(10) ကိုယ်လုပ်တော်ဖွားညီမလေး
Viewers 13k

(10) ကိုယ်လုပ်တော်ဖွားညီမလေး

“ဒီနေ့ယန့်ဝမ်ပြန်လာမှာ၊ အရှေ့ဘက်ခြံဝင်းကအလုပ်တွေ ပြီးမပြီးစစ်ဆေးပြီးပြီလား”

“သခင်မလေးကိုဖြေကြားပါတယ်၊ ကျွန်တော်မျိုးမ သုံးလေးခေါက်သွားကြည့်ပြီးပါပြီ၊ အစေခံတွေအကုန်လုံးကိုတပ်လှန့်ထားပါတယ်၊ သူတို့တာဝန်ကို မခိုကပ်ရဲပါဘူး”

ကောင်းရန်က စိတ်သက်သာဟန် သက်ပြင်းချပါတယ် “ကောင်းတယ်၊ ယန့်ဝမ်က အကြာကြီးနေပြီးမှ ပထမဦးဆုံးအကြိမ် အိမ်တော်ကိုပြန်ရောက်လာတာ၊ ကျွန်မ ခဏနေရင် အရှေ့ဘက်ခြံဝင်းမှာ အဖေ့ကိုသွားနှုတ်ဆက်ရမယ်၊ ဘာအမှားမှပြုမိလို့မဖြစ်ဘူး”  

ထောင်မားမားက ပြောတယ် “စိတ်မပူပါနဲ့ သခင်မလေးရဲ့… သခင်မလေး အိမ်တော်ထဲဝင်လာပြီးကတည်းက အကောင်းဆုံးမလုပ်ခဲ့တာ ဘာရှိလို့လဲ၊ သခင်မလေးက အခြားသူတွေကိုရက်ရောတယ် အစေခံအိုကြီးတွေအပေါ်မှာလည်း မေတ္တာဂရုဏာထားတယ်၊ အလုပ်ကြမ်းတွေမခိုင်းတာ မပြောနဲ့ဦး၊ လစဉ်ငွေသားလည်းပေးတယ်… အဲ့ဒါဘာခေါ်ပါလိမ့်… သြော် ဟုတ်တယ်… အငြိမ်းစား.. အငြိမ်းစားခံစားခွင့်၊ အခုအိမ်တော်မှာ ဟိုးထိပ်ဆုံးကနေ ဟိုးအောက်ခြေထိ လူတွေအကုန်လုံး သခင်မလေးကိုရိုသေလေးစားကြတယ်၊ ဒီကမ္ဘာပေါ်မှာ သခင်မလေးလောက်ပြီးပြည့်စုံတဲ့လူ မရှိဘူး၊ ယန့်ဝမ်က အာဏာကြီးတဲ့လူဖြစ်ပေမယ့် အကျိုးအကြောင်းသင့်တဲ့လူပါ၊ သခင်မလေးက အိမ်တော်ကိုအများကြီးဂရုစိုက်ပေးထားတာ ယန့်ဝမ်က သခင်မလေးကိုတွေ့ရင် ကျေးဇူးတောင်တင်ရဦးမှာ”

ကောင်းရန်က ကြားပြီး ငြင်းဆိုခြင်းမပြုဘူး၊ ဒါပေမယ့် နို့ထိန်းကို အသာတိုးတိုးအပြစ်တင်လိုက်တယ် “ထောင်မားမားကတော့ ဘာတွေပြောနေတာလဲ၊ ကျွန်မက ပြီးပြည့်စုံတဲ့လူမဟုတ်ပါဘူး၊ အဲ့လိုစကားတွေမပြောနဲ့၊ လူတွေကြားရင် ဟာသဖြစ်နေလိမ့်မယ်”

“ဘယ်လိုလုပ်ဟာသဖြစ်ရမှာလဲ သခင်မလေးရဲ့… ကျွန်တော်မျိုးမက သခင်မလေးရဲ့နို့ထိန်းဖြစ်ပေမယ့် ဒီစကားတွေက ချဲ့ကားပြောနေတာမဟုတ်ဘူး၊ သခင်မလေးက ကြင်ယာတော်မဖြစ်ခင် သခင်မလေးဘဝကတည်းက လူတိုင်းရဲ့ချီးမွမ်းတာခံရတယ်၊ ဗျပ်စောင်းကိုတီးပြီး သာယာနာပျော်ဖွယ်သီချင်းတစ်ပုဒ်ကိုရေးစပ်နိုင်တယ်၊ ပုံမှန်စစ်တုရင်ကို ဆန်းသစ်တဲ့ဘုတ်ကစားနည်းနဲ့အစားထိုးနိုင်တယ်၊ သခင်မလေးအသက်(၁၀)နှစ်တုန်းက သခင်လေးကိုပြောပြတဲ့ပုံပြင်တွေလည်းရှိပါသေးတယ်... သစ်မွှေးပင်က အမေ၊ ငါးဖမ်းသမားနဲ့ ငါးကို ကယ်တယ်ဆိုလား..၊ ဘုရားရေ… အဲ့တုန်းက သခင်မလေး အသက်ဘယ်လောက်ရှိသေးလို့တုန်း၊ ဒီလိုပုံပြင်တွေကိုတောင် ရေးစပ်သီကုံးနိုင်နေပြီ၊ ကောင်းကင်ဘုံကနတ်သမီးလူပြန်ဝင်စားရင်တောင် သခင်မလေးလောက် ပြီးပြည့်စုံမှာမဟုတ်ဘူး၊ သခင်မလေးသိရဲ့လား… ဒါက ကျွန်တော်မျိုးမ ပြောတဲ့စကားချည်းပဲမဟုတ်ဘူး၊ နယ်စားအိမ်တော်ရှိရှိသမျှ အစေခံတွေ မားမားတွေအကုန်လုံးက သခင်မလေးကို ရွှမ်းနူဝင်စားတာလို့ပြောကြတာ၊ မွေးဖွားလာပုံက နည်းနည်းလေးနိမ့်နေတာပဲ နှမြောစရာကောင်းသွားတာ၊ ဒါမှမဟုတ်ရင် ဒုတိယဇနီးအဖြစ် ဒုက္ခလာခံနေရမှာမဟုတ်ဘူး”

ကောင်းရန်က အမြဲတမ်း ရိုးရိုးကုပ်ကုပ်ပြုမူနေထိုင်တယ်။ ဒါပေမယ့် သူက ထောင်မားမားကိုမတားဘူး၊ အပြုံးလေးနဲ့နားထောင်နေတယ်။ စကားလုံးတွေက မွေးဖွားတဲ့အကြောင်းနဲ့ဒုတိယဇနီးအကြောင်းရောက်သွားတော့ ကောင်းရန်ရဲ့အပြုံးတွေ တောင့်တင်းသွားပါတယ်။ ဒါပေမယ့် စိတ်ကိုပြန်လျှော့ချပြီး တွေးလိုက်တယ်။… ဘာမွေးဖွားလာပုံနိမ့်တာလဲ… ကိုယ်လုပ်တော်ကမွေးတော့ဘာဖြစ်လဲ… တရားဝင်တွေ ကိုယ်လုပ်တော်ဖွားတွေဆိုတာ မိန်းမတစ်ယောက်ရဲ့အဆင့်ကိုဝေဖန်အကဲဖြတ်နိုင်တဲ့ အကြောင်းတရားတွေမဟုတ်ဘူး… ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးရှိနေသရွေ့ ဘာမှမကွာခြားဘူး…

နောက်ပြီး တရားဝင်သမီးတစ်ယောက်ကတောင် ကောင်းကောင်းမွန်မွန်အသက်မရှင်ခဲ့သေးတာ… အထက်တန်းလွှာကမွေးပြီး ယောင်္ကျားတွေဆီကချစ်ခင်မြတ်နိုးမှုတောင်မရရင် သူတို့ကိုယ်သူတို့ သေလမ်းလျှောက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား…  

ကောင်းရန်က ဒီလိုအရေးပါတဲ့နေ့မျိုးမှာ အခြားလူတစ်ယောက်အကြောင်း မပြောစေချင်ဘူး။ ဒါက လာဘ်ပိတ်စေတယ်။ သူက ထောင်မားမားကို အေးစက်စက်ပြောလိုက်တယ် “ထောင်မားမားပြောတာလွန်နေပြီ၊ အစ်မကြီးက တသက်လုံး ကျွန်မအစ်မကြီး ပြီးတော့ ဆက်ခံသူရဲ့ပထမဇနီးဖြစ်နေဦးမှာပဲ၊ သွားလေသူက သွားပေမယ့် ကျွန်မကတော့ အစ်မကြီးကို အမြဲအမှတ်ရနေဦးမှာ၊ ထောင်မားမားက မရည်ရွယ်ဘဲပြောတာမှန်းသိပေမယ့် ဆက်ခံသူနဲ့တခြားလူတွေကြားသွားရင် ကျွန်မကိုယ်လုပ်တော်ဖွားသမီးက သူ့တရားဝင်အစ်မကြီးကို မလေးမစားလုပ်တယ်ထင်ပြီး ပြဿနာတွေဖြစ်မှာစိုးတယ်၊ ဒီတော့ နောက်တစ်ခါ ဒါမျိုးထပ်မပြောရဘူး ကြားရဲ့လား”

ထောင်မားမားနဲ့ ကောင်းရန်ရဲ့ကိုယ်ပိုင်အစေခံနင်ဖူတို့နှစ်ယောက်လုံး မကျေမချမ်းဖြစ်သွားလေရဲ့။ နင်ဖူက မပြီးသေးပါဘူး “သခင်မလေး… အကြီးဆုံးအစ်မကြီးက အိမ်မှာနေကတည်းက သခင်မလေးကို မျက်နှာသာပေးခဲ့တာမဟုတ်ဘူး၊ လက်ထပ်ပြီးတော့လည်း မျက်စိထဲထည့်တာမဟုတ်ဘူး၊ ဒါနဲ့တောင်မှ သခင်မလေးက သူ့ကိုအမြဲတမ်းအစ်မနေရာမှာထားတယ်၊ သခင်မလေး… စိတ်ထားအရမ်းကောင်းလွန်းရင် အခြားသူတွေအနိုင်ကျင့်တာခံရလိမ့်မယ်”

“ကောင်းပြီ ထပ်မပြောနဲ့တော့” ကောင်းရန်က အစေခံကို ခပ်တိုးတိုးဟန့်တယ်၊ ပြီးမှ “ဝမ်ရယ်က သုံးနှစ်လောက် အိမ်နဲ့ဝေးနေပြီးမှ ဒီနေ့က ပထမဆုံးအိမ်ပြန်လာတဲ့နေ့၊ ငါတို့တွေ သေသေချာချာစီစဉ်ထားမှဖြစ်မှာ၊ ဝမ်ရယ်ရဲ့မြင်းလှည်း ရောက်တော့မယ်၊ အရှေ့ခြံဝင်းမှာသွားစောင့်ကြစို့”

ထောင်မားမားနဲ့နင်ဖူ ကောင်းရန်ကိုအဖော်ပြုပြီး ချွေ့ဟွားမုဒ်ဦးဆီ လျှောက်လာကြတယ်။ လမ်းလျှောက်နေရင်းထောင်မားမားက တတွတ်တွတ်ပြောတုန်းပဲ “ယန့်ဝမ်က သုံးနှစ်တောင်ပြန်မလာဘူး၊ ဝမ်ရယ်ပြန်ရောက်လာလို့ အိမ်တော်က စနစ်တကျဖြစ်နေတာမြင်သွားရင် သခင်မလေးလိုထက်မြက်တဲ့ချွေးမတစ်ယောက်ရတာ အရမ်းကံကောင်းပါလားလို့ခံစားမိသွားလိမ့်မယ်၊ ကျွန်တော်မျိုးမ ပြောကိုပြောရဲတယ်… မိုးကောင်းကင်အောက်က မျက်စိပါတဲ့လူတွေအကုန်လုံး၊ ခွဲခြားခွဲခြားမလုပ်တဲ့လူတွေအကုန်လုံး တတိယသခင်မလေးကို ချစ်ကြမှာ”

နင်ဖူလည်း ကောင်းရန်အပြောကိုမစောင့်ဘဲ အမြန်ဝင်ပြောတယ် “ဟုတ်တယ် ဟုတ်တယ်၊ ကြင်ယာတော်က နတ်သမီးဝင်စားတဲ့လူ၊ ကြင်ယာတော်ကို မချစ်တဲ့လူမရှိဘူး၊ ယန့်ဝမ်လမ်းမှာနောက်ကျပြီး မင်္ဂလာဆောင်လွတ်သွားတာပဲ နှမြောဖို့ကောင်းတယ်”

ဒီအကြောင်းကိုပြောရင် ထောင်မားမား အရမ်းကိုစိတ်မကောင်းဖြစ်ရတယ်။ ယန့်ဝမ်အိမ်တော်ရဲ့အိမ်ထောင်ဦးစီးက ကောင်းရန်ရဲ့မင်္ဂလာပွဲကိုလွတ်သွားတာ အလွန်နှမြောစရာဖြစ်ရပ်တစ်ခုလို့ ထောင်မားမားထင်တယ်။ ဒါပေမယ့် ကောင်းရန်အတွက် နှမြောရတာမဟုတ်ဘူး၊ ယန့်ဝမ်အိမ်တော်ကိုယ်စား နှမြောပေးတာပါ။ ဘက်စုံတော်လွန်းတဲ့သူတို့သခင်မလေးရဲ့ပွဲကို မတက်လိုက်ရလို့လေ။

ဘယ်ညာလှည့်ကြည့်ပြီး ဘယ်သူမှမရှိမှန်းမြင်တဲ့အခါ ထောင်မားမားကတိုးတိုးကပ်ပြောတယ် “ကြင်ယာတော်… ကျွန်မကြားတာကတော့ ဝမ်ရယ်က နဂိုကတော့ သခင်လေးရဲ့ပွဲတက်ဖို့ ပြန်လာချင်တာတဲ့၊ အဲဒါကြောင့် တပ်ဖွဲ့ကနေ ခွဲထွက်လာတယ်ဆိုလားပဲ၊ ဒါပေမယ့် သူ့ရဲ့အဖွဲ့သားတစ်ယောက်ရဲ့သမီး လမ်းမှာနေမကောင်းဖြစ်နေလို့ ဝမ်ရယ့်ခရီးစဉ်နှောင့်နှေးသွားတာတဲ့”

ကောင်းရန်က နဂိုကတော့ ယန့်ဝမ်အကြောင်းကို ယန့်ဝမ်အိမ်တော်မှာမဆွေးနွေးသင့်ဘူးလို့ ခံယူထားတာ။ တစ်ယောက်ယောက်ကြားသွားရင် အတင်းပြောတယ်ထင်သွားကြလိမ့်မယ်။ ဒါပေမယ့် ခင်ပွန်းသည်ရဲ့မိဘတွေမရှိဘဲ လုပ်ခဲ့ရတဲ့မင်္ဂလာဆောင်က ကောင်းရန်နှလုံးသားထဲစိုက်ဝင်နေတဲ့ စူးတစ်ချောင်းဖြစ်ခဲ့တယ်။ အခု သူက အကြောင်းပြချက်ကိုကြားပြီး သိချင်စိတ်ဖြစ်သွားလို့ ထောင်မားမားကိုမတားဘဲ ပြောခွင့်ပြုလိုက်တယ်။    

“သူ့အဖွဲ့သားရဲ့သမီး… ဘယ်သူလဲ၊ သူကဘာလို့ ဝမ်ရယ့်တပ်စုထဲ ပါနေရတာလဲ”

“မသိပါဘူး၊ မိဘမဲ့တစ်ယောက်လို့တော့ကြားတယ်၊ သူ့အဖေက ဝမ်ရယ့်ကိုကယ်ရင်းသေသွားတာဆိုတော့ ဝမ်ရယ်ကလည်း သူ့ကို သွားလေရာခေါ်သွားတယ်တဲ့၊ သတင်းတွေက မြို့တော်မှာပျံ့နေတာကြာလှပြီ၊ ပြီးတော့ ဘာခေါ်လား…. အိုး.. ကျုံးယုံမြို့စားတဲ့”

ကောင်းရန်က ဒီအကြောင်းကို သာမန်ကာလျှံကာပဲသဘောထားတယ်။ မိဘမရှိတော့တဲ့ မိဘမဲ့တစ်ယောက် ယန့်ဝမ်အိမ်တော်မှာ လာကပ်နေတာပဲလေ။ ဘယ်လိုလူမျိုးလဲ ပြေးကြည့်စရာတောင်မလိုဘူး။… စင်ဒရဲလားမတစ်ယောက် ဇာတ်လမ်းထဲဝင်လာပြီ…  

ကောင်းရန်က သူ့အရင်ဘဝမှာ ချမ်းသာတဲ့ဒုတိယမျိုးဆက်သူဌေးတစ်ယောက်ကိုလက်ထပ်နိုင်ပြီး အတန်းဖော်တွေအားလုံးကို နောက်ကောက်ချထားနိုင်ဖို့၊ ခမ်းနားတဲ့မင်္ဂလာပွဲကြီးကျင်းပဖို့ သံန္နိဌာန်ချထားခဲ့တယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်မဖော်နိုင်သေးခင် မတော်တဆသေဆုံးသွားခဲ့တယ်။ ဝိဉာဉ်ကူးပြောင်းလာပြီးနောက်မှာတော့ သူကိုယ်တိုင်က ပြီးပြည့်စုံတဲ့မမလေးတစ်ယောက်ဖြစ်နေတာကိုတွေ့ရှိပြီး အပျော်လွန်သွားခဲ့တယ်။ ကလေးတစ်ယောက်ရဲ့အရေပြားအောက်မှာ လူကြီးတစ်ယောက်ရဲ့နှလုံးသားမျိုးရှိနေတာကို တိတ်တဆိတ်ကြိတ်ဝမ်းမြောက်ပျော်ရွှင်ခဲ့တယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့ရက်စက်တဲ့တရားဝင်အမေ ကိုယ့်ရှုးကိုယ်ပတ်ကွယ်လွန်သွားပြီး သူ့မင်္ဂလာပွဲကိုခိုးယူတဲ့ကောင်းရှီးလည်း ဝဋ်လည်သွားခဲ့တယ်။ ကောင်းရှီးက ခင်ပွန်းရဲ့အချစ်ကိုမရဘဲ စောစောစီးစီသေဆုံးသွားပြီး သူ့ရဲ့လမ်းကိုရှင်းလင်းပေးသွားတယ်။ ကောင်းရန်က ဝတ္ထုတွေထဲကအဓိကဇာတ်လိုက်တွေ အတိုင်းပါပဲ။ ကိုယ်လုပ်တော်ဖွားသမီးဆိုတဲ့ သူ့ရဲ့အဆင့်အတန်းက သူ့ရဲ့ဇာတ်ကောင်စရိုက်ကိုထက်မြက်လာအောင် ပြုလုပ်ပေးဖို့ပဲ။ အဆုံးမှာ သူက မှုးမတ်အသိုင်းအဝိုင်းမှာ အင်အားအကြီးဆုံးဒုတိယမျိုးဆက်သခင်လေးနဲ့ လက်ထပ်ခဲ့တယ်။ ဒါက သူ့အရင်ဘဝ ဒုတိယမျိုးဆက်သူဌေးသားထက်စာရင် အများကြီးပိုကောင်းပါတယ်။

ကောင်းရန်က သူ့ရဲ့ကိုယ်ပိုင် စိန်ခေါ်မှုတွေပြည့်နှက်နေပြီး ရုန်းကန်ရတဲ့ဇာတ်ကွက်တွေကို အရမ်းသဘောကျတယ်။ မိဘမပါဘဲ မင်္ဂလာဆောင်ရတာကို နည်းနည်းစိတ်မကောင်းဖြစ်ပေမယ့် ယန့်ဝမ်က သူ့ရဲ့ကိုယ်လုပ်တော်ဖွားသမီးဆိုတဲ့အဆင့်အတန်းကိုမကြိုက်လို့ ပွဲမတက်တာလို့ထင်ခဲ့တယ်။ ဒါပေမယ့် ဒါတွေက စိန်ခေါ်မှုရဲ့အစပဲရှိသေးတာကိုး… စင်ဒရဲလားလေးတစ်ယောက် ဇာတ်လမ်းထဲရောက်လာဖို့အစပျိုးနေတာကိုး…

ဟွန့်…. ဖန်တရာတေ ဆီသည်မလက်သုတ် အက်ကြောင်းထပ်နေတဲ့ဇာတ်ကွက်တွေ .. ရိုးနေပြီ…။ အဓိကဇာတ်ဆောင်နှစ်ယောက်က ဒုက္ခတွေကိုအတူတကွဖြတ်ကျော်ပြီး အခုမှလက်ထပ်ရုံရှိသေးတယ်… ဆွေမရှိမျိုးမရှိ မိဘမဲ့ကောင်မလေးတစ်ယောက် မိဘချင်းကျေးဇူးကြွေးရှိခဲ့တာကို အခွင့်ကောင်းယူပြီး အိမ်တော်မှာလာခိုကပ်နေတယ်… နောက်ပိုင်းကျရင် ဒီမိန်းမက ကုချန်ယောက်ကို မြင်မြင်ချင်းကြိုက်သွားပြီး ယန့်ဝမ်အိမ်တော်ရဲ့ချမ်းသာကြွယ်ဝမှုတွေကို လိုချင်လာလိမ့်မယ်… ပြီးတော့ အရှက်သိက္ခာဆိုတဲ့ခေါင်းစဉ်တပ်ပြီး ကုချန်ယောက်ကိုယ်လုပ်တော်လုပ်ပါရစေဆိုပြီး မျက်နှာပြောင်တိုက်လာလိမ့်မယ်….  

တွေးမိလေတွေးမိလေ ကောင်းရန်ရဲ့အပြုံးတွေ ပိုနူးညံ့လာလေပါ။ ဒါပေမယ့် သူ့မျက်ဝန်းထဲကရောင်ခြည်တန်းတွေကတော့ တိုက်ခိုက်ချင်စိတ်တွေအပြည့် ပိုပိုစူးရဲလာတယ်။

ကောင်းရန်က အစေခံမိန်းကလေးတွေ မားမားတွေ အများကြီးခေါ်ချလာပြီး ချွေ့ဟွားမုဒ်ဦးမှာ လာစောင့်နေပါတယ်။ ကြယ်ပတ်လည်ဝန်းရံခနေတဲ့ တစ်ခုတည်းသောလမင်းကြီးလို ကောင်းရန်ရဲ့ပုံစံက အထက်တန်းစားမိန်းမတစ်ယောက်ရဲ့ အသွင်အပြင် ကိုယ်ဟန်အနေအထားနဲ့ လှပတင့်တယ်နေတယ်။ သူတို့တွေက ယန့်ဝမ်ရဲ့လူတန်းရှည်ကြီး အနှေးဆုံးရွေ့လျားမှုနဲ့ သူတို့မြင်ကွင်းထဲရောက်မလာခင်ထိ အကြာကြီးစောင့်နေခဲ့ရတယ်။ စစ်သည်တော်တွေလို ဝတ်စားထားကြတဲ့လူတွေက ဒုတိယမြင်းလှည်းပတ်လည်မှာ သတိကြီးကြီး နိုးနိုးကြားကြား ဝန်းရံလိုက်ပါလာကြတယ်။ မြင်းလှည်းမောင်းသမားက ကျောက်ခဲသေးသေးတစ်တုံးကို မတော်တဆဝင်ကြိတ်မိပြီး ခါယမ်းသွားတဲ့လှည်းကြောင့် ခဏချက်ချင်းမှာ အားလုံးရဲ့စိုက်ကြည့်မှုကိုခံလိုက်ရလေတယ်။

လှည်းမောင်းသမားက ခပ်မြန်မြန်နောက်လှည့်ပြီး အထဲကိုတောင်းပန်လိုက်တယ်။ ကောင်းရန်က ဒါကိုမြင်တယ်။ သူ့နှုတ်ခမ်းပေါ်ကအပြုံးတွေ အောင်နိုင်သူတစ်ယောက်လို ပိုပြီးနက်ရှိုင်းလာပါတယ်။ မြင်းလှည်းရပ်သွားပြီးတဲ့နောက်မှာတော့ ကျိုးမောက်ချန်က တံခါးကိုခေါက်ပြီးပြောတယ် “လင်မိန်းကလေး ရောက်ပါပြီ၊ မသက်မသာဖြစ်နေတုန်းပဲလား”

လှည်းထဲကနေ လှုပ်ရှားသံတွေထွက်လာတယ်၊ ဖြူဖွေးနေတဲ့လက်တစ်ဖက်က လိုက်ကာစကိုဆွဲဖွင့်ရင်း အသားဖြူဖြူနူးနူးညံ့ညံ့မိန်းကလေးတစ်ယောက် လူအုပ်ကြီးရဲ့ရှေ့မှာပေါ်ထွက်လာတယ်။ ကောင်းရန်က ထွက်လာသူကိုကြည့်ပြီး စိုးရိမ်စိတ်တွေလွင့်ပျယ်သွားလေရဲ့။ သေချာပဲလေ… ဆင်းရဲတဲ့မိသားစုတစ်ခုက ဘာအရည်အချင်းရှိမှာလဲ… ဒီလိုမိန်းကလေးမျိုးက သူ့ဖိနပ်စီးပေးဖို့လောက်တောင်မတန်ဘူး၊ သူနဲ့ယှဉ်နိုင်ဖို့ကတော့ ဝေးပါရော… 

မိန်းကလေးက သူ့ဂါဝန်အောက်ဖျားစကိုမပြီး လှည်းပေါ်ကဆင်းလာချိန်မှာ ကောင်းရန်က ရှေ့တစ်လှမ်းတိုးပြီး စကားစဖို့ပြင်တယ်။ ဒါပေမယ့် မိန်းကလေးက နောက်ပြန်လှည့်ပြီး တခြားသူကို ကူညီဟန်ပြင်ပါတယ်။

မြင်းလှည်းရဲ့လိုက်ကာစ နောက်တစ်ကြိမ်ထပ်ပွင့်သွားပြီး ဆံထုံးနှစ်ခုဘယ်ညာထုံးထားတဲ့နောက်ထပ်မိန်းကလေးတစ်ယောက်က မိန်းမငယ်လေးကိုကူညီဖေးမရင်း အားလုံးရဲ့အရှေ့မှာပေါ်ထွက်လာပြန်တယ်။ ခြံဝင်းရှေ့မှာစောင့်နေတဲ့လူတွေအကုန်လုံး အံ့သြမှုတွေနဲ့ပင့်သက်ရှိုက်ကုန်ပါတယ်။

သူတို့တွေက လှည်းပေါ်ကဆင်းလာတဲ့ပထမအမျိုးသမီးကိုမြင်ပြီး စက်ဆုပ်သွားကြတယ်။ ဒါက ဝမ်ရယ့်ကိုခရီးဖင့်အောင်ပြုတဲ့ တရားခံ… ဟင်… ဒါပေမယ့် တကယ်တော့ သူက အစေခံတစ်ယောက်။ ဒီနေ့ရဲ့အဓိကဇာတ်ကောင်က နောက်ကလိုက်ထွက်လာတဲ့အချိန်မှာ သူတို့တွေက လင်ဝေ့ရှီးရဲ့မျက်နှာကိုမြင်ပြီး တွေဝေမိန်းမောသွားကြပါတယ်။ ပါးစပ်တွေတောင် ပွင့်ဟကုန်ပါပြီ။

လူအားလုံးမှာ အလှအပကိုခံစားတတ်တဲ့နှလုံးသားရှိတယ်။ ဒါပေမယ့် အလှအပကိုစံညွှန်းခွဲတဲ့နေရာမှာ ကွဲပြားတဲ့အမြင်တွေရှိပြီး ကိုယ်စီစံနှုန်းရှိကြတယ်။ တစ်ချို့က သနားကမားပုံစံလေးကိုကြိုက်ပြီး တစ်ချို့က ကျက်သရေရှိတင့်တယ်တဲ့ပုံစံကိုကြိုက်တယ်။ ဒါပေမယ့် ဇီဇာအကြောင်ဆုံးလူဆိုရင်တောင် လှည်းပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာတဲ့တစ်ယောက်ကို ရုပ်ဆိုးတယ်လို့ပြောနိုင်မှာမဟုတ်ဘူး။

ဒီမိန်းကလေးက အလွန်တရာကြည့်ကောင်းပြီး အလွန်တရာလှပတယ်။ ချောမောရုံတင်မကဘူး ကျက်သရေလည်းရှိတယ်။ အိမ်တော်ထဲကလူတွေက ငေးကြောင်နေကြချိန် ကောင်းရန်က လင်ဝေ့ရှီးရဲ့ မျက်နှာ တကိုယ်လုံး ဖိနပ်ပါမချန် ခြုံငုံကြည့်လိုက်ပြီး မသိမသာမျက်မှောင်ကျုံ့သွားပါတယ်။

လင်ဝေ့ရှီးက ခရီးပန်းတဲ့ဒဏ်ကြောင့် သူ့တစ်ကိုယ်လုံးချောင်ကျနေပြီး ပုံစံက အလွန်သနားစရာကောင်းနေတယ်။ ဖြစ်နိုင်ရင် လင်ဝေ့ရှီးက သူ့ရဲ့အားနည်းတဲ့ပုံစံကို ယန့်ဝမ်အိမ်တော်ကလူတွေရှေ့မှာ ပြသချင်တာမဟုတ်ဘူး။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကခွင့်မပြုဘူး။ ပင်ပန်းနွမ်းနယ်လွန်းလို့ စိတ်သွားတိုင်းကိုယ်မပါနိုင်ဘူး။ ဒါကြောင့် သူက စိတ်ကိုလျှော့ချထားတယ်။ ဘာပဲဖြစ်ဖြစ် ယန့်ဝမ်အိမ်တော်ကလူတွေက သူဘယ်သူလဲ မသိကြဘူးလေ။

လင်ဝေ့ရှီးက အစေခံနှစ်ယောက်အကူအညီနဲ့ လှည်းပေါ်ကဆင်းလာတယ်။ အစောင့်တပ်သားတွေက လင်ဝေ့ရှီးရဲ့လှုပ်ရှားမှုတွေကို အသက်အောင့်ပြီးကြည့်နေရတယ်။ သူ မြေကြီးပေါ်ကိုခြေကျသွားမှ သူတို့တွေက အသက်ရဲရဲရှူရဲတော့တာ။ လင်ဝေ့ရှီးက ပုခုံးပေါ်ခြုံထားတဲ့ ရှောစောင်လေးကို ပြန်ဆွဲတင်ရင်းမှာ ကောင်းရန်ကို တမဟုတ်ချင်းမြင်သွားပါတော့တယ်။

အိုး… ရက်လေးနည်းနည်းမတွေ့လိုက်တာနဲ့ ဒီကိုယ်လုပ်တော်ဖွားညီမလေးက တောက်ပြောင်နေပါ့လား၊ မှတ်တောင်မမှတ်မိချင်တော့ဘူး…

ကောင်းရန်ကလည်း လင်ဝေ့ရှီးရဲ့အကြည့်ကိုမြင်တယ်။ သူတို့နှစ်ယောက် ခဏတဖြုတ် အကြည့်ချင်းပြိုင်နေကြပြီးမှာ ကောင်းရန်က သူ့စိတ်ကိုပြန်မြိုသိပ်ပြီး အပြုံးလေးယဲ့ယဲ့ပြုံးကာ ရှေ့ကိုထွက်လာရင်း လင်ဝေ့ရှီးရဲ့လက်ကိုလှမ်းကိုင်လိုက်ပါတယ် “ဒါက အဖေ စာထဲထည့်ရေးလိုက်တဲ့ အထူးဧည့်သည်ပဲဖြစ်ရမယ်၊ မိန်းကလေးနာမည် ဘယ်လိုခေါ်ပါလဲ”

လင်ဝေ့ရှီးက ကောင်းရန်ရဲ့လက်ကိုရှောင်လိုက်တယ်၊ ပြီးမှ ခံစားချက်မဲ့မျက်နှာထားနဲ့ဖြေပါတယ် “ကျွန်မက လင်မျိုးရိုးပါ၊ ကြင်ယာတော် ကျွန်မကို ဝေ့ရှီလို့ခေါ်လို့ရပါတယ်”

လင်ဝေ့ရှီးလို့ခေါ်တယ်ပေါ့လေ…. ကောင်းရန်က စိတ်ထဲခေါ်ကြည့်အပြီးမှာ ဧည့်ဝတ်ကျေပွန်တဲ့အိမ်ရှင်တစ်ယောက်ရဲ့ပုံစံအတိုင်း အပြုံးအကြီးကြီးပေးလိုက်တယ် “လင်မိန်းကလေးက ရောက်ခါစဆိုတော့ လူတွေနဲ့စိမ်းနေလိမ့်မယ်၊ ညီမလေး ဘာမှကြောက်စရာမရှိဘူးနော်၊ ကိုယ့်အိမ်လိုသဘောထားနိုင်တယ်၊ လိုတာရှိရင် အစ်မကိုတိုက်ရိုက်လာရှာလို့ရတယ်”

“ကြင်ယာတော်... ကျွန်မမိဘတွေက သမီးတစ်ယောက်ပဲမွေးထားပါတယ်၊ ကြင်ယာတော်ရဲ့ညီမမဖြစ်နိုင်မှာ စိုးပါတယ်” လင်ဝေ့ရှီးက ပြုံးနေတုန်းပဲ၊ မျက်ဝန်းထဲမှာပြုံးနေပေမယ့် အသံထဲမှာတော့ ဖုံးကွယ်ထားတဲ့စိမ်းကားမှုတွေအပြည့်ရှိတယ် “ကျွန်မမှာ ညီအစ်ကိုမောင်နှမလည်းမရှိပါဘူး၊ အစ်ကိုတွေ အစ်မတွေလည်းခေါ်ကျင့်မရှိပါဘူး၊ ကြင်ယာတော် ကျွန်မကို နာမည်ပဲခေါ်ပေးပါ”

ညီမလေးလာခေါ်ရဲတယ်ပေါ့လေ….ကောင်းရန် သတ္တိတွေဘယ်ကရလာလဲ…

တစ်ကြိမ်ပြီးတစ်ကြိမ် ကောင်းရန်က မျက်နှာမပျက်အောင်ထိန်းနေရတယ်။ စိတ်ထဲ တိတ်တိတ်ကျိန်ဆဲနေတယ်… ဒီတစ်ယောက်က ဆင်းရဲတဲ့တောသူမမှန်သားပဲ… အသိမရှိလိုက်တာမှ အံ့ရော….။ ဒါပေမယ့် ဒီလိုမျိုးပိုဖြစ်လေလေ ကောင်းရန်က တစ်ဖက်သားကို ပိုပြီးဂရုစိုက်ကြောင်းပြလေလေပါ။

ကျိုးမောက်ချန်ကတော့ လင်ဝေ့ရှီးရဲ့စကားမှာ ထူးပြီးမအံ့သြတော့ဘူး။ ဒီမိန်းကလေးရဲ့ပြင်းထန်တဲ့စကားတွေအောက်မှာ လွတ်မြောက်နိုင်တဲ့လူ ယန့်ဝမ်ကလွဲပြီးမရှိဘူး။ ဒါပေမယ့်လည်း ကျိုးမောက်ချန်သိပါတယ်။ လင်ဝေ့ရှီးရဲ့စကားတွေက အကြင်နာမဲ့ပေမယ့် သူ့နှလုံးသားကဖြူစင်တယ်ဆိုတာကိုပါ။ ဒါကြောင့် ကြင်ယာတော် လင်ဝေ့ရှီးကိုအခက်တွေ့စေမှာ သူကစိုးရိမ်တယ်။ စိုးရိမ်လို့လည်း ရှေ့မြန်မြန်တက်ပြီး ဖြတ်ပြောလိုက်ရတယ် “ကြင်ယာတော်ကို ဂါရဝပြုပါတယ်၊ ဝမ်ရယ်က လင်မိန်းကလေးကို အိမ်တော်အရင်လိုက်ပို့မလို့ပါ၊ ဒါပေမယ့် နန်းတွင်းကအရေးတကြီးလူလွှတ်ခေါ်လို့ နန်းတော်ထဲသွားပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ပဲ လိုက်ပို့ရတာပါ၊ ကျွန်တော်မျိုး အရှေ့ခြံဝင်းမှာ သခင်လေးကိုသွားကြည့်လိုက်ပါဦးမယ်၊ လင်မိန်းကလေးက လမ်းမှာနေမကောင်းဖြစ်လာပြီး ပြန်မကောင်းသေးတာမို့ ကြင်ယာတော်ခဏလောက်ဂရုစိုက်ပေးပါဦး” 

ကျိုးမောက်ချန်က ကြမ်းကြမ်းတမ်းတမ်းလူတစ်ယောက်ပါ။ ဒါပေမယ့် သူတို့တွေက ယန့်ဝမ်ရဲ့အနီးကပ်လက်ရုံးတွေဖြစ်ပြီး စကားပြောစွမ်းရည်လည်းသေသပ်တယ်။ သူ့စကားတွေက ယဉ်ကျေးသယောင်ရှိပေမယ့် ဝမ်ရယ်က လင်မိန်းကလေးကို ဘယ်လောက်အလေးထားတဲ့အကြောင်း အတွင်းအပြင်ဖော်ပြနေတယ်။ နောက်ဆုံးတစ်ကြောင်း ‘ကြင်ယာတော်ခဏလောက်ဂရုစိုက်ပေးပါဦး’ ဆိုတဲ့စကားရဲ့ အတိမ်အနက်ကို မြင်နိုင်ပါတယ်။

ကောင်းရန်က နားလည်တယ်။ နှလုံးသားကလည်း ပိုပြီး မပျော်မရွှင်ဖြစ်လာတယ်။ … မိဘမဲ့တစ်ယောက်ပဲဟာကို… မျက်နှာလေးပိုကြည့်ကောင်းရုံပဲ မဟုတ်ဘူးလား… သူ့လိုဂုဏ်သရေရှိ ပညာတတ်အမျိုးသမီးတစ်ယောက်နဲ့ ဘယ်နေရာမှာယှဉ်နိုင်လို့လဲ….။ ကောင်းရန်က အဲဒိစစ်သည်တော်တစ်ပိုင်းလူရိုင်းတွေကို အမြင်မရှိရကောင်းလား ဉာဏ်မရှိရကောင်းလားဆိုပြီး ကြိတ်ကျိန်ဆဲလိုက်ပါတယ်။ ဒါပေမယ့် အပြင်ပန်းမှာတော့ ကျိုးမောက်ချန်နဲ့တခြားလူတွေကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်ပြီး လင်ဝေ့ရှီးကို ဖေးဖေးမမနဲ့ အိမ်ထဲခေါ်သွားတယ်။

လမ်းတစ်လျှောက်မှာလည်း ကောင်းရန်က လင်ဝေ့ရှီးရဲ့ကျန်းမာရေးကို မေးမြန်းနေတယ်။ အိမ်ရှင်မရဲ့တစ်ယောက်ရဲ့ လောကွတ်ချော်စကားတွေကို အမူပိုပိုဟန်ရေးပြနေပါတယ်။ ဒါပေမယ့် လင်ဝေ့ရှီးကတော့ လက်နွေးမီးဖိုကိုင်ထားရင်း အရေးမထားသလို၊ စိတ်မပါသလို ရံဖန်ရံခါ တစ်ကြောင်းနှစ်ကြောင်းပဲပြန်ဖြေတယ်။ ဒီနေရာမှာ ကောင်းရန် ဘယ်လောက်တောင် မချိသွားဖြဲဖြစ်နေလိမ့်မလဲ ခန့်မှန်းသိနိုင်တယ်။ 

ကောင်းရန်က လင်ဝေ့ရှီးကို ယန့်ဝမ်အိမ်တော်ရဲ့ခမ်းနားလှပတဲ့လျှောက်လမ်းတွေကတဆင့် လမ်းပြခေါ်ဆောင်သွားတယ်။ သူတို့နှစ်ယောက်ယှဉ်လျှောက်လာတုန်း ကောင်းရန်က ခေါင်းကိုငဲ့ပြီးကြည့်မိတယ်။ သူ့ဘေးနားကမိန်းကလေးမှာ နူးညံ့တဲ့မျက်နှာလေးနဲ့ရှည်လျားတဲ့မျက်တောင်တွေရှိတယ်။ သူ ဒီခဏမှာရုတ်တရက် လုံးဝဖြစ်နိုင်ချေမရှိတဲ့ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရတယ်။

သူ့ဘေးနားမှာလမ်းလျှောက်နေတဲ့လူက လင်ဝေ့ရှီးမဟုတ်သလိုပဲ။ အဖေအမေမရှိဘဲ တပါးသူအိမ်မှာလာရောက်ခိုလှုံဖို့ မြို့တော်ကိုရောက်လာတဲ့ တစ်ကောင်ကြွက်တစ်မျက်နှာ မျက်နှာမွဲမိန်းကလေး မဟုတ်သလိုပဲ။ ဒါပေမယ့် ငယ်ငယ်ကတည်းက အမြင့်မှာရောက်နေခဲ့ပြီးသား သူ့အစ်မကြီးကောင်းရှီးနဲ့တူနေတယ်။

…………