(21) အမတ်ချုပ်
စင်ထောင့်မှာ ရုန်းရင်းဆန်ခတ်တစ်ခုဖြစ်လာပါတယ်။ သခင်မတွေနဲ့အမျိုးသမီးတွေက အကြောက်လွန်ပြီး နောက်နှစ်လှမ်းလောက်ဆုတ်သွားကြတယ်။ ကလေးက (၉)နှစ်ပဲရှိပေမယ့် တုတ်တုတ်ခိုင်ခိုင်ရှိတယ်။ သူက လင်ဝေ့ရှီးရဲ့စကားကိုကြားပြီး ဟွန့်ခနဲလုပ်ပါတယ် “ဘယ်သူလဲ ထွက်သွားစမ်း၊ ငါမင်းသား နဂါးလှေကြည့်နေတာ လာမကွယ်နဲ့”
လင်ဝေ့ရှီးက သူ့အဝတ်အစားကိုတစ်ချက်ကြည့်ပြီး ကလေးရဲ့အမည်နာမကိုခန့်မှန်းသိလိုက်တယ်။ ကျောင်းဝမ်က လွန်ခဲ့တဲ့နှစ်တွေတည်းက စစ်ပွဲမှာသေဆုံးသွားခဲ့ပြီး ဝမ်ဖေးတစ်ပါးနဲ့လူမမည်သားတစ်ယောက်ချန်ထားခဲ့တယ်။ ဒီမုဆိုးမနဲ့ကလေးလေးက ကျောင်းနယ်မြေတွေကို ဘယ်လိုစောင့်ကြပ်နိုင်ပါ့မလဲ။ မုကျုံးဧကရာဇ်က သူ့တူငယ်ငယ်လေးကိုသနားတာကြောင့် ကျန်ခဲ့တဲ့သားအမိကိုမြို့တော်ပြန်ခေါ်ခဲ့ပြီး တူတော်လေးကို ကျောင်းဝမ်ဘွဲ့ပေးကာ မင်းသားတစ်ပါးရဲ့အဆောင်အယောင်အတိုင်း စောစီးစွာခံစားစေခဲ့ပါတယ်။ အပူအပင်မရှိ၊ မြောက်ပိုင်းကချမ်းအေးတဲ့ဒဏ်တွေကို မခံစားခဲ့ရတဲ့ ကျောင်းဝမ်လေးက အသက်အရွယ်ရောက်လာမှ စစ်တပ်ထဲပြန်မှာပါ။ ကျောင်းဝမ်မိသားစုက မြို့တော်မှာ ဒီအတိုင်းပဲနေထိုင်ခဲ့ကြတာဖြစ်ပြီး ယန့်ဝမ်အိမ်တော်ထက်တောင် နှစ်အနည်းငယ်စောပါသေးတယ်။
ကျောင်းဝမ်လေးက ဝမ်ဘွဲ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ဆက်ခံခဲ့တယ်။ သူ့အမေကလည်း ငယ်ရွယ်တဲ့မုဆိုးမတစ်ယောက်ဖြစ်ပြီး သူက ကျန်တဲ့တစ်ဦးတည်းသောသွေးသား။ ဒါကြောင့် ဘယ်လောက်တောင်အလိုလိုက်ခံရလိမ့်မလဲ လူတိုင်းခန့်မှန်းနိုင်တယ်။ ဆုံးမမဲ့လူကြီးသူမမရှိဘဲ သူ့အမေနဲ့အစေခံတွေက ဆယ့်နှစ်ရာသီအလိုလိုက်အကြိုက်ဆောင်နေကြတာကြောင့် အခု ကျောင်းဝမ်က အသက်(၉)နှစ်မှာ မြို့တော်ကလူတိုင်းရှောင်ကွင်းကြတဲ့ အရှင်သခင်သေးသေးလေးဖြစ်လို့နေပါပြီ။ အခုဖြစ်ရပ်လိုပါပဲ… သူ့ကို မတွန်းချနဲ့လို့ ဘယ်သူကများ တားနိုင်ပါ့မလဲ။ တစ်ဖက်လူက ဝမ်ရယ်လေးဖြစ်လေတော့ ဘယ်သူမှမဟန့်ရဲဘဲ ကံကိုသာပုံချရတော့တာပါပဲ။
ပတ်လည်ကသခင်မတွေက နောက်ကိုဆုတ်ပြီးရှောင်ကွင်းသွားကြတယ်။ ကြင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်ကတော့ သူဘယ်သူလဲ လင်ဝေ့ရှီးမသိဘူးထင်လို့ အသာတိုးတိုးသတိပေးလေတယ် “ဒါက ကျောင်းဝမ်ပါ”
ဒါကကျောင်းဝမ်ပါ… ဒီစကားတစ်ခွန်းဆိုလုံလောက်ပါပြီ။
ကျောင်းဝမ်က ဒါကိုမြင်တော့ ဟန်ပန်တခွဲသားပျက်ရယ်ပြုတယ် “မင်းကြားလိုက်လား၊ ငါက ဝမ်ရယ်တစ်ပါးနော်၊ လှေကြည့်နေတာကို ဘယ်သူကရှေ့လာကွယ်ခိုင်းလဲ… ပြုတ်ကျဖို့ပဲတန်တယ်”
သူပြောတဲ့စကားတွေကိုနားထာင်ပြီး လင်ဝေ့ရှီးရဲ့နှလုံးသားမီးမြိုက်သလိုဖြစ်လာတယ်။ မင်းသမီးအိမ်တော်အစေခံတွေက လင်ဝေ့ရှီးကိုသတိပေးပြီးတားဖို့ကြိုးစားကြတယ် “မိန်းကလေး ကျောင်းဝမ်ကငယ်ပါသေးတယ်၊ ဒီအရွယ်ဆော့တာဖြစ်မှာပါ၊ ဒဏ်ရာရတဲ့လူကိုအရင်ကြည့်ရအောင်ပါ”
သူတို့တွေနန်းတော်ထဲမှာပဲရှိသေးတာ လင်ဝေ့ရှီးသိပါတယ်။ နောက်ပြီး တစ်ဖက်လူက မင်းမဲ့စရိုက်ဆန်နေပေမယ့် တစ်ချိန်တည်းမှာပဲ ဝမ်ရယ်ငယ်ငယ်လေးတစ်ယောက်ဖြစ်တယ်။ ဂုဏ်သရေသိက္ခာမဲ့အပြုအမူတွေလုပ်ခဲ့ရင်တောင် ကုမိသားစုလက်ထဲသာထည့်ပေးလိုက်ဖို့ရှိပါတယ်။ မင်းသမီးအိမ်တော်ကို ဆွဲသွင်းလိုက်လို့မဖြစ်ပါဘူး။ လင်ဝေ့ရှီးက ကျောင်းဝမ်ကို ဒေါသထွက်တဲ့မျက်နှာထားနဲ့တစ်ချက်ကြည့်ပေးလိုက်တယ်။ ပြီးမှ တွန်းချခံရလုနီးနီးဖြစ်သွားတဲ့အမျိုးသမီးဘက်ကို လှည့်ကာဆိုတယ် “သခင်မက ဘယ်အိမ်ကပါလဲ”
အမျိုးသမီးက (၂၅) (၂၆) နှစ်လောက်ရှိပြီ။ သူက လန့်ဖြန့်သွားတာကနေ သတိပြန်လည်လာရုံရှိသေးတယ်၊ တစ်ဖက်လူက အာဏာကြီးတဲ့ကျောင်းဝမ်ဆိုတာကြားပြီး မမေးမြန်းရဲတော့ဘဲ လက်ကိုသာခပ်မြန်မြန်ကာပြီး ပြောလေတယ် “ကျွန်မအဆင်ပြေပါတယ်၊ ကူညီပေးတဲ့အတွက်မိန်းကလေးကိုကျေးဇူးတင်ပါတယ်၊ မိန်းကလေး စိတ်မပူလို့ရပါပြီ”
လင်ဝေ့ရှီးရဲ့မဟုတ်မခံစိတ်ဓါတ်က ပြဿနာဖြစ်သွားမလားဆိုပြီး အမျိုးသမီးကကြောက်လန့်နေတယ်။ ဒါကြောင့် သူက လင်ဝေ့ရှီးလက်မောင်းကို ခပ်မြန်မြန်လှမ်းဆွဲပြီး စိတ်လျော့လိုက်ဖို့အရိပ်အယောင်ပြလာတယ်။ ဒါပေမယ့် သူတို့ရဲ့ဝရုန်းသုန်းကားအခြေအနေက အခြားတစ်ဖက်မှာထိုင်နေတဲ့ချင်မယ်တော်ကြီးရဲ့အာရုံကို ရရှိပြီးသားဖြစ်သွားတာမလို့ လင်ဝေ့ရှီးမှာရွေးချယ်စရာမရှိတော့ပါဘူး “သခင်မ… သခင်မကိုယ်ဝန်ရှိနေတာ အဆင်ပြေရဲ့လား၊ အပြင်လိုက်ပို့ပြီး သမားတော်ခေါ်ပေးရမလား”
“မလိုပါဘူး ရပါတယ်” အမျိုးသမီးက ငြင်းချင်တယ်။ ဒါပေမယ့် လင်ဝေ့ရှီးက တစ်ဖက်လူရဲ့မျက်နှာကိုကြည့်ပြီး နန်းတွင်းသမားတော်ခေါ်ပေးမယ်ချည်းလုပ်နေတဲ့အခါ အမျိုးသမီးရဲ့ငြင်းဆိုချက်က အရာမထင်ဖြစ်သွားရှာတယ်။ နောက်ပြီး သူ့ဝမ်းဗိုက်အောက်ပိုင်းကလည်း တကယ်ကြီးကိုနာကျင်နေရတော့ ဒီနေရာမှာမနေရဲတော့ဘဲ လင်ဝေ့ရှီးကိုကျေးဇူးတင်တဲ့အကြည့်လေးပေးပြီး နောက်ကလိုက်လာရတော့တယ်။
ပွဲကြည့်စင်ကထွက်ခွာလာပြီးတဲ့နောက်မှ အမျိုးသမီးက သက်ပြင်းအရှည်ကြီးတစ်ချက်ချရဲတော့တယ်။ သူ့အမူအရာကလည်း နာကျင်နေတဲ့အမူအရာဖြစ်လာတယ်။ လင်ဝေ့ရှီးက တစ်ခုခုတော့မှားနေပြီမှန်းမြင်လိုက်တယ်။ ဒီတော့ မင်းသမီးအိမ်တော်ကအစေခံတွေကို မင်းသမီးကြီးဆီတံဆိပ်သွားတောင်းပြီး နန်းတွင်းသမားတော်သွားခေါ်ဖို့ ခိုင်းလိုက်တယ်။
အမျိုးသမီးကို ရေကန်နားနေဆောင်မှာထိုင်ဖို့ လင်ဝေ့ရှီးကကူညီတယ်။ ဒီနေရာက လူတွေအနားယူဖို့ဆောက်လုပ်ထားတာပါ။ အခု အားလုံးက မယ်တော်ကြီးနဲ့ နဂါးလှေကြည့်နေကြတော့ ရေကန်နားနေဆောင်က ရှင်းလင်းပြီး တိတ်ဆိတ်နေတယ်။
လင်ဝေ့ရှီးက အိမ်တော်ကြီးတစ်ခုမှာ ကြီးပြင်းလာခဲ့တာပါ။ မိန်းမတစ်ယောက်အတွက် ကိုယ်ဝန်ရှိနေချိန်အန္တရာယ်ဘယ်လောက်များလဲ သိပါတယ်။ သူ့အမေ ဝေ့အမျိုးသမီးက ကိုယ်ဝန်ပျက်ကျပြီးဆုံးပါးသွားခဲ့တဲ့အတွက် ကိုယ်ဝန်သည်တွေကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေတာမြင်ရရင် သည်းမခံနိုင်ပါဘူး။ သူက ဒေါသတွေထွက်လာရတဲ့အထိ ခြေမကိုင်မိလက်မကိုင်မိဖြစ်ရလို့ အပြင်ဘက်ကို အထပ်ထပ်အခါခါ ကြည့်နေမိတော့တယ် “သမားတော်က ဘာလို့ရောက်မလာသေးတာလဲ”
အမျိုးသမီးကတော့ မျက်မှောင်တွေကျုံ့ထားပြီး ထိုင်ခုံပေါ် တဝက်လဲလျောင်းအနေအထားနဲ့ ထိုင်နေပါတယ်။ သူ့မျက်နှာကလည်း ဖြူဖျော့နေတယ်။ သူက သူ့အတွက်နဲ့ရတတ်မအေးဖြစ်နေတဲ့လင်ဝေ့ရှီးကိုမြင်ပြီး ခံစားသွားရလို့ပြောလာတယ် “မိန်းကလေးကိုကျေးဇူးတင်ပါတယ်၊ ကျွန်မတို့နှစ်ယောက်မသိကျွမ်းပေမယ့် ဘာမှမပြောဘဲ ကယ်ပေးတယ်၊ အခုလည်း သမားတော်ခေါ်ပေးတယ်၊ မိန်းကလေးရဲ့ကြီးမားတဲ့စေတနာကို စုနျန်တစ်သက်လုံး မှတ်ထားပြီး ကျေးဇူးပြန်ဆပ်ပါ့မယ်ရှင်….”
“ဒါတွေမပြောပါနဲ့၊ ရှင်က ထိတ်လန့်ထားတာ၊ အခုအရေးကြီးဆုံးက အနားယူဖို့၊ ကျေးဇူးလည်းပြန်ဆပ်စရာမလိုဘူး၊ ဒါမျိုးကိုမျက်စိရှေ့မှာမြင်ရရင် ဘယ်သူမှမတ်တပ်ရပ်ပြီးလက်ပိုက်ကြည့်နေမှာမဟုတ်ဘူး၊ နောက်ပိုင်း ကလေးလေး အန္တရာယ်ကင်းကင်းမွေးလာတဲ့အချိန်မှ ကြီးပြင်းလာတဲ့အထိ ဂရုတစိုက်ပျိုးထောင်နိုင်မယ်ဆိုရင် ကျေးဇူးပြန်ဆပ်တာပါပဲ”
အမျိုးသမီးရဲ့မျက်လုံးတွေနီရဲလာခဲ့တယ် “မိန်းကလေးက အရမ်းစိတ်ကောင်းရှိတယ်၊ ရှင့်ရဲ့ကြင်နာမှုတွေကို စုနျန်မေ့တော့မှာမဟုတ်ပါဘူး၊ ကျွန်မမျိုးနွယ်ကလျှိုပါ၊ နာမည်ကတော့ စုနျန်၊ မိန်းကလေးနာမည်ဘယ်လိုခေါ်လဲမသိဘူး”
လျှိုစုနျန်… နာမည်ကိုကြားတဲ့အချိန်မှာ လင်ဝေ့ရှီးက အများကြီးမတွေးမိခဲ့ဘူး၊ ဒီအတိုင်းပဲပြောလိုက်တယ် “ကျွန်မမျိုးရိုးက လင်ပါ၊ နာမည်ကဝေ့ရှီ”
လျှိုစုနျန်က ဒါကိုကြားပြီးသဘောပေါက်သွားတယ် “လင်မိန်းကလေးဖြစ်နေတာကိုး၊ ပြီးခဲ့တဲ့ရက်တုန်းက ကျွန်မကြားမိလိုက်တယ်၊ အရှင်ယန့်ဝမ်က ကျုံးယုံမြို့စားရဲ့သမီးကိုမြို့တော်ခေါ်လာတယ်ဆိုတာ မိန်းကလေးဖြစ်နေတာလား”
“ရှင်က ကျွန်မကိုသိတာလား”
“သိတယ်ဆိုတာထက်… ကျွန်မယောင်္ကျားပြောတာကြားတာပါ၊ စုနျန်က တခြားသူပြောတာကိုပဲ နားထောင်ရတာ” လျှိုစုနျန်က ရှက်ရဲရဲပြုံးပြပြီး လင်ဝေ့ရှီးကို ချစ်ခင်နှစ်သက်တဲ့မျက်ဝန်းတွေနဲ့ကြည့်ပါတယ် “ကျုံးယုံမြို့စားက သစ္စာတရားကြီးမားပြီး တိုင်းပြည်အတွက်အသက်စွန့်သွားတယ်၊ ကျွန်မယောင်္ကျားက တဖွဖွပြောတယ် ကျုံးယုံမြို့စားက သူတို့မျိုးဆက်အတွက် စံပြပုဂ္ဂိုလ်ပဲတဲ့၊ ဒါပေမယ့် နှမြောစရာကောင်းတာက သူက ကျုံးယုံမြို့စားနဲ့ဆုံဖို့ အခွင့်အရေးမရလိုက်ဘူး၊ ဒီနေ့ စုနျန်ရဲ့သုံးဘဝကုသိုလ်ကံကြောင့် မမျှော်လင့်ဘဲ လင်မိန်းကလေးနဲ့တွေ့ရတယ်၊ လင်မိန်းကလေးက အရမ်းလှပြီး အရမ်းတော်တာပဲ”
လင်ဝေ့ရှီးကလည်း ဒီနူးညံ့ပြီးအရှက်ကြီးတဲ့အမျိုးသမီးကို အများကြီးနှစ်သက်ပါတယ်။ လင်ယုံရဲ့ကောင်းကြောင်းတွေပြောတာကြားတဲ့အချိန်မှာ ချစ်ခင်နှစ်သက်မှုတွေပိုလို့တောင်တိုးလာတယ်။ “မြို့တော်မှာ ကျွန်မအဖေရဲ့အကြောင်းတွေ ဖတ်တဲ့လူရှိမှန်း မသိခဲ့ဘူး၊ အမျိုးသားကဘယ်သူလဲလို့ အတင့်ရဲပြီးမေးပါရစေ”
“လင်မိန်းကလေးက အားနာနေပါပြီ၊ သူက ဟန်လင်ကျောင်းတော်ကစာပြင်သူပါ၊ နာမည်က ရှန်းမင်သာ့လို့ခေါ်တယ်” သူ့ယောင်္ကျားက ရာထူးကြီးကြီးမှူးမတ်မဟုတ်တဲ့အတွက် လျှိုစုနျန်က လင်ဝေ့ရှီးရှေ့မှာ နည်းနည်းတော့အနေရခက်ဟန်ရှိတယ်။
လင်ဝေ့ရှီးကတော့ နာမည်ကိုကြားတဲ့အချိန်မှာ အံ့သြမှင်သက်သွားခဲ့တယ်။ ပြီးတော့ သင်္ကာမကင်းရေရွတ်လေတယ် “ရှန်းမင်သာ့လား”
လျှိုစုနျန်က လင်ဝေ့ရှီးရဲ့ရုတ်တရက်အာမေဋိတ်မှာ မျက်ခုံးတွေပင့်သွားပြီး ပြူးကြောင်ကြောင်စိုက်ကြည့်မိလျက်သားဖြစ်သွားတယ် “ဟုတ်ပါတယ်… ဘာဖြစ်လို့လဲမသိဘူး၊ လင်မိန်းကလေးက ကျွန်မယောင်္ကျားကိုသိနေလို့လား”
အို… သိတာထက်တောင်ပိုတာပေါ့… နားစည်ကွဲမတတ်မိုးကြိုးဟိန်းသံလို ဒီနာမည်ကို မှတ်ဉာဏ်ရဲ့အနက်ရှိုင်းဆုံးနေရာကနေ လင်ဝေ့ရှီးမှတ်မိတယ်။
အရင် သူပြန်မမွေးဖွားမီတုန်းက မိုးကောင်းကင်စာအုပ်ကြီးကို အမှတ်တမဲ့တွေ့မြင်ခဲ့တယ်။ စာအုပ်ထဲမှာ သူက သာမန်လှေကားထစ်ဇာတ်ရံလေးတစ်ယောက်ဆိုတာ သိသွားပြီးနောက်ပိုင်းမှာလည်း ကြောက်ရွံ့ရတာထက်ကိုပိုပြီး ဟားတိုက်ရယ်မောပစ်ချင်ခဲ့တယ်။ ဒါကြောင့် စာအုပ်အနောက်ပိုင်းတွေကို အသေးစိတ်ဖတ်ရှုဖို့ စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပါဘူး။ ကောင်းရန်နဲ့ကုချန်ယောက်ကြားထဲက ချိုမြိန်စရာအချစ်ဇာတ်လမ်းတွေကိုကျော်ခွပြီးမှာတော့ အရေးကြီးတဲ့အချက်အလက်တွေအများကြီးကို တွေ့ရှိခဲ့တယ်။ ဥပမာပေးရရင် နောက်နှစ်အနည်းငယ်ကြာမှာ ဘာတွေဖြစ်လာမယ်ဆိုတာမျိုး… ကျန်းရှောင်းလျန်ပြီးတဲ့နောက် ဘယ်သူက အမတ်ချုပ်ဖြစ်လာမလဲဆိုတာမျိုးတွေပေါ့…
ဒီစာအုပ်ကြီးက ကောင်းရန်နဲ့ကုချန်ယောက်ရဲ့အချစ်တွေကို အဓိကအသားပေးဖော်ပြထားပြီး ကောင်းရန်ကိုအလွန်အမင်းအမွှန်းတင်ထားပါတယ်။ နန်းတွင်းနဲ့ပတ်သက်လို့ နည်းနည်းသာပါပြီး အဲဒိအချက်တွေကလည်း တစ်နေရာတည်းမှာစုစည်းဖော်ပြထားတယ်။ စာကြောင်းတွေဖတ်ရင်းဖတ်ရင်း နန်းတွင်းရဲ့ဦးတည်ချက်ကို လင်ဝေ့ရှီး အကြမ်းဖျင်းခန့်မှန်းလို့ရတယ်။ နောက်ပြီး ရှန်းမင်သာ့က စာအုပ်နောက်ပိုင်းမှာ ထင်ထင်ရှားရှား ပါဝင်လာတဲ့ဇာတ်ကောင် ဖြစ်လာတယ်။
ရှန်းမင်သာ့က နောက်ထပ်တက်မယ့်အမတ်ချုပ်လို့ပြောရင် တခြားဆင်ခြေတွေမလိုပါဘူး။ သူက နန်းတွင်းစာမေးပွဲကို ပထမအဆင့်နဲ့အောင်မြင်ခဲ့တယ်။ တော်ဝင်ဟန်လင်ကျောင်းတော်မှာ နှစ်ပေါင်းများစွာ စာပြင်သူအဖြစ်အမှုထမ်းခဲ့တယ်။ အပြုအမူအနေအထိုင်က သိမ်မွေ့ပြီးသတိရှိတယ်၊ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်တုန်းကမှအပြစ်မလုပ်ခဲ့ဘူး။ ကျန်းရှောင်းလျန်ရဲ့အာဏာစက်ကာလအတွင်းမှာ သူက မလျော့မတင်းစောင်းကြိုးညှင်း ဆိုတဲ့မူဝါဒကို လက်ကိုင်ထားခဲ့တယ်။ ဒါပေမယ့် နိုင့်ထက်စီးနင်းဆန်တဲ့ အမတ်ချုပ်ကျန်း ကွန်လွန်ပြီးနောက်မှာတော့ ရှန်းမင်းသာ့က ရုတ်တရက်တောက်ပလာခဲ့တယ်။ ဖရိုဖရဲကာလတွေမှာ အထက်ကိုတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး အမတ်ချုပ်အသစ်ဖြစ်လာခဲ့ပါတယ်။
….
လင်ဝေ့ရှီးက ကောင်းရန်ရဲ့ကျေးဇူးကြောင့် ဒီနာမည်ကိုသတိရနေခဲ့တာဖြစ်တယ်။ ကောင်းရန်ရဲ့မောင်လေးက အချစ်ခံရပေမယ့် အဆုံးသတ်မှာ ကိုယ်လုပ်တော်ဖွားတစ်ယောက်ဖြစ်ဆဲပဲလေ။ လူမှုအသိုင်းအဝိုင်းမှာဝင်ဆန့်ပြီး ဆက်ခံသူဖြစ်ဖို့ဆိုတာ အကောင်ကြီးကြီးတွေရဲ့အကူအညီမပါဘဲ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒိအကောင်ကြီးကြီးတွေထဲမှာ တော်ဝင်မျိုးရိုးကုချန်ယောက်က တစ်ယောက်အပါအဝင်ဖြစ်ပြီး ရှန်းမင်သာ့က နောက်တစ်ယောက်ဖြစ်ပါတယ်။
ရှန်းမင်သာ့ရဲ့ဇာတ်ကောင်က ကောင်းရန် နေရာခိုင်မြဲပြီးအင်အားကြီးတဲ့အချိန် စာအုပ်ရဲ့နောက်ပိုင်းတွေမှ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကောင်းရန်က အိမ်တော်တွင်းမှာဆို ကုချန်ယောက်ရဲ့အချစ်တွေကို တစ်ဦးတည်းရရှိသူဖြစ်ပြီး အိမ်တော်ပြင်ပမှာဆို လေးစားခံရတဲ့သခင်မဖြစ်ပါတယ်။ ဒါက ပြီးပြည့်စုံနေပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် ကောင်းရန်က ဘယ်သူမို့လို့လဲ… သူက ကောင်းချီးပေးခံရတဲ့ ဇာတ်လိုက်တစ်ယောက်ပဲလေ… သူ့ကိုဆန့်ကျင်သူတွေက အဆုံးသတ်မကောင်းကြပေမယ့် သူချစ်တဲ့မိသားစုနဲ့သူငယ်ချင်းတွေ အားလုံးကတော့ ချောမွေ့တဲ့ဘဝကိုရကြတယ်။ သူတို့တွေက ဇာတ်လိုက်တစ်ယောက်ထက်ပိုပြီး မကောင်းနိုင်ပေမယ့်လည်း ဘဝရဲ့ရှုထောင့်အမြင်တွေအားလုံးမှာ အောင်နိုင်သူတွေအဖြစ် နေထိုင်သွားနိုင်ခဲ့ပါတယ်။
ကိုယ်လုပ်တော်ဖွားဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကောင်းရန်က ယောင်္ကျားကောင်းကိုရခဲ့တယ်၊ လက်ထပ်ပြီးနောက်မှာလည်း မျက်နှာသာပေးအချစ်ခံရတယ်။ တစ်ခုတည်းသောအားနည်းချက်က ကိုယ်လုပ်တော်သမီးဆိုတဲ့အဆင့်အတန်းနဲ့ အမေဘက်မိသားစုက အားလျော့နေတဲ့အချက်ပဲဖြစ်တယ်။ စာအုပ်ထဲမှာတော့ ဟန်အမျိုးသမီးက ကိုယ်လုပ်တော်တစ်ယောက်ဖြစ်ပေမယ့် သူ့နှလုံးသားကဖြူစင်ပြီး ရေခဲလိုကြည်လင် ကျောက်စိမ်းလိုချောမွေ့တယ်။ သူက ယင်းကော်နယ်စားဆက်ခံသူကို အချစ်တစ်ခုအတွက်နဲ့ရွေးချယ်ခဲ့တယ်။ ဟန်အမျိုးသမီးရဲ့ဆွေမျိုးတွေက နှိမ့်ချတတ်ပြီး လူကောင်းသူကောင်းတွေဖြစ်ကြတယ်။ သူတို့က ယန့်ဝမ်အိမ်တော်ဆီမကြာမကြာလာပြီး ကောင်းရန်ကို အသီးအနှံတွေ၊ အသီးအရွက်တွေ ပေးလေ့ရှိတယ်။ သူတို့တွေက ယန့်ဝမ်အိမ်တော်ရဲ့အသိအမှတ်ပြုမှုကို ရရှိထားပြီး အေးအေးလူလူဝင်ထွက်နိုင်ကြတယ်။ သူတို့တွေထဲမှာ ကောင်းရန်ရဲ့ဟန်မျိုးရိုးဝမ်းကွဲညီမတစ်ယောက်ရှိတယ်။ ကောင်းရန်က အောင်သွယ်တော်လုပ်ပြီး အဲဒိဝမ်းကွဲကို ရှန်းမင်းသာ့ဒုတိယဇနီးအဖြစ် လက်ထပ်ပေးခဲ့ပါတယ်။
အဲဒိတုန်းက ရှန်းမင်းသာ့က အောင်မြင်မှုမှတ်တိုင်တွေမစိုက်ထူနိုင်သေးဘူး။ သူက ဆင်းရဲတဲ့ စာပြင်မှူးမတ်သေးသေးလေးပဲရှိသေးတယ်။ ကွယ်လွန်သွားတဲ့ဇနီးကြောင့်လည်း နှစ်ပေါင်းများစွာ အသစ်ထပ်မရှာခဲ့ဘူး။ ကွယ်လွန်သွားတဲ့ဇနီးကို အမှတ်ရနေဆဲယောင်္ကျားက လူကောင်းဖြစ်ကိုဖြစ်မယ်လို့ ကောင်းရန်ကတွေးတယ်။ သူက ဆင်းရဲပေမယ့် ဟန်မိသားစုကတော့ စုဆောင်းထားတဲ့ငွေတိုငွေစလေးတွေကြောင့် စားစရာအဝတ်အထည်မပြတ်လတ်ဘူး။ ဒီလိုမှတော့ လူ့စရိုက်ကပိုအရေးကြီးပါတယ်။ ကောင်းရန်က ရှန်းမင်သာ့ကို သူ့ဝမ်းကွဲညီမနဲ့သင့်တော်တယ်လို့ ခံစားမိပြီး လက်ထပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ကောင်းရန်အတွက်တော့ ဇာတ်လိုက်ရဲ့ကောင်းချီးအစစ်ဆိုတာကို ဒါတွေက နောက်ပိုင်းမှာသက်သေပြခဲ့ပါတယ်။ ရှန်းမင်သာ့က ကျန်းရှောင်းလျန်နောက်ပိုင်း တစ်ရှိန်ထိုးမြင့်တက်လာခဲ့ပြီး အုပ်ချုပ်သူမှူးမတ်တွေကြားမှာ အမတ်ချုပ်ဖြစ်လာဖို့ သိပ်မကြာခဲ့ဘူး။ ဟန်အမျိုးသမီးရဲ့သားက ယင်းကော်နယ်စားအိမ်တော်ဆက်ခံသူဖြစ်လာပြီး ရှန်းမင်သာ့ရဲ့ ကြည့်ရှုစောင်မမှုတွေကလည်း ပေါ့သေးသေးမဟုတ်ခဲ့ပါဘူး။
ဒီကနေ့မှာ လင်ဝေ့ရှီးက ဒီနာမည်ကိုမမျှော်လင့်ဘဲကြားခဲ့တယ်။ သူက ရှေ့မှာရှိတဲ့လျှိုစုနျန်ကို တအံ့တသြကြည့်ပြီး နားလည်သွားခဲ့တယ်။ ဒါက စောစောစီးစီးကွယ်လွန်သွားပြီး ရှန်းမင်သာ့ကို နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းအထီးကျန်စေခဲ့တဲ့ အရင်ဇနီးဖြစ်နိုင်ပါတယ်။
“လင်မိန်းကလေး ဘာဖြစ်လို့လဲ”
လင်ဝေ့ရှီးက အသိပြန်ဝင်လာပြီး လျှိုစုနျန်ကို သူငေးကြည့်မိနေတုန်းပဲဆိုတာ သိသွားတယ်။ လျှိုစုနျန်က သူ့အကြည့်တွေကြောင့် လန့်ဖြန့်နေတယ်။ လင်ဝေ့ရှီးက မျက်လွှာကိုချပြီး ထူးထူးဆန်းဆန်းအကြည့်တွေကိုဖုံးကွယ်လိုက်ပြီး အပြုံးလေးနဲ့ပြောလိုက်ရပါတယ် “ဟင့်အင်း… ဘာမှမဖြစ်ဘူး၊ ကျန်းကျောင်းနဝမနှစ်က စာပေပထမဆုရှင်အကြောင်းကို တွေးမိသွားလို့ပါ၊ ပထမဆုရှင်ရဲ့ဇနီးကို စကားပြောခွင့်ရတာ ဘယ်လောက်တောင်ကံကောင်းလိုက်လဲလို့”
လျှိုစုနျန်က ယုံကြည်သွားတဲ့အတွက် ရှက်ပြုံးလေးပြုံးကာပြောပါတယ် “လင်မိန်းကလေး ကျွန်မကိုစနေပြန်ပါပြီ”
လင်ဝေ့ရှီးက ပြုံးပါတယ်၊ ပြီးတော့ ဘာမှမပြောဘူး။ ဒီအချိန်မှာ နန်းတွင်းသမားတော်ရောက်ချလာလို့ သူက ခပ်မြန်မြန်လေးဘေးဖယ်ပေးရင်း သမားတော်ကိုသွေးခုန်နှုန်းစမ်းဖို့ ခွင့်ပြုလိုက်ရတယ်။ ရေကန်နားနေဆောင်ထဲ ယောင်္ကျားတစ်ယောက် စိုးရိမ်တကြီးလျှောက်လာတာကိုမြင်တဲ့အချိန်မှာ သူမတ်တပ်ထရပ်ပြီး ဘေးကပ်ဖို့ပြင်ရုံလေးရှိသေးတယ် “စုနျန်.. ဘယ်လိုနေလဲ”
ဒါက အနာဂတ်ရဲ့အမတ်ချုပ်ပါ…. ကျန်းကျောင်းနဝမနှစ်ရဲ့ပထမဆုရှင် ရှန်းမင်သာ့။ လင်ဝေ့ရှီက ဘေးဘက်ကိုချက်ချင်းလှည့်လိုက်တော့ လူတွေအများကြီး သူတို့ရဲ့ဝတ်ရုံတွေကိုမပြီး ရေကန်နားနေဆောင်ထဲလှမ်းဝင်လာတာကို မြင်လိုက်ရတယ်။ ယန့်ဝမ်လည်း တစ်ယောက်အပါအဝင် ဖြစ်တယ်။
မတော်တဆဖြစ်ရပ်က ယန့်ဝမ်ကိုတောင်မှ တပ်လှန့်သလိုဖြစ်သွားခဲ့တယ်။
ကုဟွေးရန့်ရဲ့အမူအရာက အရမ်းကြီးကောင်းလှရယ်မဟုတ်ဘူး။ သူ့ရဲ့ဂုဏ်သရေကြီးမြင့်တဲ့မျက်ဝန်းတွေက လင်ဝေ့ရှီးထံမှာကျရောက်နေတယ်။ လင်ဝေ့ရှီးဘာမှမဖြစ်ဘူးဆိုတာမြင်တော့မှ သူ့မျက်နှာထားနည်းနည်းကောင်းလာတာပါ “အမျိုးသမီးတွေဘက်မှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး စင်မြင့်ပေါ်ကပြုတ်ကျလုနီးပါးပဲလို့ ငါကိုယ်တော်ကြားတယ်၊ မင်း ဒဏ်ရာရသွားသေးလား”
“ကျွန်မက အဆင်ပြေပါတယ်” လင်ဝေ့ရှီးက အလျင်အမြန်ခေါင်းခါလိုက်ပြီး အတွင်းဘက်ကလျှိုစုနျန်ဆီ ညွှန်ပြလိုက်တယ် “အဆင်မပြေတာက လျိုကတော်ပါ”
ကုဟွေးရန့်က လက်ကိုမြှောက်အချက်ပြလိုက်ပြီး နောက်ကလိုက်ဝင်လာတဲ့သမားတော်က သွေးခုန်နှုန်းစမ်းဖို့ ခပ်မြန်မြန်ရှေ့တက်လာတယ်။ ကုချန်ယောက်ကလည်း နောက်ကလိုက်လာပါတယ်။ လင်ဝေ့ရှီးကတော့ ကုချန်ယောက်နဲ့ပြောစရာစကား ဘာမှမရှိဘူး။ သဘောရှိခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး နှုတ်ဆက်တယ်လို့သဘောထားလိုက်တယ်။
သခင်မတွေ၊ကတော်ကြီးတွေရဲ့မျက်ဝန်းထဲမှာတော့ ဒီမတော်တဆဖြစ်ရပ်က ကလေးကစားသလို ဟာသတစ်ရပ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ယန့်ဝမ်ကိုယ်တိုင်ကြွချီလာတဲ့အချိန်မှာ လေထုက ချက်ချင်းကိုပြောင်းလဲသွားပါတယ်။ ကျောင်းဝမ်အိမ်တော်ကလူတွေက ကျောင်းဝမ်လေးကို ရေကန်နားနေဆောင်ဆီ မြန်မြန်ဆန်ဆန်ခေါ်လာကြတယ်။ ကောင်းရန်ကလည်း ကုချန်ယောက်ရောက်နေတယ်ကြားပြီး ချက်ချင်းကိုနောက်ကလိုက်လာပါတယ်။
ကုဟွေးရန့်ရောက်ရှိလာပြီးမကြာမီမှာပဲ နဂိုတိတ်ဆိတ်တဲ့ရေကန်နားနေဆောင်က ချက်ချင်းပဲ လူတွေနဲ့ပြည့်လျှံသွားတယ်။ လင်ဝေ့ရှီးက အပြင်ဘက်ကလူတွေကိုလျစ်လျူရှုပြီး အထဲကသမားတော်ရဲ့မှတ်ချက်ကို အာရုံစိုက်နားထောင်နေတယ် “… သခင်မက လန့်သွားပြီး သန္ဓေသားမတည်မငြိမ်ဖြစ်သွားလို့ ဝမ်းဗိုက်ထဲနာကျင်တဲ့ဝေဒနာကိုခံစားရတာပါ၊ ကံကောင်းလို့ လက်မတင်လေး နေရာမှန်ပြန်ဖြစ်သွားတယ်၊ သန္ဓေသားကျန်းမာအောင် ကျွန်တော်မျိုးဆေးညွှန်းနည်းနည်းရေးပေးလိုက်ပါ့မယ်၊ မနက်ညနေ တစ်ဖုံစီသောက်….”
နန်းတွင်းသမားတော်ရဲ့စကားတွေအရ လျှိုစုနျန် ကြီးကြီးမားမားပြဿနာမရှိမှန်း သေချာသွားတယ်။ လင်ဝေ့ရှီးက အဆုံးမှာ သက်ပြင်းချလိုက်နိုင်တယ်။ သူက ဒီအကြောင်းကိုနောက်တစ်ကြိမ်တွေးမိတဲ့အချိန် ကြောက်ရွံ့သွားပြန်တယ်။ တကယ်လို့ ဒီနေ့သူသာ ပတ်ဝန်းကျင်ကို အာရုံစိုက်မိခဲ့ရင် ဒါမှမဟုတ် မတော်တဆဖြစ်တဲ့အချိန် လျှိုစုနျန်ကို အချိန်မီမဖမ်းနိုင်ခဲ့ရင် နောက်ဆက်တွဲကိစ္စတွေက မတွေးရဲလောက်အောင်ကိုဖြစ်လာလိမ့်မယ်။ ဖြစ်နိုင်တာက လျှိုစုနျန်ငယ်ငယ်ရွယ်ရွယ်ဆုံးသွားခဲ့တာ ဒီကိစ္စနဲ့ပတ်သက်နေပါလိမ့်မယ်။
အထဲကတိုးတိုးအသံတွေက မပြီးဆုံးသေးပါဘူး။ ခဏလောက်ကြာပြီးမှ ရှန်းမင်သာ့က အကွယ်တစ်ဖက်ကနေလျှောက်ထွက်လာပြီး လင်ဝေ့ရှီးကို အရိုအသေအကြီးကြီးပေးတော့မယ့်ဟန်ပြုတယ်။ လင်ဝေ့ရှီးက နောက်ကိုဆုတ်လိုက်ပြီး ရှောင်တိမ်းလိုက်ရတယ် “ရှန်းလူကြီးမင်း ဘာလုပ်တာလဲ”
ရှန်းမင်သာ့ရဲ့အခုလက်ရှိရာထူးက လူကြီးမင်းအခေါ်ခံရလောက်အောင် မလုံလောက်သေးပါဘူး။ ဒါပေမယ့် လင်ဝေ့ရှီးက စိတ်လှုပ်ရှားသွားလို့ သတိမပြုမိလိုက်ဘူး။ လင်ဝေ့ရှီးက နောက်ကိုဆုတ်ပြီးရှောင်လိုက်တဲ့အချိန်မှာ ကုဟွေးရန့်ဘက်ကို မတော်တဆလဲပြိုသွားပါတယ်။ ကုဟွေးရန့်က လင်ဝေ့ရှီးကိုထိန်းပေးထားပြီး သူ့အစား ရှန်းမင်သာ့ကို တားပေးလိုက်တယ် “လူ ဘာမှမဖြစ်ရင်ရပြီ၊ မင်းက အရိုအသေပေးချင်တာဆိုပေမယ့် သူကလန့်သွားပြီ”
ယန့်ဝမ်ကဝင်ပြောတဲ့အခါ ရှန်းမင်သာ့လည်း ရွေးစရာမရှိတော့ဘဲ လက်နှစ်ဖက်ရင်ဘတ်ရှေ့မှာထားရင်းသာ ဒီလူနှစ်ယောက်ကို အရိုအသေပေးလိုက်ရတယ် “ယန့်ဝမ်ကိုကျေးဇူးတင်ပါတယ်၊ လင်မိန်းကလေးကိုကျေးဇူးတင်ပါတယ်”
အမှန်က ရှန်းမင်သာ့ရဲ့တရားဝင်အဆင့်က နဂါးလှေပွဲတော်ဝင်ဆင်နွှဲရလောက်တဲ့အထိ မမြင့်သေးပါဘူး။ ဒီနေ့မှာ ဒီလင်မယားနှစ်ယောက်က နန်းတော်ထဲဝင်နိုင်ခဲ့တာ အရေးပါထင်ရှားတဲ့ဟန်လင်ကျောင်းတော်ကြောင့်အပြင် သူ့ရဲ့ပထမဆုရှင်ဆိုတဲ့ ဘွဲ့ထူးကြောင့်သာဖြစ်ပါတယ်။ ဒါပေမယ့် နန်းတော်ထဲကအာဏာတွေက မိုးတိမ်တွေလိုပဲ မြင့်မားလွန်းပါတယ်။ သူ့အတွက်ကတော့ ဧကရာဇ်ရှေ့ခစားနေရလည်း ဘာမှမဖြစ်ပေမယ့် စုနျန်က ကိုယ်ဝန်ရှိပြီး တစ်ယောက်တည်းဖြစ်နေရတယ်။ ပြီးတော့ ဇနီးသည်က စကားပြောကောင်းတဲ့လူလည်းမဟုတ်တော့ ရှန်းမင်သာ့က တိတ်တိတ်လေးရတတ်မအေးဖြစ်ပြီး တစ်ခုခုဖြစ်မှာကို အမြဲတမ်းစိုးရိမ်နေရတယ်။ နောက်ပိုင်းကျတော့ သတင်းကရောက်လာပြီး စုနျန်စင်ပေါ်ကပြုတ်ကျတော့မလိုဖြစ်သွားတယ်လို့ ပြောလာကြတယ်။ သူအရမ်းထိတ်လန့်သွားခဲ့ရတာပါ။ သူ့တစ်ကိုယ်လုံးချွေးစေးတွေပြန်လာတယ်။ သူက အကုန်လုံးကိုထားခဲ့ပြီး ယန့်ဝမ်နောက်က ခပ်မြန်မြန်လိုက်လာခဲ့တယ်။ ဒါပေမယ့် ကံကြီးပေလို့ စုနျန်က မတော်တဆမဖြစ်ခဲ့ပါဘူး။
ရှန်းမင်သာ့က လင်ဝေ့ရှီးကို စိတ်ရင်းနဲ့ကျေးဇူးတင်နေခဲ့တယ်။ သူ့မှာ ထင်ရှားတဲ့နာမည်ဂုဏ်သတင်းရှိတယ်။ ဒါပေမယ့် ဟန်လင်ကျောင်းတော်က အရာရှိသေးသေးလေးအဖြစ်နဲ့တော့ မြို့တော်ထဲလွှမ်းမိုးနိုင်တဲ့လူူမဟုတ်ဘူး။ သူ့စုနျန်ရဲ့သေရေးရှင်ရေးက အထက်တန်းလွှာလူတွေရဲ့မျက်လုံးထဲ ဘယ်ဝင်ပါလိမ့်မလဲ။ လင်ဝေ့ရှီးသာ စုနျန်ကိုမဆွဲထားခဲ့ရင် နောက်ပြီး အဆက်အသွယ်သုံးပြီးသမားတော်မရှာပေးခဲ့ရင် သေချာပေါက် စုနျန်ဒီနေ့အများကြီးပိုဆိုးသွားမှာဖြစ်ပါတယ်။
ယန့်ဝမ်က လင်ဝေ့ရှီးလန့်သွားမှာစိုးလို့ သူ့ကို အရိုအသေမပေးခိုင်းပါဘူး။ ဒီတော့ ရှန်းမင်သာ့လည်းနောက်ဆုတ်ပြီး လင်ဝေ့ရှီးရဲ့ကြင်နာမှုတွေကို နှလုံးသားထဲမှာပဲ မှတ်ထားလိုက်တော့တယ်။ အနာဂတ်မှာအခွင့်အရေးရှိခဲ့ရင် သူ့ဇနီးကိုကယ်ခဲ့တဲ့လင်ဝေ့ရှီးရဲ့ကရုဏာကို သူသေချာပေါက်ပြန်ဆပ်မှာဖြစ်ပါတယ်။
လူနာကအဆင်ပြေတဲ့အခါ နည်းနည်းထပ်အနားယူလိုက်ရင် ပိုကောင်းသွားမှာဖြစ်တဲ့အတွက် ဒီကိစ္စက ခဏတဖြုတ်အေးအေးဆေးဆေးဖြစ်သွားပါတယ်။
ကုဟွေးရန့်ရဲ့မျက်နှာအမူအရာက ပေါ့ပေါ့ပါးပါးပဲ၊ ဒါပေမယ့် ဖိအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ “စင်ပေါ်ကနေ လူတွေကိုတွန်းချနေတာ ဘယ်သူလဲ”
………