(4) ခေါ်ဆောင်သွားခြင်း
Viewers 12k

(4) ခေါ်ဆောင်သွားခြင်း 

လင်ဝေ့ရှီးက ငေးကြောင်ကြောင်လေးစိုက်ကြည့်နေခဲ့တယ်။ ဒေသခံအရာရှိက ဒီမိန်းကလေး ယန့်ဝမ်ကိုမသိလောက်ဘူးလို့ယူဆပြီး စကားတွေကိုဆက်ပြောတယ် “ဒီပုဂ္ဂိုလ်က မြင့်မြတ်တဲ့အရှင်ယန့်ဝမ်၊ အရှင်က တိုင်းပြည်ကိုကယ်တင်ဖို့ မြို့တော်ကိုဝင်လာခဲ့ပြီး ဧကရာဇ်အသစ်ကို ထောက်ပံ့ကူညီခဲ့တယ်၊ နောက်ပြီး အရှင်က ဧကရာဇ်ဟောင်းချမှတ်ထားခဲ့တဲ့ မှူးမတ်သုံးယောက်အဖွဲ့ဝင်ထဲက တစ်ဦးဖြစ်တယ်၊ အခု အရှင်က တင်းပြန့်မှာ ဆူပူမှုကိုနှိမ်နင်းပြီး ပြန်ရောက်လာတုန်း ကျုံးယုံမြို့စားရဲ့အရိုးပြာကို မွေးရပ်မြေပို့ဆောင်ဖို့ ရွှမ်းသယ်စီရင်စုဆီ အထူးတလည်ဝင်လာခဲ့တာဖြစ်တယ်”

ဒါပေါ့… ယန့်ဝမ်ဘယ်သူလဲ လင်ဝေ့ရှီးသိတာပေါ့။ လင်ဝေ့ရှီးက အပြင်ဘက်ကယောင်္ကျားကို တွေဝေငေးမောစွာကြည့်မိတယ်။ ဒါက နာမည်ကျော်ကြားပြီး အင်အားကြီးတဲ့ယန့်ဝမ်ပါ။ အရင်ဘဝတုန်းက တစ်ခါမှ မဆုံဖူးလိုက်ရတဲ့ သူ့ရဲ့ယောက္ခမ…

အရင်ဘဝတုန်းကတော့ လင်ဝေ့ရှီးက ယန့်ဝမ်ရဲ့တစ်ဦးတည်းသောသားဖြစ်သူကိုလက်ထပ်ခဲ့ပြီး မြို့တော်က မြောက်မြားလှစွာသော အထက်တန်းစားအမျိုးသမီးအပေါင်းရဲ့ လှောင်ပြောင်ထေ့ငေါ့တဲ့မှတ်ချက်စကားတွေကို နှစ်နှစ်တိုင်တိုင်ခံခဲ့ရတယ်။ ဒါပေမယ့်လည်း လင်ဝေ့ရှီးက ကောင်းမွန်စွာလက်ထပ်ခဲ့ရတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ အမှန်တရားတစ်ခုဖြစ်ခဲ့ပါတယ်။ သူက နယ်စားကြီးရဲ့မြေး၊ မင်းသမီးကြီးရဲ့မြေး… ဒီလိုအထက်တန်းလွှာဂုဏ်ပုဒ်တွေရှိတာတောင်မှ ယန့်ဝမ်ရဲ့သားကိုလက်ထပ်ရတာက ပိုပြီးအဆင့်မြင့်သွားတယ်လို့ ပြောလို့ရတယ်။

လင်ဝေ့ရှီးရဲ့အဘွားက နန်းတွင်းတော်ဝင်မင်းသမီးတစ်ပါးဖြစ်တယ်။ လင်ဝေ့ရှီးက နှစ်စဉ်နှစ်တိုင်း အချိန်အများစုကို အဘွားဖြစ်သူတော်ဝင်မင်းသမီးရဲ့အိမ်တော်မှာ ကုန်ဆုံးခဲ့တယ်။ ဒါကြောင့် သူငယ်ငယ်လေးကတည်းက ယန့်ဝမ်ရဲ့အောင်မြင်မှုတွေအကြောင်း ကြားသိခဲ့ရတယ်။ 

မှတ်တမ်းမှတ်ရာတွေအရ ယန့်ဝမ်က အသက်ဆယ့်ငါးနှစ်မှာ စစ်သည်တွေကိုဦးဆောင်ပြီး စစ်မြေပြင်ကိုထွက်ခဲ့တယ်။ ကျန်းကျောင်းပထမနှစ်မှာတော့ ယခင်ယန့်ဝမ်ဟောင်းကွယ်လွန်ခဲ့ပြီး အသက်(၁၇)နှစ်သာရှိသေးတဲ့ ကုဟွေးရန့်က ယန့်ဝမ်အသစ်ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ကုဟွေးရန့်က စစ်ပွဲတွေထဲမှာပဲကျင်လည်ခဲ့ပြီး မုကျုံးဧကရာဇ်ရဲ့ ချီးမြှင့်မြှောက်စားတာကိုခံခဲ့ရတယ်။ နောက်ပိုင်းမှာ နန်းတွင်းအာဏာလုပွဲတွေဖြစ်လာပြီး မုကျုံးဧကရာဇ်က သူ့ရဲ့ပထမဦးဆုံးလျှို့ဝှက်အမိန့်စာကို ယန့်ဝမ်ဆီပို့ခဲ့တယ်။ ယန့်ဝမ်က မြို့တော်က ကသောင်းသနင်းအခြေအနေတွေကိုငြိမ်းအေးစေတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်လာပြီး အမှန်တကယ်လည်း နန်းတွင်းရဲ့အပြစ်သားတွေကိုဆေးကြောသုတ်သင်ပေးခဲ့တယ်။ နောက်ပိုင်းမှာ မုကျုံးဧကရာဇ်က သူ့ရဲ့(၈)နှစ်အရွယ်အကြီးဆုံးသားဖြစ်သူ၊ ယခုဧကရာဇ်အသစ်လေးကို ကူညီပေးဖို့ ယန့်ဝမ်ကိုယုံကြည်စိတ်ချစွာ အပ်နှံခဲ့တယ်။

လင်ဝေ့ရှီးက ယန့်ဝမ်ရဲ့ပုံပြင်တွေကိုကြားပြီးကြီးပြင်းလာခဲ့တယ်။ ကုချန်ယောက်ကိုလက်ဆက်ရမယ်လို့သိတဲ့အချိန် သူဘယ်လောက်ပျော်ခဲ့လဲဆိုတာ မိုးနတ်မင်းပဲသိလိမ့်မယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ သူနဲ့ယန့်ဝမ်အိမ်တော်က ကံမစပ်ခဲ့ပါဘူး။ လင်ဝေ့ရှီးက ကုချန်ယောက်ကို ယွမ်ကျားစတုတ္ထနှစ်မှာ လက်ထပ်ခဲ့တယ်။ ဒါပေမယ့် ယွမ်ကျားဒုတိယနှစ်ကတည်းက ယန့်ဝမ်က မြောက်ပိုင်းသောဟော်တိတွေကိုတိုက်ခိုက်ဖို့ မြို့တော်ကထွက်ခွာသွားခဲ့တာဖြစ်တယ်။ သူက သူ့သားရဲ့မင်္ဂလာဆောင်ကိုတောင် ပြန်မလာခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ လင်ဝေ့ရှီးက သေဆုံးသွားခဲ့တယ်။ 

လင်ဝေ့ရှီးက ယန့်ဝမ်အိမ်တော်မှာလက်ထပ်ခဲ့ပေမယ့် ယန့်ဝမ်နဲ့တွေ့ဆုံနိုင်ဖို့အခွင့်အရေး တစ်ခါမှမရခဲ့ဘူး။ ဒါပေမယ့် ပြန်မွေးဖွားလာတဲ့အချိန်မှာတော့ ဒီဒဏ္ဍာရီလာစစ်နတ်ဘုရားကြီးကို ရွာငယ်လေးတစ်ရွာမှာ တွေ့ရှိခဲ့ပါတယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ။

လင်ဝေ့ရှီးရဲ့နှလုံးသားတစ်စုံက ရှုပ်ထွေးလွန်းနေခဲ့တယ်။ သူနဲ့ကုချန်ယောက်ဇာတ်လမ်းက ပြည်ဖုံးကာချခဲ့ပြီ၊ သူ့စိတ်အတိုင်းဆို ကျီးကန်းတွေကိုရော အသိုက်ရောပါ မုန်းတီးနေရမှာ။ ယန့်ဝမ်အိမ်တော်နဲ့ပတ်သက်သမျှ လူတွေအကုန်လုံးကို ငြိုငြင်မုန်းတီးနေခဲ့မှာ။ ဒါပေမယ့် ဒီခဏလေးအတွင်းမှာ သက်ရှိထင်ရှားယန့်ဝမ်ကိုယ်တိုင်ကို မြင်တွေ့လိုက်ရချိန်မှာ သူ့နှလုံးသားထဲ အမုန်းတရားတွေမွေးဖွားမလာခဲ့ဘူးဆိုတာ လင်ဝေ့ရှီးနားလည်သွားခဲ့တယ်။ ယန့်ဝမ်က မတ်တပ်ရပ်နေခဲ့ရုံပါပဲ။ ဒါပေမယ့် မမြင်ရတဲ့အရှိန်အဝါအငွေ့အသက်တွေကတော့ ဘေးနားကလူတွေကို နှလုံးအိမ်ထဲထိ မဖီဆန်ရဲအောင် လွှမ်းမိုးထားခဲ့တယ်။

ဒါဆို… ဒါက အဲဒိယန့်ဝမ်ပေါ့… လင်ဝေ့ရှီနှလုံးသားထဲ အံ့သြတုန်လှုပ်နေခဲ့တာ စကားနဲ့ဖော်ပြလို့တောင်မရဘူး။ ယန့်ဝမ်က မမျှော်လင့်စရာကောင်းလောက်အောင်ငယ်ရွယ်ပြီး ရုပ်ရည်ရူပကာ အလွန်တရာခမ်းနားတင့်တယ်လွန်းတယ်။

ဖြစ်နိုင်တာက လင်ဝေ့ရှီးတစ်ယောက် အကြာကြီးငေးမောနေခဲ့လို့ဖြစ်ပါလိမ့်မယ်။ ဒါကို သတိပြုမိသွားတဲ့ယန့်ဝမ်ရဲ့မျက်ခုံးတွေ အနည်းငယ်ပင့်တက်သွားတယ်။

ကုဟွေးရန့်က စစ်တပ်ရဲ့တပ်ဦးစီးချုပ်ဖြစ်ပြီး ယန့်ဝမ်အိမ်တော်ရဲ့အိမ်ထောင်ဦးစီးဖြစ်တယ်။ ဘဝမှာ ဘယ်တုန်းကမှ စေ့စေ့ကြည့်မခံရဖူးဘူး။ ဒါက လင်ဝေ့ရှီးလို မိန်းကလေးငယ်လေးတွေတစ်ချို့ထံမှ လွဲရင်ပေါ့။ ကုဟွေးရန့်က နှစ်ပေါင်းများစွာစစ်တိုက်လာခဲ့တာဖြစ်ပြီး သူ့ရဲ့သတ်ဖြတ်နိုင်စွမ်းအရှိန်အဝါတွေက ထိတ်လန့်အံ့သြဖွယ်ကောင်းလောက်အောင် ကြီးမားလွန်းတယ်။ မယ်တော်မိဖုရားကြီးတောင်မှ သူ့ကိုမြင်ရင် အနည်းငယ်ရှို့တို့ရှန်းတန်းဖြစ်သွားလို့ အခြားအမျိုးသမီးတွေကို ခေါက်ထားလိုက်လို့ရပြီ။ မြို့တော်မှာဆို မိန်းကလေးငယ်လေးတွေ သူ့ကိုတွေ့ရင် ခေါင်းကိုငုံ့ပြီး အသက်ရှူအောင့်ထားကြတာ။ အပြင်လောကကြီးနဲ့မထိတွေ့ဖူးတဲ့မိန်းကလေးဆိုရင်တော့ ကြောက်လွန်းလို့ ခေါင်းတောင်မော်မကြည့်ရဲဘူး။ ဒါပေါ့… လင်ဝေ့ရှီးလို သူတို့ဘက်ကစကြည့်ရဲတဲ့ မိန်းကလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် မျက်တောင်မခတ်အကြာကြီးစိုက်ကြည့်ရဲတဲ့သူကတော့… လင်ဝေ့ရှီး… ဒီမိန်းကလေးတစ်ယောက်သာရှိပါတယ်။ … နောက်ပြီး ဒီမိန်းမငယ်လေးရဲ့မျက်ဝန်းတွေကလည်း သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။

ကုဟွေးရန့်ရဲ့နှုတ်ခမ်းစွန်းတွေ မသိမသာကွေးတက်သွားပါတယ်။ သူက လင်ဝေ့ရှီးကို ပြန်ကြည့်တယ်။ သူ့မျက်ဝန်းထဲမှာတော့ အဓိပ္ပါယ်ဖော်မရတဲ့ စူးစမ်းလိုဟန်အရိပ်အယောင်တွေရှိတယ်။ ဒါပေမယ့် မမြင်ရလောက်အောင်နက်ရှိုင်းလွန်းပါတယ်။

လင်ဝေ့ရှီးက ရုတ်တရက် ကုဟွေးရန့်နဲ့မျက်ဝန်းချင်းဆုံမိတယ်။ ဒီခဏမှာ လင်ဝေ့ရှီးက ဦးခေါင်းကိုငုံ့ပြီး ယန့်ဝမ်ရဲ့အကြည့်တွေကနေ ရှောင်လွှဲလိုက်ပါတယ်။လင်ဝေ့ရှီးခေါင်းငုံ့သွားတာကိုမြင်တော့ ကုဟွေးရန့်က ဒီမိန်းမငယ်လေးကို နောက်ထပ်ဖိအားမပေးတော့ဘူး။ တကယ်လို့ လင်ဝေ့ရှီးသာ အကြာကြီးကြည့်မနေခဲ့ဘူး၊ သူ့မျက်ဝန်းထဲကအရိပ်အယောင်တွေက မထူးဆန်းနေခဲ့ဘူးဆိုရင် ကုဟွေးရန့်က ဒီမိန်းမငယ်လေးကို အဖက်လုပ်ပြီးအကြည့်ပေးသနားမှာမဟုတ်ဘူး။ နောက်ပြီး သူ့ကိုကြည့်လာအောင်လည်း ဖိအားပေးမှာမဟုတ်ဘူး။ ကလေးတစ်ယောက်ကို မသိချင်ယောင်ဆောင်ပြီး ကျော်သွားပေးလိုက်မှာဖြစ်တယ်။

လင်ဝေ့ရှီးက ခေါင်းကိုငုံ့ထားပြီး နှလုံးက တဒုန်းဒုန်းခုန်နေတယ်။ …ကြောက်စရာကောင်းလိုက်တာ…။ လတ်စသတ်တော့ အရင်ဘဝက ယောက္ခမကြီးက အရမ်းကြောက်စရာကောင်းတာကိုး။ လင်ဝေ့ရှီး ထင်ခဲ့တာက အဖေနဲ့သားကြား  ကြီးကြီးမားမား ကွဲပြားခြားနားမှုရှိမှာမဟုတ်ဘူးလို့ပါ။ ဒါပေမယ့် ဒီနေ့မြင်ခဲ့ပြီးမှပဲ ယန့်ဝမ်အပေါ်ထားတဲ့ သူ့ရဲ့ထင်မြင်မှုတွေက သိပ်ကိုလျှော့ပေါ့နေခဲ့မှန်း သိသွားခဲ့တယ်။

ယန့်ဝမ်ရောက်ရှိလာတဲ့အကြောင်း လူတွေအကုန်လုံးသိသွားကြတဲ့အခါ ပတ်ဝန်းကျင်လေထုလည်း ချက်ချင်းကိုပြောင်းလဲသွားတယ်။ ဒေသခံအရာရှိလီကျန်းက ရန်သူအကြီးစားနဲ့ရင်ဆိုင်ခဲ့သလိုဖြစ်နေတယ်။ အဘွားဝမ်နဲ့ဒေါ်လေးလင်ကတော့ အစောကြီးကတည်းက ထောင့်တစ်ထောင့်မှာကပ်နေပြီး တုန်တုန်ယင်ယင်ဖြစ်နေကြတယ်။ လင်ဝေ့ရှီးက နားရွက်တွေအောက်စိုက်ကျနေတဲ့ယုန်တစ်ကောင်လို ခေါင်းငိုက်စိုက်ကျနေတယ်။ အခုလေးတင် အထင်ကြီးလောက်စရာစကားရည်လုနေကြတဲ့ ကွန်ဖြူးရှပ်အဖွဲ့ဝင်တွေ ဘယ်ရောက်သွားလဲ မသိတော့ဘူး။

ကုဟွေးရန့်တစ်ယောက် ဒီနေရာကိုတမင်သက်သက်လာခဲ့တာက လင်ဝေ့ရှီးနဲ့သူ့အဒေါ်ရန်ဖြစ်တာ နားထောင်ဖို့မဟုတ်ဘူး။ သူက ဒေသခံအရာရှိကို ကြည့်ပြီး မေးလိုက်တယ် “လင်ယုံရဲ့အထိမ်းအမှတ်အုတ်ဂူ ဘယ်နားမှာလဲ”

သူ ဒီတစ်ကြိမ် ရွှမ်းသယ်စီရင်စုဆီ လာရောက်ရတဲ့အကြောင်းရင်းကတော့ လင်ယုံရဲ့အရိုးပြားကိုမြေချဖို့နဲ့ တလက်စတည်း လင်ယုံရဲ့တစ်ဦးတည်းသောသမီးကို အခြေအနေတစ်ချက်ကြည့်ဖို့ဖြစ်ပါတယ်။ လင်ယုံက သူမသေခင်မှာ သမီးဖြစ်သူကို အလွန်စိတ်မချဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အခုမြင်ရတာကတော့ သမီးဖြစ်သူက အဖေပြောသလို နည်းနည်းလေးမှတူမနေခဲ့ဘူး။

အုတ်ဂူဖွင့်တဲ့ကိစ္စက အသေးအဖွဲကိစ္စမဟုတ်ဘူး။ လီကျန်းနဲ့ရွာသူကြီးက ကုဟွေးရန့်ကို လင်ယုံအုတ်ဂူရှိရာဆီ ခေါ်ဆောင်သွားကြတယ်။ ပျာယာခတ်နေတဲ့ရွာသားတွေက အနောက်ဖက်မလှမ်းမကမ်းကနေ လိုက်လာကြတယ်။ ဒီအချိန်မှာ လင်ဝေ့ရှီးက သမီးမိန်းကလေးဖြစ်ရတာကို အတိုင်းထက်အလွန်မကျေနပ်ဘူး။ အဖေရင်းရဲ့အရိုးပြာဂူသွင်းတဲ့ ကိစ္စရပ်ကြီးဖြစ်တာတောင်မှ အမျိုးသမီးတစ်ယောက်ဖြစ်တာမို့ လိုက်ပါပို့ဆောင်ခွင့်မရဘူးလေ။

ဒီကိစ္စတွေရှင်းသွားတော့ ဒေါ်လေးလင်က ကြောင်တောင်တောင်နဲ့ကျန်ခဲ့ပြီး ဘာအတွေးမှနောက်ထပ်ထွက်မလာတော့ဘူး။ လင်ဝေ့ရှီးကတော့ အတွေးတွေတစ်ပုံတစ်ပင်နဲ့ အခန်းထဲပြန်ဝင်သွားတယ်။ သူက နဂိုကတော့ ကြမ်းပြင်ကရေတွေသုတ်ဖို့ အဝတ်ရှာဖို့ရည်ရွယ်ချက်နဲ့ အခန်းပြင်ထွက်လာတာ။ ဒါပေမယ့် အချိန်တွေအများကြီးကြာသွားပြီး ရေတွေလည်းခြောက်သွားပြီ။ လင်ဝေ့ရှီးက ကြမ်းပြင်ပေါ်ကခြောက်နေတဲ့ရေကွက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့တယ်။ ကြည့်နေရင်းမှာပဲ မျက်ဝန်းထဲကဝေခွဲမရတဲ့အရိပ်အယောင်တွေ လွင့်စင်ပပျောက်သွားခဲ့ကာ အမူအရာတွေက တဖြည်းဖြည်းပြတ်သားလာခဲ့ပါတယ်။

ဟုတ်တယ်…. ဒီလို အိမ်တိုင်းမျိုးနွယ်တူကြတဲ့ သေသိမ်နုပ်တဲ့ရွာငယ်လေးမှာ မနေချင်ဘူး။ သူ လီတနဲ့လီယွမ်တို့လက်က လွတ်နိုင်ပေမယ့် လီအာ့နဲ့လီစန်းတို့ဆီက လွတ်နိုင်ပါ့မလား။ သူက အရမ်းချမ်းသာပေမယ့် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိဘူး။ အကယ်၍ ဒီရွာမှာဆက်နေရင်ဖြင့် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်ပါလိမ့်မယ်။ 

လင်ဝေ့ရှီးက တစ်ဘဝအသက်ရှင်ခဲ့ပြီးပါပြီ။ အခု သူ တန်ဖိုးအထားဆုံးအရာကလည်း သူ့ဘဝဖြစ်ပါတယ်။

ဒါပေမယ့် သူက မိဘမရှိ၊ မိသားစုမရှိ အားနည်းပြီးအထီးကျန်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီး အပိုဆောင်းအနေနဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်စရာ မျက်နှာလှလှလေးတစ်ခုလည်းရှိတယ်။ တကယ်လို့ ပိုင်ဆိုင်မှုတွေကိုငွေသားအဖြစ်ပြောင်း ရွာကထွက်ပြေးနိုင်ရင်တောင်မှ လမ်းတစ်လျှောက်အသက်ရှင်နိုင်ပါ့မလား။

သူ့အတွက် တစ်ခုတည်းသောနည်းလမ်းက ယန့်ဝမ်ဖြစ်ပါတယ်။ ယန့်ဝမ်မိသားစုဝင်တွေနဲ့ မပတ်သက်လိုပေမယ့် အခုလက်ရှိမှာ ယန့်ဝမ်တစ်ယောက်သာလျှင် သူ့ကို အထိအခိုက်မရှိခေါ်ထုတ်သွားနိုင်မယ့်လူဖြစ်ပါတယ်။  

ဒါဆို.. ယန့်ဝမ်ကိုစည်းရုံးသိမ်းသွင်းဖို့ကရော… လင်ဝေ့ရှီးဘဝတစ်လျှောက်လုံး ယောင်္ကျားတစ်ယောက်ကိုစည်းရုံးဖို့ ချိုချိုသာသာစကားလှလှလေးတွေ မပြောခဲ့ဖူးဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ အစွမ်းကုန်ကြိုးစားကြည့်ရမှာပေါ့လေ…

အရိုးပြာဂူသွင်းပြီးတဲ့အချိန်မှာ ကောင်ကင်ကြီးက မှောင်မည်းနေပါပြီ။ ပျူငှာယဉ်ကျေးလွန်းတဲ့ရွာသူကြီးက သူ့ရဲ့စုတ်ချာတဲ့အိမ်လေးမှာတည်းခိုဖို့ ယန့်ဝမ်ကိုဖိတ်မန္တကပြုတယ်။ ဒေသခံအရာရှိကလည်း သူနဲ့အတူ ရုံးတော်မှာစခန်းချစေချင်တယ်။ သူက သေရည်အရက်တွေကိုပါပြင်ဆင်ထားပါတယ်လို့ လျှောက်တင်တယ်။

ကုဟွေးရန့်က စားသောက်ပျော်ပါးခြင်းအမှုမှာ မခုံမင်လှဘူး။ နှစ်ပေါင်းများစွာ ချီတက်တိုက်ခိုက်ခဲ့တာကြောင့်လည်း အိပ်ရာနေရာ ချေးများတဲ့လူ မဟုတ်တော့ပါဘူး။ ဒါကြောင့် ရုံးတော်ကိုသွားမယ့်အစား ရွာသူကြီးရဲ့အိမ်မှာတစ်ညတည်းခိုဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီတစ်ကြိမ်မှာ ကုဟွေးရန့်က စစ်တပ်နဲ့အတူ မြို့တော်ကိုပြန်လာတာဖြစ်တယ်။ လမ်းတစ်ဝက်မှာ တပ်ဖွဲ့တွေကို ယုံကြည်ရတဲ့လက်အောက်ငယ်သားတွေနဲ့လွှတ်လိုက်ပြီး သူကတော့ လင်ယုံရဲ့အရိုးပြာမြေချဖို့ ရွှမ်းသယ်စီရင်စုဆီ လှည့်ဝင်ခဲ့တာပါ။ မနက်ဖြန်မိုးလင်းရင်ဖြင့် တပ်ဖွဲ့တွေရှိရာ အမှီလိုက်ကြမှာပါ။ ပြောရရင်လည်း အခုလိုချီတက်နေကြတဲ့အချိန်မှာ တပ်ဖွဲ့တွေကို အကြာကြီးပစ်ထားလို့ မကောင်းပါဘူး။

ရုံးတော်မှာတည်းခိုဖို့ငြင်းဆိုလိုက်တဲ့ ကုဟွေးရန့်ကြောင့် ဒေသခံအရာရှိက နောင်တရချင်သလိုဖြစ်သွားပေမယ့်လည်း ချက်ချင်းဆိုသလို စိတ်သက်သာသွားပါတယ်။ … ရှင်ဘုရင်တွေကိုအဖော်ပြုမယ့်အစား ကျားမြီးပဲပြေးဆွဲပစ်မယ်….။ ဒါကြီးက ရှင်ဘုရင်မဟုတ်ပေမယ့်လည်း အာဏာစက်ကမသေးလှဘူး…. သူ့ရဲ့ရာထူးလေး လှုပ်လှုပ် လှုပ်လှုပ်မဖြစ်ချင်ပါဘူးနော်….

မြင့်မြတ်လှတဲ့အရှင်ယန့်ဝမ်က သူ့အိမ်မှာတည်းခိုလိုပါတယ်လို့ ရွာသူကြီးကြားသိတဲ့အခါ သိပ်ကိုဂုဏ်ယူနေခဲ့ပြီး အိမ်ကိုရှင်းထားဖို့ တစ်စုံတစ်ယောက်ကိုစေခိုင်းလိုက်တယ်။ ပြီးတော့ အိမ်အလွတ်တွေရှိတဲ့ အခြားမြေပိုင်ရှင်တွေကိုပါ အဆင်သင့်ပြင်ဆင်ထားဖို့ပြောလိုက်တယ်။ ယန့်ဝမ်ရဲ့ခရီးစဉ်မှာ လူတွေအများကြီးလိုက်ပါလာခဲ့ပြီး တောရွာလေးက ကြီးမားကျယ်ပြန့်တယ်ဆိုရင်တောင်မှ လူအများကြီးနေရာချဖို့အတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။

ရွာသူကြီးက အိမ်တွေပြင်ဆင်ဖို့ ခပ်မြန်မြန်ထွက်သွားပေမယ့် ကုဟွေးရန့်က အလျင်မလိုသေးဘူး။ သူက မြင်းပေါ်ကဆင်းပြီး အခြွေအရံတွေကိုနောက်ချန်ခဲ့ကာ လရောင်ဖြာတဲ့တောလမ်းမထက်မှာ အေးအေးလူလူလမ်းလျှောက်နေခဲ့တယ်။ ဒီလိုသက်တောင့်သက်သာအေးချမ်းတဲ့ညမျိုး သူ မရခဲ့တာအတော်လေးကြာခဲ့ပါပြီ။ စစ်ပွဲတွေလည်းမရှိ၊ နိုင်ငံရေးပြိုင်ဆိုင်မှုလည်းမရှိ၊ လူမှုဆက်ဆံရေးတွေလည်းမရှိ။ ဘာဆိုဘာမှမရှိဘဲ… ဦးခေါင်းထက်က မှိတ်တုတ်မှိတ်တုတ်ကြယ်တွေရယ်၊ ခြေထောက်အောက်က အေးခဲနေတဲ့ကုန်းမြေရယ်၊ ဦးတည်ရာမရှိ… အနှောင့်အယှက်မရှိ… လမ်းလျှောက်နေခဲ့တယ်။ 

ညအချိန်မှာ ပတ်ဝန်းကျင်က ပိန်းပိတ်အောင်မည်းမှောင်နေခဲ့တယ်။ ဖျော့တော့တော့ကြယ်တွေရဲ့အလင်းရောင်က သစ်ပင်တွေပေါ်မှာ မှုန်ရီဝိုးတဝါးအလင်းပြန်နေခဲ့တယ်။ ဒီခဏမှာ ကုဟွေးရန့်ရဲ့နားတွေ ရုတ်တရက်လှုပ်သွားပြီး ခြေလှမ်းတွေရပ်သွားတယ်။

ကောင်းကင်ယံမှာ တိမ်တွေဖုံးအုပ်နေခဲ့ပြီး လကိုမမြင်ရဘူး။ ချုံပုတ်တွေကြားထဲမှာ လှုပ်ရှားနေတဲ့အရိပ်တွေရှိတယ်။ သူက သေသေချာချာမမြင်ရဘူး၊ မှိန်ဖျော့ဖျော့ပုံရိပ်တစ်ခုကိုသာ မြင်ရပါတယ်  “ဖေဖေ.. တာဝန်မကျေတဲ့သမီးက အဖေ့ကိုစိတ်ပျက်စေမိပြီ၊ ကျွန်မက ငယ်ငယ်ကတည်းကချူချာပြီး အမေ့ကိုလည်းမီးဖွားရင်းသေစေခဲ့တယ်၊ ဒါတင်မကသေးဘူး အဖေ့ကိုပါ ဟိုပြေးသည်ပြေးဖြစ်စေခဲ့တယ်၊ လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက အဖေပြောခဲ့တယ်… ကျွန်မအတွက်မင်္ဂလာဆောင်ခန်းဝင်ပစ္စည်းတွေ စုဖို့ဆိုပြီး ကျွန်မကိုအိမ်ပြန်ခိုင်းပြီး သတင်းကောင်းစောင့်နေပါလို့ပြောခဲ့တယ်၊ ဒါပေမယ့် ကျွန်မတို့သားအဖ တစ်သက်လုံးခွဲခွာရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး၊ ဖေဖေ.. ဖေဖေက တိုင်းပြည်အတွက်အသက်စွန့်ပြီး သူရဲကောင်းကြီးဖြစ်လာပေမယ့် … သမီးတစ်ယောက်အနေနဲ့ ဂုဏ်ယူသင့်တာသိပေမယ့်… ကျွန်မကတော့ အဖေ့ကိုပဲလိုချင်တယ်၊ ကျွန်မ ဘာခန်းဝင်ပစ္စည်းမှလည်းမလိုချင်ဘူး၊ သားအဖနှစ်ယောက် အပြန်အလှန်မှီခိုပြီး တစ်သက်လုံးအေးအေးချမ်းချမ်းနေသွားကြဖို့ပဲ လိုချင်တယ်၊ အခုတော့ အဖေ့အရိုးပြာ မွေးရပ်မြေပြန်ရောက်လာတာတောင် ကျွန်မကိုယ်တိုင် ပို့ဆောင်ခွင့်မရခဲ့ဘူး…..”

ကုဟွေးရန့်က နေရာမှာရပ်နေပြီး မျက်နှာက ညရဲ့အမှောင်ထဲမှာ ပုန်းကွယ်နေတယ်။ ဘာမှထင်ထင်ရှားရှားမမြင်ရဘူး။ အနောက်ဘက် မနီးမဝေးမှာရပ်နေတဲ့လူတွေကတော့ ယန့်ဝမ်တစ်ယောက် အချိန်အကြာကြီး မလှုပ်မယှက်ဖြစ်နေတာကိုမြင်ပြီး အကြောင်းရင်းကိုစူးစမ်းမယ်ပြင်တယ်။ ဒါပေမယ့် ကုဟွေးရန့်က ရှေ့တက်မလာဖို့ လက်ကာပြလိုက်ပါတယ်။

ကောင်းကင်ကြီးကမှောင်မည်းနေတယ်။ ကုဟွေးရန့်က ခြေသံတွေကိုသတိထားပြီး အရှေ့ကိုခပ်မြန်မြန်ပဲ တက်လာတယ်။ လင်ဝေ့ရှီးကတော့ လမ်းမထက်ကအခြေအနေကို မသိရှိသေးပါဘူး။ သူက ငယ်ငယ်ကကစားခဲ့တဲ့ သစ်ပင်အောက်မှာ ဆောင့်ကြောင့်ထိုင်ရင်း ဝမ်းနည်းပက်လက်ပူဆွေးနေတုန်းဖြစ်ပါတယ် “ဖေဖေ သမီးက အဖေ့ကို သူရဲကောင်းတစ်ယောက်အဖြစ် ရိုသေလေးစားပါတယ်၊ အမေမရှိတော့တဲ့ကျွန်မကို အဖေလိုရော အမေလိုပါ ပြုစုပျိုးထောင်ပေးခဲ့တာ အဖေပါ၊ ဖေဖေ… ကျွန်မ လက်မထပ်ချင်ဘူး၊ ကျွန်မ တကယ့်ကိုလက်မထပ်ချင်ပါဘူး၊ ကျွန်မက အဖေ့ဘေးနားမှာပဲနေချင်တာ အဖေရဲ့သမီးငယ်လေးပဲဖြစ်ချင်တယ်၊ အဖေ နောက်ဆုံးတော့ အိမ်ပြန်ရောက်လာနိုင်ခဲ့ပြီ၊ သမီးက အဖေ့ကိုကူညီပြီးလိုက်ပါပို့ဆောင်ပေးပါ့မယ်၊ အဖေ မြစ်ဝါမြစ်ကိုဖြတ်တဲ့အချိန်ကျရင် ဒီတာဝန်မကျေတဲ့သမီးကို စိတ်မပူပါနဲ့တော့”

“မင်းက တကယ်ပဲ တစ်သက်လုံးလက်မထပ်ဘူးဆိုရင်တော့ လင်ယုံစိတ်ဖြောင့်ဖြောင့်သွားနိုင်မှာမဟုတ်ဘူး”

လင်ဝေ့ရှီးက လန့်ဖြန့်သွားပြီး မြေကြီးပေါ်ကထရပ်တယ်။ သူ့မျက်နှာပေါ်မှာ မျက်ရည်စအကျွင်းအကျန်တွေရှိတယ်။ သူက ရှေ့တူရှုကလာနေတဲ့လူကိုကြည့်နေပြီး အလင်းမရှိတဲ့ညအချိန်မှာ ထွက်ပေါ်လာတဲ့အသံရှင်ကို မှတ်မိစေဖို့ အတော်ကြာစိုက်ကြည့်နေတယ် “အရှင်ယန့်ဝမ်” 

“ငါကိုယ်တော်ပဲ” ကုဟွေးရန့်က အရိပ်ထဲကတဖြည်းဖြည်းထွက်လာပြီး လင်ဝေ့ရှီးနဲ့ခြေလှမ်းသုံးလှမ်းကွာမှာရပ်ကာ အရှေ့က ဖြူဖျော့ဖျော့ပိန်ပါးတဲ့မိန်းကလေးကိုကြည့်ပါတယ်။ မိန်းကလေးရဲ့ခါးကျဉ်ကျဉ်လေးက သူ့လက်မောင်းတွေလောက်တောင် မတုတ်ခိုင်လှဘူး။ သူက သက်ပြင်းကိုချပြီးမှ မေးလိုက်တယ် “မင်းက ငယ်သေးတယ်၊ ပြီးတော့ ဘဝရဲ့အကောင်းဆုံးအရွယ်မှာ ဘာဖြစ်လို့ စိတ်ဓါတ်ကျစရာစကားတွေကို ပြောရတာလဲ” 

“စိတ်ဓါတ်ကျစရာစကားတွေ မဟုတ်ပါဘူး” လင်ဝေ့ရှီးက မျက်ရည်တွေနဲ့သူ့မျက်နှာကို တပါးသူမမြင်စေလိုဘူး။ ဒါကြောင့် လက်ကိုပင့်ပြီး မျက်ရည်တွေကိုသုတ်လိုက်ကာ မျက်နှာလွှဲလိုက်တယ် “ဒီနေ့ ယန့်ဝမ်ကိုဟာသဖြစ်စေမိပါပြီ၊ ကျွန်တော်မျိုးမရဲ့ မိသားစုအတွင်းရေးကိစ္စတွေကိုလည်း မြင်တွေ့စေပြီးမှတော့ အရှင့်ကို မကွယ်မဝှက်ဘဲလျှောက်တင်ပါ့မယ်၊ အရှင်ယန့်ဝမ်.. အခု ကျွန်မရဲ့လက်ရှိဘဝကိုကြည့်ပါဦး၊ အရှင်က ကျွန်မအဖေရဲ့သူရဲကောင်းတံဆိပ်ကို ပြန်ယူပေးပေမယ့် ကျွန်မထိန်းသိမ်းနိုင်မယ်လို့ အရှင်ထင်နေတာလား၊ ရွာကအခြားလူတွေကိုအသာထားဦး ကျွန်မအဒေါ်ကိုတောင် အရှင်မြင်တွေ့တဲ့အတိုင်းပါပဲ.. သူတို့အကုန်လုံးက လီမျိုးရိုးတွေဖြစ်ပြီး ကျွန်မက လင်ဖြစ်ပါတယ်၊ အကယ်၍ နောက်ပိုင်းတစ်ခုခုဖြစ်လာခဲ့ရင် ကျွန်မ ထွက်ပြေးနိုင်မှာတောင် မဟုတ်ပါဘူး”

ကုဟွေးရန့်က ပြဿနာရဲ့အဓိကအချက်ကို မြင်ပါတယ် “မင်းက လက်မထပ်ချင်ဘူးလား” 

“လောကမှာ မိန်းမတွေအများကြီးရှိပြီးတော့ တစ်ယောက်ချင်းစီတိုင်းမှာ သူတို့ကိုယ်ပိုင် အသက်ရှင်နေထိုင်တဲ့နည်းလမ်းတွေရှိပါတယ်၊ ဘာဖြစ်လို့ လက်ထပ်မှ ဖြစ်မှာလဲ” လင်ဝေ့ရှီးက သူ့အသံကိုမထိန်းချုပ်လိုက်နိုင်ဘဲ ခါတိုင်းထက်ပိုကျယ်သွားမိတယ်။ ပြောပြီးမှ သူက စိတ်လှုပ်ရှားလွန်သွားမှန်း နားလည်သွားတယ်။ ဒါကြောင့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ခေါင်းကိုငုံ့ကာ လေသံဖျော့လေးနဲ့ပြောလိုက်ပါတယ် “ခွင့်လွှတ်ပေးပါ၊ ကျွန်တော်မျိုးမ ရိုင်းစိုင်းမိပါတယ်”

အခုခေတ်ကလေးတွေအကုန်လုံးက လက်မထပ်ချင်ကြဘူးလား…. ကုဟွေးရန့်က အိမ်ထောင်မပြုရသေးတဲ့မိန်းမငယ်လေးတစ်ယောက်နဲ့ စကားပြောဆိုတဲ့နေရာမှာ မကျွမ်းကျင်ဘူး။ ဒါကြောင့် ဒီအကြောင်းကို ချောင်ထိုးလိုက်ပြီး တခြားတစ်ခုမေးလိုက်တယ် “ဒါဆို မင်းက ရှေ့ဆက်ဘာလုပ်မှာလဲ”

“အရှင်ယန့်ဝမ်” လင်ဝေ့ရှီးက ရုတ်တရက် ယန့်ဝမ်ကို ဂါရဝပြုလိုက်ပြီးမှ လေးနက်စွာစူးစိုက်ကြည့်ရင်း ပြတ်သားစွာပြောပါတယ် “ကျွန်တော်မျိုးမ ငယ်စဉ်ကလေးဘဝကတည်းက ယန့်ဝမ်ရဲ့အောင်မြင်မှုတွေကိုလေးစားဂုဏ်ယူရင်း ကြီးပြင်းလာခဲ့တာပါ၊ ဒီနေ့မှာလည်း ယန့်ဝမ်ကို ကိုယ်တိုင်ကိုယ်ကျမြင်နိုင်တာ ကျွန်တော်မျိုးမရဲ့နှစ်ဘဝကုသိုလ်ကောင်းမှုကြောင့်ပါ၊ ယန့်ဝမ်ရဲ့ကူညီမှုတွေအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုးမကို တစ်လက်မရတာကို တစ်ပေလိုချင်တယ်လို့ မမြင်ပါနဲ့၊ ဒါပေမယ့် ကျွန်တော်မျိုးမ ယန့်ဝမ်ဆီမှာ အကူအညီထပ်တောင်းချင်ပါတယ်၊ ကျွန်တော်မျိုးမကို လီမိသားစုရွာကနေထွက်သွားနိုင်အောင် ကူညီပေးပါ၊ ပြီးရင် ဘယ်သူမှမသိတဲ့ ရွာလေးတစ်ရွာမှာ ထားခဲ့လို့ရပါတယ်၊ ကျွန်တော်မျိုးမ ကျုံးယုံမြို့စားဂုဏ်ပုဒ်ကိုလည်း မလိုချင်ပါဘူး၊ နောက်ပိုင်းမှာ ဖခင်ဖြစ်သူရဲ့ကဗျည်းတိုင်ကိုစောင့်ရင်း ဗုဒ္ဓဘုရားရှေ့မှာ တရားမှတ်နေပါတော့မယ်၊ အေးဆေးတည်ငြိမ်တဲ့ဘဝတစ်ခုရနိုင်ရင် ကျွန်တော်မျိုးမ ကျေနပ်ပါပြီ”

ကုဟွေးရန့်က သူ့ကိုကြည့်နေတယ်၊ နောက်တော့ ဒေါသထွက်တာလား ဝမ်းမြောက်တာလား ခွဲခြားလို့မရတဲ့ လေသံနဲ့ပြောပါတယ် “မင်းက ဒီလိုမျိုးထွက်သွားချင်တာလား၊ သေချာစဉ်းစားပါ၊ ဒါက မင်းရဲ့မွေးရပ်မြေဖြစ်ပြီး မင်းရဲ့ဆွေမျိုးအရင်းအချာတွေက ဒီမှာပဲရှိတယ်”

“ကျွန်တော်မျိုးမ သေချာစဉ်းစားပြီးပါပြီ၊ ဒီနေရာက ကျွန်တော်မျိုးမရဲ့မွေးရပ်မြေလို့မခေါ်နိုင်ပါဘူး၊ အဖေနဲ့အဒေါ်က အငတ်ဘေးကြောင့် ဒီနေရာကိုရောက်လာပြီး အဒေါ်က ဒီရွာမှာအိမ်ထောင်ကျပါတယ်၊ ဒါပေမယ့် ကျွန်မက ကျန်းမာရေးမကောင်းတော့ အဖေက ကျွန်မကိုခေါ်ပြီး နေရာအနှံ့လှည့်လည်သွားရောက်ခဲ့ပါတယ်၊ ကျွန်မအတွက် မွေးရပ်မြေက ဒီနေရာမဟုတ်ပါဘူး၊ ကျွန်မအဖေရှိတဲ့နေရာပါ”

ကုဟွေးရန့်က လင်ဝေ့ရှီးကို ကြည့်တယ်၊ ပြီးတော့ မျက်ဝန်းတွေကိုပင့်လိုက်ရင်း လင်ဝေ့ရှီးနောက်က မှိတ်တုတ်မှိတ်တုတ် ကြယ်ပင်လယ်ကောင်းကင်ကြီးကိုကြည့်တယ်။ ဒီအချိန်မှာ လင်ဝေ့ရှီးရဲ့နှလုံးသားက တင်းကျပ်နေရပြီး လက်ဖဝါးနှစ်ဖက်လုံးက ချွေးစေးတွေချည်းပဲ။ သူ ဒီနေ့စွန့်စားခဲ့ရတာ… မနက်ဖြန်ဆို ယန့်ဝမ်က ထွက်သွားတော့မယ်… တကယ်လို့ သူ ဒီညမလှုပ်ရှားရင် နောက်ထပ်အခွင့်အရေး မရှိတော့ပါဘူး။  

ကုဟွေးရန့်က သူ့ရဲ့အကြည့်တွေကို ကြယ်ပင်လယ်ကြီးဆီကနေ ခွာလာခဲ့ပြီး လင်ဝေ့ရှီးရှိရာ တစ်ချက်ဖြတ်သွားပြီးမှ နောက်ကိုလှည့်ကာ ထွက်ခွာသွားပါတယ်။ လင်ဝေ့ရှီးရဲ့နှလုံးသားလေးလည်း လည်ချောင်းထဲကခုန်ထွက်လုမတတ် ဖြစ်သွားတာပေါ့။ ယန့်ဝမ်က ဘာသဘောလဲ။ သူ တမင်သက်သက် ကောင်းရန်နည်းလမ်းအတုခိုးပြီး ဟန်ဆောင်ပန်ဆောင်ငိုပြလိုက်တာတောင် မရသေးဘူးလား…

လင်ဝေ့ရှီးက မနေနိုင်ဘဲ ခြေနှစ်လှမ်းလောက် နောက်ကပြေးလိုက်မိတယ် “အရှင် ယန်….”

“ညဉ့်နက်နေပြီ၊ အပြင်ဘက်မှာပိုအေးတယ်၊ အရင်ပြန်တော့”

“ဒါပေမယ့် ခေါ်သွားမှာလား မခေါ်သွားဘူးလား အရှင် ကျွန်မကိုမပြောရသေးဘူးလေ”

ကုဟွေးရန့် သက်ပြင်းချမိပါတယ်။ သူ နှစ်တွေအများကြီး အာဏာလက်ဝယ်ရှိခဲ့တာ သူ့ကိုပြန်ပြီးမေးခွန်းထုတ်တဲ့လူ ဒီတစ်ခါပထမဦးဆုံးပဲ။ ကံကောင်းတာက သူ့လူတွေက ခပ်လှမ်းလှမ်းမှာရပ်နေကြလို့။ နို့မို့ ကြားကုန်ကြရင် မနက်ဖြန်လောက် ကောလဟလတွေ ပျံ့နှံ့နေပြီးဖြစ်လိမ့်မယ်။ 

ဒီလူတွေက ယန့်ဝမ်ဘေးနား နှစ်ပေါင်းများစွာအတူရှိလာခဲ့ကြသူတွေဖြစ်ပြီး ပုခက်ထဲကနေ အုတ်ဂူထဲထိ တစ်ယောက်ကိုတစ်ယောက် အသက်ပေးယုံကြည်ကြသူတွေဖြစ်တယ်။ ကုဟွေးရန့်က ဒီလူတွေကို သူ့လက်၊သူ့ခြေတွေလို သဘောထားပေမယ့် ဒီကြမ်းကြမ်းတမ်းတမ်းဆရာကြီးတွေမှာ ဆိုးရွားတဲ့အချက်လေးတစ်ချက် ရှိတယ်။ အဲဒါကတော့… သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကို သိပ်ကိုစပ်စုလွန်းကြတာဖြစ်ပါတယ်။  

နောက်ပြီး သူ့ရှေ့မှာက ငယ်ရွယ်တဲ့အပျိုစင်မိန်းမငယ်လေးတစ်ယောက်။ မိန်းကလေး အသက်ဆယ့်ငါး ဆယ့်ခြောက် လောက်ပဲရှိပြီး သူ့သားထက်တောင်မှ ငယ်ရွယ်သေးတယ်။ ကုဟွေးရန့်သိတယ်.. လင်ဝေ့ရှီးမှာ အခြားသဘောမှမရှိဘူး.. ကောင်မလေးက စိုးရိမ်လွန်းအားကြီးပြီး စကားတွေလွှတ်ခနဲထွက်သွားရုံပဲ။ ပြီးတော့ သူကအသက်ကြီးပါပြီ။ 

ကုဟွေးရန့်က သူ့ရဲ့ဂုဏ်သိက္ခာတွေ သူများတွေထင်ယောင်ထင်မှားဖြစ်မှာမလိုချင်ဘူး။ ဒါကြောင့် ခြေလှမ်းတွေကိုရပ်ပြီး ဘဝမှာပထမဦးဆုံးအနေနဲ့ သူ့အစီအစဉ်ကိုရှင်းပြလိုက်ရတယ် “ငါကိုယ်တော် လုံခြုံတဲ့နေရာတစ်ခုရှာပြီး မင်းအခြေချနိုင်အောင်လုပ်ပေးပါ့မယ်၊ စိတ်မပူပါနဲ့၊ လင်ယုံက ကိုယ်တော့်အသက်ကိုကယ်ခဲ့တာပါ၊ သူ့ရဲ့တစ်ဦးတည်းသောသမီးကို တစ်ယောက်တည်းမထားခဲ့ပါဘူး”

လင်ဝေ့ရှီးက နောက်ဆုံး ယန့်ဝမ်ဆီကပြန်စကားကြားမှပဲ သက်ပြင်းတစ်ချက်မှုတ်ထုတ်နိုင်တာဖြစ်ပါတယ်။

ကုဟွေးရန့်က အသက်(၁၇)နှစ်အရွယ် ယန့်ဝမ်ဘွဲ့ဆက်ခံကတည်းက ၊ဒါမှမဟုတ် ဒိထက်ပိုစောတဲ့အရွယ် အသက်(၁၅)နှစ် စစ်မြေပြင်မှာစတင်တိုက်ခိုက်ကတည်းက ဒီလိုမျိုးအရိပ်အကဲမသိ မေးခွန်းထုတ်မခံရဖူးဘူး။ ဒါပေမယ့် သူက မသိနားမလည်တဲ့ကလေးတစ်ယောက်ကို စိတ်ထဲထည့်မနေတော့ဘဲ စကားပြောပြီးတာနဲ့ ရှေ့ကိုဆက်လျှောက်သွားတယ်။ ဒါပေမယ့် သူ နှစ်လှမ်းလောက်ပဲလှမ်းရသေးတယ်၊ နောက်ဖက်ကခြေသံတဖြတ်ဖြတ်ထွက်ပေါ်လာပြီး မိန်းမငယ်လေးက အမှီလိုက်လာပြန်တယ် “အရှင်.. မနက်ဖြန် အရှင်နဲ့လိုက်ရမယ်ဆိုရင် ဒီည ကျွန်မပစ္စည်းတွေထုပ်ထားလိုက်ရမလား၊ မနက်ဖြန်မနက်ဘယ်အချိန်ဆုံမှာလဲ” 

တကယ့်ကို ဒီစကားမျိုးက တခြားသူတွေကြားရင် သူ့ကိုယ်ကျင့်တရားကိုသံသယဝင်ကြမယ့် အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားမျိုး။ ကုဟွေးရန့်က ခြေလှမ်းတွေရပ်လိုက်ဖို့ပဲ တတ်နိုင်တော့တယ်။ သူက လင်ဝေ့ရှီးကိုပြောတယ် “မင်း စိတ်ပူစရာမလိုဘူး၊ ငါကိုယ်တော် တစ်ယောက်ယောက်ကိုလုပ်ခိုင်းလိုက်မယ်၊ လင်မိန်းကလေး နောက်ကျနေပြီ ပြန်လိုက်တော့”

…ဟင်… ပစ္စည်းတွေသိမ်းစရာမလိုဘူးဆိုတာ… နားလည်ပေးလို့ရပေမယ့် ထွက်ခွာမယ့်အချိန်ကိုကျ မပြောဘူး…ဘာတုန်းဟ…။ လင်ဝေ့ရှီး အရမ်းကိုခေါင်းစားသွားရတယ်။ သူက မနေနိုင်မထိုင်နိုင် ထပ်မေးရတော့တာပေါ့ “အရှင်… ကျွန်မကို ညာပြောနေတာတော့ မဟုတ်ပါဘူးနော်”

တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်ဆီက ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ ကုဟွေးရန့် ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။ သူက အပြုံးပါးပါးတစ်ခုနဲ့သာ ပြန်မေးလိုက်ရတယ်  “မင်းဘာပြောလိုက်တယ်”

လင်ဝေ့ရှီးက ပါးစပ်ပိတ်ပြီး ခေါင်းကိုငုံ့ကာ ကုဟွေးရန့်ရဲ့အကြည့်တွေကနေ ရှောင်လိုက်ပါတယ်။ ဒါကိုမြင်ပြီး ကုဟွေးရန့်လည်း ဘာမှထပ်မပြောတော့ဘူး၊ မိန်းကလေးကိုထားခဲ့ပြီး ပကတိမျက်နှာထားနဲ့ သူ့မြင်းရှိရာ ဆက်လက်လျှောက်သွားတယ်။ 

ကုဟွေးရန့်လျှောက်သွားတော့ လင်ဝေ့ရှီးက အနောက်မှာကျန်ခဲ့ပါတယ်။ သူက ထွက်သွားတဲ့လူ မကြားလောက်ဘူးဆိုပြီး အသံတိုးတိုးလေးနဲ့ ရေရွတ်တော့တာပေါ့ “ဟွန့်.. တစ်ယောက်မှ မကောင်းဘူး”

ခပ်ဝေးဝေးကကုဟွေးရန့်ရဲ့ခြေလှမ်းတွေရပ်သွားတယ်။ သူ့မျက်ဝန်းတွေကလည်း စူးရဲသွားတယ်။ ဒီမိန်းကလေးက သူ့ရဲ့သည်းခံစိတ်ကို ထပ်ကာထပ်ကာလာလာဆွတယ်။ သူက လှည့်မကြည့်လိုက်ဘူး၊ အေးအေးသက်သာပဲ ပြန်ပြောလိုက်တယ် “ညဘက်မှာ လေတွေအရမ်းအေးတယ်၊ လင်မိန်းကလေး ပြန်ဖို့သင့်နေပြီ၊ နောက်တစ်ခါ မင်း ကိုယ်တော့်ကိုစကားပြောချင်ရင် ကိုယ်တော့်ဆီတိုက်ရိုက်လာရှာနိုင်တယ်၊ ညဘက်ကြီးလျှောက်ပြေးနေပြီးတော့ သစ်ပင်အောက်မှာ အအေးပတ်ခံစရာမလိုဘူး”

လင်ဝေ့ရှီးက သူ့စကားအတွက်နောင်တရသွားပါတယ်။ သူက အခုလေးတင် ကုချန်ယောက်အကြောင်းတွေးမိပြီး စိတ်တိုသွားခဲ့တာ။ စိတ်ထဲ ကုမိသားစုမှာ လူကောင်းတစ်ယောက်မှမရှိဘူးဆိုပြီးတွေးနေတုန်း ပါးစပ်ကလည်း လွှတ်ခနဲထွက်သွားတာပဲ။ ဒါပေမယ့် ယန့်ဝမ်က မတူဘူးလေ၊ သူ့အပေါ်မှာ ဘာအမှားမှမလုပ်ခဲ့ဘူး။ သူက တိုင်းပြည်ကြီးရဲ့စောင့်ရှောက်သူနတ်ဘုရားကြီး ပြီးတော့ သူ့ကိုလည်း ကူညီပေးသေးတယ်။ ဒီလိုကျေးဇူးမတင် ဖင်လှန်ပြတဲ့စကားမျိုး ပြောထွက်ရတာလဲ။ 

လင်ဝေ့ရှီးက ယန့်ဝမ်ရဲ့စကားကိုကြားပြီး မျက်နှာတွေကနီရဲလာခဲ့တယ်။ နောက်ပြီး ခက်ခက်ခဲခဲ ပြောထွက်လိုက်ရပါတယ် “အရှင်သိနေတယ်လား”

သူ ဘယ်လိုလုပ် မသိဘဲနေရမလဲ။….မိန်းကလေးရဲ့… မင်းရဲ့နည်းလမ်းတွေက သိပ်ကိုကိုးယိုးကားယားနိုင်လွန်းတယ်….။ ဒါပေမယ့် ကုဟွေးရန့်က ဒီစကားတွေကိုမပြောလိုက်ဘူး၊ ညအမှောင်ထဲကို တိုးဝင်လျှောက်သွားခဲ့ပါတယ်။

……………