(6) မင်္ဂလာပွဲ
Viewers 13k

(6) မင်္ဂလာပွဲ

လင်ဝေ့ရှီးက မြင်းလှည်းပေါ်မှာ အချိန်အကြာကြီးထိုင်လိုက်လာခဲ့ရတယ်။ ခုန်ပေါက်နေတဲ့မြင်းလှည်းက ဘယ်လောက်ကြာခဲ့လဲမသိနိုင်တော့ဘူး။ တစ်စတစ်စနဲ့ မြင်းလှည်းအပြင်ဘက်ကအသံတွေ ဆူညံလာခဲ့တာ မြို့ထဲဝင်လာပြီမှန်း ခန့်မှန်းသိရှိနိုင်ပါတယ်။

သေချာပါတယ်။ မြို့ရိုးပေါ်ကအစောင့်တပ်သားက ယန့်ဝမ်ရဲ့တံဆိပ်ပြားကိုမြင်ပြီး စစ်ဟယ်ဆေးဟယ်တွေ မလုပ်ရဲတော့ဘူး။ အဲဒိအစား ခေါင်းကိုငုံ့ပြီး ယန့်ဝမ်ရဲ့ယာဉ်တန်းရှည်ကြီးကို မြို့ထဲဝင်ခွင့်ပေးလိုက်တယ်။ မြို့ထဲမှာနေတဲ့ဒေသခံအရာရှိကတော့ ဒီအကြောင်းကိုကြားပြီး ကြောင်တောင်တောင်ဖြစ်သွားရတာပေါ့။ ယန့်ဝမ်က သူ့ကို မနေ့ကလေးတင်ရှင်းရှင်းလင်းလင်းပြောလိုက်တယ်လေ… မနက်ဖြန် ထွက်သွားတော့မယ်ဆိုလား… ဒါပေမယ့် ဒီနေ့ကျ ခရိုင်ရုံးကိုရောက်လာတယ်။ အရာရှိက ဝေခွဲမရဖြစ်နေပေမယ့် ယန့်ဝမ်ကိုကြိုဆိုဖို့ လက်အောက်ငယ်သားတွေကိုခေါ်ပြီး ကမန်းကတန်းထွက်လာခဲ့ပါတယ်။

“အရှင့်ကိုကြိုဆိုပါတယ်… ဝမ်ရယ်ကိုယ်တိုင်ကိုယ်ကျရောက်လာတာကို ကျွန်တော်မျိုးကြီးထွက်မကြိုမိတဲ့အတွက် ခွင့်လွှတ်တော်မူပါ”

“မလိုဘူး ထတော့” ကုဟွေးရန့်က မြင်းပေါ်မှာ ဖြောင့်တန်းနေတဲ့တောင်ကြီးလို မားမားမတ်မတ်ထိုင်နေပြီး လက်ထဲမှာတော့ မြင်းဇက်ကြိုးကို လျော့ရဲရဲကိုင်ထားတယ်။ အသံကတော့ ဘာအရေးကြီးကိစ္စမှမဟုတ်သလို အတက်အကျအနိမ့်အမြင့်မရှိပါပဲ “ဒီနားမှာ တိတ်ဆိတ်အေးချမ်းတဲ့ခြံဝင်းတစ်ဝန်းလောက် ရနိုင်လား”  

ဘာရယ်.. ခြံဝင်း.. ယန့်ဝမ်က ဘယ်နှရက်လောက်နေမယ် စိတ်ကူးလို့လဲ….။ ဒေသခံအရာရှိက နည်းနည်းလေးတော့ လိုက်မမှီနိုင်ဖြစ်သွားတယ်လေ။ သူက ယန့်ဝမ်နောက်က မြင်းလှည်းကိုတစ်ချက်လှမ်းကြည့်ပြီး ဒါအတွက် ခြံဝင်းရှာနေတာလားလို့ တိတ်တိတ်လေးတွေးလိုက်မိတယ်။ ယန့်ဝမ်က သူ့ဇနီးကိုဆုံးရှုံးခဲ့တာ ဆယ်နှစ်နီးပါးရှိပြီဆိုပဲ… ဒီအကြောင်းကို သူသိတယ်။ ဒါပေမယ့်သူက ဒီအထိပဲတွေးဝံ့တယ်။ ဆက်ပြီးမတွေးဝံ့ဘူး။ သူက ရိုးကျိုးစွာလျှောက်တင်လိုက်ပါတယ် “ဝမ်ရယ် ကျွန်တော်တို့ရဲ့နုံချာလှတဲ့ခရိုင်လေးကို ဝမ်ရယ်ကြွရောက်လာတာနဲ့တင် ကျွန်တော်မျိုးတို့မှာ များစွာဂုဏ်ရှိနေရပါပြီ၊ ဝမ်ရယ့်ကိုခြံဝင်းငှားပြီးနေစေဖို့ မလုပ်ရဲပါဘူး၊ တကယ်လို့ ရုံးတော်ကသေးလို့ မနေချင်ဘူးဆိုရင် ကျွန်တော်မျိုးရဲ့အိမ်မှာ တည်းခိုဖို့ဖိတ်ခေါ်ပါရစေ” 

ကုဟွေးရန့်က ဒေသခံအရာရှိကို အကြည့်တစ်ချက်မြန်မြန်ပေးလိုက်တယ်။ … နန်းတွင်းရဲ့အမှုထမ်းဆိုသူတွေကတော့ သိပ်ကိုအစွမ်းအစရှိတာပဲ၊ ဘယ်လိုဖားယားရမလဲ ကောင်းကောင်းသိနေတယ်ပေါ့… ။ ကုဟွေးရန့်က မြင်းဇက်ကြိုးကိုဆွဲတင်းပြီး ငြိမ်ငြိမ်မနေတဲ့ကျောက်ရွှယ်ကို ငြိမ်သက်သွားအောင်လုပ်တယ်။ ပြီးမှ ပြောတယ် “မလိုဘူး၊ နောက်တစ်အိမ်ရှာလိုက်”

ကုဟွေးရန့်ရဲ့အသံက အတက်အကျမရှိဘူး။ ဒါပေမယ့် အဲဒိကထွက်လာတဲ့ အန္တရာယ်အငွေ့အသက်တွေကိုတော့ အရာရှိကခံစားမိလိုက်တယ်။ ချက်ချင်းဆိုသလို ချွေးစေးအေးအေးတွေ သူ့နောက်ကျောမှာရွှဲနစ်လာပြီး သူက နောက်ထပ်အထွန့်မတက်ရဲတော့ဘူး။ ကိုယ်ကိုကိုင်းပြီးသာ ပြန်လည်ဖြေကြားလိုက်ရတယ် “ကျွန်တော်မျိုးနာခံပါတယ်၊ ဝမ်ရယ်ခဏစောင့်ပေးပါ”

လင်ဝေ့ရှီးက မြင်းလှည်းရပ်သွားတာကို သိပါတယ်။ သူက အထဲမှာတစ်ယောက်တည်းထိုင်နေရပေမယ့် အပြင်ကကိစ္စတွေကိုလည်း စပ်စုခြင်းအလျင်းမရှိဘူး။ လိုက်ကာကိုပင့်ပြီး ချောင်းကြည့်ဖို့လည်းစိတ်ကူးမရှိဘူး။ မြင်းလှည်းက သိပ်မကြာခင်မှာပဲ ဆက်ရွေ့သွားတယ်။ အချိုးအကွေ့အနည်းငယ်ဖြတ်ပြီးမှာတော့ ကလစ်ဆိုတဲ့အသံနဲ့လှည်းကရပ်သွားတယ်။ ဒီခဏမှာ အပြင်ဘက်ကထွက်လာတဲ့ ကျိုးမောက်ချန်ရဲ့အသံကို ကြားလိုက်ရတယ် “လင်မိန်းကလေး လှည်းပေါ်ကဆင်းလို့ရပါပြီ”

လင်ဝေ့ရှီးရဲ့အတိတ်ဘဝနေ့ရက်တွေမှာတော့ သူ့ရဲ့ရုပ်ရည်ပုံပန်းသဏ္ဍာန်ကို မိဘဘိုးဘွားမောင်နှမသားချင်းကလွဲလို့ အခြားယောင်္ကျားသားတွေ ကြည့်ခွင့်မရနိုင်ဘူး။ သခင်မလေးရဲ့မြင်းလှည်းက အတွင်းခြံဝင်းမှာပဲ ရပ်ရတယ်။ လမ်းပေါ်မှာမြင်းလှည်းရပ်ပြီး အဆင်းအတက်လုပ်ဖို့က သိပ်ကိုရိုင်းစိုင်းတဲ့လုပ်ရပ်ပဲ။ ဒါပေမယ့် အခုတော့ သူက သခင်မလေးမဟုတ်တဲ့အပြင် မြို့ငယ်ကလေးတစ်ခုဖြစ်တဲ့အတွက် အထွေအထူးပြောစရာအကြောင်းမရှိတော့ပါဘူး။

လင်ဝေ့ရှီးက သူ့ရဲ့ဂါဝန်အောက်ဖျားစကိုမပြီး လှည်းထဲကထွက်လာတယ်။ သူတို့က အခု ခြံဝင်းနှစ်ထပ်ပါတဲ့အိမ်တစ်လုံးရှေ့ရောက်နေကြတာပါ။ ယန့်ဝမ်ရဲ့စိတ်ကူးတွေကို လင်ဝေ့ရှီး မခန့်မှန်းတတ်တော့ဘူး။ ယန့်ဝမ်က ဘာလုပ်ချင်နေတာလဲ…

လင်ဝေ့ရှီးက ယန့်ဝမ်ဆီကြည့်လိုက်တယ်။ ကုဟွေးရန့်က ခါတိုင်းလိုပဲ လူတွေရဲ့ထိပ်မှာမတ်တပ်ရပ်နေပြီး လက်အောက်ငယ်သားတွေကတင်ပြလာတဲ့စကားတွေကို နားထောင်နေပါတယ်။ သူက သူ့ဘက်လှည့်ကြည့်နေတဲ့လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေကို သတိပြုမိသွားပြီး လက်ကိုမြောက်ကာ စကားရပ်ဖို့ခိုင်းလိုက်တယ်။ ပြီးမှ လင်ဝေ့ရှီးဘက် အသာအယာခေါင်းညိတ်ပြပြီး ပြောပါတယ် “အထဲဝင်လေ”

လင်ဝေ့ရှီးက ဘေးဘီပတ်လည်ကိုကြည့်တယ်၊ ပြီးတော့မှ တအံ့တသြ သူ့ကိုယ်သူလက်ညှိုးထိုးပြတယ်။ ကုဟွေးရန့်က ခေါင်းညိတ်တယ်။ ဒါကိုမြင်တဲ့ လင်ဝေ့ရှီးလည်း 

မြောက်ကြွမြောက်ကြွဖြစ်သွားပြီး ရှေ့ဆုံးကနေဝင်သွားတာပေါ့။ သူ့နောက်က ကုဟွေးရန့်ကလိုက်ပြီး နောက်ဖက်မှာတော့ လူအုပ်ကြီးကလိုက်ဝင်လာပါတယ်။

သူတို့တွေက ဒီနေရာမှာ ယာယီစတည်းချကြမှာပါ။ ဒါကြောင့် ကုဟွေးရန့်က ခြံဝင်းတစ်ခုပါတဲ့အိမ်ကို ဝယ်လိုက်တယ်။ အတွင်းခြံဝင်းက လင်ဝေ့ရှီးတစ်ယောက်တည်းအတွက်ဖြစ်ပြီး ကုဟွေးရန့်နဲ့လက်အောက်ငယ်သားတွေက အရှေ့ခြံဝင်းမှာ နေမှာဖြစ်ပါတယ်။ ဒါက တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင် ချက်ချင်းသိနိုင်အောင်ဖြစ်ပြီး လင်ဝေ့ရှီးရဲ့လုံခြုံရေးကိုလည်း စိတ်ချပြီးသားဖြစ်သွားတယ်။ 

လင်ဝေ့ရှီးမှာ အထုတ်အပိုးတွေ များများစားစားမပါဘူး။ သူက ဒေါ်လေးလင်အိမ်မှာ ခြောက်နှစ်နေခဲ့ပေမယ့် ကိုယ်ပိုင်ပစ္စည်းအလွန်ရှားပါးတယ်။ သူ့ဆီမှာ လင်ယုံ စစ်တပ်ထဲကနေပို့တဲ့စာတွေပဲရှိတယ်။ ဒါတွေကို သူ ဟိုးအရင်ကတည်းက ထုပ်ပိုးပြင်ဆင်ထားခဲ့ပြီးသား။ သူက ဒေါ်လေးလင်တို့မိသားစုကို ထပ်မတွေ့လိုတာကြောင့် အိမ်ပြန်ပြီးသွားမယူချင်ဘူး။ ကျိုးမောက်ချန်ကိုသာ အထုတ်တွေယူပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။

ဘာတွေပဲဖြစ်ပါစေ ဒေါ်လေးလင်က လင်ဝေ့ရှီးရဲ့အဒေါ်ပါ။ နဂိုပိုင်ရှင်ကို ခြောက်နှစ်လောက်မွေးစားပေးခဲ့တာ။ ဒင်းတို့ကို သူ ကြမ်းကြမ်းတမ်းတမ်းပြောဆိုပစ်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်းတော့လည်း ဘာလုပ်လိုက်ရမလဲ မသိဘူး။ ဒေါ်လေးလင်အပိုင်သိမ်းထားတဲ့ငွေတုံးသေတ္တာကို ပြန်ယူဖို့လည်း စိတ်ကူးမရှိဘူး။ သူက သူတောင်းစားကိုလှူလိုက်တယ်လို့ပဲ သဘောထားတာ။ ဒါပေမယ့် မနေ့ညက လီတရဲ့လုပ်ရပ်တွေကတော့ လင်ဝေ့ရှီးကို ပက်ပက်စက်စက်စိတ်အနှောင့်အယှက်ဖြစ်သွားအောင် လုပ်လိုက်နိုင်ပါတယ်။

သူက လင်ဝေ့ရှီးပဲဖြစ်ဖြစ် ကောင်းရှီးပဲဖြစ်ဖြစ် ရှင်သန်နေထိုင်လာတဲ့သက်တမ်းတစ်လျှောက်မှာ ဒီလိုစော်ကားခံရတဲ့လုပ်ရပ်မျိုး ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဘူး။ အလွန်တရာဒေါသထွက်ရပေမယ့် အမှီအခိုမရှိတဲ့သူ့ဘဝမှာ လီတကိုပြန်လုပ်နိုင်တာလည်း ဘာမှမရှိဘူး။ ဘယ်သူ့ကိုအကူအညီပြေးတောင်းရမယ်မှန်းတောင် မသိဘူး။ လင်ဝေ့ရှီးက တစ်လမ်းလုံး ဒီအကြောင်းတွေကိုစဉ်းစားလာခဲ့ပြီး အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုပြန်ပြီး ဒေါသထွက်ဖို့ပဲ တတ်နိုင်ခဲ့တယ်။  

လင်ဝေ့ရှီးက အတွင်းခြံဝင်းထဲကို လျှောက်ဝင်လာခဲ့တယ်။ တံခါးကိုဖြတ်ပြီးဝင်လာတုန်းမှာ ကျိုးမောက်ချန်က ဘေးနားကလူတွေအာရုံမရှိတာကိုအခွင့်ကောင်းယူပြီး လင်ဝေ့ရှီးကိုကပ်ပြောလိုက်တယ် “လင်သမီးလေး… မကြောက်နဲ့၊ မနေ့ညက အဲ့ကောင်လေးကို ဦးလေးအသေရိုက်ခဲ့တယ်၊ ဒီနေ့ ပစ္စည်းတွေသွားသိမ်းတော့ တစ်မိသားစုလုံးငြိမ်ကုပ်နေကြတာ ငုံးကောင်လေးတွေကျနေတာပဲ၊ လေတောင်မလည်ရဲကြတော့ဘူး”

ဒါတွေက သာမန်ကာလျှံကာရိုးစင်းတဲ့ နှစ်သိမ့်စကားလုံးတွေပါ။ ဒါပေမယ့် လင်ဝေ့ရှီးက ထုတ်ရယ်လိုက်တယ်။ ပြီးမှ အရယ်ရပ်ပြီး အလေးအနက်ပြောလိုက်တယ် “ဦးလေးကျိုးကို ကျေးဇူးတင်ပါတယ်”

ကျိုးမောက်ချန်ကတော့ ‘ဦးလေးကျိုး’ဆိုတဲ့စကားလုံးမှာ ဘဝင်ခိုက်သွားလေရဲ့။ သူက သမီးမိန်းကလေးတစ်ယောက်ရှိတာကောင်းလိုက်တာလို့ တိတ်တိတ်လေးသက်ပြင်းချပြီးတွေးနေရတယ်။ သမီးလေးတစ်ယောက်သာရှိရင် သာယာတဲ့အသံလေးတွေနားထောင်ရမယ်၊ တီတီတာတာစကားလေးတွေ ကြားရမယ်... သူ့အိမ်က ကောင်ဆိုးလေးတွေနဲ့ယှဉ်ရင် အများကြီးပိုကောင်းတယ်လို့တွေးနေတယ်… 

လင်ဝေ့ရှီးကိုကြည့်နေတဲ့ကျိုးမောက်ချန်က ရုတ်တရက် ကြံကြံဖန်ဖန်အတွေးတစ်ခုရသွားတယ်။ သူက ထုတ်ပြောတော့တာပဲ “လင်သမီးလေး… ဦးလေးကို အခွင့်အရေးယူတယ်လို့မထင်နဲ့နော်၊ ဦးလေးကျိုးက မင်းကို သမီးလေးတစ်ယောက်လို တကယ်သဘောကျတယ်၊ ဦးလေးအိမ်မှာ လက်မထပ်ရသေးတဲ့ကောင်လေးတွေ သုံးလေးယောက်ရှိတယ်၊ မင်းနဲ့အရွယ်တူတူပဲ၊ ဒီလိုလုပ်ပါလား…မင်း.. ဦးလေးကျိုးရဲ့ချွေးမဖြစ်ချင်လား၊ မင်းသာ ဦးလေးကျိုးချွေးမဖြစ်ချင်တယ်ဆိုရင် ကြိုက်တဲ့ကောင်လေးကိုခေါင်းခေါက်ရွေးလိုက် ဘယ်သူဖြစ်ဖြစ် လက်ထပ်ပေးမယ် ဘယ်လိုလဲ”

လင်ဝေ့ရှီးက နဂိုကပြုံးနေတာ။ ဒါပေမယ့် ဒီစကားကိုကြားပြီး သူ့အပြုံးတွေက တဖြည်းဖြည်းအေးခဲလာတယ် “ဦးလေးကျိုးရဲ့ကြင်နာမှုကိုကျေးဇူးတင်ပါတယ်၊ မလို…”

“ဘာမှအားနာစရာမလိုဘူး၊ မင်းသာဆန္ဒရှိမယ်ဆိုရင် ဦးလေးအိမ်ကကောင်လေးတွေက ဘာပဲဖြစ်ဖြစ်တက်ကြွပြီးသား”

“တကယ့်ကို မလိုတာပါ…”

ကျိုးမောက်ချန်ကိုနှုတ်ဆက်ခဲ့ပြီးမှာ လင်ဝေ့ရှီးက နောက်လှည့်ပြီးအိမ်ထဲဝင်သွားခဲ့တယ်။ အခန်းထဲရောက်မှ သူက သက်ပြင်းအရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပါတယ်။

သူ့ရဲ့လက်ထပ်ရေးမထပ်ရေးကိစ္စက စိုးရိမ်ပူပန်စရာကိစ္စကြီးဖြစ်နေလား… ဘာလို့အကုန်လုံးက အောင်သွယ်ချင်နေကြတာလဲ… ကျိုးမောက်ချန်က သူ့သားကိုတောင် မရမကတိုက်တွန်းမယ့်အနေအထားမှာရှိတယ်... 

လင်ဝေ့ရှီးက ပန်းထိုးခုံမှာထိုင်ပြီး သစ်တော်သားစားပွဲပေါ်က အက်ကြောင်းလေးကိုကြည့်နေတယ်။

သူက နောက်ခံအသိုင်းအဝိုင်းရဲ့ဂုဏ်ကြောင့် ဘာမှမတွေးတောတတ်ခဲ့ဘူး။ အနုပညာလေးမျိုးတတ်ကျွမ်းပြီး အိမ်ကိုကောင်းကောင်းစီမံတတ်ခဲ့လို့ အခြားသူတွေက သူ့ကိုလေးစားတယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် မိသားစုရဲ့အရှိန်အဝါတွေပျောက်ဆုံးသွားတဲ့အခါ သူ့ဘဝက စွန့်ပစ်ခံတစ်ယောက် ဖြစ်ခဲ့တာပါပဲ။

လင်ဝေ့ရှီးက ဒီအကြောင်းကိုတွေးမိတော့ ခါးခါးသီးသီးပြုံးမိတယ်။ တကယ်လို့ သူသာယောင်္ကျားတစ်ယောက်ဖြစ်ခဲ့ရင်လည်း သူ့လိုအဖွားနောက်ခံ မိသားစုနောက်ခံနဲ့ ထောင်လွှားနေတဲ့မိန်းမမျိုးကိုကြိုက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျိုးမောက်ချန်ကို ကျေးဇူးတင်ပေမယ့်လည်း လက်ထပ်ပွဲကိုလက်ခံပြီးသူများမိသားစုကို ဒုက္ခမပေးချင်တော့ပါဘူး။

……..

ကျိုးမောက်ချန်က အိမ်ထဲဝင်သွားတဲ့လင်ဝေ့ရှီးကို နောင်တမျက်ဝန်းတွေနဲ့ကြည့်ပြီးမှ ရှည်လျားလွန်းတဲ့သက်ပြင်းတစ်ခုနဲ့အတူ အရှေ့ဘက်ခြံဝင်းဆီပြန်လာပါတယ်။ ကုဟွေးရန့်က ယာယီလုပ်ထားတဲ့စာကြည့်ခန်းထဲမှာ အရေးကြီးကိစ္စရပ်တွေ ကိုင်တွယ်နေတုန်း ကျိုးမောက်ချန်ရဲ့သက်ပြင်းအရှည်ကြီးကိုကြားပြီး ခေါင်းမော့ကာ တစ်ချက်လှမ်းကြည့်တယ်။ သူက တစ်ဖက်ကစာရေးတာကိုလည်းမပြတ်ဘဲ မေးလိုက်တယ် “ဘာဖြစ်လို့လဲ”

“ကျွန်တော့်အမြင် လင်မိန်းကလေးက ဉာဏ်ကောင်းပြီး သွက်သွက်လက်လက်နဲ့ နှုတ်ရေးကြွယ်တယ်လေ၊ သူ့ကိုလက်ထပ်နိုင်မယ်ဆိုရင် မိသားစုထဲမှာ သေချာပေါက်ကို သက်ဝင်တက်ကြွနေကြမှာပဲ၊ ကျွန်တော်က မရှိမဲ့ရှိမဲ့မျက်နှာနောက်ထားပြီး ကျွန်တော့်သားတွေအတွက် အောင်သွယ်ပေးတာပါဗျာ၊ ဒါကို သူကငြင်းလွှတ်လိုက်တယ်လေ၊ ဟူး… ဒီလိုပဲဖြစ်မယ်မှန်းသိပါတယ်၊ နှမြောစရာပါ.…”

ကုဟွေးရန့်က အသာတိုးတိုးရယ်တယ်။ ဒီမိန်းကလေးက ဉာဏ်ကောင်းတယ်၊ သတ္တိရှိပြီး ရဲရင့်တယ်။ မကိုင်တွယ်တတ်တဲ့ယောင်္ကျားတစ်ယောက်က သူ့ကိုထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျိုးမောက်ချန်လည်း ငြင်းခံလိုက်ရတာပဲ။ ထူးပြီး မအံ့သြစရာမရှိဘူး။ အကြောင်းရင်းကတော့ မနေ့ကလည်း သူ တစ်ခွန်းနှစ်ခွန်းပြောရုံပဲရှိသေးတယ်၊ ကက်ကက်လန် အတိုက်အခံလုပ်ခံလိုက်ရတယ်လေ။

ဒါပေမယ့် ‘ချွေးမလေးတစ်ယောက်ကြောင့်သက်ဝင်တက်ကြွလာမယ့်မိသားစု’ ဆိုတဲ့စကားကို ကြားရတဲ့အခါ ကုဟွေးရန့်က နောက်ထပ်ကိစ္စတစ်ခုကို အမှတ်ရမိပါတယ်။ သူူက ရှို့ခန်းမင်းသမီးကြီးဆီ ကိုယ်တိုင်ကိုယ်ကျစာရေးခဲ့ပြီး ချွေးမလေးရှာပေးပါလို့တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူ့ချွေးမလေးကတော့ ယမန်နှစ်ရဲ့အဆုံးမှာ သေဆုံးသွားခဲ့ပါတယ်။ 

ဒီချွေးမလေးရဲ့နာမည် ကောင်းရှီးလို့ခေါ်မှန်း ကုဟွေးရန့်သတိရသေးတယ်။ တရားမျှမျှတတပြောရရင် ဒီချွေးမကို သူအတော်လေးစိတ်ကျေနပ်တယ်။ ဒါပေမယ့် ကံမပါကြတာ သိပ်ကိုနှမြောဖို့ကောင်းပါတယ်။ ကံကြမ္မာကို ဘယ်သူကများ အတင်းလုပ်ယူလို့ရခဲ့လို့လဲ။

ရှန်အမျိုးသမီးထွက်သွားခဲ့တာ ဆယ်နှစ်တိုင်ခဲ့ပြီး ယခင်ဝမ်ဖေးအဟောင်းကလည်း အစောကြီးကတည်းက ကွယ်လွန်သွားခဲ့တယ်။ ယန့်ဝမ်အိမ်တော်မှာ ကုဟွေးရန့်နဲ့ကုချန်ယောက် ယောင်္ကျားသားနှစ်ယောက်ပဲကျန်တော့တယ်။ အိမ်တော်ကိုထိန်းသိမ်းစောင့်ရှောက်မယ့်သခင်မ မရှိခဲ့ဘူး။ ဒီအဖေနဲ့ဒီသားကလည်း လက်ထပ်ဖို့အရေး တစ်နှစ်ပြီးတစ်နှစ်အချိန်ဆွဲခဲ့တယ်။ တကယ်တော့ ကုဟွေးရန့်က သူကိုယ်တိုင်လည်း လက်မထပ်လိုခဲ့ဘူး၊ သူ့သားကုချန်ယောက်ရဲ့အိမ်ထောင်ရေးကိုလည်း ဖိအားမပေးခဲ့ဘူး။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက် ကုချန်ယောက်က သူ့ဆီ ငါးပုံကျောက်စိမ်ဆွဲပြားတစ်ပိုင်းကိုပို့လာခဲ့တယ်။ ကုချန်ယောက်က ကျောက်စိမ်းဆွဲပြားပိုင်ရှင်ရှာပေးပါလို့ပြောလာတဲ့အချိန်မှာ သူအံ့သြခဲ့သေးတယ်။ ကုချန်ယောက်က အခုမှဆယ့်ခြောက်နှစ်လေ၊ ဇနီးတစ်ယောက်ဘယ်လိုရှာရမလဲ သိနေပြီလား…။ 

ကုဟွေးရန့်က သတို့သမီးရဲ့မိသားစုနောက်ခံအဆင့်အတန်းကို ဂရုမစိုက်ပါဘူး။ အမျိုးသမီးတစ်ယောက်မှာ ဘယ်လိုနောက်ခံမိသားစုရှိပါစေ လက်ထပ်ပြီးသွားရင် အကုန်လုံးကအတူတူချည်းပါပဲ။ ကုချန်ယောက်ကနှစ်သက်တယ်ဆိုရင် ဖခင်တစ်ယောက်အနေနဲ့ မျက်နှာလွှဲခဲပစ်မလုပ်နိုင်ဘူး။ ဒါပေမယ့် အဲဒိအချိန်တုန်းက ကုဟွေးရန့်က သောဟော်တိမျိုးနွယ်စုပုန်ကန်မှုကို တိုက်ထုတ်နေရတဲ့အချိန်ပါ။ ကျောက်စိမ်းပြားပိုင်ရှင်မိန်းကလေးကိုရှာဖို့အချိန်မရှိခဲ့ဘူး။ ဒါကြောင့် သူက စာတစ်စောင်နဲ့အတူ ကျောက်စိမ်းပြားကို မြို့တော်ပြန်ပို့ခဲ့ပါတယ်။

ရှို့ခန်းမင်းသမီးကြီးက ကုဟွေးရန့်ရဲ့အဖေဘက်ကကြီးတော်ဖြစ်တယ်။ အရင် ယခင်ယန့်ဝမ်ဟောင်းက လက်အောက်ခံမြို့ဆီ မရွှေ့နိုင်သေးခင်မှာ ရှို့ခန်းမင်းသမီးကြီးရဲ့ကူညီထောက်ပံ့မှုများစွာ ရခဲ့တယ်။ ဒါကြောင့် ယန့်ဝမ်နဲ့ဝမ်ဖေးဟောင်းကြီးက မင်းသမီးကြီးနဲ့ဆက်ဆံရေးကို အများကြီးတန်ဖိုးထားခဲ့တယ်။ နောက်ပိုင်းမှာ ကုဟွေးရန့်အရွယ်ရောက်လာပြီး ယန့်ဝမ်အိမ်တော်က တရှိန်ထိုးအင်အားကြီးမားလာခဲ့တာတောင် မင်းသမီးကြီးနဲ့အဆက်အသွယ်မဖြတ်ခဲ့ကြဘူး။ မိသားစုနှစ်ခုကြားမှာ အတော်လေးရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ နောက်ပြီး ကုဟွေးရန့်ကလည်း ဒီကြီးတော်ကြီးကို အလွန်ဦးထိပ်ပန်ဆင်ခဲ့ပါတယ်။

စစ်တပ်ထဲမှာအလုပ်များနေတဲ့ကုဟွေးရန့်က သဘာဝကျကျပဲ လူရှာတဲ့အလုပ်ကို သူယုံကြည်ရတဲ့ရှို့ခန်းမင်းသမီးကြီးဆီ လွှဲအပ်လိုက်ပါတယ်။ မင်းသမီးကြီးက မြို့တော်မှာ အမြဲတမ်းနေထိုင်တဲ့သူဖြစ်ပြီး မြို့နေအမျိုးသမီးထုကြား အဆက်အသွယ်အများကြီးရှိတယ်။ လူရှာတဲ့ကိစ္စမှာ ကုဟွေးရန့်ထက်စာရင် မင်းသမီးကြီးကပိုပြီးသင့်တော်တယ်။ ဒါပေမယ့် ကုဟွေးရန့် မထင်လိုက်တာက သူ စာကိုပို့ပြီးပြီးချင်းမှာပဲ မင်းသမီးကြီးဆီကပြန်စာရောက်လာတာကိုပဲ။ နောက်ပြီး ပြန်စာနဲ့အတူ ငါးပုံကျောက်စိမ်းဆွဲပြားနောက်တစ်ခြမ်းပါ ပါလာခဲ့ပါတယ်။ 

အိုး… ကမ္ဘာပေါ်မှာ ဒီလိုတိုက်ဆိုင်မှုတွေလည်းရှိတတ်တာပဲ။ ကုချန်ယောက်ရှာတဲ့မိန်းကလေးက ရှို့ခန်းမင်းသမီးကြီးရဲ့မြေးတဲ့လား….။ ကုဟွေးရန့်က ဒီသတင်းကိုကြားကြားချင်း ဘာမှထပ်မပြောတော့ဘဲ ယန့်ဝမ်တံဆိပ်ကိုဆွဲထုတ်ပြီး မင်းသမီးကြီးရဲ့မြေးကောင်းရှီးကို သူ့သားကုချန်ယောက်နဲ့လက်ဆက်နိုင်မလားလို့ စိတ်အရင်းခံအတိုင်းကမ်းလှမ်းခဲ့ပါတယ်။

ယင်းကော်နယ်စားအိမ်တော်နဲ့ယန့်ဝမ်အိမ်တော်ကြားက လက်ထပ်ပွဲသတင်းက မြို့တော်တခွင်လုံး လျင်လျင်မြန်မြန်ပဲပျံ့သွားတယ်။ အင်အားကြီးတဲ့မိသားစုနှစ်က ပျော်ရွှင်စရာအဆုံးသတ်တစ်ခုနဲ့ ပေါင်းစုံလိုက်ကြတယ်။ ကုဟွေးရန့်က သူ့ရဲ့ပူပန်စိတ်တွေကို ဖြေရှင်းလိုက်နိုင်ပြီးမှာ အနောက်မြောက်ပိုင်းကစစ်ပွဲထဲမှာပဲ အာရုံစိုက်လိုက်တော့တယ်။ အိမ်တော်ရဲ့အရေးကိစ္စတွေကို နည်းနည်းလေးတောင်မှ ဂရုမပြုတော့ဘဲပေါ့။

မင်းသမီးကြီးအိမ်တော်ရဲ့အခြေအနေတွေကို ကုဟွေးရန့်ကောင်းကောင်းနားလည်တယ်။ မင်းသမီးကြီးက ကလေးဘဝမှာ မိဘတွေဆီက အရမ်းကိုအလိုလိုက်အချစ်ခံရတယ်။ သူ့ယောင်္ကျားက ချန်းဝူမင်းဆက်က နန်းတွင်းစာမေးပွဲတတိယအဆင့်အောင်မြင်သူတစ်ယောက်။ တိုင်းပြည်မှာ သမက်တော်တွေက နန်းတွင်းအရာရှိမလုပ်ရဘူး။ နောက်ခံမရှိတဲ့စာသင်သားတစ်ယောက်က မင်းသမီးတစ်ပါးကိုလက်ဆက်နိုင်တာ ကောင်းချီးပေးခံရတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် သမက်တော်လုပ်မလား… နန်းတွင်းအရာရှိလုပ်မလား… တစ်ခုပဲရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သမက်တော်ရဲ့အမှုထမ်းအိပ်မက်တွေက မျှော်လင့်ချက်မဲ့သွားခဲ့ပြီး မင်းသမီးရဲ့မျက်နှာတစ်ကမ္ဘာထင်ကာ အားကိုးနေထိုင်ဖို့အပြင်မရှိခဲ့ပါဘူး။ နောက်ပြီး ရှို့ခန်းမင်းသမီးကြီးရဲ့ပင်ကိုစရိုက်ကိုက သန်မာပါတယ်။

နောက်ပိုင်းမှာလည်း မင်းသမီးကြီးရဲ့တစ်ဦးတည်းသောသမီး ဝေ့အမျိုးသမီးက သူ့မိဘတွေရဲ့ပုံစံအတိုင်းဖြစ်လာခဲ့တယ်။ ယင်းကော်နယ်စားအိမ်တော်မှာ လက်ထပ်ခဲ့ပေမယ့် ခါးကိုညွှတ်ပြီးအရိုအသေပေးဖို့ လက်မခံခဲ့ဘူး။ ဒါကြောင့် ကိုယ်လုပ်တော်တွေရဲ့ဒဏ်ကို အများကြီးခံခဲ့ရတယ်။ ဝေ့အမျိုးသမီးရဲ့သမီး ကောင်းရှီးကတော့ သူ့အမေကိုယ်စား တွန်းလှန်ခဲ့ပါတယ်။ သူက ကလေးဘဝကတည်းက ပြိုင်ဆိုင်လိုစိတ်ရှိခဲ့တယ်။ ညီအစ်မတွေကြားထဲမှာ၊ အစ်ကိုတွေမောင်တွေကြားထဲမှာတောင် အကောင်းဆုံးသာဖြစ်လိုခဲ့တယ်။ ကုဟွေးရန့်ရဲ့အမြင်မှာတော့ မိန်းမတစ်ယောက် သန်မာတဲ့ပင်ကိုစရိုက်ရှိတာ မကောင်းတဲ့အရာမဟုတ်ဘူး။ ဆန့်ကျင်ဘက်ပဲ ကုချန်ယောက် နူးနူးညံ့ညံ့အမျိုးသမီးတစ်ယောက်ကို ကြိုက်ခဲ့ရင်တောင် ကြီးမားလှတဲ့ယန့်ဝမ်အိမ်တော်ကြီးရဲ့လုပ်ငန်းတွေအများကြီးကို စိုးရိမ်ပေးနေရဦးမယ်။ ဒါပေမယ့် ကောင်းရှီးဆိုတဲ့ ဒီမိန်းမငယ်လေးကတော့ မင်းသမီးကြီးရဲ့သင်ပြမှုအောက်မှာ ကြီးပြင်းလာတဲ့အတွက် ကုဟွေးရန့်အများကြီး စိတ်သက်သာရာရခဲ့ပါတယ်။

ဒါပေမယ့် သူ ယန့်ဝမ်အိမ်တော်ရဲ့ကိစ္စတွေကိုအာရုံမစိုက်နိုင်တဲ့အချိန်လေးတွင်းမှာ ကောင်းရှီးကွယ်လွန်ကြောင်း စာတစ်စောင်ကိုလက်ခံရရှိခဲ့တယ်။

သေဆုံးတာ သိပ်မြန်လွန်းမနေဘူးလား… ဒါက ကွယ်လွန်သူတစ်ယောက်အပေါ် မလေးစားတဲ့မှတ်ချက်ဖြစ်ပေမယ့် အတိအကျဆိုရရင် ကုဟွေးရန့်ကို မျက်မှောင်ကျုံ့သွားစေတဲ့သတင်းကတော့ နာရေးသတင်းနဲ့အတူပါလာတဲ့ ကုချန်ယောက်ဆီကသတင်းစကားသာဖြစ်ခဲ့ပါတယ်။ ယင်းကော်နယ်စားအိမ်တော်က ကောင်းရှီးရဲ့ကိုယ်လုပ်တော်ဖွားညီမ ကောင်းရန်ကို ဒုတိယအိမ်ထောင်အဖြစ် လက်ဆက်ပေးဖို့ဆန္ဒရှိနေပြီး ကုချန်ယောက်ကလည်း လက်ခံပြီးပြီ ဆိုတာကိုပါ။  

ကုဟွေးရန့်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှဝင်မပြောခဲ့ဘူး။ ဒါပေမယ့် ဘေးနားကလူအားလုံးကတော့ ဝမ်ရယ်က သူ့သားဒုတိယအိမ်ထောင်ထူတဲ့ကိစ္စမှာ အတော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်ဆိုတာ သိရှိခဲ့ကြပါတယ်။

လင်ဝေ့ရှီးကိုအစပြုပြီး သူ့ချွေးမဟောင်းအကြောင်း ဘာလို့တွေးတောမိလဲ ကုဟွေးရန့် မသိဘူး။ ကျိုးမောက်ချန်က ကုဟွေးရန့်ရဲ့စိတ်အလိုမကျတဲ့မျက်နှာကိုမြင်ပြီး မပြောရသေးတဲ့ညည်းညူစကားလေးတွေတောင် ဗိုက်ထဲပြန်မြိုကျသွားတယ်။ သူက ကုဟွေးရန့်ရဲ့မျက်နှာအမူအရာကိုအကဲခတ်ပြီး သတိထားကာမေးလိုက်ရပါတယ် “ဝမ်ရယ်… စာပို့လာတဲ့လူက သခင်လေးလား”

ကုဟွေးရန့်က အသာဖွဖွသက်ပြင်းချတယ် “မြို့တော်က စာတစ်စောင်ရောက်လာတယ်၊ ယင်းကော်နယ်စားအိမ်တော်ကတတိယမိန်းကလေးနဲ့ နောက်လမှာလက်ထပ်ဖို့ လုပ်ထားတယ်တဲ့”

လင်ဝေ့ရှီးက ကျေးဇူးတင်ကြောင်းဆိုဖို့ ယန့်ဝမ်ဆီကို တမင်သက်သက်ထွက်လာခဲ့တာပါ။ ပြတင်းပေါက်ဘေးကဖြတ်လျှောက်ခဲ့တုန်း ဒီအကြောင်းကို အမှတ်မထင်ကြားလိုက်ရတယ်။

ဘာတဲ့… ကုချန်ယောက်နဲ့ကောင်းရန်က နောက်လမှာ လက်ထပ်တော့မယ်ဆိုပဲ.…  

……………