(15) ပြိုင်ဆိုင်သည်
Viewers 12k

(15) ပြိုင်ဆိုင်သည်

“ရှီးမိန်းကလေးနဲ့ငါက ရေစက်ပါပုံရတယ်” မင်းသမီးကြီးက အခန်းထဲကထွက်လာချိန်မှာ စိတ်ဓါတ်ကျနေခဲ့ပေမယ့် အခုချိန်မှာ မျက်လုံးတွေတလက်လက်ဖြစ်နေခဲ့တယ်။ သားရင်းဆွေမျိုးတွေကြား စိတ်ချင်းစိတ်သွယ်မှုကတော့ အံ့မခန်းပဲ။ လင်ဝေ့ရှီးက သူ့အဘွားကို အဖြစ်မှန်မပြောရဲဘူး။ ဒါပေမယ့် သွေးကစကားပြောတဲ့အလျှောက် မင်းသမီးကြီးကတော့ လင်ဝေ့ရှီးကို အရမ်းရင်းနှီးနေခဲ့ပါပြီ။ မင်းသမီးကြီးက ခေါင်းမာမာနဲ့ပဲတွေးနေတယ်… ဒါက သူ့မြေး သူ့ရဲ့အစ်မရှီး ပြန်ရောက်လာတယ်လို့လေ…

မင်းသမီးကြီးက မျက်ရည်တွေကျရှာတယ်။ သူက မျက်ရည်တွေကို လက်ချောင်းတွေနဲ့သုတ်လိုက်ပြီးမှ ရှေ့ကလူတွေအကုန်လုံးကိုပြုံးပြတယ် “ဟာသတွေဖြစ်ကုန်ပြီ၊ အသက်ကြီးလာတော့ ဝမ်းနည်းဖို့လွယ်လာတယ်၊ မျက်စိရှေ့ဘာမြင်မြင် အတိတ်ဟောင်းတွေကိုပြန်သတိရတယ်”

အခန်းထဲလူတွေအားလုံးက ခပ်တိုးတိုးနှစ်သိမ့်ပေးကြတယ်။ ကုဟွေးရန့်လည်းပြောလာတယ် “အရီးတော် ဝမ်းနည်းစရာတွေမတွေးနဲ့တော့၊ လင်ဝေ့ရှီးက ဆွေမျိုးညာတိ မရှိသလောက်ပဲ၊ သူ့တွေ့ရတာ အရီးတော်ပျော်တယ်ဆိုရင် ဝမ်းနည်းစရာတွေမတွေးမိအောင် စကားပြောကြပေါ့၊ ကောင်းတာပဲမဟုတ်ဘူးလား” 

မင်းသမီးကြီးက ငိုပြီးမှပဲ သူ့နှလုံးသားထဲ အများကြီးပေါ့ပါးသွားတော့တယ်။ သူက လင်ဝေ့ရှီးကို ကြည့်တယ်။ မျက်ဝန်းထဲမှာတော့ ပျော်ရွှင်ကျေနပ်မှုတွေအပြည့်ပဲ “မင်းက မီးပုံးပွဲတော်မနက်ပိုင်းမှာမွေးတာပေါ့၊ ကောင်းတယ် ကောင်းတယ်၊ ကောင်းရှီးရဲ့မွေးနေ့က ညနေပိုင်းဆိုတော့ ဆူညံလွန်းတယ်လို့အမြဲတွေးမိပြီး မထိန်းချုပ်နိုင်မှာစိုးရိမ်ခဲ့ရတာ၊ မီးပုံးထွန်းတဲ့အချိန်ရောက်ပြီဆိုရင် တစ်မြို့လုံး မီးပန်းတွေဖောက်ကြတာ၊ ပွဲတော်တွင်းဆိုပေမယ့် ဆူညံလွန်းလို့ ကောင်းတဲ့ကံတွေတောင် မှေးမှိန်သွားမှာစိုးခဲ့တယ်၊ မင်းရဲ့အချိန်ကတော့ အရမ်းကောင်းတယ်၊ ကောင်းကင်ကမိုးလင်းစပြုတဲ့အချိန် သက်ရှိတွေအားလုံးနိုးထတဲ့အချိန် မင်းနာမည်လိုပဲ တောက်ပပြီးလင်းထင်းနေတယ်”

“မင်းသမီးကြီးကိုကျေးဇူးတင်ပါတယ်”

“ကဲပါ သူစိမ်းဆန်တဲ့စကားတွေမပြောနဲ့တော့၊ မင်းကလည်း ဆွေမျိုးမရှိဘူး၊ မိဘတွေလည်း ငယ်ငယ်နဲ့ဆုံး၊ ဦးလေးတွေ ဝမ်းကွဲတွေလည်းမရှိ၊ ကိုယ်ကလည်း တော်ဝင်မိသားစုထဲမွေးလာတယ်ဆိုပေမယ့် ရှိတဲ့မောင်နှမတွေတွေက သူ့မိသားစုနဲ့သူ၊ တစ်ဝက်လောက်ကလည်း မြေကြီးထဲရောက်ကုန်ပါပြီ၊ သမီးလေးတစ်ယောက်ရှိပေမယ့် အစောကြီးကတည်းက ဆုံးသွားပြီ၊ တစ်ဦးတည်းသောမြေးလေးကတောင်…. ဟင်း… ဆံဖြူက ဆံမဲကိုလိုက်ပို့ရတဲ့ဇာတာပါပဲ…”

ဒါက ရှို့ခန်းမင်းသမီးကြီးရင်ထဲက အနာကျင်ရဆုံးဒဏ်ရာဖြစ်ပါတယ်။ မားမားအိုကြီးတစ်ယောက်က ဒါကိုမြင်ပြီးဝင်ပြောတယ် “လင်မိန်းကလေးက မိဘမရှိတော့ဘူး၊ ကျွန်မတို့မင်းသမီးကြီးကလည်း သားသမီးမရှိဘူး၊ မင်းသမီးကြီးကို အဘွားခေါ်မယ်ဆိုရင် လင်မိန်းကလေးအတွက် ပိုကောင်းတာပဲမဟုတ်လား.. ဟုတ်တယ်၊ အဲ့ဒါဆို လင်မိန်းကလေးလည်း စောင့်ရှောက်ပေးမယ့်ဆွေမျိုးရမယ်၊ ကျွန်မတို့မင်းသမီးကြီးလည်း နှစ်ပေါင်းများစွာတောင့်တရတဲ့ဆန္ဒတွေပြည့်ဝသွားတာပေါ့”

မင်းသမီးကြီးဘဝမှာ နောင်တအရဆုံးကိစ္စကတော့ အမွေဆက်ခံမယ့်ကလေးရှားပါးတာဖြစ်တယ်။ လင်ဝေ့ရှီးက နှစ်ပေါင်းများစွာ မင်းသမီးကြီးရဲ့သင်ကြားမှုအောက်မှာနေခဲ့တယ်။ သူက မင်းသမီးကြီးကို သူ့အဖေဘက်ကအဘွား ယင်းကော်နယ်စားသခင်မကြီးထက် ပိုရင်းနှီးတယ်။ ဒါပေမယ့် အမေဘက်ကအဘွားဆိုတဲ့ ပညတ်ချက်က သူတို့ရဲ့နီးကပ်မှုတွေကို ဟန့်တားထားခဲ့ပါတယ်။ လင်ဝေ့ရှီးက မင်းသမီးကြီးရဲ့မျှော်လင့်ချက်မျက်ဝန်းကိုကြည့်ရင်း အပြုံးလေးနဲ့ ခပ်သွက်သွက်လေးခေါ်လိုက်တယ် “အဘွား”

မင်းသမီးကြီးရဲ့မျက်ဝန်းတွေ နီရဲလာခဲ့တယ်။ သူက “အေး” ဆိုတဲ့တုန့်ပြန်သံတစ်ခုကိုပဲ ပြောလိုက်နိုင်ပြီး နောက်ထပ်တစ်ကြိမ်မျက်ရည်ကျလာပြန်တယ်။ ဘေးဘက်မှာရပ်နေတဲ့အစေခံအိုကြီးတွေကတော့ မျက်နှာကိုလွှဲရင်း မျက်ရည်တွေကိုသုတ်လိုက်ကြလေတယ်။

အရှေ့ဘက်မှာတော့ လင်ဝေ့ရှီးနဲ့မင်းသမီးကြီးက အပြန်အလှန်အသိအမှတ်ပြုနေကြရင်း ပျော်ရွှင်ကြည်နူးနေကြတယ်။ နောက်မှာမတ်တပ်ရပ်နေတဲ့လူအချို့ကပဲ တောင့်တင်းနေခဲ့ကြတာ၊ အတွေးမျိုးစုံ ဟိုဒီတွေးရင်းနဲ့ပေါ့။

ကုချန်ယောက်က ပိုလို့တောင် တွေဝေငေးမောနေရပြီ။ လင်ဝေ့ရှီးကိုကြည့်နေတဲ့ သူ့အကြည့်တွေက တိမ်သလ္လာဖုံးသလို ဝေဝါးနေတယ်။ ကောင်းရန်က သူ့ယောင်္ကျားရဲ့ပုံစံကိုမြင်ပြီး နှုတ်ခမ်းတွေကိုကိုက်လိုက်တယ်၊ ကောင်းရှီးအပေါ်ထားတဲ့သူ့အမုန်းတွေလည်း ပိုပြီးပီပြင်လာတယ်။

အစကတည်းက သူ့နေရာကိုလုယူခဲ့တာ ကောင်းရှီးပါ။ ကောင်းရှီးက တရားဝင်သမီးဆိုတဲ့အဆင့်အတန်းကိုအသုံးချ၊ အဘွားနဲ့ပေါင်းပြီး မဟုတ်တာကို အဟုတ်ဖြစ်အောင်လုပ်၊ ယန့်ဝမ်နဲ့ကုချန်ယောက်ကို လိမ်ညာခဲ့ကြတယ်။ မင်္ဂလာဆောင်မှာ ကုချန်ယောက်ကိုမြင်ပြီး သူဘယ်လောက်ရှော့ခ်ရခဲ့သလဲ ဘုရားမှပဲသိလိမ့်မယ်။ အဲဒိတုန်းက ကုချန်ယောက်ဒဏ်ရာရပြီး သူ့မျက်နှာမမြင်ခဲ့ပေမယ့် သူကတော့ ကုချန်ယောက်ရဲ့ပုံပန်းသဏ္ဍာန်ကို မှန်းဆလို့ရခဲ့တယ်။ နောက်ပိုင်း ကျောက်စိမ်းပြားပို့တဲ့ကောလဟလနဲ့ တွေးတောဆက်စပ်ကြည့်ပြီးမှ အလုံးစုံသိမြင်သဘောပေါက်သွားတော့တာဖြစ်တယ်။ ပုံပြင်တွေထဲကရက်စက်တဲ့စုန်းမကြီးတွေလိုပဲ… ကောင်းရှီးက မင်းသားလေးကို အရှက်ကင်းမဲ့စွာ ခိုးယူသွားခဲ့တယ်။

အဲ့ဒိအချိန်တွေအတွင်း သူဘယ်လောက်စိတ်ဓါတ်ကျပြီးမုန်းတီးခဲ့ရသလဲ၊ ပြောပြလို့တောင်မရဘူး။ ဒါပေမယ့် ကံကောင်းချင်တော့ မင်းသားလေးနဲ့စုန်းမကြီးက ရေစက်အစစ်အမှန်မဟုတ်ဘူး။ ဒါက ကောင်းရန်အတွက် အပျော်ရွှင်ရဆုံးအပိုင်းပဲ။ နောက်ပိုင်းမှာ စုန်းမကြီးသေပြီး ကောင်းရန်က သူလိုချင်တဲ့ ပုံပြင်ထဲကမင်းသားလေးနဲ့လက်ထပ်နိုင်ခဲ့တယ်။ နန်းတော်တစ်ခုလုံးရဲ့အချစ်ကိုလည်း ရရှိခဲ့တယ်။ သူ့ဇာတ်လမ်းက နတ်သမီးပုံပြင်တွေထဲကလို ‘အသက်ထက်ဆုံး ပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း’ လို့ သူတွေးခဲ့တာပဲ။ ကုချန်ယောက်မှာကိုယ်ပိုင်အစေခံတစ်ယောက်၊ ညအိပ်ဖော်တစ်ယောက်ရှိရင်တောင် အရေးမကြီးဘူး။ ကုချန်ယောက်နှလုံးသားကို အနှေးနဲ့အမြန်ဖမ်းစားနိုင်လိမ့်မယ်လို့ သူယုံကြည်ခဲ့တယ်။ 

ဒါပေမယ့် အခုတော့ ကုချန်ယောက်ရဲ့အကြည့်တွေက အခြားအမျိုးသမီးဆီမှာ။ နောက်ပြီး ဒီအမျိုးသမီးက ပြိုင်ဘက်မရှိလှပလွန်းတယ်။ ကောင်းရန်က ရုတ်တရက် နှလုံးသားထဲ မနာလိုဝန်တိုမှုတွေလှိမ့်တက်လာခဲ့တယ်။

လင်ဝေ့ရှီးရဲ့ကာရိုက်တာက ပြီးပြည့်စုံလွန်းတယ်။ သူက ကောင်းရန်လက်ထပ်ပြီးတဲ့အချိန် ကွက်တိရောက်လာပြီး ဗီလိန်မင်းသမီးရှို့ခန်းရဲ့သနားကြင်နာမှုကို ရရှိသွားတယ်။ အတွေးအမြင်က အထက်တန်းကျပြီး ခန္ဓာကိုယ်ကနူးညံ့ပျော့ပျောင်းတယ်။ သူက ကောင်းရန်ရဲ့ဘဝပေးရန်သူဖြစ်ကြောင်း အထက်ပါအချက်တစ်ခုချင်းစီက ဖော်ပြနေတယ်။ နေရာဝင်လုချင်တဲ့ သနားကမားစင်ဒရဲလားမကို ကောင်းရန်က သူ့အိမ်ထောင်ရေးဖျက်ဆီးခွင့် ဘယ်နည်းနဲ့မှမပြုနိုင်ပါဘူး။ 

ကောင်းရန်က လင်ဝေ့ရှီးရဲ့နောက်ကျောကိုစိုက်ကြည့်နေခဲ့တာ ရန်လိုမှုတွေအပြည့်နဲ့။ အရင်ဘဝကနေ အခုဘဝဝိဉာဉ်ကူးပြောင်းလာတဲ့အထိ မိန်းမတွေနဲ့ယှဉ်ပြိုင်ပြီး ဘယ်တော့မှမရှုံးခဲ့ဘူး။ ကောင်းရှီးရဲ့မိသားစုတောင် သူ့ကိုဖိနှိပ်မထားနိုင်ဘူး၊ ဒါကို မျက်နှာလှလှလေးသာရှိတဲ့မိဘမဲ့တစ်ယောက်က သူ့ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား…

……….

ကောင်းရန်က အကြည့်တွေကိုသိမ်းပြီး နောက်ထပ်ရွှေ့ရမယ့်အကွက်တွေကို စဉ်းစားနေတယ်။ လင်ဝေ့ရှီးကတော့ စိတ်လှုပ်ရှားနေခဲ့လို့ သူ့နောက်ကအပြုအမူကို သတိမထားမိဘူး။ သေခြင်းတရားက ခွဲခွာခဲ့တာတောင်မှ အဆုံးမှာ သူ့အဘွားနဲ့ပြန်ဆုံရပြီ။ ဒါပေမယ့် သူဝန်ခံမှာမဟုတ်ဘူး။ ထူးထူးဆန်းဆန်းဖြစ်ရပ်ကြီးအကြောင်းမပြောဘဲ အဖြစ်မှန်တွေကိုဝန်ခံလို့မရဘူး။ သူ မစွန့်စားရဲပေမယ့် သူ့အဘွားအပေါ်ချစ်ခင်တဲ့စိတ်တွေ မပျောက်သွားပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ထပ်ဖို့စိတ်ကူးမရှိတာမို့ မြေးအဘွားအရင်းမဟုတ်တော့တောင်မှ သူ့အဘွားကို တစ်သက်လုံးအဖော်ပြုပေးသွားလို့ရတယ်။ 

ကုဟွေးရန့်က လင်ဝေ့ရှီးနဲ့မင်းသမီးကြီး တွေ့တွေ့ချင်းရင်းနှီးသွားတဲ့မြင်ကွင်းကို ကြည့်နေပါတယ်။ သူက ခဏလောက်နှုတ်ဆိတ်ထိုင်နေပြီးမှ လင်ဝေ့ရှီးကိုပြောလိုက်တယ် “မင်းနဲ့အရီးတော်တို့ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုနိုင်တာကောင်းတဲ့အရာပဲ၊ နေ့ထူးနေ့မြတ်မှာ မငိုနဲ့တော့၊ အပြင်ထွက်ပြီး မျက်နှာသွားသစ်လိုက်ဦး၊ မျက်နှာတစ်ခုလုံး ပေကျံကုန်ပြီ”

လင်ဝေ့ရှီး လန့်ဖြန့်သွားရပြီ။ မျက်နှာက ပေတူးနေပြီ… မိုးနတ်မင်းကယ်ပါ… ယန့်ဝမ်ရှေ့မှာ နောက်တစ်ခါ အရှက်ကွဲပြန်ပြီလား… ။လင်ဝေ့ရှီးရဲ့ပါးပြင်နှစ်ဖက် နီလာတယ်။ လုံးဝကိုပေပွကုန်ပြီလို့ သူတကယ်ထင်နေတာ။ သူက ဂရုမစိုက်နိုင်အားဘူး၊ ချက်ချင်းကိုအပြင်ထွက်ပြီး သွားပြင်ဆင်တော့တယ်။ 

လင်ဝေ့ရှီးထွက်သွားအပြီးမှာတော့ ကုဟွေးရန့်က ကုချန်ယောက်နဲ့ကောင်းရန်ကို ဆင်ခြေတစ်ခုပေးပြီး အပြင်ပို့လိုက်ပြန်တယ်။ မင်းသမီးကြီးက ကုဟွေးရန့် လင်ဝေ့ရှီးကို ပေကျံကုန်ပြီလို့ပြောကတည်းက ကြိုမြင်ပြီးသား…။ သူက ထိုင်ဖုံကိုမှီရင်း ပြုံးပြီးမေးတယ် “ယန့်ဝမ် အကုန်လုံးကိုအပြင်လွှတ်လိုက်တာ ပြောစရာများရှိလို့လား”

“အရီးတော်ခန့်မှန်းမိမှာပါ၊ လင်ဝေ့ရှီးအကြောင်းပြောချင်လို့ပါ” ကုဟွေးရန့်က ဆိုလေတယ် “သူ့အဖေက ကျွန်တော့်ကိုကယ်ရင်းသေသွားရတယ်၊ လင်ယုံဆုံးသွားပြီးတဲ့နောက် သူ့မွေးရပ်မြေမှာ မှီခိုလို့ရမယ့်ဆွေမျိုးမရှိတော့ဘူး၊ သူအဲ့သလိုဖြစ်ရတာ ကျွန်တော့်ကြောင့်ပါ၊ လင်ယုံအစားစောင့်ရှောက်ဖို့ ကျွန်တော့်မှာတာဝန်ရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် အားကိုးရမယ့်ခင်ပွန်းတစ်ယောက်ရှာပေးချင်တယ်”

မင်းသမီးကြီးက ခေါင်းညိတ်တယ် “ယန့်ဝမ်က စဉ်းစားပေးတတ်တာပဲ၊ သူက နောက်ခံမရှိတဲ့မိန်းမငယ်လေး၊ အနိုင်ကျင့်ခံရတာကို ရှောင်လွှဲနိုင်ဖို့ခက်တယ်၊ အိမ်ထောင်ကောင်းကောင်းရှာပေးနိုင်တာ ကောင်းပါတယ်၊ နောက်ပိုင်း အားကိုးရမယ့်လူရှိသွားတာပေါ့”

“ဟုတ်ပါတယ်” ကုဟွေးရန့်က စိတ်ပျက်လက်ပျက်သက်ပြင်းချတယ် “ဒါပေမယ့် သူက လက်ထပ်ဖို့ပြောတိုင်း အမြဲငြင်းတယ်၊ ကျွန်တော်ပြောတာနှစ်ခါရှိပြီ၊ ဆင်ခြေဆင်လက်အပြည့်နဲ့ အပြောကိုမခံဘူး”

“သြော်” မင်းသမီးကြီး မတရားအံ့သြသွားရတယ်။ လင်ဝေ့ရှီးလိုမိန်းကလေးတစ်ယောက်က ကုဟွေးရန့်ကိုခံငြင်းရဲတယ်လား… ကုဟွေးရန့်ကရော ဘယ်တုန်းက စိတ်သဘောထားပျော့ပျောင်းသူကြီးဖြစ်သွားတာလဲ… 

ကုဟွေးရန့်က ဒီအကြောင်းကို ဆက်ချင်ဟန်မတူဘူး။ သူက ဒါကိုဖယ်ပြီး ဆက်ပြောတယ် “ကျွန်တော့်သားကို နယ်စားအိမ်တော်အကြီးဆုံးသမီးနဲ့နေရာချပေးဖို့ ကျွန်တော်ကိုယ်တိုင် စာရေးခွင့်တောင်းခဲ့တာပါ၊ မလိမ္မာတဲ့သားက ခေါင်းမာပြီး အရီးတော်ရဲ့မျှော်လင့်ချက်တွေကို ပျက်ဆီးစေခဲ့တယ်၊ ကျွန်တော်သိပါတယ် ကျွန်တော့်မှာ မျက်နှာပြစရာမရှိပါဘူး၊ ဒါပေမယ့် လင်ဝေ့ရှီးက မိန်းမပျိုလေးဖြစ်ပြီး ယန့်ဝမ်အိမ်တော်မှာအကြာကြီးနေလို့မဖြစ်ဘူး၊ သူ့ဂုဏ်သတင်းကို ထိခိုက်လာလိမ့်မယ်၊ အဲဒါကြောင့် ကျွန်တော်က အရီးတော်ကို ရှေ့မျက်နှာနောက်ထားပြီးတောင်းဆိုပါတယ်”

မင်းသမီးကြီးက သဘောပေါက်ပြီးသားပါ “မင်းက ငါ့ကို သူ့အတွက် ယောင်္ကျားတစ်ယောက်ရှာပေးစေချင်တယ်ပေါ့”

“ဟုတ်ပါတယ်” တစ်နေ့မှာ သူ ဒီလိုကိစ္စတွေ ပူပန်နေရလိမ့်မယ်လို့ ကုဟွေးရန့်မတွေးမိခဲ့ဘူး။ ဒါပေမယ့် လင်ဝေ့ရှီးက နုနယ်အားငယ်တဲ့မိန်းမသားဖြစ်ပေမယ့် စိတ်ဓါတ်ကမာလွန်းတယ်လေ။ ကုဟွေးရန့်မှာ တခြားသူကိုယုံကြည်တာဝန်ပေးလိုက်ဖို့အပြင် ရွေးချယ်စရာမရှိဘူး “ကျွန်တော်ဒါတွေထပ်ပြောမှန်း သူသိရင် သေချာပေါက်ပေါက်ကွဲလိမ့်ဦးမှာ၊ အရီးတော်နဲ့ရင်းနှီးတာကိုမြင်ပြီး အရီးတော် သူ့အတွက် ပြောပေးစေချင်တာပါ”

“သူ့ရဲ့ဝမ်းနည်းခြင်းကာလက ဘယ်အချိန်ပြီးမှာလဲ”

“ဒီနှစ် ငါးလပိုင်းပါ”

ရောက်တော့မှာပဲ… နှစ်လပဲလိုတော့တယ်…။ မင်းသမီးကြီးက တွေးဆဆခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ လူကြီးသူမတွေက လူငယ်တွေရဲ့လက်ထပ်ပွဲအပေါ်မှာ အမြဲတမ်းစိုးရိမ်လေ့ရှိကြတယ်။ မင်းသမီးကြီးက လင်ဝေ့ရှီးကို မြေးအရင်းလေးလိုမှတ်ယူခဲ့တာကြောင့် မြေးမလေးအတွက် ယောင်္ကျားကောင်းကောင်းရှာပေးချင်တာပေါ့။ ငြင်းစရာကို မလိုတာ။ 

မင်းသမီးကြီးရဲ့အခြေအနေကိုမြင်မှပဲ ကုဟွေးရန့် အသာတိုးတိုး စိတ်သက်သာရာရသွားတယ်။ ကောင်းရှီးသေဆုံးပြီးကတည်းက မင်းသမီးကြီးက တစ်နေ့ထက်တစ်နေ့ အခြေအနေဆိုးရွားလာခဲ့တယ်။ ဒီကမ္ဘာမှာတွယ်တာစရာ ဘာမှမရှိတော့တဲ့အခါ သက်ဝင်တက်ကြွမှုခြင်းမရှိတော့ဘဲ ကိုယ်ခန္ဓာက ယိုယွင်းလာခဲ့တယ်။ အခုတော့ ကုဟွေးရန့်က မင်းသမီးကြီးအတွက် လုပ်စရာရှာပေးလိုက်ပြီး လင်ဝေ့ရှီးရဲ့အိမ်ထောင်ရေးကိစ္စတွေကိုပါ ဖြေရှင်းလိုက်နိုင်တယ်။ ဒါက ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပဲဆိုရင် ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲ။

ဒီကနေ့မှာ ကုဟွေးရန့်အတွက် ရည်ရွယ်ချက်နှစ်ခုအောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အပြင်ဘက်မှာက သူ့ကိုစောင့်နေတဲ့အလုပ်ကိစ္စတွေ တောင်ပုံရာပုံရှိနေသေးတယ်။ သူက အကြာကြီးထိုင်နေဖို့အချိန်မရှိလို့ ခပ်သွက်သွက်ပဲထနှုတ်ဆက်ပြီး ထွက်လာတယ်။ လင်ဝေ့ရှီးက ဖီးလိမ်းပြင်ဆင်ပြီး ပြန်ရောက်လာခါစပါ၊ သူက ထိုင်တောင်မထိုင်လိုက်ရဘူး ယန့်ဝမ်နောက်ပြေးလိုက်သွားရရှာတယ်။ သူက ရှို့ခန်းမင်းသမီးကြီးကို ကောက်ခါငင်ခါနှုတ်ဆက်ပြီး ယန့်ဝမ်အိမ်တော်မြင်းလှည်းထဲ ဝင်သွားရတော့တာပေါ့။

လာရောက်လည်ပတ်တဲ့ပွဲက အထူးတလယ်ခမ်းနားကြီးကျယ်ခဲ့တယ်။ ယန့်ဝမ်အိမ်တော်နဲ့ မင်းသမီးကြီးအိမ်တော်ကြားက ပဋိပက္ခတွေအကြောင်း မြို့တော်မှာပျံ့နေတဲ့ကောလဟလတွေကို ချေဖျက်ဖို့ ယန့်ဝမ်က အလုပ်နဲ့သက်သေပြလိုက်ပြီး သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြလိုက်တယ်။ ယခင်ဆက်ခံသူဇနီးဟောင်းကောင်းရှီးကို ချွေးမအဖြစ်အသိအမှတ်ပြုဆဲဖြစ်ပြီး မြို့တော်က အတင်းအဖျင်းတွေအားလုံးကို ချုပ်ငြိမ်းသွားစေတယ်။

ယန့်ဝမ်အိမ်တော်တွင်းလေထုကလည်း အတော်လေးပြောင်းလဲသွားခဲ့တယ်။ မင်းသမီးကြီးအိမ်တော်ကိုသွားလည်ခဲ့တဲ့ ယန့်ဝမ်ရဲ့မြင့်မားတဲ့တည်ရှိမှုက ကောင်းရှီးရဲ့ဂုဏ်သတင်းကို ပြန်လည်ဖြေရှင်းဖို့သာဖြစ်ပေမယ့် ကောင်းရန်မျက်နှာကို ဖြတ်ရိုက်သလိုဖြစ်သွားခဲ့တယ်ဆိုရင်လည်း မမှားဘူး။ ကောင်းရှီးနဲ့ကုချန်ယောက်က အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပေမယ့် ကောင်းရှီးက ယန့်ဝမ်အသိအမှတ်ပြုတဲ့ချွေးမ၊ အိမ်တော်ရဲ့ဆက်ခံသူဇနီးဟောင်းဖြစ်တဲ့အခါ ကောင်ရန်ရဲ့ဟန်ပန်တခွဲသားလုပ်တတ်တဲ့ဉာဉ်တွေ နားနားလိုက်တော့လို့ ပြောလို့ရခဲ့ပါပြီ။

ကောင်းရန်က မပျော်ပါဘူး။ ဒါပေမယ့် ချက်ချင်းပဲသူ့ကိုယ်သူ နှစ်သိမ့်လိုက်နိုင်တယ်။ တစ်နေ့ပြီးတစ်နေ့ လူတွေရဲ့နှလုံးသားကို မြင်အောင်ကြည့်ခဲ့မယ်ဆိုရင် အချိန်တွေကြာတဲ့အခါ ယန့်ဝမ်က သူ့ရဲ့တော်တဲ့အချက်တွေကို သေချာပေါက်မြင်လာပြီး အသိအမှတ်ပြုလာပါလိမ့်မယ်လို့တွေးပါတယ်။ ဒါပေမယ့် အဲဒိအချိန်မတိုင်ခင်တော့ သူက အခြားအစွယ်အပွားလေးတွေကို အရင်ရှင်းရဦးမှာပေါ့။

ရာသီဥတုက တဖြည်းဖြည်းပူနွေးလာပြီး ဆောင်းရာသီအဝတ်အစားတွေကို တစတစသိမ်းဆည်းလာကြတယ်။ မိန်းကလေးတွေအကုန်လုံး ပေါ့ပါးတဲ့နွေဦးရာသီဝတ်စုံတွေနဲ့ အပြိုင်အဆိုင်လှပနေကြတယ်။ လင်ဝေ့ရှီးက ယန့်ဝမ်အိမ်တော်မှာ တစ်လနီးပါးကြာခဲ့ပြီ။ ကောင်းရန်ရဲ့နောက်ကွယ်ကလေပင့်ပေးမှုကြောင့် အစပိုင်းမှာ အားလုံးက သူ့ကိုဧည့်သည်တစ်ယောက်လိုပဲ ဆက်ဆံကြတယ်။ ဒါပေမယ့် အချိန်တွေကြာသွားခဲ့ပြီး လင်ဝေ့ရှီးကလည်း အိမ်တော်တွင်း ရေထဲလွှတ်တဲ့ငါးတစ်ကောင်လို ပြန်ဖြစ်လာတဲ့အခါ လူတွေက လင်ဝေ့ရှီးရဲ့တည်ရှိမှုကို ပိုပိုပြီးကျင့်သားရလာကြတယ်။ လင်ဝေ့ရှီးရဲ့တစ်ထီးသန့်သန့် မယိမ်းယိုင်တဲ့စိတ်သဘောထားကြောင့်လည်း လူအချို့က သူ့ကိုနောက်ခံပြုလာကြတဲ့အခါ မြှောက်ပင့်ခစားတဲ့ပရိသတ်တွေ အမြဲမပြတ်စည်ကားနေတော့တယ်။

ဒီကာလတွေမှာ ကောင်းရန်တစ်ယောက် စာမဖွဲ့တတ်လောက်အောင် စိတ်အနှောင့်အယှက်ဖြစ်နေရတယ်။ အိမ်တော်ထဲ သခင်မတစ်ယောက်ပဲ ရှိပေမယ့် ရုတ်တရက်ကြီး လင်ဝေ့ရှီးက ဆိုဆုံးမမရ သြဇာပေးမရတဲ့ လူတစ်ယောက်ဖြစ်လာတယ်။ ကောင်းရန်က ဒီမိန်းကလေးကို သမီးယောင်းမတစ်ယောက်လို ဆက်ဆံပါသေးတယ်။ ဒါပေမယ့် အိမ်တော်ထဲမှာ လင်ဝေ့ရှီးတစ်ယောက် ပိုပိုသြဇာညောင်းလာလေလေ ကောင်းရန် ပိုပိုပြီး မသက်မသာဖြစ်လာရလေပါ။

နေ့လည်ခင်းတစ်ခုမှာ ကောင်းရန်က ပန်းရှုစားပြီး စကားစမြည်ပြောဖို့ လင်ဝေ့ရှီးကို ဥယျာဉ်ထဲဖိတ်လိုက်တယ်။ သူ့စကားအရတော့ အိမ်တော်တွင်းမှာ ညီအစ်မနှစ်ယောက်သဖွယ်ရင်းနှီးတဲ့ အမျိုးသမီးနှစ်ယောက်ရှိတယ်ပေါ့လေ။ လင်ဝေ့ရှီးက ဒီခဏမှာ တကိုယ်လုံးကြက်သီးမွေးညင်းထသွားရတယ်။ သူက ဥယျာဉ်ထဲ ပျင်းပျင်းရှိ ပန်းအပွင့်ဖတ်တွေကို ဆွဲခွာနေတယ်။ ကောင်းရန်က လူတွေအများကြီးခြံရံပြီး သူ့အနားကိုရောက်လာတယ်။ သစ်သီးပန်းကန်တွေ၊ ကျားခုံတွေ၊ ပန်းထိုးခုံတွေနဲ့ အပန်းပြေစရာပစ္စည်းမျိုးစုံယူလာတယ်။ “ဒီနေ့ရာသီဥတုကောင်းတယ်၊ တောင်တက်ဖို့အသင့်တော်ဆုံးပဲ၊ ဒါပေမယ့် ဒို့တွေ အပြင်ထွက်မရတာဆိုးတယ်၊ ဥယျာဉ်ထဲမှာပဲ လမ်းလျှောက်ပြီး စကားပြောကြတာပေ့ါ”

ကောင်းရန်က ကျားစေ့တစ်စေ့ကို အမှတ်တမဲ့ကောက်ယူပြီး ထပ်ပြောတယ် “လင်မိန်းကလေး .. ကျားကစားတတ်လား၊ ဒီနေ့ နေသာတယ်လေ၊ ပန်းပင်တွေပတ်လည်ဝိုင်းနေတဲ့နေရာမှာ လှလှပပလေးထိုင်ပြီး ကျားကစားရအောင်”

လင်ဝေ့ရှီးက ကောင်းရန်လက်ထဲက အမဲရောင်အစေ့လေးတွေကိုကြည့်ပြီး အသာအယာပြုံးပါတယ် “ရတယ်လေ”

လင်ဝေ့ရှီးက ကောင်းရန်ရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။ ကောင်းရန်က နေရာအထားမှားနေတဲ့ကျားစေ့တစ်စေ့ကို ကောက်ယူပါတယ်။ သိမ်မွေ့ညင်သာစွာ ဖြည်းဖြည်းလေးပါ။ ပြီးတော့ နှုတ်ခမ်းမှာအပြုံးလေးနဲ့ အသာအယာဆိုလိုက်တယ် “လင်မိန်းကလေး ကျားထိုးတာက ပျင်းစရာကောင်းတယ်၊ အသစ်တစ်ခုပြောင်းကြရင် ဘယ်လိုလဲ”

“အိုး ဘာကစားနည်းပါလိမ့်”

“ငါးတန်းစစ်တုရင်”

………….