(19) မိသားစု
Viewers 17k

(19) မိသားစု

(၅)လပိုင်းရဲ့ဆယ့်ငါးရက်မြောက်နေ့မှာ ယန့်ဝမ်အိမ်တော်ကအစေခံတွေအားလုံး အာရုဏ်တက်ကတည်းက လှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။ ဒီနေ့က ရှီးယွမ်မှာ ဧကရာဇ်ကိုယ်တော်တိုင် နဂါးလှေပြိုင်ပွဲကျင်းပမယ့်နေ့ဖြစ်ပြီး အဖော်ပြုသူစာရင်းရဲ့ထိပ်ဆုံးမှာ ယန့်ဝမ်အိမ်တော်ပါဝင်တယ်။ ဒိနောက်မှာ နန်းတော်ထဲ စားသောက်ပွဲအခမ်းအနားနဲ့ ကုသိုလ်ပြုပွဲအခမ်းအနားတွေ တသီတသန်းအရှည်ကြီးပါလိမ့်ဦးမယ်။ ဒါကြောင့် ယန့်ဝမ်အိမ်တော်က အစောဆုံးရောက်သင့်တယ်လို့ပြောရင် မမှားပါဘူး။

တစ်နေကုန် မနားမနေအလုပ်လုပ်ရမှာကြောင့် အိမ်တော်ကအစေခံတွေက အစောကြီးကတည်းက နိုးကြားနေကြပြီ။ လိုက်ကာတွေ နေကာတွေနဲ့ အခြားအရာတွေကို မနေ့ကတည်းက စီစဉ်ခဲ့ပြီးသား။ ဒီမနက်မှာတော့ အတွင်းခြံဝင်းဂိတ်ပေါက်ဝမှာ အမျိုးသမီးထုအတွက် မြင်းလှည်းတွေအသင့်ဖြစ်နေပါပြီ။ ဒီနေ့ခေတ်မှာ မြို့တော်ကအဆင့်မြင့်မှူးကြီးမတ်ရာတွေ တော်ဝင်မျိုးနွယ်တွေအကုန်လုံး ဟန်နဲ့ပန်နဲ့ ဝေါယာဉ်စီးပြီးခရီးသွားကြတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာစစ်တပ်ထဲနေခဲ့ပြီး သံမဏိစည်းကမ်းတွေချမှတ်ခဲ့တဲ့ယန့်ဝမ်က ဝေါယာဉ်ဘယ်မှာစီးလိမ့်မှာလဲ။ ကုဟွေးရန့်သာမကဘူး၊ မြို့တော်မှာမွေးဖွားကြီးပြင်းခဲ့တဲ့ကုချန်ယောက်တောင် ဘယ်လောက်ခရီးဝေးသွားသွား ဟိတ်ကြီးဟန်ကြီးထုတ်ပြီး စီးခွင့်မရှိဘူး။

ကုမင်တက ယန့်ဝမ်ရဲ့စီးတော်မြင်းကျောက်ရွှယ်ကိုထိန်းထားပြီး ချွေ့ဟွားဂိတ်ပေါက်မှာ ကျောက်တိုင်ကြီးလိုရပ်နေတယ်။ ကျောက်ရွှယ်က တဟီဟီနှာမှုတ်နေတယ်။ ကုဟွေးရန့်က နဂါးတစ်ကောင်ကတဲ့နန်းတွင်းဝတ်စုံကိုဝတ်ထားပြီး အဆင့်တစ်ချင်းဝမ်ကျောက်စိမ်းခါးပတ်ကို ခါးမှာပတ်ထားတယ်။ သူက လက်နှစ်ဖက်ကိုရှေ့မှာချိတ်ထားပြီး မတ်တပ်ရပ်နေတယ်။ ကုချန်ယောက်ကလည်း မင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့အဝတ်အစားတွေ လဲလှယ်ဝတ်ဆင်ထားတယ်။ ဒါပေမယ့် အရာအားလုံးမှာ ကုဟွေးရန့်အောက်တစ်ဆင့်နိမ့်နေမှန်းသိသာပါတယ်။ ဒါက သားအဖနှစ်ယောက် အရောင်ချင်းတူရင်တောင် ပန်းထိုးလက်ရာတွေ လျော့ထားလို့လည်းဖြစ်နိုင်တယ်။ ကုချန်ယောက်က ချင်းဝမ်ဆက်ခံသူတစ်ယောက်ရဲ့အဝတ်တွေဝတ်ထားပြီး ဘယ်လိုကြည့်ကြည့် ကျက်သရေရှိတဲ့တော်ဝင်လုလင်ပျိုလေးဖြစ်ပေမယ့် ကုဟွေးရန့်ဘေးမှာရပ်လိုက်တာနဲ့ ချက်ချင်းကိုသိမ်ငယ်သွားပြီး အရှိန်အဝါတွေလျော့ကျသွားတယ်။

ချွေ့ဟွားဂိတ်ကိုဖြတ်သွားတဲ့လူတွေက မတ်တပ်ရပ်နေတဲ့ယန့်ဝမ်ကိုအရင်မြင်လိမ့်မယ်။ ပြီးတော့ နောက်ထပ်ဘယ်သူကိုမှ ထပ်မမြင်တော့ဘူး။ ဘာလို့လဲဆို အသက်ရှူအောင့်ပြီး ခေါင်းတွေကိုငုံ့ထားကာ နောက်ထပ် ပြန်မော့မကြည့်ရဲကြတော့လေ။

ကုဟွေးရန့်က ချွေ့ဟွားဂိတ်အပြင်ဘက်မှာစောင့်နေတယ်။ သူ့နောက်က မြင်းလှည်းတွေက ထွက်ခွာဖို့အဆင်သင့်ပဲ။ သာမန်ဆိုရင်တော့ ကုဟွေးရန့်က အမိန့်စပေးတဲ့အချိန်ကနေ စစ်တပ်တစ်ခုလုံးထွက်ခွာချိန်ထိ လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်စာထက်ကျော်အောင် စောင့်မှာမဟုတ်ဘူး။ သူက စစ်တပ်ကိုအလွန်တရာတင်းတင်းကျပ်ကျပ်အုပ်ချုပ်ပြီး ဘယ်သူမှဖောက်ဖျက်ခွင့်မရှိဘူး။ ကုဟွေးရန့်ကိုစောင့်ခိုင်းရဲတဲ့လက်အောက်ငယ်သားလည်း မရှိဘူး။ ဒါပေမယ့် မြို့တော်ကြီးက သူ့ရဲ့စစ်တပ်နဲ့ကွာခြားပါတယ်။ နောက်ပြီး သူစောင့်နေတဲ့လူကလည်း အမိန့်ကိုမြေဝယ်မကျလိုက်နာရတဲ့ စစ်သည်တော်တွေမဟုတ်ဘူး။

ယောင်္ကျားတွေနဲ့မြင်းတွေအကုန်လုံး မတ်တပ်ရပ်နေတယ်။ တိတ်ဆိတ်ငြိမ်သက်နေတာပဲ။ ဒီအချိန်မှာ ဘယ်သူထအော်လဲမသိဘူး၊ ရေကန်ရဲ့အလယ်ကိုကျောက်တုံးတစ်တုံးပစ်ချလိုက်သလို တိတ်ဆိတ်ပြီးခမ်းနားတဲ့လျှောက်လမ်းက ချက်ချင်းကိုလှုပ်လှုပ်ရှားရှားဖြစ်လာတယ် “လင်မိန်းကလေးလာပြီ”

လင်ဝေ့ရှီးက ဝမ်ရှင်းနဲ့ဝမ်ယွဲ့တို့ခြံရံပြီး အတွင်းခြံဝင်းဂိတ်တံခါးနားရောက်လာတယ်။ သူက အပြင်ဘက်က မြင်ကွင်းကိုမြင်ပြီး အံ့သြသွားလို့ ခပ်သွက်သွက်လျှောက်လိုက်ရတယ် “အရှင်… ရောက်နေပြီလား၊ အရှင်ရောက်နေပြီဆိုရင် ဘာလို့လူလွှတ်မခေါ်ခိုင်းတာလဲ၊ အခုတော့ ကျွန်မနောက်ကျလို့ အရှင်စောင့်နေရပြီ”

လင်ဝေ့ရှီးက မနက်ခင်းနေရောင်အလင်းတန်းတွေကို ဖြတ်ပြီးလျှောက်လာတယ်။ ပြဒါးနီရောင်တိုင်လုံးတွေနဲ့ အဖြူရောင်အလင်းတန်းတွေက သူ့ကိုနောက်ခံပြုပေးနေကြတယ်။ ဒီမြင်ကွင်းကို ကုဟွေးရန့်ဒုတိယအကြိမ်ကြည့်မိတယ်။ ဒီနေ့မှာ လင်ဝေ့ရှီးက အဖြူရောင်ပိုးထည်အင်္ကျီနဲ့ အနီရောင်အထပ်ထပ်ခေါက်တွန့်ဂါဝန်ကို ဝတ်ထားတယ်။ ဒူးခေါက်ကွေးပိုင်းနားမှာ ငွေချည်ထိုးပန်းပွင့်အကြီးကြီးတွေရှိတယ်။ ခေါင်းပေါ်မှာတော့ ကျောက်သေးသေးလေးတွေမြှပ်ထားတဲ့ ရိုးရိုးရှင်းရှင်းဆံထိုးတစ်ခုပဲထိုးထားတယ်။ ဆံထိုးလေးက သူလမ်းလျှောက်လာနေတုန်း ကွက်ကျားကွက်ကျားနေရောင်အောက်မှာ တဖြတ်ဖြတ်လက်နေတယ်။ သူ့မျက်နှာလေးက ပိုပြီးလှပလာလိုက်တာ တကယ့်လူသားအစစ်နဲ့တောင်မတူဘူး။ သူက ဝမ်းနည်းခြင်းကာလတွင်း အရောင်မွဲမွဲအဝတ်အစားတွေ ဝတ်ဆင်နေရချိန်မှာတောင် အံ့သြမှင်သက်ရလောက်အောင်လှပပြီးနေပြီ။ အခုတော့ ခမ်းနားထည်ဝါတဲ့ဝတ်စုံကို ဆင်မြန်းလိုက်ချိန် လူတစ်ကိုယ်လုံးက နတ်သမီးလေးတစ်ပါးဖြစ်သွားခဲ့ပါတယ်။

ဘယ်သူပဲဖြတ်သွားပါစေ… အကြိမ်ကြိမ်အခါခါ လှည့်ကြည့်မိကြမှာပဲ။ လူတွေက အလှတရားအပေါ်မှာ သူတို့ကိုယ်ပိုင်အတွေးအမြင်တွေရှိတယ်၊ ဒါပေမယ့် လင်ဝေ့ရှီးက အလှဆုံးပန်းကလေးပွင့်လန်းဖြာနေသလိုပဲ သူတို့တွေပါးစပ်ကထုတ်မပြောရင်တောင် အမှန်တရားကိုမျက်ဝန်းတွေထဲမှာရှာဖွေနိုင်တယ်။ တစ်ချို့အလှတွေက လက်ဖက်ရွက်လေးတွေလိုပဲ ပျော့ပြောင်းပေမယ့် နူးညံ့လွန်းတယ်။ တစ်ချို့အလှတွေကတော့ ထပ်တရာပန်းတွေလိုပဲ ခမ်းနားလှပပေမယ့် အသုံးမဝင်ဘူး။ လင်ဝေ့ရှီးကတော့ လက်ရာအမြောက်ဆုံးသွေးထားတဲ့ ပတ္တမြားတစ်တုံးလိုပါပဲ။ မင်း သူ့ကိုမကြိုက်လို့ရပေမယ့် ကြည့်မကောင်းဘူးလို့ပြောလို့မရပါဘူး။

လင်ဝေ့ရှီးကိုယ်ထင်ပြလာကတည်းက အားလုံးရဲ့မျက်ဝန်းတွေ သူ့အပေါ်ရောက်နှင့်နေပြီးသားပါ။ သူလမ်းလျှောက်တဲ့နေရာတိုင်းကို မျက်ဝန်းတွေလည်း တိတ်တဆိတ်လိုက်ရွေ့လို့နေတယ်။ ဒါက သူ ကုဟွေးရန့်ရှေ့ မတ်တပ်ရပ်လိုက်မှပဲ အားလုံးက သူတို့မဟုတ်သလို အဝေးကိုကြည့်လိုက်ကြတော့တာ။ 

ကုဟွေးရန့်ကိုယ်တိုင်လည်း တိတ်တဆိတ်ချီးကျူးပါတယ်။ လင်ဝေ့ရှီးလှပမှန်း သူအရင်ကတည်းကသိတယ်၊ ဒါပေမယ့် ဒီမျက်နှာတစ်ခုကိုနေ့တိုင်းမြင်ပါများတော့ ကျင့်သားရပြီး အထူးတလည်သိပ်မခံစားရဘူး။ နောက်ပြီး သူက လင်ဝေ့ရှီးရဲ့အလှထက် လင်ဝေ့ရှီးရဲ့ခပ်စွာစွာစရိုက်ကို ပိုပြီးအလေးပေးအာရုံစိုက်တာ။ ဒီခဏမှာ လင်ဝေ့ရှီးရဲ့ပုံစံက လက်ရာမြောက်ထုဆစ်ထားတဲ့ပန်းပုရုပ်လေးလိုပဲ၊ တိမ်းမူးတပ်မက်သွားစေနိုင်လောက်တဲ့ စွမ်းပကားတွေရှိတယ်။ ဒါပေမယ့် အဲဒိအလှအပပေါ်မှာ ကုဟွေးရန့်က စိတ်ထဲတစ်ချက်အသိအမှတ်ပြုလိုက်ရုံပဲ၊ ဒါပဲပြီးပြီ… နောက်ဆက်တွဲဘာမှမလာတော့ဘူး။ အမျိုးသမီးတွေမှာ အရွယ်အမျိုးအမျိုး၊ အချိုးအစားအမျိုးမျိုးနဲ့ ကိုယ်ပိုင်အလှအပတွေရှိကြတာပဲ။ သူက ကြီးမားပြင်းထန်တဲ့လေမုန်တိုင်းတွေကြားမှာ အတွေ့အကြုံမျိုးစုံခဲ့ပြီးသား။ လင်ဝေ့ရှီးက အလွန်တရာလှပတယ်ဆိုရင်တောင် ပထမတစ်ကြိမ်အံ့သြမှင်သက်မိတာကလွဲပြီး နောက်တစ်ကြိမ်ကုဟွေးရန့်ရဲ့စိတ်ကိုကိုင်လှုပ်နိုင်ဖို့ ခက်ခဲပါတယ်။ 

ကုဟွေးရန့်က ဘာမှမပြောဘူး၊ နောက်ဘက်ကလှည်းပေါ်တက်ဖို့ လက်ပြလိုက်တယ် “ကိစ္စမရှိဘူး လှည်းပေါ်တက်”

လင်ဝေ့ရှီးက ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး၊ အရိုးခံအရင်းမှန်နဲ့တောင်းပန်နေတယ် “အရှင့်ကိုစောင့်စေလို့ ရိုင်းပြမိပါတယ်၊ အရှင်အကြာကြီးစောင့်လိုက်ရလား၊ လူလွှတ်ခေါ်ခိုင်းလို့ရပါတယ်၊ ကျွန်မက အပြင်မှာ အသင့်မဖြစ်သေးဘူးထင်လို့…”

“ရတယ်” ဘယ်တုန်းကမှအပြစ်မဆိုဘူးတဲ့ ကုဟွေးရန့်လိုလူကိုအသာထားဦး၊ လင်ဝေ့ရှီးရဲ့အပြစ်ရှိပုံပေါက်တဲ့ မျက်ဝန်းလှလှလေးကိုမြင်ပြီး ဘယ်သူကများ ဒေါသထွက်နိုင်မှာလဲ။ သူက လင်ဝေ့ရှီးမသွားနိုင်တာမြင်တော့ အသာပြုံးပြပြီး ဆက်ပြောတယ် “စိတ်ပူစရာမလိုဘူး၊ စောင့်ရမှာက သူတို့တာဝန်၊ လှည်းပေါ်အရင်တက်”

လင်ဝေ့ရှီးက နဂိုကအရှက်ကွဲချင်ချင်ဖြစ်နေတာ၊ ဒါပေမယ့် ဒီစကားကိုကြားပြီး မပြုံးရမနေနိုင်အောင်ဖြစ်သွားတယ်။ သူ့အပြုံးလေးက နေရောင်အောက်မှာ တလက်လက်အလင်းဖြာနေတဲ့ ကျောက်လေးတစ်လုံးလိုပဲ တွေ့မြင်ရသူတွေကိုမူးမေ့စေတယ်။

ကုဟွေးရန့်ရဲ့ ဒီစကားကိုကြားပြီးမှ လင်ဝေ့ရှီး အတော်လေးနေသာထိုင်သာရှိသွားတာ။ လင်ဝေ့ရှီးက နောက်ကိုအနည်းငယ်ဆုတ်ပြီး နောက်ဘက်က ကုချန်ယောက်နဲ့ကုမင်တကို အရိုသေပေးလိုက်တယ်။ သူတို့ကိုနှုတ်ဆက်ပြီး အစေခံတွေကိုဦးဆောင်ရင်း မြင်းလှည်းထဲဝင်သွားပါတယ်။

ကုချန်ယောက်တစ်ယောက် စိတ်မရှည်လက်မရှည်ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် လင်ဝေ့ရှီးအိမ်ထဲကထွက်လာမြင်မှ မရှည်နိုင်တဲ့သူ့စိတ်ကလေးလည်း အစအနမရှိအောင်ပျောက်သွားတော့တာ။ နောက်တော့ လင်ဝေ့ရှီးက ယန့်ဝမ်နားလျှောက်လာတယ်။ ဒါကိုမြင်ပြန်တော့ ကုချန်ယောက်ထူးထူးဆန်းဆန်းခံစားရပြန်တယ်။ လင်ဝေ့ရှီးက သူ့အဖေနဲ့စကားပြောပြီးမှ နောက်ဘက်ကိုလှည့်ကြည့်တယ်။ ပြီးတော့ ကတိုက်ကရိုက်နှုတ်ဆက်သွားပြီး လှည့်ထွက်သွားတော့တာပဲ။ ကုချန်ယောက်နှလုံးသားထဲ မျက်ခနဲစူးသွားပြန်တာပေါ့။ ဒီလောက်လူတွေအများကြီးစောင့်နေပါရက်… လင်ဝေ့ရှီးက အဖေတစ်ယောက်တည်း မြင်သတဲ့လား…

လင်ဝေ့ရှီးလှည်းပေါ်တက်လာတော့ ကြိုတင်ရောက်နှင့်ပြီဖြစ်တဲ့ကောင်းရန်ကိုမြင်တယ်။ ကောင်းရန်က အပြုံးလေးနဲ့ဆီးကြိုတယ် “လင်မိန်းကလေး အခုမှလာတာလား၊ ပြင်ဖို့ဆင်ဖို့ အချိန်တော်တော်ကုန်သွားတယ်ထင်တယ်”

လင်ဝေ့ရှီးက ကောင်းရန်ကို အာရုံမပေးချင်ဘူး၊ သူက တမင်သက်သက်အချိန်လှီးလွှဲပြောထားပြီးမှ စိတ်ပူပေးသလို အကြံပေးသလိုလာလုပ်နေတာလေ။ ဒီမိန်းမက ချောက်ချဖို့ဆို အကွက်မြင်ပြီးသားပဲ။ လင်ဝေ့ရှီးက ခပ်တိုးတိုးရယ်လိုက်ပြီးမှ ဂါဝန်ကိုအသာမပြီး ထိုင်လိုက်တယ်။ ပြီးတော့ ဂါဝန်က အထပ်အထပ်တွေကို ညီညီညာညာလေးဖြစ်အောင် စီရီနေပါတယ် “ကြင်ယာတော်က တကယ့်ကိုဝီရိယရှိတာပဲ၊ အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် အစောကြီးကြိုရောက်လာနိုင်တယ်၊ ချီးကျူးပါတယ်”

ကောင်းရန်က ရယ်ပြီးပြောတယ် “လင်မိန်းကလေးက အားနာနေပြန်ပြီ၊ ကျွန်မတို့အဖေက စောင့်ရတာကိုအမုန်းဆုံးပဲလေ၊ အဲဒါကြောင့် နောက်ပိုင်းကျရင် လင်မိန်းကလေးလည်း စောစောရောက်အောင်လာရမယ်နော်”

လင်ဝေ့ရှီးက နှုတ်ခမ်းတွန့်ရုံတွန့်လိုက်တယ်။ သူက အာရုံမပေးချင်လောက်အောင်အပျင်းတက်နေတယ်။ မြင်းလှည်းကတစ်ချက်ခါယမ်းသွားပြီး ရှေ့ကိုယိမ်းသွားကြတုန်း ဘယ်သူကမှ စကားမပြောမိကြဘူး။ ကောင်းရန်ကတော့ လင်ဝေ့ရှီးရဲ့သိက္ခာတွေကို လူတွေအားလုံးရှေ့မှာချလိုက်နိုင်လို့ တိတ်တိတ်လေးဂုဏ်ယူနေတယ်။ ဒါပေမယ့် သူ မသိလိုက်တာက သူ့လုပ်ရပ်ကြောင့်ပဲ လင်ဝေ့ရှီးက အများရှေ့မှာ ခမ်းခမ်းနားနားထွက်လာခွင့်ရတာကိုပါ။

အလှတရားရဲ့ရှေ့မှောက်မှာ အကြောင်းပြချက်မလိုပါဘူး။ လောကကြီးရဲ့နိယာမပါပဲ။

ယန့်ဝမ်အိမ်တော်ရဲ့မြင်းလှည်းက အိမ်တော်တွင်းကထွက်လာတယ်။ လမ်းတစ်လျှောက်လုံးမှာ မင်းမှုထမ်းတွေပဲဖြစ်ဖြစ် လမ်းသွားလမ်းလာတွေပဲဖြစ်ဖြစ် အကုန်လမ်းဖယ်ပေးကြတယ်။ နန်းတော်ကြီးရဲ့ဂိတ်တံခါးဝမှာတော့ အဝါရောင်ဝတ်စုံဝတ်ထားတဲ့မိန်းမစိုးတစ်ယောက်က တံခါးဝနားမှာစောင့်နေတယ်။ လင်ဝေ့ရှီးရဲ့မြင်းလှည်းတောင်မှ အကောင်းဆုံးကြိုဆိုခံရတယ်။

ကောင်းရန်က အရင်ထွက်ပြီး လင်ဝေ့ရှီးကနောက်ကလိုက်လာတယ်။ လမ်းပြတဲ့မိန်းမစိုးက လင်ဝေ့ရှီးကိုမြင်တော့ အံ့သြမှုနဲ့တစ်ချက်လှမ်းကြည့်ပေမယ့် ခေါင်းပြန်ငုံ့သွားတယ်။ ပုံမှန် ရိုသေကျိုးနွံတဲ့ပုံစံပြန်ဖြစ်သွားတယ် “ဆက်ခံသူကြင်ယာတော်ကို ဂါရဝပြုပါတယ်၊ မိန်းကလေးကို ဂါရဝပြုပါတယ်၊ အသင်တို့နှစ်ယောက် ကျွန်တော်မျိုးကြီးနောက်က လိုက်ခဲ့ကြပါ”

ရှီးယွမ်က တားမြစ်နန်းတော်ရဲ့အနောက်ဘက် ကပ်ရပ်မှာတည်ရှိပါတယ်။ ရေတွေပတ်လည်ဝန်းရံထားတဲ့ဒီနေရာကို တော်ဝင်မိသားစုရဲ့ရေကစားဥယျာဉ်လို့ သတ်မှတ်ထားကြတယ်။ ဒီနေ့ရဲ့နဂါးလှေပြိုင်ပွဲကို ရှီးယွမ်မှာကျင်းပမှာဖြစ်ပြီး ယန့်ဝမ်အိမ်တော်ရဲ့မိသားစုဝင်တွေရောက်လာချင်းမှာ လူတွေရဲ့အာရုံကိုကောင်းကောင်းကြီးဆွဲယူသွားတော့တယ်။ အစောကတည်းက ရောက်နေနှင့်တဲ့ ရှို့ခန်းမင်းသမီးကြီးက ကြေငြာချက်ကိုကြားပြီး ချက်ချင်းကိုအသံလာရာလှည့်ကြည့်လိုက်ပါတယ်။

ယန့်ဝမ်အိမ်တော်ရဲ့ဆက်ခံသူကြင်ယာတော်အဖြစ် ကောင်းရန်က ရောက်ရောက်ချင်းမှာပဲ ပရိသတ်အများအပြားဝိုင်းအုံခံလိုက်ရတယ်။ … ဒီအသစ်ဝင်လာတဲ့ကြင်ယာတော်က အိမ်တော်ကိုဝင်ဝင်ချင်းမှာပဲ ဆက်ခံသူနှစ်နှစ်ကာကာချစ်တာခံရတယ်။ ဒါတင်ဘယ်ကလိမ့်ဦးမလဲ… ကြင်ယာတော်က ကိုယ်လုပ်တော်သမီးဖြစ်ပေမယ့် ဆက်ခံသူကြင်ယာတော်ဖြစ်လာပြီး ကြီးလေးတဲ့တာဝန်ကြီးကိုထမ်းဆောင်နေရတယ်။ နယ်စားအိမ်တော်နဲ့ယန့်ဝမ်အိမ်တော်လို ထောက်တိုင်ကြီးနှစ်ခုလည်းရှိတာကြောင့် ဒီကြင်ယာတော်ရဲ့အဆင့်အတန်းက မိုးထိမြင့်မားလွန်းလေတယ်…။ အရင်လျစ်လျူရှုခဲ့ဖူးတဲ့ အမျိုးသမီးတွေအားလုံး အတိတ်ကိုခဝါချပြီး ကောင်းရန်ကို အလုအယက်နှုတ်ဆက်နေရပြီ။ ကောင်းရန်ကတော့ အထက်တန်းလွှာဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ရဲ့အပြုအမူအတိုင်း ေဣန္ဒြရရအပြုံးလေးနဲ့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်နှုတ်ဆက်နေပါတယ်။

အမျိုးသမီးတွေက အလုအယက်သူ့ထက်ငါ ကောင်းရန်ကိုချဉ်းကပ်နေကြတယ်။ လင်ဝေ့ရှီးက လူတွေနဲ့တအားကြီးနီးကပ်မနေလိုဘူး၊ ဒါကြောင့် နောက်ပြန်ဆုတ်ပြီး လူအုပ်နဲ့ဝေးရာထွက်လာတုန်း အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရတယ် “ယင်းကော်နယ်စားအိမ်တော်ရောက်ပါပြီ”

လင်ဝေ့ရှီးဘေးနားကလောကကြီး တခဏအတွင်း ဗလာဟင်းလင်းဖြစ်သွားသလိုပဲ။ နေရာမှာ ခဏကြာအောင်ရပ်နေခဲ့ပြီးမှ အသံတွေနားထဲ တဖြည်းဖြည်းပြန်ဝင်လာတယ်။ သူခေါင်းလှည့်ကြည့်တော့ တဖြတ်ဖြတ်လက်နေတဲ့လှပတဲ့ဝတ်စုံတွေနဲ့ လက်ဝတ်ရတနာတွေရဲ့တချွင်ချွင်မြည်သံတွေကိုမြင်ရတယ်။ နယ်စားအိမ်တော်ကလူတွေက သခင်မတွေ၊ အမျိုးသမီးငယ်လေးတွေနဲ့ အချင်းချင်းလက်ကိုဆုပ်ကိုင်ပြီး သာကြောင်းမာကြောင်းဆိုနေကြတယ်။ နယ်စားအိမ်တော်ကအစေခံတစ်ယောက်က ကောင်းရန်ကိုမြင်ပြီးပြုံးပြနှုတ်ဆက်တယ် “ကြင်ယာတော်ရောက်ပါပြီလား”

“အဘွားရောက်လာပြီ” ကောင်းမိသားစုကလူတွေအကုန်လုံး ကောင်းရန်ကိုပြုံးပြနှုတ်ဆက်ကြတယ်။ နယ်စားအိမ်တော်သခင်မကြီးက ကောင်းရန်ရဲ့လက်ကိုဆွဲပြီး ဘေးနားကလူတွေကို တစ်စုံတစ်ခုပြောနေတယ်။ ကောင်းရန်ရဲ့ပြန်ဖြေသံကြောင့် သခင်မကြီးရယ်မောလိုက်တာ မျက်ဝန်းထောင့်ကအရေးအကြောင်းတွေတောင် ထင်းထင်းပေါ်လာတယ်။ မေတ္တာဂရုဏာကြီးမားတဲ့အဘွားရယ်၊ လိမ္မာယဉ်ကျေးတဲ့မြေးတွေရယ်… ဒီလိုပျော်ရွှင်ဖွယ်ရာကောင်းတဲ့မိသားစုပုံရိပ်ကို ဘယ်သူကများ အားမကျဘဲနေမှာလဲ။

လင်ဝေ့ရှီးတောင်မှ ဒီမြင်ကွင်းကိုပြုံးမိတယ်။ သားသမီးလိမ္မာ(၂၄)ဖြာမင်္ဂလာရဲ့ ချစ်စရာကောင်းတဲ့မြင်ကွင်းလေးလေ…။ ကောင်းရန်ကလက်ထပ်ပြီးသား၊ သူ့မောင်က နယ်စားအိမ်တော်ဆက်ခံသူရဲ့တစ်ဦးတည်းသောသား၊ သားသမီးတွေက အလားအလာကောင်းတဲ့ရှေ့ရေးတွေရှိတယ်။ ဟန်အမျိုးသမီးကတော့ နယ်စားအိမ်တော်မှာ မော်ကြွားနေမှာပဲ။ ကြားရတာကတော့ ဆက်ခံသူရဲ့ခြံဝင်းကို စီမံခန့်ခွဲနေပြီဆိုလား…။ အိမ်မကြီးမှာ တရားဝင်ဇနီးသည်မရှိဘူး၊ ပြီးတော့ ယောင်္ကျားကလည်း သူ့သားကိုဆက်ခံသူသတ်မှတ်ထားတယ်။ အခု ဟန်အမျိုးသမီးက ကိုယ်လုပ်တော်နာမည်ခံယူထားပေမယ့် အိမ်တော်ရဲ့ဇနီးသည်နဲ့ ကွာခြားမှုမရှိတော့ပါဘူး။

အခုတော့ ဝေ့အမျိုးသမီးနဲ့ကောင်းရှီးကို ဘယ်သူတွေအမှတ်ရကြတော့မှာလဲ၊ ဝေ့အမျိုးသမီးက မင်းမျိုးမင်းနွယ်ဖြစ်ပေမယ့် ရှို့ခန်းမင်းသမီးကြီးအိမ်တော်က အကျဘက်ကိုရောက်နေခဲ့ပြီလေ။

ဒါတွေကို ဟိုးအရင်ကတည်းကသိပြီးသားပါ၊ ဒါပေမယ့် သူကတော့ ဒီခဏမှာ ဝမ်းနည်းနေမိတယ်။ နောက်ဘက်မှာက ရင်းနှီးနေကျအသံတွေ စကားပြောနေတာတွေ ရယ်မောနေတာတွေ… လင်ဝေ့ရှီး လှည့်မကြည့်ဘဲထွက်လာခဲ့တယ်။

ချွေးမတွေ မြေးတွေပတ်လည်ဝိုင်းနေတဲ့ နယ်စားအိမ်တော်သခင်မကြီးက အတော်ဆုံးမြေးဖြစ်သူရဲ့လက်ကို ကိုင်ထားဆဲပဲ။ သူ့ကိုအိုဇာတာကောင်းတဲ့လူလို့ပြောရင် တရားနည်းလမ်းကျတယ်။ ဒါပေမယ့် ဒီခဏမှာ သူ့နှလုံးရုတ်တရက်ခုန်သွားတယ်။ သူက လှမ်းကြည့်တော့ ငွေချည်ထိုးအနီရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက် လျှောက်ထွက်သွားတာကိုမြင်တယ်။ သေးငယ်ပေမယ့်ထင်ရှားပေါ်လွင်တဲ့ကျောကုန်းတစ်စုံက ဘာရယ်မသိ သေချာတဲ့ခံစားချက်တစ်ခုကိုဖြစ်ပေါ်စေတယ်။ နယ်စားအိမ်တော်သခင်မကြီးရဲ့ရင်အစုံက ပြောမပြတတ်လောက်အောင် နိမ့်ချည်မြင့်ချည်ဖြစ်နေရတယ်။ အရေးပါတဲ့တစ်စုံတစ်ခု သူ့ဆီကထွက်ခွာသွားသလိုမျိုး… သူဂုဏ်ယူရတဲ့မိသားစု၊ သားသမီးမြေးမြစ်တွေ၊ စည်းစိမ်ချမ်းသာတွေ နောက်ပြီး တောက်ပတဲ့အနာဂတ်… ဒါတွေက ဒီခဏမှာ ကြေးမုံပြင်ထဲကပန်းပွင့်တွေလို၊ ရေကန်ထဲကလမင်းကြီးလို… ထိကိုင်လို့မရတဲ့ တံလျှပ်တွေလို ဖြစ်သွားခဲ့တယ်။

“အဘွား”

သတိပြန်ကပ်လာတဲ့သခင်မကြီးက သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ကောင်းရန်ကိုမြင်တယ်။ သူကပြုံးပြီး အသက်ကြီးလို့မဲမဲမြင်ရာလျှောက်ပူပန်နေတဲ့ သူ့ကိုယ်သူလှောင်ရယ်မိတယ်။ ဘာတွေများ စိုးရိမ်စရာရှိလို့လဲ… သူ့မြေးက ယန့်ဝမ်အိမ်တော်ရောက်သွားပြီ၊ ယန့်ဝမ်ဆက်ခံသူရဲ့အချစ်တွေကိုလည်းရတယ်။ သူ့ရဲ့တန်ဖိုးရှိလှတဲ့သားကလည်း တစ်နေ့တစ်ခြား အိမ်ကိုဂရုစိုက်လာလို့ ကိုယ်လုပ်တော်မ ဟန်အမျိုးသမီးကိုလည်း မျက်စိမှိတ်ပေးထားလို့ရပြီ။ အကုန်လုံးက ကောင်းတဲ့ဘက်ကိုချည်းဦးတည်နေတာ။ နယ်စားအိမ်တော်ကြီးက အပြင်ဘက်မှာတောင့်တင်းပြီး အတွင်းဘက်မှာစည်းလုံးနေတယ်။ တောက်ပတဲ့အနာဂတ်ကို မျက်စိမှတ်ထားရင်တောင် မြင်တွေ့နိုင်တယ်။ ဟုတ်တာပေါ့… အခြေအမြစ်မရှိတာတွေ ဘာလို့တွေးနေဦးမှာလဲ…

………….