(11) ဆက်ခံသူ
ကောင်းရန်က ထူးထူးဆန်းဆန်းခံစားချက်ထဲမှာနစ်နေတယ်။ လင်ဝေ့ရှီးက ဘေးနားကအကြည့်ကို သတိထားမိပြီး မေးလိုက်တယ် “ဘာဖြစ်လို့လဲ”
ကောင်းရန်ရဲ့နှလုံးသားက တဒုတ်ဒုတ်ခုန်နေတယ်။ ဘေးကမျက်နှာက ကောင်းရှီးနဲ့လုံးလုံးကွဲပြားတာကိုသဘောပေါက်ပြီးမှ သူအသာတိုးတိုးပြုံးလိုက်နိုင်တယ်။ သူ တကယ့်ကိုအတွေးလွန်သွားခဲ့တာပဲ။ လင်ဝေ့ရှီးက အဆင့်အတန်းရော ပုံပန်းသွင်ပြင်ရော အမူအကျင့်ရော ကောင်းရှီးနဲ့ နည်းနည်းလေးတောင် တူမနေဘူး။ ပြီးတော့ ကောင်းရှီးက သေသွားခဲ့တာကြာပြီ။ ကဗျည်းတိုင်ရှေ့ သူကိုယ်တိုင်ကိုယ်ကျ အမွှေးတိုင်ထွန်းပူဇော်ခဲ့တာပဲ။
တစ်စုံတစ်ယောက်ရဲ့မင်္ဂလာဆောင်ကို အဘွားအားကိုးနဲ့ခိုးယူခဲ့တဲ့ကောင်းရှီးက အဆုံးသတ်မှာ ဝဋ်လည်သွားခဲ့ပြီးပြီ။ ကိုယ်နဲ့မထိုက်တန်ရင် အတင်းအဓ္ဓမခိုးယူထားလည်း အလကားပဲဖြစ်လိမ့်မယ်။ သူ့ရှေ့ကအမျိုးသမီးကတော့ မျက်နှာလေးစွဲမက်စရာကောင်းတာကလွဲရင် ဘာမှမဟုတ်ဘူး။ ဖြတ်ကျော်နင်းရမယ့် လှေကားထစ်တစ်ခုသာသာပဲ။
ကောင်းရန်က စိတ်အေးချမ်းသွားပြီး လင်ဝေ့ရှီးကို အပြုံးလေးနဲ့ပြောလိုက်တယ် “လင်မိန်းကလေး လမ်းခရီးမှာ အရမ်းပင်ပန်းလာမှာပဲ၊ ဒါပေမယ့် အိမ်တော်ရောက်ရင် အဆင်ပြေသွားပါပြီ၊ လင်မိန်းကလေးရေချိုးဖို့ အစေခံတွေကို ပြင်ဆင်ခိုင်းလိုက်မယ်၊ ပြီးရင် အနားယူလို့ရပြီ”
ကောင်းရန်က လင်ဝေ့ရှီးအတွက် အိပ်ရာအိပ်ခင်းအသစ်တွေလဲထားဖို့ အစေခံတွေကိုခိုင်းလိုက်တယ်။ ဒါပေမယ့် လင်ဝေ့ရှီးက ကြားဖြတ်တားဆီးလိုက်ပါတယ် “ကြင်ယာတော် ခဏ…နေရေးထိုင်ရေးကို ကျွန်မဖာသာ ကြည့်လုပ်လိုက်ပါ့မယ်၊ ခဏနေရင် ဦးလေးကျိုး အရှေ့ခြံဝင်းကပြန်လာလိမ့်မယ်၊ ကြင်ယာတော်ကို အလုပ်မရှုပ်စေချင်ပါဘူး၊ ဘယ်မှာနေရမလဲ ဆိုတာကတော့… အရှင်က သူကိုယ်တိုင်စီစဉ်ပေးမယ်လို့ပြောတယ်၊ ကြင်ယာတော်စိတ်ပူပေးဖို့မလိုပါဘူး”
လင်ဝေ့ရှီးမှာ တင်းမာပြတ်သားတဲ့သဘောထားရှိပြီး ကောင်းရန်နဲ့မရင်းနှီးလိုဘူး။ သူက အိပ်ရာအိပ်ခင်းစီစဉ်ပေးမှာလည်း မလိုချင်ဘူး၊ နေရာထိုင်ခင်းကိစ္စ ဝင်နှောင့်ယှက်မှာလည်း မလိုချင်ဘူး။ ကောင်းရန်က ပြုံးနေပေမယ့် နှုတ်ခမ်းတွေက တောင့်တင်းနေတယ်။ ကောင်းရန်နောက်ကထောင်မားမားလည်း မကျေမချမ်းဖြစ်နေခဲ့တယ်။ သူတို့သခင်မလေးက ယန့်ဝမ်အိမ်တော်ရောက်ကတည်းက အိမ်တော်ကိုတာဝန်ယူလာတာ၊ ဆက်ခံသူကလည်း သခင်မလေးကိုအရမ်းချစ်တယ်။ ရေမြင့်လေ ကြာတင့်လေ ဆိုသလိုပဲ ထောင်မားမားရဲ့စိတ်ကူးရည်ရွယ်ချက်တွေကလည်း သခင်ဖြစ်သူနဲ့အတူ တဖြည်းဖြည်းချင်းမြင့်မားနေခဲ့တာ။ ဒါပေမယ့် အခုမှရောက်လာတဲ့မိဘမဲ့တစ်ယောက်က ဆက်ခံသူကြင်ယာတော်ကို ဘယ်လိုအကြောင့်ကြောင့် မလေးမစားလုပ်ရဲရတာလဲ…
ထောင်မားမားက ဒေါသထွက်လာပြီး ပြောတော့တာပဲ “ဆက်ခံသူကြင်ယာတော်က အိမ်တော်ကိုစီမံခန့်ခွဲနေတဲ့ သခင်မပါ၊ ယန့်ဝမ်အိမ်တော်ရဲ့အရေးကိစ္စတွေအားလုံး ကြင်ယာတော်ရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိတယ်၊ နေထိုင်ရေးကိစ္စကိုတောင် ကြင်ယာတော်ကို ဝင်မပါရဘူးလို့ပြောတာ လင်မိန်းကလေး လွန်လွန်းနေပြီ၊ မင်းကိုယ်မင်း ကြီးကျယ်မြင့်မြတ်တဲ့မိသားစုကလာတဲ့ပုံ ဖမ်းမနေပါနဲ့၊ နေထိုင်စားသောက်စရိတ်တွေအားလုံး ကိုယ့်ဖာသာကိုယ်တတ်နိုင်လို့လား”
“ထောင်မားမား” ကောင်းရန်က အသာတိုးတိုးဟန့်ပြီး အပြစ်တင်တယ် “လင်မိန်းကလေးက အိမ်တော်ရဲ့ဧည့်သည်ပါ”
လင်ဝေ့ရှီး စိတ်ထဲပြုံးမိတယ်။ ကိုယ်လုပ်တော်ဖွားသမီးကောင်းရန်က အစ်မဖြစ်သူရဲ့ခင်ပွန်းကို အောင်အောင်မြင်မြင်ရယူနိုင်တာ မဆန်းဘူး၊ သူက စကားပြောကောင်းသလို သရုပ်ဆောင်လည်းကောင်းတယ်။ သူ့ရဲ့ဒီစကားတစ်ခွန်းက အပြစ်တင်တဲ့စကားတစ်ခွန်း သေချာပေမယ့် ‘လင်မိန်းကလေးကဧည့်သည်ပါ’လို့ပြောလိုက်ပြီး လင်ဝေ့ရှီးကိုပြဿနာရှာတဲ့လူလို့ ရည်ညွှန်းလိုက်တယ်။ ဆင်းရဲတဲ့မိသားစုကလာပေမယ့် မာနကမိုးထိုးနေတာပဲလို့ တမင်သက်သက်ပြောလိုက်တာပါ။
လင်ဝေ့ရှီးက လက်နွေးမီးဖိုလေးကိုကိုင်ထားရင်း နှုတ်ခမ်းတွေကိုကွယ်ကာ ချောင်းနှစ်ချက်လောက်ဆိုးလိုက်တယ်။ ချောင်းဆိုးပြီးတဲ့အချိန် လင်ဝေ့ရှီးရဲ့ပါးပြင်တွေက တရားလွန်ရဲတက်လာပြီး ပိုလို့တောင်လှပကြည့်ကောင်းလာတယ်။ ဒါပေမယ့် သူ့အသံကတော့ လှပတဲ့မျက်နှာလေးနဲ့ဆန့်ကျင်ဘက် ဖာသိဖာသာအေးစက်စက်ပဲထွက်လာတယ် “ကောင်းပါပြီ…. အများကြီးတော့ မရှင်းပြချင်ပေမယ့် ကျွန်မအဖေက ဧကရာဇ်ကိုယ်တိုင်ကချီးမြှင့်တဲ့ ပထမအဆင့်ကျုံးယုံမြို့စားပါ၊ သူ့နာမည်အောက်မှာ မြေဧကပေါင်းများစွာရှိတယ်၊ သူ့ရဲ့တစ်ဦးတည်းသောသမီးဖြစ်တဲ့ကျွန်မက တော်ဝင်မိသားစုတွေနဲ့မယှဉ်နိုင်ရင်တောင် နေ့စဉ်စားရေးသောက်ရေးကုန်ကျစရိတ်လောက်ကို စိုးရိမ်စရာမရှိပါဘူး”
ဝမ်ယွဲ့က ဒေသခံအရာရှိကတော် အပင်ပန်းခံသင်ပေးထားရကျိုးနပ်ပါတယ်၊ သူက ချက်ချင်းကိုရှေ့တက်လာပြီး ပြောတော့တာပဲ “ကျွန်မတို့သခင်မလေးက ငယ်ငယ်ကတည်းက မိဘမရှိတော့ပေမယ့် မြို့စားသမီးဆိုတဲ့ကုသိုလ်ကံပါလာပြီးသား၊ ကျုံးယုံမြို့စားက တိုင်းပြည်အတွက်အသက်စွန့်သွားတာ၊ သခင်မလေးက မြို့စားရဲ့တစ်ဦးတည်းသောသမီးအဖြစ် သားသမီးတာဝန်ကျေပွန်အောင် သစ္စာတရားကို ဦးထိပ်ထားပြီး ပြုမူနေထိုင်တယ်”
ဒါကိုကြားပြီး ကောင်းရန်ရဲ့စိတ်အခြေအနေက သိပ်မကောင်းချင်ဘူး။ လင်ဝေ့ရှီးမှာ အမည်ခံမြို့စားအဖေတစ်ယောက်ရှိတယ်ဆိုတာ မေ့သွားခဲ့တယ်။ ခေတ်သစ်ကမ္ဘာမှာဆိုရင်တော့ လင်ဝေ့ရှီးက အာဇာနည်တစ်ယောက်ရဲ့ကလေးဖြစ်ပြီး ကျောင်းတက်တာကနေ အလုပ်လုပ်တဲ့အထိ အခွင့်ထူးတွေရနေလိမ့်မှာ။ မျိုးနွယ်တွေ နာမည်ဂုဏ်သတင်းတွေကို ပိုအလေးပေးတဲ့ ရှေးခေတ်ကမ္ဘာမှာတော့ ဒိထက်တောင်ပိုပါလိမ့်ဦးမယ်။
ကျုံးယုံမြို့စားဆိုတာက ဘွဲ့နာမည်တစ်ခုသာဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြစရာ အိမ်လည်းမရှိ၊ အင်အားလည်းမရှိဘူး။ ဒါပေမယ့် သူက တိုင်းပြည်အတွက်အသက်ပေးခဲ့တာဖြစ်တယ်။ လင်ဝေ့ရှီးသာ ယောင်္ကျားလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အဖေ့ရဲ့နာမည်ကိုအမှီပြုပြီး စစ်တပ်ထဲဝင်ဖို့ဆိုတာ ဝါးဖြတ်ရသလိုလွယ်လွန်းတယ်။ မိန်းကလေးဖြစ်ရင်တောင်မှ ချန်ထားရစ်ခဲ့တဲ့ဂုဏ်ပုဒ်တွေအောက်မှာ တစ်သက်လုံးခံစားစံစားဖို့ လုံလောက်နေပြီ။ ဒါပေမယ့် ထောင်မားမားက အဲ့သလိုလင်ဝေ့ရှီးကိုမှ ခြိမ်းခြောက်ဖို့ကြိုးစားလိုက်တယ်ပေါ့… ကောင်းရန်ရဲ့မျက်နှာက မှောင်မည်းလာပေမယ့် ချက်ချင်းဆိုသလို အပြုံးလေးနဲ့ဖာထေးလိုက်တယ်။ သူက ဒေါသထွက်ချင်ဟန်ဆောင်ပြီး ပြောတယ် “ထောင်မားမား… လင်မိန်းကလေးက ကျုံးယုံမြို့စားရဲ့သမီးအရင်း၊ ကျွန်မက သူ့ကိုချစ်ခင်အားကျနေရတာ၊ အခုလင်မိန်းကလေးနဲ့ လူကိုယ်တိုင်တွေ့ရတော့ ဘယ်လောက်ပျော်တယ်မှတ်လဲ၊ အဲ့ဒါကို ရှင်က ဘာတွေဝင်ပြောရတာလဲ”
ထောင်မားမားက ခေါင်းကိုခပ်မြန်မြန်ငုံ့ပြီး ကောင်းရန်နောက်ဘက်ကိုဆုတ်ဝင်သွားတယ်။ လင်ဝေ့ရှီးကတော့ အင်္ကျီလက်ဖျားတွေကို ဟိုကိုင်သည်ကိုင်လုပ်နေပြီး သူနဲ့မပတ်သက်သလို မြင်ကွင်းကိုရပ်ကြည့်နေတယ်။ နောက်မှ အိမ်တော်ရဲ့အနီရောင်တိုင်လုံးကြီးတွေကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောပါတယ် “ကျွန်မက မြို့တော်ကိုရောက်ခါစမို့လို့ မြို့တော်ရဲ့စည်းကမ်းတွေကိုလည်း နားမလည်ပါဘူး၊ ဒါကြောင့် လမ်းတစ်လျှောက်မှာ အများကြီးလည်း မပြောရဲခဲ့ဘူး၊ ဒါပေမယ့် ကြင်ယာတော်ဘေးနားကလူတွေရဲ့အပြုအမူကိုကြည့်ပြီး မြို့တော်မှာအမှားတစ်ခုခုပြောမိရင် အပြစ်ပေးမခံရဘူးလားလို့တွေးမိတယ်၊ ဧည့်သည်ကိုမထီလေးစားလုပ်တာတောင် သခင်ဖြစ်တဲ့လူက စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ခွင့်လွှတ်လို့ရတာပဲလား”
ကောင်းရန်မျက်နှာပေါ်ကအပြုံးတွေ ပျောက်သွားလေရဲ့ “လင်မိန်းကလေး…”
လင်ဝေ့ရှီးက ကောင်းရန်ရဲ့မျက်လုံးတွေထဲကို မကြောက်မရွံ့စိုက်ကြည့်ပါတယ် “ဘာလဲ… ကြင်ယာတော်က ကျွန်မကို နောက်ထပ်ဘာတွေသင်ပေးဦးမလို့လဲ”
လင်ဝေ့ရှီးရဲ့စိန်ခေါ်သလိုအပြုအမူကြောင့် ကောင်းရန်က ကျဉ်းထဲကျပ်ထဲရောက်နေသလို ခံစားနေရတယ်။ အချင်းချင်းအကြည့်ချင်းပြိုင်ပြီးမှာတော့ ကောင်းရန်က သုန်မှုန်နေတဲ့မျက်နှာထားနဲ့ဆိုတယ်။ သူ တကယ့်ကို သူရဲကောင်းရဲ့ကလေးတွေကို ပျစ်ပျစ်နှစ်နှစ်မပြောရဲဘူးလေ “ထောင်မားမား ရှင်က အလိုလိုက်လွန်းလို့ နေရာတကာကန်းတက်ချင်တာလား၊ လင်မိန်းကလေးကို မြန်မြန်တောင်းပန်လိုက်”
ထောင်မားမား ဆွံ့အသွားရပြီ။ သူ ကောင်းရန်နောက်ကိုလိုက်တဲ့အချိန်ကစပြီး နယ်စားအိမ်တော်ကနေ အခုယန့်ဝမ်အိမ်တော်ရောက်တဲ့အထိ အကောင်းဆုံးတွေနဲ့ချည်းပစားပေးခံခဲ့ရတယ်။ သခင်မရဲ့နို့ထိန်းအမေဖြစ်ရတဲ့ဂုဏ်ကို ကျင့်သားရနေခဲ့ပြီ။ အခုတော့ အစေခံတွေအလယ်မှာ (၁၆)နှစ်အရွယ်မိန်းမငယ်လေးကိုတောင်းပန်ခိုင်းလာတယ်။ ဒါက တကယ့်ကိုအရှက်စရာဖြစ်ရပ်ဖြစ်ပါတယ်။ ထောင်မားမားက ကောင်းရန်ကို မျက်လုံးတွေပြူးပြီးကြည့်တယ်။ ကောင်းရန်ရဲ့မျက်နှာထားကိုမြင်ပြီးမှ ဝတ်ကျေတန်းကျေတောင်းပန်တယ် “ကျွန်တော်မျိုးမ အသိမရှိ ကျင့်ဝတ်မရှိဘဲ လင်မိန်းကလေးကိုအပြစ်ပြုမိပါတယ်၊ လင်မိန်းကလေးကျေးဇူးပြုပြီးခွင့်လွှတ်ပါ”
လင်ဝေ့ရှီးရဲ့နူးညံ့တဲ့မေးဖျားတွေက တစ်ချက်မရွေ့သွားဘူး၊ ဒါပေမယ့် မျက်လွှာကိုအောက်စိုက်ပြီး ထောင်းမားမားကိုကြည့်တယ်။ ပုံပန်းသွင်ပြင်က အထက်စီးဆန်ပြီး လေသံကလည်းမာတယ် “ရပြီ ဒီတစ်ကြိမ် ရှင်ကျွန်မကို ရိုင်းရိုင်းစိုင်းစိုင်းပြုမူပေမယ့် အရှင့်မျက်နှာထောက်ထားပြီး ထည့်မတွက်တော့ဘူး၊ နောက်တစ်ခါ ကျုံးယုံမြို့စားရဲ့အမည်နာမကို စော်ကားလာဦးမယ်ဆိုရင်တော့ နန်းတွင်းရဲ့သူရဲကောင်းတွေကို အကြည်ညိုပျက်စေမှုနဲ့အပြစ်ပေးရလိမ့်မယ်၊ ဘယ်သူမှ ကယ်တင်နိုင်လိမ့်မယ်မထင်နဲ့”
ပြောပြီးမှာ လင်ဝေ့ရှီးက ထောင်မားမားနဲ့ကောင်းရန်တို့ကို မကြည့်တော့ဘဲ အရှေ့ကိုဆက်လျှောက်သွားတယ်။ ကောင်းရန်ကတော့ ယန့်ဝမ်အိမ်တော်မှာ လက်ထပ်ပြီးကတည်းက ဒီလိုမျိုးလျစ်လျူရှုခံရတာမျိုး မရှိသလောက်ပဲ။ သူက ခဏလောက်ကြောင်သွားပြီးမှ ဒေါသတွေထွက်လာလို့ ပြန်မြိုချလိုက်ပြီး လင်ဝေ့ရှီးနောက်ကို ခပ်မြန်မြန်ပြေးလိုက်ရတယ်။
“လင်မိန်းကလေး ခြံဝင်းမစီစဉ်ပေးရသေးဘူးလေ၊ ဘယ်သွားမလို့လဲ”
လင်ဝေ့ရှီးတောင့်သွားပြီး ခြေလှမ်းတွေ ချက်ချင်းကိုနှေးကျသွားတယ်။ သူမေ့သွားတာ။ သူက ယန့်ဝမ်အိမ်တော်ကို ပထမဦးဆုံးအကြိမ်ရောက်လာတာဖြစ်လို့ လမ်းတွေသိနေလို့မရဘူး။ လင်ဝေ့ရှီးက ချောင်းဟန့်ပြီး ဖာထေးလိုက်ပြီးမှ ပြောလိုက်ရတယ် “ခန်းမဆောင်ထဲခေါ်သွားပေးဖို့ ကြင်ယာတော်ကိုပဲဒုက္ခပေးရတော့မယ်၊ အရှင်ယန့်ဝမ်က ကျွန်မအပေါ်မှာ အများကြီးညှာတာထောက်ထားပါတယ်၊ အရှင်ပြန်လာတာကိုစောင့်ပြီး နေရာမေးလိုက်ပါ့မယ်”
ကောင်းရန်မှာပြောစရာစကားမရှိဘူး။ တကယ်တော့ ဒီခဏမှာ လင်ဝေ့ရှီးအပေါ်ထားတဲ့ ကောင်းရန်ရဲ့အကဲဖြတ်အမြင်က အကြိမ်ကြိမ်ကျဆင်းလာတယ်။ ဒါက ဖန်တရာတေဇာတ်ဝင်ခန်းတွေထဲကလို သနားစရာစင်ဒရဲလားမတစ်ယောက်မဟုတ်မှန်း အခုတော့ နားလည်သွားပြီ။ ဒီမိန်းမက အကြံတွေပြည့်နေတဲ့ မိထွေးသမီးဖြစ်နေတာကိုး…။ ဒီလိုပြိုင်ဘက်တစ်ယောက်ရလိုက်တာဟာ ကောင်းရန်အတွက်တော့ မပြီးဆုံးနိုင်တဲ့သံသရာထဲနစ်သွားသလိုပါပဲ။
ကောင်းရန်ရဲ့နှလုံးသားထဲ မီးတောက်တွေ စထက်တံပိုးတိုးလာတယ်။ သူက မျက်ဝန်းထဲက ဒေါသမီးတွေကို မမြင်နိုင်အောင် ခေါင်းငုံ့ထားရပြီး နောက်တစ်ကြိမ်ခေါင်းမော့လိုက်တဲ့အချိန်မှာတော့ နဂိုပုံစံသိမ်မွေ့ရက်ရောတဲ့ အိမ်ကြီးရှင်သခင်မတစ်ယောက် ဖြစ်လို့သွားတယ် “လင်မိန်းကလေးက စဉ်းစားတွေးခေါ်တတ်ပြီးဖြောင့်မတ်တယ်၊ အဖေပြန်လာရင် လင်မိန်းကလေးကိုမြင်ပြီး အရမ်းကျေနပ်သွားမှာပဲ၊ လင်မိန်းကလေး ကျွန်မနဲ့လိုက်ခဲ့ပါ ခန်းမဆောင်က ဒီဘက်မှာပါ”
လင်ဝေ့ရှီးက ခဏလောက်အံ့အားသင့်သွားပြီးမှ ကောင်းရန်ပြောတဲ့အဖေဆိုတာ ယန့်ဝမ်ကိုဆိုလိုကြောင်း နားလည်သွားတယ်။ စိတ်ရှုပ်သလိုဖြစ်လာပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူ ဂုဏ်ယူမိသွားတယ်။ …ဟွန့် တော်စပ်ပုံကို တကူးတကထုတ်ပြောပြီး မိသားစုဆိုပြီးမဏ္ဍပ်တိုင်တိုက်ချင်နေတာလား… ဘယ်သူပိုရင်းနှီးလဲပြိုင်ကြကြေးဆို ဘယ်သူနိုင်မလဲ သိလို့လား…
သူတို့တွေအိမ်တော်ပြန်လမ်းခရီးမှာ လင်ဝေ့ရှီး နေမကောင်းဖြစ်ပြီး တစ်ညလုံးအဖျားတက်ခဲ့ပါတယ်။ အဲဒိအချိန်တုန်းက သူ့စိတ်တွေ ဂယောင်ခြောက်ခြားနဲ့ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေခဲ့ပေမယ့် ဘေးပတ်လည်ကအသံတွေကို ကြားနေခဲ့သေးတယ်။ မူးဝေနေပေမယ့်လည်း ခြေသံတွေကို ရှင်းရှင်းလင်းလင်းကြားနေခဲ့တယ်။ သူက မျက်လုံးတွေကိုကြိုးစားဖွင့်ကြည့်ခဲ့တဲ့အခါ အိပ်ရာဘေးနားထိုင်နေတဲ့ယန့်ဝမ်ကိုမြင်တယ်။ ယန့်ဝမ်က သူ့နဖူးကို အသေအချာစမ်းသပ်နေခဲ့တယ်။ မျက်မှောင်ကြီးကျုံ့ပြီး ဘာမှလည်းမပြောဘဲ ထထွက်သွားပြီးမှ ခဏအကြာ သမားတော်နဲ့အတူပြန်ဝင်လာတယ်။ လင်ဝေ့ရှီးက လိုက်ကာနောက်က အိပ်ရာပေါ်မှာ။ ဒါပေမယ့် အပြင်က စကားပြောသံတွေကို တိုးတိုးတိုးတိုးကြားနေရတယ်။ သူ့အခြေအနေအကြောင်းပြောနေကြတာတောင် ယန့်ဝမ်က လူတွေကို ခပ်တိုးတိုးပြောကြဖို့ ညွှန်ကြားနေခဲ့တယ်။
ဒီလိုမျိုးကြင်နာမှုတွေက ယန့်ဝမ်ကို နှစ်ပေါင်းများစွာ သူရဲကောင်းကြီးတစ်ယောက်လို လေးစားကိုးကွယ်ခဲ့ရတဲ့ လင်ဝေ့ရှီးအတွက်တော့ လူရွေးမမှားခဲ့ဘူးလို့ ပြသနေခဲ့တယ်။ သူ့သားက လမ်းခုလတ်မှာဖောက်ပြန်ခဲ့တာကလွဲလို့ပေါ့။ လင်ဝေ့ရှီးကတော့ ယန့်ဝမ်ကိုယ်၌ကို ဆန့်ကျင်ရမယ့်အကြောင်း ရှာမတွေ့နိုင်ဘူး။ ယန့်ဝမ်နဲ့ ပထမဦးဆုံးဆုံတွေ့ချိန်မှာ သူက လူတွေကိုဆူပူဆဲဆိုနေခဲ့တယ်။ နောက်တော့ သူ့ရဲ့လှည့်ကွက်လေးတွေလည်း ဘူးပေါ်သလိုပေါ်သွားပြီး မနက်စောစောစီးစီးမျက်နှာမသစ်ဘဲလည်း ယန့်ဝမ်ရှေ့ ရောက်ခဲ့ဖူးတယ်၊ သြဇာပေးခံရလို့ ဒေါသလည်းထွက်ခဲ့ဖူးတယ်… လင်ဝေ့ရှီးရဲ့ရုပ်ဆိုးလှတဲ့အဖြစ်အပျက်တွေအားလုံး ယန့်ဝမ်ကိုမြင်တွေ့စေခဲ့ပြီးပြီ။ ဒါကြောင့် လင်ဝေ့ရှီးက ယန့်ဝမ်ရှေ့မှာ ဘာမှမဟုတ်သလို တည်တည်ငြိမ်ငြိမ်နေတတ်နေပြီ။ သူ့မှာ ဒိထက်ပိုပြီးအရှက်ကွဲစရာ နောက်ထပ်မကျန်တော့ဘူး။ ပိုဆိုးသွားစရာအကြောင်းမရှိတော့ဘူး။ အကယ်၍ သူ ယန့်ဝမ်မျက်မှောက်မှာ ကောင်းရန်ကိုမကြိုက်ကြောင်းပြရင်တောင်မှ ဝမ်ရယ်က များများစားစားပြောမှာမဟုတ်မှန်း သူသိတယ်။ ကောင်းရန်ဘက်ကလည်း တိုင်တန်းလာခဲ့ရင်ရော …. အဟွန့်…. ဒါဆို ဘယ်သူက ဘယ်သူ့ကိုစွပ်စွဲချင်နေတာလဲ သေချာမသိနိုင်ဖြစ်သွားလိမ့်မယ်….
ခန်းမဆောင်ဘယ်မှာလဲ လင်ဝေ့ရှီးသိတယ်။ ဒါပေမယ့် သူက ကောင်းရန်နောက်ကလိုက်လာတယ်။ ကောင်းရန်က လင်ဝေ့ရှီးကိုခေါ်ပြီး အထဲဝင်တော့မလို့ ဒါပေမယ့် အစေခံတစ်ယောက်အနားရောက်လာပြီး ကောင်းရန်ကိုခေါ်ထုတ်သွားတယ်။ လင်ဝေ့ရှီးရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံအရ အိမ်ရှင့်မျက်ကွယ်လျှောက်မသွားရဘူးဆိုတာ နားလည်တယ်။ ဒါကြောင့် နေရာမှာမတ်တပ်ရပ်စောင့်နေခဲ့တယ်။ ပုခုံးပေါ် အဖြူရောင်ကတ္တီပါရှောစောင်လေး ခြုံထားရင်းဖြစ်ပါတယ်။ လင်ဝေ့ရှီးက ပြတင်းပေါက်ဘောင်ပေါ်က ပြဒါးနီရောင်အနုစိတ်ပန်းလက်ရာတွေကို ရောက်တတ်ရာရာငေးနေခဲ့ပါတယ်။ ဒီအချိန်မှာ ရုတ်တရက် ခေါ်သံတစ်ခု အနောက်ဖက်ကထွက်လာတယ် “အစ်မရှီး”
လင်ဝေ့ရှီး အလိုလျောက်ပဲ နောက်လှည့်ကြည့်မိတယ်။ ဒီအခါမှာ မုဒ်ဦးတံခါးဝကိုကျော်ဖြတ်ပြီးဝင်လာတဲ့ယောင်္ကျားတစ်ယောက်ကိုမြင်တယ်။ ဒီယောင်္ကျားရဲ့မျက်နှာပေါ်မှာ ခေါ်သံကြောင့် အံ့အားသင့်သွားတဲ့အမူအရာတွေရှိတယ်။
အစ်မရှီးတဲ့….
ဝင်လာတဲ့လူကိုမြင်ပြီး လင်ဝေ့ရှီးတကိုယ်လုံးတောင့်တင်းသွားခဲ့တယ်။ နောက်တော့ ခပ်မြန်မြန်ခေါင်းငုံ့လိုက်ပြီး မျက်လုံးထဲကခံစားချက်ပြင်းပြင်းတွေကို ဖုံးကွယ်လိုက်ရတယ်။ ဒီအချိန်မှာ ကျိုးမောက်ချန်က လင်ဝေ့ရှီးရဲ့ဘေးနားကိုရောက်နေခဲ့ပြီ။ သူက ပြုံးရယ်ပြီးပြောလိုက်တယ် “အစ်မရှီး… လူက နှစ်လှမ်းလှမ်းလိုက်တိုင်း ချောင်းဆိုးနေတဲ့ဟာကို အိမ်ထဲမဝင်ဘဲ ဘာလို့အပြင်ကြီးမှာ မတ်တပ်ရပ်နေရတာလဲ”
လင်ဝေ့ရှီးက ပေါ်သွားမှာစိုးလို့ အတတ်နိုင်ဆုံး ဗလာမျက်နှာထားကို ပြုလုပ်ထားရတယ်။ သူက ရောက်လာတဲ့လူကို တစ်ချက်ကြည့်လိုက်ပြီးမှ ကျိုးမောက်ချန်ဆီအကြည့်ဆက်လိုက်တယ်။ ကျိုးမောက်ချန်လည်း သူ့နဖူးသူရိုက်ပြီး ရှင်းပြရတော့တာပေါ့ “သြော် မိတ်ဆက်ပေးဖို့မေ့သွားတယ်၊ ဒါက ဝမ်ရယ်ရဲ့တစ်ဦးတည်းသောသား ငါတို့ယန့်ဝမ်အိမ်တော်ဆက်ခံသူ သခင်လေးကုချန်ယောက်၊ အပြင်လူမဟုတ်ဘူးနော် ရှက်စရာမလိုဘူး”
“ဘယ်လိုအပြင်လူမဟုတ်ရမှာလဲ…” လင်ဝေ့ရှီးရဲ့စကားတွေ တုန့်ဆိုင်းတုန့်ဆိုင်းထွက်လာတယ်။ နောက်တော့ ခေါင်းကိုမမော့ဘဲ အေးတိအေးစက်အသိအမှတ်ပြုပေးလိုက်တယ် “ဆက်ခံသူ”
ကျိုးမောက်ချန်က ကြမ်းကြမ်းတမ်းတမ်းသမား၊ သူက လင်ဝေ့ရှီးရဲ့တောင့်နေတဲ့ကိုယ်ခန္ဓာကို သတိမပြုမိဘူး၊ ကုချန်ယောက်ကို တက်တက်ကြွကြွမိတ်ဆက်ပေးနေတယ် “သခင်လေး ဒါက ဝမ်ရယ်စာထဲမှာပြောထားတဲ့မိန်းကလေးပါ၊ ကျုံးယုံမြို့စားရဲ့တစ်ဦးတည်းသောသမီး လင်ဝေ့ရှီး လင်မိန်းကလေးပါ”
ဓလေ့ထုံးတမ်းတွေအရ မိန်းကလေးတစ်ယောက်ရဲ့နာမည်ကို လက်လွတ်စပယ်လျှောက်မပြောသင့်ဘူး။ ဒါပေမယ့် ကျိုးမောက်ချန်ရဲ့ခေါင်းထဲမှာ ကုချန်ယောက်က ယန့်ဝမ်ရဲ့သား၊ အပြင်လူမဟုတ်တာကြောင့် လင်ဝေ့ရှီးရဲ့နာမည်ကို သာမန်ကာလျှံကာပဲပြောလိုက်တယ်။
ဘေးနားက ကုချန်ယောက်ကတော့ လင်ဝေ့ရှီးရဲ့နာမည်အပြည့်အစုံကို မကြားခင်အချိန်ထိ မသက်မသာဖြစ်နေခဲ့တာပါ။ …လင်ဝေ့ရှီးလို့ခေါ်တာကိုး… အဲဒိအစ်မရှီးမဟုတ်ဘူးပေါ့…။ အခုအချိန် နှလုံးသားထဲ ဘယ်လိုခံစားနေရလဲ သူ မပြောနိုင်ဘူး။ ဒါပေမယ့် ကုချန်ယောက်က ဧည့်သည်တစ်ယောက်ရှေ့မှာ သူ့ရဲ့ရှုပ်ထွေးနေတဲ့ခံစားချက်ကို လျစ်လျူရှုထားဖို့ပဲတတ်နိုင်တယ်။ အဲဒိအစား သူက အပြုံးလေးနဲ့ပဲ နှုတ်ဆက်လိုက်တယ် “ကိုယ့်နာမည် ကုချန်ယောက်ပါ၊ မင်းအဖေက ကိုယ့်အဖေကိုကယ်ရင်း အသက်စွန့်သွားတာဆိုတော့ မင်းက ယန့်ဝမ်အိမ်တော်ရဲ့အထူးဧည့်သည်ပဲ၊ အားနာစရာမလိုဘူး အိမ်တော်မှာလွတ်လွတ်လပ်လပ်နေလို့ရတယ်၊ အခက်အခဲရှိရင်လည်း ကိုယ့်ကိုလာရှာလို့ရတယ်”
လင်ဝေ့ရှီးရဲ့မျက်နှာက ခံစားချက်မဲ့နေဆဲပါ။ ဒါပေမယ့် နှလုံးသားထဲမှာတော့ ရယ်သွမ်းသွေးနေတယ်။ ဝမ်နည်းမှုတွေပြည့်တက်လာတဲ့အထိ အော်ရယ်နေမိတယ်။ ကုချန်ယောက်က ရင်းနှီးခြင်းလုံးဝမရှိတဲ့ သူစိမ်းမိန်းမတစ်ယောက်ကို ပြောတယ်… ‘အခက်အခဲရှိရင် ကိုယ့်ကိုလာရှာလို့ရတယ်’ တဲ့။ သူ အရင်ဘဝမှာ ကုချန်ယောက်မိန်းမအဖြစ်နဲ့ အိမ်တော်ကို အရိုးကွဲမတတ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပြီး အပင်ပန်းလွန် သေဆုံးသွားခဲ့တယ်။ ဒါပေမယ့် ကုချန်ယောက်ဆီက ‘ပြဿနာရှိရင် ကိုယ့်ကိုလာရှာလှည့်’ ဆိုတဲ့စကားတစ်ခွန်း ဘယ်တုန်းကမှမကြားခဲ့ဖူးဘူး။
အဟက်… ဘဝကြီးရဲ့တွေ့ဆုံမှုတွေ နှိုင်းယှဉ်ချက်တွေက သိပ်ကိုရယ်စရာကောင်းတာပဲ။
………………