(14) မလိုမုန်းထား
Viewers 10k

(14) မလိုမုန်းထား

လင်ဝေ့ရှီးက ပြဿနာတွေပိုဆိုးလာစမ်းဆိုပြီး စိတ်ထဲကကြိတ်ဆုတောင်းနေတာပါ။ ဒါပေမယ့် သူကိုယ်တိုင်က ကုချန်ယောက်ကို မတော်တဆကူညီပေးမိသွားတယ်။ ယူကျုံးမရဖြစ်လိုက်တာဆိုတာ ပြောမနေပါနဲ့တော့။ ပိုဆိုးတာကလည်း ဘေးနားကလူတွေက သူ့လုပ်ရပ်ကိုအထင်အမြင်လွဲသွားကြတာပဲ။ လင်မိန်းကလေးက စိတ်ကောင်းရှိတယ်၊ ဝမ်ရယ်က သခင်လေးကိုဆူနေတာမကြည့်ရက်လို့ အကျဉ်းအကျပ်ထဲကရုန်းထွက်နိုင်အောင် နည်းလမ်းရှာပေးတယ်ပေါ့။

အမှန်တကယ်မှာတော့ လင်ဝေ့ရှီးက နှစ်နာရီလောက်ပွဲကြီးပွဲကောင်းထိုင်ကြည့်ရဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ 

လင်ဝေ့ရှီးက ကျင့်တန်းဥယျာဉ်ဆီ စိတ်တိုတိုနဲ့ပြန်လာရတယ်။ ခြုံထည်ကိုချွတ်ပြီးထိုင်ချလိုက်ပြီးမှာ ဝမ်ရှင်းက လက်ဖက်ရည်တစ်ခွက်ယူလာပေးတယ်။ လင်ဝေ့ရှီးရဲ့အလိုမကျမျက်နှာကိုကြည့်ပြီး ဝမ်ရှင်းကပြုံးပြီးမေးလေတယ် “သခင်မလေး ဘာဖြစ်လို့လဲ၊ သခင်မလေးကို စိတ်ဆိုးအောင် ဘယ်သူလုပ်လိုက်လဲ”

ဝမ်ရှင်းက လင်ဝေ့ရှီးနေမကောင်းဖြစ်နေတုန်း ယန့်ဝမ်ခေါ်လာတဲ့အစေခံဖြစ်ပါတယ်။ လင်ဝေ့ရှီးက ဝမ်ယွဲ့နာမည်ဆင်တူ ဝမ်ရှင်းလို့နာမည်ပေးလိုက်တယ်။ ဒီအစေခံနှစ်ယောက်က သူ့ကိုယ်ပိုင်အစေခံတွေဖြစ်တယ်။

ဝမ်ယွဲ့က လင်ဝေ့ရှီးရဲ့ခြုံထည်ကိုအထဲဝင်သိမ်းပြီး အပြင်ပြန်ထွက်လာတုန်းမှာ ဒီစကားကိုကြားပြီး ပြန်ပြောတယ် “ဒီနေ့ သခင်မလေးက လူကြားထဲမှာချောင်းဆိုးတယ်လေ၊ ဒါပေမယ့် ကံကောင်းတာဖြစ်သွားတယ်၊ နို့မိုဆို ဆက်ခံသူနဲ့ကြင်ယာတော်ကတော့ အဆူခံရလို့ပြီးမှာမဟုတ်တော့ဘူး”

“ဘာဖြစ်လို့လဲ”

ဝမ်ယွဲ့က ညစာစားတုန်းကအကြောင်းတွေရှင်းပြတဲ့အခါ ဝမ်ရှင်းက သက်ပြင်းအခါခါချရင်း ချီးကျူးလေတယ် “သခင်မလေးက အရမ်းစိတ်ကောင်းရှိတာပဲ၊ ကြင်ယာတော်က သူ့နို့ထိန်းကို တမင်သက်သက်ခြိမ်းလားခြောက်လားလုပ်ခိုင်းတာတောင် သခင်မလေးက သူတို့ကို ပြဿနာကနေလွတ်အောင် ကူညီပေးသေးတယ်”

လုပ်ပေးချင်လွန်းလို့မှဟေ့…။ လင်ဝေ့ရှီးက စိတ်ထဲ ဒေါသတကြီးပြန်ပြောနေတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ… ဝမ်ယွဲ့နဲ့ဝမ်ရှင်းက ယန့်ဝမ်အိမ်တော်ရဲ့ချွေးမအကြောင်းကို များများစားစားအတင်းမတုပ်ဝံ့ဘူး။ သူတို့က နောက်ထပ်အကြောင်းအရာတမျိုးဆီ ရောက်သွားကြတယ်။ ဝမ်ယွဲ့ကဆိုတယ် “အဟုတ်ပဲ၊ ဒီနေ့ ယန့်ဝမ်ဒေါသထွက်တာများ ကြောက်ဖို့အရမ်းကောင်းတာပဲ၊ ငါဆို ခေါင်းတောင်မမော့ရဲဘူး၊ ဝမ်ရယ်က သခင်မလေးကိုသာ ပြေပြေလည်လည်ပြောတာ ဆက်ခံသူကိုကျတော့ တင်းကျပ်လိုက်တာများ၊ လူတွေအများကြီးရှေ့မှာ ဆူတာဆူတာဆိုတာလေ”

“ဘာလို့ဆူတာလဲ”

“ရှို့ခန်းမင်းသမီးကြီးကြောင့်လေ၊ ယန့်ဝမ်က နည်းနည်းတော့လွန်တယ် ဒါပေမယ့် မင်းသမီးကြီးကိုဝတ္တရားကျေချင်တာကြောင့် ဖြစ်ပါလိမ့်မယ်”

လင်ဝေ့ရှီးက ဒါကိုကြားပြီး ဖြတ်ပြောလိုက်တယ် “ယန့်ဝမ်က ရှို့ခန်းမင်းသမီးကြီးကိုဝတ္တရားကျေချင်တာမဟုတ်ဘူး၊ မင်းသမီးကြီးက ယန့်ဝမ်ရဲ့အဒေါ်ဆိုပေမယ့် နန်းတွင်းမှာ မင်းသမီးတွေဘယ်လောက်များလိုက်လဲ၊ ဦးရီးတော်တွေ တူတော်တွေ အရီးတော်တွေအများကြီး…ကျေစမ်းပါလေ့ဝတ္တရား… ယန့်ဝမ်က သူတို့အားလုံးနဲ့ရင်းနှီးနေတာမဟုတ်ဘူး၊ တကယ်တမ်းကျ ယန့်ဝမ်က အရင်ယန့်ဝမ်ဟောင်းကို သားသမီးဝတ္တရားကျေချင်တာ၊ အရင်တုန်းက ရှစ်ကျုံးဧကရာဇ်က ယန့်ဝမ်ဟောင်းအပေါ်မှာ သံသယများပြီး မနာလိုစိတ်လည်းကြီးတယ်… အဲဒါကြောင့် ယန့်ဝမ်ဟောင်းက စစ်တပ်ရှိတဲ့ဆီမသွားနိုင်ဘူး၊ မြို့တော်မှာပဲပိတ်မိနေတာ၊ ရှို့ခန်းမင်းသမီးကြီး ဝင်အာမခံမှပဲ ယန့်ဝမ်ဟောင်းက ချောချောမွေ့မွေ့ထွက်လို့ရသွားတာ၊ ဒီကျေးဇူးကြောင့် ယန့်ဝမ်က မင်းသမီးကြီးအိမ်တော်ကို လေးလေးစားစားဆက်ဆံတယ်၊ ကုချန်ယောက်က ယန့်ဝမ်အိမ်တော်အထွဋ်အထိတ်ရောက်ချိန်မှာ မွေးလာတာလေ၊ အကုန်လုံးက ရေကန်အသင့်ကြာအသင့်ပဲ၊ အဲဒိတော့ ရှေ့မျိုးဆက်ကဒုက္ခတွေကို သူဘယ်နားလည်ပါ့မလဲ” 

“သြော… ဒီလိုကိုး…” ဝမ်ရှင်းက နားထောင်ပြီး အမှတ်တမဲ့မေးပါတယ် “သခင်မလေး… သခင်မလေးကရော ရှစ်ကျုံးဧကရာဇ်လက်ထက်ကအကြောင်းကို ဘယ်လိုသိတာလဲ”

လက်ဖက်ရည်ခွက်ကိုကိုင်ထားတဲ့လင်ဝေ့ရှီးရဲ့လက် ချက်ချင်းဆိုသလိုတန့်သွားတယ်။ သူဒီအကြောင်းတွေသိတာက… ဒါပေါ့… မင်းသမီးကြီးကိုယ်တိုင်ပြောပြတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကောင်ကြွက်အားနည်းတဲ့မိန်းကလေးလင်ဝေ့ရှီးက ဒါတွေကို သိမနေသင့်ဘူးလေ။ သူက ထိတ်ခနဲဖြစ်သွားပြီးမှ ဘာမှမဖြစ်သလို ပြန်ဖြေတယ် “ငါ့အသက်ဆယ်နှစ်တုန်းက သမားတော်ပြဖို့ အဖေနဲ့မြို့တော်လိုက်လာဖူးတယ်၊ မြို့တော်မှာ နှစ်ဝက်နီးပါးလောက်နေလာတာ လမ်းကြားတွေထဲမှာ ပုံပြင်ပြောတဲ့အဘိုးအိုကြီးတွေပြောတာ ကြားဖူးတာပဲ”

ဝမ်ယွဲ့နဲ့ဝမ်ရှင်းက လမ်းတစ်ဝက်ရောက်မှ လင်ဝေ့ရှီးဘေးနားရောက်လာကြသူတွေဖြစ်တယ်။ သူတို့က လင်ဝေ့ရှီးအတိတ်အကြောင်းမသိကြလို့ ဖြီးဖြန်းချက်တွေကိုယုံကြတယ်။ လင်ဝေ့ရှီးလည်း သူ့အစေခံနှစ်ယောက်ကို အောင်အောင်မြင်မြင်အရူးလုပ်လိုက်နိုင်တော့မှ သက်သာရာရသွားတော့တယ်။ လွှတ်ခနဲပြောထွက်ရပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုကြိတ်ပြီး ကျိန်ဆဲလိုက်ရသေးတယ်။

နို့မို့… ဒီနေရာမှာ ယန့်ဝမ်သာဆို ပွဲသိမ်းပြီပဲ။

ဝမ်ယွဲ့နဲ့ဝမ်ရှင်းတို့နှစ်ယောက်က နာမည်ကြီးယန့်ဝမ်အိမ်တော်အကြောင်း စပ်စုချင်စိတ်တွေပြည့်နေတာကြာခဲ့ပြီ။ သူတို့က လေသံတိုးတိုးလေးတွေနဲ့ ယန့်ဝမ်အိမ်တော်ရဲ့အပြင်လူမသိနိုင်တဲ့ မိသားစုပြဿနာတွေအကြောင်း ပြောဆိုနေတယ်။ “ငါကြားတာကတော့ အခုလက်ရှိကြင်ယာတော်က ဒုတိယဇနီးတဲ့၊ ပြီးတော့ အရင်ဇနီးကလည်း ကောင်းမျိုးနွယ်ပဲတဲ့၊ အခုကြင်ယာတော်ရဲ့အစ်မတဲ့”

ဝမ်ယွဲ့က အံ့သြလွန်းပြီး ပါးစပ်တောင်လက်နဲ့ပိတ်လိုက်ရတယ် “ဘာ အစ်မ..”

“အင်း”

“ဆက်ခံသူက ငယ်ငယ်လေးပဲရှိသေးတာလေ၊ ဒုတိယဇနီးတောင်ယူပြီးပြီလား”

“ဝမ်ရယ်တောင်မှ နှစ်ဆယ်ကျော်လောက်ပဲထင်ရတာ၊ သိသာမသိရင် ဝမ်ရယ့်မှာ အသက်(၁၇)နှစ်အရွယ်သားတစ်ယောက်ရှိမှန်း ဘယ်သူခန့်မှန်းမိမှာလဲ”

“ဟုတ်တယ် ဆက်ခံသူက (၁၇)နှစ်ပဲရှိသေးတယ်၊ သူက အစောကြီးလက်ထပ်တာကိုး”

“သူက အစောကြီးလက်ထပ်တာမဟုတ်ဘူး၊ အရင်ကြင်ယာတော်ဟောင်းက အစောကြီးသေသွားတာ” လင်ဝေ့ရှီးက စကားဝိုင်းထဲဝင်လာတယ်။ သူက ပြုံးတောင်ပြုံးနေသေးတာ “နှစ်စမှာလက်ထပ်လိုက်ပြီး နှစ်လည်းကုန်ရော သေသွားရော၊ နှစ်သစ်ကူးပြီးလို့နှစ်လပိုင်းရောက်တော့ ညီမလုပ်တဲ့သူက အိမ်ထဲဝင်လာတယ်၊ ဆက်ခံသူအထီးကျန်စရာမလိုတော့ဘူးပေါ့”

ရုတ်တရက် လင်ဝေ့ရှီး ဖြတ်ပြောလိမ့်မယ်လို့ ဝမ်ယွဲ့နဲ့ဝမ်ရှင်းတို့နှစ်ယောက် မထင်လိုက်မိဘူး။ သူတို့နှစ်ယောက်က များများစားစားတွေးမနေဘူး၊ ပြိုင်တူသက်ပြင်းချလိုက်ကြတယ် “အရင်ကြင်ယာတော်က သနားဖို့ကောင်းတယ်နော်”

သနားဖို့ကောင်းတယ်ပေါ့…။ လင်ဝေ့ရှီးက ပြုံးပြီးဆက်ပြောတယ် “ဟုတ်မှာပါ၊ ဒါပေမယ့် ယန့်ဝမ်ပြောတာမှန်တယ်၊ လောကကြီးမှာ ရလဒ်ကိုပဲမြင်ကြတာ ဘယ်သူမှ အကြောင်းရင်းကိုမမေးဘူး၊ သူ့ဘဝဒီလိုဖြစ်သွားတာ သူ့ကိုယ်သူပဲအပြစ်တင်ရမယ်၊ ဆက်ခံသူနဲ့ကြင်ယာတော်အသစ်က အချင်းချင်းချစ်ခင်မြတ်နိုးကြတယ် ခံစားချက်ကနက်ရှိုင်းပြီးစစ်မှန်တယ်၊ စောစောစီးစီးနေရာမှန်ဖြစ်သွားတာ ကောင်းတာပဲမဟုတ်ဘူးလား”

ဝမ်ယွဲ့နဲ့ဝမ်ရှင်းတို့ ကြောင်တောင်တောင်ဖြစ်သွားလို့ အချင်းချင်းကြည့်လိုက်ရတယ်။… သခင်မလေးက ရွ့ဲပြောနေသလိုပဲ…။ ဝမ်ရှင်းက သွက်လက်တဲ့မိန်းကလေးပါ။ တစ်ရက်တည်းနဲ့တင် အိမ်တော်သတင်းတွေအများကြီးစပ်စုလာခဲ့တယ် “တကယ်ဆို အရင်ကြင်ယာတော်ဟောင်းရဲ့အပြစ်ချည်းပဲ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးမ ဒီနေ့ကြားခဲ့တယ် ကြင်ယာတော်ဟောင်းက အဲဒိတုန်းက အရမ်းစည်းကမ်းတင်းကျပ်တာပဲတဲ့၊ တစ်ခုချင်းစီကို သီးခြားစည်းကမ်းချက်တွေထုတ်ထားတာတဲ့ အတင်းမပြောရဘူး အပျင်းမခိုရဘူး စားဖိုဆောင်မှာမခိုးရဘူး အများကြီးပဲ၊ ယန့်ဝမ်ဖေးကလည်း အစောကြီးတည်းကကွယ်လွန်သွားတယ် ယန့်ဝမ်ကလည်း တစ်နှစ်ပတ်လုံးအပြင်မှာချည်းပဲဆိုတော့ အိမ်တော်စည်းကမ်းတွေအကုန်လုံးက ပျက်ပြားနေတာ၊ ကြင်ယာတော်ဟောင်းရောက်လာတော့မှ အင်တိုက်အားတိုက်လုပ်ရတာပေါ့၊ ဒါပေမယ့် ကံမကောင်းချင်တော့ လူတွေအများကြီး အတိုက်အခံလုပ်တာခံရတယ်တဲ့”

ဝမ်ယွဲ့နဲ့ဝမ်ရှင်းက အပြင်လူတွေပါ။ သူတို့က ယန့်ဝမ်အိမ်တော်ရဲ့အခြေအနေကို အလွယ်လေးမှတ်ချက်ပြုနိုင်ကြတယ်။ ဒါပေမယ့် အိမ်တော်ကနှစ်ဆွေးအစေခံအိုကြီးတွေကတော့ ကောင်းရှီးရဲ့လုပ်ရပ်တွေကို သူတို့အသိုက်ကိုဖျက်ဆီးသယောင် မြင်ခဲ့ကြတာပါ။ ဒီလူတွေရဲ့အမြင်မှာ ကောင်းရှီးကမကောင်းတဲ့လူဖြစ်ပြီး သူတို့က တစ်ခုပြီးတစ်ခုပညာပြခဲ့ကြတယ်။ အခြေအနေတွေပြီးဆုံးသွားတဲ့အခါ ကောင်းရှီးက ပင်ပန်းလွန်းလို့ပြိုလဲကျခဲ့ပါတယ်။ ကောင်းရန်ရောက်လာတဲ့အချိန်မှာတော့ အုတ်မြစ်ကချပြီးပြီ၊ အလွယ်လေးထိုင်လိုက်သွားဖို့ပဲကျန်တော့တယ်။ ဒါ့အပြင် ကောင်းရန်ရဲ့စည်းမျဉ်းတွေက လျော့ရဲတယ်၊ သူသာအကျိုးရှိမယ်ဆိုရင် မျက်စိမှိတ်ချင်မှိတ်ပေးလိုက်မှာပဲ။ ဒါကြောင့် တင်းကျပ်တဲ့ကောင်းရှီးနဲ့ယှဉ်ရင် ကောင်းရန်က နူးညံ့သိမ်မွေ့တဲ့သခင်မအသစ်ဖြစ်လာတယ်။ အိမ်တော်တစ်ခုလုံးကပြောကြပြီပေါ့… သူကပိုကောင်းတယ်လို့လေ။

အိမ်တော်ကိုအခုမှရောက်တဲ့ အစေခံအသစ်လေးတွေဖြစ်တဲ့ဝမ်ယွဲ့နဲ့ဝမ်ရှင်းကတော့ ပြောနိုင်မှာပဲ… အရင်ကြင်ယာတော်က စိတ်ထားလေးကောင်းတယ်လို့လေ… ဒါပေမယ့် အစေခံအိုကြီးတွေဝန်းရံနေတဲ့ ကုချန်ယောက်ကတော့ ဘယ်မြင်နိုင်ခဲ့ပါ့မလဲ။

ကလေးမတွေဆီက ဒီစကားမျိုးထွက်လာလိမ့်မယ်လို့ လင်ဝေ့ရှီး မထင်ထားဘူး။ သူက လှောင်ရယ်မိတာပေါ့။ သူ့စိတ်ရင်းကိုမြင်နိုင်တဲ့လူ ရှားပါးလွန်းတာကိုး။ 

လင်ဝေ့ရှီးက ဒီအကြောင်းတွေ ထပ်မပြောချင်တော့ဘူး။ အခုဆို ကုချန်ယောက်နဲ့ကောင်းရန်တို့အချစ်ဇာတ်လမ်းက စိတ်ပျက်စရာကောင်းတယ်။ ကောင်းရန်ရဲ့ကိုယ်ပိုင်အစေခံဆို မျက်နှာကိုမော်ချီပြီး နေရာတကာဟောက်စားလုပ်နေတာ မြင်နေရတယ်။ အရင်တုန်းကဆို ဒီအစေခံတွေ လင်ဝေ့ရှီးရှေ့ ခေါင်းတောင်မမော့ရဲဘူး၊ အခုတော့ အမြီးတွေပါမြှောက်ရင်းလမ်းသလားနိုင်ကြပြီ။

လင်ဝေ့ရှီးက မတ်တပ်ထရပ်ပြီး စိတ်မပါတပါပြောလိုက်တယ် “ဘာပဲဖြစ်ဖြစ် မိသားစုအတွင်းရေးဆိုတော့ သူတို့နောက်ကွယ်မှာ သူတို့အကြောင်းပြောတာ မကောင်းဘူး၊ နောက် မပြောနဲ့တော့”

ဝမ်ယွဲ့နဲ့ဝမ်ရှင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်တယ်။ သူတို့က လင်ဝေ့ရှီးဝီရောဓိဖြစ်တာကိုမြင်တယ်။ သခင်မလေးက ယန့်ဝမ်အပေါ်မှာ အများကြီးယုံကြည်ကိုးစားပေမယ့် ယန့်ဝမ်မိသားစုအကြောင်းပြောကြပြီဟေ့ဆိုရင်တော့ မထုံတတ်တေးပြုမူလေ့ရှိတယ်။ အိမ်ကိုချစ်ရင် အိမ်မှာလာနားတဲ့ကျီးကန်းကိုလည်းချစ်ပေးရမှာ မဟုတ်ဘူးလား၊ သခင်မလေးက ဘာလို့ဆန့်ကျင်ဘက်တွေလုပ်နေပါလိမ့်။ ဝမ်ယွဲ့နဲ့ဝမ်ရှင်းက နားမလည်တော့တဲ့အတွက် နောက်ထပ်မပြောရဲတော့ဘူး။ အဲဒိအစား လင်ဝေ့ရှီးရဲ့အဝတ်အစားကို ဂရုတစိုက်ကူလဲပေးနေကြတယ် “သခင်မလေး.. ဒီနေ့ဝမ်ရယ်က မင်းသမီးကြီးကိစ္စနဲ့ပတ်သတ်ပြီး ဆက်ခံသူကိုအကြီးအကျယ်စိတ်ဆိုးတယ်၊ ပြီးတော့ လေးငါးရက်နေရင် သူတို့လင်မယားကိုခေါ်ပြီး မင်းသမီးကြီးဆီသွားတောင်းပန်မယ်လို့လည်းပြောတယ်၊ အဲ့ဒါ ဖြစ်နိုင်လား”

“ဘာလို့မဖြစ်နိုင်ရမှာလဲ” လင်ဝေ့ရှီးရဲ့အသံက ဆောင့်ကြီးအောင့်ကြီးဖြစ်နေတယ် “သူတို့တွေက မင်းသမီးကြီးအိမ်တော်ကို နောက်မျိုးဆက်မရှိဘူးဆိုတာနဲ့ အထင်သေးရဲလား၊ ဘယ်ကသတ္တိတွေရလာလဲ၊ ဆက်ခံသူမရှိဘူးဆိုရင်တောင် မင်းသမီးကြီးအသက်ရှင်နေသရွေ့ မြို့တော်တခွင်လုံးဘယ်သူမှလျစ်လျူမရှုရဲဘူး၊ ယန့်ဝမ်က မင်းသမီးကြီးကို အရီးတော်ခေါ်နေသရွေ့ သူ့လိုကိုယ်လုပ်တော်သမီးတစ်ယောက်က မင်းသမီးကြီးအိမ်တော်တွင်းမှာ မထီမဲ့မြင်ပြုလို့ရမယ်များမှတ်နေလားမသိဘူး၊ အဟင်း ရယ်ရတယ်”

“သခင်မလေး…”

လင်ဝေ့ရှီးကလည်း သူ့ကိုယ်သူစိတ်တိုနေမှန်းသိတယ်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှုပြီး ပြောလိုက်တယ် “ဒီကြားထဲ အဝတ်အစားပြင်ထားလိုက်၊ ငါ ယန့်ဝမ်နဲ့အတူ မင်းသမီးအိမ်တော်လိုက်သွားမယ်”

ဝမ်ယွဲ့ကြောင်တောင်တောင်ဖြစ်သွားရပြီ။ သခင်မလေးက သူ့အဖေရဲ့ဝမ်းနည်းခြင်းကာလတွင်းမှာပဲ ရှိသေးတယ်။ သာမန်အားဖြင့်တော့ အခန်းထဲမှာပဲနေပြီး ဧည့်သည်မတွေ့ရဘူး။ ဒါကို မင်းသမီးအိမ်သွားဖို့စိတ်ကူးရတာလဲ။ ဒါပေမယ့်လည်း ဒါတွေက သူ့လိုအစေခံတစ်ယောက်စိတ်ပူရမယ့်အရာတွေမဟုတ်ဘူး။ ဝမ်ယွဲ့က အသံတိုးတိုးနာခံလိုက်ပြီး လင်ဝေ့ရှီးရဲ့အဝတ်တွေပြင်ပေးဖို့ထွက်သွားတယ်။

ဒီအကြောင်းကိုကုဟွေးရန့်သိရှိသွားတဲ့အချိန်မှာ ဘာမှမပြောဘဲ ခေါင်းတစ်ချက်ညိတ်ပြီး သဘောတူပေးခဲ့ပါတယ်။ အလုပ်တွေဖယ်ထုတ်ပြီး အားလပ်ရက်တစ်နေ့မှာတော့ ယန့်ဝမ်အိမ်တော်ကလူတွေကိုဦးဆောင်ပြီး ရှို့ခန်းမင်းသမီးကြီးဆီ ထွက်လာခဲ့ကြပါတယ်။

ဒါပေါ့… ယန့်ဝမ်ကိုယ်တိုင်ကိုယ်ကျလာရောက်လည်ပတ်တဲ့အတွက် ချက်ချင်းဆိုသလို အထူးဧည့်သည်တော်အဖြစ်ကြိုဆိုခံရတယ်။ မင်းသမီးကြီးက ယန့်ဝမ်အလည်လာတဲ့အကြောင်းကိုကြားပြီး အစေခံတွေဖေးမကူညီမှုနဲ့လာရောက်ဧည့်ခံတယ်။

ကုဟွေးရန့်က မင်းသမီးကြီးထွက်လာတာကိုမြင်တော့ ခပ်မြန်မြန်ထရပ်ပြီး လက်မောင်းကိုကူတွဲတယ် “အရီးတော် ကျွန်တော်ရဲ့မလိမ္မာတဲ့သားက ခေါင်းမာလွန်းလို့ အရီးတော်ရဲ့ကြိုးပမ်းမှုတွေကို အရာမထင်ဖြစ်စေခဲ့တယ်၊ အခုလည်း ဒုက္ခခံပြီး ကျွန်တော်တို့ကိုထွက်တွေ့ရပြန်တယ်၊ တကယ့်ကို ကျွန်တော့်အပြစ်တွေပါ”

“ဒီလိုစကားတွေ မပြောပါနဲ့၊ ယန့်ဝမ်က ဧကရာဇ်ကတောင် ယုံယုံကြည်ကြည်အားကိုးနေတဲ့ ချင်းဝမ်တစ်ယောက်ပါ၊ ငါ့လို သင်္ချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းနေတဲ့အဘွားအိုကြီးက တောင်းပန်ချက်ကို လက်မခံရဲပါဘူး”

ကုဟွေးရန့်က ဒါကိုမြင်ပြီး ဘာမှပြောမထွက်ဘူး။ ကုချန်ယောက်ဆီ ခပ်ဆဆကြည့်ပြီး အနားတိုးဖို့အချက်ပြလိုက်တယ်။ ကုချန်ယောက်က သူ့အဖေရဲ့သဘောထားကို နားလည်တယ်၊ တွန့်ဆုတ်တွန့်ဆုတ်ရှေ့တက်လာပြီး မင်းသမီးကြီးရှေ့ဒူးထောက်လိုက်တယ် “ကျွန်တော် လွန်ခဲ့တဲ့ရက်တုန်းက စဉ်းစားဉာဏ်မရှိဘဲ အဘွားလေးကိုအပြစ်ပြုမိပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ကုချန်ယောက်က ယန့်ဝမ်ရဲ့သားပါ။ အစ်မရှီးကိုလျစ်လျူရှုတဲ့ခေါင်းစဉ်နဲ့ မင်းသမီးကြီးက သူ့ကိုမုန်းရင်တောင်မှ ယန့်ဝမ်ရဲ့မျက်နှာကို မသိကျိုးကျွန်ပြုလို့မရဘူး။ ယန့်ဝမ်က သူ့သားကိုခေါ်လာပြီး လူကိုယ်တိုင်လာရောက်တောင်းပန်တယ်။ လူ့ကျင့်ဝတ်တွေ ဝတ္တရားတွေဘက်ကကြည့်ရင်တော့ ယန့်ဝမ်ရဲ့စိတ်ရင်းက အားရကျေနပ်စရာကောင်းတယ်။ မင်းသမီးကြီးက ခေါင်းညိတ်ပြီး မယုတ်မလွန်ပြောဖို့ပဲတတ်နိုင်တယ်။

“မိသားစုတွေထဲ  အမုန်းမရှိပါဘူး၊ မင်းနားလည်ပြီဆိုရင် ရပြီ၊ ထလိုက်တော့”

ကုချန်ယောက်မတ်တပ်ရပ်သွားတဲ့အခါ ကောင်းရန်ကရှေ့တိုးလာရင်း အရိုအသေပေးပါတယ် “အဘွားတော်”

ရှို့ခန်းမင်းသမီးကြီးက ဟွန့်ခနဲအသံပြုတယ်။ လူတွေအားလုံးကြားတယ်။ သူက ကောင်းရန်ကို ကြည့်တောင်မကြည့်ဘူး။ ကောင်းရန်က သနားစဖွယ်ပုံစံလေးပြုတယ်။ ကုချန်ယောက်က စိတ်ဓါတ်ကျသွားပါတယ်။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ်ထိုင်နေဆဲကုဟွေးရန့်ကြောင့် သ့ူစိတ်ထဲဒေါသထွက်နေရင်တောင် အပြင်ပန်းမလှုပ်ရဲဘူး။  

ဒီအချိန်မှာ မင်းသမီးကြီးက နေရာမှာတခြားတစ်ယောက်ရှိနေမှန်း သတိပြုမိသွားတယ်။ သူက နှစ်သစ်ကူးပန်းချီကားထဲကလို သိမ်မွေ့တဲ့မိန်းကလေးကို ကြည့်တယ်။ နည်းနည်းလေးလည်း ဝေခွဲမရဖြစ်သွားတယ် “သူက…”

လင်ဝေ့ရှီးက ရှေ့တက်လာပြီး သုံးကြိမ်သုံးခါဦးတိုက်လေတယ် “ကျွန်တော်မျိုးမ လင်ဝေ့ရှီးလို့ခေါ်ပါတယ်၊ မင်းသမီးကြီးကိုဂါရဝပြုပါတယ်”

မင်းသမီးကြီးက ကြမ်းပြင်ပေါ်ကမိန်းကလေးကိုကြည့်တယ်၊ မျက်ဝန်းတွေလည်း ပြူးကျယ်နေခဲ့တယ်။ ကုဟွေးရန့်က ဖြေရှင်းချက်ပေးပါတယ် “အနောက်မြောက်မှာ ပုန်ကန်မှုကိုနှိမ်နင်းတုန်းက ဒီမိန်းကလေးအဖေက ကျွန်တော့်ကို အသက်ပေးကာကွယ်ခဲ့တာပါ၊ အရီးတော် တလောတုန်းက ကျုံးယုံမြို့စားဆိုတာကို ကြားလိုက်မယ်ထင်ပါတယ်၊ ပုန်ကန်မှုပြီးလို့ မြို့တော်ပြန်လာတဲ့လမ်းမှာ ဒီမိန်းကလေးနဲ့တွေ့ခဲ့တာပါ၊ အမေလည်းမရှိ အဖေကလည်းဆုံးပြီဆိုတော့ တစ်ယောက်တည်းနေလို့မဖြစ်တာနဲ့ မြို့တော်ခေါ်လာလိုက်ပါတယ်၊ ဒီနေ့ အရီးတော်ကိုနှုတ်ဆက်ဖို့ အငယ်တွေခေါ်လာတုန်း သူလည်းလိုက်လာတာပါ”

မင်းသမီးကြီးက ဒါကိုကြားပြီး အမည်မသိတဲ့ခံစားချက်အချို့နဲ့ နှလုံးက သိသိသာသာခုန်မြန်လာတယ်။ သူက လင်ဝေ့ရှီးကိုဆွဲထူခိုင်းလိုက်ပြီး အနားကပ်လာဖို့လက်ယပ်ခေါ်တယ်။ ပြီးတော့ သူ့ရဲ့အိုမင်းနေတဲ့လက်တစ်စုံနဲ့ လင်ဝေ့ရှီးရဲ့လက်ဖမိုးကိုဆုပ်ကိုင်လေတယ် “မင်းနာမည်က လင်ဝေ့ရှီးလား၊ ငယ်နာမည်ကရော ဘယ်လိုခေါ်လဲ”

“ကျွန်တော်မျိုးမအမေက မွေးကတည်းကဆုံးသွားတာပါ၊ အဲဒါကြောင့် ငယ်နာမည်မရှိပါဘူး၊ အိမ်ကလူတွေကတော့ အစ်မရှီးလို့ ခေါ်ပါတယ်”

“အစ်မရှီး” နာမည်ချင်းတောင်တူတာကိုး…။ ရှို့ခန်းမင်းသမီးကြီးရဲ့မျက်ဝန်းထဲ တမဟုတ်ချင်း စိုစွတ်လာတယ် “ကောင်းပြီလေ အစ်မရှီးလို့ခေါ်တာပေါ့၊ မွေးတာကရော ဘယ်အချိန်မှာမွေးတာလဲ”

“(၁)လပိုင်း(၁၅)ရက်နေ့ မနက်ခင်းပိုင်းမှာပါ”

ဒါကိုကြားပြီး ကောင်းရန်ရဲ့မျက်လုံးတွေပြူးသွားတယ်။ ကုချန်ယောက်မျက်နှာက နည်းနည်းပျက်သွားတယ်။ ကုဟွေးရန့်က ဒါတွေကိုမြင်ပြီး မျက်ခုံးတန်းတွေ မသိမသာမြင့်တက်သွားတယ်။ သူက တည်တည်ငြိမ်ငြိမ်ပဲမေးတယ် “ဘာဖြစ်လို့လဲ”

ကောင်းရန်နဲ့ကုချန်ယောက်က ဘာမှမဆိုဘူး။ မင်းသမီးအိမ်တော်က အစေခံအိုကြီးကပဲ မျက်ရည်တွေကိုသုတ်ရင်း ပြောလေတယ် “ယန့်ဝမ်ကိုဖြေကြားပါတယ်၊ ကျွန်မတို့အိမ်က အကြီးဆုံးသခင်မလေးက (၁)လပိုင်း(၁၅)ရက်နေ့မှာပဲမွေးတာလေ မနက်ခင်းနဲ့ညနေခင်းပဲကွာတယ်”

ကောင်းရှီးက ငယ်စဉ်ကတည်းက သူတို့မိသားစုနဲ့ရင်းနှီးတယ်၊ မင်းသမီးအိမ်တော်ကလူတွေအကုန်လုံးက သူ့ကို အကြီးဆုံးသခင်မလေးလို့ပဲ တိုက်ရိုက်ခေါ်ကြတယ်။

ကုဟွေးရန့်က အံ့သြသွားရပြန်တာပေါ့ “ဒီလိုတိုက်ဆိုင်တာ ရှိသေးတယ်လား”

ငယ်နာမည်ဆင်တူ၊ နောက်ဆုံးနာမည်စာလုံးဆင်တူ၊ မွေးနေ့တောင်မှ အတူတူ။ ကုချန်ယောက်ရဲ့စိတ်ထဲ အဲဒိထူးဆန်းတဲ့ခံစားချက်ကြီး ပြန်လည်ဝင်ရောက်လာတယ်။ သူက အရှေ့မှာမတ်တပ်ရပ်နေတဲ့လင်ဝေ့ရှီးကိုကြည့်နေပြီး တွေဝေငေးမောနေရတယ်။

 ဒီခဏမှာ ကုချန်ယောက်က သူ့ရှေ့ကမိန်းကလေးကို သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ စိတ်ပျက်စရာကောင်းတဲ့ဇနီးဟောင်းကောင်းရှီးလို့ ခံစားနေရတယ်။

……….. 

.

.

.

စာရေးသူ စကားနည်းနည်းပြောမယ်…

လင်ဝေ့ရှီးက မင်းသမီးကြီးနဲ့ အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ သူက ရှေးခေတ်အမျိုးသမီးစစ်စစ်ပါ။ ရှေးခေတ်ကျင့်ဝတ်ထုံးတမ်းတွေနဲ့ပဲ အသားကျပြီးဖြစ်လို့ သူဘယ်သူလဲဆိုတာ ဘယ်သူ့ကိုမှမပြောပါဘူး၊ သူ့အဘွားအရင်းကိုလည်း မပြောပါဘူး။ သူအခုတွေးတာက တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုစရာမလိုပေမယ့် ရိုသေချစ်ခင်နေရင်ပြီးပြီလို့တွေးတာပါ။ ဘာပဲဖြစ်ဖြစ် ကောင်းရှီးက တကယ်သေသွားပြီးဖြစ်လို့ ကျန်ရစ်ခဲ့သူတွေရဲ့သောကကို ဖျောက်ဖျက်လို့မရတော့ပါဘူး။

………….