(5) အရှင်သခင်
Viewers 10k

(5) အရှင်သခင်

လင်ဝေ့ရှီးတစ်ယောက် အမှောင်ထဲမှာ အိမ်ပြန်ရောက်လာတယ်။ နောက်တော့ ခြံဝင်းတံခါးကိုတွန်းဖွင့်ရုံရှိသေးတယ်၊ မည်းမှောင်နေတဲ့ခြံဝင်းထဲ အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရပါတယ် “နင် ဘယ်သွားနေတာလဲ”

လင်ဝေ့ရှီး သတိချပ်သွားပြီး ခြေတစ်လှမ်းနောက်ဆုတ်သွားခဲ့တယ်။ ရင်ဘတ်ကိုဖိပြီး စိတ်ငြိမ်အောင်လုပ်ပြီးမှ ထပ်ကြည့်လိုက်တော့ ပြောစကားပိုင်ရှင်ကိုမြင်ရတယ်။ သူ့မှာ ပြန်ပြောစရာစကားမရှိဘူး၊ မမြင်ချင်ဟန်ပြုပြီး အခန်းဆီသို့သာ လျှောက်သွားတယ်။  

လင်ဝေ့ရှီးက သူ့ကိုဖြတ်တိုက်သွားတဲ့လေလို သဘောထားတာ လီတမြင်တယ်။ သူက စိတ်ထဲ မပျော်မရွှင်ဖြစ်လာပြီး ရှေ့ကိုတိုးကာ လင်ဝေ့ရှီးရှေ့ပိတ်ရပ်လိုက်ပါတယ်။ သူ့အသံက ပိုလို့တောင်ကျယ်လာတယ် “ငါ ပြောစရာရှိတယ်”

လင်ဝေ့ရှီးက မျက်မှောင်ကျုံ့ပြီး ရှောင်ထွက်ဖို့ကြိုးစားတယ်။ ဒါပေမယ့် သူလျှောက်တဲ့ဘက်ကို လီတကလိုက်လျှောက်ပြီး ရှေ့ကကာထားတယ်။ ဒါက သုံးလေးခါဆက်တိုက်ဖြစ်ပြီး လီတနဲ့လင်ဝေ့ရှီးကြားကအကွာအဝေးလည်း တဖြည်းဖြည်းနီးလာတယ်။ ဒါကို လီတက သဘောကျပေမယ့် လင်ဝေ့ရှီးက ဒေါသထွက်တယ်။

လင်ဝေ့ရှီးက အေးစက်စက်ပြောလေရဲ့ “ငါ့ရှေ့ကဖယ်” 

လီတအတွက်တော့ လင်ဝေ့ရှီးနဲ့ ဒီလောက်နီးနီးကပ်ကပ်ရှိဖူးတာရှားတောင့်ရှားခဲဖြစ်ရပ်။ သူက လင်ဝေ့ရှီးရဲ့ပုတ်သိုးနေတဲ့မျက်နှာကိုမြင်ပြီး မခံချိမခံသာဖြစ်ရတယ်။ ဒါပေမယ့် လင်ဝေ့ရှီးရဲ့မျက်နှာလှလှလေးကို ဘယ်ယောင်္ကျားကများ ဒေါသထွက်လိမ့်မှာလဲ။ ဒါကြောင့်  အတတ်နိုင်ဆုံးလေသံပျော့ကလေးနဲ့ပဲ ပြောရတော့တာပေါ့ “ငါက နင့်ကိုစိတ်ပူတာပါ၊ အပျိုလေးတစ်ယောက်က ညဘက်ကြီးတစ်ယောက်တည်းအပြင်ထွက်တာ မကောင်းဘူး၊ ငါအကြာကြီးစောင့်နေတာကို အခုမှပြန်လာတယ်၊ ဒါ သင့်တော်တယ်ထင်လို့လား၊ တကယ်လို့ နင် အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုချင်ရင်တောင် အမေ့ကိုပြောလေ ဒါမှမဟုတ် ငါ့ကိုပြော၊ ငါ အဖော်လိုက်ပြီး အပြင်ထွက်ပေးမှာပေါ့”

လင်ဝေ့ရှီးက ဟွန့်ခနဲတစ်ချက်ရယ်ပြီး အရေးမစိုက်တဲ့အသံနဲ့ အပြတ်ပြောတယ် “မလိုပါဘူး၊ ငါ ပြန်ရောက်နေပြီပဲ” သူက အရှေ့ဆက်လျှောက်လိုက်ပေမယ့် လီတက တားလိုက်ပြန်တယ်။ လင်ဝေ့ရှီးက နောက်ထပ်နှစ်ခါလောက် ကြိုးစားပြန်တယ်။ ဒါပေမယ့် လီတက သူ့ရှေ့ကနေ မြဲမြဲမြံမြံ ကာထားတယ်။ လင်ဝေ့ရှီးက မျက်မှောင်ကျုံ့ပြီး မျက်ခုံးတစ်ဖက်ကို ဟန်ပါပါပင့်ချီကာ လီတကိုကြည့်ပါတယ် “နင် ဘာဖြစ်ချင်နေတာလဲ”

အလှတရားက သိပ်ကိုအံ့သြစရာကောင်းပါတယ်။ ဘယ်လောက်ပဲ အေးစက်စက်ရန်လိုနေပါစေ လှပတဲ့မိန်းကလေးက ကြည့်ကောင်းနေဆဲပါပဲ။ လီတက ပြုံးပြီးပြောတယ် “ဝမ်းကွဲညီမလေး… ငါဘာဖြစ်ချင်လဲ မသိဘူးလား၊ ငါတို့က ရွယ်တူဝမ်းကွဲမောင်နှမတွေလေ၊ ဟိုးအရင်ထဲက ဝမ်းကွဲမောင်နှမတွေဆိုတာ အိမ်ထောင်ပြုဖို့အကောင်းဆုံးစုံတွဲတွေပဲ၊ ဦးလေးကွယ်လွန်သွားလို့ မင်း အရမ်းဝမ်းနည်းနေမှာသိပေမယ့် စိတ်မပူပါနဲ့ နောင်အနာဂတ်မှာ ဦးလေးကိုယ်စား ငါနင့်ကိုစောင့်ရှောက်မှာပေါ့”

လင်ဝေ့ရှီးက ခပ်ဖျော့ဖျော့ပြုံးတယ်။ ပြုံးလိုက်တဲ့အချိန်မှာ ကွေးတက်သွားတဲ့သူ့ရဲ့မျက်ဝန်းတွေက ကောင်ကင်ကကြယ်တွေထက်တောင် ပိုပြီးတောက်ပနေသေးတယ်။ လီတကိုကြည့်ရတာ ဒီအပြုံးတွေထဲနစ်ဝင်နေတဲ့ပုံပဲ။ သူက လင်ဝေ့ရှီးကို ကြောင်တောင်တောင်နဲ့ငေးကြည့်နေတယ်။ ဒါပေမယ့် နောက်ခဏမှာတော့ အလှလေးက အပြုံးတွေကိုရပ်တန့်လိုက်ပြီး နှုတ်ခမ်းဖျားကနေ ရေခဲလိုထက်ရှတဲ့ကျိန်ဆဲသံတွေသာထွက်လာပါတယ် “ငါ့ကိုစောင့်ရှောက်မယ် ဟုတ်လား၊ ငါ့အဖေချန်ခဲ့တဲ့ငွေတုံးတွေကိုသာ စောင့်ရှောက်မယ်လို့ပြောလိုက်ပါတော့လား”

လီတရဲ့မျက်နှာလည်း ရှုံ့တွသွားတာပေါ့ “ဝမ်းကွဲညီမလေး နင်ဘာတွေပြောနေတာလဲ”

“ဘာလဲ… လူကြည့်တော့ ကြီးကောင်ကြီးမားနဲ့၊ လုပ်တော့လုပ်ရဲတယ် ဝန်မခံရဲဘူးလား၊ နင်နဲ့နင့်အမေက တစ်ကြိတ်တည်းတစ်ဉာဏ်တည်းတွေချည်းပဲ၊ နင်တို့ကိုယ်နင်တို့ လူကောင်းများမှတ်နေကြလား၊ တစ်ကောင်ကြွက်မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားရတယ်ဆိုပြီး နင်တို့ကိုယ်နင်တို့ ကုသိုလ်ကောင်းမှုလုပ်နေတယ်များ ထင်နေလား၊ ဒီမှာ.. သူတော်ကောင်းယောင်ဆောင်မနေနဲ့၊ နင်နဲ့နင့်အမေမရှိရင်တောင် ငါက ပိုပြီးကောင်းကောင်းမွန်မွန်နေရမှာ”

လင်ဝေ့ရှီးက စကားတွေကိုဆုံးအောင်ပြောပြီး လီတကိုအေးစက်စက်ကြည့်လိုက်ကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားတယ်။ ဒီတစ်ကြိမ်မှာ လီတက သူ့ကိုမတားတော့ဘူး။ နေရာမှာရပ်ကျန်နေခဲ့ပြီး လင်ဝေ့ရှီးအခန်းထဲဝင်ခါနီးကျမှ ရုတ်တရက်နောက်ကလှမ်းအော်တယ် “ဝမ်းကွဲညီမလေး… အမေရဲ့စိတ်ကိုလည်းသိရဲ့သားနဲ့၊ ငါလည်း ဘာမှမတတ်နိုင်ဘူးလေ၊ ဒီနှစ်တွေအတွင်းမှာ အမေ နင့်ကိုခွဲခြားဆက်ဆံတဲ့အကြောင်းတွေကိုအကုန်လုံး ငါသိပါတယ်၊ မပူနဲ့တော့၊ အခုချိန်ကစပြီး ကောင်းကောင်းဆက်ဆံပါလို့ ပြောလိုက်မယ်.. နော်၊ ငါ နင့်ကိုတကယ်ကြီးကိုလက်ထပ်ချင်တာပါ၊ ဟိုးအရင် ဦးလေးကို ဆုမချီးမြှင့်ခင်ကတည်းက ငါ နင့်ကို ဇနီးအဖြစ်လက်ထပ်ချင်တယ်လို့ အမေ့ကိုပြောခဲ့တာပါ”

“အဲဒိတော့ ဘာဖြစ်လဲ” လင်ဝေ့ရှီးက နောက်လှည့်မကြည့်ဘူး။ အသံတွေလည်း တင်းမာနေတုန်းပဲ “သူက သဘောမတူဘူးလို့ပြောတယ်လေ၊ အဲဒိတော့ နင်ကလည်း ဘာမှထပ်မပြောတော့ဘူးလေ၊ ပြီးတော့လည်း ငါ့အဖေက ကျုံးယုံမြို့စားသာမဟုတ်ရင် ငါ့ကိုကောင်းကောင်းဆက်ဆံပေးမယ်ဆိုတဲ့စကား နင့်ပါးစပ်ကထွက်မှာမို့လို့လား၊ ဟွန့်.. ဟာသပဲ၊ နင့်ကိုယ်နင် အချစ်သူရဲကောင်းကြီးများထင်နေလား၊ အိပ်မက်ကနေနိုးလိုက်ပါတော့၊ တကယ်တော့ နင်က ကိုယ်ပိုင်အတွေးအခေါ်မရှိဘဲ အမေပြောသမျှခေါင်းညိတ်နေရတဲ့ သူရဲဘောကြောင်တဲ့ကောင်ဆိုတာ ကိုယ့်ကိုယ်ကို သိရဲ့လား”

ပြောပြီးတဲ့အချိန်မှာ လင်ဝေ့ရှီးက လီတရဲ့ဖြစ်ပျက်ကျန်ခဲ့တဲ့မျက်နှာထားကို လှည့်ပြန်ကြည့်ဖို့စိတ်ကူးမရှိဘူး။ တံခါးကိုတွန်းဖွင့်ပြီး ဒီအတိုင်း လျှောက်ဝင်လိုက်တယ်။ ဒါပေမယ့် အထဲကိုတစ်လှမ်းပဲလှမ်းရသေးတယ်။ လီတပြောတာ ကြားရပြန်တယ် “ဝမ်းကွဲညီမလေး… နင် ဘာဖြစ်လို့ဒီလောက်နှလုံးသားမဲ့ရတာလဲ၊ လှတပတမျက်နှာလေးကြောင့်သာမဟုတ်ရင် နင့်အကျင့်နဲ့ဆို ဘယ်ယောင်္ကျားမှ နင့်ကိုလက်ထပ်ချင်မှာမဟုတ်ဘူး”

လင်ဝေ့ရှီးရဲ့ဒေါသတွေ ငယ်ထိပ်ဆောင့်တက်သွားရပြီ။ လီတနဲ့ဒေါ်လေးလင်တို့က အမြဲတမ်း မိန်းမတွေကိုအထင်မကြီးတဲ့လူစားမျိုးတွေဖြစ်တယ်။ သူတို့စိတ်ထဲမှာက မိန်းမဆိုတဲ့အမျိုးက နူးညံ့သိမ်မွေ့ပြီးနာခံနေရမယ်။ သူတို့ခံယူထားတဲ့သတို့သမီးဆိုတာက ပြောပလောက်တဲ့အရည်အချင်းတွေရှိစရာမလိုဘူး နာခံနေဖို့ပဲလိုတယ်။ ….ဟွန့်.. ဒင်းတို့က သူတို့ကိုယ်သူတို့ တော်ဝင်မျိုးနွယ်တွေများထင်နေကြလား မသိဘူး။ 

လင်ဝေ့ရှီးက ဒေါသတွေကြောင့် အသက်ရှူရခက်လာတယ်။ အရင်ဘဝကပျက်ဆီးခဲ့ရတဲ့အိမ်ထောင်ရေးက သူ့နှလုံးသားထဲမှာစူးတစ်ချောင်းဖြစ်နေဆဲပဲ။ ဒီဘဝမှာ သူ့အတွက် ခံရအခက်ဆုံးအရာက သူလက်ထပ်နိုင်မှာမဟုတ်ဘူး၊ သူ့ယောင်္ကျားကသူ့ကိုကြိုက်မှာမဟုတ်ဘူးဆိုတဲ့စကားတွေကို လာလာပြောကြတာပဲ။ ဒီအနာကိုလာလာဆွတဲ့လူမှန်သမျှ သေရစေ့မယ်…

လင်ဝေ့ရှီးက ဒီဘက်ပြန်လှည့်လာပြီး လီတကိုပြုံးတောင်ပြလိုက်ပါတယ်။ သူ့အသွင်အပြင်လေးက နတ်သမီးလေးတစ်ပါးလို ထူးဆန်းအံ့သြစရာကောင်းလောက်အောင် ချောမောလှပလွန်းတယ်။ ဒါပေမယ့် နောက်ဆက်တွဲလိုက်လာတဲ့စကားလုံးတွေကတော့ ဓါးတစ်ချောင်းလိုထက်ရှလွန်းပါတယ် “ယူမယ့်ယောင်္ကျားမရှိတော့ ဘာဖြစ်လဲ၊ ငါ့အဖေက နန်းတွင်းကချီးမြှင့်တဲ့ ကျုံးယုံမြို့စားဘွဲ့ရထားတာ၊ ငါ့နာမည်အောက်မှာ မြေဧကထောင်ချီရှိတယ်၊ ယောင်္ကျားတစ်ယောက်မှမရှိဘူးဆိုရင်တောင် ငါ့အဖေချန်ခဲ့တဲ့ပစ္စည်းတွေထိုင်သုံးနေရုံနဲ့တင် နင့်ထက် အဆတစ်သောင်းမက ကောင်းကောင်းနေလို့ရတယ်ဟဲ့”

လီတက ကလေးဘဝကတည်းက ဒေါ်လေးလင်ရဲ့အချစ်ဆုံး အလိုလိုက်ခံရဆုံးသားလေးပါ။ သူက ဒီလိုစကားတွေကိုကြားပြီး အသက်ရှုနှုန်းတွေမြန်လာတဲ့အထိ ဒေါသထွက်လာတယ်။ သူက လင်ဝေ့ရှီးကိုလက်ညှိုးထိုးပြီး “နင်..”

လင်ဝေ့ရှီးက မျက်ခုံးကိုအသာပင့်တင်ပြီး ပြောတယ် “ဘာဖြစ်ချင်လဲ၊ နင့်လက်ကိုချလိုက်စမ်း၊ ငါ့ကိုလက်ညှိုးထိုးဖို့ နင့်မှာအခွင့်ရှိလို့လား”

လင်ဝေ့ရှီးက အရင်ကောင်းရှီးဘဝမှာ သူ့ရဲ့ဒေါသကြောင့် ယင်းကော်နယ်စားဆက်ခံသူဇနီးဆီက မကြာမကြာပြောဆိုခံရတယ်။ ဆက်ခံသူဇနီးက ခဏခဏပြောလေ့ရှိတယ်။ လူတွေကိုငိုယိုတဲ့အထိအောင်ဆူပူနိုင်တဲ့ လင်ဝေ့ရှီးရဲ့ဒေါသကို သူလက်လန်တယ်တဲ့လေ။ ဒီစကားကိုကြားတဲ့ ရှို့ခန်းမင်းသမီးကြီးကတော့ အချိန်တိုင်းဟက်ဟက်ပက်ပက်ရယ်လေ့ရှိတယ်။ လူတွေက သူတို့သွေးရင်းသားရင်းကို ချစ်မြတ်နိုးကြတာ ဓမ္မတာပါပဲ။ မင်းသမီးကြီးကပြောတယ်.. အစ်မရှီးက နယ်စားရဲ့မြေးကြီး၊ တော်ဝင်မင်းသမီးရဲ့မြေးကြီး.. ဒါကြောင့် သာမန်လူတွေထက် ဒေါသနည်းနည်းကြီးလည်း ကိစ္စမရှိပါဘူးတဲ့။ အမှားလုပ်တဲ့လူတွေကသာ ဆူပူခံသင့်တာတဲ့လေ။

အတိတ်မှာတော့ လင်ဝေ့ရှီးက ယန့်ဝမ်အိမ်တော်ဆီလက်ထပ်ခဲ့ပြီး ဆက်ခံသူဇနီးဖြစ်လာတယ်။ ဒီလိုတော်ဝင်အိမ်တော်ကချွေးမဆိုတာမျိုးက နည်းနည်းလေးနူးညံ့နေသင့်တယ်။ ဒါကြောင့် သူက ယန့်ဝမ်အိမ်တော်မှာ စိတ်ရှိတိုင်းမပြောဆိုရဲခဲ့ဘူး။ အစေခံတွေကိုလည်း သည်းခံပြီးဆုံးမရတယ်၊ အိမ်တော်ကိစ္စတွေကိုလည်း ချုပ်တည်းပြီးလုပ်ဆောင်ခဲ့ရပါတယ်။ အဲ့သလိုလုပ်တာတောင်မှ အိမ်တော်ကလူဟောင်းတွေက အညိုးတကြီး ကုချန်ယောက်ဆီသွားသွားသွေးထိုးကြလို့ အမုန်းခံခဲ့ရပါသေးတယ်။

လင်ဝေ့ရှီးက ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းမှာ ဒီအကြောင်းကို အချိန်အကြာကြီး စိတ်ပျက်ခဲ့ရတယ်။ သူက တကယ်ပဲဆိုးရွားနေလို့ ကံဆိုးမိုးမှောင်ကျပြီး သေဆုံးသွားခဲ့တာများလား….။ ယောင်္ကျားတွေက ကောင်းရန်ရဲ့စိတ်နေသဘောထားကိုမှ နှစ်သက်ကြတယ်ထင်ပါရဲ့…။   

လင်ဝေ့ရှီးက တစ်လလောက်စိတ်ဓါတ်ကျပြီးမှ ကျော်လွှားသွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ လက်ထပ်ဖို့စိတ်ကူးမရှိတော့ဘူးလေ။ ပြန်လည်မွေးဖွားလာရတာတောင် ကောင်းချီးဖြစ်နေပြီ။ အခြားလူတွေရဲ့အမြင်ကြောင့် သူ့ကိုယ်သူနွံထဲနစ်မယ့်အလုပ်မျိုး မလုပ်တော့ဘူး။ သူ့မှာ ဒီလိုမျိုး စိတ်ပျက်စရာကောင်းတဲ့ အမူအကျင့်မျိုးရှိတာ တစ်ခုတည်းသောလုပ်နိုင်တဲ့အရာက လက်မထပ်ဘဲ တစ်ဖက်မိသားစုကို ဒုက္ခမပေးမိဖို့ပဲ။ သူ့ဘဝကို သူကြိုက်သလိုရှင်သန်ရပါလိမ့်မယ်။

ဒါပေမယ့် သူ တစ်ခုခုကို မျက်စိသျှမ်းသွားခဲ့ပါတယ်။ အတိတ်မှာက လူတွေက သူဆုံးမပြစ်တင်တာခံရတဲ့အခါ ရှက်လွန်းလို့ ခေါင်းတွေတောင်မဖော်ရဲကြဘူး။ အကြောင်းရင်းကတော့ သူ့ရဲ့အဆင့်အတန်းမျိုးရိုးကြောင့် ပြန်လှန်ဖို့မဖြစ်နိုင်ကြလို့။ ဒါပေမယ့် အခုတော့ သူ့မှာ ယင်းကော်နယ်စား၊ ရှို့ခန်းတော်ဝင်မင်းသမီးကြီး၊ ယန့်ဝမ်အိမ်တော် ဆိုတဲ့ နောက်ခံအင်အားမရှိဘူး။ လူတွေကို ပါးစပ်ပိတ်ထားစေဖို့ သူ့မှာအာဏာမရှိဘူး။ ဒေါသကြီးတဲ့လူတွေ ကိုယ်ထိလက်ရောက်စော်ကားလာတဲ့အခါ ပြန်တွန်းလှန်ဖို့ သူ့မှာခွန်အားမရှိပါဘူး။

လီတက ဒီလိုလူမျိုးပဲ။ လင်ဝေ့ရှီးရဲ့စကားလုံးတိုင်းက ချွန်မြေ့တဲ့ဓါးသွားတွေလို သူ့ရင်ကို အကြိမ်ကြိမ်စိုက်တယ်။ ဒါပေမယ့် ပြန်လှန်ပြောဖို့ အခွင့်မသာဘူး။ လီတက တုန်ယင်လာပြီး လင်ဝေ့ရှီးရှိရာ ပြေးဝင်လာတယ်။ သူက လင်ဝေ့ရှီးကို အမှန်တကယ်ယောင်္ကျားလိုမလို လက်တွေ့သင်ခန်းစာပေးချင်နေခဲ့တာပေါ့။

တရှိန်ထိုးပြေးဝင်လာတဲ့လီတကြောင့် လင်ဝေ့ရှီးလည်း ယောင်နနဖြစ်သွားပြီးမှ အလျင်အမြန်လွတ်လမ်းရှာရတယ်။ သူက ပင်မအိပ်ခန်းရှိရာ ဖြတ်ခနဲကြည့်လိုက်တော့ မီးအမှောင်ချထားပြီး တမင်သက်သက်နှုတ်ဆိတ်နေကြတဲ့ အိပ်ခန်းကိုမြင်တယ်။ ဒီမိသားစုက ခြံထဲကကြက်ရိုက်သတ်ချင်နေကြတာ လင်ဝေ့ရှီးနားလည်လိုက်ပါတယ်။

သူက တုန်လှုပ်သွားရတယ်။ သူ့ကျန်းမာရေးက မကောင်းဘူး၊ နှစ်လှမ်းလောက်မြန်မြန်လှမ်းတာနဲ့ ချောင်းတဟွတ်ဟွတ်ဆိုးပြီ။ လီတလို တောင့်တောင့်တင်းတင်းလူငယ်လေးတစ်ယောက်ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီအချိန် အိမ်ထဲမှာမနေသင့်မှန်း သူသိတယ်။ အကူအညီအော်တောင်းလည်း ဘယ်သူမှလာမှာမဟုတ်ဘူး။ လင်ဝေ့ရှီးက ဒီခဏမှာ လက်လှမ်းမှီရာကောက်ဆွဲပြီး လီတမျက်နှာကောက်ပေါက်လိုက်တယ်။ လီတက ပြေးဝင်လာတဲ့မုန့်အကျိုးအကြေတွေကို မရှောင်လိုက်နိုင်ဘဲ မျက်စိထဲဝင်သွားလို့ လှုပ်ရှားမှုတွေကိုရပ်ပြီး ပွတ်နေရတယ်။ လင်ဝေ့ရှီးက အခွင့်အရေးကိုသုံးပြီး ခြံဝင်းတံခါးရှိရာ အသည်းအသန်ထွက်ပြေးပါတယ်။ လီတရဲ့မျက်စိတွေပြန်ကောင်းလာတော့ သူကအံကိုကြိတ်ပြီး လင်ဝေ့ရှီးနောက်ပြေးလိုက်တယ်။

လင်ဝေ့ရှီးက တံခါးမင်းတုန်းကိုဖွင့်ရုံရှိသေး လီကမှီလာတယ်။ သူက ကြောက်ကြောက်လန့်လန့်နဲ့ လီတရဲ့မျက်နှာကို တံခါးရွက်နဲ့ရိုက်လိုက်ပြီး အပြင်ဘက်ကိုကတုန်ကယင်ပြေးထွက်လာတယ်။

ဒါပေမယ့် လင်ဝေ့ရှီးလို အကောင်သေးသေးကိုယ်ခန္ဓာလေးမှာ ဘာအားရှိမှာလဲ။ လီတက မြန်မြန်မှီလာပြီး လင်ဝေ့ရှီးရဲ့လက်တစ်ဖက်ကို ဆွဲထားတယ်။ လင်ဝေ့ရှီးက ကန်တယ် ရိုက်တယ်၊ ဒါပေမယ့် မလွတ်မြောက်နိုင်ဘူး။ ဒီရွာကလူတွေအကုန်လုံးက မျိုးနွယ်လီဖြစ်ကြပြီး ကြမ်းကြမ်းတမ်းတမ်းရွာသားတွေက အပြင်လူကိုမုန်းကြတယ်။ သူတို့က လင်ဝေ့ရှီးရဲ့ပုံမှန်မဟုတ်တဲ့အသံတွေကြားတောင်မှ ကူညီဖို့ထွက်လာကြမှာမဟုတ်ဘူး။ လင်ဝေ့ရှီးက အားပျော့တဲ့ သူ့ကိုယ်သူမုန်းမိတယ်။ သူက ဒေါ်လေးလင်ရဲ့အိမ်ထဲ ပြန်ဆွဲခေါ်ခံရမယ့်အရေးတွေးမိပြီး ရုတ်တရက် တစ်ခုခုကို သွားသတိရပါတယ်။ သူက တစ်ချိန်က နယ်စားအိမ်တော်ကအမျိုးသမီးဖြစ်ခဲ့ဖူးတယ်။ အဲဒိလိုအိမ်ကြီးအိမ်ကောင်းတွေမှာ လုံခြုံရေးအစောင့်တွေဆိုတာ ဒင်းကြမ်းရှိတယ်။ သူတို့ကခြံဝင်းရဲ့နံရံတွေမှာ နေ့ညမပြတ်စောင့်ကြပ်ဖို့ အစောင့်တွေစီစဉ်ထားလေ့ရှိတယ်။ အေးချမ်းတဲ့ကာလတွေမှာ အထက်တန်းစားမိသားစုကြီးတွေအကုန်ဒီအတိုင်းပဲ။ ဒါဆို ယန့်ဝမ်ကရော…

လင်ဝေ့ရှီးက အရဲစွန့်ပြီး အလောင်းအစားတစ်ခုလုပ်လိုက်ရတယ်။ သူက နှစ်ပေါင်းများစွာထိန်းသိမ်းလာတဲ့ အမျိုးသမီးဂုဏ်သိက္ခာဆိုတာတွေ ဂရုမစိုက်အားတော့ဘူး။ အသည်းအသန် ကုန်းအော်ရတော့တယ် “အရှင်… ကျွန်မကိုခေါ်သွားမယ်လို့ အရှင်ကတိပေးထားတယ်လေ၊ ဒီလိုအနိုင်ကျင့်ခံရတာကို ထိုင်ကြည့်နေတော့မှာလား… အရှင်…”

လင်ဝေ့ရှီးရဲ့စကားတောင်အဆုံးမသတ်လိုက်ရဘူး၊ လေကြမ်းကြမ်းတစ်ခု သူ့လည်ပင်းနောက်နားဖြတ်တိုက်သွားပြီး သူ့ကိုဆွဲထားတဲ့လက်တွေ ပြေလျော့သွားခဲ့တယ်။ လီတ သတိမေ့သွားပြီလေ။

လင်ဝေ့ရှီးက တခဏကြောင်တောင်တောင်ဖြစ်သွားပြီးမှ လီတကိုင်သွားတဲ့နေရာကို ခပ်မြန်မြန်ပွတ်သုတ်လိုက်တယ်။ တိတ်တဆိတ်ပစ်လိုက်တဲ့လူက အနက်ရောင်သံမျှော်စင်ကြီးလို ထီးထီးမားမားကြီး နောက်မှာရပ်နေတယ်။ သူသာလာမကယ်ရင် လင်ဝေ့ရှီးဘဝက မတွေးဝံ့ဘူး။

“ကျေးဇူးတင်ပါတယ်…” လင်ဝေ့ရှီးက သူ့ရှေ့ကလူကိုကြည့်ပြီး တံတွေးမြိုချလိုက်ရတယ်။ နူးညံ့သိမ်မွေ့တဲ့အပြုံးလေးတစ်ခု အတတ်နိုင်ဆုံးပြုံးပြရင်း အစောတုန်းကအသံနဲ့လုံးလုံးကွဲပြားတဲ့အသံမျိုးနဲ့ အသာယာဆုံးဆိုတယ် “ဒီကသူရဲကောင်းကြီးက နာမည်ဘယ်လိုခေါ်ပါလဲရှင့်”

“ကျိုးမောက်ချန်” ဝက်ဝံလိုလူကြီးက လင်ဝေ့ရှီးကို ထူးထူးဆန်းဆန်းကြည့်တယ်။ သူက ထိန်းချုပ်ပြီးရင်း ထိန်းချုပ်ထားပေမယ့် မနေနိုင်မထိုင်နိုင် မေးလိုက်ရပါတော့တယ် “မိန်းကလေးက ငါတို့ဝမ်ရယ်ကိုခေါ်တာလား”

“ဟုတ်ပါတယ်” လင်ဝေ့ရှီးက နူးနူးညံ့ညံ့ပြုံးပြပြီး ကျေးဇူးရှင်ကြီးကိုအကောင်းမွန်ဆုံးပြောပါတယ် “ကျေးဇူးရှင်ကြီးကျိုး… ကျွန်မကို ယန့်ဝမ်ဆီခေါ်သွားပေးလို့ရမလား၊ ကျေးဇူးရှင်ကြီးလည်း ဒီနေရာကိုမြင်တာပဲလေ… ကျွန်မ ဘယ်လိုမှနေလို့မရတော့လို့ပါ”

လင်ဝေ့ရှီးကိုကြည့်နေတဲ့ကျိုးမောက်ချန်အကြည့်တွေက စကားလုံးနဲ့အဓိပ္ပါယ်ဖော်ပြလို့မရဘူး။ လင်ဝေ့ရှီးက ဒါကိုမြင်ပြီး အပြုံးတွေရပ်သွားတယ်။ … ဘာလဲ… သူခုဏက အာကြမ်းလျှာကြမ်းကျိန်ဆဲနေလို့ အထင်သေးတာလား…

ကျိုးမောက်ချန်က ယန့်ဝမ်ရဲ့အမိန့်နဲ့ လင်ယုံရဲ့သမီးကိုစောင့်ကြည့်ဖို့လာခဲ့တာပါ။ ဒီအမိန့်ကြားကြားချင်း အတော်ထူးဆန်းတယ်လို့တွေးနေသေးတာ။ ဘာလို့ဝမ်ရယ်က ကောင်မလေးတစ်ယောက်ကို အာရုံစိုက်နေရတာလဲ…။ နောက်တော့ သူတွေးတာက… လင်ယုံနဲ့သူတို့က သွေးသောက်ရဲဘော်ရဲဘက်တွေဖြစ်တာကြောင့် လင်ယုံရဲ့သမီးလည်း သူ့သမီးမို့လို့ မိန်းကလေးတစ်ယောက်ကို ညဘက်ကြီးစောင့်ရှောက်ပေးရတာ အကျိုးအကြောင်းသင့်တယ်ပေါ့။ သိုင်းသမားတွေက မျက်စိလျင်ပြီးနားပါးပါတယ်။ ကျိုးမောက်ချန် အပြင်ဘက်မှာမုဆိုးဒူးထောက်ထိုင်နေတုန်း လင်ဝေ့ရှီးရဲ့ဆူပူကြိမ်းမောင်းသံတွေ နားထောင်နေခဲ့တယ်။ လင်ယုံရဲ့သူ့သမီးအပေါ်ချီးကျူးချက်တွေကို ဝေဖန်နေခဲ့တယ်။ အဖေဆိုတော့လည်း သူ့သမီးလေးရဲ့ လှပတဲ့အချက်တွေကိုပဲ မြင်နိုင်တာမို့လား။ ဒါပေမယ့်လည်း အမှန်တိုင်းဝန်ခံရရင် ဒီကောင်မလေးဆူဆဲနေတာ သိပ်ကိုနားထောင်ကောင်းပါတယ်။

နောက်ပိုင်းမှာ လီတက ဒေါသတကြီးဖြစ်လာတော့ ကျိုးမောက်ချန်လည်း လင်ဝေ့ရှီးကိုကယ်ဖို့ အမြန်ထွက်လာရတယ်။ ဒါပေမယ့် သူမထင်လိုက်တာက ဒီကောင်မလေးပါးစပ်ထဲကနေ မမျှော်လင့်ထားတဲ့နာမည်တစ်ခုထွက်ကျလာမယ်ဆိုတာပဲ။

ကောင်မလေးက ဘယ်သူ့ကိုခေါ်လိုက်တာ… ယန့်ဝမ် ဟုတ်စ…

ကျိုးမောက်ချန်ရဲ့မျက်နှာက ဝက်ဝံတစ်ကောင်လိုမည်းသည်းသွားပေမယ့် နှလုံးသားထဲမှာတော့ ဇာတ်လမ်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်တွေးနေတယ်။ လင်ဝေ့ရှီးကလည်း ဒီစစ်သည်တော်ကြီးက သူ့ကို ထပ်ကာထပ်ကာလှည့်လှည့်ကြည့်နေတာ ခံစားမိတယ်။ သူ့နှလုံးသားလေးလည်း စည်းတီးသလို မြည်ဟီးနေတော့တာပေါ့။ သူ ဘာပြောမှားသွားလို့ပါလိမ့်…

ရွာသူကြီးအိမ်မှာတော့ ကုဟွေးရန့်က မြို့တော်ကပို့လာတဲ့စာတွေကို မီးအလင်းရောင်အောက်မှာ စစ်ဆေးကြည့်ရှုနေခဲ့တယ်။ စစ်တပ်နှင့်မြို့တော်ကအလုပ်တွေကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ တပါးသူလွှဲပေးထားလို့မရဘူး။ နောက်ပြီး မူလအကြံအစည်အတိုင်း မနက်ဖြန် တပ်ဖွဲ့တွေရှိရာ အမှီလိုက်သွားဖို့လည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် ကုဟွေးရန့်က အသေအချာလေးကြည့်ရှုနေခဲ့တာ။

အချိန်တစ်ခုဖြတ်သန်းသွားပြီးနောက်မှာ … တံခါးခေါက်သံသုံးချက်ထွက်လာတယ်။ ဒါက စစ်တပ်ရဲ့စည်းကမ်းဖြစ်ပြီး ကုဟွေးရန့်မော့ကြည့်စရာမလိုဘူး “ဝင်ခဲ့”

ကျိုးမောက်ချန်က တောင့်တင်းနေတဲ့မျက်နှာထားနဲ့ အခန်းတွင်းဝင်လာပါတယ်။ သူက လျှောက်တင်တယ် “ဝမ်ရယ် လင်ယုံမိသားစုသမီးက အရှင့်ကိုတွေ့ချင်တယ်လို့ပြောပါတယ်”

ကုဟွေးရန့်ရဲ့ လှုပ်ရှားမှုတွေရပ်သွားတယ်။ သူက လှည့်စားတတ်တဲ့မိန်းမငယ်လေးကို ခဏတွေးလိုက်ပြီးမှ မြင့်တက်လာတဲ့မျက်ခုံးတွေကိုဖိလိုက်ရပါတယ် “သူက ဘာဖြစ်လို့လဲ”

“သူကပြောပါတယ် မနက်ဖြန် အရှင်နဲ့အတူ လိုက်ချင်ပါတယ်တဲ့၊ ပြီးတော့ ဒီည မပြန်တော့ပါဘူးတဲ့၊ အရှင်နဲ့အတူနေချင်ပါတယ်တဲ့”

ကျိုးမောက်ချန်ရဲ့မျက်နှာက ခံစားချက်မရှိတောင့်တင်းနေတုန်းပဲ။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ကုဟွေးရန့်ရဲ့မျက်နှာကို တိတ်တဆိတ်အကဲခတ်နေတယ်။ အမြဲလိုလိုနှလုံးသားမရှိပုံရတဲ့ဝမ်ရယ်ကြီးကတော့ မျက်ခုံးတွေကိုဖိလိုက်ပြီးမှ ပေါ့ပေါ့ပါးပါးပြောလာပါတယ် “ငါကိုယ်တော် ထားမသွားပါဘူးလို့ ပြောပြီးသားလေ…. ထားလိုက်တော့… သူစိတ်ချမ်းသာသလို လုပ်ပစေ၊ နေချင်နေခိုင်းလိုက်၊ မင်တ.. မင်း ငါ့အခန်းထဲကပစ္စည်းတွေသိမ်းပြီး လင်ဝေ့ရှီးကိုပေးနေလိုက်၊ ပတ်ပတ်လည်မှာ ညကင်းစောင့်ဖို့ လူထပ်တိုးပြီး မကြာမကြာလူလဲပေး”

ကုဟွေးရန့်က ခဏရပ်ပြီးမှ ထပ်ပြောပါတယ် “မင်းက ရွာသူကြီးဆီသွားပြီး အိပ်ရာခင်းအသစ်တွေတောင်းလာခဲ့၊ ငါ့စာရင်းထဲထည့်ပြီး မနက်ဖြန်ကျရင်ငွေပေးလိုက်ဦး” ပြီးတော့ နောက်တစ်ခွန်းကို မရေရာသလိုထပ်ပြောတယ် “သူ့လိုကလေးမလေးတစ်ယောက်ကို ခေါ်သွားဖို့ ငါကိုယ်တော်ဘာထပ်လုပ်ပေးဖို့လိုသေးလဲ၊ အဝတ်အစားတွေ မျက်နှာချေတွေရော ဝယ်ပေးသင့်လား” 

ဒီမေးခွန်းက သူတို့လိုယောင်္ကျားရင့်မာကြီးတွေအတွက် ခက်ခဲကောင်းခက်ခဲလိမ့်မယ်။ သူတို့တွေက စစ်တပ်အကြောင်း စစ်ပွဲအကြောင်း လည်လည်ဝယ်ဝယ်နှံ့နှံ့စပ်စပ်ပြောနိုင်သူတွေဖြစ်တယ်။ ဒါပေမယ့် လင်ဝေ့ရှီးက နူးညံ့တဲ့မိန်းကလေးတစ်ယောက်သာဖြစ်ပါတယ်။

ကုဟွေးရန့်က အခန်းထဲကလူတွေမျက်နှာကိုလိုက်ကြည့်ပြီး တစ်စက်လေးမှအားကိုးမရတာ သိသွားတယ်။ သူက သူ့ကိုယ်ပိုင်အိမ်တော်အကြောင်းပြန်တွေးပြီးမှ ပြောလိုက်ပါတယ် “ရပြီ… ရွာသူကြီးကတော်ကိုသာ စီစဉ်ခိုင်းလိုက်တော့၊ အခုအလုပ်တွေရှုပ်နေသေးတယ်၊ မနက်ဖြန် မြို့ပြန်ရောက်မှပဲ ထပ်ပြောကြတာပေါ့”

ကုဟွေးရန့်အမိန့်ပေးလိုက်ပေမယ့် ကျိုးမောက်ချန်က နေရာမှာတုတ်တုတ်မလှုပ်သေးဘူး။ ကုဟွေးရန့်က မျက်ခုံးတွေကိုပင့်တင်ပြီး သာမန်မေးခွန်းတစ်ခုလိုမျိုး မနှေးလွန်းမမြန်လွန်း မေးလိုက်တယ် “ဘာပြောချင်သေးလို့လဲ”

အိပ်မက်ကနိုးလာတဲ့ကျိုးမောက်ချန်က သတိဆွဲအလေးပြုလိုက်ပြီးမှ ပျပ်ဝပ်ရိုကျိုးစွာပြန်ထွက်သွားပါတယ် “ကျွန်တော်မျိုးကြီး နာခံပါတယ်”

လင်ဝေ့ရှီးက ခြံဝင်းအပြင်ဘက်မှာ စောင့်နေခဲ့ရပြီး ခဏကြာတော့ ရွာသူကြီးကတော်က သူ့ကို အခန်းကျယ်ကြီးတစ်ခုထဲခေါ်သွားတယ်။ ဒီအိမ်ထဲဝင်လာပြီး ခေါ်သွားစဉ်တစ်လျှောက်မှာလည်း ဘေးနားကလူတွေရဲ့အကြည့်တွေက အနည်းငယ်ထူးဆန်းနေတာ သူသတိထားမိတယ်။ ဒါပေမယ့်  စိတ်ထဲမထည့်တော့ဘူး။ တိတ်တိတ်လေးပဲ မှတ်ချက်ပြုမိတယ်… ရွာသူကြီးအိမ်က သိပ်ကိုချမ်းသာတာပဲ၊ သူနေဖို့ ကမန်းကတန်းကောက်ပြင်လိုက်တဲ့အခန်းတောင် ဒီလောက်ကြီးပြီးနွေးထွေးတယ်…

လင်ဝေ့ရှီးက ကျိုးမောက်ချန်ကို လာတဲ့လမ်းမှာပြောခဲ့တယ်။ ဒါက လီတအကြောင်းကို ယန့်ဝမ်ဆီပြန်မပြောဖို့ပေါ့။ သူက မိန်းကလေးဂုဏ်သိက္ခာထိခိုက်မှာစိုးရတာ မဟုတ်ပါဘူး။ ကလေးဘဝအသည်းစွဲသူရဲကောင်းကြီးယန့်ဝမ်ကို ရှက်စရာကောင်းတဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ မသိစေချင်ရုံသာဖြစ်ပါတယ်။

လင်ဝေ့ရှီးက အိပ်ခန်းထဲကပျော့ပျောင်းတဲ့အိပ်ရာပေါ်မှာ ထိုင်နေခဲ့တယ်။ ဒီနေ့ဖြစ်ရပ်တွေကိုပြန်သုံးသပ်ရင်း နဖူးတွေ့ဒူးတွေ့မြင်လိုက်ရတဲ့ လူတွေရဲ့သရုပ်မှန်ကို ပြန်စဉ်းစားမိတယ်။ ဒီခဏမှာပဲ အခုလေးတင်ဖြစ်သွားတဲ့ ဖြစ်ရပ်ဆိုးကြီးကိုပြန်တွေးမိပြီး ကြောက်စိတ်ဝင်မိသေးတယ်။ လင်ဝေ့ရှီးက အိပ်ရာပေါ်ပစ်လှဲလိုက်တဲ့အခါ နေရောင်ခြည်နဲ့အခြောက်ခံထားတဲ့ အိပ်ရာခင်းရဲ့သဘာဝရနံ့နွေးနွေးက နှာခေါင်းထဲကိုတိုးဝင်လာတယ်။ သူက အိပ်ရာထိပ်ပိုင်းကို စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက် နှုတ်ခမ်းထက်မှာ အပြုံးကြီးကြီးတစ်ပွင့်ပွင့်လာခဲ့တယ်။

ဟုတ်တယ်။ အိပ်မက်ဆိုးလိုဘဝထဲက နောက်ဆုံးတော့ နိုးထနိုင်ခဲ့ပြီ။ နောက်ပိုင်းမှာ ဒေါ်လေးလင်မိသားစု သေသေရှင်ရှင် ဂရုစိုက်စရာအကြောင်းမရှိတော့ဘူး။ မနက်ဖြန်ကျရင် အိပ်ရာစောစောထပြီး ယန့်ဝမ်ကိုမျက်ခြေမပြတ်စောင့်ကြည့်ထားရမယ်။ ဘာပဲဖြစ်ဖြစ် အခုသူ့ကိုခေါ်သွားဖို့ ယန့်ဝမ်ပဲအားကိုးရမှာ။ နောက်ပိုင်း အေးချမ်းတည်ငြိမ်တဲ့မြို့လေးတစ်ခုရောက်သွားရင်လည်း ယန့်ဝမ်နဲ့ကိစ္စပြတ်ပြီ။ အနာဂတ်မှာ လင်ယုံနဲ့အမေအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီးပဲ နေတော့မယ်။ အင်းပေါ့… ယန့်ဝမ်အတွက်လည်း သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးမှာပေါ့။ သူ့သားက ကိုယ့်ကို ဘဝပျက်အောင်လုပ်ထားတော့လည်း ယန့်ဝမ်ဆီက ဒီလောက်လေးတောင်းဆိုမိတာ မတရားမရှိပါဘူး.. ဟုတ်တယ်မလား..။

လင်ဝေ့ရှီးက အတွေးနယ်ချဲ့ရင်း မှေးခနဲအိပ်ပျော်သွားခဲ့တယ်။ ဒါက ပြန်လည်မွေးဖွားပြီးနောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် စိတ်အေးချမ်းရတဲ့ညပိုင်းပါ။ သူက အာရုံတက်ချိန်ထိအောင်အိပ်ပျော်နေခဲ့ပြီး မျက်လုံးတွေပြန်ပွင့်လာတဲ့အချိန်မှာ အပြင်ဘက်နေရောင်ခြည်တွေတောင် စူးရှတောက်ပနေခဲ့ပါပြီ။ လင်ဝေ့ရှီးက ဝေခွဲမရဖြစ်သွားပြီးမှ ကမန်းကတန်းကောက်ထတယ်။

အိုး.. သေပါပြီ…။ လင်ဝေ့ရှီးက ဆံပင်ကို အလျင်စလိုသပ်တယ်။ အဝတ်တွေကိုကောက်စွပ်ပြီး ပြေးထွက်လာခဲ့တယ်။ တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ ခြံဝင်းထဲမတ်တပ်ရပ်နေတဲ့ယောင်္ကျားကိုမြင်ပြီး လှုပ်ရှားမှုတွေရပ်တန့်သွားပါတယ်။

ကုဟွေးရန့်က အသံတွေကိုကြားပြီး တစ်ဖက်လှည့်လာတယ်။ နေရောင်ခြည်က သူ့တစ်ကိုယ်လုံးကိုဖြန်းပက်နေခဲ့ပြီး ခန္ဓာကိုယ်ပတ်လည်မှာ ရွှေရောင်အနားကွပ်တွေကိုဘောင်သတ်ပေးထားတယ် “နိုးပြီလား”

လင်ဝေ့ရှီးက သူ့ကိုကြောင်တောင်တောင်လေး စိုက်ကြည့်နေသေးတယ်။ ပြီးမှ တံခါးပြန်ပိတ်ပြီး အထဲပြန်ဝင်သွားတယ်။

ကုဟွေးရန့်လည်း ပြန်လှည့်ပြီးတော့ ကျောက်ရွှယ်ရဲ့လည်ဆံမွှေးကို ဆက်လက်ဖီးသင်ပေးနေတယ်။ ဒါပေမယ့် နှုတ်ခမ်းထက်မှာ အပြုံးပါးပါးလေးတစ်ခုရှိတယ်။ ဒီနေရာမှာ ကျိုးမောက်ချန်ကတော့ သူဘာမြင်လိုက်လဲ မတွေးတတ်သေးဘူး “လင်မိသားစုကောင်မလေးက ဘာဖြစ်နေတာလဲ၊ ဘာလို့ အထဲပြန်ဝင်သွားတာလဲ” 

ကုဟွေးရန့်က ချောင်းဟန့်လိုက်ပြီး ဘာတစ်ခွန်းမှထပ်မပြောတော့ဘူး။

ခဏအကြာမှာတော့ အခန်းထဲကနေ လင်ဝေ့ရှီး နောက်တစ်ကြိမ်ထွက်လာတယ်။ ဒီအချိန်မှာ ပါးပြင်တွေက အသွေးအရောင်စုံနေပြီး ဆံပင်တွေလည်း သပ်ရပ်နေတယ်။ လင်ဝေ့ရှီးက မျက်နှာချေပေါင်ဒါတွေ မသုံးထားပါဘူး။ ဒါပေမယ့် မျက်နှာကတော့ မျက်စိကြိမ်းလောက်အောင် တလက်လက်တောက်ပြောင်နေတယ်။ ကုဟွေးရန့်က သူမအတွက် မြင်းလှည်းတစ်စီးစီစဉ်ပေးထားတယ်။ လင်ဝေ့ရှီးက မျက်နှာကိုမော့ပြီး မြင်းလှည်းထဲကို ကြွကြွရွရွဝင်သွားတယ်။ ဒါကို ကုဟွေးရန့်မြင်တော့ သူ့မျက်ဝန်းတွေထဲ အပြုံးတစ်စဖြတ်ပြေးသွားပါတယ်။ အဆုံးမှာတော့ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ ကုဟွေးရန့်က ကျောက်ရွှယ်ပေါ်တက်ပြီး အရှေ့ကနေဦးဆောင်ပါတယ်။ သူ့အသံက ကြည်လင်ပြတ်သားပြီး သြဇာရှိလှတယ် “ထွက်ကြ” 

“အမိန့်အတိုင်းပါ” အားအင်အပြည့်ကျယ်လောင်တဲ့ တုန့်ပြန်သံတစ်ခုထွက်လာတယ်။ မသိရင် လူတစ်ယောက်တည်းကထွက်လာတဲ့ အသံအတိုင်းပဲ။ ကျိုးမောက်ချန်ကတော့ သူ့မြင်းရွှမ်တုကိုယ်ပေါ်ရောက်သွားသည့်တိုင်အောင် အံ့သြနေမိဆဲပဲ။ ဝမ်ရယ်က ဘာကိုရယ်တာလဲ… ငါကျတော့ ဘာလို့ရယ်စရာတစ်ခုခုမတွေ့လိုက်တာလဲ…  

……………….