(20) ရင်သပ်ရှုမောလောက်ဖွယ်ရာ
Viewers 10k

(20) ရင်သပ်ရှုမောလောက်ဖွယ်ရာ

လင်ဝေ့ရှီးရဲ့တစ်ကိုယ်တည်းအထီးကျန်စွာထွက်သွားတဲ့ပုံရိပ်ကို ကောင်းရန်က မျက်လုံးထောင့်စွန်းကနေ မြင်လိုက်တယ်။ သူက ရုတ်တရက် “အာ”ခနဲ အာမေဋိတ်လွှတ်လိုက်ပြီး စိုးရိမ်ပူပန်သွားတဲ့ပုံစံလေးကိုပြတယ် “ကြည့်ပါဦး မေ့နေလိုက်တာ၊ အဘွားနဲ့စကားကောင်းနေလို့ တခြားတစ်ယောက်ကိုမေ့သွားတယ်၊ လင်မိန်းကလေးဘယ်ရောက်သွားပါလိမ့်…၊ လင်မိန်းကလေးကိုဂရုစိုက်ပါ့မယ်လို့ ထွက်မလာခင်ကမှ အဖေ့ကိုကတိပေးခဲ့တာ၊ သူက ပထမဦးဆုံးအကြိမ်အပြင်ထွက်တာမို့ သူစိမ်းတွေကြားထဲ မနေတတ်မထိုင်တတ်ဖြစ်နေတော့မှာပဲ”

နှုတ်သွက်တဲ့သခင်မတစ်ယောက်က မနေနိုင်မေးလေတယ် “လင်မိန်းကလေးကဘယ်သူလဲ”

“ကျွန်မအဖေသူငယ်ချင်းဟောင်းရဲ့သမီးပါ၊ သူက အရမ်းသနားဖို့ကောင်းတယ်လေ၊ မိဘတွေလည်းမရှိ အားကိုးရမယ့်လူလည်းမရှိ တစ်ယောက်တည်းရုန်းကန်နေရလို့ အဖေကသနားပြီး အိမ်တော်မှာနေဖို့ခေါ်လာတာ”

အမျိုးသမီးထုက တစ်ခါတည်းနဲ့နားလည်သွားကြတယ်။ သူငယ်ချင်းဟောင်းရဲ့သမီး၊ ပေးစာကမ်းစားနဲ့အသက်ရှင်နေရတဲ့မိဘမဲ့လေး… ကျွတ် ကျွတ် သနားစရာလေးပါလား…။ သခင်မက စုတ်တသတ်သတ်လုပ်ပြီး ကောင်းရန်ကိုပြောတယ် “ကြင်ယာတော်က တကယ့်ကို ကြင်နာသနားတတ်တာပဲ၊ သူငယ်ချင်းဟောင်းရဲ့သမီးကိုတောင် ခေါင်းထဲထည့်နေရတယ်”

ကျုံးယုံမြို့စားလင်ယုံဆိုတဲ့အမည်နာမက ပျားပန်းခတ်နေတဲ့မြို့တော်မှာတော့ ရေစီးထဲကျောက်တုံးတစ်တုံးပစ်ချလိုက်သလို အသံတစ်ချက်မထွက်နစ်မြှပ်သွားခဲ့တာကြာပြီ။ ဒီမော်ချီနေကြတဲ့ကတော်တွေ၊သခင်မတွေက ကျုံးယုံမြို့စားဘယ်သူလဲ ဘယ်သူမှသတိမရကြတော့ဘူး။ လင်မျိုးနွယ်နာမည်ကိုကြားတာတောင် ခေါင်းထဲထွက်မလာတော့ဘူး။ သူတို့စိတ်ထဲ သနားစရာဝဋ်ကြွေးကြီးတဲ့ဝမ်းကွဲညီမလေးပုံစံပဲ တွေးထင်နေကြတာဖြစ်တယ်။

ယင်းကော်နယ်စားသခင်မကြီးမှာတော့ ဒီလိုအတွေးတွေမရှိဘူး။ သူက သိတယ်။ ဒါပေမယ့် အမှုမထားသလို ခပ်ပေါ့ပေါ့ပဲပြောလာတယ် “သူက သိပ်မကြာခင်က ယန့်ဝမ်ခေါ်လာတဲ့မိဘမဲ့လေးမလား၊ မင်းက ယန့်ဝမ်အိမ်တော်မှာလက်ထပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ အရေးကြီးဆုံးက ကလေးတစ်ယောက်အမြန်မွေးဖို့၊ တခြားအရာတွေလိုက်ပူပန်မနေနဲ့”

နယ်စားကတော်ကြီးက ဒီမိဘမဲ့ကောင်မလေးကို ခေါင်းထဲမထည့်ဘူး။ ပညာမတတ် အမြင်မရှိတဲ့ အမည်ခံမြို့စားသမီးတစ်ယောက်က ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းသွားတယ်။ နောက်တော့ စကားတစ်ခွန်းမဆို သူ့လမ်းသူလျှောက်ရလိမ့်မယ်လို့ပဲတွေးတယ်။ ဟုတ်ပါတယ်… သေချာပါတယ် နယ်စားကတော်ကြီးက လင်ဝေ့ရှီးကိုမတွေ့ဖူး၊ ယန့်ဝမ်အိမ်တော်မရောက်ဖူးလို့သာ ဒီလိုတွေးနိုင်တာပါ။

ကောင်းရန်က စေတနာကောင်း၊ကြင်နာတတ်ပြီးလုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အိမ်တော်သခင်မပုံဖမ်းမလို့ ဒီစကားတွေကိုပြောလိုက်တာ။ ဒါပေမယ့် နယ်စားအိမ်တော်သခင်မကြီးကြောင့် အကြံအစည်တွေပျက်စီးသွားရတယ်။ ကောင်းရန်က နယ်စားကတော်ကြီးကို မြေရှင်ကြွေးရှင်ကြီးလို့ စိတ်ထဲကျိန်ဆဲလိုက်တာပေါ့။ ဒါပေမယ့် သူနဲ့ဒီဉာဏ်တိမ်တဲ့အဘွားက အပြင်ပန်းမှာတော့ ရင်းနှီးကြတယ်လေ၊ သူက နယ်စားအိမ်တော်ကို မျက်နှာသာပေးချင်တာမဟုတ်ပေမယ့် သူ့သိက္ခာသူဆည်ရပါလိမ့်မယ်။

ကောင်းရန်က ဒီလိုတွေးပြီးပြောလိုက်တယ် “လင်မိန်းကလေးက အရမ်းသနားဖို့ကောင်းတယ်၊ မိဘမရှိ ဦးလေးမရှိ ဆွေမျိုးလည်းမရှိဘူး၊ သူက သူ့အဒေါ်အိမ်မှာနေရတာလေ၊ နောက်တော့ ဝမ်ရယ်က သူတစ်ယောက်တည်းဖြစ်နေတာမကြည့်ရက်လို့ အိမ်တော်ခေါ်လာတာ၊ ကျွန်မကျတော့ မွေးကတည်းက အဘွားရောအဖေရော အချစ်ခံလာရတာဆိုတော့ လောကကြီးမှာ ဒီလိုသနားဖို့ကောင်းတဲ့လူတွေရှိမှန်း မသိခဲ့ဘူး၊ လင်မိန်းကလေးကိုမြင်တော့မှပဲ ကိုယ့်မိသားစုကိုယ် ပိုပြီးကျေးဇူးတင်ရကောင်းမှန်းသိလာတယ်၊ အဘွားဆီကအချစ်ခံရတယ်ဆိုတာ မိုးနတ်မင်းကပေးသနားတဲ့ဆုတစ်ခုပဲ၊ အဲဒါကြောင့် လင်မိန်းကလေးကို နည်းနည်းလေးလောက်ပဲဖြစ်ဖြစ် ထပ်ပြီးကူညီပေးနိုင်လို့ ဘုရားကမြင်နိုင်တယ်ဆိုရင် အဘွားနဲ့မောင်လေးအတွက် ကုသိုလ်ပြုပေးနိုင်တယ်လို့ပဲ သဘောထားပါတယ်”

ဒီစကားတွေကိုကြားပြီးတဲ့အခါ နယ်စားကတော်ကြီးက ငါ့ရဲ့မြေးလိမ္မာလေး မြေးလိမ္မာလေးလို့ တဖွဖွရွတ်ရှာတယ်။ ဘေးနားကသခင်မတွေကတော့ ကောင်းရန်ကို သိတတ်လိုက်တာလို့ ချီးကျူးကြတယ်။ ကောင်းရန်က နှုတ်ခမ်းလေးကိုစိပြီးပြုံးပြတယ်။ သုံးလေးကြိမ်လောက်ငြင်းဆိုပြီးနောက်မှာတော့ အစေခံနင်ဖူဘက်ကိုလှည့်ပြီး သိမ်မွေ့နူးညံ့ညင်သာစွာမေးလေတယ် “လင်မိန်းကလေးရော… ဘာလို့ပျောက်သွားတာလဲ၊ သခင်မတွေအကုန်ဒီမှာရောက်နေတာကို၊ လင်မိန်းကလေးကို အဘွားနဲ့ရော သခင်မတွေနဲ့ပါ မိတ်ဆက်ပေးမလို့ပါဆို”

အရင်ဘဝတုန်းကအကြောင်းတွေကို ကောင်းရန်မှတ်မိတယ်။ သူ ချစ်သူရည်းစားလိုက်ရှာချိန် ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်ရဲ့ပါတီပွဲကိုရောက်ခဲ့တယ်။ အတန်းဖော်သူငယ်ချင်းတွေထဲ ပြီးပြည့်စုံတဲ့မမလေးတစ်ယောက်က သူ့ကိုခေါ်သွားခဲ့တာဖြစ်ပြီး အခြားသူတွေနဲ့မိတ်ဆက်ပေးခဲ့တယ်။ အဲဒိတုန်းက ကောင်းရန် စိတ်လှုပ်ရှားရပြီးပျော်ရွှင်ခဲ့ဖူးတယ်။ သူဌေးအသိုင်းအဝိုင်းထဲဝင်ဆန့်နိုင်ပြီလို့လည်း တွေးခဲ့တယ်။ ဒီနေ့မှာလည်း တူညီတဲ့အဖြစ်အပျက်တစ်ခု တွေ့ကြုံလာပြန်တယ်။ ဒီဘက်ကမ္ဘာကသူဌေးအသိုင်းအဝိုင်း ဘာတွေကိုလက်ခံကြလဲ ကောင်းရန်မသိဘူး၊ သူသိတာတစ်ခုပဲရှိတယ်၊ သူများကိုမိတ်ဆက်ပေးရတာက အထက်စီးဆန်ဆန်ပရဟိတလုပ်ပေးရသလို ခံစားချက်ကသိပ်ကောင်းတယ်။

ကောင်းရန်က ဟိုသည်လှည့်ကြည့်ပေမယ့် လင်ဝေ့ရှီးကိုမတွေ့ဘူး။ သူရှာနေတာကိုမြင်တော့ ဘေးနားကအမျိုးသမီးတွေ၊ကတော်တွေလည်း ဟိုကြည့်သည်ကြည့်ဖြစ်ကုန်ကြတယ် “ရှီးယွမ်က တားမြစ်နန်းတွင်းဥယျာဉ်နော်၊ ဘာလို့လျှောက်သွားနေရ….”

သူတို့လျှောက်ကြည့်နေတုန်း နောက်နားကနေစကားသံတစ်ခု ရုတ်တရက်ကြားလိုက်ရတယ် “နဂါးလှေပြိုင်ပွဲမစသေးဘူး၊ ဘာတွေရှာနေတာလဲ”

အားလုံးလှည့်ကြည့်တဲ့အချိန် ရောက်လာတဲ့လူကိုမြင်ပြီး ရယ်လိုက်ကြပါတယ် “အကြီးအကဲ သက်တော်ရာကျော်ရှည်ပါစေ”

နယ်စားအိမ်တော်ကလူတွေ ပုပ်သိုးသွားကြလေတယ်။ ဒါပေမယ့် အားလုံးနဲ့အတူ ရှို့ခန်းမင်းသမီးကြီးကို ဂါရဝပြုရသေးတာပဲ “မင်းသမီးကြီးကိုဂါရဝပြုပါတယ်”

မင်းသမီးကြီးက တခြားသူတွေရဲ့အကူအညီနဲ့ တဖြည်းဖြည်းလမ်းလျှောက်လာတယ်။ သူကပြုံးနေတယ်။ သူ့မျက်နှာပေါ်မှာ ဇရာရဲ့တိုက်စားမှုတွေရှိပေမယ့် အရင်ကထက်ပိုပြီး အားအင်ပြည့်ဖြိုးလာတယ်။ တစ်ကိုယ်လုံးတက်ကြွလန်းဆန်းနေလိုက်တာ ဆယ်စုနှစ်တစ်ခုစာလောက်ငယ်သွားသလိုပဲ။ သူက ပြုံးပြီးမေးတယ် “မင်းစိတ်ဝင်တစားပြောနေတာကို ဟိုးအဝေးကနေလှမ်းမြင်နေရတယ်၊ ဘယ်သူ့အကြောင်းတွေပြောနေတာလဲ”

ကောင်းရန်က ဖြေမလို့လုပ်ဆဲပါ၊ ဒါပေမယ့် နောက်ထပ်နှုတ်သွက်တဲ့မိန်းကလေးတစ်ယောက် ဖြတ်ပြောတာခံလိုက်ရတယ် “ကြင်ယာတော်က လွန်ခဲ့တဲ့နှစ်လလောက်တုန်းက အရှင်ယန့်ဝမ်ခေါ်လာခဲ့တဲ့မိန်းကလေးအကြောင်း ပြောနေတာပါ၊ သူ့မိဘနှစ်ပါးလုံးဆုံးသွားလို့ ယန့်ဝမ်အိမ်တော်မှာနေနေရတယ်လို့ကြားတယ်၊ ကြင်ယာတော်က အဲဒိမိန်းကလေးကို အရမ်းသနားနေတာ၊ ကျွန်မတို့က ကြင်ယာတော်ရဲ့သိတတ်လိမ္မာပုံလေးတွေကို ချီးကျူးနေကြတာပါ”

“သြော်” မင်းသမီးကြီးက ကောင်းရန်ကိုအေးစက်စက်ကြည့်တယ်၊ သူ့မျက်ဝန်းထဲ လှောင်ပြောင်လိုဟန်အကြည့်တွေရှိတယ် “ငါသာ လင်မိန်းကလေးကိုမသိဘဲ ဆက်ခံသူကြင်ယာတော်ပြောတာနားထောင်လိုက်ရရင် ယန့်ဝမ်ခေါ်လာတဲ့မိန်းကလေးကို တခြားသူလို့ထင်ချင်ထင်လိုက်မှာ”

ရှို့ခန်းမင်းသမီးကြီးနဲ့ကောင်းရန်တို့ ပလဲပနံမသင့်ကြတဲ့အကြောင်းက တစ်မြို့လုံးသိတဲ့လျှို့ဝှက်ချက်ပါ။ ဒါပေမယ့် ဒီနေ့လိုအထင်အရပွဲတော်နေ့မှာတောင် မင်းသမီးကြီးက မျက်နှာသာမပေးချင်မှန်း ဘယ်သူမှမထင်လိုက်ကြဘူး။ လူအားလုံးရဲ့အရယ်အပြုံးတွေ ရပ်တန့်ကုန်တယ်။ ကောင်းရန်က မြို့တော်မှာအတော်လေးအဆင့်မြင့်တာမှန်ပေမယ့် အမေဘက်ကအဘွားဖြစ်တဲ့မင်းသမီးကြီးရှေ့မှာ စကားပြောခွင့်ရအောင် အဆင့်မမှီပါဘူး။

ယင်းကော်နယ်စားသခင်မကြီးရဲ့မျက်နှာ မည်းမှောင်သွားတယ်။ သူနဲ့မင်းသမီးကြီးက မျိုးဆက်တူတဲ့တော်ဝင်အမျိုးသမီးကြီးတွေဖြစ်တယ်။ တကယ်လို့ ရှို့ခန်းကသာ မင်းသမီးတစ်ပါးမဟုတ်ခဲ့ဘူးဆိုရင် သားတရာမြေးတဖြာနဲ့ပြည့်စုံတဲ့ ယင်းကော်နယ်စားသခင်မကြီးက ကြောက်စရာမရှိဘူး။ ဒါပေမယ့် မင်းသမီးဆိုတဲ့ဂုဏ်ပုဒ်က ရယ်စရာပြက်လုံးတစ်ခုမဟုတ်ခဲ့ပါဘူး။ သခင်မကြီးက အပူရုပ်ကိုဟန်လုပ် တရားချဖို့ပဲတတ်နိုင်ပါတယ် “တတိတမိန်းကလေးက စိတ်ရင်းနဲ့ပြောလိုက်တာပါ၊ မင်းသမီးကြီးက ဘာဖြစ်လို့ တတိယမိန်းကလေးအပေါ်ဒေါသထွက်နေမှာပါလဲ”

မင်းသမီးကြီးက သူ့ကိုအဖက်မလုပ်ဘူး၊ ဘေးလှည့်ကြည့်ပြီး အနားကမိန်းကလေးရဲ့လက်ကို ကြင်ကြင်နာနာဖွဖွပုတ်တယ် “မင်းက သူ့အစားပြောပေးမှတော့ ငါလည်း ငါ့ရဲ့အသစ်စက်စက်မြေးမလေး အစ်မရှီးကိုပြမယ်”

သူတို့တွေဒီနာမည်ကိုကြားချိန်မှာ ရင်းနှီးနေတဲ့သခင်မတွေက ကြောင်တောင်တောင်ဖြစ်သွားကြတယ်။ အစ်မရှီးတဲ့…။ သူတို့က မင်းသမီးကြီးဘေးကမိန်းကလေးကို ကြည့်လိုက်ကြရင်း ဒီမိန်းကလေးက မျက်စိကြိမ်းလောက်အောင်လှပတယ်ဆိုတာ တွေ့ရှိသွားကြတယ်။ သူတို့တစ်ခါမှမမြင်ဖူးပေမယ့် သူက ယင်းကော်နယ်စားအိမ်တော်က အကြီးဆုံးမိန်းကလေးအစ်မရှီးမဟုတ်ပါဘူး။

လင်ဝေ့ရှီးက ရှေ့တစ်လှမ်းတက်ပြီး လူတွေအားလုံးကို သိမ်သိမ်မွေ့မွေ့ညင်ညင်သာသာနှုတ်ဆက်တယ် “သခင်မအားလုံးကို နှုတ်ခွန်းဆက်ပါတယ်”

အားလုံးရဲ့စူးစမ်းလိုဟန်တွေကိုမြင်တော့ မင်းသမီးကြီးကပြုံးပြီးပြောလေတယ် “ဒီကလေးကို ယန့်ဝမ်ခေါ်လာတာလေ၊ ပထမဦးဆုံးအကြိမ် သူ့ကိုတွေ့လိုက်ကတည်းက ရေစက်ရှိတယ်လို့ခံစားလိုက်ရတယ်၊ ကိုယ့်မြေးအရင်းလေးလိုပဲ၊ ဘာတွေဖြစ်ကုန်မှန်းလည်းမသိပါဘူး… တစ်ယောက်နဲ့တစ်ယောက် ရက်နည်းနည်းလောက်မတွေ့ရတာ နှစ်နဲ့ချီပြီးကြာသလိုခံစားနေရလို့ အခုလည်း တွေ့တွေ့ချင်းလှမ်းခေါ်လိုက်ရတယ်၊ အစ်မရှီးက နားလည်တယ်.. သူပြောတာက သူ ကြင်ယာတော်မသိဘဲနဲ့ထွက်လာလို့မရဘူးတဲ့၊ ဒါနဲ့ပဲ ကြင်ယာတော်ဆီပြန်ခေါ်လာရတော့တယ်” 

မြို့တော်က မင်းမျိုးနွယ်တွေနဲ့မှူးမတ်မိသားစုဝင်တွေက ကောင်းရန်ကိုပစားပေးကြပေမယ့် မင်းသမီးကြီးကတော့ နည်းနည်းလေးမှမျက်နှာသာမပေးချင်ပါဘူး။ လူတွေအားလုံးရှေ့ ပျက်ရယ်ပြုခံလိုက်ရတဲ့ကောင်းရန်က ခံပြင်းဒေါသထွက်လာပြီး ဝင်ပြောလိုက်တယ် “အဘွားတော်နဲ့လင်မိန်းကလေးတို့ တွေ့သွားကြတာကောင်းပါတယ်၊ ကျွန်မကစေတနာနဲ့ လင်မိန်းကလေးကို ဒီသခင်မတွေနဲ့မိတ်ဆက်ပေးချင်တာပါ၊ အဘွားတော်အထင်လွဲသွားလိမ့်မယ်လို့ မထင်လိုက်မိဘူး”

“စေတနာ… အစ်မရှီးက မင်းရဲ့စေတနာ မလိုအပ်ဘူး” မင်းသမီးကြီးက ခပ်တင်းတင်းပဲဆိုတယ် “သူက ငယ်ငယ်ကတည်းက မိဘတွေဆုံးသွားတာမှန်တယ် ဒါပေမယ့် သူ့အဖေက နန်းတွင်းကချီးမြှင့်ထားတဲ့ကျုံးယုံမြို့စား၊ သူ့နာမည်အောက်မှာ မြေဆီမြေနှစ်ကြွယ်ဝတဲ့မြေဧကထောင်ပေါင်းများစွာရှိတယ်၊ ဘယ်နေရာမှာနေနေ သူ့အဖို့အလွယ်လေးပဲ၊ အစ်မရှီးက ယန့်ဝမ်အိမ်တော်မှာခဏပဲနေမှာလို့ ပြီးခဲ့တဲ့နှစ်ရက်တုန်းက ယန့်ဝမ်ကငါ့ကိုပြောတယ်၊ ဒါကို မင်းပါးစပ်ကထွက်တော့ ဆိုးဆိုးရွားရွားသနားစရာကောင်းသွားရတာလဲ”

မင်းသမီးကြီးက နောက်မျိုးဆက်ကို သင်ကြားပြသပေးနေတဲ့အခါ သခင်မတွေက ဝင်မစွက်ဘဲ တိတ်တဆိတ်မျက်ခုံးတွေပင့်ထားပြီး သိမ်မွေ့တဲ့အပြုံးလေးနဲ့ခေါင်းငုံ့ထားကြတယ်။ နယ်စားအိမ်တော်သခင်မကြီးတစ်ယောက်ပဲ ရပ်ကြည့်မနေနိုင်လို့ ဝင်ပြောလေတယ် “တတိယမိန်းကလေးက တကယ့်စေတနာအမှန်ပါ၊ မင်းသမီးကြီး ဘက်လိုက်ပြီးအမှန်မမြင်မှာစိုးပါတယ်၊ ပြီးတော့ အစ်မရှီးဆိုတာက… သူ့ကိုအစ်မရှီးလို့ ဘယ်လိုလုပ်ခေါ်လို့ရမှာလဲ”

နယ်စားကတော်ကြီးက အစ်မရှီးဆိုတာကြားပြီး လန့်ဖြန့်သွားခဲ့တယ်။ မဖြစ်နိုင်ဘူးဆိုတာ မသိခဲ့ရင် မင်းသမီးကြီးကကောင်းရှီးကိုခေါ်လိုက်တယ်လို့ပဲ ထင်လိုက်မှာ။

သူ့ကိုဒီနာမည်ခေါ်လို့မရဘူးလား…။ လင်ဝေ့ရှီးက အဘွားဖြစ်သူရဲ့ ပြောထွက်ရက်တဲ့စကားတွေကိုကြားပြီး ဝမ်းနည်းလာခဲ့တယ်။ သူ့မျက်နှာပေါ်ကအပြုံးတွေ လျော့ပါးသွားပါတယ် “ကျွန်မနာမည်ဝေ့ရှီးလို့ခေါ်ပါတယ်၊ ကျွန်မအဖေက ကျွန်မငယ်ငယ်ကတည်းက အစ်မရှီးလို့ခေါ်တာပါ၊ သခင်မကြီးက ကျွန်မနာမည်ကိုမသင့်လျော်ဘူးလို့ ထင်တာပါလား၊ ဒါပေမယ့် ဒီနာမည်က ကျွန်မအဖေချန်ထားခဲ့တာပါ၊ အခု အဖေကဆုံးပါးသွားပြီဖြစ်လို့ ပြောင်းလဲလို့မရတော့ပါဘူး”

“ဘာနာမည်ကို ပြောင်းမှာလဲ၊ သူ့စိတ်ထဲသရဲကပ်နေသလားမှမသိတာ သူများသားသမီးနာမည်ကို ခြယ်လှယ်ချင်နေတယ်” ရှို့ခန်းက နယ်စားကတော်ကြီးကို မကျေမနပ်ကြည့်တယ်၊ သူ့စကားလုံးတွေကဆိုးရွားတယ် “ကျုံးယုံမြို့စားက တိုင်းပြည်အတွက်အသက်ပေးသွားတာ၊ သူက ဧကရာဇ်နဲ့အမတ်ချုပ်ကြီးကိုယ်တိုင်ရွေးချယ်ထားတဲ့ သစ္စာရှိပြီးရဲရင့်တဲ့လူ၊ အခု လင်မိသားစုမှာ ဒီသွေးသားတစ်ယောက်ပဲကျန်တော့တယ်၊ နယ်စားကတော်ကြီး..ရှင့်ရဲ့ စိုးမိုးခြယ်လှယ်ချင်တာတွေ လျော့လိုက်ပါတော့၊ သူရဲကောင်းရဲ့သမီးက ရှင်အနိုင်ကျင့်လို့ရတဲ့လူမဟုတ်ဘူး”

နယ်စားကတော်ကြီးရဲ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ မိဘမဲ့တွေ၊ မုဆိုးမတွေနဲ့ သက်ကြီးရွယ်အိုတွေကို အနိုင်ကျင့်တယ်လို့သတင်းထွက်တာကိုက စက်ဆုပ်ဖွယ်ရာကောင်းနေပါပြီ။ တကယ်လို့ တစ်ဖက်သားက သူရဲကောင်းရဲ့ကလေးတစ်ယောက်ဆိုရင်တော့ ဂရုမစိုက်မိရင် စွဲချက်တင်တောင်ခံရနိုင်တယ်။ ယင်းကော်နယ်စားအိမ်တော်က အရှိန်အဟုန်နဲ့တိုးတက်ကြီးပွားနေတယ်ဆိုပေမယ့် ခမည်းမခက်ယန့်ဝမ်အိမ်တော်ရဲ့အလင်းရောင်ကြောင့်သာဖြစ်တယ်။ နန်းတွင်းမှာ ကောင်းမိသားစုက သာမညောင်ညအဆင့်ပဲရှိတယ်။ နယ်စားကတော်ကြီးက တစ်ကမ္ဘာလောက်ကြာအောင် တောင့်တင်းသွားတယ်။ သူက သူ့သားအလုပ်အကိုင်ကို ရင်းရဲလောက်အောင် သတ္တိမရှိသေးဘူး။ ဒါကြောင့် မျက်နှာလေးအောက်ချပြီး လေပြည်ထိုးရတော့တယ် “ကျွန်မက နားယဉ်နေတဲ့နာမည်လေးကြားလိုက်လို့ လွှတ်ခနဲပြောထွက်သွားတာပါ၊ လင်မိန်းကလေးက နာမည်ပြောင်းခိုင်းတယ်လို့ထင်သွားတာလား၊ ပြီးခဲ့တဲ့နှစ်ကပဲ ဆံဖြူကဆံမည်းကို လိုက်ပို့လိုက်ရတယ်လေ၊ အစ်မရှီးက ဆယ့်ခုနစ်နှစ်ပဲရှိသေးတာ၊ ကျွန်မစိတ်ထဲလွမ်းလို့တောင်မဝသေးဘူး ရင်းနှီးတဲ့နာမည်လေးကြားပြီး အာရုံထွေပြားသွားတော့တာပဲ”

လင်ဝေ့ရှီးက ခေါင်းငုံ့လိုက်တယ်၊ မျက်ဝန်းထဲမှာတော့ ရွံရှာတဲ့အရိပ်အယောင်ရော ဝမ်းနည်းတဲ့အရိပ်အယောင်ပါရှိတယ်။ နယ်စားကတော်ကြီးက သေတဲ့လူကိုရှေ့တန်းတင်ပြီး ကိုယ်လွတ်ရုန်းတယ်လေ။ သိပ်ကိုရယ်စရာကောင်းပါတယ်၊ သူက သူ့ကိုယ်ပိုင်သေဆုံးခြင်းကိုခုတုံးလုပ် သူ့အဘွားတိုက်ခိုက်တာကိုခံရတယ်။

ဒါတွေကိုမြင်တော့ ဘေးနားရပ်နေတဲ့သခင်မတစ်ယောက်က အလျင်အမြန်ဝင်ဖျန်ဖြေပါတယ် “ပြီးတာတွေလည်းပြီးသွားပါပြီ၊ နားလည်မှုလွဲတာဆိုတော့ ထားလိုက်ပါတော့၊ ဒီမိန်းကလေးက အရမ်းကြည့်လို့ကောင်းတယ်၊ ဒီလိုအလှမျိုးကို ကျွန်မပထမဦးဆုံးအကြိမ်မြင်ဖူးတာ”

လင်ဝေ့ရှီးရဲ့စိတ်ခံစားချက်က တက်လိုက်ကျလိုက်ပဲ။ သူက မျက်လုံးထဲကဒေါသတွေခံပြင်းမှုတွေကို မမြင်နိုင်အောင် ခေါင်းကိုငုံ့ပြီးအရှက်သည်းချင်ယောင်ဆောင်နေရတယ်။ ရှို့ခန်းမင်းသမီးကြီးကတော့ ရာသီဥတုသာယာတဲ့နေ့တစ်နေ့မှာ စိတ်ညစ်ညူးစရာတွေ မဖြစ်ချင်ဘူး၊ နောက်ပြီး သူတို့ကနန်းတော်ထဲရောက်နေတာဆိုတော့ အပြုံးလေးနဲ့ပဲ စိတ်လျော့လိုက်တော့တယ် “အစ်မရှီးက မနေ့တနေ့ကမှ ဝမ်းနည်းခြင်းကာလပြီးမြောက်တာလေ၊ အခုမှ အပြင်ထွက်လာရတာ၊ လူရှေ့ထွက်တဲ့ပထမဦးဆုံးအကြိမ်မှာပဲ ရယ်စရာတွေဖြစ်ကုန်ပြီ”

“မင်းသမီးကြီး ဘယ်လို… ဘာပြောလိုက်တာ” သခင်မတွေက တဖျက်ဖျက်လက်နေတဲ့မျက်ဝန်းတွေနဲ့ လင်ဝေ့ရှီးကိုကြည့်တယ်။ ဒါလေးက မကြာသေးမီက မြို့တော်တခွင်ပြဲပြဲစင်သွားတဲ့ ကျုံးယုံမြို့စားရဲ့သမီးဆိုတာလေးလား…။ အံ့အားသင့်စရာပဲ…။ မိန်းကလေးက လှပချောမော စကားပြောရလွယ်ကူပြီး မင်းသမီးကြီးနဲ့ရင်းနှီးနေလိမ့်မယ်လို့ သူတို့မထင်ထားကြဘူးလေ။ အခုလေးတင်ကောင်းရန်ရဲ့စကားကိုနားယောင်ပြီး သူတို့က အရှက်မရှိတဲ့ဒုက္ခသည်လေးလို့ထင်သွားကြတာကိုး။

ရှို့ခန်းမင်းသမီးကြီးက လင်ဝေ့ရှီးရဲ့လက်ကို ကြင်ကြင်နာနာဖွဖွပုတ်ပြီး ပရိသတ်တွေကိုကြေငြာလေတယ် “ဆွေမျိုးမရှိဘူးဆိုပြီး မင်းတို့သူ့ကိုအထင်မသေးရဘူးနော်၊ နောက်ပိုင်း သူမင်္ဂလာဆောင်ရင် တင့်တင့်တယ်တယ်ဖြစ်အောင် ဒီအဘွားကြီးက အိတ်သွန်ဖာမှောက်အကုန်ပေးလိုက်မှာ”

လူတွေအားလုံးက ဝိုင်းရယ်လိုက်ကြပြီး ဟိုဟိုသည်သည် ကိုယ်စီကိုယ်ငှ ရယ်စရာမောစရာတွေပြောနေကြတယ်။ ဒီနေရာမှာ သားရှင်သခင်မတွေ အတက်ကြွဆုံးဖြစ်နေကြပြီဆိုရင် မမှားဘူး။ လင်ဝေ့ရှီးရဲ့နောက်ခံက မမြင့်မားပေမယ့် သူတို့က တစ်ဖက်သားရဲ့ရက်ရောလှတဲ့ခန်းဝင်ပစ္စည်းတွေကို ငြင်းပယ်နိုင်စွမ်းမရှိဘူး။ ကောင်မလေးက မြို့စားအိမ်တော်တစ်ခုစာပိုင်ဆိုင်မှုတွေလည်းရှိတယ်၊ မင်းသမီးကြီးကလည်း သတို့သမီးချပ်ဝတ်တန်ဆာ ထပ်ပံ့ပိုးပေးဦးမယ်၊ ပြီးတော့ မျက်နှာလေးကလည်း လှတပတလေး… နောက်ပြီး လင်မိသားစုရဲ့ရဲရင့်ပြီးသစ္စာရှိတဲ့နာမည်ဂုဏ်သတင်း…. အလွန်တရာကောင်းမွန်တဲ့ရွေးချယ်မှုပဲပေါ့။

သူ့ရည်ရွယ်ချက်အောင်မြင်တာကိုတွေ့ပြီး ရှို့ခန်းမင်းသမီးကြီးက ပြုံးပါတယ်။ သူက အာလပသလာပစကား သုံးလေးခွန်းဆိုပြီး လင်ဝေ့ရှီးကိုလက်ဆွဲထွက်သွားတယ်။ အစကနေအဆုံးထိ ကောင်းရန်ကို အသိအမှတ်မပြုသွားဘူး။ ယင်းကော်နယ်စားအိမ်တော်ကိုတော့ ဟန်ဆောင်ပန်ဆောင်မျက်စိထဲကိုမထည့်သွားတာပါ။

ကောင်းရန်က လုပ်ပြုံးတစ်ခု ဖျစ်ညှစ်ထုတ်နေရတယ်။ သူတို့တွေထွက်သွားပြီးမှာတော့ သခင်မတစ်ယောက်က စောဒကတက်လေတယ် “ဆက်ခံသူကြင်ယာတော်ကတော့ တကယ်ပါပဲ၊ ရှင်ပြောတော့ တော်ရုံသင့်ရုံဆို၊ ကျွန်မစိတ်ထဲ တကယ်ကြီးထင်လိုက်တာ တောသူမပေါ့၊ အမလေး… ကျုံးယုံမြို့စားသမီးတဲ့၊ အဆင့်အတန်းကကောင်းပေမယ့် ပြစ်ချက်ပိစိလေးရှိတာက တစ်ကောင်ကြွက်ဖြစ်နေတာပဲ၊ ဒါပေမယ့် ရုပ်ရည်ကကြည့်ကောင်းတော့ ဒါတွေဘာမှမဟုတ်ပါဘူး”

ဒါကိုကြားတဲ့အခါ ကောင်းရန်ရဲ့အမူအရာတွေ တောင့်တင်းကုန်ပါတယ်။ နောက်ထပ်သခင်မတစ်ယောက်ကလည်း ထပ်ပြောပြန်တယ် “ဟုတ်တယ်နော်… မြို့တော်မှာ နှစ်ပေါင်းများစွာ ကျွန်မလူတွေအများကြီးမြင်ဖူးလာတာ ဒီလိုဆွဲဆောင်မှုရှိတဲ့မိန်းကလေးကိုတွေ့ဖူးတာ ဒီတစ်ကြိမ်ပထမဦးဆုံးအကြိမ်ပဲ၊ သိမ်မွေ့ပြီး လန်းဆန်းတက်ကြွနေတာပဲ အသက်လေးကလည်းငယ်ငယ်လေး… ဆက်ခံသူကြင်ယာတော် ဘာဖြစ်နေတာလဲဟင်..”

ကောင်းရန်ကလှည့်ကြည့်ပြီး ပြုံးပြပါတယ် “ဘာမှမဖြစ်ပါဘူး၊ အိမ်ကမထွက်ခင် ဆက်ခံသူ မှာလိုက်တာတွေပြန်တွေးမိသွားပြီး စိတ်နည်းနည်းပျံ့သွားလို့ပါ”

ကုချန်ယောက်နာမည်ထုတ်ဖော်ပြောကြားလိုက်တဲ့အခါ ဒီသခင်မတွေက လင်ဝေ့ရှီးအကြောင်းကို ချက်ချင်းကိုဘေးချိတ်လိုက်ကြပြီး ယန့်ဝမ်အိမ်တော်အကြောင်း သူ့ထက်ငါပြောဆိုကြတော့တယ်။ အားလုံးရဲ့အာရုံတွေက သူ့ဆီကိုနောက်ထပ်တစ်ကြိမ်ပြန်ရောက်လာတဲ့အခါ ကောင်းရန်ရဲ့နှလုံးသားလေးလည်း တရွရွဖြစ်လို့သွားတယ်။ သူက လင်ဝေ့ရှီးရဲ့ပထမဦးဆုံးပုံရိပ်ကို ချိုးနှိမ်ထားဖို့ရည်ရွယ်ခဲ့တယ်။ ဒီသခင်မတွေရှေ့ ပုံရိပ်ကျဆင်းသွားပြီဆိုတာနဲ့ လင်ဝေ့ရှီးက အနာဂတ်မှာ ယောင်္ကျားကောင်းကောင်းရှာနိုင်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် သူ မထင်လိုက်တာက လင်ဝေ့ရှီးက မင်းသမီးကြီးနဲ့ခပ်မြန်မြန်တွေ့သွားပြီး မင်းသမီးကြီးက ကိုယ်တိုင်ကိုယ်ကျမိတ်ဆက်ပေးလိုက်တာကိုပဲ။ အသိုင်းအဝိုင်းထဲဝင်ဆန့်နိုင်ဖို့ ပထမဦးဆုံးမိတ်ဆက်ပေးတဲ့လူက အရေးကြီးပါတယ်။ ရှို့ခန်းမင်းသမီးကြီးကြောင့်သာမဟုတ်ခဲ့ရင် ဒီလိုမျက်နှာမိုးထိုးနေကြတဲ့ကတော်တွေ သခင်မတွေက လင်ဝေ့ရှီးလိုမျက်နှာမွဲအလှပဂေးကို လျောလျောရှူရှူလက်ခံပေးမှာမဟုတ်ပါဘူး။

ကောင်းရန်က အချိန်အကြာကြီးပြင်ဆင်ခဲ့ရပေမယ့် အခုတော့ ဒီရလဒ်ပဲရခဲ့တယ်။ သူက နှလုံးသားထဲ ပိတ်လှောင်မွန်းကျပ်သလိုခံစားနေရတယ်။

မင်းသမီးကြီးက လင်ဝေ့ရှီးကိုစိတ်လိုလက်ရလက်ဆွဲလို့ ရာထူးရာခံပုဂ္ဂိုလ်တွေအကုန်လုံးနဲ့ လိုက်လံမိတ်ဆက်ပေးနေပါတယ်။ ဒီလူတွေအကုန်လုံးကို လင်ဝေ့ရှီးသိပြီးသားဆိုပေမယ့် အဘွားကိုငဲ့ညှာပြီး လမ်းတစ်လျှောက်လုံးမှာရှိတဲ့ ကတော်တွေသခင်မတွေအားလုံး ဣန္ဒြေသိက္ခာအပြည့်နဲ့နှုတ်ဆက်နေရတယ်။ တစ်ပတ်လုံးကုန်အောင်နှုတ်ဆက်ဖို့ဆိုတာ လွယ်တော့မလွယ်လှဘူး။ ရှို့ခန်းမင်းသမီးကြီးကိုယ်တိုင်မောပန်းသွားတာကြောင့် မဟုတ်ရင် သူက လင်ဝေ့ရှီးကို ချင်မယ်တော်ကြီးဆီခေါ်သွားလိမ့်ဦးမှာ။

လင်ဝေ့ရှီးနဲ့အစေခံတွေက မင်းသမီးကြီးကို ထိုင်ခုံမှာမရမကထိုင်ခိုင်းရတယ်။ သူတို့တွေထိုင်ပြီးနောက်မှာတော့ နဂါးလှေပြိုင်ပွဲစတင်တော့မှာဖြစ်တယ်။ ချင်မယ်တော်ကြီးက အမျိုးသမီးထုကိုဦးဆောင်ပြီး အထူးစားပွဲဝိုင်းဆီရောက်လာတယ်။ နန်းတွင်းကအမျိုးသမီးထုတွေအတွက်တော့ ပျော်ရွှင်စရာပွဲလမ်းသဘင်ရှားပါးလွန်းပါတယ်။ နဂါးလှေပြိုင်ပွဲက ရှားရှားပါးပါးမြင်တွေ့ရခဲတဲ့ အခမ်းအနားတစ်ခုဖြစ်တာမို့ အားလုံးက တက်ကြွနေကြတယ်။ လင်ဝေ့ရှီးက စိတ်မဝင်စားပေမယ့် စိတ်လှုပ်ရှားနေတဲ့လူတွေစင်ပေါ်မှာအများကြီးပဲ။ သူက တစ်ခုခုဖြစ်မှာစိုးရိမ်လို့ ရှို့ခန်းမင်းသမီးကြီးကို သေသေချာချာဖေးမတွဲကူထားတယ်။

လင်ဝေ့ရှီးရတတ်မအေးဖြစ်တဲ့အတိုင်းပါပဲ၊ ကလေးတစ်ယောက်က သူ့မြင်ကွင်းကွယ်လို့ဆိုပြီး ရှေ့ကလူတွေကို တွန်းတွန်းဖယ်နေတယ်။ အရှေ့မှာမတ်တပ်ရပ်နေတဲ့အမျိုးသမီးက သူ့ကိုတစ်ယောက်ယောက်လာတွန်းချလိမ့်မယ်လို့ မထင်ထားတဲ့အတွက် ကိုယ့်ကိုယ်ကိုမထိန်းလိုက်နိုင်ဘူး။ သူက ကိုယ်ဝန်ဆောင်အမျိုးသမီးပါ။ အမျိုးသမီးက ဟန်ချက်ပျက်ပြီး ရေထဲပြုတ်ကျလုမတတ်ဖြစ်သွားတယ်။ 

လင်ဝေ့ရှီကမျက်စိလျင်ပါတယ်။ တစ်ခုခုမှားနေတာကိုတွေ့ပြီး အူယားဖားယားပြေးဆွဲလိုက်ရတယ်။ အမျိုးသမီးကလန့်အော်ပြီး ရှေ့ကိုငိုက်ခနဲပြုတ်ကျတယ်။ လင်ဝေ့ရှီးက သူ့လက်ကိုလှမ်းဖမ်းလိုက်ပြီး အန္တရာယ်ကနေကယ်တင်လိုက်ရတယ်။ အမျိုးသမီးက အသက်သိပ်မကြီးသေးဘူး။ သူက မတော်တဆကြောင့် ထူပူပြီးလန့်ဖြန့်နေတယ်။ လင်ဝေ့ရှီးလည်း အများကြီးတုန်လှုပ်သွားရတယ်။ သူက ဒေါသထွက်လွန်းလို့ တွန်းချတဲ့ကလေးကို မေးလေတယ် “မင်း ဘယ်အိမ်ကကလေးလဲ၊ ဒီလိုမျိုးတွေလုပ်တတ်ရအောင်”

…………