t
(13) တရားမျှတမှု
ကုဟွေးရန့်ပြောပြီးချိန်မှာ အခန်းတွင်းလေထုက သိသိသာသာရပ်တန့်သွားခဲ့တယ်။
ရှို့ခန်းမင်းသမီးကြီးက ဆက်ခံသူကြင်ယာတော်ဟောင်းကောင်းရှီးရဲ့ အဘွားဖြစ်တယ်။ ယင်းကော်နယ်စားအိမ်တော်ကတော့ သူတို့ရဲ့သမီးတွေကို အဆင့်အတန်းမရွေးတန်းတူဆက်ဆံပေမယ့် ရှို့ခန်းမင်းသမီးကြီးက မဟုတ်ဘူး။
ဝေ့အမျိုးသမီးက မင်းသမီးကြီးရဲ့တစ်ဦးတည်းသောသမီးတော်၊ အဲဒိတုန်းကတော့ နယ်စားအိမ်တော်ဆက်ခံသူနဲ့လက်ဆက်ခဲ့တဲ့မင်္ဂလာပွဲက နှစ်ဦးနှစ်ဖက်သာလွန်အကျိုးရှိခဲ့ပြီး အသင့်တော်ဆုံးတွဲဖက်မှုလို့ ပြောလို့ရခဲ့တယ်။ ဒါပေမယ့် ဝေ့အမျိုးသမီးနဲ့ဆက်ခံသူက အဆင်ပြေပြေမရှိခဲ့ဘူး။ ဝေ့အမျိုးသမီးက အဆင့်အတန်းဂုဏ်မောက်ပြီး နယ်စားအိမ်တော်ဆက်ခံသူကတော့ နူးညံ့တဲ့အလှလေးတွေကိုပဲ နှစ်သက်တယ်။ ဒီတော်ဝင်မင်္ဂလာပွဲက ဝေ့အမျိုးသမီးအတွက်တော့ နာကျင်စရာတွေပဲယူဆောင်လာခဲ့တယ်။ ကိုယ်လုပ်တော်ဟန်အမျိုးသမီးက ဆက်ခံသူမျက်လုံးထဲကချစ်စဖွယ်ပန်းသီးလေး ဖြစ်ခဲ့ပြီးနောက်မှာတော့ လင်မယားနှစ်ယောက်ကြား ပိုလို့တောင်တင်းမာခဲ့ပါတယ်။
ဝေ့အမျိုးသမီးက ငယ်ရွယ်ပြီးမာနကြီးပါတယ်။ အဆင့်နိမ့်ကိုယ်လုပ်တော်တစ်ယောက် ခေါင်းတက်နင်းတာကို အသာတကြည်လက်မခံနိုင်ပါဘူး။ ကျန်းကျောင်းနဝမနှစ်ရဲ့ ပထမလပိုင်းမှာတော့ ကိုယ်လုပ်တော်ဟန်အမျိုးသမီးက နောက်တစ်ကြိမ်ရန်စလာခဲ့တယ်။ ဒီအချိန်မှာ နှစ်ပေါင်းများစွာ သောကမျက်ရည်ဝေခဲ့ရတဲ့ဝေ့အမျိုးသမီးက နောက်ထပ်သည်းမခံနိုင်တော့ဘူး။ ချက်ချင်းပေါက်ကွဲပြီး ဟန်အမျိုးသမီးကို ဘိုးဘွားခန်းမဆောင်မှာ ဒူးထောက်ခိုင်းခဲ့တယ်။ နောက်ပိုင်းမှာ ဒီမတော်တဆဖြစ်ရပ်ကို ပြန်တွေးမိတဲ့အခါတိုင်း နောက်ဆက်တွဲရလဒ်အပေါ်မှာ လင်ဝေ့ရှီးအမြဲတမ်းတုန်လှုပ်ခဲ့ရတယ်။ ဟန်အမျိုးသမီးက တရားဝင်ဇနီးရဲ့အမိန့်ကို မလွန်ဆန်ရဲခဲ့ဘူး၊ မတရားခံရတာကို ရင်မှာပိုက်ပြီး အေးစက်နေတဲ့ခန်းမကြမ်းပြင်မှာ ဒူးထောက်ဖို့ပဲ တတ်နိုင်ခဲ့တယ်။ ပထမလရဲ့ရာသီဥတုက သိပ်ကိုဆိုးရွားလွန်းပါတယ်။ သွေးအနီရောင်တွေမြင်ပြီး မေ့မလဲသွားခင်ထိ ဟန်အမျိုးသမီးက ကြာကြာဒူးမထောက်လိုက်ရဘူး။ နယ်စားအိမ်တော်ဆက်ခံသူက ဒီအကြောင်းတွေကိုကြားပြီး မြန်မြန်ပြန်လာခဲ့ပေမယ့် တွေ့လိုက်ရတာကတော့ သူ့အချစ်ဆုံးကိုယ်လုပ်တော် သွေးတွေဆင်းပြီး ဖြူဖျော့နေခဲ့တာကိုပါ။
ဟန်အမျိုးသမီးက ကိုယ်ဝန်ရှိနေခဲ့ပြီး အေးစက်နေတဲ့ကြမ်းပြင်က သွေးဆင်းအောင်လှုံ့ဆော်ပေးခဲ့တယ်။ မိသားစုတွေတိုင်း မျိုးဆက်ကိုတန်ဖိုးထားကြပါတယ်။ ဆက်ခံသူက ဒေါသထွက်သွားခဲ့တယ်။ နယ်စားအိမ်တော်ရဲ့သခင်မကြီးကတော့ အကြောင်းမရှိမနာလိုဖြစ်ရပါ့မလားဆိုပြီး ဝေ့အမျိုးသမီးကိုဆူပူကြိမ်းမောင်းခဲ့တယ်။ ဝေ့အမျိုးသမီးနဲ့ယောက္ခမကြီးက ဂုဏ်အဆင့်အတန်းတွေကိုစွန့်ပစ်လို့ နှစ်ဦးနှစ်ဖက် အော်ဟစ်ပြောဆိုခဲ့ကြတယ်။ ဆက်ခံသူကလည်း ကြမ်းတမ်းတဲ့စကားတွေနဲ့ဆဲဆိုခဲ့တယ်။ နှစ်ပေါင်းများစွာစိတ်ကျဝေဒနာခံစားခဲ့ရတဲ့ ဝေ့အမျိုးသမီးက ငယ်စဉ်ကတည်းက လစဉ်ဓမ္မတာပုံမှန်မရှိခဲ့ဘူး။ သူက သူ့ကိုယ်သူ ကိုယ်ဝန်ရှိလို့ရှိနေမှန်းတောင် မသိခဲ့ဘူး။ ရန်ပွဲအတွင်း ဒေါသတွေက နှလုံးသားကိုထိခိုက်စေပြီးမှာ ချက်ချင်းလက်ငင်းကို ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ ရလဒ်ကတော့ သေလုအောင်နေမကောင်းဖြစ်ခဲ့ပြီး လပိုင်းအတွင်း အချိန်မတိုင်မီကွယ်လွန်သွားခဲ့ပါတယ်။
အဲဒိနှစ်တုန်းက ဝေ့အမျိုးသမီးရဲ့တစ်ဦးတည်းသောသမီးကောင်းရှီးက ဆယ်နှစ်ပဲရှိသေးတယ်။ ပျက်ကျသွားခဲ့တဲ့ကလေးကတော့ သားယောင်္ကျားလေး။ နှစ်ပေါင်းများစွာစောင့်စားခဲ့ရတဲ့မျှော်လင့်ချက်တွေက အပျက်အပျက်နှာခေါင်းသွေးထွက်ပြီး ဆုံးခန်းတိုင်သွားခဲ့တယ်။ အောင်နိုင်သူကတော့ ဟန်အမျိုးသမီးပါ၊ ခန်းမဆောင်ထဲအပြစ်ပေးခံရပြီး သန္ဓေမတင်ဘူးလို့ ကောလဟလထွက်ခဲ့ပေမယ့် နောက်ထပ်(၉)လအကြာမှာ သားတစ်ယောက်မွေးဖွားပေးခဲ့ပါတယ်။
ကလေးက ကောင်းရန်ရဲ့မောင်လေးဖြစ်တယ်။ လင်ဝေ့ရှီးမြင်ခဲ့တဲ့ကောင်းကင်စာအုပ်ကြီးသာ မှန်ခဲ့မယ်ဆိုရင် ဒီအကြီးဆုံးကိုယ်လုပ်တော်ဖွားသားလေးက ယင်းကော်နယ်စားဖြစ်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပါ တရားဝင်မယားကြီးလည်းသေ၊ တရားဝင်သမီးလည်းသေ၊ ကိုယ်လုပ်တော်သားသမီးတွေကိုအရမ်းချစ်တဲ့ဆက်ခံသူက ဒီသားကို သူ့နောက်ပိုင်းဆက်ခံသူအဖြစ်ရွေးချယ်လိမ့်မှာ မလွဲပါပဲ။
ရင်နှစ်သည်းချာတစ်ဦးတည်းသောသမီးက ကိုယ်လုပ်တော်သတ်တာခံရတယ်။ ရှို့ခန်းမင်းသမီးကြီးက ဒီအကြောင်းကိုကြားပြီး လုံးဝခွင့်မလွှတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ဝေ့အမျိုးသမီးရဲ့အမှားလည်းပါတယ်။ မိန်းမတစ်ယောက်ရဲ့ကျိုးနွံနာခံမှုနဲ့သစ္စာရှိမှုကို အလေးပေးတဲ့လူ့အဖွဲ့အစည်းမှာ ဝေ့အမျိုးသမီးက ကိုယ်လုပ်တော်ကိုသွေးဆင်းစေတယ်၊ ခင်ပွန်းနဲ့ယောက္ခမကို အော်ဟစ်ရန်လိုတယ်၊ အဆုံးမှာ ကိုယ့်ဒေါသကိုယ်မထိန်းနိုင်ဘဲ ကိုယ့်ကလေးကိုယ်ပြန်သတ်တယ်။ ဝေ့အမျိုးသမီးရဲ့မိခင် ရှို့ခန်းက သေလုအောင်ဒေါသထွက်ပေမယ့် သူ့သမီးအတွက် တရားမျှတမှုမရှာနိုင်ခဲ့ဘူး။ နယ်စားအိမ်တော်က အလွယ်တကူဝင်စွက်ဖက်လို့ရတဲ့ အသေးစားမိသားစုမဟုတ်ဘူး။ ဒါကြောင့် မင်းသမီးကြီးက ဒီဒေါသကို အံကြိတ်ခံပြီး မြေးဖြစ်သူကောင်းရှီးကို ဂရုတစိုက်ပျိုးထောင်ပေးဖို့ပဲ တတ်နိုင်ခဲ့ပါတယ်။
ရှို့ခန်းက တော်ဝင်မင်းသမီးဖြစ်ပေမယ့် ဘဝတစ်လျှောက်လုံး ခင်ပွန်းနဲ့ဆက်ဆံရေးမကောင်းခဲ့ဘူး။ သားလည်းမရှိဘူး၊ မြေးယောင်္ကျားလေးလည်းမရှိဘူး။ တစ်ဦးတည်းသောသမီးကလည်း နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့တယ်။ မြေးမိန်းကလေးကောင်းရှီးကပဲ မင်းသမီးကြီးရဲ့တစ်ခုတည်းသောပင်မထောက်တိုင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ရှေ့မျိုးဆက်နှစ်ဆက်လုံးကြုံတွေ့ခဲ့ရတဲ့ ဒုက္ခဝေဒနာတွေ တဖန်ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ။ ကောင်းရှီးက အစစရာရာထက်မြက်လွန်းပေမယ့် အိမ်ထောင်ရေးကံမကောင်းခဲ့ဘူး။ သူက ဝေ့အမျိုးသမီးနဲ့တောင်မယှဉ်နိုင်ခဲ့ဘူး။ တစ်နှစ်ပဲလက်ထပ်ခဲ့ရပြီး စိတ်ကျသေဆုံးသွားခဲ့တယ်။
ရှို့ခန်းမင်းသမီးကြီး အကြီးအကျယ်ထိခိုက်ခဲ့ပြန်တယ်။ ဒါပေမယ့် တစ်ဖက်လူက ယန့်ဝမ်အိမ်တော်ရဲ့အကြီးဆုံးသားလေ။ ကုချန်ယောက်ရဲ့အဖေက လောကကြီးအုပ်စိုးနိုင်တဲ့အထိ စွမ်းအားရှိတယ်။ မင်းသမီးကြီး ဘာပြောနိုင်ဦးမှာလဲ။ မင်းသမီးကြီးကို ပိုပြီးသည်းမခံနိုင်လောက်အောင်ဖြစ်စေခဲ့တာကတော့ ဒိနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့အရာပဲ။ ကောင်းရှီးသေဆုံးပြီး တစ်လပဲရှိသေးတယ်၊ ယင်းကော်နယ်စားအိမ်တော်က ကောင်းရန်ကို ဒုတိယဇနီးအဖြစ်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ကောင်းရန်က ဘယ်သူလဲ။ ဟန်အမျိုးသမီးရဲ့သမီးလေ။ ဒီမိန်းမပျက်ဟန်အမျိုးသမီးက မင်းသမီးကြီးရဲ့တစ်ဦးတည်းသောသမီးကိုသတ်ပြီး အခု သူ့မြေးမရဲ့နေရာကို ဝင်ယူချင်ပြန်တယ်။ မင်းသမီးကြီးက နယ်စားအိမ်တော်ကို အပြင်းအထန်ကန့်ကွက်ခဲ့ပြီး နှစ်ပေါင်းများစွာရင်းနှီးခဲ့တဲ့ယန့်ဝမ်အိမ်တော်နဲ့လည်း ဆက်ဆံရေးတွေမှေးမှိန်သွားခဲ့တယ်။
မင်းသမီးကြီးက ကောင်းရန်နဲ့အဲဒိကိုယ်လုပ်တော်ဖွားသားကို မနှစ်မြို့တာ မြို့တော်တစ်ခုလုံးကောင်းကောင်းသိကြတယ်။ ကုချန်ယောက်က အဆုံးမှာ နှလုံးသားထဲလရောင်ဖြူလေးကို လက်ဆက်နိုင်ခဲ့ပြီ။ သူ့ရဲ့အချစ်ဦးအသည်းအသက်လေးက မင်းသမီးကြီးရဲ့ငြိုငြင်တာကိုခံရတယ်။ ကုချန်ယောက်က ဒါကိုမကျေနပ်ဘူး။ သူက ဆက်ခံသူအဖြစ်မွေးဖွားလာခဲ့ပြီး မိသားစုနောက်ခံမြင့်မားတယ်။ နှစ်ပေါင်းများစွာ တခြားလူတွေက သူ့အပေါ်အလျော့ပေးဆက်ဆံခဲ့တာချည်း၊ သူက တခြားလူမျက်နှာကြည့်စရာမလိုဘူး။ အခုတော့ မင်းသမီးကြီးက တင်းမာတဲ့သဘောထားကိုထုတ်ပြလာပြီး ကုချန်ယောက်ကလည်း ပြီးဆုံးသွားတဲ့ဆက်ဆံရေးတွေကိုထောက်ထားမနေဘူး။ မင်းသမီးကြီးရဲ့အိမ်တော်က ဆက်ခံသူမရှိတဲ့အခွံလွတ်ကြီးတစ်ခုပါ။ ကျဆင်းနေတဲ့မိသားစုအခြေအနေကို ဘယ်သူမဆိုမြင်နိုင်တယ်။ တော်ဝင်အသိုင်းအဝိုင်းထဲမင်းသမီးကြီးရဲ့ဝါစဉ်ကြီးမြင့်မှုကြောင့်သာ အိမ်တော်ကို အပြင်ပန်းထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် ယန့်ဝမ်အိမ်တော်နဲ့ထိပ်တိုက်တွေ့ချင်ရင်တော့ ကုချန်ယောက် ဘယ်ကြောက်လိမ့်မှာလဲ။
ဒါကြောင့် ကောင်းရန်အိမ်တော်ထဲဝင်လာချိန်မှာ ယန့်ဝမ်အိမ်တော်နဲ့မင်းသမီးအိမ်တော်ဆက်ဆံရေးက ချွင်းချက်မရှိလောက်အောင် အေးစက်သွားခဲ့တယ်။ ကောင်းရန်က ဒါကို ကျေနပ်ပျော်ရွှင်တယ်၊ ကုချန်ယောက်ကလည်း အဖက်မလုပ်ဘူး။ ဒါကြောင့် ကုဟွေးရန့် ဒီအကြောင်းကို ရုတ်တရက်ပြောထုတ်လာခဲ့စဉ်မှာတော့ ကုချန်ယောက်က ခဏတွင်းပြန်ဖြေရှင်းပါတော့တယ် “မင်းသမီးကြီးက ကြင်ယာတော်ကို အမြင်လွဲနေလို့ပါ၊ ရှင်းပြရအောင်လို့ ကျွန်တော်ကိုယ်တိုင် မင်းသမီးကြီးဆီသွားပါသေးတယ်၊ ဒါပေမယ့် မင်းသမီးအိမ်တော်ကလူတွေက ကြင်ယာတော်ကို မထီမဲ့မြင်ဆက်ဆံကြတယ်လေ၊ ခင်ပွန်းနဲ့ဇနီးဆိုတာ အေးအတူပူအမျှ တစ်သားတည်းပါ၊ သူတို့က ကြင်ယာတော်ကိုမရိုသေမှတော့ ကျွန်တော့်ကိုမျက်နှာသာမပေးတာနဲ့အတူတူပါပဲ၊ အဲ့ဒါကြောင့် ကြာကြာမနေနိုင်လို့ ပြန်လာခဲ့လိုက်တယ်”
ဒီစကားကိုကြားပြီး ကုဟွေးရန့်ဒေါသထွက်နေလိမ့်မှာ လင်ဝေ့ရှီးသိတယ်။ ကုဟွေးရန့်ရဲ့မျက်နှာအမူအရာကတော့ ခါတိုင်းလိုပဲ၊ အသံကလည်း ခါတိုင်းလိုပဲ၊ မပြောင်းလဲဘူး “ခင်ပွန်းနဲ့ဇနီး အေးအတူပူအမျှတသားတည်းမှန်းတော့ မင်းသိသေးတာကိုး၊ ရှို့ခန်းမင်းသမီးကြီးရဲ့မြေးကောင်းရှီးကရော မင်းဇနီးမဟုတ်ဘူးလား”
ကုချန်ယောက်က ကောင်းရန်ဘက်လှည့်ကြည့်လိုက်တယ်။
ကောင်းရန်က နဂိုတုန်းကတော့ သိပ်ကိုအားရကျေနပ်နေခဲ့တာ။ ဒီမင်းသမီးအိုကြီးက ယောင်္ကျားဆီကလည်းအချစ်မခံရဘူး၊ သားလည်းမမွေးနိုင်ဘူး၊ မင်းသမီးဆိုတဲ့ဂုဏ်ပုဒ်တစ်ခုနဲ့ တခြားသူတွေကို ဖိနှိပ်ဖို့ပဲတတ်တယ်။ ရှို့ခန်းက သူ့ထိုက်သူ့ကံ သူစိုက်တဲ့အသီး သူရိတ်သိမ်းရတာလို့ ကောင်းရန်တွေးတောခဲ့တာဖြစ်တယ်။ ဝေ့အမျိုးသမီးရော ကောင်းရှီးရော သူတို့တွေအားလုံး ဝဋ်လည်ကုန်ကြတာပဲ။ မင်းသမီးအိမ်တော်ကလူတွေက သူ့ကိုမတူမတန်ဆက်ဆံလို့ ကုချန်ယောက်က မင်းသမီးအိမ်နဲ့အဆက်ဖြတ်ပစ်လိုက်တယ်။ ဇာတ်လိုက်အရှိန်အဝါက အတော်လေးအသုံးဝင်ပါ့လားလို့ ကောင်းရန်ကျေနပ်ခဲ့တယ်လေ။ ဒါပေမယ့် အခုရော… ကောင်းရန်က ကြက်သေသေနေရပြီး ဘာမှားနေမှန်း မသိတော့ဘူး၊ ယန့်ဝမ်က ဒီကိစ္စကြောင့် သူ့ကိုသဘောမကျတာလား… ဘာလို့ဒီကိစ္စလဲ…
ကုချန်ယောက်ကတော့ ကောင်းရန်နဲ့ကွဲပြားပါတယ်။ သူ့အဖေအကြောင်း သူကောင်းကောင်းသိတာပေါ့။ အသံကြားပြီး သူ့အဖေဒေါသထွက်နေပြီမှန်း သူသိလိုက်တယ်။ ကုဟွေးရန့်က ဒေါသထွက်လေလေ ပိုတည်ငြိမ်လေလေဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။
ကုချန်ယောက်က ဆက်လက်ထိုင်မနေဝံ့ဘူး၊ ချက်ချင်းကိုမတ်တပ်ရပ်ပြီး ခေါင်းငုံ့ကာပြောလိုက်တယ် “ကျွန်တော်ပြောတာ ဒီသဘောမဟုတ်ပါဘူး… ဒါပေမယ့် မင်းသမီးကြီးက နေရာတကာစွက်ဖက်လွန်းတယ်၊ ကြင်ယာတော်က ကျွန်တော့်ဇနီးဖြစ်နေပြီ၊ လူကြီးတွေက သဘောထားမကြီးပေးမှတော့ ဘာဖြစ်လို့ကျွန်တော်ကရိုသေပြရမှာလဲ၊ သူတောင်မှ ကြင်ယာတော်ကို မတူမတန်ဆက်ဆံသေးတာ ကျွန်တော်က အရင်အတိုင်းခေါင်းငုံ့ပေးနေရင် ယန့်ဝမ်အိမ်တော်ကို မျက်နှာမရှိအောင်လုပ်တာနဲ့အတူတူပဲလေ”
ကောင်းရန်ကလည်း ခပ်မြန်မြန်ထရပ်ပြီး လင်ဝေ့ရှီးဆီနှုတ်ခမ်းစူကာတစ်ချက်လှမ်းကြည့်ပြီးမှ ခေါင်းငုံ့ပြီး ဝင်ပြောလိုက်တယ် “ဒါက ချွေးမရဲ့အမှားပါ၊ ဆက်ခံသူအမှားမဟုတ်ပါဘူး၊ အဖေ ကျေးဇူးပြုပြီး ဆက်ခံသူကို စိတ်မဆိုးပါနဲ့”
ကောင်းရန်ရဲ့အကြည့်ကို လင်ဝေ့ရှီးသိပါတယ်။ ငါတို့မိသားစုအရေးမှာ နင့်လိုအပြင်လူဝင်မပါနဲ့လို့ သတိပေးချင်တာ။ လင်ဝေ့ရှီးလည်း အစကတည်းက စားပွဲကထသွားဖို့ ဆင်ခြေတစ်ခုရှာပြီးသား။ ဒါပေမယ့် ကုချန်ယောက်က သူ့ရှေ့မှာပိတ်ရပ်နေတယ်။ ထွက်သွားဖို့မဖြစ်နိုင်ဘူး။ အဆူခံနေရတဲ့ကုချန်ယောက်ရဲ့ပုံစံကို သူတကယ်ကြီးကြည့်ချင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာအတွေ့အကြုံအရ အိမ်ရှင်မိသားစုရဲ့ကိုယ်ရေးကိုယ်တာကို လေးစားသင့်တယ်လို့ထင်မြင်မိတာကြောင့် တစ်ဖက်ကိုပဲ အသာအယာလှည့်နေရတယ်။
လင်ဝေ့ရှီးက နေရာမှာတုတ်တုတ်မလှုပ်ထိုင်နေရင်း အတတ်နိုင်ဆုံးကိုယ်ပျောက်နေသလို အသံတစ်ချက်မထွက်နေနေရတယ်။ သွေးထွက်လောက်အောင်မှန်တဲ့ အမှန်တရားတွေကို နားထောင်နေရင်းပေါ့။
ကုဟွေးရန့်က ကုချန်ယောက်ရဲ့စကားကိုကြားပြီး စိတ်ထဲဒေါသတွေ ပိုတိုးလာတယ်။ မျက်နှာပေါ် အရိပ်အယောင်မရှိပေမယ့် သူ့စကားတွေထဲကဖိအားကိုတော့ ဘေးနားကလူတိုင်း ခံစားလို့ရနေတယ် “မင်းသမီးကြီးက အမှန်တကယ် ယန့်ဝမ်အိမ်တော်ကိုလျစ်လျူရှုတယ်ဆိုရင် မင်းတို့ကို သူ့အိမ်ထဲပေးဝင်မှာတောင် မဟုတ်ဘူး”
ကုချန်ယောက်နဲ့ကောင်းရန်တို့နှစ်ယောက်လုံး ခေါင်းတွေကိုငုံ့ထားတယ်။ အသက်ရဲရဲမရှူရဲကြဘူး။
ကုဟွေးရန့်က ခဏလောက်ငြိမ်ကျသွားပြီးမှ ထပ်ပြောတဲ့အချိန်မှာ တင်းမာပြတ်သားတဲ့ယန့်ဝမ်ပုံစံအတိုင်း ပြန်လည်ပြောင်းလဲသွားပြန်တယ် “ဇနီးရဲ့ဝမ်းနည်းခြင်းကာလကို မစောင့်ထိန်းဘဲ အလျင်စလိုပြန်လက်ထပ်တာက မင်းရဲ့အမှား၊ ရှို့ခန်းမင်းသမီးကြီးက မင်းအပေါ်မှာ အေးစက်စက်ဆက်ဆံရုံမကလို့ တံခါးပိတ်ထားခဲ့မယ်ဆိုရင်တောင် သူ့မှာလုပ်ပိုင်ခွင့်ရှိတယ်၊ အစကတည်းက မင်းကိုယ်တိုင် မင်းသမီးကြီးဆီစာရေးပြီး သူရဲ့တစ်ဦးတည်းသောမြေးကို လက်ထပ်ခွင့်တောင်းခဲ့တာမဟုတ်ဘူးလား၊ ဒါပေမယ့် တစ်နှစ်ပဲရှိသေးတယ် အိမ်တော်ထဲမှာ အကြောင်းရင်းမယ်မယ်ရရမရှိဘဲ သေသွားတယ်၊ မင်းသမီးကြီးက မင်းကိုသံသယရှိတယ်ဆိုရင်တောင် မင်းကငြင်းရဲသေးလား”
“အဖေ” ကုချန်ယောက်က မနေနိုင် မော့ကြည့်မိသွားပြီ “အစကတည်းကကျွန်တော်ရှာတဲ့လူက သူမှမဟုတ်တာ၊ သူနဲ့မင်းသမီးကြီးက….”
ကုဟွေးရန့်ရဲ့အကြည့်အောက်မှာ ကုချန်ယောက်ရဲ့စကားသံတွေ တဖြည်းဖြည်းပျောက်ရှသွားတယ်။ သူက ရိုကျိုးစွာခေါင်းကိုငုံ့ထားဆဲပဲ။ ကုဟွေးရန့်က ဟွန့်ခနဲတစ်ချက်အသံပြုရင်း လက်ဖက်ရည်ခွက်ကို ဘန်းခနဲမြည်အောင်ဆောင့်ချလိုက်တယ် “အရင်ဆုံးစာရေးခဲ့တာ မင်းမဟုတ်ဘူးလား၊ ဇာတာခွင်(၈)မျိုးလဲလှယ်ပြီး လက်ထပ်ခွင့်အတည်ပြုခဲ့တာ မင်းမဟုတ်ဘူးလား”
ကုချန်ယောက်ရဲ့မျက်နှာက မှုန်ကုပ်နေတယ်။ သူက အတင်းကြိုးစားဖျစ်ညှစ်ပြီးမှ စကားတစ်ခွန်းတွန့်ဆုတ်တွန့်ဆုတ်ထွက်လာတယ် “ဟုတ်ပါတယ်….”
“တော်လောက်ပြီ.. မင်းရဲ့ဆင်ခြေတွေ ဘယ်သူမှနားထောင်ပေးမှာမဟုတ်ဘူး၊ မင်းဒီလောက်အရွယ်ရောက်နေပြီ၊ တစ်ခုခုအမှားလုပ်မိတယ်ဆိုရင် အဲ့ဒါမင်းမှားတာပဲ၊ တာဝန်မယူချင်ဘဲ အကြောင်းပြချက်ပေးပြီး ရှောင်ထွက်ချင်လို့မရဘူး”
လင်ဝေ့ရှီးရဲ့မျက်လုံးတွေ ကျိန်းစပ်လာခဲ့တယ်။ သူက မျက်လုံးတွေကို ခပ်မြန်မြန်ဖွင့်ပိတ်ရင်း မျက်ရည်တွေစီးကျမလာအောင် တားဆီးနေရတယ်။ အဲဒိစာအုပ်ကြီးရော၊ နယ်စားအိမ်တော်ကရော၊ ယန့်ဝမ်အိမ်တော်က အစေခံအိုကြီးတွေကတောင် အချိန်တွေအကြာကြီး တဖွဖွပြောခဲ့ကြတာ… သူက ကိုယ်စိုက်တဲ့အသီးပြန်ရိတ်သိမ်းတာဖြစ်လို့ ထိုက်တန်တယ်တဲ့လေ…။ ဒီလိုလူတွေအများကြီးထဲမှာ ယန့်ဝမ်တစ်ယောက်တည်းကပဲ သူ့ရဲ့နာကျည်းချက်တွေကို ပြန်လည်ဖာထေးပေးရင်း ကုချန်ယောက်ကို ပြင်းပြင်းထန်ထန်ဆူပူခဲ့တယ်… ယန့်ဝမ်ကလေ… အဲဒိကုချန်ယောက်ရဲ့ရာနှုန်းပြည့်အဖေရင်း၊ သူ့ယောက္ခမဟောင်းကြီးကပေါ့…
လင်ဝေ့ရှီးက ကောင်းရန်ရဲ့နေရာ ဝင်ယူခဲ့တာမှန်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုများ အပြစ်တင်လို့ရမှာလဲ။ ဒါက လူမှားဝန်ခံတဲ့ ကုချန်ယောက်ရဲ့အမှားသာဖြစ်ပြီး နောက်ကွယ်က အကွက်လေးထုတ်တဲ့ကောင်းရန်ကြောင့်လည်းပါတယ်။ တစ်စုံတစ်ယောက်ရဲ့အမှားအပေါ်မှာ သူကဘာလို့ပေးဆပ်ခဲ့ရတာလဲ။ မှားယွင်းလက်ထပ်ခဲ့ရင်တောင် ကုချန်ယောက်က ခင်ပွန်းတစ်ယောက်ရဲ့တာဝန်ကို မကျေပွန်သင့်ဘူးလား။
ကုချန်ယောက်က တင်းတင်းကျပ်ကျပ်ဆိုဆုံးမ ခံလိုက်ရလို့ ရှက်စိတ်လေးတွေဝင်သွားတယ်။ ကောင်းရန်ကတော့ တစ်ခုခုပြောလိုက်ချင်သေးတယ်။ ဒါပေမယ့် ကုဟွေးရန့်နဲ့မျက်လုံးချင်းဆုံမိပြီး လည်ချောင်းတစ်ခုလုံးပိတ်ဆို့သွားအောင် ကြောက်ရွံ့သွားခဲ့လို့ ဘာတစ်ခွန်းမှထွက်မလာနိုင်တော့ဘူး။
ဒါက ကုဟွေးရန့်ရဲ့ တွေ့မြင်ရခဲလွန်းတဲ့ဒေါသဖြစ်ပါတယ်။ ခန်းမဆောင်တစ်လုံး အတွင်းရော အပြင်ပါ တိတ်ဆိတ်နေခဲ့တယ်။ အရင်ဝမ်ရယ်ဟောင်းကိုခစားခဲ့တဲ့အစေခံအိုကြီးတွေတောင် ဒီခဏမှာ စကားဝင်မပြောရဲခဲ့ကြဘူး။ ဒီလို အပ်ကျသံကြားလောက်အောင် ငြိမ်သက်နေတဲ့အခန်းထဲမှာ ရုတ်တရက် ချောင်းဆိုးသံတစ်ခု အဆက်မပြတ်ဟိန်းထွက်လာတယ်။ ပိုင်ရှင်က ချောင်းဆိုးသံကို အတင်းချုပ်တည်းထားဟန်ရှိတယ်။ ဒါပေမယ့် ပိုချုပ်တည်းလေလေ ပိုဆိုးလာလေလေပါပဲ။ လင်ဝေ့ရှီးက ပါးစပ်ကိုလက်နဲ့အုပ်ရင်း မျက်မှောင်တွေကျုံ့ထားတယ်။ အချိန်အများကြီးယူပြီးမှ စကားတစ်ခွန်းချင်းစီ ခက်ခက်ခဲခဲဖွင့်ဟလိုက်ရတယ် “တောင်းပန်ပါတယ်… ကျွန်မက အရှင်နဲ့ဆက်ခံသူကိုနှောင့်ယှက်တာမဟုတ်ပါဘူး၊ အဲ့ဒါ… အဟွတ်… အဟွတ်…”
လင်ဝေ့ရှီးရဲ့ပါးတွေ ချောင်းဆိုးရလွန်းလို့ နီမြန်းလာပြီး မျက်လုံးထဲမှာလည်း မျက်ရည်ကြည်တွေဝေ့လာတယ်။ ကုဟွေးရန့်က အစတုန်းကတော့ ဒေါသထွက်နေတာ၊ ဒါပေမယ့် လင်ဝေ့ရှီးရဲ့သနားစရာကောင်းလောက်အောင် ချောင်းဆိုးနေပုံကိုမြင်ပြီး သက်ပြင်းချကာပြောလိုက်တယ် “ဘာဖြစ်လို့ ချောင်းဆိုးပြန်ရတာလဲ၊ ဒီနေ့ ဆေးမသောက်ဘူးလား”
လင်ဝေ့ရှီးက ဘာပြောရမှန်းမသိဘူး၊ ဝမ်ယွဲ့က ခပ်မြန်မြန်ရှေ့တက်ပြီး တစ်လုံးချင်းလျှောက်တင်လိုက်ရတယ် “ကျွန်တော်မျိုးမ သခင်မလေးကိုဆေးတိုက်ပြီးပါပြီ၊ ဒါပေမယ့် ဒီရက်ပိုင်း ရာသီဥတုကခြောက်သွေ့တော့ ဆေးကအာနိသင်မဝင်လို့ပါ”
“မနက်ဖြန်ကျရင် နန်းတွင်းသမားတော်ကို မင်းဆေးလဲဖို့ ခိုင်းလိုက်မယ်”
လင်ဝေ့ရှီးက ကုဟွေးရန့်ကို ခက်ခက်ခဲခဲကျေးဇူးတင်စကားပြောရတယ်။ ကုချန်ယောက်ကတော့ လင်ဝေ့ရှီးနားပြေးသွားပြုစုကြတဲ့လူတစ်စုကို ပါးစပ်အဟောင်းသားကြည့်နေရတယ်။ အခါးရည်ကမ်းပေးတဲ့လူနဲ့၊ နောက်ကျောပုတ်ပေးတဲ့လူနဲ့ ဒီခဏမှာ ဒီကဆက်ခံသူသခင်လေးကို မေ့သွားကြသလိုပဲ။
ဒါပေမယ့် ကံကောင်းချင်တော့ အဆူခံရတဲ့ကိစ္စက ဒီလိုနဲ့ပဲပြီးဆုံးသွားပြီး ကုချန်ယောက်ကိုခစားတဲ့အစေခံတွေက အများကြီးသက်သာရာရသွားကြတယ်။
လင်ဝေ့ရှီးက ကုချန်ယောက်ကို အရှက်ကွဲမယ့်အရေးကနေ မတော်တဆကယ်တင်မိတာ အတော်လေးစိတ်ထဲဒေါသထွက်ရတယ်။ တွေးလေတွေးလေ လည်ချောင်းထဲ ပိုယားလာလေပဲ။ နောက်ဆုံး ခက်ခက်ခဲခဲကြိုးပမ်းပြီးမှ ချောင်းဆိုးတာရပ်သွားတယ်။ ခန်းမထဲကလူတွေလည်း အခုမှသက်ပြင်းလေးချနိုင်တော့တယ်။ ကုဟွေးရန့်ကတော့ လင်ဝေ့ရှီးကို မျက်မှောင်ကြီးကျုံ့ပြီးကြည့်နေဆဲပဲ။ တစ်ဖက်မှာလည်း လင်ဝေ့ရှီးက ကုဟွေးရန့်ရဲ့စိတ်အခြေအနေကို မျက်ဝန်းထောင့်ကနေ အသေအချာအကဲခတ်နေခဲ့တယ်။ သူက အညင်သာဆုံးလေသံလေးနဲ့ တစ်လုံးချင်းမေးလိုက်ရတယ် “အရှင်… စိတ်ဆိုးနေတုန်းပဲလားဟင်”
ကုဟွေးရန့်ရဲ့မျက်ခုံးတန်းတွေ တစ်ချက်မလှုပ်ဘူး၊ ကုချန်ယောက်ဆီ လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်တယ် “နောက်တစ်ခါ ထပ်မဖြစ်စေနဲ့”
ကောင်းရန် အပျော်လုံးဆို့သွားတာပေါ့။ ကုချန်ယောက်ရဲ့မျက်နှာကတော့ တည်တင်းနေဆဲပဲ။ သူက လင်ဝေ့ရှီးဆီ အဓိပါယ်ဖော်မရတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးမှ သူ့အဖေဘက်လှည့်ပြီး ဦးညွှတ်လိုက်ပါတယ်။ ဒီခဏမှာ အားလုံးက လင်ဝေ့ရှီးကို ကယ်တင်ရှင်ကြီးသဖွယ်ကျေးဇူးတင်နေကြတယ်။ လင်ဝေ့ရှီးကတော့ မချိပြုံးလေးကို ပါးပြင်ထက်ချိတ်ဆွဲထားရတာပေါ့။
တကယ်တော့ သူဒီလိုရည်ရွယ်တာ မဟုတ်ဘူးလေ….
………….