(22) ငရုတ်သီးမလေး
ကုဟွေးရန့်ပြောပြီးတဲ့အချိန်မှာ ရေကန်နားနေဆောင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်။ အပြင်ကရေတစ်ပွက်ပွက်မြည်သံပဲ ကြားရတော့တယ်။
ကျောင်းဝမ်အိမ်တော်ကလူတွေက မဝံ့မရဲရှေ့တက်ပြီး လျှောက်တင်လာတယ် “ကျွန်တော်တို့ဝမ်ရယ်လေးပါ”
ကုဟွေးရန့်ရဲ့မျက်လုံးတွေက စူးရဲနေပြီး အသံကတော့ မိုးကြိုးသံအလား ထက်ရှနေတယ် “သူ့ဖာသာသူ ပြောပလေ့စေ”
ကျောင်းဝမ်လေးက သူ့အစေခံတွေနောက်က တွန့်ဆုတ်တွန့်ဆုတ်ထွက်လာတယ်။ အသံကလည်း အတင်းညှစ်ထုတ်ရသလို တိုးတိုးလေး “ကျွန်တော်ပါ” ။ သူက ပြောပြီးတဲ့အခါ တစ်ကိုယ်တည်းရေရွတ်သလို ဂရုမစိုက်ဟန်နဲ့ ဗလုံးဗထွေးပြောပြန်တယ် “ပြုတ်မှမပြုတ်ကျတာကို၊ ငါဝမ်ရယ် နဂါးလှေကြည့်နေတာကို ဘယ်သူကသူ့ကိုလာကွယ်ခိုင်းလို့လဲ”
“အခုထက်ထိအောင် အမှားကိုနားမလည်သေးဘူးလား” ကုဟွေးရန့်က သူ့ကိုအေးစက်စက်ကြည့်တယ် “မင်းက ငယ်ငယ်လေးနဲ့ မင်းအဖေရဲ့ဘွဲ့ထူးကို ဆက်ခံထားတယ်၊ အဖေဆုံးရှုံးထားပြီး သနားလို့ မင်းကို များများစားစားမသွန်သင်ခဲ့မိတာ မင်းကို ဒုက္ခပေးလိုက်သလိုပဲဖြစ်သွားတယ်၊ ဒီလိုမျိုးအကြောက်တရားမရှိ ဆိုးသွမ်းနေပါလား”
ယန့်ဝမ်က တော်ဝင်မိသားစုရဲ့ အကြီးအကဲပါ။ ကိုးနှစ်ကလေးတစ်ယောက်ကို အသာထားဦး အရင်ကျောင်းဝမ်ဟောင်း အခုရှေ့မှာ မတ်တပ်ရပ်နေမယ်ဆိုရင်တောင် ယန့်ဝမ်ဆီကအဆူခံရလို့ ခေါင်းဖော်ရဲမှာမဟုတ်ဘူး။ ယန့်ဝမ်ကစစ်ပွဲပေါင်းများစွာတိုက်ခဲ့ဖူးပြီး စစ်ရဲ့အနိဌာရုံတွေကို တွေ့ကြုံလာခဲ့ရလို့ သူ့တစ်ကိုယ်လုံးမှာ မာန်ဟုန်ပြင်းတဲ့အရှိန်အဝါတွေရှိတယ်။ ကျောင်းဝမ်လေးက ကုဟွေးရန့်မျက်ဝန်းထဲက တင်းမာပြတ်သားတဲ့ အရိပ်အယောင်တွေကိုမြင်တဲ့အခါ တမဟုတ်ချင်းကြောက်ရွံ့လာပြီး အော်ငိုပါတော့တယ်။ ကလေးလေးရဲ့ငိုသံက စူးရှကျယ်လောင်ပြီး လူတွေကိုနားစည်ကွဲမတတ်ဖြစ်စေတယ်။ ဒါပေမယ့် ယန့်ဝမ်က နေရာမှာမတ်တပ်ရပ်နေတာပါ။ ဘယ်သူမှမလှုပ်ရဲပါဘူး။ ကျောင်းဝမ်အိမ်တော်က အစေခံတွေတောင်မှ သူတို့ရဲ့ဘိုးဘေးလေးကို ပြေးမချော့ရဲကြဘူး။
ကလေးလေးရဲ့စူးရှတဲ့ငိုသံက ပွဲကြည့်စင်တစ်ခုလုံးပဲ့တင်ထပ်နေတယ်။ ကျောင်းဝမ်ဖေးက ကပြာကယာပြေးချလာတယ်။ သူ့သားရဲ့ငိုသံကို ခပ်လှမ်းလှမ်းကကြားလိုက်တဲ့အချိန် သူ့ရင်တစ်ခုလုံးကွဲမတတ်ဖြစ်သွားခဲ့တယ်။ သူက ပရိသတ်တွေကိုတွန်းဖယ်ပြီး သူ့ရဲ့အသက်ဆက်ဗူးလေးကို ဖက်တွယ်လိုက်တယ် “ငါ့သားလေး… ငယ်ငယ်ကတည်းကချူချာတဲ့သားလေး၊ ဝမ်းနည်းပက်လက်ငိုရလောက်အောင် ဘယ်သူလုပ်လိုက်တာလဲ၊ မင်းအဖေကသနားဖို့ကောင်းလောက်အောင် အစောကြီးထွက်သွားပြီး မုဆိုးမနဲ့ဖတဆိုးသားလေးကို ထားခဲ့တယ်၊ အနိုင်ကျင့်ချင်တဲ့လူတွေကြားထဲမှာ မင်းအမေက ဘာပြောလို့ရဦးမှာလဲ….”
ကုဟွေးရန့် ခေါင်းကိုက်သွားရပါပြီ။ သူက သူ့တူကိုဆူလို့ရတယ်၊ ကျောင်းဝမ်ကိုဆူလို့ရတယ်၊ ဧကရာဇ်တောင်မှ သူသင်ပြပေးနေပြီဆိုရင် မျက်နှာတော်ကိုငုံ့ထားရတယ်။ ဒါပေမယ့် ခယ်မမုဆိုးမငယ်ငယ်လေးကိုတော့ သူဘာပြောနိုင်မှာလဲ။
ကျောင်းဝမ်ဖေးက တအီအီရှိုက်ငိုနေဆဲပါ။ ကျောင်းဝမ်ကတော့ သူ့အမေအနားရောက်လာလို့ ငိုတာကနေအံကြိတ်သံတွေဖြစ်လာတယ်။ အားတွေတက်လာပါတယ်။
ကုဟွေးရန့်က စိတ်လိုက်မာန်ပါမဆူမိအောင် ထိန်းထားဖို့ပဲတတ်နိုင်တယ်။ ဖြစ်ရပ်ကိုပဲ ရှင်းရတော့တယ် “အသက်ငယ်သေးတယ်ဆိုရင်တောင် လောကနီတိတွေ ကျင့်ဝတ်တွေ လျစ်လျူရှုလို့မရဘူး၊ သူက ငယ်တော့လို့လား အသက်(၉)နှစ်ရှိနေပြီ၊ အခြေခံကျင့်ဝတ်တွေနားလည်ဖို့အရွယ်ရောက်နေပြီ၊ လူတွေကိုအမြင့်ကနေတွန်းချတာ ကံကောင်းလို့ မတော်တဆမဖြစ်တယ်၊ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်ကြမလဲ၊ လူ့အသက်ကိုထည့်မတွေးဘဲ သူချည်းမှန်တယ်ပြောနေတယ်၊ အခုအရွယ်မနာခံတတ်ရင် ကြီးလာတဲ့အခါ လူ့အသက်ကို မြက်ပင်လေးလောက်ပဲသဘောထားတဲ့ လူဆိုးတစ်ယောက် ဖြစ်မလာဘူးလို့ပြောနိုင်မလား”
ကျောင်းဝမ်ဖေးက သူ့သားအကြောင်း ကုဟွေးရန့်ပြောတာတွေကြားတော့ ပိုပြီး ရင်ကွဲပက်လက်ဖြစ်လာတယ်။ ငိုသံတွေက ပိုကျယ်လာတယ် “ကျွန်မသားက ယန့်ဝမ်ဆီကနေ ဘာလို့ ဒီလိုစကားတွေ အပြောခံရတာလဲ… သူက အဆော့မက်ရုံမက်တာပါ… သူက ဘာအဆင့်မှန်းတောင်မသိတဲ့ မှူးမတ်တစ်ယောက်ရဲ့မိန်းမဆီ မတော်တဆဝင်တိုးမိတာပါ… ဒါကို ယန့်ဝမ်ဆီက ဒီလိုတွေကျိန်ဆဲခံရတယ်… လူတွေကိုအနိုင်ကျင့်တယ်တဲ့… လူ့အသက်ကိုမြက်ပင်လေးလိုသဘောထားတယ်တဲ့… ယန့်ဝမ်က ကျွန်မတို့သားအမိကို သေစေချင်နေတာလား… ကျွန်မသားက သူ့အဖေကို ငယ်ငယ်လေးတည်းကဆုံးရှုံးထားရတာပါ… မွေးကတည်းက ရောဂါထူပြီးချူချာလွန်းလို့ ခန္ဓာကိုယ်ကလည်း အားအင်ချိနဲ့ပါတယ်… ကျွန်မတို့သားအမိအသက်ရှင်ဖို့အရေး ကံကြမ္မာကိုပုံအပ်ထားရတာပါ… အဲ့သလို စိတ်လျော့ထားတာတောင်မှ ယန့်ဝမ်မျက်လုံးထဲ အနှောင့်အယှက်ဖြစ်နေမှန်း ကျွန်မ မသိလိုက်ပါဘူး… ကျွန်မက မုဆိုးမပါ… ဘယ်သွားသွားမင်္ဂလာမရှိပါဘူး… မယ်တော်ကြီးကိုသွားလျှောက်တင်လို့ခွင့်ပြုချက်ရပြီးတာနဲ့ မနက်ဖြန် ကျောင်းနယ်မြေကိုပြန်ပါတော့မယ်…”
ကျောင်းဝမ်ဖေးက ဘဝနဲ့ချီပြီး တစ်ဆိတ်ကိုတစ်အိတ်လုပ်ဇာချဲ့တဲ့အခါ ဘေးနားကလူတွေက ဆွဲလွဲတားဆီးပြီး နှစ်သိမ့်ကြပါတယ်။ ကျောင်းဝမ်ဖေးက ငိုနေတုန်းပါ။ သူ့ရဲ့ဝတုတ်တုတ် တောင့်တောင့်ခိုင်ခိုင်သားကိုတောင် မကြည့်အားပါဘူး။ သူ့စကားတွေထဲက အားအင်ချိနဲ့ချူချာတဲ့သားလေးက ဘယ်မှာလဲမသိပါဘူး။
ကုဟွေးရန့်က လက်တစ်ဖက်ကိုနောက်ပစ်လိုက်တယ်။ သူ့မျက်နှာကတည်ငြိမ်နေတယ်။ ဒါပေမယ့် မျက်ဝန်းတွေထဲမှာတော့ ပုန်းကွယ်နေတဲ့အားအင်တွေရှိတယ်။ ဒါကိုမြင်တော့ ရှန်းမင်သာ့က ခပ်မြန်မြန်ရှေ့ထွက်ကာ အရိုအသေပြုလိုက်ရလေတယ် “ဇနီးကိုကယ်ပေးတဲ့အတွက် ကျွန်တော်မျိုးကြီး ယန့်ဝမ်ကိုကျေးဇူးတင်ပါတယ်၊ အခုကျွန်တော့်ဇနီး ကြီးကြီးမားမားထိခိုက်တာမရှိပါဘူး၊ ဝမ်ရယ်လေးက တမင်သက်သက်လုပ်တာမဟုတ်တဲ့အတွက် ထားလိုက်ပါတော့မယ်”
ရှန်းမင်သာ့ ဒီလိုပြောရတဲ့အကြောင်းရင်းက ကုဟွေးရန့်နဲ့ကျောင်းဝမ်အိမ်တော်ကို ရန်မများစေချင်လို့ ဖြစ်တယ်။ ကျောင်းဝမ်ဖေးက သူလိုချင်တဲ့အကွက်ကိုကြားတော့ ချက်ချင်းကို ဝင်ပြောတော့တယ် “ကလေးလေးတစ်ယောက်ဆော့တာပဲကို၊ ဘာမှလည်းမဖြစ်သွားတဲ့ဟာကို ဘာဖြစ်လို့ရေးကြီးခွင်ကျယ်လုပ်နေမှန်းကိုမသိဘူး၊ ကြားထဲကကျွန်မသားလေးပဲ ကြောက်လန့်ပြီးငိုရတယ်”
ဆုံးမသွန်သင်ခြင်းမရှိတဲ့မိဘတွေကြောင့် ကလေးတွေဆိုးသွမ်းလာရတယ်။ အမေဖြစ်တဲ့ ကျောင်းဝမ်ဖေးကိုယ်တိုင်က ဒီလိုပုံဖြစ်နေမှတော့ ဝမ်ရယ်လေး လူတွေကို အမြင့်ကနေတွန်းချနိုင်တာ အံ့သြစရာမရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဝမ်ရယ်လေးက ကျောင်းဝမ်အိမ်တော်ရဲ့ တစ်ဦးတည်းသောသွေးသားလေးပဲမလား။ ကုဟွေးရန့်လည်း အဆုံးမှာတော့သနားစိတ်ဝင်ပြီး အကြံပေးစကားနည်းနည်းပဲ ထပ်ပြောလိုက်တော့တယ် “အလျော့ပေးတတ်တဲ့အမေက ရံဖန်ရံခါ သားတွေကိုပျက်စီးစေတယ်၊ မင်းဒီလိုပဲသူ့ကိုအလိုလိုက်နေမယ်ဆိုရင် သူတစ်နေ့နေ့ဒုက္ခရောက်လိမ့်မယ်”
ကျောင်းဝမ်ဖေးသည်းမခံနိုင်ဆုံးက သူ့သားမကောင်းကြောင်း လူတွေပြောကြတာပဲ။ သူက သားကိုဖက်ပြီး ကုဟွေးရန့်ဆီတစ်ချက်ကြည့်လိုက်တယ်။ ပြီးမှ အသံစာစာ ထပ်ထွက်လာပြန်တယ် “ယန့်ဝမ်က ကျွန်မတို့ကျောင်းဝမ်အိမ်တော်အောင်မြင်မှာကို မကြည့်နိုင်တာလား၊ ဘယ်လိုလုပ် ကျွန်မသားကို ရက်ရက်စက်စက်ပြောထွက်ရတာလဲ”
ယန့်ဝမ်အိမ်တော်ကလူတွေက ဒါကိုကြားပြီး ဒေါသထွက်သွားတယ်။ သူတို့က ကျောင်းဝမ်ဖေးကို မီးဝင်းဝင်းတောက်မျက်လုံးတွေနဲ့စိုက်ကြည့်တယ်။ ကျောင်းဝမ်ဖေးက ချက်ချင်းကျုံ့ဝင်သွားပြီး နောက်ထပ်တစ်ခါ ငိုချင်းချပါတော့တယ် “အမလေး ဝမ်ရယ်ရဲ့… ဒီမုဆိုးမနဲ့သားကို ဘာဖြစ်လို့ထားသွားရတာလဲ… ရှင်က တော်ဝင်မိသားစုနဲ့တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံကာကွယ်ရင်း ခေါင်းမြေခပြီး သွေးမြေကျသွားပေမယ့် ကျန်တဲ့တော်ဝင်မိသားစုတွေကတော့ ရှင့်ကိုစိတ်ထဲတောင်မရှိပါလား… ရှင်သေသွားတာတောင် ရှင့်ရဲ့တစ်ဦးတည်းသောသားကို အနိုင်ကျင့်ကြတယ်… ဒါလေးက ကျောင်းဝမ်အိမ်တော်ရဲ့နောက်ဆုံးမျိုးဆက်လေးပါ… ဝမ်ရယ်ရဲ့… ကျွန်မရှင့်ကို အသေမဖြောင့်အောင်လုပ်မိပါပြီ… ကျွန်မသေသွားတာမှ ပိုကောင်းပါဦးမယ်…”
ကုဟွေးရန့်ခေါင်းကိုက်လာရပြီပေါ့။ သူက ကျောင်းဝမ်အိမ်တော်ရဲ့မုဆိုးမကို မရိုမသေမလုပ်ဖို့ ကုမင်တနဲ့အခြားလူတွေကို လက်ဝှေ့ယမ်းပြလိုက်တယ်။ ကျောင်းဝမ်ဖေးက ဒါကိုတိတ်တိတ်လေးဂုဏ်ယူနေတယ်။ ပြီးတော့ သူ့သားကိုလက်ဆွဲပြီးထွက်သွားတယ်။ ပွဲကြည့်စင်မှာကျန်ခဲ့တဲ့ ယန့်ဝမ်အိမ်တော်ကလူတွေကတော့ ဒွာရခုနစ်ပေါက်က အခိုးငွေ့ငွေ့ထွက်နေရတယ်။ ယန့်ဝမ်က ကျောင်းဝမ်လေးကို ဆိုဆုံးမတာ သူကောင်းစားဖို့ပဲမဟုတ်ဘူးလား။ ရလဒ်ကတော့ မပြောပါနဲ့တော့… ကျောင်းဝမ်ဖေးအကွက်ထဲ ဝင်သွားရှာတယ်လေ။
မျက်နှာပျက်နေတဲ့ ကုချန်ယောက်က ကုဟွေးရန့်ကို ကြည့်လာတယ် “အဖေ…”
ကောင်းရန်ကလည်း မျက်ခုံးတွေကိုတွန့်ချိုးပြီး ရှေ့နှစ်လှမ်းတက်လာရင်း ချွေးသိပ်တယ် “အဖေ… ကျောင်းဝမ်ဖေးက စိတ်ထဲပူပန်နေလို့ ဒီလိုတွေပြောသွားတာပါ၊ အဖေစိတ်ထဲမထားပါနဲ့”
ကုဟွေးရန့်က မိန်းမတစ်ယောက်နဲ့အပြိုင် ဒေါသမထွက်လိုဘူး။ သူက နောက်ထပ်ထပ်မပြောကြနဲ့တော့လို့ လက်ကာပြတယ်။ ဒီအချိန် လင်ဝေ့ရှီးက ရုတ်တရက်လှည့်လာပြီး ကုဟွေးရန့်ကိုပြောလေတယ် “အရှင်… ကျွန်မမွန်းကျပ်နေလို့ အပြင်ထွက်ပြီးလေကောင်းလေသန့်သွားရှူလိုက်ဦးမယ်”
နောက်ပြီး ကုဟွေးရန့်ပြန်မပြောနိုင်ခင် လင်ဝေ့ရှီးက အမြန်အဆန်ထွက်သွားတယ်။
နားနေဆောင်ကလူအချို့ အချိန်ခဏလေး ကြောင်တောင်တောင်ဖြစ်သွားတယ်။ နောက်တော့ အပြင်ဘက်ကနေထွက်လာတဲ့ ကြွပ်ဆပ်ဆပ်အသံတစ်ခုကို ကြားလိုက်ရလေတယ် “ကျောင်းဝမ်ဖေး ခဏနေပါဦး”
…
ကျောင်းဝမ်ဖေးက ဇဝေဇဝါနဲ့ရပ်သွားတယ်။ လှည့်ကြည့်ပြီးလင်ဝေ့ရှီးကိုမြင်မှ အေးအေးဆေးဆေးဖြစ်သွားတယ်။ သူက စိတ်မရှည်လက်မရှည်ဖြစ်နေတယ် “မင်းကဘယ်သူမို့လို့ ငါဝမ်ဖေးကိုခေါ်ရဲရတာလဲ”
“ရာထူးဂုဏ်သိမ်အဆင့်အတန်းအရပြောမယ်ဆိုရင်တော့ ကျွန်မက သေချာပေါက် ဝမ်ဖေးလောက်မကောင်းပါဘူး၊ ဒါပေမယ့် လူသားတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် ကျွန်မက ကျောင်းဝမ်ဖေးထက်အများကြီးပိုအဆင့်မီပါတယ်၊ အခုလှမ်းခေါ်လိုက်ရတဲ့အကြောင်းရင်းကတော့ ဘယ်လိုပြုမူပြောဆိုသင့်တယ်ဆိုတာနဲ့ ကလေးကိုဘယ်လိုသင်ကြားပေးသင့်တယ်ဆိုတာ ပြောပြပေးချင်လို့”
“ရိုင်းစိုင်းလိုက်တာ”
“ဒီနေ့မတော်တဆဖြစ်တဲ့လူ မရှိသွားလို့သာ ဝမ်ဖေးဒီနေရာမှာ မော်နေလို့ရတာပါ၊ တကယ်လို့ ဝမ်ရယ်လေးက လူတွေကိုတွန်းချလိုက်တယ်ဆိုပါစို့ အောက်မှာက နက်တဲ့ရေကန်ပါ၊ လျှိုကတော်က ကိုယ်ဝန်ရှိနေတာ မတော်လို့တစ်ခုခုမှားသွားခဲ့ရင် အသက်နှစ်ချောင်းဆုံးရှုံးရပါလိမ့်မယ်၊ ကိုယ်ဝန်သည်နဲ့မမွေးလာသေးတဲ့ကလေးကို အန္တရာယ်ဖြစ်စေတဲ့အတွက် ဝမ်ဖေးနဲ့ဝမ်ရယ်လေးတို့ နောင်အနာဂတ်မှာ ကိုယ့်သားသမီးမြေးမြစ်တွေဆီ ဝဋ်ပြန်လည်မှာမကြောက်ဖူးလား”
ဒီလူမှုပတ်ဝန်းကျင်မှာ တစ်စုံတစ်ယောက်ရဲ့သားသမီးမြေးမြစ်တွေကို ဝဋ်လည်မယ်ပြောတာက အတော်လေးရက်စက်ပါတယ်။ ကျောင်းဝမ်ဖေးက ချက်ချင်းကို ရှူးရှူးရှဲရှဲဖြစ်လာတယ် “မင်း ရိုင်းစိုင်းလှချည်လား… မင်းဘယ်သူလဲ… ငါဝမ်ဖေးကိုမထီမဲ့မြင်လုပ်တဲ့အမှုနဲ့ အပြစ်ပေးရလိမ့်မယ်”
“မထီမဲ့မြင်လုပ်တယ်လို့ပြောရင်တော့ ဘယ်သူကမှအမှားလုပ်တာလဲ မသိနိုင်သေးပါဘူး၊ ဝမ်ရယ်လေးက အမျိုးသမီးတွေရဲ့နောက်မှာမတ်တပ်ရပ်နေတာပါ၊ ရှို့ခန်းမင်းသမီးကြီးနဲ့လည်း သိပ်မဝေးပါဘူး၊ ဝမ်ရယ်လေးက လူတွေကို တိုးတိုးတိတ်တိတ်လိုက်တွန်းချနေတာ… ဘယ်သူသိမှာလဲ မင်းသမီးကြီးကိုတွန်းချချင်တာလား အခြားလူတွေကိုပဲတွန်းချချင်နေတာလားလို့၊ အခုပဲဝန်ခံလိုက်တယ်မလား အဆော့မက်တာလို့လေ၊ လျှိုကတော်ကတော့ ကိုယ်စားခံရတယ်လို့ထားလိုက်ပါတော့၊ တကယ်လို့ ဝမ်ဖေးက မယ်တော်ကြီးဆီသွားပြီး ဆုံးဖြတ်ခိုင်းစေချင်ရင်လည်း… ရတယ်လေ ကျွန်မတို့အတူသွားကြတာပေါ့၊ ဒါမှ ဒီသားလေးကိုဘယ်လိုအပြစ်ပေးရမလဲ မယ်တော်ကြီးပြောစကားနားထောင်ရတာပေါ့”
ကျောင်းဝမ်ဖေး ပြောစရာပါးစပ်မရှိဖြစ်သွားခဲ့တယ်။ အဆုံးမှာတော့ ဒီကိစ္စက သူ့သားအမှားဖြစ်ပါတယ်။ သူက ယန့်ဝမ်ကို မရပ်မနား နားပူနားဆာလုပ်လိုက်နိုင်ပေမယ့် ချင်မယ်တော်ကြီးရှေ့ရောက်ရင်တော့ ကျောင်းဝမ်အိမ်တော်က တာဝန်ခံပေးရလိမ့်မှာဖြစ်ပါတယ်။ လင်ဝေ့ရှီး သူ့ကိုလှောင်ပြောင်ပြောဆိုရဲတာက မယ်တော်ကြီးရှေ့မှောက်မှာ သူ ပြဿနာမလုပ်ရဲဘူးဆိုတာ သေချာလို့ဖြစ်တယ်။
ဒါပေမယ့် ဒီလိုဆိုရင်တောင်မှ ကျောင်းဝမ်ဖေးက လေသံလျှော့လိုက်ဖို့စိတ်ကူးမရှိဘူး။ သူက လင်ဝေ့ရှီးကိုကြည့်ပြီး ဆူပူမာန်မဲလေတယ် “မင်းကိုယ်မင်း နာမည်မပြောတာနဲ့ ငါဝမ်ဖေးက မရှာနိုင်ဘူးထင်နေလား၊ စောင့်နေလိုက်… ကျောင်းဝမ်အိမ်တော်ဆီ မျက်ရည်နဲ့မျက်ခွက်လာတောင်းပန်ရတဲ့အထိ နောင်တရသွားအောင်လုပ်ပေးမယ်”
“ဟုတ်ကဲ့ပါရှင်” လင်ဝေ့ရှီးက လက်နှစ်ဖက်ကိုဟန်ပါပါပိုက်ရင်း ခေါင်းကိုစောင်းငဲ့လို့ချစ်စဖွယ်ပြုံးကာ ကျောင်းဝမ်ဖေးကိုကြည့်တယ် “ကျောင်းဝမ်ဖေးက ကျွန်မ ဒါမှမဟုတ် ကျွန်မမိသားစုကို ဘာလုပ်ဖို့ရည်ရွယ်ထားပါလိမ့်၊ အထူးတလည်စုံစမ်းမနေပါနဲ့ ဒုက္ခများပါတယ် တဲ့ပဲပြောလိုက်ပါ့မယ်၊ ကျွန်မနာမည်က လင်ဝေ့ရှီး၊ အမေက ကွယ်လွန်သွားတာကြာလှပြီ၊ အဖေကတော့ ကျုံးယုံမြို့စား လင်ယုံ၊ ကျွန်မအဖေက ကျောင်းဝမ်ဟောင်းလိုပဲ တိုင်းပြည်အတွက်အသက်ပေးရင်း စစ်မြေပြင်မှာသေသွားတာ၊ တကယ်လို့ကျောင်းဝမ်ဖေးက လှည့်ကွက်လေးထုတ်ချင်တယ်ဆိုရင် လူအများကြီးငှားစရာမလိုဘူးနော်၊ မိသားစုမှာကျွန်မတစ်ဦးတည်းရှိတော့တာမို့လို့ ကျွန်မကိုဦးတည်ရင်ပဲရပြီ၊ ကျောင်းဝမ်ဖေးလှုပ်ရှားတဲ့အချိန်ကျရင်တော့ ကျွန်မ ရုံးတော်သွားပြီးစည်တီးတိုင်ရလိမ့်မယ်၊ သူရဲကောင်းတစ်ယောက်ရဲ့သမီးကို ကျောင်းဝမ်အိမ်တော်က နှိပ်စက်နေပါတယ်လို့ပြောမှာ၊ အဲဒိအချိန်ရောက်လာရင် လူတွေ ဘယ်သူ့ဘက်လိုက်မလဲကြည့်ကြတာပေါ့”
“နင်..” ဒေါသထွက်သွားတဲ့ကျောင်းဝမ်ဖေးက လင်ဝေ့ရှီးဆီလက်ညှိုးထိုးကာ အံတကြိတ်ကြိတ်ပြောဆိုပါတော့တယ် “နင့်လိုအဆင့်အတန်းမျိုးကို ငါက ဘာမှမလုပ်နိုင်ဘူးထင်နေလား”
“မထင်ရဲပါဘူး၊ ကျွန်မက ဝမ်ဖေးဆီကသင်ယူထားတာပါ၊ ဝမ်ဖေးက ယန့်ဝမ်ကိုရင်ဆိုင်ဖို့ စစ်ပွဲမှာကျဆုံးရတဲ့အကြောင်းပြချက်ကို သုံးနိုင်ပါတယ်၊ ကျွန်မကလည်း ဝမ်ဖေးကိုရင်ဆိုင်ဖို့ ကျွန်မကိုယ်ပိုင်အမည်နာမကိုသုံးပါတယ်၊ ကျောင်းဝမ်ဖေးက မိဘမဲ့မုဆိုးမတစ်ယောက်ပါ၊ နောက်ပြီး ကျွန်မကလည်း သူရဲကောင်းရဲ့တစ်ဦးတည်းကျန်ရစ်တဲ့သမီးပါ၊ ကျောင်းဝမ်ဖေးက ကံမကောင်းအကြောင်းမလှတာကိုဗန်းပြပြီး သနားမှုကိုရှာဖွေချင်သလိုပဲ ကျွန်မလည်းတိုက်တိုက်ဆိုင်ဆိုင် အဲ့သလိုလုပ်မိတာပါ”
ကျောင်းဝမ်ဖေးက အံတင်းတင်းကြိတ်လို့ လင်ဝေ့ရှီးကိုကြည့်နေခဲ့တာမှာ ကြွေသွားဖြူဖြူတစ်စုံက ကျိုးကြေလုမတတ်ပဲ။ အဆုံးမှာတော့ စူးစူးရဲရဲအကြည့်တစ်ချက်ပေးပြီး အင်္ကျီလက်ဖျားကိုခါလိုက်ကာ ထွက်သွားတော့တယ်။
လင်ဝေ့ရှီးက ကျောင်းဝမ်ဖေးတစ်ယောက် အသက်ငယ်ငယ်ကောင်ဆိုးလေးကိုလက်ဆွဲပြီး ထွက်သွားတာကို ကြည့်နေခဲ့တယ်။ ပြီးတော့ နောက်ဖက်ကနေ လှမ်းအော်ပြောလေတယ် “ယန့်ဝမ်က ကျောင်းဝမ်လေးကောင်းဖို့ ဆုံးမရတာ၊ ဝမ်ဖေးက ကိုယ့်သားကိုယ်တကယ်ချစ်တယ်ဆိုရင် ရှန်းမိသားစုနဲ့ယန့်ဝမ်ကို တောင်းပန်ခိုင်းသင့်တယ်၊ အိမ်ပြန်ရောက်ရင် သူ့ကို တင်းတင်းကျပ်ကျပ်သင်ကြားပေးလိုက်ပါ၊ ဆိုရိုးစကားလည်းရှိတယ်မလား… လူဆိုးကို ဆိုးရွားတဲ့အရာတွေလုပ်ဖို့ မကူညီပေးသင့်ဘူးတဲ့၊ ဒီလိုမှမဟုတ်ရင် အဲဒိဆိုးယုတ်တဲ့အရာက အနှေးနဲ့အမြန် ရှင့်ဆီကိုပြန်ရောက်လာလိမ့်မယ်”
ကျောင်းဝမ်ဖေးက အခြားသူတွေ သူ့သားအကြောင်းအဆိုးပြောတာ နားမထောင်နိုင်ဘူး။ သူက ရပ်သွားပြီးလှည့်ကြည့်တယ်။ အဝေးကြီးကနေတောင် လူတွေက သူ့မျက်လုံးထဲကအဆိပ်တွေကို ခံစားမိကြတယ်။ ဒီအချေအတင်အချိန်မှာပဲ ကုမင်တက လင်ဝေ့ရှီးဘေးနားလျှောက်လာပြီး တရိုတသေပြောလေတယ် “လင်မိန်းကလေး အပြင်မှာလေတိုက်ပါတယ်၊ အထဲကိုပြန်ဝင်ရအောင်ပါ”
ဒီစကားက ကုမင်တရဲ့စကားမဟုတ်ပါဘူး။ ယန့်ဝမ်ရဲ့တိတ်တဆိတ်သဘောထားဖြစ်ပြီး ဒါကိုသွားစိန်ခေါ်လိုက်လို့မရဘူး။
မင်းက သေသူကိုအသုံးချပြီး ပွဲဖြစ်အောင်လုပ်ချင်ရင် ကိစ္စမရှိပေမယ့် လင်ဝေ့ရှီးနဲ့ပြိုင်မယ်ဆိုရင်တော့ နှုတ်သီးကောင်းလျှာပါးရက်စက်လှချည်ရဲ့လို့ သူ့ကိုအပြစ်မတင်လေနဲ့….
ကျောင်းဝမ်ဖေးက ကုဟွေးရန့်ရဲ့ တိတ်တဆိတ်ခြိမ်းခြောက်မှုကို နားလည်တယ်။ ဒီတော့ ခြေဆောင့်ပြီး ဆောင့်ကြီးအောင့်ကြီးထွက်သွားဖို့ပဲ တတ်နိုင်တယ်။
လင်ဝေ့ရှီးက အောင်မြင်မှုအကြီးကြီးရခဲ့ပါပြီ။ သူက ရေကန်ထဲက ရေကြည်စိမ်းစိမ်းတွေကိုမျက်နှာမူပြီး သက်ပြင်းတစ်ချက် ဟွန့်ခနဲပြုတယ် “တော်သေးတယ်၊ အပြင်ထွက်ပြီးအသက်ရှုလိုက်တော့ ရင်ဘတ်ထဲက တင်းကျပ်နေတာတွေအကုန်လုံး ယူပစ်သလိုပျောက်သွားပြီ၊ သွားကြစို့ အဆောင်ထဲပြန်ဝင်ကြမယ်”
လင်ဝေ့ရှီးက လှည့်ထွက်လာတယ်။ ရှုပ်ရှတ်ခတ်နေတဲ့လျှောက်လမ်းကို ဖြတ်လာတုန်းမှာ လူအချို့ခြံရံပြီး မတ်တပ်ရပ်နေတဲ့ ကုဟွေးရန့်ကို လှမ်းမြင်လိုက်တယ်။ သူက ရှက်သွားရပေမယ့် ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း တည်ငြိမ်နဲ့မျက်နှာထားနဲ့ ခပ်လှမ်းလှမ်းနေရာဆီ လျှောက်ထွက်သွားတယ်။
သူတို့ စကားနိုင်လုခဲ့တဲ့နေရာက ရေကန်နားနေဆောင်နဲ့ဝေးပေမယ့်လည်း တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့် ပီပီသသမဟုတ်ပေမယ့် စကားလုံးတွေကိုကြားနိုင်သေးတယ်။ ကုဟွေးရန့်က လင်ဝေ့ရှီး လျှောက်သွားတာကိုကြည့်နေခဲ့တယ်။ မိန်းကလေးက မျက်လွှာကိုချထားပြီး ဟန်ပန်လေးက အလွန်ချစ်စရာကောင်းတယ်။ အစောတုန်းက အစွယ်တထောင်ထောင် လက်သည်းတပြပြ လုပ်ရပ်တွေ ဘယ်ရောက်ကုန်မှန်းကိုမသိဘူး။ သူမဟုတ်တော့သလိုပဲ။
ရှန်းမင်သာ့တစ်ယောက်ကတော့ အမှန်တရားတွေသိမြင်လာတယ်လို့ ခံစားနေရတယ်။ ဒီနေရာမှာ ယန့်ဝမ်သာမတ်တပ်ရပ်မနေခဲ့ရင် ထင်ယောင်ထင်မှားတွေမြင်မိနေတာလားလို့ တွေးနေဦးမှာ။ သူမြင်ခဲ့တဲ့လင်ဝေ့ရှီးက ချစ်စရာကောင်းပြီးနှစ်လိုဖွယ်ရှိတယ်။ သူထင်လိုက်တာက နူးညံ့သိမ်မွေ့တဲ့အလှပဂေးပေါ့လေ။ ဒါပေမယ့်… နေပါဦး… အခုလေးတင် ဘာတွေကြားလိုက်မိတာလဲ…။
ကုဟွေးရန့်က အသာအယာပြုံးလေတယ်။ သူ့စကားတွေက သူ့ကိုယ့်သူပြောတာလား သူ့ဘေးနားကလူကိုပြောတာလား ခွဲခြားမရဘူး “ပြောခံရတဲ့လူက ကိုယ့်လူမဟုတ်ဘူးဆိုရင်တော့ သူ့ရဲ့ဆူပူသံတွေကိုနားထောင်ရတာ အတော်လေးအပန်းပြေစရာကောင်းတာပဲ”
တကယ်လို့ကျိုးမောက်ချန်သာ ဒီနေရာမှာရှိနေခဲ့ရင် သူလည်းဒီလိုပဲခံစားရမှာပဲ။ ကုချန်ယောက်က ဒါကိုတွေးပြီး တိတ်တဆိတ်ခေါင်းညိတ်တယ်။
ကျောင်းဝမ်ဖေးနဲ့လင်ဝေ့ရှီးရဲ့စကားစစ်ထိုးပွဲကို ရေကန်နားနေဆောင်အတွင်းကနေတောင် ဝိုးတဝါးကြားရပါတယ်။ လျှိုစုနျန်က လန့်ဖြန့်သွားရပေမယ့် သဘောကျနှစ်ခြိုက်နေတယ်။ အခြားတစ်ဖက်ကကောင်းရန်ကတော့ မပျော်မရွှင်ဖြစ်နေရပါတယ်။
သူက ယန့်ဝမ်အိမ်တော်ရဲ့ချွေးမပါ။ ယန့်ဝမ်က အဲဒိကြွက်စုတ်လိုမိန်းမရဲ့ မရပ်မနားအော်ဟစ်အနှောင့်အယှက်ပေးမှုကိုခံရချိန်မှာ မောင်းထုတ်ပေးတာက သူမဟုတ်ဘဲ အပြင်လူတစ်ယောက်ဖြစ်နေခဲ့တယ်။ ကောင်းရန်က လက်ထဲကလက်ကိုင်ပဝါကို လုံးခြေနေခဲ့တယ်။ ပွဲကို အစကနေသာပြန်စလို့ရရင် လင်ဝေ့ရှီးလူတွင်ကျယ်လုပ်တာကို လုံးဝခွင့်ပြုမှာမဟုတ်တော့ဘူး…
အခြေအနေက ပြဿနာတွေများကုန်တယ်။ လျှိုစုနျန်က နဂါးလှေကြည့်ဖို့ စိတ်မပါတော့ဘူး။ ဧကရာဇ်ရဲ့မိန်းမစိုးတစ်ယောက်ကလည်း ကုဟွေးရန့်ကို လာလာခေါ်နေတာ သုံးလေးခါလောက်ရှိနေပြီ။ ကုဟွေးရန့်လည်း ငြင်းဖို့မဖြစ်နိုင်တော့တာကြောင့် ပြန်သွားရတော့တယ်။ ကောင်းရန်ကလည်း ဒီအခွင့်အရေးမှာ ပြန်ထွက်သွားပြီး အမျိုးသမီးထုကြားပြန်လည်ဝင်ရောက်သွားတယ်။ ဒီတစ်သီးတစ်သန့်ပဲနေတတ်သူ လင်ဝေ့ရှီးကတော့ လုပ်စရာကိုင်စရာဘာမှမရှိတာကြောင့် လျှိုစုနျန်နဲ့ ကျန်နေခဲ့တော့တယ်။
သူတို့တွေ ခဏလောက်စကားပြောကြအပြီးမှာတော့ ရှန်းမင်သာ့က လျှိုစုနျန်ကို အိမ်ပြန်ဖို့လာခေါ်တယ်။ လျှိုစုနျန်က လင်ဝေ့ရှီးကို အားနာပါးနာနှုတ်ဆက်ပြီး ပြန်လိုက်သွားတယ်။ ရှန်းမင်သာ့နဲ့လျှိုစုနျန်တို့ ဖေးဖေးမမထွက်သွားကြတာကိုကြည့်ပြီး လင်ဝေ့ရှီးတစ်ယောက် အဆုံးမရှိတဲ့နွေးထွေးမှုတွေကိုခံစားနေရပါတယ်။
အခုတော့ ရေကန်နားနေဆောင်မှာကျန်ခဲ့တဲ့လူ သူတစ်ယောက်တည်းဖြစ်သွားပါပြီ။ သူက ဆက်လက်ထိုင်နေခဲ့ပြီး တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ သက်ပြင်းသဲ့သဲ့ချမိတယ်။
ခဏကြာတော့ မိုးတွေကရွာလာတယ်။ ဝမ်ရှင်းက စိုးရိမ်တကြီးဆိုလေတယ် “သခင်မလေး ကျွန်မတို့ထီးမယူလာမိဘူး၊ ဘယ်လိုလုပ်ကြမလဲ”
ပြတင်းပေါက်အပြင်ဘက်က မိုးရေစက်တွေကို လင်ဝေ့ရှီးကြည့်နေခဲ့ရင်း အရေးမစိုက်သလိုပြောလိုက်ပါတယ် “ဘာလုပ်ရမှာလဲ စောင့်ပေါ့၊ ယန့်ဝမ်က ငါတို့ကို ပစ်မထားခဲ့လောက်ပါဘူး”
ဒီစကားသံထွက်ပြီးပြီးချင်းမှာပဲ မမြင်ရတဲ့အကွယ်ချိုးကနေ ခြေသံတွေထွက်လာပြီး လူသဏ္ဍာန်တစ်ခုပေါ်လာတယ်။ ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ထီးက ဖြည်းဖြည်းချင်းမြင့်တက်လာပြီး ရောက်လာသူရဲ့မျက်နှာက လင်ဝေ့ရှီးရဲ့မျက်ဝန်းထဲ အပြင်ဘက်ကမိုးရေစက်တွေနဲ့အတူ တဖြည်းဖြည်းဝင်ရောက်လာတယ်။
ဒီလူက ကုချန်ယောက်ပါ။
……..