(8) မြို့တော်သို့အပြန်
လင်ဝေ့ရှီးက ယန့်ဝမ်ကိုအော်ဟစ်ပြောဆိုပြီး အနောက်ဖက်ခြံဝင်းဆီပြေးချလာတယ်။ အခန်းထဲပြန်ရောက်ပြီးမှပဲ သူ့ခံစားချက်တွေ ဖြည်းဖြည်းချင်းငြိမ်ကျသွားတော့တာ။
ဘာလို့ရုတ်တရက်ပေါက်ကွဲမိသွားလဲ သူမသိဘူး။ ဖြစ်နိုင်တာက ဒီအတောတွင်းမှာ အရင်ဘဝနဲ့ကောင်းကင်ဘုံစာအုပ်ကြီးအကြောင်းကို ထပ်တလဲလဲတွေးမိနေလို့ပဲဖြစ်ရမယ်။ မနေ့ညက လီတရဲ့လုပ်ရပ်အပြီးမှာ လင်ဝေ့ရှီးရဲ့လိပ်ခဲတည်းလည်းခံစားချက်တွေ ဆက်လက်တောင့်မခံနိုင် ပေါက်ထွက်လာခဲ့တယ်။ ဒါက ယန့်ဝမ်ပြောလာတဲ့ စကားတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တခြားလူတွေလာပြောရင် ပြန်ရန်တွေ့လို့ရပေမယ့် ဒါက ယန့်ဝမ်လေ။
အခန်းလေးထဲ မီးအိမ်မထွန်းဘဲထိုင်နေခဲ့တာ တဖြည်းဖြည်းမည်းမှောင်လာတဲ့အထိဖြစ်ပါတယ်။ အိပ်ရာဘေးကဗီဒိုကိုတောင် မမြင်ရတော့ဘူး။ သူတစ်ယောက်တည်းမိန်းမောတွေဝေနေခဲ့တာ တစ်စုံတစ်ယောက်တံခါးလာခေါက်တဲ့အထိပါ “သခင်မလေးလင် အထဲမှာရှိပါသလား”
လင်ဝေ့ရှီးက လက်တွေ့လောကထဲကိုပြန်ရောက်လာတယ်။ ဒီအသံကို တခါမှမကြားဖူးဘူး။ တံခါးဝမှာ ဘယ်သူရောက်နေတာလဲ။ ဒါပေမယ့် လင်ဝေ့ရှီးက ဒေါသထွက်နေခဲ့တယ်ဆိုရင်တောင် ယန့်ဝမ်က သူ့ရဲ့လုံခြုံရေးကိုဂရုစိုက်ပေးထားမှာကို ယုံကြည်တယ်။ ဒါကြောင့် များများစားစားမတွေးတော့ဘဲ တံခါးဖွင့်ပေးလိုက်ပါတယ်။
တံခါးအပြင်ဘက်မှာမတ်တပ်ရပ်နေတာက ဆံပင်ထုံးလေးနှစ်ခုနဲ့ မိန်းကလေးတစ်ယောက်။ အသက်က ဆယ့်ခွန် ဆယ့်ရှစ်လောက်ရှိပြီး အစေခံပုံစံဝတ်စားထားတယ်။ ကောင်မလေးက လင်ဝေ့ရှီးကိုမြင်ပြီး တအားအံ့သြသွားတဲ့အမူအရာဖြစ်သွားတယ်။ ပြီးမှ ရိုင်းစိုင်းမိကြောင်းနားလည်သွားပြီး ခပ်မြန်မြန်ခေါင်းကိုငုံ့ကာ အရိုအသေပေးလိုက်ပါတယ် “သခင်မလေးလင် ကျွန်မက ဝမ်ယွဲ့ပါ၊ သခင်မလေးကိုခစားဖို့ ဝမ်ရယ်အမိန့်နဲ့လာတာပါ”
လင်ဝေ့ရှီးက ဒီမိန်းကလေးကိုကြည့်ပြီး မျက်လုံးတွေ ဖြတ်ခနဲခတ်သွားပါတယ် “ယန့်ဝမ်က လွှတ်လိုက်တာ ဟုတ်လား”
“ဟုတ်ပါတယ်”
လင်ဝေ့ရှီးက နှုတ်ခမ်းတွေကိုကိုက်လိုက်ရင်း ယန့်ဝမ်ရဲ့သဘောထားကိုအံ့သြနေခဲ့တယ်။ အခုလေးတင်ဖြစ်ပျက်ခဲ့တဲ့ စိတ်ပျက်စရာကောင်းတဲ့အဖြစ်က မြေကြီးလက်ခတ်မလွဲ လင်ဝေ့ရှီးရဲ့အမှားသေချာဟုတ်တယ်။ လောကီရှုထောင့်ကကြည့်မယ်ဆိုရင် ယန့်ဝမ်ကသူကောင်းစားဖို့လုပ်ပေးပေမယ့် သူကတော့ ကျေးဇူးတင်ဖို့ပျက်ကွက်ခဲ့တယ်။ သူက ပြန်သွားပြီးတောင်းပန်ရမလား တွေဝေနေခဲ့ပေမယ့် ယန့်ဝမ်ကတော့ အမှတ်မထားသလို မျက်စိတမှိတ်အတွင်းမှာ လူတစ်ယောက်ပို့ပေးလိုက်တယ်။ ယန့်ဝမ်ဗွေမယူတာကို လင်ဝေ့ရှီးကျေးဇူးတင်သင့်ပါတယ်။ ဒါပေမယ့် ကျေးဇူးတင်ရမယ့်အစား ရင်ထဲမှာ ပိုပြီးတော့တောင်ရှုပ်ထွေးလာခဲ့တယ်။ သူက လျစ်လျူရှုခံလူတစ်ယောက်လို့ ခံစားနေရတယ်။ သူက ယန့်ဝမ်စိတ်ထဲ စိတ်ဆိုးရလောက်အောင်အရေးမပါဘူးလား။ မသိရင်သူက ခပ်မြန်မြန်ရှင်းထုတ်ပစ်ခံရမယ့် ဝန်ထုတ်ဝန်ပိုးတစ်ခုလိုပါပဲ။
လတ်စသတ်တော့ သူက ယန့်ဝမ်အတွက် ဘာမှမဟုတ်ခဲ့ဘူးပဲ။ လင်ဝေ့ရှီး ရယ်မောမိတယ်။ သူ့ကိုခေါ်ထုတ်ပေးလာတာနဲ့တင် တကယ့်ကိုသဒ္ဒါတရားထက်သန်လွန်းနေပြီ။ နောက်ထပ်မြို့တစ်ခုကိုရောက်ရင် တစ်ဖက်ကပြောမလာခင် သူကိုယ်တိုင် ပါးပါးနပ်နပ်ထွက်သွားသင့်နေပြီ။ ယန့်ဝမ်က မြို့တော်မှာ သူ မသိတဲ့အရေးကိစ္စတွေအများကြီးရှိတယ်။ မျက်စိရှေ့ကကုချန်ယောက်မင်္ဂလာဆောင်ဆိုတာတော့ မပြောပါနဲ့တော့။ ယန့်ဝမ်က မတက်ဘူးလို့ပြောခဲ့ပေမယ့် သားမင်္ဂလာဆောင်ကို ဘယ်လိုလုပ်မပြန်ဘဲ နေရမှာလဲ။ ဒီနေရာမှာ အရိပ်အကဲသိရမယ့်လူက သူပဲဖြစ်ပြီး ယန့်ဝမ်အပေါ်မှာ ဝန်ထုတ်ဝန်ပိုးမဖြစ်အောင်နေသင့်တာပါ။
ဒါကြောင့်ပဲ လင်ဝေ့ရှီးက ဘာမှမပြောတော့ဘူး၊ ခေါင်းညိတ်ပြီး ဘေးကပ်ပေးလိုက်တယ် “ဝင်လာခဲ့လေ မင်းကဘယ်ကလဲ”
“ကျွန်တော်မျိုးမက ရွှမ်းသယ်ကပါ၊ အရင်ကတော့ ဒေသအရာရှိအိမ်တော်သခင်မလေးရဲ့အစေခံပါ၊ သခင်မလေးလင်ကိုခစားဖို့အတွက် ယန့်ဝမ်က ကျွန်မကို အရာရှိအိမ်တော်ကနေဝယ်ခဲ့ပါတယ်”
လင်ဝေ့ရှီးရဲ့နဖူးတပြင်လုံး ချွေးစိမ့်လုနီးနီးပဲ “မင်းက ဒေသခံအရာရှိသမီးရဲ့ ကိုယ်ရေးကိုယ်တာအစေခံပေါ့”
“ကိုယ်ရေးကိုယ်တာအစေခံလို့ သတ်မှတ်လို့မရပါဘူး၊ တခြားအလုပ်တွေအကုန် လုပ်ရပါတယ်”
လင်ဝေ့ရှီးက နှစ်ပေါင်းများစွာ အိမ်တော်စီမံခန့်ခွဲလာသူဖြစ်ပါတယ်။ ဝမ်ယွဲ့ရဲ့အမူအရာ အပြောအဆိုကိုကြည့်ပြီး သခင်ရဲ့အိမ်က အရေးပါတဲ့အစေခံတစ်ယောက်ဖြစ်မှန်းသိလိုက်တယ်။ မြို့ငယ်လေးနဲ့မြို့တော်ကြားကကွာခြားချက်ကိုတွေးကြည့်ရင် ဝမ်ယွဲ့လိုအစေခံတစ်ယောက်ဖြစ်ဖို့ အများကြီးအားစိုက်ထုတ်မွေးမြူရလိမ့်မယ်။ ဝမ်ယွဲ့က ဒေသခံအရာရှိရဲ့ဇနီးကိုယ်တိုင် သူ့သမီးအတွက်နှစ်လရှည်များပြင်ဆင်ပေးထားတဲ့ လက်နက်တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ယန့်ဝမ်က ဝယ်ချလာတယ်။ ဒါက လူချမ်းသာအသိုင်းအဝိုင်းမှာ သိပ်ကိုရိုင်းစိုင်းတဲ့အပြုအမူဖြစ်ပါတယ်။ ဘာပဲပြောပြော သခင်မလေးရဲ့ကိုယ်ရေးကိုယ်တာအစေခံဆိုတာ သခင့်မျက်နှာပါ။ ဒါကို ယန့်ဝမ်က…. အင်း… ယန့်ဝမ်က… တကယ့်ကိုပိုင်စိုးပိုင်နင်းရှိလွန်းတယ်…
ဒါပေမယ့် သူကတော့ ဒီလူကိုပြန်မပို့ချင်ဘူး။ ထက်မြက်တဲ့အစေခံတစ်ယောက်ရဖို့ မလွယ်လှဘူး။ ဘာပဲဖြစ်ဖြစ် စည်းကျော်တာက ယန့်ဝမ်ဖြစ်ပြီး သူကလှေပေါ်မှာအသာလေးထိုင်လိုက်သွားရုံပဲကို ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲ မဟုတ်ဘူးလား…။ ဟုတ်တယ်။
ဒါကိုတွေးမိတဲ့လင်ဝေ့ရှီးက ဝမ်ယွဲ့ကိုမေးခွန်းသုံးလေးခုမေးပြီးနောက်မှာ ဒီကိစ္စကို ဒီအတိုင်းထားလိုက်တော့တယ်။
လင်ဝေ့ရှီးက ယန့်ဝမ်ရဲ့စေတနာတွေကိုလက်ခံရရှိခဲ့ပေမယ့်လည်း ယောင်နနဖြစ်နေပါသေးတယ်။ ယန့်ဝမ်က သူနဲ့လိုက်ပြီးမတွက်ကပ်ဘဲ အစေခံတောင်ပို့ပေးလိုက်သေးတယ်။ ဒီလိုဆို သူလည်းပဲ အမှားဝန်ခံသွားတောင်းပန်လိုက်သင့်လား။ ဘာပဲပြောပြောလေ ယန့်ဝမ်ကသဘောမနောကောင်းတယ်ဆိုပေမယ့် လောကကြီးကိုသွန်လိုသွန်မှောက်လိုမှောက်လုပ်လို့ရတဲ့ချင်းဝမ်ဖြစ်တယ်။ အောင်မြင်မှုတွေအကြီးအကျယ်ရထားတဲ့ စစ်တပ်သုံးတပ်ရဲ့အကြီးအကဲလည်းဖြစ်သေးတယ်။ ဒါတွေမပြောနဲ့ဦး.. မနှစ်က သောဟော်တိမျိုးနွယ်စုအရေးအခင်းမှာ သူတို့ကယန့်ဝမ်ကိုရန်စဖို့ကြိုးစားကြတာ တိုက်ပွဲလည်းရှုံးရော ယန့်ဝမ်ရဲ့အမိန့်နဲ့ မျိုးနွယ်မှာရှိသမျှယောင်္ကျားမှန်သမျှ သုတ်သင်ခံလိုက်ရပါကောလား။
ယန့်ဝမ်က အပေါ်ယံပြောလို့ဆိုလို့လွယ်တယ်ဆိုပေမယ့် လင်ဝေ့ရှီးကတော့ ကြီးမြတ်တဲ့နတ်ဘုရားကို မပြစ်မှားရဲပါဘူး။
ဒါကြောင့် နောက်တစ်နေ့မနက်မှာတော့ လင်ဝေ့ရှီးက ယန့်ဝမ်ကိုရှာဖို့အတွက် အရှေ့ဘက်ခြံဝင်းဆီထွက်လာခဲ့တယ်။ နေရာမှာ ကျိုးမောက်ချန်က ဝင်လိုက်ထွက်လိုက်နဲ့အလုပ်တွေများနေတယ်။ သူက လင်ဝေ့ရှီးကိုမြင်ပြီး အဝေးကနေလှမ်းနှုတ်ဆက်တယ် “လင်မိန်းကလေး အစောကြီးအိပ်ရာနိုးနေတာလား”
လင်ဝေ့ရှီး ရှက်စိတ်ကြောင့်နီရဲသွားတာပေါ့။ အဲဒိခရီးထွက်တဲ့နေ့တုန်းက တရားလွန်ကြောက်နေခဲ့ပြီးမှ အဆုံးသတ်မှာ စိတ်ချမ်းမြေ့သွားရတဲ့အတွက် ရှားရှားပါးပါး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပြီး နောက်တစ်နေ့နေဖင်ထိုးမှပဲ နိုးလာခဲ့တယ်။ လင်ဝေ့ရှီးက လူကြီးသူမဆုံးမသွန်သင်မှုအောက်မှာကြီးပြင်းလာတဲ့အတွက် ဒီအပြုအမူက မသင့်လျှော်ကြောင်းနားလည်ပါတယ်။ သူ နေထွက်တဲ့အထိအိပ်တဲ့နေ့က နှစ်ဘဝလုံးမှာ အဲဒိနေ့ ယန့်ဝမ်နဲ့တည့်တည့်တိုးတဲ့နေ့တစ်နေ့ပဲရှိတယ်။ လူတွေအားလုံးက ဘာတစ်ခွန်းမှမပြောဘဲ သူ့ကိုအကြာကြီးစောင့်နေပေးကြပေမယ့် သူကတော့ ယန့်ဝမ်ရှေ့ ဆံပင်ဘုတ်သိုက်နဲ့ထွက်လာမိတယ်။ အဲဒိနေ့ကမြင်ကွင်းကိုပြန်တွေးမိရင် လင်ဝေ့ရှီးတကယ့်ကိုရှက်ပါတယ်။ ဒါပေမယ့် အခု ကျိုးမောက်ချန်က လူတွေအများကြီးရှေ့မှာ အစဖော်လာတယ်။
လင်ဝေ့ရှီးက မပြုံးချင်ပြုံးချင် ပြုံးပါတယ် “ဦးလေးကျိုး အထင်လွဲနေပါပြီ၊ ကျွန်မက အရင်ကတည်းက အစောကြီးထတာပါနော်” လင်ဝေ့ရှီးက ကျိုးမောက်ချန်နောက်ထပ်မေးလာမှာကြောက်လို့ အလျင်အမြန်စကားလမ်းလွှဲလိုက်တယ် “ဦးလေးကျိုးတို့ ဘာတွေလုပ်နေကြတာလဲ”
သူကဖြေတယ် “ယန့်ဝမ်အမိန့်နဲ့ အပြင်ထွက်ပြီး ဝယ်စရာရှိတာတွေ သွားဝယ်လာတာ၊ ဆူညံနေရင် အထဲဝင်ပြီး အေးအေးလူလူသွားစောင့်နေပါလား”
ယန့်ဝမ်က အခွင့်အရေးရတုန်း လမ်းမှာလိုအပ်မယ့်ပစ္စည်းတွေ သွားဝယ်ခိုင်းတာမှန်း လင်ဝေ့ရှီးခန့်မှန်းမိတယ်။ ဒါက ယန့်ဝမ်တပ်ဖွဲ့ရဲ့ကိစ္စဖြစ်တယ်။ လင်ဝေ့ရှီးက ကိုယ့်နေရာကိုယ်သိရမှာဖြစ်ပြီး အများကြီးမေးလို့မကောင်းဘူး။ သူက စာကြည့်ခန်းဘက် ခိုးကြည့်လိုက်တော့ တိတ်ဆိတ်နေတဲ့အခန်းကိုသာ မြင်ပါတယ်။
ကျိုးမောက်ချန်လည်း လင်ဝေ့ရှီးရဲ့အကြည့်ကို သတိထားမိပြီး မေးလိုက်တယ် “ဝမ်ရယ့်ကိုရှာနေတာလား”
အခုတော့ သူရှာနေတာလူမိသွားပြီ၊ လင်ဝေ့ရှီးလည်း ဗြောင်ပဲဖွင့်မေးလိုက်တော့တယ် “အဖေ့အကြောင်းတစ်ချို့ဟာလေးတွေ ဝမ်ရယ့်ကိုမေးမလို့ပါ”
ကျိုးမောက်ချန်က လင်ယုံနာမည်ကြားပြီး သက်ပြင်းချပါတယ်။ ပိုတိုးလာတဲ့သနားစိတ်တွေနဲ့ လင်ဝေ့ရှီးကိုကြည့်တယ် “ဝမ်ရယ်က မနက်အစောကြီးကတည်းကထွက်သွားတယ်၊ သူ့ကိုပြောစရာရှိတယ်ဆိုရင် စောင့်နေမှပဲရမယ်”
လင်ဝေ့ရှီးလည်း ကျိုးမောက်ချန်ရဲ့အကြည့်တွေကို သတိပြုမိတာကြောင့် အပြုံးလေးနဲ့ပြန်ပြောပါတယ် “ဟုတ်ကဲ့ နားလည်ပါပြီ၊ ဦးလေးကျိုးကိုကျေးဇူးတင်ပါတယ်”
ကျိုးမောက်ချန်က လင်ဝေ့ရှီးရဲ့အမူအရာတွေကိုမြင်ပြီး ဒီမနက်ယန့်ဝမ်ဘယ်သွားလဲဆိုတဲ့အကြောင်းကို ပြောလုနီးနီးပဲ။ ဒါပေမယ့် စိတ်ခံစားလွယ်တဲ့အမျိုးသမီးတွေရဲ့သဘောသဘာဝကိုစိုးရိမ်တော့ ဒီအကြောင်းကိုဘေးချိတ်လိုက်တယ်။
လင်ဝေ့ရှီးက ကျိုးမောက်ချန်ရဲ့အလုပ်ကို ရှုပ်သလိုဖြစ်မှာစိုးလို့ အနောက်ဖက်ခြံဝင်းဆီပြန်လာတယ်။ ဒါပေမယ့် ဘဝက စိုးရိမ်ပူပန်ဖို့ မွေးဖွားလာပုံရတယ်။ သူ ဆယ်နှစ်သမီးအရွယ်မှာ မင်းသမီးအိမ်တော်ဆီခေါ်သွားခံရပြီး (၁၂)နာရီတိုင်းမှာတစ်ကြိမ် အဘွားဖြစ်သူနောက်လိုက်ကာ မင်းသမီးအိမ်တော်ရဲ့အတွင်းအပြင်ကိစ္စအဝဝကို စီမံဆောင်ရွက်ရတယ်။ လင်ဝေ့ရှီး အလုပ်တွေမှာ စိတ်ပါလက်ပါလုပ်တတ်ကြောင်းကိုမြင်တော့ အဘွားဖြစ်တဲ့မင်းသမီးကြီးက သူ့ရဲ့လက်ဖွဲ့စာရင်းမှာ မြေတွေဈေးဆိုင်တွေ အများအပြားပြင်ဆင်ပေးခဲ့တယ်။ သူ(၁၄)နှစ်သမီးအရွယ် ကုချန်ယောက်နဲ့စေ့စပ်ချိန်မှာတော့ ဒီအရာတွေအကုန်လုံးကို သူကိုယ်တိုင်စီမံခန့်ခွဲဖို့ ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း ယန့်ဝမ်အိမ်တော်မှာလက်ထပ်ပြီး ဆက်ခံသူဇနီးဖြစ်လာပေမယ့် အထက်မှာအုပ်ချုပ်မယ့်လူကြီးသူမ မရှိဘူး။ ယန့်ဝမ်အိမ်တော်ရဲ့ စားရေးသောက်ရေး နေရေးထိုင်ရေး သွားရေးလာရေးအကုန်လုံးကို သူကိုယ်တိုင်စီမံရတယ်။ လင်ဝေ့ရှီးက လူတွေကိုစီမံခန့်ခွဲပြီးအမိန့်ပေးတဲ့နေရာမှာ အစောကြီးကတည်းကကျင့်သားရနေခဲ့ပြီ။ နောက်ပိုင်း လင်ဝေ့ရှီးဖြစ်လာပြီး နားအေးပါးအေးနေရပေမယ့် အတော်ကြီးကို မနေတတ်မထိုင်တတ်ဖြစ်ခဲ့သေးတာပါ။ အရင်ဒေါ်လေးလင်အိမ်မှာနေရတာ ဝင်ပြောစရာအကြောင်းမရှိပေမယ့် အခုတော့ အပြင်ဘက်ကလှုပ်ရှားသံတွေကိုနားထောင်ရတာ သူ့အဖို့ ငြိမ်ငြိမ်ထိုင်နေဖို့ ခက်ခဲလွန်းလှပါတယ်။
………..
လင်ဝေ့ရှီးက မနေနိုင်တော့ဘူး။ ဝမ်ယွဲ့ကိုခေါ်ပြီး လူစည်ကားနေတဲ့အရှေ့ဘက်ခြံဝင်းဆီပြန်လာတယ်။ ပြီးတော့ ယန့်ဝမ်တပည့်တွေ လုပ်ကိုင်နေကြတာကိုကြည့်တယ်။ ကျိုးမောက်ချန်က ပစ္စည်းဝယ်ပြီး လက်အောက်ငယ်သားတွေနဲ့အတူပြန်လာတယ်။ သူတို့က ကောင်းသည်၏ ဆိုးသည်၏ နားမလည်ဘူး။ ဒီလှုပ်ရှားတက်ကြွနေကြတဲ့မြင်ကွင်းကိုကြည့်ပြီး လင်ဝေ့ရှီးက မနေနိုင်မထိုင်နိုင် တစ်ခွန်းနှစ်ခွန်းဝင်ကွပ်ကဲပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကျန်လူတွေကပါ ဝင်နားထောင်ပြီး ပစ္စည်းတွေကိုကြိုးစားပမ်းစားရွှေ့ကြပါတယ်။
ဒီလူတွေအများစုက နည်းနည်းပြောပြီး များများလုပ်ကြတဲ့ ဒူပေနာပေခံတဲ့ စစ်သားတွေဖြစ်တယ်။ လင်ဝေ့ရှီးရဲ့စီမံပုံက အလွန်တရာအဆင်ပြေပြီး အနောက်ခြံဝင်းက အသက်ကြီးကြီးမိန်းမအိုကြီးတွေထက် အများကြီးပိုသာတယ်။ ကျိုးမောက်ချန်လည်း လွယ်ကူမြန်ဆန်သွားတဲ့ အလုပ်တွေကိုကြည့်ပြီး သက်သာရာရသွားပါတယ်။
ကျိုးမောက်ချန်က အခြားသူတွေကိုအမိန့်ပေးနေတဲ့လင်ဝေ့ရှီးရဲ့ပုံပန်းသဏ္ဍာန်ကိုကြည့်နေရင်း နှလုံးသားထဲနောက်တစ်ကြိမ်သက်ပြင်းချရပြန်တယ်။ ဒီကောင်မလေးမှာ ပြောရဲဆိုရဲတဲ့ပါးစပ်တစ်ပေါက်လည်းရှိတယ်၊ အိမ်အလုပ်တွေကိုလည်း စနစ်တကျစီမံနိုင်တယ်၊ သူ့ကိုကြည့်ရတာ အဆင့်အတန်းမြင့်အိမ်တော်ကလူနဲ့တူတယ်။ သူ့ကိုလက်ထပ်တဲ့လူ ဘယ်သူပဲဖြစ်ဖြစ် အဲဒိမိသားစုက စီပွားရေးဒီရေအလားဖွံ့ဖြိုးတိုးတက်လိမ့်မှာပဲ။ သူ့သားတွေ ဒီလိုကောင်းချီးရဖို့ ကံမပါတာဆိုးတယ်…
ကုဟွေးရန့်က သူ့လူတွေနဲ့ ညနေပိုင်းမှာအိမ်ပြန်လာတယ်။ ပြန်လာတဲ့လမ်းမှာ လက်အောက်ငယ်သားတွေက ဒီနေ့ခြံဝင်းထဲဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေ တင်ပြတယ်။ ကုဟွေးရန့်က လင်ဝေ့ရှီးရဲ့ ‘အခါအခွင့်သင့်တုန်းအစွမ်းပြတဲ့အကြောင်း’တွေကိုကြားပြီး ပြုံးပါတယ်။
ကောင်းတယ်… သွက်လက်ထက်မြက်ပြီး စိတ်ထားလည်းကောင်းတယ်၊ နောင်အချိန် ဘယ်သူ့ကိုပဲ လက်ထပ်လက်ထပ် အနိုင်ကျင့်ခံရမှာကို ပူပန်စရာမလိုတော့ဘူး….။ ဘယ်လိုပဲပြောပြောပါ လင်ယုံက ကုဟွေးရန့်ကိုကာကွယ်ရင်း အသက်ပေးခဲ့တာကြောင့် ကုဟွေးရန့်ကတော့ အတတ်နိုင်ဆုံး လင်ယုံရဲ့တစ်ဦးတည်းသောမျိုးဆက်ကို အပူပင်ကင်းကင်း ပျော်ရွှင်တဲ့ဘဝမှာ တစ်သက်လုံးနေစေချင်ပါတယ်။
………
လင်ဝေ့ရှီးက တစ်နေ့လည်လုံး ပင်ပင်ပန်းပန်းလုပ်ပြီးမှ ကုဟွေးရန့်ပြန်လာတဲ့အကြောင်းကိုကြားတယ်။ သူက ဝမ်ယွဲ့ကိုခေါ်ပြီး နောက်တစ်ကြိမ်ထွက်လာပြန်တယ်။ အရင်ဘဝအရပဲကြည့်ကြည့် အခုဘဝအရပဲကြည့်ကြည့် ကုဟွေးရန့်ဆိုတာ လင်ဝေ့ရှီးရဲ့အကြီးအကဲလေ။ လူငယ်တစ်ယောက်အနေနဲ့ ယန့်ဝမ်ကိုရိုသေကြောင်းပြသင့်ပါတယ်၊ မနေ့ညက အမှားတွေကိုလည်း အသေအချာလေးတောင်းပန်ရမှာပေါ့။ အကြီးဖြစ်တဲ့ယန့်ဝမ်က သူ့လိုအပြောအဆိုမတတ်တဲ့အငယ်လေးတစ်ယောက်ကို ဗွေယူမှာမဟုတ်လောက်ပါဘူး။
ဒီတစ်ကြိမ်မှာ လင်ဝေ့ရှီးက စာကြည့်ခန်းဆီတန်းသွားခဲ့ပြီး အစောင့်ကလည်း အကြောင်းမကြားတော့ဘဲ တစ်ခါတည်းတန်းပြီးဝင်ခွင့်ပေးလိုက်တယ်။ ကုဟွေးရန့်က လင်ဝေ့ရှီးရောက်လာတာကို မအံ့သြဘူး။ သူ့ကိုကြည့်ရတာ တာဝန်တွေပိပြီး အလုပ်များနေပုံရတယ်။ သူက သစ်တော်သားထိုင်ခုံကိုညွှန်ပြပြီး ပြောတယ် “ထိုင်ပြီး ခဏစောင့်ဦး”
လင်ဝေ့ရှီးက လိမ်လိမ်မာမာလေးဝင်ထိုင်လိုက်တယ်။ သူက ယင်းကော်နယ်စားရှေ့မှာတောင် ပြောစကားနားထောင်ခဲ့တာမဟုတ်ဘူး၊ ဒေါသလည်းထွက်ရဲတယ်။ ဒါပေမယ့် ကုဟွေးရန့်နဲ့ရင်ဆိုင်ရချိန်မှာတော့ ဒေါသထွက်ဖို့မပြောနဲ့၊ ဘာတွေဖြစ်ကုန်မှန်းတောင်မသိပါဘူး။
ကုဟွေးရန့်က မျက်လွှာကိုချပြီးစာဖတ်နေပါတယ်။ စာထဲဈာန်ဝင်စားနေတဲ့ကုဟွေးရန့်ရဲ့ပုံကို လင်ဝေ့ရှီးမြင်တယ်။ သူက စပ်စုချင်စိတ်တွေပေါ်လာပြီး ကုဟွေးရန့်လည်းစာကိုချလိုက်တာမြင်ရော မနေနိုင်မေးမိတယ် “အရှင်… စာက ဘယ်သူ့ဆီကစာမို့လို့ အလေးအနက်ဖြစ်နေရတာပါလဲ”
ကုဟွေးရန့်ရဲ့လက်တွေရပ်သွားတယ်။ ဒါက စိတ်ဝင်စားစရာကောင်းတယ်လို့ သူ့စိတ်ထဲတွေးနေပါတယ် “ငါကိုယ်တော်အလေးအနက်ဖြစ်နေမှန်း မင်းကဘယ်လိုသိလဲ”
“အဲ့ဒါကလွယ်ပါတယ်၊ ပြီးခဲ့တဲ့အခေါက်ကျွန်မလာတုန်းက အရှင်ကစာကိုမြန်မြန်ဖတ်ပေမယ့် အခုစာကိုကျ အချိန်ပေးပြီးဖတ်နေလို့ပါ”
ကုဟွေးရန့်က အသာအယာပြုံးတယ်။ တော်တယ်ဆိုတဲ့အရိပ်အယောင်တွေလည်း သူ့မျက်လုံးထဲမှာထင်ဟပ်နေတယ် “မင်းက အမြင်စူးရှသားပဲ” ။ စက္ကန့်ပိုင်းအတွင်းမှာ အသေးစိတ်လိုက်ကြည့်နိုင်တယ်။ ဒါပေါ့… ဒါက ကုမင်တနဲ့အခြားလူတွေလည်း လုပ်နိုင်တာဖြစ်ပေမယ့် လင်ဝေ့ရှီးရဲ့အသက်အရွယ်နဲ့အတွေ့အကြုံအရဆိုရင် ဒီအရည်အချင်းက မှတ်သားလောက်တယ်။
ချီးမွမ်းတဲ့စကားက ရုတ်တရက်ကြီးယန့်ဝမ်ဆီကထွက်လာတယ်။ လင်ဝေ့ရှီးစိတ်ထဲမှာ မြောက်ကြွမြောက်ကြွဖြစ်နေတယ်။ ကုဟွေးရန့်က လင်ဝေ့ရှီးရဲ့မေးခွန်းကို လွယ်လင့်တကူအဖြေပေးလိုက်တယ် “ဒါက ကျန်းကျန်းလင်ဆီကစာ”
လင်ဝေ့ရှီးက ခဏစဉ်းစားပြီး တောင့်သွားလေရဲ့ “အမတ်ချုပ်ကျန်းရှောင်းလျန်ကိုပြောတာလား”
ကျန်းရှောင်းလျန်ရဲ့မွေးရပ်မြေက ကျန်းလင်ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ကျန်းကျန်းလင်လို့ခေါ်ကြတယ်။ ဒါက မှုးမတ်အသိုင်းအဝိုင်းမှာ လျှို့ဝှက်ချက်မဟုတ်ဘူး။ ဒါပေမယ့် တောမှာနေတဲ့လင်ဝေ့ရှီးက မတူပါဘူး။
ကုဟွေးရန့်ရဲ့သွင်ပြင်က ပြောင်းလဲသွားခြင်းမရှိဘူး။ သူက တူမလေးအမိုက်အမဲလေးကို နှစ်သိမ့်ပေးတဲ့ သဘောမနောကောင်းတဲ့ဦးလေးတစ်ယောက်ပုံစံအတိုင်း ဒီအတိုင်းကျော်သွားပေးလိုက်တယ် “အင်း..သူပဲ”
လင်ဝေ့ရှီးတစ်ယောက် ထိတ်လန့်တုန်လှုပ်နေပါပြီ။ သူက ပြူးကျယ်နေတဲ့မျက်ဝန်းတွေနဲ့ ကုဟွေးရန့်ဖြစ်သလိုခေါက်လိုက်တဲ့စာကိုကြည့်တယ်။ စိတ်ထဲမှာက အတော်လေးလန့်ဖြန့်နေပြီ။ “အရှင်.. ကျွန်မက ဒီလိုပဲမေးလိုက်တာပါ၊ အရှင့်ရဲ့အလုပ်ကိုမနှောင့်ယှက်ဝံ့ပါဘူး၊ အမတ်ချုပ်ရဲ့စာကို အရင်ပြန်လိုက်ပါ”
“လောစရာမလိုဘူး” ကုဟွေးရန့်ရဲ့ပုံစံက သာမန်ပဲ။ ထင်ပေါ်ကျော်ကြားတဲ့အမတ်ချုပ်ကျန်းက သူ့အတွက်တော့ သာမန်စာသင်သားတစ်ယောက်ပဲ။
လင်ဝေ့ရှီးက သူ အမတ်ချုပ်ကျန်းရဲ့စာကို နှောင့်နှေးစေခဲ့တယ်ဆိုတာ သိသွားခဲ့ပြီး မီးခဲခုထိုင်နေရသလိုဖြစ်သွားခဲ့တယ်။ နောက်ပြီး ဒီခဏမှာ ကုဟွေးရန့်က အမတ်သုံးယောက်အဖွဲ့ဖြစ်ပြီး စစ်တပ်မှာအာဏာအရှိဆုံးလူဆိုတာလည်း ရုတ်တရက်သတိရသွားတယ်။ ဒီရာထူးတွေက အစွမ်းထက်တယ်ဆိုတာသိခဲ့ပေမယ့် အခုတော့ လက်တွေ့ကျကျ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရပြီဖြစ်ပါတယ်။
လင်ဝေ့ရှီးရဲ့အမြင်မှာ ဒီပုဂ္ဂိုလ်က ပြဇာတ်ခုံပေါ်က သြဇာကြီးမားတဲ့ဇာတ်ကောင်ကြီးဖြစ်ပေမယ့် ကုဟွေးရန့်အတွက်တော့ မကြာမကြာစာပါးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အပြင်မပိုဘူး။ လင်ဝေ့ရှီးတစ်ယောက် တကယ့်ကိုအံ့သြရပြီး ပြောစရာစကားမရှိအောင်ဖြစ်ရတယ်။
ကုဟွေးရန့်က သူ့ရှေ့ကတုန်လှုပ်သွားတဲ့မိန်းမငယ်လေးကြောင့် ခေါင်းစဉ်ပြောင်းလိုက်တယ် “ဒီနေ့ ကျိုးမောက်ချန် အဝယ်စာရင်းတွေပြီးစီးသွားတယ်လို့ကြားတယ်၊ မင်းရဲ့လုပ်ဆောင်ချက်တွေ မနည်းဘူးဆို”
“မခံယူဝံ့ပါဘူး၊ ချဲ့ကားပြောဆိုကြတာပါ” ဒီခေါင်းစဉ်ရောက်တဲ့အခါ လင်ဝေ့ရှီးပုံစံက အတော်လေးသက်တောင့်သက်သာဖြစ်သွားတယ် “အရှင် .. အရှင်ခရီးဆက်တော့မှာပါလား”
“ဟုတ်တယ်… ဒီအိမ်က နဂိုက မင်းအတွက်ဝယ်ထားတာ၊ မင်းအခြေကျတဲ့အထိစောင့်ပြီးမှ မြို့တော်ပြန်မယ်စီစဉ်ထားပေမယ့် မင်းက မလုပ်ချင်ဘူးဆိုလာတော့ စောင့်စရာမလိုတော့ဘူး”
လင်ဝေ့ရှီးက သက်ပြင်းကိုအသာအယာရှိုက်တယ်။ သူ့ကိုယ်သူအပြစ်ရှိတယ်လို့ ခံစားနေရတယ်။ ခေါင်းကိုငုံ့ပြီး တိုးတိုးပြောတယ် “ဝမ်ရယ့်ကိုကျေးဇူးတင်ပါတယ်”
“မလိုဘူး၊ ငါကိုယ်တော် စေ့စေ့စပ်စပ်မတွေးလိုက်လို့ ဖြစ်ရတာ၊ ဒီမှာမင်းကိုအကာအကွယ်အပြည့်နဲ့ထားခဲ့ရင်တောင် နေရာကမြို့တော်နဲ့အလှမ်းဝေးလွန်းတော့ အဆုံးမှာ လှမ်းမမှီတဲ့နှင်တံဖြစ်သွားမှာပဲ၊ ဒေသအရာရှိက အခုတော့ကျေနပ်တယ်ဆိုပေမယ့် အချိန်တွေကြာလာရင် မင်းကိုအခက်မတွေ့စေဘူးလို့ ဘယ်သူအာမခံမှာလဲ၊ မင်းကဆွေမရှိမျိုးမရှိတစ်ယောက်တည်းအားနည်းတဲ့မိန်းကလေး ဒီအမှုထမ်းတွေကိုရင်ဆိုင်နိုင်မှာမဟုတ်ဘူး၊ ကျီးလန့်စာစားဖြစ်နေမှာလိမ့်မယ်၊ အဲဒိအစား မင်းကို ငါကိုယ်တော်မြင်နိုင်တဲ့နေရာမှာပဲထားတာ ပိုကောင်းတယ်”
ပထမတော့ လင်ဝေ့ရှီးက ကျေးဇူးတင်လိုက်တာပေါ့၊ ယန့်ဝမ်က တကယ့်ကိုလူကောင်းတစ်ယောက်ပဲဆိုပြီးတော့လေ။ ဒါပေမယ့် နောက်ဆုံးတစ်ခွန်းကိုကြားပြီးမှာ သူ့စိတ်ထဲ တစ်ခုခုကမှားနေတယ်လို့ ခံစားလာရတယ် “အရှင်ယန့်ဝမ်… ဘာပြောလိုက်တာပါလဲ”
“ကျိုးမောက်ချန် မင်းကို အဲဒိမျက်နှာချေတွေမပေးဘူးလား၊ လမ်းခရီးကကြမ်းတော့ အခုကတည်းက စေ့စေ့စပ်စပ်ပြင်ဆင်ထားရမှာ၊ အဲ့ဒါမှ စိတ်အေးလက်အေးဖြစ်မှာပေါ့”
လင်ဝေ့ရှီးက အံ့သြလွန်းလို့ မျက်လုံးတွေတောင်ပြူးကျယ်သွားတယ်။ ရဲရဲနီတဲ့နှုတ်ခမ်းလေးတွေလည်း ပွင့်ဟသွားရတယ် “အရှင်က ကျွန်မကို မြို့တော်ကိုခေါ်သွားမလို့လား”
ကုဟွေးရန့်က လင်ဝေ့ရှီးကိုထူးထူးဆန်းဆန်းကြည့်ပါတယ်၊ အသံက တိကျပြတ်သားစွာထွက်လာတယ်တယ် “ဒါဖြစ်သင့်တာပဲမဟုတ်ဘူးလား၊ မင်းက အခု မင်းအဖေရဲ့ဝမ်းနည်းခြင်းကာလတွင်းမှာပဲရှိသေးတယ်၊ လက်ထပ်ဖို့ လောစရာမလိုသေးဘူး၊ ယန့်ဝမ်အိမ်တော်မှာ မင်းနေချင်သလောက် စိတ်ချလက်ချနေလို့ရတယ်၊ ယန့်ဝမ်အိမ်တော်က ဒီလောက်လေးကို မတွန့်တိုပါဘူး”
……………..