(18) အသားတင်ချမ်းသာကြွယ်ဝမှု
Viewers 13k

(18) အသားတင်ချမ်းသာကြွယ်ဝမှု

ဝမ်ရှင်း ရက်အနည်းငယ်စုံစမ်းမေးမြန်းသွားပြီးနောက်မှာ ခန်းဝင်ပစ္စည်းတွေရဲ့အဖြစ်မှန်ကို လင်ဝေ့ရှီးရဲ့စိတ်ထဲ ရုပ်လုံးပေါ်သွားခဲ့ပြီဖြစ်တယ်။

ပြီးခဲ့တဲ့နှစ် ကောင်းရှီးသေဆုံးသွားပြီး တိုးတက်အောင်မြင်တဲ့စီးပွားရေးကိုပိုင်ဆိုင်ထားတဲ့ ယန့်ဝမ်အိမ်တော်က သူတို့ချွေးမရဲ့ခန်းဝင်ပစ္စည်းတွေကို လောဘမတက်ခဲ့ကြပါဘူး။ ဒါကြောင့် ကောင်းရှီးရဲ့ခန်းဝင်ပစ္စည်းတွေက နယ်စားအိမ်တော်ဆီပြန်ရောက်သွားတယ်။ နယ်စားအိမ်တော်က နောက်ထပ်ကောင်းမျိုးနွယ်မိန်းကလေးတစ်ယောက်ကို ခန်းဝင်ပစ္စည်းတွေအများကြီးနဲ့ ပြန်လက်ထပ်ခိုင်းဖို့ အကြံရလာတယ်။ နောက်တော့ နယ်စားအိမ်တော်ဆက်ခံသူနဲ့ကုချန်ယောက်က ကောင်းရန်ကို ဒုတိယဇနီးအဖြစ် သဘောတူခဲ့ကြတယ်။ ဒီအချိန်မှာ သူတို့က ကောင်းရန်ကိုချုပ်ကိုင်ထားဖို့ ကောင်းရှီးရဲ့ခန်းဝင်ပစ္စည်းအကုန်လုံး လွှဲပေးခဲ့ပြီး စောင့်ရှောက်ခအဖိုးအခအဖြစ် ငွေတုံးအချို့ကိုလည်း ချန်ထားခဲ့ကြတယ်။

ကောင်းရှီးက နယ်စားအိမ်တော်ရဲ့ တရားဝင်အကြီးဆုံးမြေးပါ။ သူ့ရဲ့ခန်းဝင်ပစ္စည်းတွေက ခန့်မှန်းမရလောက်အောင်များပြားတယ်။ နောက်ပြီး သူက ဝေ့အမျိုးသမီးရဲ့တစ်ဦးတည်းသောသမီးလည်းဖြစ်တယ်။ ဝေ့အမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေ၊ နယ်စားအိမ်တော်ကပြင်ဆင်ပေးတာတွေ၊ ရှို့ခန်းမင်းသမီးကြီးဆီက သီးသန့်ထောက်ပံ့ငွေတွေ … ဒါတွေအကုန်လုံးဆိုရင်… ကောင်းရှီးရဲ့အသားတင်ချမ်းသာကြွယ်ဝမှုကို ကောင်းကောင်းခန့်မှန်းလို့ရတယ်။

နောက်ပိုင်းမှာ ကောင်းရှီးက သားသမီးမမွေးဘဲသေဆုံးသွားခဲ့တယ်။ လက်ထပ်လိုက်တဲ့သမီးက သားသမီးမရှိဘူးဆိုရင် ခန်းဝင်ပစ္စည်းအားလုံး မိဘအိမ်ကိုပဲပြန်ရောက်လာရတာပါ။ ဒီအချိန်မှာ ကောင်းရန်ရဲ့လက်ထပ်ပွဲက အသေအချာသတ်မှတ်ပြီးသားဖြစ်သွားပြီ။ တကယ်လို့ ခမည်းခမက်ဖြစ်တဲ့ ယန့်ဝမ်အိမ်တော်နဲ့ဆက်ဆံရေးကောင်းချင်ရင်တော့ ကောင်းရန်ရဲ့သဘောထားက အရေးပါတဲ့အနေအထားရောက်သွားပါပြီ။ နယ်စားအိမ်တော်သခင်မကြီးလည်း သွေးတက်နေတဲ့နားထင်ကိုအသာဖိပြီး ကောင်းရှီးပစ္စည်းအများစုကို ရွေးချယ်စရာမရှိ ကောင်းရန်ကိုလွဲပေးလိုက်ရတယ်။ နောက်ထပ်ခေါင်းဆောင်းတန်ဆာလေးစုံရယ် ရတနာတွေရယ်ပေါ့။

ဒါပေမယ့် ကောင်းရှီးရဲ့ပစ္စည်းတွေထဲမှာ ဝေ့အမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေရောပါနေတယ်။ ဒါက သာမန်ချွေးမတစ်ယောက်ပဲဆိုရင်တော့ ယောက္ခမဖြစ်တဲ့နယ်စားအိမ်တော်သခင်မကြီးက အကုန်လုံးကိုအပိုင်သိမ်းလိုက်ပြီ။ ဒါပေမယ့်လည်း ဝေ့အမျိုးသမီးက မင်းသမီးရဲ့သမီးဖြစ်နေတဲ့အတွက် လုပ်ရကိုင်ရခက်နေခဲ့ပါတယ်။

ဝေ့အမျိုးသမီးသေဆုံးသွားတာ ကြာခဲ့ပြီ။ သူ့အောက်မှာ သမီးတစ်ယောက်ပဲရှိလို့ သူ့ပစ္စည်းတွေကို သူ့သမီးကပဲဆက်ခံလိမ့်မယ်၊ သူ့မိသားစုက လက်ဝါးကြီးအုပ်ဖို့အခွင့်မရှိဘူး။ ပြဿနာက ကောင်းရှီးကလည်း ငယ်ငယ်ရွယ်ရွယ်ဆုံးသွားပြီး သားသမီးမချန်ခဲ့ပြန်ဘူး။ နယ်စားအိမ်တော်က ကောင်းရှီးရဲ့ပိုင်ဆိုင်မှုတွေကို လက်ဝယ်ရရှိဖို့ အမြဲတမ်းစိုးရိမ်ကြောင့်ကြခဲ့ရတယ်။ မင်းသမီးကြီးအိမ်တော်က ဒီနှစ်ပိုင်းတွေမှာ ဆက်ခံသူမရှိ ကျဆင်းနေတဲ့အိမ်တော်ဖြစ်ပေမယ့် မင်းသမီးကြီး အသက်တစ်ရက်ရှင်နေသရွေ့တော့ လက်ရှိဧကရာဇ်ရဲ့အဘွားတော်တဖြစ်လဲ မင်းမျိုးမင်းနွယ်ဖြစ်ဆဲပဲ။ မင်းသမီးကြီးအိမ်တော် ပြိုလဲတာ မပြိုလဲတာက တော်ဝင်မိသားစုရဲ့ကိုယ်ပိုင်ပြဿနာ။ သူတို့လိုအပြင်လူတွေက မင်းသမီးကြီးကိုစော်ကားခဲ့ရင်တော့ မင်းမျိုးနွယ်တွေနဲ့ ထိတ်တိုက်တွေ့ရပါလိမ့်မယ်။

နယ်စားအိမ်တော်က ဒီရှေ့မျိုးဆက်မင်းသမီးကြီးမျက်နှာကို စောင့်ထိန်းပေးဖို့လိုသေးတယ်။ ဒါကြောင့် မင်းသမီးအိမ်တော်ဆီ ယဉ်ယဉ်ကျေးကျေးစာချွန်လွှာပါးပြီး မင်းသမီးကြီးအနေနဲ့ ကောင်းရှီးနဲ့ဝေ့အမျိုးသမီးတို့ရဲ့ခန်းဝင်ပစ္စည်းတွေကို ဘယ်လိုကိုင်တွယ်ချင်ပါသလဲလို့ မေးခဲ့တယ်။

မင်းသမီးကြီးက သူ့တစ်သက်လုံး တော်ဝင်မိသားစုတွေရဲ့ဦးထိပ်ပန်ဆင်ခြင်းကို ခံလာရတာ။ သူ့ရဲ့ပိုင်ဆိုင်မှုတွေက များပြားလွန်းလို့ ဘာကိုမှစိတ်ဝင်စားခြင်းမရှိရလောက်အောင်ပဲ။ နောက်ပြီး မင်းသမီးအိမ်တော်ရဲ့ကြွယ်ဝမှုက သားမက်တော်မိသားစုနဲ့ ဘာမှမပက်သတ်ဘူး။ မင်းသမီးသေဆုံးသွားတာနဲ့ တော်ဝင်မိသားစုဆီပြန်ရောက်သွားပြီး ပြင်ဆင်မှုတွေလုပ်အပြီးမှာ နောက်ထပ်မင်းသမီးတစ်ပါးကို ဆက်ခံစေမှာဖြစ်ပါတယ်။ ကြီးမားများပြားတဲ့ပိုင်ဆိုင်မှုတွေက ဆက်ခံသူသားယောင်္ကျားလေးမရှိတဲ့အတွက် နန်းတော်ဘဏ္ဍာတိုက်ထဲကို ပြန်ရောက်သွားလိမ့်မယ်။ ဒါကြောင့် သေဆုံးပြီးသားသမီးဖြစ်သူရဲ့ခန်းဝင်ပစ္စည်းတွေကို ပြန်ယူယူမယူယူ ဘာမှမကွာခြားတော့ပါဘူး။

အကယ်၍ ပြန်လက်ထပ်တဲ့လူက တခြားကိုယ်လုပ်တော်ဖွားသမီးသာဖြစ်ခဲ့ရင် ကောင်းရှီးသေဆုံးသွားပြီးနောက်မှာ ဝေ့အမျိုးသမီးရဲ့ပစ္စည်းတွေကို ပေးလိုက်ဦးမှာပါ။ ဒါပေမယ့် ကောင်းရန်က ဘယ်သူမို့လို့လဲ။ ဝေ့အမျိုးသမီးသေဆုံးရတဲ့တရားခံ ဟန်အမျိုးသမီးရဲ့သမီးပါ။ မင်းသမီးကြီးက ဒီမိန်းမပျက်တစ်သိုက်ကို ဘယ်လိုလုပ်ပေးကမ်းစွန့်ကျဲချင်မှာလဲ။ စာချွန်လွှာကိုလက်ခံရရှိတဲ့အခါ မင်းသမီးကြီးက ဆူပူမာန်မဲပြီး ခမည်ခမက်ကြားဆက်ခံရေးကို အိုးမည်းသုတ်ပစ်လိုက်ပါတော့တယ်။ အိမ်တော်ထိန်းကို နယ်စားအိမ်တော်ဆီလွှတ်ပြီး… နယ်စားကြီးက ကောင်းရန်ကိုခန်းဝင်ပစ္စည်းဘယ်လောက်ပေးပေး သူဂရုမစိုက်ဘူး၊ ဝေ့အမျိုးသမီးနဲ့ကောင်းရှီးပစ္စည်းတွေကိုသာ အသေးဆုံးအပ်တိုတစ်ချောင်းကအစ ပြန်ပေးပါလို့ ပြောခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာပြီးမှ မင်းသမီးကြီးအိမ်တော်က သေဆုံးပြီးသားသမီးဖြစ်သူရဲ့ခန်းဝင်ပစ္စည်းတွေကို ပြန်တောင်းလာတယ်။ ဒီရိုက်ချက်က သိပ်ကိုပြင်းထန်ပါတယ်။ ဂိတ်တံခါးအထပ်ထပ်နဲ့အိမ်တော်တွေဆိုတာ မျက်နှာပန်းဂုဏ်သိက္ခာဆိုတဲ့အရာကို အသက်နဲ့လဲပြီးကာကွယ်ကြတာပါ။ ဒီလိုနည်းနဲ့ မြို့တော်တစ်ခုလုံးရှေ့မှာ မင်းသမီးကြီးက ယင်းကော်နယ်စားအိမ်တော်ရဲ့မျက်နှာကို မြေကြီးပေါ်ချပြီး တက်နင်းပစ်လိုက်တယ်။ နယ်စားသခင်မကြီးဆိုတာ ဒေါသထွက်လွန်းလို့ သေတော့မယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့မျိုးနွယ်ကို ‘ကု’ လို့ ဘယ်သူကဖန်ဆင်းပေးလိုက်လဲ။ သခင်မကြီးခမျာ သွေးအန်ပြီးသေသွားမယ်ဆိုရင်တောင် ရှို့ခန်းတော်ဝင်မင်းသမီးကြီးကို ဘာမှသွားမလုပ်ရဲဘူး။ သူ့သားနဲ့ချွေးမရှေ့မှာ တိုးတိုးကြိတ်ကြိတ် သုံးလေးငါးခွန်း ဆူပူပေါက်ကွဲတာပဲလုပ်နိုင်တယ်။ အခုတော့ ခမည်းခမက်အိမ်တော်နှစ်ခုကြား ကမ္ဘာမကြေတဲ့ရန်သူတွေဖြစ်သွားပြီ။ ဒါပေမယ့် နယ်စားအိမ်တော်သခင်မကြီးမှာ မခံချင်စိတ်လေးတော့ရှိတယ်။ သူက မင်းသမီးကြီးအိမ်တော်တွင်းမှာ တိတ်တဆိတ်သတင်းဖြန့်တယ်။ သူတို့က အဆင့်အတန်းရှိ ကောင်းမျိုးနွယ်နယ်စားအိမ်တော်ပါပေါ့… ကောင်းမိသားစုက သူတို့ရဲ့သမီးတွေရဲ့ခန်းဝင်ပစ္စည်းဖိုးကို ဘယ်လိုလုပ်မတတ်နိုင်ဘဲ ရှိရမလဲပေါ့…

ဒါကြောင့် ကောင်းရန်ရဲ့ခန်းဝင်ပစ္စည်းတွေထဲ ကောင်းရှီးကို အရင်သူတို့ပြင်ဆင်ပေးခဲ့တဲ့ပစ္စည်းတွေ ပါဝင်လာတယ်။ နောက်ပြီး လေးရာသီဝတ်စုံတွေ၊ ရွှေငွေရတနာတွေ ထပ်ပေါင်းထားတယ်။ ဒါပေါ့… ပစ္စည်းတွေက အလွန်များပြားပါတယ်။ ဒါပေမယ့် မြို့တော်မှာဆိုရင်တော့ ရိုးရိုးအထက်တန်းစားအိမ်တော်ရဲ့ သမီးတစ်ယောက်အဆင့်ပဲရှိတယ်။ မြို့တော်မှာ အထက်တန်းစားအိမ်တော်တွေက ခွေးတွေလိုပေါများပြီး ချမ်းသာတဲ့မိသားစုနောက်ခံရှိတဲ့အမျိုးသမီးတွေဆို မှိုလိုပေါက်နေတာပဲ။ ကောင်းရန်ရဲ့ခန်းဝင်ပစ္စည်းတွေက သာမန်ပြည်သူတွေအမြင်မှာ မိုးထိမြင့်မားနေပေမယ့် သူတို့အသိုင်းအဝိုင်းအမျိုးသမီးတွေရှေ့မှာတော့ သူလိုငါလိုအဆင့်အတန်းပါပဲ။

သူအမေနဲ့သူ့အဘွားပေးထားတဲ့ ခန်းဝင်ပစ္စည်းတွေ မင်းသမီးကြီးအိမ်တော်ပြန်ရောက်သွားတဲ့အကြောင်း ကြားမှပဲ လင်ဝေ့ရှီးသက်ပြင်းချနိုင်တယ်။ … ကောင်းတယ်… ကောင်းရန်ကိုပေးတဲ့ပစ္စည်းတွေက ကောင်းမိသားစုရဲ့ကိုယ်ပိုင်ပစ္စည်းတွေ… ဒါတွေကိုလွှဲပေးတာ သူဘာမှမပြောလိုဘူး၊ ဂရုလည်းမစိုက်ဘူး… ဒါပေမယ့် သူ့အမေဝေ့အမျိုးသမီးရဲ့အမွေတွေကိုတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကောင်းရန်ကြောင့် မစွန်းထင်းစေရဘူး။

သူ့အမေရဲ့အမွေတွေနဲ့သူ့အဘွားရဲ့ပစ္စည်းတွေ ကောင်းရန်ဆီရောက်မသွားတဲ့အတွက် လင်ဝေ့ရှီးဆိုတာပျော်လွန်းလို့ မြောက်ကြွမြောက်ကြွဖြစ်နေတယ်။ ဒီရက်ပိုင်းတွေအတွင်း သူနဲ့ဆုံတဲ့လူတိုင်း အပျော်တွေကူးစက်သွားကြတာချည်း။ အခုဆို လင်ဝေ့ရှီးက ကောင်းရန်ကိုတောင် အကြင်နာမျက်ဝန်းလေးနဲ့ ကြည့်တတ်နေပြီ။ ကောင်းရန်ရတာက သူအရင်ရခဲ့တာထက် အတော်လေးနည်းပါးတယ်လေ။ လင်ဝေ့ရှီးက အပြင်ပန်းမှာ နောင်တကြီးစွာရတဲ့ပုံဖမ်းနေပေမယ့် မဟားတရားပျော်နေတာပါ။

အခုတော့ အရင်နေ့ကကောင်းရန်ရဲ့ကြွားဝါမှုတွေကို တွေးလိုက်တိုင်းတွေးလိုက်တိုင်းမှာ လင်ဝေ့ရှီးက ပိုပိုပြီးရယ်ချင်လာတယ်။ ညစာအတူစားကြတဲ့တစ်ညမှာတော့ လင်ဝေ့ရှီးက ကောင်းရန်ကို အပြုံးလေးနဲ့ကြည့်နေခဲ့တယ်။ သူက ခိုးကြည့်တာမဟုတ်ဘူး၊ တမင်သက်သက်ပေါ်တင်ကြည့်တာ။ ကောင်းရန်က နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။ ကုချန်ယောက်တောင်မှ ပြုံးစိပြုံးစိလုပ်နေတဲ့လင်ဝေ့ရှီးဆီ ထူးထူးဆန်းဆန်းလှည့်ကြည့်လာတယ်။

ညစာစားရင်းတစ်ဝက်လောက်ရောက်လာတော့ လင်ဝေ့ရှီးက တူကိုထပ်မရွှေ့တော့ဘူး၊ ကိုယ့်ပန်းကန်ထဲကထမင်းကိုသာ တို့ကနန်းဆိတ်ကနန်းလုပ်နေတယ်။ ကုဟွေးရန့်စားပြီးသွားတာလည်းမြင်ရော သူက ချက်ချင်းလက်ငင်း တူကို လွှတ်ချလိုက်တာပဲ။ တူချသံက အတော်လေးကျယ်သွားတော့ ကုဟွေးရန့်က သူ့ကိုလှမ်းကြည့်တယ် “ထမင်းကောင်းကောင်းစား၊ အရူးလိုလျှောက်ရယ်မနေနဲ့”

လင်ဝေ့ရှီးက ဒီမှတ်ချက်ကို မကျေနပ်ဘူး “အရူးလိုမရယ်ပါဘူး”

အခန်းထဲကအစေခံတွေအားလုံး ဒါကိုကြားတဲ့အချိန်မှာ လန့်ဖြန်သွားလိုက်ကြတာ လှုပ်ရှားမှုတွေရပ်သွားတဲ့အထိ၊ ကုချန်ယောက်တောင်မှ အံ့သြသွားရတယ်။ အစေခံတွေကတွေးတယ်… လင်မိန်းကလေးက အိမ်တော်မှာ အထူးအရေးပါတဲ့နေရာမှာရှိတယ်… ဘယ်သူ့ကိုပြစ်မှားမိပါစေ လင်မိန်းကလေးကိုတော့ ပြစ်မှားလို့မရဘူး…

သေချာတာပေါ့… ကုဟွေးရန့်က ဘာကြားကြားစိတ်ထဲမထည့်ဘူး၊ အဲဒိအစား ခေါင်းစဉ်ပြောင်းပြီး နောက်တစ်ခုထပ်ပြောတယ် “ဝမ်းနည်းခြင်းကာလက ငါးလပိုင်းမှာထွက်မယ်၊ အချိန်သိပ်မကျန်တော့ဘူး၊ ပြင်စရာရှိတာပြင်ပြီးပြီလား”

လင်ဝေ့ရှီးက နှုတ်ခမ်းကိုကိုက်ပြီး ပြန်မဖြေဘူး၊ ကုဟွေးရန့်ကိုကြည့်တယ် “ကျွန်မက ယန့်ဝမ်အိမ်တော်မှာ လုပ်ရမှာလား”

ကုဟွေးရန့်က ဖြည်းညှင်းစွာပြန်ကြည့်ပါတယ် “မလုပ်ရင်?”

ဘေးနားကြားရတဲ့လူတွေတောင် မခံနိုင်တော့ဘူး။ ယန့်ဝမ်က လင်မိန်းကလေးရဲ့ဝမ်းနည်းခြင်းကိစ္စတွေ လိုက်လုပ်ပေးနေပေမယ့် လင်မိန်းကလေးက လက်မခံချင်တာလား…။ ကောင်းရန် တကယ့်ကိုစိတ်တိုနေရပြီ။ လင်ဝေ့ရှီးက ဟန်ဆောင်ပန်ဆောင်လုပ်လွန်းတယ်… ယန့်ဝမ်ကလည်း သိပ်လွန်တာပဲ… ဒီလိုကြောင်သူတော်မျက်နှာနှစ်ဖက်မိန်းမကို ဘာလို့သဘောကောင်းပေးနေမှန်း မသိတော့ဘူး။ ဒါပေမယ့် စတင်ပြောဆိုသူက ကုဟွေးရန့်ဖြစ်တဲ့အတွက် ကုချန်ယောက်မှာလည်း ကန့်ကွက်စရာမရှိဘူး။ ဒါကြောင့် ကောင်းရန်က အပြုံးလေးနဲ့သဘောတူပေးဖို့ပဲကျန်တယ် “သားသမီးဝတ္တရားကိုပြတဲ့ ဝမ်းနည်းခြင်းကာလပြီးဆုံးတာက အရေးကြီးတဲ့ပွဲလေ၊ လင်မိန်းကလေးက အိမ်တော်နဲ့ရေစက်ရှိတော့ ဒီမှာပဲကျင်းပလို့ရပါတယ်၊ ဒါပေမယ့် ကျွန်မက အရင်တုန်းက ဒီလိုပွဲမျိုး တစ်ခါမှမစီစဉ်ဖူးတော့ လိုအပ်ချက်ရှိသွားရင်လည်း နားလည်ပေးပါလို့ ကြိုပြီးတောင်းပန်ထားမယ်နော်”

ကောင်းရန်က သူ့စကားလုံးတွေကြားထဲမှာ လက်သည်းတွေဖွက်ထားတယ်။ စကားလုံးတွေက ယဉ်ကျေးပါတယ်။ လင်ဝေ့ရှီးဘယ်လိုအဖြေပြန်ပေးမလဲ ဘယ်သူသိမှာလဲ “ကြင်ယာတော်က မင်္ဂလာဆောင်တွေ အသုဘအခမ်းအနားတွေ မစီစဉ်ဖူးဘူးဆိုတော့လည်း … ထားလိုက်ပါတော့၊ ဘာမှကြီးကြီးကျယ်ကျယ်ကိစ္စမဟုတ်ပါဘူး၊ ကျွန်မဖာသာ စီစဉ်လိုက်ပါ့မယ်၊ ကြင်ယာတော် ဒီကြားထဲလေ့လာနေရလို့ ပင်ပန်းနေပါ့မယ်”

လေထုက ရုတ်တရက် တင်းမာသွားသလိုပဲ။ သူ့ရဲ့ယဉ်ကျေးလှတဲ့စကားလုံးတွေက လင်ဝေ့ရှီးပါးစပ်ထဲမှာ ထောက်ပြအပြစ်တင်စရာဖြစ်သွားမှန်း ကောင်းရန်မမျှော်လင့်ထားဘူး။ သူ့မေးရိုးတွေတောင့်တင်းလာပြီး ခုခံပြောဆိုရတော့တယ် “ကျွန်မက ငယ်သာငယ်တာပါ၊ အိမ်မှာတုန်းကဆို အဘွားနဲ့အမေကိုကူပြီး အခမ်းအနားကြီးကြီးတွေ လုပ်ကိုင်ပေးဖူးပါတယ်၊ လင်မိန်းကလေးက အိမ်တော်ကအထူးဧည့်သည်တော်လေ၊ ဧည့်သည်တစ်ယောက်ကို ဒီလိုအခမ်းအနားကြီး ဘယ်လိုလုပ် ကိုယ်တိုင်ပြင်ဆင်ခိုင်းရမှာလဲ”

“ဘာဖြစ်လို့လဲ… ကျွန်မက လင်မိသားစုမှာ တစ်ဦးတည်းကျန်တဲ့သူ၊ တကယ်လို့ အရှင်ယန့်ဝမ်နဲ့ တွေ့သာမတွေ့ခဲ့ရင် ဘာကဘယ်လို မလုပ်နိုင်တာရှိဦးမှာလဲ”  ဒီအထိပြောပြီးရော … လင်ဝေ့ရှီးက ဘေးဘီကိုတစ်ချက်ကြည့်တယ်။ သူက ကောင်းရန်ကို မျက်နှာချင်းဆိုင်ဖြဲရဲပေမယ့် ကုဟွေးရန့်မျက်နှာကိုတော့ အိုးမည်းမသုတ်ရဲဘူး။ ရှင်းရှင်းပြောရရင် ဆုံးဖြတ်ပိုင်ခွင့်က ကုဟွေးရန့်လက်ထဲမှာပဲရှိတာကိုး..။ ကုဟွေးရန့်ရဲ့ ရေသေလိုမျက်နှာထားက လင်ဝေ့ရှီးကို မမြင်ရတဲ့ဖိအားတွေ ခံစားရစေတယ်၊ ဒါကြောင့် မျက်နှာချိုသွေးတဲ့စကားတွေ ခပ်မြန်မြန်လေးထပ်ထည့်လိုက်ရတာပေါ့ “ပြီးတော့ ကျွန်မက အရှင်ယန့်ဝမ်နဲ့ရေစက်ပါတာ၊ ယန့်ဝမ်အိမ်တော်နဲ့ရေစက်ပါတာ မဟုတ်ဘူး၊ ဝမ်းနည်းခြင်းအဝတ်အစားတွေချွတ်ဖို့ ယန့်ဝမ်အိမ်တော်ကို အကူအညီတောင်းရမှာမဟုတ်ဘူး၊ အရှင်…အရှင်ရော အဲ့လိုမထင်ဘူးလား”

“ဘာက မဟုတ်ရတာလဲ” ကုဟွေးရန့်က လင်ဝေ့ရှီးကို ဖော်ရွေတဲ့အကြည့်လေးပေးတယ်။ ဒါပေမယ့် ထွက်လာတဲ့စကားလုံးတွေကတော့ လုံးလုံးကွဲပြားတယ် “မင်းမျက်လုံးထဲ ငါနဲ့ယန့်ဝမ်အိမ်တော်ကြား ကွာခြားချက်ရှိလို့လား”

“ကွာတာပေါ့… ရှိတာပေါ့၊ ယန့်ဝမ်ဆိုတာက အရှင့်ကိုပြောတာ… ယန့်ဝမ်အိမ်တော်ဆိုတာက နန်းတွင်းကချီးမြှင့်ထားတဲ့အိမ်တစ်အိမ်၊ တကယ်လို့ အိမ်တော်ထဲကတခြားသူတွေ ကျွန်မကိုလာခိုင်းရင် ငြင်းပစ်လိုက်မှာပဲ၊ ဒါပေမယ့် ယန့်ဝမ်ဆိုတဲ့အရှင်သာဆိုရင်တော့ အရှင်ဘာခိုင်းခိုင်း ကျွန်မက အရိုးကျေကျေအရေခန်းခန်းလုပ်ပေးမှာ”

ကုဟွေးရန့်က အဆုံးသတ်မှာ ရယ်ပါတယ်။ ပြီးတော့ လင်ဝေ့ရှီးကို ညင်သာစွာကြည့်တယ် “မင်းပဲပြောတော့”

လင်ဝေ့ရှီးက ဒါကိုကြားပြီး မျှော်လင့်ချက်ရှိသေးမှန်း သိသွားတယ် “ဒါဆို ဒီကိစ္စကို ဒီလိုပဲဆုံးဖြတ်လိုက်တော့မယ်နော်”

“မင်းသဘောပါပဲ”

လင်ဝေ့ရှီးရဲ့အပြုံးပန်းတွေ ပွင့်လင်းဝေဆာသွားတော့တယ်။ အဆုံးမှာ သူက ကောင်းရန်ဘက်လှည့်ကြည့်ဖို့လည်း မမေ့ခဲ့ဘူး “ဧည့်သည်က အိမ်ရှင့်သဘောကို လိုက်လျောသင့်တာပါ၊ ဒါပေမယ့် ကြင်ယာတော်ကို ဒုက္ခမပေးတာပိုကောင်းပါတယ်၊ ကြင်ယာတော် လေ့လာသင်ယူစရာမလိုတော့ဘူးနော်၊ အရှင်က သဘောတူပြီးသွားပြီ၊ ကျွန်မဖာသာပဲ လုပ်လိုက်တော့မယ်”

ဒီအချိန်မှာတောင် သူ့ကိုဆွဲထည့်ဖို့ မမေ့ဘူး…။ ကုဟွေးရန့် ဒီမိန်းကလေးကို လက်မြှောက်ရတယ်။ အပန်းပြေစရာလည်းကောင်းသလို စဉ်းစားရလည်းကျပ်တယ်။ ဒီမိန်းကလေးရဲ့စိတ်သဏ္ဍာန်က သူ့နဲ့လုံးဝကွဲပြားခြားနားလွန်းတယ်။ ကုဟွေးရန့်က စစ်တပ်ရဲ့သွေးစွန်းနေတဲ့အမိန့်တွေ၊ နန်းတွင်းရဲ့ရှုပ်ထွေးမှုတွေကြားမှာပဲ ကျင်လည်ခဲ့ဖူးတယ်။ တစ်နေ့မှာတော့ ရုတ်တရက် မိန်းမငယ်လေးတစ်ယောက်က သူ့ကလေးတွေကိုအနိုင်ရဖို့ သူ့ကိုပါဆွဲထည့်တယ်။ ဒါက တပါးသူရဲ့မိုးလောက်ကြီးမားတဲ့ပေါက်ကွဲသံစဉ်တွေ သူ့ဆီကူးစက်ခံလိုက်ရသလိုမျိုးပဲ။ ခံစားချက်က ပါးပါးတိမ်တိမ်လေး… ဒါပေမယ့် ဆိုးရွားတယ်လည်းမဟုတ်ဘူး။

ကောင်းရန်နဲ့ကုချန်ယောက်က အတူထိုင်နေကြတာပါ။ ကောင်းရန်ဆီခဏခဏလှမ်းကြည့်တဲ့ လင်ဝေ့ရှီးရဲ့အကြည့်တွေကို ကုချန်ယောက်က အလိုလျောက်မြင်ပြီးသား။ သူငယ်ငယ်ကတည်းကရလာတဲ့ အတွေ့အကြုံတွေနဲ့သွန်သင်ဆုံးမမှုတွေက နူးညံ့သိမ်မွေ့တဲ့အမျိုးသမီးတွေကိုပဲ ကြိုက်နှစ်သက်သင့်တယ်လို့ ပြောဆိုနေတယ်။ သူကိုယ်တိုင်လည်း ဒီအတိုင်းပဲ နှစ်ပေါင်းများစွာတွေးခဲ့တယ်။ လင်ဝေ့ရှီးက သူမျှော်လင့်ထားတဲ့အမျိုးသမီးတစ်ယောက်ရဲ့စံနှုန်းတွေကနေ ဆန့်ကျင်ဘက်ပဲ။ ကုချန်ယောက် နဂိုတွေးခဲ့တာ ဒီမိန်းမကို သူစိတ်ကုန်နေလိမ့်မယ်ပေါ့။ ဒါပေမယ့် လင်ဝေ့ရှီးရဲ့ဗြောင်ကျကျရန်စတာကို တကယ်နဖူးတွေ့ဒူးတွေ့ ကြုံလိုက်တဲ့အချိန်မှာ စိတ်ဆိုးစိတ်ပျက်တာတွေလုံးဝမရှိဘူးလို့ သိရှိသွားတယ်။ အဲဒိအစား တည်ငြိမ်ပြီး လက်မှိုင်ချရတဲ့ခံစားချက်တစ်ခုပဲ ဝင်လာတယ်… ပြောရရင် ဘာမှမတတ်နိုင်ဘဲ အလိုလိုက်ပေးလိုက်ချင်သလိုမျိုးပေါ့…

ကုချန်ယောက်က သူ့ခေါင်းထဲကအတွေးတွေကို အမြန်ပြန်ရုတ်သိမ်းရင်း ကိုယ့်ကိုယ်ကို ဟားတိုက်မိတယ်။ ဘယ်လောက်တောင် ရူးနှမ်းတဲ့အတွေးလဲ… ကောင်းရန်ကသာ သူရှာဖွေခဲ့ရတဲ့ ဖူးစာဖက်အစစ်အမှန်… အခုက သူ့အဖေမျက်နှာထောက်ပြီး လင်ဝေ့ရှီးကိုအစွမ်းကုန်သည်းခံပေးနေရတာ… ဟုတ်တယ်…

အခန်းထဲမှာရှိတဲ့ အမျိုးသားသခင်နှစ်ယောက်က လင်ဝေ့ရှီးကို အလိုလိုက်ပေးချင်တဲ့စိတ်တွေပြသနေပါတယ်။ ကောင်းရန်က ဒေါသထွက်နေရတယ်။ လင်ဝေ့ရှီးဆိုတဲ့မိန်းမက တမင်သက်သက်လုပ်နေတာ… ကုချန်ယောက်ရဲ့အာရုံကိုဆွဲဆောင်ဖို့ တမင်သက်သက်နည်းလမ်းရှာနေတာ… ပြီးတော့ ကုချန်ယောက်ရှေ့ သနားကမားပုံဖမ်းနေသေးတယ်…။ ကောင်းရန်က အသည်းနာလောက်အောင် ဒေါသထွက်ရတယ်။ လင်ဝေ့ရှီးကိုမြန်မြန်မောင်းထုတ်ပစ်ရမယ်လို့ သူ့နှလုံးသားထဲ ပိုသေချာလာတယ်။ ယန့်ဝမ်အိမ်တော်မှာ သူဆိုတဲ့သခင်မတစ်ယောက်ပဲရှိရမယ်။ ကိုယ်လုပ်တော်တွေ အမြှောင်မယားတွေ လက်မခံနိုင်ဘူး…

လင်ဝေ့ရှီးရဲ့ဝမ်းနည်းခြင်းကာလပြီးမြောက်ခြင်းအခမ်းအနားက ဒီလိုပဲ ဆုံးဖြတ်ဖြစ်သွားတယ်။ သူကိုယ်တိုင်လုပ်ပစေလို့ ကုဟွေးရန့်ကပြောခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့လူအချို့ပို့ပေးခဲ့တယ်။ လင်ဝေ့ရှီးက အင်တင်တင်လုပ်ချင်သေးတယ်၊ ဒါပေမယ့် ကုဟွေးရန့်ပြောတာက “ဒီလူတွေက ငါကိုယ်တော်ရဲ့လူတွေ၊ ငါကိုယ်တော်အမိန့်ကိုပဲနာခံတယ်၊ ယန့်ဝမ်အိမ်တော်အကူအညီမလိုချင်ပေမယ့် ယန့်ဝမ်စကားကိုမပယ်ရှားဘူးလို့ မင်းပဲပြောတာလေ”

ဒါပါပဲ… လင်ဝေ့ရှီး လိမ်လိမ်မာမာလေး ပါးစပ်ပိတ်လိုက်ရပြီပေါ့။ 

ငါးလပိုင်းရဲ့တတိယမြောက်နေ့မှာ လင်ဝေ့ရှီးက အဖြူရောင်ဝမ်းနည်းခြင်းအဝတ်အစားတွေချွတ်ပြီး ခေါင်းပေါ်ကပန်းပွင့်ဖြူလေးကိုပါ ဖြုတ်ခဲ့တယ်။ သုံးနှစ်အချိန်ကာလ တရားဝင်ကုန်ဆုံးသွားပါပြီ။ ဒါပေမယ့်လည်း လင်ဝေ့ရှီးက လင်ယုံနဲ့နဂိုပိုင်ရှင်ရဲ့ကြင်နာမှုတွေကို အောက်မေ့တဲ့အနေနဲ့ အနီတောက်တောက်အဝတ်တွေရှောင်ပြီး ဖျော့တော့တဲ့အရောင်တွေကိုသာ ဝတ်ဆင်ဆဲဖြစ်ပါတယ်။ 

ရှို့ခန်းမင်းသမီးကြီးက လင်ဝေ့ရှီးရဲ့အခမ်းအနားကို အများကြီးအာရုံစိုက်ပေးခဲ့တယ်။ ဒီလိုနဲ့ပဲ… နဂါးလှေပွဲတော်ကျင်းပတော့မယ့်အချိန် ရောက်လာတယ်။ ဧကရာဇ်နဲ့မယ်တော်ကြီးက မင်းမျိုးမင်းနွယ်တွေ မှူးမတ်ဗိုလ်ပါတွေခြံရံပြီး လှေပြိုင်ပွဲကိုရှုစားဖို့ ရှီးယွမ်ကို ကြွချီကြလိမ့်မယ်။ မင်းသမီးကြီးက အဝတ်အစားအသစ်တွေ လက်ဝတ်ရတနာအသစ်တွေကို အစောကြီးကတည်းက လင်ဝေ့ရှီးဆီပို့ထားပြီးသား။ သူက လင်ဝေ့ရှီးကိုဆင်ယင်ပေးပြီး မြို့တော်ကအမျိုးသမီးတွေ ကတော်တွေကြားထဲမှာ ပွဲထုတ်ပေးဖို့အသင့်ဖြစ်နေပြီ။

လင်ဝေ့ရှီးက ဘရိုကိတ်တွေ ပိုးထည်တွေကြည့်ရင်း သက်ပြင်းချပါတယ်။ ဒါပေမယ့် သူ့အဘွားကိုစိတ်မပျက်စေချင်တော့ အဘွားဆန္ဒအတိုင်းလိုက်နာပြီး အဝတ်အစားတွေကို လှလှပပဝတ်ဆင်လိုက်ရတော့တယ်။ 

ဒီအချိန်မှာ ရှို့ခန်းမင်းသမီးကြီးက သူ့အတွက် အားကိုးစရာခင်ပွန်းတစ်ယောက်ရှာနေလိမ့်မယ်လို့ လင်ဝေ့ရှီးဘယ်လိုတွေးမိမှာလဲ။

………….