒီပုဂ္ဂိုလ်က ဘယ်သူလဲ…” 

“ယန့်ဝမ်”

…………