(17) ခန်းဝင်ပစ္စည်းများ
Viewers 12k

(17) ခန်းဝင်ပစ္စည်းများ

ပြန်လာတဲ့လမ်းတစ်လျှောက်လုံး လင်ဝေ့ရှီး မသာမယာဖြစ်လာတယ်။ အခန်းထဲပြန်ရောက်ချိန်မှာတော့ ဝမ်ရှင်းက အားရကျေနပ်မှုကို မထိန်းထားနိုင်တော့ဘူး။ သူက လင်ဝေ့ရှီးရဲ့အင်္ကျီလက်ကိုဆွဲပြီး ပြောတော့တာပဲ “သခင်မလေး… သခင်မလေးက လက်ဖျားခါလောက်တယ် အရမ်းတော်တာပဲ၊ ပထမဦးဆုံးအကြိမ်ဆိုပေမယ့် ကြင်ယာတော်ကို လုံးဝမတန်ပြန်နိုင်အောင် ဖိနှိပ်ထားတာများ.. ဟ ဟ”

သူ့ရဲ့စကားကိုကြားပြီးမှ လင်ဝေ့ရှီးရဲ့စိတ်အခြေအနေ တိုးတက်လာတော့တာ။ ဒါပေမယ့် အရေးမကြီးဟန်နဲ့ပဲ ပြောလိုက်တယ် “အဲ့ဒါက အဲ့လောက်ခက်ခဲနေတာ မဟုတ်ပါဘူး၊ ပထမဦးဆုံးအကြိမ်ဆိုရင်တော့ စည်းကမ်းတွေဘာတွေနားမလည်လို့ ရှုပ်ချင်ရှုပ်နိုင်ပေမယ့် နောက်ပိုင်းနားလည်သွားရင် အရမ်းလွယ်တယ်၊ ရိုးရိုးစစ်တုရင်ကစားတာထက်တောင် ပိုလွယ်သေးတယ်၊ နင်ကစားချင်တယ်ဆိုရင် သင်ပေးမယ်”

“ဟင် တကယ်လား… သခင်မလေးကိုကျေးဇူးတင်ပါတယ်”

ဝမ်ရှင်းက ထခုန်မိတော့မတတ် ပျော်ရွှင်သွားတယ်။ ပိုပြီးတည်ငြိမ်တဲ့ဝမ်ယွဲ့တောင် ဒါကိုကြားပြီး ပြုံးသွားတယ်။ လင်ဝေ့ရှီးက ဒီအစေခံမိန်းကလေးနှစ်ယောက်ကိုကြည့်ပြီးပြုံးမိပါတယ်။ သူတို့တွေက ဝင်းတံခါးအမြင့်ကြီးတွေရှိတဲ့လူမှုအဖွဲ့အစည်းရဲ့ ဖျက်ဆီးတာကို မခံရသေးဘူး။ ခြံဝင်းတွေရဲ့နောက်မှာ ဘဝကိုကုန်ဆုံးရမယ့်လူတွေ မဟုတ်သေးဘူး။ သိပ်ကိုလွတ်လပ်ပြီး ပြုံးနိုင်ရယ်နိုင်ကြတယ်။

သူကတော့ ဒီလိုအရိုးရှင်းဆုံးပျော်ရွှင်မှုလေးကိုတောင် မခံစားနိုင်တော့တာ ကြာပါပြီ။

လင်ဝေ့ရှီးမှတ်မိတယ်။ အရင်ဘဝတုန်းက သူ့အသက်(၃)နှစ်မှာ စကားလုံးတစ်ထောင်အလွတ်ရွတ်ဆိုနိုင်နေပြီ၊ အသက်(၅)နှစ်မှာ ကျောင်းတက်ခဲ့ပြီး အနုပညာလေးမျိုး(ဗျက်စောင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ကဗျာ)ကို (၆)နှစ်အရွယ်မှာ စသင်ယူခဲ့တယ်။ (၆)နှစ်အရွယ်ကလေးတစ်ယောက်ဆိုတာ ငြိမ်ငြိမ်ထိုင်တတ်တဲ့အရွယ်မဟုတ်သေးဘူး၊ ဒါတွေအကုန်လုံးသင်ယူစေရင် ရလဒ်ကဘာဖြစ်မလဲဆိုတာ လူတိုင်းတွေးကြည့်ရုံနဲ့သိတယ်။ ဒါပေမယ့် နောက်တစ်နှစ်အကြာမှာတော့ ကောင်းရန်က စိတ်နေသဘောထား အရင်နဲ့မတူ ရုတ်တရက်ပြောင်းလဲသွားတယ်။ ဒါက ပြောပုံဆိုပုံ နေပုံထိုင်ပုံပဲဖြစ်ဖြစ်၊ ဗျက်စောင်းတီးနဲ့စကားလုံးတွေမှာ လင်ဝေ့ရှီးထက် ပိုမြန်မြန်သင်ယူတတ်မြောက်တာပဲဖြစ်ဖြစ် အရာအားလုံးပြောင်းလဲသွားတယ်။ ဒီလိုထက်မြက်တဲ့ပြိုင်ဘက်တစ်ယောက်ကြောင့်လည်း လင်ဝေ့ရှီးက ပိုပိုပြီးမပျော်မရွှင်ဖြစ်လာရတယ်။ ပိုကြောက်လာရတယ်၊ ဒါကြောင့် ခါတိုင်းထက်ပိုပြီး ကြိုးစားရပါတော့တယ်။

ဒါပေမယ့်လည်း လင်ဝေ့ရှီးလို ကလေးအစစ်တစ်ယောက်က ကောင်းရန်ကိုယ်ထဲဝင်နေတဲ့လူကြီးတစ်ယောက်ကို မယှဉ်နိုင်ခဲ့တာ နှမြောစရာကောင်းခဲ့တယ်။ စာသင်ခန်းမှာ ဆရာတွေက ကောင်းရန်ကိုပိုနှစ်သက်ပြီး မကြာမကြာ နာမည်တပ်ပြီးချီးမွမ်းကြတယ်။ အဘွား၊အဖေနဲ့အစ်ကိုတွေမောင်တွေက တဖြည်းဖြည်း သိသိသာသာပြောင်းလဲလာတယ်။ ဒီခံစားချက်က တကယ့်ကိုသွေးပျက်စရာကောင်းပါတယ်။ သူ့အပိုင်အရာတွေယူဆောင်သွားတာ၊ သူ့ကိုချစ်တဲ့လူတွေ ပြောင်းလဲသွားကြတာကို ထိုင်ကြည့်နေခဲ့ရတယ်။ တားဆီးဖို့ရာ ခွန်အားလည်းမရှိဘူး၊ ဘာလုပ်ရမှန်းတောင် မသိခဲ့ပါဘူး။

ကောင်းရှီးပိုင်ဆိုင်တဲ့ သူငယ်ချင်းသံယောဇဉ် မိသားစုအချစ်တွေက နေ့ချင်းညချင်း ကောင်းရန်လုယူတာခံလိုက်ရတယ်။ တစ်ယောက်တည်းသောကျန်ခဲ့တဲ့လူက သူ့အမေရင်း ဝေ့အမျိုးသမီးနဲ့ မြေးအကြီးဆုံးဆိုတဲ့ အမည်နာမတစ်ခုသာဖြစ်တယ်။

ဒါပေါ့… သူတကယ်ကြောက်ခဲ့ရပါတယ်။ ပိုသန်မာတဲ့လူက ပိုအားငယ်တတ်တယ်ဆိုတဲ့ နိယာမအတိုင်းပဲ လင်ဝေ့ရှီးက ကံမကောင်းအကြောင်းမလှစွာ ဒီလိုလူမျိုးဖြစ်နေခဲ့တယ်။ သူချစ်တဲ့လူတွေရဲ့အာရုံကိုပြန်ဆွဲဆောင်ဖို့၊ တရားဝင်အကြီးဆုံးသမီးဆိုတဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ တစ်ဦးတည်းသီးသန့်ပိုကြိုးစားခဲ့တယ်။ စာသင်ခန်းထဲမှာ ကောင်းရန်က အချိန်တိုတိုအတွင်း သင်ယူတတ်မြောက်သွားပေမယ့် သူက မရသေးရင်… ဒါပေါ့ အပေါ်ယံမှာတော့ ဂရုမစိုက်သယောင် ပုံဖမ်းနေပေမယ့် ကိုယ့်အခန်းပြန်ရောက်ရင်တော့ အသည်းအသန်ရအောင်လုပ်တော့တယ်။ စာသင်ခန်းထဲမှာ ပျက်ကွက်သွားတဲ့ အရာတွေအကုန်လုံးကို အချိန်နှစ်ဆသုံးဆပေးပြီး ပိုကြိုးစားခဲ့တယ်။ ဒါပေမယ့် လူတွေကိုတော့ ပေးမသိရဲပါဘူး။ ကောင်းရန်က လွယ်လွယ်ကူကူလုပ်သွားချိန်မှာ သူက အချိန်တွေအများကြီးပေးပြီး လုပ်ထားရတာလေ… ဒီလိုသိက္ခာကျမယ့်ကိစ္စကို ဘယ်လိုလူသိခံလို့ဖြစ်မတုန်း…

သူက အလွန်ခေါင်းမာတယ်။ ကျားဂူထဲသာ ပြေးဝင်ချင်ဝင်မယ်၊ သူဘယ်လောက်အားထုတ်လိုက်ရတယ်ဆိုတာ အပြင်လူတွေရှေ့မှာ ဘယ်တော့မှမဖော်ထုတ်ပါဘူး။

သူ့အသက်(၁၀)နှစ်မှာ သူ့အမေကိုယ်ဝန်ပျက်ကျလို့ အသက်ဆုံးသွားခဲ့တဲ့အတွက် စိတ်ဆိုးနေတဲ့ရှို့ခန်းမင်းသမီးကြီးက သူ့ကို မင်းသမီးအိမ်တော်ခေါ်သွားခဲ့တယ်။ နောက်ပိုင်းမှာတော့ မင်းသမီးအိမ်တော်မှာ တစ်နှစ်နီးပါးနေထိုင်ခဲ့ပြီး ကောင်းရန်လောင်းရိပ်အောက်ကလွတ်မြောက်ခဲ့ပါတယ်။

ဆယ်နှစ်အရွယ်ကောင်းရှီးက ကောင်းရန်ကို အနိုင်ယူလို့မရတဲ့ပြိုင်ဘက်တစ်ယောက်လို သဘောထားခဲ့တာဖြစ်တယ်။ ဒါက မိုးကောင်းကင်စာအုပ်ကြီးကိုတွေ့ပြီး နားလည်သွားတော့မှပဲ ကောင်းရန်က သဘာဝအလျှောက်ထက်မြက်နေတာမဟုတ်ဘူးလို့ သိသွားတော့တယ်။ ကောင်းရန်က ကလေးအရေခွံခြုံထားတဲ့လူကြီးတစ်ယောက်ပါပဲ။ အသက်(၆)နှစ်အရွယ်ကလေးတွေကြားထဲမှာ သိသိသာသာတော်နေထက်မြက်နေနိုင်ပေမယ့် (၁၆)နှစ်(၁၇)နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့ ကွာဟမှုက အတော်လေးကိုကျဉ်မြောင်းလာခဲ့ပါပြီ။

ကောင်းရန်က ရပ်တန့်နေတဲ့အချိန်မှာ လင်ဝေ့ရှီးကကြီးပြင်းလာတယ်။ ကောင်းရန်က အသက်အရွယ်ကွာခြားမှုကပေးတဲ့ အတုအယောင်အောင်မြင်မှုတွေထဲနစ်နေချိန်မှာ ကောင်းရှီးကတော့ ငယ်စဉ်ကတည်းက အင်အားကြီးတဲ့ကိုယ်လုပ်တော်ဖွားညီမကိုအနိုင်ရဖို့ သက်တူရွယ်တူတွေထက် ပိုပြီးကြိုးစားခဲ့တယ်။ ရှေးပဝေသဏီတည်းက ဆိုရိုးစကားလိုပေါ့… ရေဆန်ကိုတက်တဲ့လှေက အလှော်ရပ်သွားတဲ့အခါ နောက်ပြန်ရွေ့သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘဝမှာ လင်ဝေ့ရှီးက ကောင်းရန်ရဲ့ငါးတန်းစစ်တုရင်နဲ့ကျားကစားနည်းတွေကို တစ်ယောက်တည်းကြိတ်လေ့လာခဲ့တယ်။ ကောင်းရန်ရဲ့သီချင်းကြီးတွေကို တစ်ကြိမ်ကြားရုံနဲ့ မှတ်မိတဲ့အထိ တတ်ကျွမ်းခဲ့တယ်။ ဒါပေမယ့် ကောင်းရန်ကတော့ အနုပညာလေးမျိုးမှာ ခိုင်မာတဲ့အခြေခံအုတ်မြစ်မရှိခဲ့ပါဘူး။

စစ်တုရင်ကျွမ်းတဲ့လင်ဝေ့ရှီးက ငါးတန်းစစ်တုရင်အတွက် အခက်အခဲမရှိဘူး။ သူက နှစ်ခါလောက်လေ့ကျင့်ပြီးတာနဲ့ နားလည်သွားပြီ။ ဒါပေမယ့် ကောင်းရန်ကတော့ ခေတ်သစ်ရဲ့တိုးတက်ခေတ်မီတဲ့နည်းလမ်းတွေကုန်ဆုံးသွားချိန်မှာ ဘာမှမဟုတ်တော့ပါဘူး။

တစ်စုံတစ်ယောက်ရဲ့အလစ်အငိုက်မှာဝင်ရောက်တိုက်ခိုက်တာက နိုင်ဖို့ရာခိုင်နှုန်းအရမ်းများလိမ့်မယ်။ ဒါပေမယ့် လျှပ်တပြက်တိုက်ခိုက်မှုမှာပဲ ပျော်မွေ့တဲ့စစ်သူကြီးကတော့ အပျင်းကြီးပြီးသွေးနားထင်ရောက်နေတာကြောင့် အနှေးနဲ့အမြန်ကျရှုံးသွားမှာပါ။ ကောင်းရန်က ခွန်အားအစစ်အမှန်ဆိုတာကို လျစ်လျူရှုထားပြီး ဘာမဟုတ်တဲ့အရည်အချင်းတွေအပေါ်မှာ အားကိုးလွန်းတယ်။ ဒီနေ့ရဲ့ပြိုင်ပွဲလိုပါပဲ… ကောင်းရန် အကောင်းဆုံးကြိုးစားခဲ့ရင်တောင် ငါးတန်းကစားနည်းမှာဆရာကျနေပြီဖြစ်တဲ့လင်ဝေ့ရှီးကို မနိုင်တော့ပါဘူး။

ပြိုင်ပွဲမစခင်တုန်းကတော့ ပြိုင်ဘက်ကို သုံးပွဲဆက်တိုက်လုံးလုံးလျားလျားအလဲထိုးနိုင်လိမ့်မယ်လို့ လင်ဝေ့ရှီးမထင်ခဲ့ဘူး။ ဒါက အဖြူရောင်ကျောက်စိမ်းကျားစေ့လေးကို လက်ထဲဆုပ်ကိုင်လိုက်ချိန်မှာ သူရုတ်တရက်နားလည်သွားခဲ့တယ်။ ဘယ်တော့မှကျော်မရတဲ့တောင်တစ်တောင်၊ အသက်(၁၀)နှစ်ကတည်းက ခံစားလာခဲ့ရတဲ့ မပြီးဆုံးနိုင်တဲ့ဖိအားတွေ ပျောက်ပြယ်သွားခဲ့ပြီ။ ကောင်းရန်က ရှေ့လျှောက် သူ့ရဲ့ပြိုင်ဘက်တစ်ယောက်မဟုတ်တော့ဘူး… ယောင်္ကျားမိန်းမအချစ်ရေးကိစ္စတွေက လွဲလို့ပေါ့…

ကုချန်ယောက်က လင်ဝေ့ရှီးရဲ့နှလုံးသားမှာ သေရာပါမယ့်ဒဏ်ရာဖြစ်ပါတယ်။ ကုချန်ယောက်ကို ချစ်ခဲ့တယ် မုန်းခဲ့တယ် နာကျည်းခဲ့တယ် သူ့ဘဝကိုတောင်စွန့်လွှတ်ခဲ့တယ်။ ဒါပေမယ့် ကုချန်ယောက်က သူ့ကိုလုံးလုံးမချစ်ခဲ့ဘူး။… သူရဲ့ဘယ်နေရာကများ လိုအပ်နေခဲ့လို့လဲ။ ဘာတွေထပ်လုပ်ပေးခဲ့ရဦးမှာလဲ။ …မသိဘူး။ မြို့တော်ကိုခရီးထွက်လာတဲ့လမ်းတစ်လျှောက်မှာ လင်ဝေ့ရှီးက ဘဝမှာပထမဦးဆုံးအကြိမ်အဖြစ် သူစိမ်းယောင်္ကျားတွေနဲ့ အချိန်အကြာကြီးပြောဆိုဆက်ဆံဖူးခဲ့တယ်။ ကျိုးမောက်ချန်နဲ့အခြားနှုတ်ဆိတ်နေတတ်တဲ့စစ်သည်တွေက သူ့ကို တိတ်တဆိတ်စောင့်ရှောက်ပေးတယ်။ ကာကွယ်ပေးတယ်။ သူတွေးမိတယ်… သူဆိုးတာတော့ မဖြစ်နိုင်ဘူးလို့… ဖြစ်နိုင်တာက ကုချန်ယောက်က ကန်းနေလို့လေ။

အခုကုချန်ယောက်ကိုမြင်လိုက်တိုင်းမှာ အရင်ဘဝက ပြင်းထန်တဲ့အချစ်တွေ၊ အမုန်းတွေ မရှိတော့ဘူး။ အခုသူဖြစ်ချင်တာက ကုချန်ယောက်ကို ကောင်းကောင်းမနေနိုင်အောင် ဒုက္ခပေးချင်တာပဲကျန်တော့တယ်။ ဖြစ်နိုင်ရင် သုံးလေးချက်လောက် ပိတ်ကန်ချင်တော့တာပဲ။

ဘေးနားမှာစကားတွတ်ထိုးနေတဲ့ဝမ်ယွဲ့နဲ့ဝမ်ရှင်းက လင်ဝေ့ရှီးနှုတ်ဆိတ်နေတာကို သတိထားမိသွားတယ်။ သူတို့နှစ်ယောက်က ကြောင်တောင်တောင်ဖြစ်သွားပြီး မေးတယ် “သခင်မလေး ဘာဖြစ်လို့လဲ၊ စိတ်ပူစရာရှိလို့လား”

“မရှိဘူး” လင်ဝေ့ရှီးက မတ်တပ်ထရပ်ပြီး ပြတင်းဘေးနားလျှောက်သွားတယ်။  အနုစိတ်ထွင်းထုထားတဲ့ ပြဒါးနီရောင်တံခါးရွက်ကို တွန်းဖွင့်တယ်။ အပြင်ဘက်က စိုလွင်တောက်ပနေတဲ့နွေဦးကို လှမ်းကြည့်ရင်း နှုတ်ခမ်းထက်မှာအပြုံးလေးပေါ်လာတယ် “မင်းသမီးကြီးကိုသွားရှာပြီး သူနဲ့သွားနေဖို့တောင်းဆိုရင်ကောင်းမလားလို့ စဉ်းစားနေတာ”

ဘယ်လောက်ပဲဆန္ဒမရှိပါစေ အဆုံးမှာတော့ လူတွေက ရှေ့ဆက်လျှောက်ရဦးမှာပါ။ ယန့်ဝမ်အိမ်တော်ကသူ့ရဲ့အတိတ်ဖြစ်ပြီး ခင်ပွန်းဟောင်းကုချန်ယောက်နဲ့ ကိုယ်လုပ်တော်ဖွားညီမကောင်းရန်တိုရဲ့အချစ်ဇာတ်လမ်းက ပန်းခင်လမ်းထက်မှာ။ လင်ဝေ့ရှီးကတော့ ဘဝအသစ်စသင့်နေပြီပေါ့။

ဝမ်ရှင်းက ဒါကိုကြားပြီးလန့်သွားတယ် “သခင်မလေးက ပြောင်းချင်လို့လား၊ တစ်ယောက်ယောက်ကများ အနိုင်ကျင့်လို့လား၊ မကျေနပ်ဘူးဆိုရင် ယန့်ဝမ်ကိုသွားရှာကြမယ်လေ၊ ဘာလို့ပြောင်းမှာလဲ”

“ဟင့်အင်း… ငါက ယန့်ဝမ်အိမ်တော်နဲ့ဘာမှမဆိုင်ဘူး၊ ငါဒီမှာအမြဲနေလို့မရဘူး၊ ယန့်ဝမ်က သဘောကောင်းလို့ ကိုယ့်အိမ်ကိုယ့်ရာလိုပေးနေထားတယ်ဆိုပေမယ့် ငါတို့က နေချင်သလိုနေလို့မရဘူး”

ဝမ်ရှင်းက တစ်ခုခုပြောလိုက်ချင်သေးတယ်။ ဒါပေမယ့် ဝမ်ယွဲ့က လှမ်းတားလိုက်ပြီး ဝင်ပြောတယ် “သခင်မလေးပြောတာနားလည်ပါတယ်၊ တစ်ခုပဲ… မင်းသမီးကြီးနဲ့တွေ့တာ သိပ်မကြာသေးဘဲ သူ့အိမ်တော်မှာလိုက်နေမယ်ဆိုရင် မျက်နှာပြောင်တိုက်လွန်းရာကျနေမလားလို့”

လင်ဝေ့ရှီးမှင်သက်သွားပါတယ်။ သူမေ့သွားတာ။ အခု သူ့မျိုးရိုးက လင်ဖြစ်နေပြီ။ သူ့နှလုံးသားထဲမှာ မင်းသမီးကြီးက အဘွားအရင်းဆိုပေမယ့် မင်းသမီးကြီးအနေနဲ့ကျတော့ သူက ကံစပ်တဲ့မိတ်ဆွေတစ်ယောက်အပြင်မပိုဘူး။ တစ်ရက်ပဲတွေ့ရသေးတဲ့အချိန်မှာ မင်းသမီးအိမ်တော်ကို အစောတလျင်ပြောင်းဖို့က အလွန်ရိုင်းတဲ့လုပ်ရပ်ဖြစ်တယ်။

လင်ဝေ့ရှီးက တစစ်စစ်ကိုက်နေတဲ့နဖူးကို ဖိလိုက်တယ် “ထားလိုက်တော့ ဒီကိစ္စကိုဆွေးနွေးဖို့ အချိန်တွေအများကြီးရှိသေးတယ်၊ ဒီနေ့ပြောတဲ့စကားတွေအကုန်လုံးကို ဗိုက်ထဲပြန်မြိုချထားကြနော်၊ လျှောက်ပြောဖို့စိတ်မကူးနဲ့ နားလည်ကြလား”

ဝမ်ရှင်းနဲ့ဝမ်ယွဲ့က အလျင်အမြန် ခေါင်းတွေညိတ်လိုက်ကြတယ် “ဟုတ်ကဲ့ပါ”

လင်ဝေ့ရှီးရဲ့ သူ့အဘွားအိမ်ပြောင်းဖို့အကြံက တန်းလန်းဖြစ်သွားပြီး ယန့်ဝမ်အိမ်တော်မှာပဲ ဆက်နေဖြစ်သွားတယ်။ သူ့အကြံက မြို့တော်မှာအိမ်အသစ်ဝယ်နေဖို့ဆီ ရောက်သွားတယ်။ အိမ်က ကြီးစရာမလိုဘူး၊ ခြံဝိုင်းသုံးဝိုင်းလောက်ဆိုရပြီပေါ့။ လင်ဝေ့ရှီးက ဒီဘက်မှာ တွေးတောစဉ်းစားနေတုန်းပါပဲ၊ ဒါပေမယ့် ဟိုဘက်အခြမ်းမှာတော့ ကောင်းရန်ရဲ့အဖြေမပေါ်တဲ့ခေါင်းကိုက်ရောဂါက သုံးလေးရက်လောက်ကြာပြီးမှာ သက်သာလာတယ်။ 

လင်ဝေ့ရှီးက ကောင်းရန်ကို စိတ်ထဲကနေထုတ်လိုက်တာကြာပြီ။ ဒါပေမယ့် ကောင်းရန်ကတော့ မဟုတ်သေးဘူး။ လင်ဝေ့ရှီးအပေါ်ထားတဲ့သူ့အမုန်းတရားတွေက တစ်နေ့ထက်တစ်နေ့ပိုကြီးထွားလာတယ်။ သူ့ကို လင်ဝေ့ရှီးက အရှက်ရအောင်လုပ်ထားတာကြောင့် ပြန်လည်အဖတ်ဆည်နိုင်မယ့်နည်းလမ်း ရှာဖွေလျက်ရှိပါတယ်။

တစ်မနက်မှာတော့ လင်ဝေ့ရှီးကို ကောင်းရန်က သူ့ခြံဝင်းဆီဖိတ်တယ်။ လင်ဝေ့ရှီးက အလွန်တရာစိတ်ကုန်နေပြီ။ ဒါပေမယ့် ကုဟွေးရန့်မျက်နှာထောက်ပြီး သူ့ချွေးမနဲ့ဆက်ဆံရေးဆိုးဆိုးရွားရွားမထိခိုက်ချင်လို့ စက်ဆုပ်ရွံရှာတာတွေ အတင်းသည်းခံနေရတာပါ။

လင်ဝေ့ရှီးထိုင်ပြီး သိပ်မကြာဘူး၊ ယုန်သဏ္ဍာန်ရွှေရောင်အမွှေးတိုင်အိုးတစ်အိုးသယ်ပြီး အစေခံနင်ဖူအပြင်ကနေဝင်လာတာကိုမြင်တယ်။ အမွှေးတိုင်အိုးက လက်ရာအနုစိတ်ပြီး အောက်ခြေမှာ ပတ္တမြားတွေစီထားတယ်။ ပစ္စည်းပဲကြည့်ကြည့် လက်ရာပဲကြည့်ကြည့် တကယ့်ကိုရှားပါးတဲ့ရတနာပါ။

ကောင်းရန်က အမွှေးတိုင်အိုးကို စားပွဲအမြင့်ပေါ်တင်ပြီး အဖုံးကိုခပ်ဖြည်းဖြည်းဖွင့်တယ်။ ပြီးတော့ အမွှေးတိုင်ကိုမီးညှိပြီး လင်ဝေ့ရှီးကိုပြောတယ် “ကျွန်မက အိမ်မှာ အမွှေးနံ့သင်းသင်းနဲ့နေရတာ အကျင့်ဖြစ်နေပြီ၊ အိမ်တော်က သစ်မွှေးအနံ့တွေကို မခံနိုင်ဘူးလေ၊ ဒါက ကျွန်မတို့ဆိုင်ကလုပ်တဲ့ ပန်းပေါင်းတစ်ထောင်အမွှေးတိုင်၊ ဒီနှစ်အတွက် နောက်ဆုံးပေါ်ရနံ့ပေါ့၊ လင်မိန်းကလေး အနံ့ခံလို့ရတယ်မလား”

လင်ဝေ့ရှီးက ကြည့်တောင်မကြည့်ဘဲ အေးစက်စက်ပြန်ပြောတယ် “ဧည့်သည်က အိမ်ရှင်ကိုလေးစားရမှာပေါ့၊ ကြင်ယာတော် ထွန်းချင်ထွန်းလို့ရပါတယ်”

ဒီအချိန်မှာပဲ ထောင်မားမားက လက်ထဲမှာ အသေးစိတ်ပုံဖော်ထားတဲ့ ယွန်းသေတ္တာလေးတစ်ခုပိုက်ပြီး အတွင်းခန်းထဲကထွက်လာတယ်။ သူ့ပုံစံက စိုးရိမ်တကြီးနဲ့ “ကြင်ယာတော်ရဲ့နီလာရွှေဆံထိုး ဘယ်ရောက်သွားလဲ၊ ခေါင်းဆောင်းတန်ဆာက နီလာတစ်စုံလုံးဖြစ်ရမှာလေ ဒီတစ်ခုက ဘယ်ရောက်သွားတာလဲ”

အစေခံတွေက အိမ်အတွင်းအပြင်လိုက်ရှာကြရင်း ခဏအကြာမှာတော့ ဒီလှပတဲ့နီလာဆံထိုးကို အဆုံးမှာရှာတွေ့သွားကြတယ်။ သူတို့တွေ ယွန်းသေတ္တာထဲ ဆံထိုးပြန်ထည့်နေကြတာကို လင်ဝေ့ရှီးက မျက်လုံးနှစ်လုံးနဲ့ထိုင်ကြည့်နေရတယ်။ ယွန်းသေတ္တာထဲမှာက ရွှေရောင်တလက်လက် တောက်ပနေတဲ့ကျောက်မျက်တွေနဲ့ ပနံရနေပြီ။ လိုချင်တပ်မက်စရာသိပ်ကောင်းပါတယ်။

လင်ဝေ့ရှီး ဘာပြောရမလဲ မသိတော့ဘူး။ တကယ်လို့ကောင်းရန်က သူ့ဓနအင်အားကိုပြပြီး ခြောက်ထုတ်ချင်တယ်ဆိုရင် ကြွေထည်အကောင်းစားလက်ဖက်ရည်အိုးအစုံလိုက်လဲလိုက်ရင် ရပြီမဟုတ်ဘူးလား။ ရွှေတွေ ငွေတွေ ကျောက်မျက်တွေ ထုတ်လာပြီးဘာလုပ်မှာလဲ…

ဒါပေမယ့် ထောင်မားမားရဲ့ မပြီးနိုင်မစီးနိုင်စကားတွေက သူ့နားတစ်ဝိုက်ဝေ့ဝဲနေဆဲပဲ။ ဒီခေါင်းဆောင်းတန်ဆာက နယ်စားအိမ်တော်သခင်မကြီးကိုယ်တိုင် ကောင်းရန်ကို အထူးတလည်ပေးထားတာဖြစ်ကြောင်း၊ ဆက်ခံသူနဲ့သခင်မကြီးက ကောင်းရန်ကို ဘယ်လောက်တောင်တန်ဖိုးထားတဲ့အကြောင်း စတာတွေကို အာပေါင်အာရင်းသန်သန်ပြောဆိုနေတယ်။ ကြာလာတော့ လင်ဝေ့ရှီးလည်း သည်းမခံနိုင်တော့ဘူး၊ ပြောချင်ရာပြောပစ်လိုက်တော့တယ် “နယ်စားအိမ်တော်က ကြင်ယာတော်ကို အဲ့လောက်အရေးထားတယ်ဆိုရင် ဘာလို့ ရှင်တို့အိမ်တော်သခင်မ ကြင်ယာတော်ကိုလာတွေ့တာ ဒီရက်ပိုင်းတွေထဲမတွေ့ရတာလဲ” 

ထောင်မားမားရဲ့တတွတ်တွတ်အသံတွေ တိခနဲရပ်သွားလေရဲ့၊ ကောင်းရန်တောင်မှ လှုပ်ရှားမှုတွေတောင့်တင်းကုန်တယ်။

လင်ဝေ့ရှီးက အဖြေကိုမစောင့်ဘူး။ အမွှေးတိုင်စိုက်ထားတဲ့ ယုန်ပုံအမွှေးတိုင်အိုးကိုကြည့်ပြီး ဒုတိယတစ်လုံးပစ်သွင်းပြန်တယ် “ဒီအမွှေးတိုင်အိုးက ယုန်ပုံလေးနော်၊ ထူးခြားလိုက်တာ၊ ကြင်ယာတော်က ယုန်နှစ်မှာမွေးတာလား”

ကောင်းရန်ပုံစံက သိသိသာသာအရှက်ရသွားတဲ့ပုံစံ။ ကောင်းရန်က နဂါးနှစ်ဖွားဖြစ်ပြီး ကောင်းရှီးအောက်တစ်နှစ်ငယ်တယ်။ ယုန်အမွှေးတိုင်အိုးက ကောင်းရှီးရဲ့ပိုင်ဆိုင်မှုဖြစ်ခဲ့ပြီး ကောင်းရှီးအတွက်တမင်ရည်ရွယ်ပြီး သွန်းလောင်းခဲ့တဲ့ပစ္စည်းပါ။

အခန်းထဲကလူတွေအကုန်လုံး တိတ်ဆိတ်သွားတာပဲ။ လင်ဝေ့ရှီး ကျေနပ်ပီတိဖြစ်နေရတယ်။ သူက နှုတ်ခမ်းလေးအသာကွေးပြီး တတိယမြောက်တစ်လုံးသွင်းပြန်တယ် “အသင့်လုပ်ပြီးသား ရွှေငွေအဆင်တန်ဆာတွေရှိတဲ့ ကြင်ယာတော်ကို အရမ်းအားကျတာပဲ၊ နောက်ပိုင်းကျွန်မလည်း လက်ဝတ်လက်စားအသစ်လေးဘာလေး လုပ်ဦးမှပါ၊ ကျွန်မအဖေက မြေစာချုပ်တွေနဲ့ပိုင်ဆိုင်မှုတွေထားခဲ့ပေမယ့် အဲဒိရွှေတွေငွေတွေက ဓလေ့ထုံးတမ်းရုံးတော်အောက်ကလာတာဆိုတော့ သူတို့ရဲ့တံဆိပ်တွေထွင်းထားတာ၊ ကျွန်မဆို ရွှေသုံးချင်ရင် ကိုယ်တိုင်သွန်းချင်သွန်း၊ ဒါမှမဟုတ် အပြင်ကဝယ်မှပဲရမယ်”

ကောင်းရန်က ကောင်းရှီးရဲ့ခန်းဝင်ပစ္စည်းတစ်ချို့တစ်ဝက်ကို အမွေဆက်ခံထားပါတယ်။ သူ့အဖေနဲ့သူ့အဘွား ပေးကမ်းစွန့်ကျဲထားတာတွေလည်းပါတယ်။ သူချမ်းသာတာမှန်တယ် ဒါပေမယ့် နယ်စားအိမ်တော်ကခန်းဝင်ပစ္စည်းက မြို့စားအိမ်တော်တစ်ခုလုံးအမွေဆက်ခံရတာနဲ့ ဘယ်တူလိမ့်မလဲ။

ဒီလူတစ်စုပါးစပ်ပေါက်တွေပိတ်ကုန်တာမြင်ပြီး လင်ဝေ့ရှီးကျေနပ်အားရနေရတယ်။ ဟွန့် ငါနဲ့များ ခြေရာလာတိုင်းရဲရတယ်လို့…

တကယ်တော့လင်ဝေ့ရှီးက ဒီလူတွေကို ခေါင်းထဲထည့်တာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကိုယ်တိုင်က သူ့ကိုပဲခလုတ်လာလာတိုက်နေကြတယ်။ ဒီလူတွေ အဆူလေးများမခံရရင် နေမထိထိုင်မထိဖြစ်နေကြတယ်တူပါရဲ့။

ဟုတ်ပါတယ်။ ကောင်းရန်က နေမထိထိုင်မထိဖြစ်ပြီး ကျန်ခဲ့ပါတယ်။ လင်ဝေ့ရှီးက မျက်ခုံးတစ်ချက်မတွန့် မော်ချီပြီး ခြံဝင်းဆီပြန်လာတယ်။ ပြန်ရောက်ရောက်ချင်းထိုင်ချလိုက်ပြီးမှ မျက်နှာအမူအရာ ပြောင်းလဲသွားတော့တယ်။

“သခင်မလေး”

လင်ဝေ့ရှီးက ဝမ်ရှင်းကိုခေါ်ပြီး နားနားတိုးတိုးကပ်ပြောလိုက်တယ် “နင် ကောင်းရန်ရဲ့ခန်းဝင်ပစ္စည်းတွေအကြောင်း သွားစုံစမ်းလာခဲ့၊ လိုက်မေးစရာမလိုဘူး၊ စကားလေးဘာလေးပြောရင်း တီးခေါက်ခဲ့ရုံပဲ”

ဝမ်ရှင်းက အမိန့်ရပြီး ခပ်မြန်မြန်ထွက်သွားတယ်။ လင်ဝေ့ရှီးက သစ်တော်သားစားပွဲပေါ်တင်ထားတဲ့ အဖြူရောင်ကြွေပန်းအိုးကိုကြည့်နေပြီး သွားတွေကျိုးကျေလုမတတ် ဒေါသထွက်နေရတယ်။

သူက ပုထုဇဉ်လူသားတစ်ယောက်ဖြစ်ဆဲပါ။ အားလုံးကိုခဝါချပြီး ဘဝသစ်ပြန်စမယ်လို့ သေချာပေါက်တွေးတောခဲ့ပေမယ့် သူ့ပစ္စည်းတွေကို ကောင်းရန်က တရားဝင်အပိုင်စီးထားတာတွေ့တဲ့အခါ ဒေါသတွေထွက်လွန်းလို့ အဆိပ်ခတ်သတ်ပစ်ချင်ခဲ့တယ်။ 

ပြီးခဲ့တာတွေက ပြီးသွားပြီပေါ့…တကယ်တော့လည်း ခန်းဝင်ပစ္စည်းဆိုတာ အရာအားလုံးပြီးဆုံးသွားခဲ့ရင် ဘာများအဓိပ္ပါယ်ရှိတော့လို့လဲ…

………….