(9) အပြန်
Viewers 10k

(9) အပြန်

ယန်ဝမ်အိမ်တော်မှာ မင်းနေချင်သလောက် စိတ်ချလက်ချနေလို့ရတယ်…

ဒီစကားက လင်ဝေ့ရှီးရဲ့နားထဲမှာ ပဲ့တင်ထပ်နေပြီး နေရာမှာငေးကြောင်နေခဲ့တယ်။ သတိပြန်ဝင်လာမှ ရှုတည်တည်မျက်နှာထားနဲ့ငြင်းလိုက်ပါတယ် “ဟင့်အင်း”

ကုဟွေးရန့်ရဲ့မျက်နှာထားကမပြောင်းလဲဘူး။ ဒါပေမယ့် မျက်ဝန်းရဲ့အောက်ခြေဟိုးအနက်ရှိုင်းဆုံးမှာ ရှင်းပြဖို့ခက်တဲ့သိချင်စိတ်တွေကို ဖုံးကွယ်ထားတယ် “ဘာဖြစ်လို့လဲ”    

လင်ဝေ့ရှီး ဘယ်လိုပြောလိုက်ရမှာလဲ။ … အရှင့်ရဲ့သားက ကျွန်မအရင်ဘဝက ယောင်္ကျားပါလို့ပြောရမှာလား… အရှင့်ရဲ့ချွေးမလောင်းက ကျွန်မရဲ့ကိုယ်လုပ်တော်ဖွားညီမပါလို့ ပြောရမှာလား…။ ဒီနှစ်ယောက်ကြောင့် သူခံစားခဲ့ရတာတွေလုံလောက်ပါပြီ၊ အခု တခြားလူတစ်ယောက်အဖြစ် ထပ်ပြန်သွားရဦးမှာလား။

သူက နှစ်ခါထပ်မစဉ်းစားဘဲ ငြင်းဆိုပါတယ် “အရှင်… ဒါက မသင့်လျှော်ပါဘူး၊ ကျွန်မက ယန်ဝမ်အိမ်တော်ကဆွေမျိုးလည်းမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘဲ ယန်ဝမ်အိမ်တော်မှာ ဘယ်လိုပုံစံနဲ့နေရမှာပါလဲ၊ နောက်ပြီး အရှင့်ချွေးမအသစ်က အိမ်တော်ထဲဝင်လာတော့မှာပါ၊ ကျွန်မလိုအပြင်လူတစ်ယောက် အဲဒိမှာနေနေတယ်ဆိုရင် သူဘယ်လိုစိတ်မရှိဘဲနေပါ့မလဲ”

ကုဟွေးရန့်က လင်ဝေ့ရှီးကိုကြည့်တယ်၊ ငြိမ်သက်နေတဲ့အကြည့် အပြုံးပါးပါးလေးနဲ့ပါ “ငါကိုယ်တော်ကမင်းကို သက်တောင့်သက်သာနေလို့ရတယ်လို့ပြောရင် မင်းနေလို့ရတယ်၊ တကယ်လို့ မဆင်မခြင်ပြောလာတဲ့သူရှိရင် ဘယ်သူပဲဖြစ်ဖြစ် မင်း ငါ့ကို လာပြောလှည့်”

‘ပြောတဲ့လူ ဘယ်သူပဲဖြစ်ဖြစ်’ တဲ့လား…။ ဒီစကားက လင်ဝေ့ရှီးရဲ့ရိုးတွင်းခြင်ဆီထဲထိအောင် အေးစက်လာစေခဲ့တယ်။ ယန့်ဝမ်က ကောင်းရန်ကိုပြောတာလား။ ဟုတ်တာပေါ့။ အဖေအမေမရှိ တစ်ကောင်ကြွက်တစ်မျက်နှာအမျိုးသမီးတစ်ယောက် တခြားသူတွေနဲ့အတူ တစ်အိုးတစ်အိမ်ထဲအတူနေတယ်ဆိုတာက ပြဿနာတွေအများကြီးဖိတ်ခေါ်လိုက်တာနဲ့တူတယ်။ အိမ်တော်သခင်မ မျက်စိစပါးမွှေးစူးလိမ့်မယ်ဆိုတာလည်း ချွင်းချက်မရှိမှန်ကန်တယ်။ လင်ဝေ့ရှီး ချွေးမဖြစ်ခဲ့ဖူးတဲ့အတွက် ဒါကိုနားလည်ပါတယ်။ ဒါပေမယ့် ‘ငါကိုယ်တော်က နေလို့ရတယ်လို့ပြောရင် နေလို့ရတယ်တဲ့လား’…ဒီစကားကိုပြောတဲ့လူက ယန့်ဝမ်ဖြစ်ရင်တော့ တခြားလူတွေက အထွန့်မတက်သည်းခံဖို့ပဲရှိပါတယ်။

လင်ဝေ့ရှီး ရုတ်တရက်သက်ပြင်းချမိတယ်။ ယန့်ဝမ်အိမ်တော်မှာ ခြေကုန်လက်ပမ်းကျအောင် ကြိုးစားရှင်သန်ခဲ့ရတဲ့နေ့ရက်တွေက မနေ့တစ်နေ့ကလို ပြန်မြင်ယောင်မိနေဆဲပဲ။ ဒါပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာ သူက ဝန်ထုတ်ဝန်ပိုးလူတစ်ယောက်အဖြစ်ကနေ အခွင့်ထူးခံလူတန်းစားဖြစ်သွားခဲ့တယ်။

ကမ္ဘာလောကကြီးက သိပ်ကိုအံ့သြစရာကောင်းတယ်…. ဒါတွေအားလုံးရဲ့အရင်းအမြစ်က သူ့ရှေ့ကပုဂ္ဂိုလ်ရဲ့နှုတ်ထွက်စကားတစ်ခွန်းသာဖြစ်ပါတယ်။

လင်ဝေ့ရှီးက သက်ပြင်းချနေခဲ့ပြီးအဆုံးမှ ခေါင်းကိုယမ်းပါတယ် “အရှင် အရှင့်ရဲ့ကြင်နာမှုတွေကို ကျွန်မနှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မဘဝမှာ ကျန်းကျန်းမာမာ အေးအေးချမ်းချမ်းနေရရင်တော်ပါပြီ၊ ယန့်ဝမ်အိမ်တော်က အဆင့်အတန်းမြင့်လွန်းလို့ ကျွန်မနဲ့မသင့်တော်ပါဘူး”

“မသင့်တော်ဘူး… ဟုတ်လား၊ ဒါပေမယ့် ဘာဖြစ်လို့ ငါကိုယ်တော်ကတော့ မင်းမသွားချင်တာလို့ ခံစားနေရတာလဲ”  

လင်ဝေ့ရှီးက ပြောမထွက်နိုင်လောက်တဲ့ဖိအားတွေ ခံစားလိုက်ရတယ်။ ဒါက နှစ်ယောက်မရှိတဲ့ ယန့်ဝမ်ပါပဲ။ ယန့်ဝမ်က စကားပြောတိုင်းမှာ မောက်မာမှုတွေစိုးစဉ်းမျှမရှိ၊ သူ့ရဲ့ရယ်မောသံတွေကတောင် စီးဆင်းနေတဲ့ရေတွေလိုပဲ အေးချမ်းနေလိမ့်မယ်။ ကမ်းခြေရေတိမ်တိမ်မှာလမ်းလျှောက်ရသလို လူတွေရဲ့စိတ်ကိုလန်းဆန်းစေလိမ့်မယ်။ ဒါပေမယ့် မင်းသတိထားမိတဲ့အချိန်မှာ ပင်လယ်ရေက မင်းကိုအနက်ရှိုင်းဆုံးအထိ ရစ်ပတ်နေခဲ့ပြီးပြီ။ ငြိမ်သက်နေတဲ့ပင်လယ်ပြင်က အချိန်ရောက်လာပြီဆိုရင်တော့ ကြောက်စရာအကောင်းဆုံးလှိုင်းလုံးတွေကို ဖန်တီးနိုင်ပါတယ်။ အခု လှိုင်းလုံးတွေကြားမှာ တစ်ရစ်ပြီးတစ်ရစ်နစ်နေတဲ့သူက လင်ဝေ့ရှီးဖြစ်ပါတယ်။

လင်ဝေ့ရှီးက သူ့ကိုယ်သူ ဝက်ဦးနှောက်ဖြစ်ရပါ့မလားဆိုပြီး အသံတိတ်ကျိန်ဆဲမိတယ်။ မနေ့တုန်းက တစ်ခါခံရတာမမှတ်သေးဘူး၊ ဒီနေ့တစ်ခါ ထပ်ပြုတ်ကျပြန်ပြီ။ လင်ဝေ့ရှီးက ကြံရာမရအဆုံးမှာ မြို့ကြီးပြကြီးကိုကြောက်တဲ့တောသူမလေးတစ်ယောက် တမင်သက်သက်ငြင်းဆိုဟန် ဆောင်ပါတော့တယ် “ကျွန်မအသက်(၁၀)နှစ်တုန်းက မြို့တော်ကိုရောက်ခဲ့ဖူးပါတယ်၊ မြို့တော်မှာမြင်းလှည်းတွေရော လူတွေရော ပျားပန်းခတ်နေခဲ့တာ လမ်းပေါ်သွားနေတဲ့လူတွေရဲ့အဝတ်အစားတွေက ကျွန်မတို့ရွာသူကြီးမိသားစုနဲ့ယှဉ်လို့ရတယ်၊ ဒါပေမယ့် အဲ့ဒိတုန်းက ကျွန်မက နေမကောင်းဖြစ်နေခဲ့ပြီးတော့ လမ်းပေါ်ကလူတွေအများကြီးက မေးမြန်းခွင့်တောင်မပေးဘဲ ကျွန်မနဲ့ကျွန်မအဖေကိုမောင်းထုတ်ကြတယ်၊ ကျွန်မ အဲ့ဒိနေရာကြီးကိုမကြိုက်ဘူး၊ ပြီးတော့ အရှင်က ယန့်ဝမ်ပါ… အရှင်က ကျွန်မကို အခု ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပေမယ့် အိမ်တော်ပြန်ရောက်သွားတဲ့အခါကျရင် မတူတော့ပါဘူး၊ ကျွန်မက အဒေါ်အရင်းရဲ့အိမ်မှာတောင် နေလို့မရတာ ယန့်ဝမ်အိမ်တော်ဆို မပြောပါနဲ့တော့”

ကုဟွေးရန့်က မိန်းမငယ်လေးရဲ့နူးညံ့ပြီးထိရှလွယ်တဲ့ခံစားချက်ကို လျစ်လျူရှုထားတယ်။ သူရဲ့ပြုမူပြောဆိုပုံကတော့ ခံ့ညားထည်ဝါလှတယ် “မကြောက်ပါနဲ့၊ ငါကိုယ်တော် မင်းကိုခေါ်သွားမှာ မင်း(၁၀)နှစ်တုန်းကအဖြစ်တွေ နောက်တစ်ကြိမ်ပြန်မဖြစ်တော့ပါဘူး၊ နောက်ပြီး အိမ်တော်မှာ လူနည်းနည်းလေးပဲရှိတယ်၊ ငါကိုယ်တော်မှာ သားတစ်ယောက်ပဲရှိတယ်၊ သူက စဉ်းစားတွေးခေါ်တတ်တဲ့လူမျိုးမဟုတ်ပေမယ့် မင်းကိုအရှက်ရစေမှာမဟုတ်ဘူး၊ မင်းက မြို့တော်မှာနေတယ်ဆိုရုံပဲ၊ အကယ်၍ တခြားသူတွေနှောင့်ယှက်မှာစိုးရင် အိမ်တော်ထဲကသီးခြားခြံဝင်းတစ်ခုမှာနေလို့ရတယ်၊ ခစားမယ့်အစေခံတွေကိုလည်း မင်းသဘောကျစီမံလို့ရတယ်၊ နေရေးစားရေးကုန်ကျစရိတ်တွေကိုလည်း မပူနဲ့ မင်းသုံးတဲ့ငွေက ငါကိုယ်တော်ရဲ့ကိုယ်ပိုင်ငွေစာရင်းကသွားလိမ့်မယ်၊ နောက်ပြီး မင်းလိုချင်တာမှန်သမျှ ငါကိုယ်တော်ပေးမှာမို့ ဘယ်သူမှမင်းကို လက်ညှိုးထိုးစရာမရှိစေရဘူး”

“ဟို… ကျွန်မအေးအေးချမ်းချမ်းနေလို့ရမယ့် တိတ်ဆိတ်ငြိမ်သက်တဲ့မြို့လေးတစ်မြို့မှာပဲ….”

“ချမ်းသာကြွယ်ဝခြင်းရဲ့နောက်မှာ တိတ်ဆိတ်ငြိမ်သက်တာမျိုးမရှိဘူး၊ မင်းက အရမ်းချမ်းသာတယ် ပြီးတော့ ငယ်လွန်းတယ်၊ အပြင်မှာတစ်ယောက်တည်းနေမယ်ဆိုရင် ဘယ်မှာနေနေ မလုံခြုံဘူး၊ ဒါပေမယ့် မင်း မြို့တော်ကိုလိုက်မယ်ဆိုရင် နောက်ပိုင်း တစ်ယောက်တည်းနေတာပဲဖြစ်ဖြစ် လက်ထပ်မှာပဲဖြစ်ဖြစ် ယန့်ဝမ်အိမ်တော်မှာ ဘယ်သူမှ မင်းကိုအခက်တွေ့စေမှာမဟုတ်ဘူး”  

“ကျွန်မ….” လင်ဝေ့ရှီးက ထပ်ပြောဖို့ကြံပေမယ့် ကုဟွေးရန့်က အစအဆုံးပြောသွားတဲ့အတွက် ငြင်းစရာအကြောင်းပြချက် ထပ်ရှာမရတော့ဘူး။ တခြားမိသားစုတွေနဲ့မနေချင်ဘူးလို့ သူပြောလိုက်လို့ ကုဟွေးရန့်က သီးသန့်ခြံဝင်းပေးမယ်ပြောတယ်။ အသစ်ဝင်လာတဲ့အိမ်တော်သခင်မငြိုငြင်မှာကြောက်တယ်ပြောလို့ ဘယ်သူမှဝင်မစွက်ဖက်နိုင်အောင် ကိုယ်ပိုင်ငွေစာရင်းထားပေးမယ်ပြောတယ်။ လင်ဝေ့ရှီးက အချိန်အကြာကြီး ခုခံနေခဲ့ပြီးမှ တွန့်ဆုတ်စွာထွက်လာတယ် “အရှင့်ကို ဒုက္ခအများကြီးပေးမိပြီ….”  

“မများဘူး”

လင်ဝေ့ရှီး တစ်ခွန်းမှဆက်မထွက်နိုင်တော့ပါဘူး။ သူက အလွန်တရာတည်ငြိမ်နေတဲ့ယန့်ဝမ်ကိုကြည့်ပြီး ခံစားချက်တစ်ခု ထူးထူးဆန်းဆန်းဝင်လာတယ်။

ယန့်ဝမ်က သူဆန္ဒမရှိတာတွေပြောထွက်လာအောင် တမင်သက်သက်လမ်းကြောင်းပေးနေတယ်။ ပြီးတော့လည်း တစ်ခုပြီးတစ်ခု လိုက်ပိတ်ပင်တယ်။ ယန့်ဝမ်က ပေါင်းသင်းဆက်ဆံရလွယ်ကူပုံပေါ်ပေမယ့် သူဆုံးဖြတ်ချက်ချပြီးရင်တော့ ဖျက်လိုဖျက်ဆီးလုပ်ဖို့ အခွင့်မရှိဘူး။ တကယ့်ကို ကြီးကျယ်မြင့်မြတ်တင်စီးလွန်းတဲ့ လူတန်းစားပါလေ။

ကုဟွေးရန့်က လင်ဝေ့ရှီးရဲ့တိတ်တခိုးအကြည့်တွေကို ဂရုပြုမိပါတယ်။ သူက လျစ်လျူရှုစွာပဲ ပြုံးပြီးမေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ… မွေးရပ်မြေကို မစွန့်ခွာချင်တော့လို့လား၊ မထွက်သွားချင်တော့ဘူးပေါ့” 

တကယ်တော့ လင်ဝေ့ရှီးတစ်ယောက် ဒီဆင်ခြေကို အမှန်တကယ်အသုံးပြုချင်နေခဲ့တာ။ ဒါက ယန့်ဝမ်အိမ်တော်ကနေလွတ်မြောက်နိုင်မယ့် အကောင်းဆုံးဆင်ခြေပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ ယန့်ဝမ်ကိုမှီခိုနိုင်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဒီ ‘မွေးရပ်မြေ’ဆိုတဲ့ဆင်ခြေကို သူ့ကိုယ်တိုင်ဖြတ်ခဲ့ပြီးပြီ။ လင်ဝေ့ရှီးရဲ့ခွန်အားတွေ တစ်ကိုယ်လုံးဆုတ်ယုတ်သွားသလိုခံစားနေရတယ်။ သက်ပြင်းကိုချပြီး အလျော့ပေးလိုက်ရုံအပြင် မရှိတော့ပါဘူး “မဟုတ်ပါဘူး၊ ယန့်ဝမ်ပြောတဲ့အတိုင်း နာခံပါ့မယ်”

မြို့တော်နဲ့ပတ်သက်ပြီး သူဘယ်လိုခံစားရလဲ သေချာမသိဘူး။ သူကြီးပြင်းခဲ့တဲ့နေရာ၊ သူ့ဆွေမျိုးတွေအားလုံး အဲဒိကြီးကျယ်ခမ်းနားတဲ့မြို့တော်ကြီးမှာနေထိုင်ကြပြီး သူ့အိပ်မက်ဆိုးတွေအကုန်လုံး အဲဒိနေရာမှာဖြစ်ပျက်ခဲ့တယ်။ ဖြစ်နိုင်ရင် မြို့တော်မပြန်လိုဘူး၊ အမှန်တရားကိုလက်ခံဖို့ငြင်းဆန်ရင်း ရှောင်ပြေးချင်ခဲ့တယ်။ သူ့အတွက် နောင်တစ်ဘဝရရှိဖို့ မလွယ်ကူလှဘူး။ သူ ကုချန်ယောက်နဲ့ကောင်းရန်ကို နောက်တစ်ကြိမ်မမြင်ချင်ဘူး။ သူတို့ကို မမြင်ရသရွေ့ လင်ဝေ့ရှီးကတော့ သူ့ကိုယ်သူအလိမ်အညာတောထဲမှာ ပျော်မွေ့လို့ရနေသေးတယ်။ ….မင်းက ရှုံးနိမ့်သွားခဲ့တာမဟုတ်ဘူး၊ မြို့လေးတစ်ခုမှာ သာသာယာယာ အခြေချနေထိုင်ရုံပဲ။ မင်းရဲ့ဆွေမျိုးတွေ မိတ်ဆွေတွေနဲ့ ခင်ပွန်းကို မတွေ့နိုင်ရုံလေးပဲ။ သူတို့က မင်းကိုစွန့်ပစ်ခဲ့တာမဟုတ်ဘူး၊ မင်းက ဖိနပ်စုတ်တစ်ရံလို စွန့်ပစ်ခံရတာ မဟုတ်ဘူး… ဒီလိုအတွေးတွေနဲ့ပါ။

ဒါပေမယ့် ကုဟွေးရန့်ရဲ့ပါးစပ်ကနေ ‘အိမ်တော်ကိုပြန်မယ်’ ဆိုတဲ့စကားကိုကြားပြီးနောက်မှာ အစပိုင်းအကြောက်အကန်ငြင်းဆန်မိပေမယ့် အဆုံးသတ်ရှောင်ပြေးစရာမြေမရှိဘူးလို့ သိသွားတဲ့အခါ သူ့စိတ်နှလုံးက ရုတ်တရက်ပဲ ငြိမ်ကျသွားခဲ့တယ်။ ခွင့်လွှတ်ပေးနိုင်ခဲ့တာမျိုး မဟုတ်ပေမယ့်ပေါ့။

အခြားအကြောင်းတွေမဟုတ်ဘဲ ရှို့ခန်းမင်းသမီးကြီးကိုပဲတွေးမယ်ဆိုရင် လင်ဝေ့ရှီးကတော့ အဘွားဖြစ်သူကိုပြန်တွေ့ဖို့အတွက် ပြန်သွားချင်တယ်။ မင်းသမီးကြီးရဲ့တစ်ဦးတည်းသောသမီး သူ့အမေဝေ့အမျိုးသမီးသေဆုံးပြီးနောက်မှာ လင်ဝေ့ရှီးက မင်းသမီးကြီးရဲ့တစ်ဦးတည်းသောသွေးသားဖြစ်ခဲ့တယ်။ သူ့အဘွားက ခင်ပွန်းနဲ့လည်း ဆက်ဆံရေးကောင်းလှတာမဟုတ်ဘူး။ သူ့အဘွားကိုပြုစုလုပ်ကျွေးဖို့ သွေးရင်းသားရင်းတစ်ယောက်မှမရှိတာကိုတွေးမိရင် လင်ဝေ့ရှီးရဲ့နှလုံးသားက နာကျင်ရတယ်။ သူ့အဘွားအတွက် သူပြန်မှဖြစ်မှာပါ။

…………..

လင်ဝေ့ရှီးရဲ့စိတ်အခြေအနေက တဖြည်းဖြည်းအေးချမ်းတဲ့ဘက်ကိုရောက်လာတယ်။ ကုဟွေးရန့်ကလည်း လင်ဝေ့ရှီးသဘောပေါက်သွားပြီဆိုတာ မြင်တယ်။ သူက လင်ဝေ့ရှီးကို ကျေနပ်သလိုတစ်ချက်ကြည့်တယ်။ ပြီးမှ စာကိုဆက်ဖတ်ရင်း ဘာမှမဟုတ်သလိုဆက်ပြောတယ် “လင်ယုံရဲ့သူရဲကောင်းတံဆိပ်နဲ့ နန်းတွင်းကချီးမြှင့်တဲ့မြေယာစာချုပ်တွေအကုန်လုံး ငါကိုယ်တော်ပြန်ယူထားတယ်၊ ဒီနှစ်ရက်အတွင်း မင်းမှာ ဘာမှလုပ်စရာမရှိရင် စာရင်းစာအုပ်ကိုစစ်ဆေးနေလို့ရတယ်၊ ပစ္စည်းစာရင်း ဖတ်တတ်တယ်မလား”

“ဟုတ်ကဲ့” လင်ဝေ့ရှီးက ငယ်ငယ်ကတည်းက မင်းသမီးကြီးနဲ့အတူ နှစ်ကူးလက်ဆောင်ပစ္စည်းတွေပြင်ဆင်ခဲ့ပြီး ပွဲအခမ်းအနားတွေကိုလည်းစီစဉ်ခဲ့တယ်။ မနှစ်ကတော့ ယန့်ဝမ်အိမ်တော်ကနေ နန်းတော်ကိုပို့သတဲ့လက်ဆောင်ပဏ္ဍာတွေကို သူကိုယ်တိုင်ပြင်ဆင်ခဲ့ပေးတယ်။ သူ့ဘဝ ဒီနေ့လိုအခြေအနေဆိုက်မယ်ဆိုတာ ကြိုသိခဲ့ရင် ခေါင်းရှုပ်ခံပြီး စီမံခန့်ခွဲခဲ့မှာမဟုတ်ဘူး။ ယန့်ဝမ်အိမ်တော်ကစီးပွားရေးတွေအကုန်လုံး ဖြစ်ချင်တာလုပ်ခဲ့မှာ….

“ဒါဆို မင်း အရင်စစ်ကြည့်ထားလိုက်၊ မြို့တော်ပြန်ရောက်တဲ့အခါကျရင် မြေစာချုပ်တွေကို မြို့တော်နားကမြေတွေနဲ့လဲပေးမယ်၊ ဒါတွေက နောက်ပိုင်း မင်းရဲ့ခန်းဝင်ပစ္စည်းတွေဖြစ်လာမှာ”

လင်ယုံရဲ့ပစ္စည်းဥစ္စာတွေက အကြီးအကျယ်အလွဲသုံးစားလုပ်ခံရတယ်။ မြို့စားရာထူးနဲ့တစ်ပါတည်းပါတဲ့ပစ္စည်းတွေကို ဘယ်သူမှမျက်စောင်းမထိုးရဲပေမယ့် အခြားအပိုပါတဲ့ မြေစာချုပ်တွေ ပိုးထည်တွေနဲ့ငွေထည်တွေကတော့ အဆင့်အဆင့်ဖြတ်စားခံရတယ်။ မှူးမတ်တွေ ဆိုးဆိုးရွားရွားအကျင့်ပျက်ခြစားနေကြတာကို ကုဟွေးရန့်သိပါတယ်၊ ဒါပေမယ့် ဒီလောက်ပြင်းထန်မှန်း မထင်လိုက်ဘူး။ တကယ်လို့ သူသာ ရွှမ်းသယ်စီရင်စုဆီ ခဏတဖြုတ်လှည့်မဝင်လာခဲ့ရင် ဒီပစ္စည်းတွေအကုန်လုံး စုံးစုံးမြုပ်သွားမှာတောင်စိုးရတယ်။ ဒီနေ့မှာ ဒေသအရာရှိက ကုဟွေးရန့်သူ့ကိုအရေးယူမှာစိုးလို့ အကောင်းဆုံးဆင်ခြေဆင်လက်တွေနဲ့ ခုခံလျှောက်လဲတယ်။ ဒါပေမယ့် ကုဟွေးရန့်က ဘယ်သူမို့လို့လဲ၊ သူက အောက်ဆုံးအဆင့်မင်းမှုထမ်းသုံးလေးယောက်ကို မျက်စိထဲတောင်မထည့်ဘူး။ ကျန်းရှောင်းလျန်ဆီတိုက်ရိုက်စာရေးလိုက်တယ်။ အဆုံးသတ်မှာ သူလိုချင်တာရသရွေ့ အမတ်ချုပ်ကျန်း သူ့ရဲ့လက်အောက်ငယ်သားတွေကို ဘယ်လိုနည်းနဲ့ကိုင်တွယ်ပါစေ သူ့အလုပ်မဟုတ်ဘူး။

ဒါပေမယ့် ဒီအကျင့်ပျက်လုပ်ရပ်တွေကို သူဘယ်လိုကိုင်တွယ်လိုက်လဲ လင်ဝေ့ရှီးသိစရာမလိုဘူး။ နန်းတွင်းကချီးမြှင့်လိုက်တဲ့မြေစာချုပ်အများစုက အနှစ်မရှိတဲ့ဗလာအခွံလွတ်တွေဖြစ်တယ်။ စာရွက်ပေါ်မှာပဲရှိပြီး လင်ဝေ့ရှီးလက်ထဲရောက်မလာဘူး။ ကုဟွေးရန့်က ဒီစာချုပ်တွေကို မြို့တော်နားတစ်ဝိုက်ကမြေတွေနဲ့လဲလိုက်တယ်။ ဒီကိစ္စတွေကို လင်ဝေ့ရှီးမလုပ်နိုင်ပေမယ့် သူ့နာမည်အောက်မှာဆိုရင်တော့ လွယ်ကူလွန်းတဲ့အရာတွေပါ။

လင်ဝေ့ရှီးက စိတ်ထဲကြိတ်တွေးနေပြီးမှ ရုတ်တရက်စိတ်ပါဝင်စားလာတယ် “အရှင်… မြေက ဘယ်လိုလဲမှာပါလဲ၊ မြေတစ်ဧကဆိုရင် မြို့တော်ကမြေဘယ်လောက်ပြန်ရမှာပါလဲ”

ကုဟွေးရန့် ထုတ်ရယ်လိုက်ရပါပြီ။ သူက မျက်ဝန်းတွေထဲထိအောင်ပြုံးနေပြီး အနှီမိန်းမငယ်လေးကို မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ မြူးထူးစွာကြည့်ပါတယ် “စိတ်မပူနဲ့၊ ငါကိုယ်တော်က မင်းဆီကအမြတ်မထုတ်ပါဘူး၊ တစ်ဧကကိုလဲရင် တစ်ဧကပဲပေါ့၊ ညီညီမျှမျှပြန်ရမှာပါ”

မတူပါဘူး။ လင်ယုံရဲ့ပိုင်ဆိုင်မှုတွေက ရွှမ်းသယ်မှာဖြစ်လို့ မြို့တော်ကမြေနဲ့မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ယန့်ဝမ်သူ့စကားသူပြန်ရုတ်သိမ်းလိုက်မှာစိုးလို့ လင်ဝေ့ရှီးက ခပ်မြန်မြန်ကျေးဇူးတင်လိုက်တယ် “အရှင်ယန့်ဝမ်ကိုကျေးဇူးတင်ပါတယ်”

ကုဟွေးရန့်က သစ်သားစားပွဲပေါ်လက်တစ်ဖက်တင်လိုက်ပြီး လင်ဝေ့ရှီးဆီ အပြုံးတစ်ခုနဲ့ကြည့်ပါတယ် “မင်းက လက်ထပ်ရမှာကို အကြောက်အကန်ငြင်းဆန်နေတော့ ခန်းဝင်ပစ္စည်းအကြောင်းလည်း ကြားချင်မှာမဟုတ်ဘူးလို့ ငါကိုယ်တော်ထင်လိုက်တာ” 

“ဒီနှစ်ခုက ဘယ်လိုလုပ်တူမှာလဲ” ငယ်ငယ်ကတည်းက အိမ်တော်စီမံခန့်ခွဲလာခဲ့တဲ့လင်ဝေ့ရှီးက ကိုယ်ပိုင်ပစ္စည်းဥစ္စာရှိခြင်းရဲ့အကျိုးကို ကောင်းကောင်းနားလည်တယ်။ သူ တကယ့်ကို နောက်တစ်ကြိမ်ပြန်လက်မထပ်ချင်ပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က သူ့အတွက်ခန်းဝင်ပစ္စည်းပြင်ပေးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်၊ လက်ဆောင်ပေးတဲ့လူကပေးနေပြီ မာနတခွဲသားနဲ့ဟန်ဆောင်ပန်ဆောင်လုပ်နေဖို့မှ မလိုတာပဲ…

ကုဟွေးရန့် မနောခွေ့သွားလေရဲ့။ သူက ခပ်တိုးတိုးရယ်တောင်ရယ်လိုက်တယ်။ တကယ်လို့ ဒီနေရာမှာ ကျိုးမောက်ချန်နဲ့အခြားလူတွေသာ ရှိနေခဲ့ရင် သူတို့ပါးစပ်တွေဟတဲ့အထိ အံ့သြသွားကြပါလိမ့်မယ်။ ဒါပေမယ့် ယန့်ဝမ်ရဲ့အပြုံးကို မြင်ရဖို့ရှားပါးလွန်းတယ်ဆိုတာ လင်ဝေ့ရှီးကတော့ နားမလည်သေးပါဘူး။ အခု သူက အခန်းပြန်သွားချင်လွန်းလို့ ဖင်တကြွကြွအခွင့်အရေးရှာနေပြီ။ လင်ယုံရဲ့ဥစ္စာတွေကို ကိုင်ကြည့်ချင်လွန်းလို့ လက်ယားနေပါပြီ။   

ကုဟွေးရန့်က လင်ဝေ့ရှီးတရွရွဖြစ်နေပုံကိုမြင်တယ်။ သူက မိန်းကလေးကို အခက်တွေ့အောင်မလုပ်ဘူး။ ဘေးနားကသေတ္တာငယ်ကို ညွှန်ပြပြီးပြောလိုက်တယ် “ဒါက မင်းအဖေရဲ့မြေစာချုပ် ဒါကအစေခံစာချုပ်၊ မင်းယူသွားလို့ရတယ်၊ လမ်းခရီးမှာ အစေခံတွေအများကြီးခေါ်သွားဖို့အဆင်မပြေဘူး၊ ဒီတော့ တစ်ယောက်ပဲပေးထားဦးမယ်၊ ကျန်တာတွေတော့မြို့တော်ရောက်မှ ကြည့်စီစဉ်တာပေါ့”

လင်ဝေ့ရှီးလည်း ယဉ်ကျေးမနေတော့ဘူး၊ ခပ်မြန်မြန်ပဲရှေ့တက်ပြီး ကုဟွေးရန့်ဆီကပစ္စည်းကိုယူလိုက်တယ်။ သူက သစ်သားသေတ္တာလေးကိုပိုက်ထားပြီး ကုဟွေးရန့်ကို ဦးညွှတ်လိုက်တယ်။ သူပြန်ဖို့ပြင်တုန်းမှာပဲ ကုဟွေးရန့်ရဲ့သာမန်ကာလျှံကာပြောလိုက်တဲ့စကားတစ်ခွန်းကို ရုတ်တရက်ကြားလိုက်ရတယ် “နောက်ပိုင်း မင်း မတရားခံရတာမျိုးရှိရင် ငါကိုယ်တော့်ဆီလာရှာလှည့်၊ အသာတကြည်လက်ခံလိုက်ဖို့မလိုဘူး” 

လင်ဝေ့ရှီး ခဏတော့တောင့်သွားတယ်။ ထူးဆန်းတဲ့အတွေးတစ်စလည်း သူ့ခေါင်းထဲဝင်လာတယ်။ သူ့မျက်ဆန်အိမ်တွေ မသိလိုက်မသိဖာသာပြူးကျယ်လာပြီး အံ့သြသွားတာသေချာပါတယ် “အရှင် ဘယ်လိုသိတာလဲ”

ကုဟွေးရန့်က ဘာမှမပြောဘူး၊ စာရွက်တစ်ရွက်ဖြန့်ပြီး စင်ပေါ်ကစာရေးစုတ်တံကိုယူလိုက်တယ်။ ကျန်းရှောင်းလျန်ဆီပါးမယ့်စာကို ရေးမယ့်ပုံပေါ်ပါတယ်။ လင်ဝေ့ရှီးလည်း ဘာမှမပြောတော့ဘူး၊ တိတ်တဆိတ်မှင်သွေးပေးလိုက်ပြီး အလျင်အမြန်ပြန်ထွက်လာခဲ့တယ်။

လင်ဝေ့ရှီး စာကြည့်ခန်းထဲကထွက်လာခဲ့တယ်။ ဒီခဏမှာ အေးစက်နေတဲ့လေတစ်ဝှေ့က သူ့မျက်နှာပေါ်ဖြတ်တိုက်သွားပြီး လက်ထဲကသေတ္တာကတော့ အဖြစ်မှန်ကိုသက်သေပြနေတယ်။ 

ဒီအသက်အရွယ်အထိ အသက်ရှင်နေထိုင်ခဲ့ပြီးမှာ တစ်စုံတစ်ယောက်က သူ့ကိုပြောလာတယ် ‘အသာတကြည်လက်ခံလိုက်ဖို့မလိုဘူး’ တဲ့။ သူ့အဖေ၊ သူ့အဖေဘက်ကအဘွား၊ နယ်စားအိမ်တော်က ဆရာတွေကတောင် ‘မင်းက အကြီးဆုံးမြေး၊ အစ်မကြီးကယဉ်ကျေးသိမ်မွေ့ရမယ်၊ စံပြဖြစ်ရမယ်၊ အောက်ကညီမလေးကို ကာကွယ်ပေးရမယ်’ ဒါတွေပဲ အထပ်ထပ်အခါခါ ပြောခဲ့ကြတယ်။

အချို့သောအကြောင်းပြချက်တွေကြောင့် လင်ဝေ့ရှီးရဲ့မျက်လုံးအိမ်ထဲ စိုစွတ်လာခဲ့တယ်။ ဒါဆို ယန့်ဝမ် ဒီနေ့အပြင်ထွက်တာ သူ့ကိစ္စတွေသွားဖြေရှင်းပေးတာပေါ့…။ ယန့်ဝမ်က ဒေါ်လေးလင်နဲ့လီတမိသားစုကို ကိုင်တွယ်လိုက်တဲ့အပြင် လင်ယုံပစ္စည်းတွေကိုပါ ဒေသအရာရှိဆီကယူလာပေးတာပေါ့…။

ဒါက လင်ဝေ့ရှီးအတွက်တော့ တပါးသူဆီကရတဲ့ဂရုစိုက်မှုကို ခံစားရတာ ပထမဦးဆုံးအကြိမ်ပါ။ အတိတ်မှာ ကောင်းရန်ကပဲ လူတွေဆီကချစ်ခင်မှုကို ရရှိခဲ့တယ်။ သူတို့အဖေ၊ မိသားစုထဲကမောင်ဘွားတွေ၊ ယောင်္ကျားလေးဆွေမျိုးတစ်ဝမ်းကွဲတွေ တောင်မှပဲ ကောင်းရန်ကိုပဲ အာရုံစိုက်ကြတယ်။ အဲဒိတုန်းကတော့ အဲဒိအရာတွေကို ဘာမှဂရုမစိုက်ခဲ့ဘူး။ သူက ခြေပြတ်လက်ပြတ်နေတဲ့လူမဟုတ်ဘူးလေ….၊ သူလိုချင်တာကို ကြိုးစားရယူနိုင်တယ်၊ လူကောင်းတစ်ယောက်ဖြစ်ဖို့ တခြားသူတွေရဲ့အထောက်အပံ့ မလိုဘူးလို့ပါ…။ 

ဒါပေမယ့်လည်း အခုအချိန်မှာတော့ ဂရုစိုက်ခံရခြင်းနဲ့ မခံရခြင်းက ကွဲပြားခြားနားတယ်ဆိုတာ သူသိသွားခဲ့ပါပြီ…။

………..

ယန့်ဝမ်က မြို့ငယ်လေးမှာ အကြာကြီးမနေခဲ့ဘူး။ လမ်းအတွက်ရိက္ခာတွေအသင့်ဖြစ်ပြီဆိုတာနဲ့ ထွက်ခွာဖို့အမိန့်ပေးပြီး မြို့တော်ဆီချီတက်လာခဲ့ကြတယ်။ နဂိုကတော့ ယန့်ဝမ်က လင်ယုံရဲ့အရိုးပြာမြေချဖို့ ရွှမ်းသယ်စီရင်စုဆီ ခေတ္တလှည့်ဝင်ခဲ့ပြီး အရှေ့ကသွားနှင့်ပြီဖြစ်တဲ့တပ်ဖွဲ့တွေရှိရာအမှီလိုက်ကာ မြို့တော်ကိုပြန်ကြမှာ။ ဒါပေမယ့် နောက်ဆုံးအချိန်ကျမှ သူတို့အဖွဲ့ထဲ လင်ဝေ့ရှီးပါဝင်လာပြီး အမှီလိုက်ဖို့အစီစဉ်လည်း အလိုလျောက်ပျက်ပြယ်သွားတယ်။ ကုဟွေးရန့် တပ်ဖွဲ့ကနေခွဲထွက်သွားတဲ့ဖြစ်ရပ်က ဖုံးကွယ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီအခြေအနေမှာ ကုဟွေးရန့်က စာတစ်စောင်ရေးပြီး အပြန်နောက်ကျမယ့်အကြောင်း မြို့တော်ဆီသတင်းပို့လိုက်ပါတယ်။ ပြီးမှ လင်ဝေ့ရှီးကိုခေါ်ပြီး ဖြည်းဖြည်းချင်းပြန်လာတယ်။

ဒီခရီးစဉ်က ကုဟွေးရန့်အတွက်တော့ တကယ့်ကိုဗာဟီရများရတဲ့ အနှေးဆုံးခရီးစဉ်ဖြစ်ပေမယ့် တစ်ခါမှခရီးဝေးမသွားဖူးဘဲ ကျန်းမာရေးချူချာတဲ့လင်ဝေ့ရှီးအတွက်တော့ အလောသုံးဆယ်ဖြစ်လို့နေတယ်။

သူက ရက်အနည်းငယ်ပဲ ကောင်းကောင်းတောင့်ခံလိုက်နိုင်တယ်။ လမ်းခရီးတည်းခိုခန်းတစ်ခုမှာ စခန်းချတဲ့နေ့မှာတော့ လင်ဝေ့ရှီးက နောက်ထပ်မခံနိုင်တော့ဘူး။ အဲဒိညမှာ အပြင်းဖျားပြီး သေကောင်ပေါင်းလဲနေမကောင်းဖြစ်ပါတော့တယ်။

လင်ဝေ့ရှီး ခရီးတစ်ဝက်မှာဖျားနာပြီး ယန့်ဝမ်ရဲ့ပြည်တော်ပြန်ခရီးစဉ်လည်း အကြီးအကျယ်နှောင့်နှေးခဲ့ရတယ်။ သူတို့တွေမြို့တော်ကိုရောက်တဲ့အချိန်က သုံးလပိုင်းကိုရောက်နေပြီ။

ကုချန်ယောက်နဲ့ကောင်းရန်တို့မင်္ဂလာပွဲပြီးဆုံးသွားတာ တစ်လကျော်ကြာသွားပြီ။

ဖျားနာနေတဲ့လင်ဝေ့ရှီးက ရထားလုံးထဲမှာ မှီပြီးထိုင်နေပါတယ်။ တစ်စုံတစ်ယောက်ရဲ့အသံက မြင်းရထားအပြင်ဘက်ကထွက်လာတယ် “လင်မိန်းကလေး ယန့်ဝမ်အိမ်တော်ရောက်ပါပြီ”

လင်ဝေ့ရှီးက အစေခံရဲ့ဖေးမမှုနဲ့ ရထားလုံးထဲက ဖြည်းဖြည်းချင်းထွက်လာပြီး ဒီကြီးကျယ်ခမ်းနားလှတဲ့အိမ်တော်ကြီးရဲ့အရှေ့မှာ နောက်တစ်ကြိမ် မတ်တပ်ရပ်နေခဲ့တယ်။

ယန့်ဝမ်အိမ်တော်ဆီ… သူ ပြန်လာပါပြီ…

…………….