(7) မင်္ဂလာပွဲအားကန့်ကွက်ခြင်း
Viewers 13k

(7) မင်္ဂလာပွဲအားကန့်ကွက်ခြင်း

လင်ဝေ့ရှီး ပြတင်းဘေးနားဖြတ်လာတဲ့အချိန်မှာ ကုချန်ယောက်နဲ့ကောင်းရန် လာမယ့်လမှာလက်ထပ်မယ့်အကြောင်း ယန့်ဝမ်ပြောတာကြားခဲ့တယ်။

ဒီကိစ္စတွေ ဘာကြီးပဲဖြစ်နေဖြစ်နေ ဂရုမစိုက်တော့ဘူးလို့ ထင်ခဲ့တာပါပဲ။ ဒါပေမယ့် ဒီစကားတွေကိုကြားတဲ့အချိန်မှာ သူ့မျက်နှာပေါ်ကအပြုံးတွေပျောက်ဆုံးသွားခဲ့တယ်။

သူဆယ့်နှစ်လပိုင်းမှာ စိတ်ဓါတ်ကျပြီးသေဆုံးခဲ့ပေမယ့် ရက်အနည်းငယ်ပဲခြားတယ်၊ ကုချန်ယောက်က သတို့သမီးအသစ်ယောက်ကို လက်ထပ်ယူတော့မယ်တဲ့လား…

သူက ယင်းကော်နယ်စားရဲ့မြေးအကြီးဆုံးဖြစ်ပါတယ်။ ကုချန်ယောက် သူ့ကိုမကြိုက်တာ လက်ခံပေးလို့ရတယ်။ ဒါပေမယ့် နယ်စားအိမ်တော်ကရော…။ သူ့အဖေနဲ့အဘွားကရော…။ သူတို့တွေတကယ်ပဲ ကုချန်ယောက်ကိုလုပ်ခွင့်ပေးလိုက်ကြပြီလား…။ ဖြစ်နိုင်တာက သူတို့တွေက နယ်စားအိမ်တော်နဲ့ယန့်ဝမ်အိမ်တော်ကြားက ခက်ခက်ခဲခဲပေါင်းစည်းခွင့်ရတဲ့မင်္ဂလာကိစ္စကို ကောင်းရှီးကြောင့်အပျက်ဆီးမခံနိုင်ဘဲ အဲဒိအစား ကောင်းရန်ကိုအလျင်စလိုပေးပို့ချင်နေကြတာ ဖြစ်လိမ့်မယ်။

လင်ဝေ့ရှီးရဲ့မျက်လုံးထောင့်စွန်းတွေ အကြောင်းရင်းမရှိနီရဲလာခဲ့တယ်။ သူ့အမေ ဝေ့အမျိုးသမီးက သူဆယ်နှစ်သမီးအရွယ်ကတည်းကသေဆုံးသွားခဲ့တယ်။ နောက်ပိုင်းမှာ လင်ဝေ့ရှီးက အဘွားဖြစ်သူမင်းသမီးကြီးအိမ်တော်မှာ နှစ်ဝက်ထက်မနည်းနေထိုင်ခဲ့တယ်။ သူ့ကိုယ်သူ ဆွေမျိုးတွေအပေါ်မှာ ပြတ်သားလှချည်ရဲ့လို့ထင်ထားခဲ့တာ။ အဖေလုပ်တဲ့လူက တရားဝင်သမီးကိုမကြင်နာမှတော့ သူကလည်း အဖေဖြစ်သူကို ရင်းနှီးစရာမလိုဘူး၊ သိတတ်နေစရာမလိုဘူးလို့ ခံယူခဲ့တာ။ ဒါမှ နှစ်ဦးနှစ်ဖက် မျှမျှတတဆိုပြီးတော့ပါ။ ဒါပေမယ့် ဘာဖြစ်လို့ သူတို့တွေက သူ့ထက်တောင်မှပိုဆိုးနေရတာလဲ။ ဘာဖြစ်လို့ သူ့ဂုဏ်သိက္ခာကိုနင်းခြေဖျက်ဆီးပစ်ရတာလဲ။ သေသွားတဲ့လူ မသိနိုင်တော့ဘူးဆိုပြီးတော့လား။ သူ့မှာရပ်တည်ပေးမယ့်အမေမရှိလို့လား။ ဘာဖြစ်လို့များ သူတို့တွေက ကောက်ကျစ်နိုင်ရတာလဲ…

ဒီလိုစိတ်ပျက်ဝမ်းနည်းရတဲ့နာကျည်းချက်တွေကြောင့်ပဲ လင်ဝေ့ရှီး စိတ်ဖြောင့်ဖြောင့်ထွက်မသွားနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး လူ့လောကဆီ တဖန်ပြန်ရောက်လာခဲ့တယ်။

စာကြည့်ခန်းအပြင်ဘက်ကအစောင့်က လင်ဝေ့ရှီးကိုမြင်တယ်။ စာကြည့်ခန်းထဲကစကားသံတွေလည်း ရုတ်တရက်တိတ်သွားပါတယ်။

လင်ဝေ့ရှီးက မျက်နှာအမူအရာကိုပြင်ဆင်ပြီး အပြုံးလေးဆင်မြန်းလိုက်ပြီးမှ အရှေ့ကိုဆက်လျှောက်လာတယ် “အရှင်ယန့်ဝမ် အထဲမှာရှိပါသလား”

အစောင့်က ပြန်ဖြေခွင့်မရသေးဘူး၊ စာကြည့်ခန်းထဲကနေ ကုဟွေးရန့်ရဲ့ပြတ်သားတဲ့အသံတိုးတိုး ထွက်လာတယ် “သူ့ကိုဝင်ခိုင်းလိုက်”

လင်ဝေ့ရှီး အခန်းထဲဝင်လာတော့ တစ်ဖက်မှာရပ်နေတဲ့ကျိုးမောက်ချန်ကိုမြင်တယ်။ ခေါင်းကိုရှေ့ငိုက်ထားတဲ့ကျိုးမောက်ချန်ရဲ့ပုံစံက မူမှန်မနေဘူး။

ကုမိသားစုဆက်ခံသူသခင်လေးအကြောင်းပြောကြတယ်ဆိုပါစို့… ဒီလိုဆိုရင် ကျိုးမောက်ချန်လို အနီးကပ်လူယုံတော်တစ်ယောက်တောင်မှ စိတ်ရှိတိုင်းများများစားစားပြောဆိုလို့မကောင်းပါဘူး။ ကျိုးမောက်ချန်ကခေါင်းငုံ့ထားပြီး စကားမပြောဘူး။ ယန့်ဝမ်က သူတို့ကို ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတတ်ပေမယ့် ဒါက ယန့်ဝမ်ရဲ့မိသားစုအရေးမှာ ဝင်ရောက်နှောင့်ယှက်နိုင်တယ်လို့ မဆိုလိုဘူး။ သခင်လေးက ယန့်ဝမ်လိုဖခင်မျိုးရှိတဲ့အတွက် ကောင်းကင်ဘုံရဲ့ခန့်ညားထည်ဝါတဲ့သားတော်လေးတစ်ပါးလို ကြီးပြင်းလာခဲ့တယ်။ အခုသူ ဇနီးအသစ်တစ်ယောက်ထပ်ယူတဲ့ကိစ္စက ဘာမှမဟုတ်ဘူး။ အဖေဖြစ်တဲ့ယန့်ဝမ်က မကျေမနပ်ဖြစ်လို့ရတယ်၊ ဒါပေမယ့် သူတို့က မရဘူး။ 

အခန်းထဲဝင်လာတဲ့ လင်ဝေ့ရှီးရဲ့အတွင်းစိတ်ထဲမှာတော့ မကောင်းဆိုးဝါးဆန်ဆန်အတွေးလေးတွေရှိလေရဲ့။ သူက တမင်သက်သက်ကိုထုတ်မေးတာပဲ “အရှင်နဲ့ဦးလေးကျိုးတို့နှစ်ယောက် ဘာတွေများပြောနေကြတာလဲ၊ ဘယ်သူက လက်ထပ်တော့မယ်ဆို”

ကျိုးမောက်ချန်က ကုဟွေးရန့်ဆီတစ်ချက်လှမ်းကြည့်ပြီး ဝမ်ရယ်စိတ်မကွက်တာကိုတွေ့မှ လင်ဝေ့ရှီးကိုရှင်းပြလိုက်ပါတယ် “ဝမ်ရယ်ရဲ့တစ်ဦးတည်းသောသား ငါတို့ယန့်ဝမ်အိမ်တော်သခင်လေး လက်ထပ်မှာပါ”

“အိုး…ဆက်ခံသူရဲ့ ပထမဦးဆုံးမင်္ဂလာဆောင်ပေါ့၊ ငယ်ရွယ်တဲ့ဇနီးမောင်နှံကို ဂုဏ်ပြုပါတယ်”

ကျိုးမောက်ချန်ရဲ့မျက်နှာ မသိမသာတော့ ပျက်သွားတယ် “ဒုတိယဇနီးပါ”

ကျိုးမောက်ချန်က ရှက်ရွံ့အားနာတဲ့စိတ်တွေနဲ့ လင်ဝေ့ရှီးကိုရှင်းပြနေပြီး လင်ဝေ့ရှီးကလည်း နားထောင်ချင်ယောင်ဆောင်နေတယ်။ သူတို့နှစ်ယောက်လုံး ဘယ်သူမှ ကုဟွေးရန့်ရဲ့အကြည့်ကို သတိမထားမိလိုက်ကြဘူး။ ကုဟွေးရန့်က လင်ဝေ့ရှီးဆီ ဖြတ်ခနဲကြည့်တယ်။ ဒီအကြည့်တစ်ချက်က လေလိုပဲ သိပ်ကိုမြန်တယ်၊ ဒါပေမယ့် လူတွေကိုတုန်လှုပ်စေတဲ့စူးစမ်းမှုနဲ့ထိုးထွင်းသိမြင်မှုတွေ ပါဝင်နေခဲ့ပါတယ်။ လူအများစုက မင်္ဂလာဆောင်သတင်းကိုကြားကြတဲ့အခါ ပထမအကြိမ်လား ဒုတိယအကြိမ်လား ထည့်မမေးတတ်ကြဘူး။ ဒါပေမယ့် လင်ဝေ့ရှီးကတော့ ထည့်မေးခဲ့တယ်။ ပထမဇနီးမဟုတ်တာ သိနေခဲ့သလိုပဲ။

ကုဟွေးရန့်က တစ်ချက်ပဲလှမ်းကြည့်ပြီး အကြည့်တွေကိုသိမ်းလိုက်တယ်။ မျက်နှာက မပျော်မရွှင်ဖြစ်နေတုန်းပဲ။ တစ်ဖက်မှာတော့ လင်ဝေ့ရှီးက ရှင်းပြချက်အဆုံးမှာ ယန့်ဝမ်အိမ်တော်အခြေအနေတွေကို ‘နားလည်သဘောပေါက်’သွားခဲ့ပြီး သက်ပြင်းချကာပြောဆိုပြန်တယ် “သြော်.. ယန့်ဝမ်အိမ်တော်ဆက်ခံသူက နောက်အိမ်ထောင်ပြုမှာကိုး၊ တကယ့်ကိုမထင်လိုက်မိတာပဲ၊ ယန့်ဝမ်ရဲ့သားက အသက်ကြီးနေပြီလား၊ ယန့်ဝမ်က အရမ်းငယ်နေတော့ ဆက်ခံသူကိုလည်း ငယ်ငယ်လေးလို့ထင်လိုက်မိတာ”

ကုဟွေးရန့်က စဉ်းစားခန်းဝင်နေခဲ့တာဖြစ်ပါတယ်။ သူက ဒီစကားကိုကြားတော့ မနေနိုင် ခပ်ဖျော့ဖျော့ရယ်လိုက်ပြီးမှ လင်ဝေ့ရှီးဆီ အပြုံးတစ်ခုနဲ့ကြည့်လိုက်ပါတယ်  “မင်းရဲ့ချီးမွမ်းတဲ့စကားတွေကသိသာလွန်းတယ်၊ စနစ်တကျလေ့ကျင့်ပြီးမှ နောက်တစ်ခါပြန်လာပြော”

လင်ဝေ့ရှီးက နှလုံးသားထဲ အပ်သေးသေးလေးတွေနဲ့ဆွသလို ခံစားလိုက်ရတယ်။ အခုသူက ယောက္ခမဟောင်းကြီးဆီမှာ အမိခံလိုက်ရတာလေ။ ပိုးဖလံလေးက တမင်သက်သက် မီးထဲဝင်တိုးမိသလိုပဲ။ သူက ကုဟွေးရန့်ရှိရာ မလုံ့တလုံလှမ်းကြည့်တယ် “ကျွန်မပြောတာ အမှန်တွေပါနော်၊ ဦးလေးကျိုး ဟုတ်တယ်မလား”

ကျိုးမောက်ချန်လည်း သေဖော်ညှိခံရသလို ကြက်သီးတွေတဖြန်းဖြန်းဖြစ်သွားလေရဲ့။ ပြီးမှ ခေါင်းညိတ်ဖို့အတင်းအကျပ်ခိုင်းစေခံရတဲ့လူတစ်ယောက်လို တောင့်တောင့်ကြီးညိတ်ပြတယ် “ဝမ်ရယ်က ငယ်ရွယ်ပြီးခွန်အားကြီးဆဲပဲ၊ ဆက်ခံသူကလည်း တောက်မယ့်မီးခဲရဲရဲဆိုသလို အကောင်းဆုံးအသက်အရွယ်ရောက်နေပြီ”

ကုဟွေးရန့်က အသာအယာပြုံးပါတယ်။ ဒီတော့မှ အခန်းထဲကလေထုလည်း ပိုပြီးသက်တောင့်သက်သာဖြစ်သွားတော့တာပေါ့။

ကုဟွေးရန့်ရဲ့စိတ်အခြေအနေက အများကြီးပိုကောင်းလာပုံရတယ်။ ဒါကြောင့် ကျိုးမောက်ချန်လည်း စိတ်ဒုံးဒုံးချပြီး ပြောစရာရှိတာပြောရတယ် “ဝမ်ရယ် သခင်လေးက မင်္ဂလာဆောင်အမှီပြန်လာမလားလို့ အထူးတလည်စာပို့ပြီး မေးရှာတယ်၊ အရင်တစ်ခါကတော့ ကျွန်တော်တို့အနောက်မြောက်ဖက်မှာစစ်တိုက်နေတုန်းမို့ ပြန်မလာလိုက်နိုင်ဘူး၊ သခင်လေးက ထုတ်မပြောပေမယ့် ဝမ်ရယ့်ကိုမျှော်နေမှာ သေချာတယ်၊ ဝမ်ရယ်… ဒီတစ်ကြိမ် အခွင့်အရေးရနေပြီပဲ…. ဒီလက်ထပ်ပွဲကို အရှင်သဘောမတူမှန်း ကျွန်တော်မျိုးသိပါတယ် ဒါပေမယ့် သစ်သားတောင်လှေဖြစ်နေပြီလေ၊ ဘာပဲဖြစ်ဖြစ် သခင်လေးကကြိုက်….”

လင်ဝေ့ရှီးက ဒီစကားတွေကို မခံစားနိုင်ဘူး။ ဝင်ဖျက်ပစ်လိုက်ရမှ “ကြည့်ရတာ ကျွန်မက ဗဟုသုတနည်းလို့ဖြစ်မယ်၊ ယန့်ဝမ်စစ်ချီတာက တစ်နှစ် နှစ်နှစ်လောက်ပဲကြာတာမဟုတ်ဘူးလား၊ ဒါပေမယ့် ဆက်ခံသူရဲ့ပထမမင်္ဂလာပွဲကိုလွတ်ပေမယ့် ဒုတိယမင်္ဂလာပွဲကိုကျတော့ မှီတယ်ပေါ့”

ကျိုးမောက်ချန်ရဲ့စကားတွေက လင်ဝေ့ရှီးရဲ့စကားတစ်ခွန်းအောက်မှာ ပျောက်ဆုံးသွားရပြီ။ သူက မျက်နှာမထားတတ်အောင်ဖြစ်လာတယ်။ ဒါပေမယ့် ကုဟွေးရန့်ကတော့ နည်းနည်လေးတောင် စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ အဲဒိအစား သူက ပြုံးပြီး လင်ဝေ့ရှီးကိုကြည့်တယ် “မင်းကိုကြည့်ရတာ ကုချန်ယောက်ကို တရားလွန်ရန်လိုနေတဲ့ပုံပဲ၊ သူမင်္ဂလာဆောင်မှာကိုတောင် ဒေါသထွက်နေတယ်၊ မင်း သူ့ကို မသိဘူးလေ… မဟုတ်ဘူးလား”

လင်ဝေ့ရှီးရဲ့နှလုံးသားထဲ တုန်လှုပ်သွားရပြန်ပါပြီ။ သတိမထားမိဘဲ စိတ်ထဲကစကားတွေကို လွှတ်ခနဲပြောထွက်မိတာကိုး။ မျက်စိရှေ့ကလူကြီးက အင်အားကြီးတဲ့ယန့်ဝမ်ဆိုတာ ဘာလို့မေ့သွားရတာလဲ။ ခံစားချက်တွေကို စကားလုံးတွေနဲ့ရောထွေးပြောလိုက်မိပြီး ယန့်ဝမ်ရှေ့မှာမှောက်ရက်လဲသွားတော့တာပဲ။

ဘာတွေပဲဖြစ်ပါစေ လင်ဝေ့ရှီးက အိမ်တော်ကြီးတစ်ခုရဲ့သခင်မဖြစ်ခဲ့ဖူးပါတယ်။ မျက်နှာတစ်ချက်မပျက်ဘဲ ဆင်ခြေတစ်ခုကို ကောက်ပြောနိုင်တယ် “ဟုတ်တယ် ကျွန်မသူ့ကို ရန်လိုတယ်၊ မကျေနပ်ဘူး၊ ကျွန်မကိုအခြေချနိုင်အောင်အရင်လုပ်ပေးပြီးမှ မြို့တော်ပြန်မယ်လို့ အရှင် သေသေချာချာ ကတိပေးပြီးသားလေ၊ ဒါပေမယ့် အခု သူက စာတစ်စောင်ရေးပြီး အရှင့်ကိုပြန်ခေါ်နေပြီလေ၊ ကျွန်မဘယ်လိုလုပ်ရတော့မှာလဲ”

ဒီအကြောင်းပြချက်က အကျိုးအကြောင်းသင့်ပါတယ်။ ကုဟွေးရန့်ကလည်းလက်ခံတယ်။ သူက အသာပြုံးပြီး ထပ်မပြောတော့ဘူး။ ဒီခဏမှာ ကျိုးမောက်ချန်ရဲ့နှလုံးသားလေးကတော့ တက်လိုက်ကျလိုက်ဖြစ်နေခဲ့တယ်။ အချိန်တိုလေးအတွင်းမှာ အကြိမ်ရေများများ တုန်လှုပ်လိုက်ရတယ်လေ။ အခု သူက လင်ဝေ့ရှီးကို မတူညီတဲ့အမြင်တစ်မျိုးနဲ့ကြည့်နေမိပြီ။… ဒီမိန်းကလေးက မိုက်မဲတာလား၊ အကြောက်တရားမရှိတာလား ဒါမှမဟုတ် ကံကောင်းတာလား… ယန့်ဝမ်ကိုပြန်ပြောရဲတယ်… ယန့်ဝမ်က တကယ်စိတ်မဆိုးဘူးလား…

ကျိုးမောက်ချန်က သက်ပြင်းအသာချလိုက်ပေမယ့် နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်ချင်နေတုန်းပဲ “ဝမ်ရယ်… သခင်လေးကိစ္စကို…”

“ထပ်ပြောဖို့မလိုဘူး၊ ငါ ပြန်မှာမဟုတ်ဘူး” ကုဟွေးရန့်က စာရေးစုတ်တံကို စားပွဲပေါ်ချလိုက်တယ်။ သူ့မျက်နှာအမူအရာ မပြောင်းပါဘူး၊ ဒါပေမယ့် အခန်းထဲကလေထုကတော့ သိသိသာသာကျဆင်းသွားတယ် “ပထမဇနီးနေမကောင်းဖြစ်ပြီးကွယ်လွန်တာ  တစ်လတောင်မရှိသေးဘူး ပြန်လက်ထပ်ဖို့စိုင်းပြင်းနေပြီ၊ မင်္ဂလာဆောင်ကို ဒီနှစ်ဒုတိယလမှာ စီစဉ်ထားတယ်၊ သူ ရှို့ခန်းမင်းသမီးကြီးရဲ့မျက်နှာကို ထည့်စဉ်းစားရဲ့လား၊ လူကအရွယ်ရောက်နေပြီ ဒီလောက်တောင် မဆင်ခြင်၊ မတွေးတောတတ်ဘူးလား”

ကျိုးမောက်ချန်က ကုချန်ယောက်ကိုယ်စားပြောပေးဖို့ကြိုးစားတယ် “သခင်လေးက ငယ်သေးလို့ပါ၊ လူမှုရေးတွေဘာတွေ နားမလည်သေးတာပါ…”

“ငယ်တယ်၊ ဘယ်နားမှာငယ်တော့လို့လဲ၊ ဒီနှစ် သူ့အသက်(၁၇)နှစ်၊ ငါ့အသက် (၁၇)နှစ်တုန်းကဆို ယန့်ဝမ်ရာထူးဆက်ခံပြီး အိမ်တော်တစ်ခုလုံး တာဝန်ယူနေရပြီ၊ မင်းသူ့ကိုကြည့်လိုက်စမ်း… သူ ဘာတွေများလုပ်ခဲ့ပြီးပြီလဲ”

ကျိုးမောက်ချန်မှာ ပြောစရာစကားမရှိတော့ပါဘူး။ တကယ်တော့ မြို့တော်ကအထက်တန်းစားသခင်လေးတွေကိုအသာထားဦး ဘယ်လိုလူတန်းစားပဲဖြစ်ပါစေ (၁၇)နှစ်ဆိုတဲ့အရွယ်က ကလေးစိတ်တစ်ဝက်မပျောက်သေးတဲ့အရွယ်ဖြစ်ပါတယ်။ ‘ယိမ်းနွ့ဲနေတဲ့တံတားပေါ်မှာမြင်းကိုစီးလို့ အနီရောင်အဆောက်အဦးတွေကြား မြူးထူးပျော်ပါးနေတဲ့’ကောင်ငယ်လေးတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း သခင်လေးရဲ့ဖခင် ကုဟွေးရန့်ကို အစောကြီးကတည်းကနာမည်ကျော်ကြားအောင်၊ ဘယ်သူမှလိုက်မမှီနိုင်အောင် ထွန်းလင်းတောက်ပနေရမယ်လို့ ဘယ်သူကများ ဖန်ဆင်းပေးလိုက်တာလဲ။ ကုဟွေးရန့်က အသက်(၁၅)နှစ်အရွယ်မှာ စစ်ပွဲထဲဝင်ခဲ့တယ်။ (၁၆)နှစ်အရွယ်မှာတော့ အပြောင်မြောက်ဆုံးတိုက်ပွဲကိုအောင်မြင်ခဲ့ပြီး သတင်းမွှေးလာခဲ့တယ်။ အဲဒိကတည်းက သူ့ရဲ့ဂုဏ်သတင်းတွေက တိုင်းပြည်တခွင်ပျံ့နှံ့သွားတော့တာပဲ။ အဲဒိနောက် အသက်(၁၇)နှစ်မှာ သူက တကျိုးရဲ့အသက်အငယ်ဆုံးချင်းဝမ်ဖြစ်လာတယ်။ အသက်(၂၅)နှစ်အရောက်မှာ အကြီးအကျယ်အောင်မြင်ပြီး နန်းတွင်းရဲ့အရေးပါဆုံးအမှှုထမ်း၊ ဧကရာဇ်ရဲ့အားကိုးရဆုံး တူတော်မောင်ဖြစ်လာတယ်။ အသက်(၂၇)နှစ်အရွယ်မှာ သူက ‘တိုင်းပြည်ကိုချောက်ကမ်းပါးစွန်းက ကယ်တင်ခဲ့တဲ့သူရဲကောင်း’ဖြစ်နေပြီ။ အသက်(၂၉)နှစ်မှာ တိုင်းပြည်ရဲ့ရင်ခွင်ပိုက်အုပ်ချုပ်သူ ဖြစ်လာတယ်။ ဒီနေ့မှာတော့ ယန့်ဝမ်က အသက်(၃၃)နှစ်ပဲရှိသေးပေမယ့် ကျော်ကြားမှုတွေကတော့ လောကတခွင်ပျံ့နှံ့ပြီး ဖြစ်နေခဲ့ပါပြီ။

……….

သူ့ဖခင်ရဲ့အရှိန်အဝါတွေအောက်မှာ ကုချန်ယောက်က တောက်ပသင့်သလောက် မတောက်ပခဲ့တာတော့ အမှန်ပဲ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကုချန်ယောက်ရဲ့လုပ်ဆောင်ချက်တွေက ထူးခြားပြောင်မြောက်တယ်လို့ဆိုနိုင်တယ်။ မြို့တော်ကလူငယ်မျိုးဆက်တွေကြားမှာ သူက ဦးဆောင်သူအဆင့်မှာရှိတယ်။ ဒါပေမယ့် သူ့အဖေနဲ့ယှဉ်လိုက်ရင်တော့ လုံးဝမလုံလောက်သေးပါဘူး။ ဒါကြောင့် ကုဟွေးရန့်က ကုချန်ယောက်ကို အမြဲအားမလိုအားမရဖြစ်တယ်။ ကျိုးမောက်ချန်လည်း ဒီအတွက် ပြောစရာစကားမရှိပါဘူး။ 

တစ်ဖက်မှာတော့ လင်ဝေ့ရှီးက ယန့်ဝမ်မပြန်တော့ဘူးဆိုတာလည်းကြားရော ပျော်လွန်းလို့ ရယ်သံတွေတောင်ထွက်ကျလုမတတ်ဖြစ်သွားတယ်။ သိသာကြီးပဲလေ။ ပြန်မယ့်လမ်းတစ်ဝက်မှာရောက်နေပြီးမှ ပြန်မလာတော့ဘူးဆိုတာ စစ်ပွဲကြောင့်ပြန်မလာနိုင်တာနဲ့ လုံးလုံးမတူဘူး။ လင်ဝေ့ရှီးက သူ့ရဲ့ပီတိတဖွားဖွား နှစ်ထောင်းအားရဖြစ်နေတဲ့ မျက်နှာကြီးကို တခြားသူမြင်မှာစိုးလို့ အလျင်အမြန်ခေါင်းငုံ့လိုက်တယ်။ 

ဒါပေမယ့် သစ္စာရှိတဲ့နောက်လိုက် ကျိုးမောက်ချန်ကတော့ ဇွဲမလျှော့နိုင်သေးပါဘူး။ သူက သုံးလေးခွန်းလောက်ထပ်ပြီး သိမ်းသွင်းပြန်တယ် “ဝမ်ရယ် သခင်လေးအပေါ်မှာ မျှော်လင့်ချက်ကြီးမားတာ ကျွန်တော်မျိုးသိပါတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သခင်လေးက ငယ်သေးတယ်လေ၊ သူက ကျွန်တော်တို့လို စစ်မီးတွေထဲမှာရုန်းကန်ပြီး မာကျောလာအောင်ပုံသွင်းခံရတဲ့ လူတွေလိုမျိုးမဟုတ်ပါဘူး၊ သခင်လေးက အရှင့်ကိုအမြဲလေးစားအားကျနေခဲ့တာပါ၊ ဒါပေမယ့် စစ်ပွဲတွေကြောင့် အမြဲတမ်းခွဲနေရပြီး နှစ်ယောက်အတူရှိတဲ့အချိန်ကရှားတယ်၊ ဒီတစ်ခါ အရှင် မြို့တော်ကိုပြန်လာတာ တကယ့်ကိုရှားရှားပါးပါးအခွင့်အရေးပဲလေ၊ အရှင် သူ့ကိုအားမရဘူးဆိုရင်တောင် ဖြည်းဖြည်းချင်းပြုပြင်ပေးလို့ရပါတယ်”

ကုဟွေးရန့်က နားထောင်နေပေမယ့် ဘာမှပြန်မပြောဘူး။ စကားလည်းမပြောဘူး၊ ဒေါသထွက်ကြောင်းလည်းမပြဘူး။ ဒါပေမယ့် ဒီလိုအမူအရာကိုက ဒေါသထွက်တာထက် ပိုပြီးကြောက်ဖို့ကောင်းတယ်။ ကျိုးမောက်ချန်လည်း ဆက်မပြောရဲတော့လို့ လင်ဝေ့ရှီးကိုကြည့်ပြီး စစ်ကူတောင်းလိုက်တယ် “လင်သမီးလေး… တစ်ခုခုပြောဦးလေ”

လင်ဝေ့ရှီးလည်း အတွင်းကြိတ်ပြီး ကျိန်ဆဲလိုက်တာပေါ့။ … စည်းရုံးရေးဆင်းပေးစေချင်တယ်ပေါ့လေ၊ ခင်ပွန်းဟောင်းနဲ့ ကိုယ်လုပ်တော်ဖွားညီမတို့ မင်္ဂလာဆောင်တဲ့ဟာကို ငါ့လို... ဒီအစ်မကြီးကို … ဆုမွန်ကောင်းတောင်းပေးစေချင်တယ်ပေါ့။ အိပ်မက်ထဲမှာတောင်မရဘူးမှတ်၊ ကုချန်ယောက်အဖေ ကောင်းရန်ရဲ့အနာဂတ်ယောက္ခမကြီးက အခု မျက်စိရှေ့မှာ၊ ဒင်းတို့နှစ်ယောက်ဒုက္ခရောက်ဖို့ မိုးနတ်မင်းပေးတဲ့အခွင့်အရေးကိုမယူရင် ငါလင်ဝေ့ရှီး အသက်ရှင်ရကျိုးမနပ်ဘူး…

“အရှင်… အရှင်လုပ်တာမှန်ပါတယ်၊ ကလေးကအမှားလုပ်ရင် နောက်မလုပ်ရဲအောင် အပြစ်ပေးသင့်ပါတယ်၊ အရှင်က သူ့အလိုလိုက်ရမှာမဟုတ်ပါဘူး၊ သူက ဒီလောက်အရွယ်ရောက်နေပြီ ကိုယ်လုပ်သမျှ ကိုယ့်ဖာသာကိုတာဝန်ယူရတော့မှာပါ၊ နောက်ပိုင်း အရှင့်ရဲ့ကာကွယ်မှုသာမရှိခဲ့ရင် သူဘယ်လိုရပ်တည်နိုင်တော့မှာလဲ”

ကျိုးမောက်ချန်က လင်ဝေ့ရှီးကို ပါးစပ်အဟောင်းသားကြည့်ပါတယ်။ ကုဟိုင်ရန်ကတော့ ထုတ်ပြီးတော့တောင်ရယ်နေပါပြီ “ဟား .ဟား..မင်းက သူ့ကိုတကယ်မုန်းနေတာပဲ၊… ထားလိုက်ပါတော့… မင်းစကား နားထောင်လိုက်တာပေါ့.. ဒီတစ်ခါ ငါ သူ့ကို လိုက်လျောမှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းလိုကလေးတစ်ယောက်ဆီက ရင့်ကျက်တဲ့စကားတွေထွက်လာတာ ငါမယုံနိုင်သေးဘူး၊ မင်းက ကုချန်ယောက်အောက် တစ်နှစ်ငယ်ပေမယ့် အသုံးအနှုန်းတွေက လူကြီးသူမ ဆိုဆုံးမတဲ့ပုံစံပေါက်နေတယ်”

လင်ဝေ့ရှီးက ကလေးလို့အခေါ်ခံလိုက်ရတယ်။ သူက အစပိုင်းတော့ စိတ်နှလုံးမရွှင်မပျဖြစ်သွားပေမယ့် ဘေးနားကလူတွေကိုကြည့်ပြီး ပေါ့ပါးနေတဲ့အမူအရာကိုမြင်တော့ ယန့်ဝမ်ရဲ့ရယ်မောသံက အလွန့်အလွန်ရှားပါးလို့ ကိစ္စကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူးလို့ ခန့်မှန်းမိလိုက်တယ်။ သူက ကုချန်ယောက်ရဲ့အရှုပ်တော်ပုံကို ဖျက်လိုဖျက်ဆီးလုပ်လိုက်နိုင်ပေမယ့် သူ့ရဲ့အမည်းရောင်နှလုံးသားလေးထဲမှာတော့ တကယ်ကြီးကိုမကျေနပ်နိုင်သေးဘူး။ ဒါပေမယ့် ထပ်မပြောချင်တော့ဘူး၊ တော်ပြီ… ယန့်ဝမ်က သူ့အပေါ်သိပ်ကောင်းလို့ ပြောသမျှလိုက်လုပ်ပေးနေရင် ပျင်းစရာကြီး….

လင်ဝေ့ရှီးရဲ့ ဟိုလိုလိုသည်လိုလိုမျက်နှာထားကိုမြင်တော့ ကုဟွေးရန့်က ဒီမိန်းမငယ်လေးကသိပ်ကိုသွက်လက်တက်ကြွလွန်းလို့ သူ့လိုကျောက်စိုင်ခဲလိုလူသားနဲ့ယှဉ်ရင် သူတို့နှစ်ယောက်က မတူညီတဲ့ကမ္ဘာကြီးနှစ်ခုမှာရှင်သန်နေကြတယ်လို့ ပိုပိုပြီးခံစားလာရတယ်။ သူက မိန်းမငယ်လေးကို အလွန်အကျွံပြောပြီး အခက်တွေ့အောင်မလုပ်ချင်ဘူး၊ ဒါကြောင့် စကားလမ်းကြောင်းလွှဲပြီး တခြားတစ်ခုကိုမေးပါတယ် “ငါကိုယ်တော် မမေးရသေးဘူး၊ မင်းဒီကိုဘာလာလုပ်တာလဲ”

ဒီအကြောင်းကို လင်ဝေ့ရှီးက မေ့လုနီးပါးဖြစ်နေပြီ “ကျွန်မ ဒီကိုလာရတဲ့အကြောင်းက အရှင်ယန့်ဝမ်ကိုကျေးဇူးတင်စကားပြောဖို့ပါ၊ ကျွန်မအတွက် တရားမျှတမှုကိုဆောင်ကျဉ်းပေးခဲ့လို့ အရှင့်ကိုကျေးဇူးတင်ပါတယ်၊ ကျွန်မကို ဝံပုလွေဂူထဲကယ်ထုတ်ပေးခဲ့တဲ့အတွက်လည်း အရှင့်ကိုကျေးဇူးတင်ပါတယ်”

ဒါက စကားလေးတစ်ခွန်းပဲ၊ ကုဟွေးရန့်က ထွေထွေထူးထူးမှတ်မနေဘူး။ သူက ကျိုးမောက်ချန်ကို လက်ပြလိုက်ပြီး ထွက်သွားခိုင်းလိုက်တယ်။ စာကြည့်ခန်းထဲ အပြင်လူမရှိတော့မှပဲ လင်ဝေ့ရှီးရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဆွေးနွေးကြတယ် “မင်းအဒေါ်က လောဘကြီးလွန်းတယ်၊ အဲ့ဒါမကောင်းဘူး၊ ပြီးတော့ ငါ လျှိုမြေပိုင်ရှင်အကြောင်း လူလွှတ်စုံစမ်းခိုင်းလိုက်တယ်၊ သူ့သားက အားကိုးမရတဲ့ လူပေါ်ကြော့တစ်ယောက်ပဲ၊ အဲဒိမိသားစုနှစ်ခုလုံးကို လက်မထပ်တာ မင်းမှန်တယ်၊ ဒီမြို့လေးကသေးပေမယ့် မင်း ဒီမှာ အိမ်ထောင်ပြုလို့ရတယ်၊ ဒီမှာအခြေချမယ်ဆိုရင် လီရွာရဲ့အနှောင့်အယှက်ကိုခံရမှာမဟုတ်ဘူး၊ ငါ မြို့ခံအရာရှိဆီက လူစာရင်းတောင်းထားတယ်၊ လက်မထပ်ရသေးတဲ့လူငယ်အမှုထမ်းတွေထဲက….”  

လင်ဝေ့ရှီး စိတ်ပျက်လုနီးနီး ဖြစ်သွားရပြီ “အရှင် ဘာတွေလျှောက်စီစဉ်နေတာလဲ”

ကုဟွေးရန့်က သက်ပြင်းအသာချပြီး လင်ဝေ့ရှီးရဲ့အကူအညီမဲ့နေတဲ့မျက်ဝန်းတွေထဲကို ကြည့်ပါတယ် “မင်းမနေ့က စိတ်တိုစိတ်ဆတ်လွယ်နေလို့ ငါဒီအတိုင်းပဲထားလိုက်တာ၊ ဒါပေမယ့် မင်းက ငယ်သေးတယ်လေ၊ မင်းရဲ့အကောင်းဆုံးအသက်အရွယ်မှာ မီးအိမ်ထွန်းပြီးတစ်ယောက်တည်းဘုရားစာရွတ်နေလို့ မရဘူး”

“ဘာလို့ မရရမှာလဲ” လင်ဝေ့ရှီးက ကုဟွေးရန့်ကိုကြည့်တယ်၊ မျက်ဝန်းတွေက မသိနိုင်တဲ့အကြောင်းပြချက်တွေကြောင့် စိုစွတ်လာတယ် “ကျွန်မထင်ထားတာ အရှင်ကတော့ ဒီလိုလုပ်မှာမဟုတ်ဘူးလို့၊ ကျွန်မကတော့ အရှင့်ကို ဟိုးစိတ်အတွင်းထဲကနေ ရိုသေလေးစားလိုက်ရတာ၊ ဒါပေမယ့် ဘာလို့ အရှင်က ကျွန်မကိုဖိအားပေးချင်ရတာလဲ”

သူက စကားတွေကိုပြောပြီး ကုဟွေးရန့်ရဲ့အမူအရာကိုမော့မကြည့်တော့ဘူး၊ ချက်ချင်းကိုချာခနဲလှည့်ပြီး ပြေးထွက်သွားတယ်။ တံခါးအပြင်ကကျိုးမောက်ချန်လည်း လန့်ဖြန့်သွားတာပေါ့။ သူက လင်ဝေ့ရှီးရဲ့နီရဲနေတဲ့မျက်ဝန်းတွေကိုမြင်တယ်လေ “လင်မိန်းကလေး ဘာဖြစ်လို့လဲ”

လင်ဝေ့ရှီးက ဘာမှမပြောဘူး၊ ဒီအတိုင်းပြေးထွက်သွားတယ်။ ကျိုးမောက်ချန်လည်း ယောင်နနလိုက်ကြည့်ပြီးမှ စာကြည့်ခန်းဘက်လှည့်လိုက်တော့ မျက်ခုံးတွေကိုလက်နဲ့ဖိထားတဲ့ ကုဟွေးရန့်ကိုမြင်ပါတယ်။

ဒီလူနှစ်ယောက်ရဲ့ဖြစ်ပျက်ပုံတွေကိုမြင်ပြီး ကျိုးမောက်ချန်ရဲ့ခေါင်းထဲမှာဇာတ်ညွှန်းရေးနေလိုက်တာ အတွေးတွေကကပေါက်တိကပေါက်ချာ သေလုအောင်လန့်ဖြန့်သွားတယ်။ သူက တံခါးရှေ့မှာရပ်ရင်း အသေအချာလေးမေးရတယ် “ဝမ်ရယ် လင်မိန်းကလေး ဘာဖြစ်သွားတာလဲ”

ဒီရက်ပိုင်းအတွင်း ကုဟွေးရန့်ချခဲ့တဲ့သက်ပြင်းတွေက ပြီးခဲ့တဲ့နှစ်ကထက် အကြိမ်ရေအများကြီးပိုတယ် “သူ့ကိုအတင်းအိမ်ထောင်ပြုခိုင်းရပါ့မလားဆိုပြီး ငါ့ကိုအပြစ်တင်သွားတယ်”

ဒါက ဒီလိုကိုး… အမလေး… လန့်ဖြန့်သွားတာပဲ…။ ကျိုးမောက်ချန်က သက်ပြင်းလေးလည်းမှုတ်ထုတ်၊ မနေ့ညကဖြစ်ရပ်တွေကိုလည်း ယန့်ဝမ်ကိုပြောပြလိုက်တယ်။

လီတအကြောင်း ပြောပြီးသွားတဲ့အခါ ကုဟွေးရန့်မျက်နှာထားက ပိုလို့တောင်ပျက်ယွင်းလာတာပဲ။ မျက်နှာက ရေခဲပြင်လိုအေးစက်နေပြီး အသံက ဒေါသအခိုးအငွေ့တွေပါဝင်နေတယ် “ဘာဖြစ်လို့ မနေ့က မပြောတာလဲ”

“လင်မိန်းကလေးက အရှက်ကြီးတဲ့မိန်းကလေးမို့ပါ၊ သူက ဒီအကြောင်းတွေကို တခြားလူပေးမသိချင်ဘူး”

ကုဟွေးရန့်က ခဏစဉ်းစားတယ်။ ပြီးတော့ရုတ်တရက် လင်ဝေ့ရှီးကိုသနားစိတ်လေး ဝင်လာတယ်။ ကောင်မလေးကို စိတ်ကြီးတယ်လို့ထင်ခဲ့မိတာ၊ လက်မထပ်ချင်လို့ ဆူဆူပူပူလုပ်သွားတယ်လို့ ထင်လိုက်တာ။ လတ်စသတ်တော့ ဒီလိုအဖြစ်ကို ကြုံလိုက်ရတာကိုး။ အားကိုးရာမရှိ အားနည်းတဲ့မိန်းကလေးက ဒီလိုအရာမျိုးကြုံတွေ့ရတာတောင် အကူညီတောင်းစရာ နေရာမရှိဘူး။ လက်ထပ်ဖို့အကြောက်အကန်ငြင်းနေတာ မထူးဆန်းတော့ပါဘူး။ ကုဟွေးရန့်က သက်ပြင်းချတယ်။ ဒါပေမယ့် ထွက်လာတဲ့အသံကတော့ သူမတူအောင်အေးစက်လွန်းပါတယ် “ကုမင်တကိုခေါ်လာခဲ့”

ကုမင်တက ယန့်ဝမ်ရဲ့ညာလက်ရုံးဖြစ်တယ်။ ဒီတစ်ကြိမ် ယန့်ဝမ်တော်တော်ဒေါသထွက်သွားတယ်ဆိုတာ ကျိုးမောက်ချန်သိလိုက်တယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ယန့်ဝမ်က တာဝန်တွေအများကြီးယူခဲ့ရလို့ ခံစားချက်ကို ပိုပိုပြီးချုပ်တည်းခဲ့ရတာတွေရှိတယ်။ လူအနည်းငယ်လောက်ကပဲ ယန့်ဝမ်ကိုပေါက်ကွဲထွက်လာအောင် လုပ်နိုင်ကြတယ်။ အခုတော့ အဲဒိလူတွေထဲမှာ ဒေါ်လေးလင်တို့မိသားစုလည်း ပါလာပြီ။ အရည်အချင်းလေးတွေလည်း ရှိကြပါပေ့…

………….