(12) ဒူးထောက်ကန်တော့သည်
ဒီခဏမှာ ကျိုးမောက်ချန်က လင်ဝေ့ရှီးနဲ့ကုချန်ယောက်တို့ဘာတွေဖြစ်နေလဲ လုံးလုံးမမြင်ဘူး။ သူ့သခင်လေးကို လင်ဝေ့ရှီးအကြောင်း အားကြိုးမာန်တက်ရှင်းပြနေတယ်။ လင်ဝေ့ရှီးဘယ်လိုခရီးကြမ်းမခံနိုင်တဲ့အကြောင်း၊ လင်ဝေ့ရှီးဘယ်လို နေမကောင်းဖြစ်လာတယ်ဆိုတဲ့အကြောင်း၊ ယန့်ဝမ်က ဆယ်မိုင်ပတ်လည်သမားတော်တွေ အကုန်ပင့်တဲ့အကြောင်း၊ ဒါတွေထက် လင်ဝေ့ရှီးကိုပြုစုပေးဖို့ သူကိုယ်တိုင်ကိုယ်ကျ အစေခံတစ်ယောက်သွားရှာတဲ့အကြောင်း အာပေါင်အာရင်းသန်သန်ပြောပြနေခဲ့တယ်။
ကုချန်ယောက်က ဒါကိုကြားပြီးအံ့အားသင့်သွားပါတယ် “အဖေက သူကိုယ်တိုင် အစေခံရွေးတယ် ဟုတ်လား”
“ဟုတ်တယ်” ကျိုးမောက်ချန်က အသေအချာအတည်ပြုပေးလိုက်တယ်။ ကုချန်ယောက်ကိုအသာထားဦး၊ ဝမ်ရယ်နောက်ဆယ်နှစ်ကျော်လိုက်လာတဲ့ သူကိုယ်တိုင်တောင် ဒီမြင်ကွင်းကိုမြင်ပြီး အံ့သြတကြီးဖြစ်ခဲ့သေးတာလေ။
ကုချန်ယောက်က ခေါင်းကိုငဲ့ပြီး လင်ဝေ့ရှီးဆီအကြည့်ပို့ပါတယ်။ ရှေ့တစ်ခဏနဲ့မတူတာက သူ့မျက်ဝန်းထဲမှာ ပိုလို့ရှုပ်ထွေးလာတဲ့အရိပ်အယောင်တွေရှိတယ်။ လင်ဝေ့ရှီးကတော့ တစ်ဖက်သားရဲ့စူးစမ်းသလိုအကြည့်တွေကို ကြောက်ရွံ့မနေဘူး။ ဆန့်ကျင်ဘက်ပဲ ပိုလို့စိတ်ဝင်စားနေပါသေးတယ်။ သူတွေးနေမိတာက… ဘာလို့များ ကုချန်ယောက်ရဲ့မျက်ဝန်းထဲ မနာလိုဝန်တိုတဲ့အရိပ်ယောင်တွေ တွေ့နေရတာလဲ…
ကျိုးမောက်ချန်ကတော့ သခင်လေးရဲ့နှုတ်ဆိတ်သွားမှုကို နားလည်ပါတယ်။ သူက သက်ပြင်းတစ်ခုချပြီး ဘာမှမဟုတ်သလို နှစ်သိမ့်ရပြန်တယ် “စစ်ပွဲတွေက ပြီးသွားပါပြီ၊ နောက်ပိုင်း ဘာမှမရှိတော့ရင် ဝမ်ရယ်လည်းအပြင်ထွက်စရာမလိုတော့ပါဘူး၊ ဒီတစ်ခါ ဝမ်ရယ်ပြန်လာတာ အကြာကြီးနေလို့ရတယ်”
ကုချန်ယောက်က ဒါကိုကြားမှ သက်သာရာရတယ်။ သူ့အဖေနဲ့အတူနေတဲ့အချိန်တွေက သူ့အတွက်တော့ သိပ်ကိုရှားပါးလွန်းတာကိုး။
သူတို့တွေစကားကောင်းနေတဲ့အချိန်မှာပဲ ကောင်းရန်က ကိစ္စတွေကိုစီမံပြီးလို့ အနားပြန်ရောက်လာတယ်။ သူလမ်းလျှောက်လာတုန်းမှာ ကုချန်ယောက်တစ်ယောက် ခြံဝင်းအလယ်မှာမတ်တပ်ရပ်နေတာကိုမြင်တယ်။ လင်ဝေ့ရှီးက ကုချန်ယောက်ရဲ့ဘေးနားမှာ။ ဒီမြင်ကွင်းက ကောင်းရန်ရဲ့မျက်ခုံးတန်းတွေကိုတွန့်ချိုးသွားစေတာပဲ။ ဒါပေမယ့် တစ်စက္ကန်ပဲကြာလိမ့်မယ်၊ ကောင်းရန်က တည်ငြိမ်တဲ့အပြုံးတွေအပြည့်နဲ့ ကုချန်ယောက်ကိုနှုတ်ခွန်းဆက်တယ်။ ပြီးမှ ကုချန်ယောက်ဘေးမှာ အိမ်ရှင်မတစ်ယောက်ရဲ့အပြုအမူအတိုင်း အသာအယာမတ်တပ်ရပ်နေခဲ့တယ်။
ကျိုးမောက်ချန်က ကုချန်ယောက်နဲ့အတူရောက်လာခဲ့တာဖြစ်တယ်။ သူရောက်လာရခြင်း အဓိကရည်ရွယ်ချက်က လင်ဝေ့ရှီးအတွက်ပါ။ အခု လင်ဝေ့ရှီးကိုလည်းမြင်ရပြီ၊ ကြင်ယာတော်လည်းပြန်ရောက်လာပြီဆိုတော့ သူ့လိုအပြင်လူတစ်ယောက်က အတွင်းခြံဝင်းထဲကြာကြာနေဖို့ မသင့်တော်ဘူး။ ဒါကြောင့် သူက ချက်ချင်းပဲ ထွက်သွားတယ်။
ကျိုးမောက်ချန်ထွက်သွားပြီးတဲ့အချိန် ခြံဝင်းထဲ လူသုံးယောက်ပဲကျန်ခဲ့တယ်။ အစေခံတွေကတော့ ဘာရယ်မသိ ဖိအားတွေခံစားနေရတယ်။ …ထူးဆန်းလိုက်တာ၊ သခင်လေးနဲ့သခင်မလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာလေ၊ လင်မိန်းကလေးက ဒီနေ့မှအိမ်တော်ရောက်လာတဲ့အပြင်လူလေ၊ အချင်းချင်းရန်ငြိုးရန်စမရှိပါရက် ဘာလို့လေထုက ရုတ်တရက် တင်းမာသွားရတာလဲ…
လေထုကိုစပြီးဖြိုခွင်းသူက ကုချန်ယောက်ပါ။ သူက အိမ်တော်ရဲ့တစ်ဦးတည်းသောယောင်္ကျားသား၊ ဒီနေ့ယန့်ဝမ်ပြန်လာမှာမို့ စီစဉ်စရာတွေတပုံတခေါင်းရှိတယ်။ ဒါကြောင့် သူက အမျိုးသမီးတစ်စုကို အိမ်ထဲဝင်ခိုင်းလိုက်ပြီး ပြန်ထွက်သွားတယ်။ ကောင်းရန်က ဧည့်သည်တွေကိုခဏထိုင်ခိုင်းထားပြီး သူ့ယောင်္ကျားနောက် အပြေးလိုက်သွားလေရဲ့။
ကုချန်ယောက်နဲ့ကောင်းရန်တို့နှစ်ယောက် နူးနူးညံ့ညံ့စကားတွေဖလှယ်နေကြတာကို အကွယ်တစ်ဖက်ကနေ လင်ဝေ့ရှီးမြင်ပါတယ်။ နှစ်ယောက်သားက ပူးကပ်နေပြီး တီးတိုးဆိုနေကြတယ်။ ကောင်းရန်က ကုချန်ယောက်ကို အကြင်နာမျက်ဝန်းတွေနဲ့ကြည့်တယ်။ သူ မထွက်သွားခင်မှာ ကောင်းရန်က သူ့ယောင်္ကျားပုခုံးပေါ်က မရှိတဲ့ဖုန်မှုန့်တွေကို လက်နဲ့ခါပေးလိုက်သေးတယ်။
လင်ဝေ့ရှီးက စူးစိုက်ကြည့်နေမိတယ်။ ယန့်ဝမ်အိမ်တော်စည်းကမ်းတွေကို သူ့လောက်ဘယ်သူပိုသိမှာလဲ။ အိမ်တော်တစ်ခုလုံး ဘယ်အခန်းကိုမဆို နေ့တိုင်းသန့်ရှင်းရေးလုပ်ရတယ်။ ကုချန်ယောက်က အတွင်းခြံဝင်းထဲရောက်လာပြီး ဘယ်ဖုန်မှုန့်က ဘယ်လိုတက်လာမှာလဲ… တကယ်လို့ ဒီနေ့မှလေပြင်းတိုက်ပြီး ကုချန်ယောက်တစ်ကိုယ်လုံးဖုန်တက်သွားရင်တောင် သူ့နောက်ကအစေခံတွေက လက်ပြတ်နေလို့လား… ကောင်းရန်ကိုယ်တိုင် လုပ်ပေးစရာလိုလို့လား…
လင်ဝေ့ရှီးကတော့ မျက်ဖြူစိုက်ကိန်းဖြစ်နေပြီ။ ဒါကတကယ့်ကို အပိုတွေလုပ်ပြနေတာလေ… ဝေါ့… အော်ဂလီဆန်တယ်…။ သူနောင်တရတယ်၊ အိမ်တော်လိုက်ခဲ့ဖို့ ယန့်ဝမ်ခေါ်တုန်းက သူသဘောမတူလိုက်သင့်ဘူး။ ဒါတွေသာ ကြာကြာမြင်နေရရင် ဒီဟာမလက်ချက်နဲ့သွေးတက်ပြီးသေပါလိမ့်မယ်…
ကံကောင်းတာကတော့ ကုချန်ယောက်က အိမ်တော်မှာကြီးပြင်းလာတဲ့ မင်းမျိုးနွယ်အထက်တန်းလွှာတစ်ယောက်ဖြစ်ပါတယ်။ သူက သူ့ဇနီးနဲ့ လူမြင်ကွင်းမှာရင်းရင်းနှီးနှီးနေဖို့ အလေ့အကျင့်မရှိဘူး။ သူက ကောင်းရန်ကို ကျေးဇူးတင်တဲ့အကြည့်တစ်ချက်ပေးလိုက်ပြီး တစ်စုံတစ်ခုကပ်ပြောကာ လှည့်ထွက်သွားတော့တယ်။
ဒီအခါမှာ ကောင်းရန်က အခန်းထဲဧည့်သည်တစ်ယောက်ရှိနေမှန်း သတိရသလိုဖြစ်သွားတယ်။ သူက အတွင်းဘက်လျှောက်ခဲ့ရင်းမှာ သူ့ပါးပြင်တွေက ရဲရဲနီနေတယ်။ ချစ်စခင်စကြင်နာစ ဇနီးမောင်နှံရဲ့ရှက်သွေးနီနီလေးတွေကိုဖော်ပြဖို့ လုံလောက်တဲ့ပမာဏရှိတယ် “လင်မိန်းကလေးကို ရယ်စေမိပြီ”
လင်ဝေ့ရှီးက စကားရောဖောရောပြုံးပြလိုက်ပေမယ့် စိတ်ထဲမှာတော့ တော်တော်ကြီးချဉ်နေတာဖြစ်ပါတယ်။
ကျန်တဲ့အချိန်တွေမှာတော့ လင်ဝေ့ရှီးက ယန့်ဝမ်အိမ်တော်ရဲ့ကြီးကျယ်ခမ်းနားတဲ့ ခန်းမဆောင်ကြီးထဲထိုင်နေတယ်။ တစ်ချိန်လုံးမှာလည်း ကောင်းရန်ရဲ့စကားလုံးတွေ… ယန့်ဝမ်အိမ်တော်ဘယ်လောက်အဆင့်အတန်းမြင့်ကြောင်း၊ နယ်စားအိမ်တော်ဘယ်လောက်အာဏာကြီးကြောင်း၊ ကုချန်ယောက်က သူ့ကိုဘယ်လိုစိုးရိမ်ပေးကြောင်း ဒါတွေချည်းထပ်တလဲလဲကြားနေရတယ်။ အဆိုးဆုံးအခြေအနေမှာ ယန့်ဝမ်အိမ်ပြန်ရောက်လာပြီဆိုတဲ့သတင်းသာ လာအကြောင်းမကြားရင် လင်ဝေ့ရှီးက ဒီမိန်းမကို နေရာမှာ ပါးထရိုက်မိတော့မှာ။
…….
ကုဟွေးရန့် မြို့တော်ထဲဝင်လာတဲ့အချိန်မှာ နန်းတွင်းမိန်းမစိုးတစ်ယောက်ရောက်လာပြီး ဧကရာဇ်နဲ့မယ်တော်ကြီးက အခေါ်တော်လွှတ်လိုက်ကြောင်း သတင်းစကားပါးလာတယ်။ ကုဟွေးရန့်လည်း နန်းတွင်းထဲအရင်ဝင်ပြီး အမေနဲ့သားကို နှုတ်ဆက်သကာရပြုပြီးမှ ရှောရှောရှူရှူအိမ်ပြန်လာလို့ရတာ။ အိမ်ပြန်ရောက်လို့ အိမ်တံခါးဝရောက်ချိန်အထိ သူ တစ်စက်ကလေးမှ အနားမယူရသေးဘူး။
ကုဟွေးရန့် အိမ်တော်တံခါးပေါက်ကဝင်လာတဲ့အခါ ယန့်ဝမ်အိမ်တော်တစ်ခုလုံး သက်ဝင်လှုပ်ရှားသွားခဲ့တယ်။ ကြီးကြီးငယ်ငယ်ရှိရှိသမျှအစေခံတွေအားလုံး မတ်တပ်ရပ်ပြီး တက်တက်ကြွကြွ အော်ဟစ်လိုက်ကြတယ် “ဝမ်ရယ်ပြန်လာပြီ”
ယန့်ဝမ်က သုံးနှစ်ကြာမှပြည်တော်ပြန်ရောက်လာပြီး အဆုံးမှာတော့ အိမ်တော်တစ်ခုလုံးကလူတွေက သူတို့ရဲ့သခင်အစစ်ကို ကြိုဆိုနိုင်ကြပြီဖြစ်တယ်။
အတွင်းခြံဝင်းကလည်း အပြင်ဘက်ကဆူညံသံတွေကိုကြားတယ်။ ကောင်းရန်က လျင်လျင်မြန်မြန်ထရပ်တယ်။ သူ စိတ်လှုပ်ရှားနေတာလုံးဝသိသာတယ် “ယန့်ဝမ်ပြန်လာပြီတဲ့၊ ထောင်မားမား ကျွန်မဘယ်လိုနေလဲ”
ကောင်းရန်နဲ့သူ့ရဲ့အစေခံတွေ အလျင်စလိုထရပ်လိုက်ကြပေမယ့် လင်ဝေ့ရှီးကတော့ နောက်ဖက်ကလူတွေကို လျစ်လျူရှုရင်း ခပ်ဖြည်းဖြည်းထရပ်ပြီးမှ တံခါးဝနားမှာ မတ်တပ်ရပ်နေပါတယ်။ သူက ခြံဝင်းဘက်မျက်နှာမူကာ အခုလေးတင်ရောက်လာတဲ့လူကိုကြည့်ပြီး စံချိန်စံနှုန်းနဲ့အညီသပ်ရပ်တိကျစွာ အရိုအသေပေးလေတယ် “အရှင်ယန့်ဝမ်”
ကောင်းရန်ကလည်း အသံကိုကြားပြီး ခပ်မြန်မြန်အရိုအသေပေးလိုက်တယ်။ ကုဟွေးရန့်က အိမ်တော်ထဲဝင်လာတဲ့တစ်လျှောက် ကုချန်ယောက်ကိုမေးခွန်းတွေမေးနေခဲ့တာပါ။ သူက ပြောတုန်းတန်းလန်း ရင်းနှီးနေကျအသံကိုကြားပြီး စကားတွေပြတ်ကာ လင်ဝေ့ရှီးဆီ အံ့သြတကြီးကြည့်လိုက်တယ် “မင်းက ဘာလို့ဒီရောက်နေတာလဲ”
လင်ဝေ့ရှီးက ပြန်မေးတယ် “အရှင်ပဲ ကျွန်မကို အိမ်တော်ခေါ်လာတာလေ”
ကုချန်ယောက်နဲ့သူ့နောက်ကလူအိုကြီးတွေ လှုပ်လှုပ်ရွရွဖြစ်သွားတာပေါ့။ သူတို့က စကားစပြောတော့မယ့်ဆဲဆဲ စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်တဲ့ ကုဟွေးရန့်ရဲ့အသံထွက်လာတယ် “ငါမေးတာက မင်းဘာဖြစ်လို့ သွားအနားမယူတာလဲလို့မေးတာ၊ မင်းကိုလိုက်ပို့ခိုင်းလိုက်တယ်လေ၊ အဲဒါ ဘာဖြစ်လို့ ဒီနေရာမှာမတ်တပ်ရပ်နေရတာလဲ”
သူမှားသွားပါပြီ။ လင်ဝေ့ရှီးက သူမှားသွားကြောင်းသိတော့ ကုဟွေးရန့်ဘာမှမပြောနိုင်ခင် ကိုယ်ကိုပြန်မတ်လိုက်ရင်း ချော်လဲရောထိုင်ဆိုတယ် “ကျွန်မက အရှင့်ကိုနှုတ်ဆက်ဖို့စောင့်နေတာပါ”
“မှန်မှန်ဖြေ”
“အမှန်က ဘယ်မှာနေရမှန်းမသိလို့ပါ၊ အရှင်က ဘာမှမပြောသွားတော့ ကျွန်မက ရမ်းသမ်းပြီးလျှောက်မသွားရဲလို့ပါ”
ကုဟွေးရန့်က နန်းတော်ထဲကထွက်လာပြီး အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာ ခံ့ညားထည်ဝါတဲ့သူ့ရဲ့သွင်ပြင်အတိုင်း မပြောင်းမလဲတည်ရှိနေခဲ့ပြီး ယန့်ဝမ်ဆိုတဲ့အင်အားကို အပြည့်အဝပုံဖော်နေခဲ့တယ်။ ကုချန်ယောက်တောင်မှ သူ့အဖေကိုမြင်ပြီး ဝမ်းသာတာရော၊ ကြောက်ရွံ့ရိုသေရတာပါ ချွင်းချက်မရှိ တပြိုင်တည်းခံစားရတယ်။ ဒါပေမယ့် လင်ဝေ့ရှီးနဲ့ကျတော့ရော… စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ကုဟွေးရန့်ကိုပြုံးလာစေတာပဲ၊ ကုဟွေးရန့်က လင်ဝေ့ရှီးကို ရွှင်ပျစွာကြည့်ပါတယ် “မင်းက နေကောင်းပြီဆိုပေမယ့် အားနည်းနေသေးတယ်၊ အနားယူမှရမယ်၊ ကျင့်တန်းဥယျာဉ်ကို ပစ္စည်းတွေရွှေ့သွားလိုက်တော့”
ကျင့်တန်းဥယျာဉ်...။ ယန့်ဝမ်အိမ်တော်ရဲ့တည်ဆောက်ပုံကို လင်ဝေ့ရှီးကောင်းကောင်းသိတယ်။ ဒါကြောင့် အပြုံးကြီးကြီးနဲ့ ကုဟွေးရန့်ကို ချက်ချင်းကျေးဇူးကောက်တင်လိုက်တာပေါ့ “ယန့်ဝမ်ကိုကျေးဇူးတင်ပါတယ်”
ကောင်းရန်က အစောကတည်းက ကုဟွေးရန့်ကို အရိုအသေပေးနေခဲ့တာပါ။ သူက သူ့ကိုယ်သူ ပြီးပြည့်စုံတဲ့မမလေး ပုံဖမ်းတာကြောင့် ကုဟွေးရန့်မပြောမချင်း ဝပ်တုပ်ခတွားနေရတုန်းပဲ။ ဒါပေမယ့် ဘယ်သူတွေးမိမှာလဲ… ကျော်ကြားတဲ့ယန့်ဝမ်က တခြားသူတွေကိုအာရုံမပေးဘဲ မိန်းမငယ်လေးတစ်ယောက်ကို အာလာပသလာပစကားဆိုနေလိမ့်မယ်လို့။ သူက သူ့ရဲ့ယန့်ဝမ်ပုံရိပ်ကျဆင်းမှာကို ဂရုမစိုက်ဘူး၊ နေ့တဓူဝအသေးအဖွဲ့ကိစ္စလို ပြောဆိုနေတယ်။ ကောင်းရန်က မနေနိုင်တော့ဘဲ ခေါင်းမော့ပြီး တအံ့တသြကြည့်တယ်၊ အဲဒီအခါ သူမြင်ရတာက ကုချန်ယောက်ရဲ့အံ့သြတကြီးမျက်ဝန်းတွေကိုပါ။
ယန့်ဝမ်က အလွယ်တကူပြောဆိုဆက်ဆံလို့ရတဲ့လူမဟုတ်ဘူး။ သူ့ရဲ့အရှိန်အဝါအောက်မှာ တစ်အိမ်လုံး ဘယ်သူမှဝင်မစွက်ဖက်ရဲဘူး၊ ဒါကြောင့် ယန့်ဝမ်ကိုယ်တိုင်က ရှေ့နောက်မညီလုပ်နေလည်း လုပ်တယ်လို့ တရားမှတ်နေရုံပဲရှိတယ်။
ကောင်းရန်က အတော်လေးမနာလိုဖြစ်နေရတယ်။ သူက အစောကြီးကတည်းက ကျင့်တန်းဥယျာဉ်ကို မျက်စိကျနေခဲ့တာဖြစ်ပြီး အနာဂတ်သူ့သားအတွက် ကြိုတင်နေရာချပြီးနေပြီ။ ကျင့်တန်းဥယျာဉ်နဲ့ ကုချန်ယောက်နေတဲ့ခြံဝင်းတွေကို စနစ်တကျဆောက်ထားတယ်ဆိုတာ အတွင်းထဲကပြောင်မြောက်တဲ့လက်ရာတွေ သက်သေပဲ။ အခုထိမသုံးဘဲကျန်နေတာက ယန့်ဝမ်အိမ်တော်မှာ သခင်အရေအတွက်နည်းလို့ဖြစ်ပါတယ်။ ဒါကို ဘယ်ဥကပေါက်လာမှန်းမသိတဲ့လင်ဝေ့ရှီးကို ပေးလိုက်သင့်သလား…။ သူက အရိုအသေပြုရင်း မနာလိုနေရတယ်။
ဒီအချိန်မှာ ကုဟွေးရန့်က ဝပ်တွားခယနေတဲ့အခြားလူတွေကိုမြင်သွားပါပြီ။ သူက တစ်ချက်ဝေ့ကြည့်ပြီး ခန်းမဆောင်ထဲလှမ်းဝင်လာတယ် “ထကြတော့”
ဒီတော့မှ ကောင်းရန်လည်း မတ်မတ်ရပ်နိုင်တာ။ တစ်ဖက်လူကိုမြင်တဲ့အခါ သူ့ရင်ထဲလေးလံလာရတယ်။ လူချမ်းသာအသိုင်းအဝိုင်း အထက်အတန်းလွှာမိသားစုတွေရဲ့ပုံရိပ်အစစ်အမှန်ကို အခုမှ နဖူးတွေ့ဒူးတွေ့မြင်မိပြီး သူ့ရဲ့တွေးဆချက်တွေပေါ့တိမ်ခဲ့ပါလားလို့ အဆုံးသတ်မှာနားလည်သဘောပေါက်မိသွားပြီ။ ယန့်ဝမ်က သူ့အရင်ဘဝမှာမြင်ခဲ့ဖူးတဲ့ သူဌေးမျိုးဆက်တွေနဲ့ လုံးလုံးမတူဘူး။
သူအရင်ကတွေးခဲ့တာ… ယန့်ဝမ်က ဒီအတိုင်း နာမည်ကြီးတဲ့တော်ဝင်မျိုးရိုးလို့…. ယန့်ဝမ်ကိုသိမ်းသွင်းနိုင်ဖို့ သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ရှိတယ်။ ဒါပေမယ့် အခု သူဝေခွဲမရဖြစ်နေရပြီ။ တကယ်လို့ ယန့်ဝမ်က သူ့ရဲ့ကိုယ်လုပ်တော်သမီးအဆင့်အတန်းကို မကြိုက်ခဲ့ရင်ရော…. အိမ်တော်မှာ သူပင်ပင်ပန်းပန်းကြိုးစားလုပ်ခဲ့သမျှအားလုံး အရာထင်ပါ့မလား… ကောင်းရန်စိုးရိမ်နေမိတယ်။
အထဲကိုလှမ်းဝင်လာတဲ့ကုဟွေးရန့်ရဲ့မျက်နှာပေါ်မှာ အေးစက်တဲ့အမူအရာတွေလည်းမရှိဘူး၊ ရက်စက်တဲ့အရိပ်အယောင်တွေလည်းမရှိဘူး။ ဒါပေမယ့် ခန်းမဆောင်တစ်ခုလုံးကို ကြောက်ရွံ့တိတ်ဆိတ်နေစေဖို့လုံလောက်တယ်။ သူက လင်ဝေ့ရှီးဆီ အကြည့်တစ်ချက်ဖြတ်သွားပြီးမှ မေးတယ် “မင်းတို့တွေ အချင်းချင်း မိတ်ဆက်ပြီးကြပြီလား”
“ဟုတ်ကဲ့” ကုချန်ယောက်ကဖြေတယ်။ ပြီးတော့ ရှေ့ကိုတစ်လှမ်းတက်ပြီး ကုဟွေးရန့်ရှေ့ဒူးထောက်လိုက်တယ်။ ကောင်းရန်ကလည်း နောက်ကလိုက်ဒူးထောက်တယ်။
“ကျွန်တော် မရိုမသေဖြစ်သွားပါတယ်၊ အဖေ့ကို ဂါရဝပြုပါတယ်”
ကုချန်ယောက်က နဖူးကိုကြမ်းပြင်နဲ့ဦးတိုက်ပြီး ကန်တော့တယ်။ ကောင်းရန်ကလည်း ကိုယ်ကိုအနိမ့်ဆုံးထိကွေးညွှတ်ခစားပါတယ်။ လင်ဝေ့ရှီးကတော့ ကုချန်ယောက်နဲ့သူ့မိန်းမရဲ့ဒူးထောက်ပွဲအခမ်းအနားကို ဘေးကိုယို့ပြီးအသာရှောင်နေရတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ထူးထူးဆန်းဆန်းပျော်ရွှင်နေရတယ်။ ဒူးထောက်နေတဲ့လူတွေက သူ့ဘက်ဦးတည်နေတာမဟုတ်ပေမယ့် သူမတ်တပ်ရပ်နေတုန်းမှာ ကုချန်ယောက်နဲ့ကောင်းရန်က ဒူးထောက်နေတဲ့အတွက် ဒါကပဲ သူ့ရဲ့စိတ်ကိုလန်းဆန်းတက်ကြွနေစေပြီ။
သစ်သားကိုထွင်းလို့ လှေဖြစ်နေခဲ့ပါပြီ။ ကုဟွေးရန့်က သူ့သားနဲ့သူ့ရဲ့ဒီချွေးမအသစ်ကို အခက်တွေ့အောင်မလုပ်ချင်တော့ဘူး။ သူက သူတို့ကို နက်နက်ရှိုင်းရှိုင်း တစ်ခဏကြည့်လိုက်ပြီးမှ ထဖို့အမူအရာပြလိုက်တယ်။ ဒီအချိန်မှာ ကောင်းရန်ရဲ့အစေခံက လက်ဖက်ရည်တစ်ခွက်ကမ်းပေးလာတယ်။ ကောင်းရန်က လက်ဖက်ရည်ခွက်ကိုကိုင်ပြီး လက်တွေကိုအပေါ်မြှောက်ကာ တရိုတသေပြောလာတယ် “အဖေ့ကိုလက်ဖက်ရည်ကြမ်းဆက်သပါတယ်”
ကုဟွေးရန့်က လှမ်းယူတယ်၊ ခွက်အဖုံးကိုဖွင့်ပြီး ပြန်ပိတ်ကာ စားပွဲပေါ်လိုက်တယ်။ ဒါက ခြေဟန်လက်ဟန်အမူအရာတစ်ခုပါ။ တကယ်သောက်ဖို့ မရည်ရွယ်ဘူး။ ဒါပေမယ့် ဒါကပဲ ကောင်းရန်အတွက်လုံလောက်နေပြီ။ သူက ကုဟွေးရန့်ကိုကန်တော့ပြီး အစေခံအကူအညီနဲ့ ပြန်မတ်တပ်ရပ်လိုက်တယ်။
ဘေးနားကလင်ဝေ့ရှီးက ဖြစ်စဉ်တစ်ခုလုံးကိုကြည့်နေရတယ်။ စိတ်ထဲမှာ ကျေနပ်အားရလှောင်ပြောင်သရော်နေတုန်း ရုတ်တရက် သူ့နာမည်ခေါ်သံကြားလိုက်တယ် “မင်းက နေပြန်မကောင်းသေးဘူး၊ အပြင်မှာအကြာကြီးနေလို့မကောင်းဘူး၊ ပြန်နားလိုက်တော့”
လင်ဝေ့ရှီးရဲ့ဆန္ဒတွေပြည့်ဝသွားပြီလို့ပြောလို့ရတယ်။ သူက ဒီအချစ်ငှက်နှစ်ကောင်ကိုကြည့်ပြီး အော်ဂလီဆန်နေရလို့ ကြာကြာနေချင်တော့တာမဟုတ်ဘူး။ ဒါကြောင့် ဝမ်ရယ်ကိုနှုတ်ဆက်ပြီးထွက်သွားဖို့ပြင်တယ်။ ကုဟွေးရန့်က ခေါင်းညိတ်ပြပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်စွာ နောက်ထပ်တစ်ခွန်းထပ်ပြောလိုက်သေးတယ် “ကျင့်တန်းဥယျာဉ်က လူမနေတာကြာပြီ၊ ကိစ္စအထွေအထူးရှိရင် ချက်ချင်းပြော ၊ ဒီတိုင်းမနေနဲ့၊ နားလည်လား”
လင်ဝေ့ရှီးက “ဟုတ်ကဲ့ပါ” လို့အဖြေတစ်ခွန်းပေးလိုက်ပေမယ့် မအောင့်နိုင်စွာ မေးရပြန်တယ် “အရှင်… ဒါဆို ကျွန်မရဲ့သေတ္တာလေး…”
ကုဟွေးရန့်ရဲ့မျက်ခုံးတန်းတွေ သိသိသာသာမြင့်တက်သွားရပြီ။ သူက စကားမဆိုဘူး၊ လင်ဝေ့ရှီးကို ကြည့်တယ်ဆိုရုံကြည့်တယ်။ လင်ဝေ့ရှီးက ကုဟွေးရန့်ကိုပြုံးပြလိုက်တာပေါ့။ ပြီးတော့ မျက်နှာပြောင်ပြောင်နဲ့ပဲ ပြောတယ် “မဟုတ်ဘူးနော် မဟုတ်ဘူး… ကျွန်မက အရှင့်ကိုသံသယဝင်တာ မဟုတ်ပါဘူး… အဲ့ဒါက အဲ့လိုပဲ… မျက်စိရှေ့မှာမြင်ရမှ စိတ်ချလက်ချအိပ်ပျော်မှာမို့လို့ပါ”
ကုဟွေးရန့်က အကြည့်တွေကိုရုတ်သိမ်းလိုက်တယ်။ စကားတော့မပြောသေးဘူး။ ဒါပေမယ့် မျက်ဝန်းထဲမှာတော့ အပြုံးတစ်ခုရှိတယ် “မင်းသေတ္တာမပျောက်ဘူး၊ သွားတော့”
လင်ဝေ့ရှီးက ပျော်ရွှင်မြူးထူးစွာ ထွက်သွားပါတယ်။ စွန့်ပစ်ခံရတဲ့ဇနီးသည်တစ်ယောက်ဘဝကနေ စွန့်ပစ်သူရဲ့အခွင့်ထူးခံဧည့်သည်ဖြစ်သွားရတာ ဒီခံစားချက်ဘယ်လောက်အရသာရှိကြောင်း လင်ဝေ့ရှီးပြောမပြတတ်ဘူး။ မြောက်ကြွမြောက်ကြွဖြစ်လို့နေတာပဲ။ ဒါပေမယ့် အိမ်တော်ရဲ့အစေခံတွေကတော့ လင်ဝေ့ရှီးကို ကျင့်တန်းဥယျာဉ်ဆီလိုက်ပါပို့ဆောင်နေကြတုန်းမှာ ကြောက်ရွံ့ရတဲ့မျက်နှာအမူအရာတွေချိတ်ဆွဲထားကြတယ်။
မျှော်လင့်ထားသလိုပါပဲ။ ကျင့်တန်းဥယျာဉ်က သူ့ရဲ့ကျော်ကြားမှုနဲ့အညီ နေချင့်စဖွယ်ရှိလှတယ်။ လင်ဝေ့ရှီးက သက်တောင့်သက်သာရှိစွာ ရေချိုးခဲ့ပြီး နွမ်းနယ်မှုတွေကိုဖြေဖျောက်လိုက်နိုင်ပြီ။ သူက အေးအေးလူလူရှိသွားတော့ တရေးတမောအိပ်တယ်။ အိပ်ပြီးပြန်နိုးလာချိန်မှာတော့ အပြင်ဘက်ကလျှောက်တင်တဲ့ အစေခံတွေရဲ့အသံကိုကြားလိုက်ရတယ် “လင်မိန်းကလေး အိပ်ရာနိုးပါပြီလား”
ဝင်လာတဲ့အစေခံကတော့ လင်ဝေ့ရှီး သူ့ကိုမသိဘူးလို့ ထင်နေမှာပဲ။ ဒါပေမယ့် လင်ဝေ့ရှီးက သူ့ကိုကောင်းကောင်းသိတယ်။ လင်ဝေ့ရှီးက အစေခံအိုကြီးရဲ့ပြောင်းလဲသွားတဲ့အမူအရာကိုကြည့်ပြီး နှလုံးသားထဲ ထေ့ငေါ့လှောင်ပြောင်မိတာပေါ့ “ဘာလဲ”
“ညစာအဆင့်သင့်ဖြစ်ပါပြီ၊ မိန်းကလေးအိပ်ရာကနိုးရင် အရှေ့ခြံဝင်းဆီခေါ်လာခဲ့ဖို့ ကျွန်တော်မျိုးမကို ဝမ်ရယ်ကအမိန့်ပေးထားလို့ပါ”
ယန့်ဝမ် ပြန်လာပါပြီ။ အိမ်တော်ရဲ့ညစာစည်းကမ်းကို ဖြတ်ကတတ်ဆန်းလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ လင်ဝေ့ရှီးရဲ့အဝတ်အစားနဲ့ ဆံထိုးအဆင်အယင်တွေက အဆင့်သင့်ဖြစ်နေပြီ။ လဲလှယ်ဝတ်ဆင်ဖို့ မလိုတော့ဘူး။ သူက အိပ်ရာကထပြီး ပြောလိုက်တယ် “သိပြီ၊ လမ်းပြပေးပါ”
သူတို့တွေအရှေ့ခြံဝင်းရောက်လာကြတဲ့အချိန်မှာ လူတွေအားလုံးက အသက်ရှူအောင့်ပြီး မတ်တပ်ရပ်နေကြတယ်။ ကောင်းရန်တောင်မှ ဘေးဘက်မှာမတ်တပ်လေးရပ်ပြီး မထိုင်နိုင်သေးဘူး။ လင်ဝေ့ရှီးက ကုဟွေးရန့်ကို အရိုအသေပေးလိုက်တယ်၊ ပြီးမှ တစ်ဖက်ကို တည်တည်ငြိမ်ငြိမ်လျှောက်သွားပြီး ထိုင်ချလိုက်ပါရော။ ပုံစံက ရင်းနှီးကျွမ်းဝင်တဲ့အိမ်သားတစ်ယောက်လိုလေ။
လင်ဝေ့ရှီးက အေးအေးလူလူထိုင်နေချိန်မှာ ကောင်းရန်ကတော့ မတ်တပ်ရပ်ပြီး လူကြီးသူမတွေကိုလုပ်ကိုင်ပေးနေရတယ်။ ဒီကွာခြားချက်က မြင်ရတဲ့လူတွေကို စိတ်မသက်မသာဖြစ်အောင်ပြုလုပ်နေတယ်။ ကုဟွေးရန့်က ဂရုမစိုက်ပါဘူး။ လင်ဝေ့ရှီး အဝတ်အစားလဲလာတာမြင်ပြီး မျက်မှောင်လေးမသိမသာကျုံ့သွားတာပဲရှိတယ်။ သူက မေးတယ် “ဒီနေ့ ခေါင်းကိုက်သေးလား”
ဒါကတော့ လမ်းခရီးတစ်လျှောက်လုံးမှာ လင်ဝေ့ရှီးခံစားခဲ့ရတဲ့ ဝေဒနာပါ။ မိန်းကလေးက အားနည်းပြီး လေစိမ်းဒဏ်ခံရတိုင်း ခေါင်းကိုက်ဝေဒနာခံစားရတယ်။ ပျောက်ကင်းသွားလည်း သတိထားနေမှရတယ်။ လင်ဝေ့ရှီးက ခေါင်းယမ်းပြီးပြောတယ် “အရမ်းမပြင်းပါဘူး၊ စိုးရိမ်စရာမရှိပါဘူး”
ကုဟွေးရန့်ရဲ့မျက်မှောင်ကြီးတွေ ထပ်ပြီးကျုံ့သွားရပြန်တာပေါ့။ ဒါပေမယ့် အခုချိန်က သာကြောင်းမာကြောင်းမေးဖို့ အနေအထားမဟုတ်ဘူး၊ ဒါကြောင့် သူက များများစားစားထပ်မမေးတော့ဘူး။
များပြားလှတဲ့အစေခံတွေက တစ်ယောက်ပြီးတစ်ယောက် ဟင်းပန်းကန်တွေလာချတယ်။ ကောင်းရန်က တူတစ်စုံကိုယူပြီး အားလုံးကို လိုက်ထည့်ပေးနေတယ်။ ချွင်းချက်မရှိ လင်ဝေ့ရှီးကိုလည်း ထည့်ပေးနေပါတယ်။ လင်ဝေ့ရှီးက အောင့်သက်သက်ဖြစ်နေရတာပေါ့။ ဒါပေမယ့် အပေါ်ယံမှာတော့ အပြုံးလေးနဲ့ချီးကျူးနေရတယ်လေ “ဆက်ခံသူကြင်ယာတော်ကိုကျေးဇူးတင်ပါတယ်၊ ကြင်ယာတော်က အရမ်းတော်တာပဲ”
ကောင်းရန်လည်း မပြုံးချင်ပြုံးချင် ပြုံးပြရတာပဲ “အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်အနေနဲ့ ခင်ပွန်းကိုပြုစုရမယ်၊ သားသမီးတွေကိုသင်ကြားပေးရမယ်၊ အိမ်ထောင်ကိုထိန်းသိမ်းရမှာပါ၊ လုပ်သင့်တာတွေပါ” စားသောက်ချိန်မှာ အိမ်ထောင်မရှိသူမိန်းမတွေက ထိုင်နေလို့ရပေမယ့် ချွေးမတွေက ပြုစုလုပ်ကိုင်ပေးနေရမှာပဲ။ ဒါက သတို့သမီးတိုင်းရဲ့တာဝန်ဝတ္တရားပဲ။ ဒါပေမယ့် လင်ဝေ့ရှီးက ဘာမို့လို့လဲ… ကောင်းရန်က ဒီခဏမှာ သေလောက်အောင် အော်ဂလီဆန်ပြီး ပျို့တက်အန်ထွက်ချင်နေတာ။
ကုဟွေးရန့်က ကောင်းရန်ဆီ တစ်ချက်ဝေ့ကြည့်ပါတယ်။ ပြီးတော့ ခွင့်ပြုတယ် “ဒီမှာအပြင်လူမရှိဘူး၊ လုပ်ပေးစရာမလိုဘူး၊ ထိုင်တော့”
ကောင်းရန်က ချွေးမတစ်ယောက်ရဲ့ယဉ်ကျေးမှုဆိုပြီး ငြင်းပါတယ်။ သူ့ရဲ့ငြင်းဆိုမှုက ကုဟွေးရန့်ကို မျက်နှာတစ်ချက်မပြောင်းသွားစေဘူး။ မျက်ခုံးတစ်ချက်မတွန့်ဘူး၊ နှုတ်ခမ်းတစ်ချက်မလှုပ်ဘူး၊ ယုတ်စွအဆုံး အကြည့်တစ်ချက်တောင်မလာဘူး။ ဒီခဏမှာ ကောင်းရန်က ရုတ်တရက် နှလုံးသားထဲဒိန်းခနဲဖြစ်သွားရတယ်။ အစေခံအိုကြီးတွေပြောတာ ပြန်သတိရသွားလို့ဖြစ်ပါတယ် …. ယန့်ဝမ်က ဘယ်တော့မှ စကားတစ်ခွန်း နှစ်ခါထပ်မပြောပါဘူးတဲ့…
ဒါကြောင့် ကောင်းရန်လည်း ခါတိုင်းလုပ်နေကျအသံလေးထွက်မလာရဲတော့ဘူး။ ကုချန်ယောက်က သူ့ကိုကြည့်လာတော့ သူလည်းချက်ချင်း ကုချန်ယောက်ဘေး ဝင်ထိုင်လိုက်တော့တယ်။
ညစာထမင်းဝိုင်းက တိတ်ဆိတ်နေခဲ့တယ်။ ကုဟွေးရန့်က စားသောက်ခြင်းကိုရပ်တန့်လိုက်တော့ အခြားသူတွေက ချက်ချင်းပဲ သူတို့ရဲ့တူတွေကို ချလိုက်ကြတယ်။ စားသောက်ပြီးတဲ့အခါမှာတော့ အထွေအထူးကိစ္စလေးတွေရှိလာပါပြီ။ ဒါတွေက အိမ်တော်တိုင်းမှာရှိတဲ့ ထုံးတမ်းအစဉ်အလာဖြစ်တယ်။ ပါးလုပ်ကျင်းပြီးလက်သုတ်ပြီးသွားတဲ့လင်ဝေ့ရှီးက ကုဟွေးရန့် ကုချန်ယောက်ကို မေးခွန်းထုတ်နေသံကြားလိုက်တယ်။ အသံက ပျော်တယ်လည်းမဟုတ် ဒေါသသံလည်းမပါဘူး၊ ဒါပေမယ့် ပုန်းကွယ်နေတဲ့အင်အားတစ်ခုရှိနေတာ ကြားရသူအပေါင်းနားလည်တယ် “ကုမင်တဆီကကြားတယ်၊ ဒီအတောတွင်း ရှို့ခန်းမင်းသမီးကြီးအိမ်တော်ကို အဝင်အထွက်မရှိသလောက်ပဲဆို၊ ဘာဖြစ်တာလဲ”
…………