(23) ယုတ်မာသည့်အကြံ
ရောက်လာသူရဲ့မျက်နှာကိုမြင်ပြီး သူကိုယ်တိုင်နားမလည်လိုက်ခင်မှာတင် လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေအေးစက်သွားခဲ့တယ်။
ဘယ်သူလာမယ်လို့ ထင်လိုက်မိလို့လဲ….
“လင်မိန်းကလေး..” ကုချန်ယောက်က အဆောင်ထဲကိုမဝင်ဘူး၊ ပြတင်းအပြင်ဘက်နေလှမ်းပြောတယ် “အဖေက လင်မိန်းကလေးကိုလာခေါ်ခိုင်းလိုက်လို့ပါ”
လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေက မိုးတွေရွာနေတဲ့ဘက်ကိုပြန်လှည့်သွားတယ်။ မိုးတွေက ခပ်စိပ်စိပ်ရွာသွန်းနေတယ်။ ရှီးယွမ်ဆိုတာကလည်း နဂိုရေပြင်ကြီးပဲဖြစ်တာကြောင့် မိုးတွေရွာသွန်းတဲ့အခါ မီးခိုးရောင်ကောင်းကင်က ရေပြင်ကျယ်ကြီးနဲ့ထိစပ်သွားသလို ဖြစ်နေခဲ့တယ်။ မျက်စိတဆုံး မီးခိုးရောင်မြူခိုးရေငွေ့တွေချည်းပါပဲ။
“လင်မိန်းကလေး..”
“မိုးကသည်းနေတုန်းပဲ၊ ရှင့်မှာထီးပါလာတယ်ဆိုရင်တောင် အပြင်ထွက်လိုက်တာနဲ့ ကျွန်မတစ်ကိုယ်လုံးရွှဲရွှဲစိုကုန်မှာ၊ ခဏလောက်စောင့်ကြည့်ရအောင်လား… (၅)လပိုင်းမိုးက သိပ်မကြာတတ်ပါဘူး”
ဒီအကြံပြုချက်ကိုကြားတဲ့ ကုချန်ယောက်ရဲ့မျက်ခုံးတွေ အလိုလျောက်တွန့်ချိုးသွားတော့တာပေါ့။ သူတို့တွေက ယောင်္ကျားတစ်ယောက်နဲ့မိန်းမတစ်ယောက်လေ။ တစ်ခန်းထဲအတူရှိနေတယ်ဆိုတာ ကြားလို့မသင့်တော်ဘူး။
လင်ဝေ့ရှီးက ကုချန်ယောက်ကိုအေးစက်စက်ကြည့်တယ်။ သူ့လေသံကတော့ မချိုသာလှပါဘူး “ကျွန်မက ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ပြောမိတာပါ၊ ကျွန်မကအားနည်းတော့ လေလေးနည်းနည်းလောက်တိုက်တာနဲ့ ခေါင်းကိုက်ချင်နေပြီ၊ မိုးသာမိသွားရင် ဒီနေ့ပြန်နိုင်မှာမဟုတ်တော့ဘူး၊ ဒါပေမယ့် ဆက်ခံသူ မစောင့်ချင်ဘူးဆိုရင်လည်း မြန်မြန်ပြန်လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ဆက်ခံသူကကျန်းမာရေးကောင်းတော့ ဒီလောက်လေလေးမိုးလေး စိုးရိမ်နေစရာမှမရှိတာ”
ကုချန်ယောက်က သူ့ဒုက္ခ သူမရှာလိုဘူး။ မိုးတွေကသည်းနေတုန်း..။ ရွေးချယ်စရာရှိမှတော့ အပြင်ထွက်ပြီးမိုးစိုခံ မနေတော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် လင်ဝေ့ရှီးက ထွက်မသွားနိုင်ဘူးဆိုမှတော့ ရေကန်နားနေဆောင်ထဲ ခဏတစ်ဖြုတ်စောင့်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်လို့ တွေးလိုက်တယ်။
ကုချန်ယောက်က နောက်လိုက်တွေကို မိုးကာတွေချွတ်ထားဖို့ပြောလိုက်တယ်။ ဒါပေမယ့် သူကတော့ တံဆက်မြိတ်အောက်က ပြတင်းပေါက်နားမှာပဲမတ်တပ်ရပ်နေပြီး လင်ဝေ့ရှီးရှိရာ အဆောင်တွင်းမဝင်လာဘူး။ ဒီလိုကုချန်ယောက်ရဲ့အပြုအမူတွေက သာမန်မိန်းမတစ်ယောက်အတွက်ဆိုရင်တော့ ယောင်္ကျားကောင်းပီသတဲ့ အကျင့်စရိုက်တွေ ဖြစ်လိမ့်မယ်။ ဒါပေမယ့် လင်ဝေ့ရှီးအတွက်ကတော့…. လင်ဝေ့ရှီးနှလုံးသားထဲမှာတော့ အေးစက်ပြီးလစ်ဟာမှုကိုပဲ ခံစားရပါတယ်။
နှစ်ယောက်သားက ထူးထူးဆန်းဆန်းလေထုထဲ ကမောက်ကမဖြစ်ပြီး တိတ်ဆိတ်သွားတယ်။ သာမန်အချိန်တွေမှာ စကားကောင်းကောင်းပြောနိုင်တဲ့လင်ဝေ့ရှီးက ဒီခဏမှာအံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေတယ်။ ကုချန်ယောက်က ခဏလောက်နှုတ်ဆိတ်သွားပြီးမှ ရုတ်တရက်ထပြောတယ် “ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”
ကုချန်ယောက်ရဲ့စကားက သူ့ကိုပြောတာမှန်း နားမလည်လိုက်ခင် လင်ဝေ့ရှီးခဏလောက်မှင်သက်သွားသေးတယ်။ သာမန်အတိုင်းဆို လူတွေက တစ်ယောက်နဲ့တစ်ယောက်စကားမပြောဘဲ မျက်နှာချင်းဆိုင်ထိုင်နေရင်တောင် အနည်းဆုံးတော့ မျက်ဝန်းချင်းဆုံကြသေးတယ်မလား။ ဒါပေမယ့် သူတို့က မဟုတ်ဘူးလေ။ ကုချန်ယောက်က အပြင်ဘက်ကမိုးရေပြင်ကျယ်ကြီးကို ကြည့်နေဆဲပါ။ လင်ဝေ့ရှီးက မျက်လုံးလှန်ကြည့်ရင်း စိတ်မပါလက်မပါဆိုလေတယ် “မလိုပါဘူး၊ ကျွန်မက လူတွေ ယန့်ဝမ်ကိုအပြစ်တင်ကြတာ မခံနိုင်လို့ပါ၊ ယန့်ဝမ်အိမ်တော်အတွက်မဟုတ်ပါဘူး၊ ဆက်ခံသူအတွက်ဆို ပိုလို့တောင်မဟုတ်ဘူး၊ ကျေးဇူးတင်စကား ပြောစရာမလိုပါဘူး”
ကုချန်ယောက်ကပြုံးတာပေါ့။ အဆုံးသတ်ကျမှ သူကလင်ဝေ့ရှီးဆီလှည့်ကြည့်တယ် “မိန်းကလေးကိုကြည့်ရတာ ကျွန်တော့ကိုအရမ်းမုန်းနေသလိုပဲ၊ စတွေ့ကတည်းက စည်းခြားထားသလိုပဲ ပြီးတော့ ရင်းရင်းနှီးနှီးမရှိဘူး၊ ကျွန်တော်တို့ မတွေ့ဖူးဘူးလေ … မိန်းကလေးကိုအပြစ်ပြုမိတာမရှိလောက်ပါဘူး… ရှိနေလို့လား”
“ဆက်ခံသူက ကလေးဘဝတည်းက တစ်မိုးအောက်တစ်ယောက်ဖွားသခင်လေးပါ၊ လက်ညှိုးညွှန်ရာရေဖြစ်တတ်လို့ ပြင်ပကမ္ဘာကြီးရဲ့သရုပ်မှန်ကို မမြင်ဖူးဘူးထင်ပါတယ်၊ ကျွန်မက ဒီနေ့ ဆက်ခံသူကို မိန်းမတွေဘယ်လောက် ထောင်လွှားတတ်ပြီး ရိုင်းစိုင်းလဲဆိုတာ ပြမိသွားတာပေါ့၊ တစုံတယောက်ကိုနှစ်သက်ဖို့ ကျွန်မမသိဘူး၊ ဒါပေမယ့် တစုံတယောက်ကိုမုန်းတီးဖို့က အကြောင်းပြချက်လိုလို့လား …ဆက်ခံသူရဲ့”
လင်ဝေ့ရှီးကတွေးပါတယ်။ ကုချန်ယောက် စိတ်ဆိုးနေလောက်ပြီပေါ့…။ ဒါပေမယ့် သူကစိတ်ဆိုးမနေဘူး။ အဲဒိအစား ခေါင်းကိုပဲယမ်းပြီး ပြုံးလာတယ် “မိန်းကလေးက ကျွန်တော့်ကိုတကယ်ကြီးမုန်းနေတာပဲ”
ကုချန်ယောက် စိတ်မဆိုးပါဘူး။ အဆင့်အတန်းရော၊ဂုဏ်ပုဒ်တွေပါ သူ့အောက်အများကြီးနည်းပါးလွန်းတဲ့ ဒီအားနည်းတဲ့မိန်းမငယ်လေးကို ယဉ်ယဉ်ကျေးကျေးပဲပြန်ပြောနေခဲ့တယ်။ လင်ဝေ့ရှီးရဲ့နှလုံးသားထဲမှာတော့ ပိုပိုပြီးဝမ်းနည်းလာရတယ်။ သူက သူစိမ်းမိန်းမတစ်ယောက်ရှေ့မှာ ယောင်္ကျားကောင်းတစ်ယောက် ဖြစ်နေနိုင်ပေမယ့် ကွယ်လွန်ခဲ့ပြီးတဲ့ဇနီးဖြစ်သူရဲ့စကားတွေကိုတော့ ဘာကြောင့်တစ်ခွန်းပြည့်အောင် နားထောင်မပေးခဲ့နိုင်တာလဲ…
ဒီအချိန်မှာ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေတာကြောင့် ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အဆောင်အပြင်ဘက်က တဖျောက်ဖျောက်မိုးသံတွေက လူတွေကို ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖန်တီးပေးလိုက်တာမျိုးလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်… လင်ဝေ့ရှီးက ရုတ်တရက် ကောင်းရှီးဖြစ်ခဲ့တုန်းကအတိတ်ဘဝအကြောင်းကို ပြန်ပြောင်းပြောဆိုလာခဲ့တယ်။ ဒီစကားတွေကို သူ့ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး မပြောနိုင်တော့ဘူးလို့ ထင်ခဲ့မိတာပါ “ဆက်ခံသူ… ကျွန်မ ရှင့်အပေါ်မှာ ယုတ္တိမတန်ခဲ့မှန်းသိပါတယ်၊ ဒါပေမယ့် အမူအကျင့်ကောင်းတွေကိုထိန်းသိမ်းပြီး စိတ်အေးအေးနားထောင်ပေးပါ၊ ရှင်က မင်းမျိုးမင်းနွယ်တွေအတွက် စံပြသားတစ်ယောက်မို့လို့ ငယ်ငယ်ကတည်းက အကောင်းဆုံးသင်ကြားပြသပေးခံခဲ့ရမယ်ဆိုတာ ယုံပါတယ်၊ လူတွေကိုအကောင်းဆုံးဆက်ဆံတတ်တယ်ဆိုတာလည်း ယုံပါတယ်၊ ဒါပေမယ့် အနီးကပ်ဆုံးတစ်ယောက်နဲ့ကျတော့ ဘာဖြစ်လို့ လုံးလုံးပြောင်းလဲသွားတဲ့လူလို ဖြစ်သွားရတာလဲ”
“အနီးကပ်ဆုံးတစ်ယောက်..” ကုချန်ယောက် ဇဝေဇဝါဖြစ်သွားလေရဲ့ “ကျွန်တော်က အဖေ့ကိုရိုသေလေးစားပြီး သားတစ်ယောက်ရဲ့တာဝန်တွေ အမြဲတမ်းကျေပွန်ပါတယ်၊ အိမ်တော်ကလူတွေကိုလည်း ဘယ်တုန်းကမှ ဟောက်လားဟမ်းလားမလုပ်ဖူးပါဘူး၊ ကြင်ယာတော်ကိုတော့….”
ကုချန်ယောက်ရဲ့စကားသံတွေရပ်သွားပြီး အကြည့်တွေကအေးခဲသွားတယ်။ သူက မျက်ဝန်းထဲက စူးစမ်းလိုတဲ့အကြည့်တွေကို မဖုံးကွယ်ထားဘူး “မိန်းကလေးကဘာကိုဆိုလိုတာလဲ၊ ဘယ်လိုသိတာလဲ”
“ဘာမှမဟုတ်ပါဘူး၊ အိမ်တော်ထဲမှာ အစေခံတွေပြောတာကြားလို့ အမှတ်တမဲ့နားထောင်မိတာပါ” မိုးသည်းနေ့တစ်နေ့ရဲ့ ရေကန်နားနေဆောင်က ခါတိုင်းထက်ပိုပြီးမှောင်နေပါတယ်။ လင်ဝေ့ရှီးက အညိုရင့်ရောင်စန္ဒကူးသားထိုင်ခုံပေါ်မှာ ထိုင်နေတယ်။ အသားအရေကကြည်လင်နေပြီး မျက်နှာက နူးညံ့နေတယ်။ အမှောင်ထဲမှာ တောက်ပလုမတတ်ဖြစ်နေခဲ့တယ်။ သူက ကုချန်ယောက်ကိုကြည့်နေပါတယ်။ ကိုယ်ဟန်အနေအထားက ပန်းချီကားတစ်ချပ်လို သိမ်မွေ့လွန်းနေပြီး စူးစူးစိုက်စိုက်ဖြစ်နေတဲ့သူ့မျက်ဝန်းတွေကိုမြင်ရတာ ရှားတောင့်ရှားခဲ့ဖြစ်ရပ်လို့ ပြောလို့ရတယ် “ဆက်ခံသူက မြင့်မြတ်တဲ့တော်ဝင်သခင်လေးတစ်ယောက် ဖြစ်မှာပါ၊ ဒါပေမယ့် ပထမဇနီးအပေါ်မှာ တအားလျစ်လျူရှုခဲ့လွန်းတယ်၊ ဘာကြောင့်လဲ ကျွန်မသိခွင့်ရှိမလား”
ကုချန်ယောက်က လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေထဲကို တည့်တည့်ကြည့်လိုက်တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး… ရုတ်တရက်အကြည့်ကိုလွှဲပြီး ဆက်မကြည့်တော့ဘူး “အကြောင်းပြချက်မရှိဘူး၊ သူက ကျွန်တော့်ကိုလှည့်စားတယ် ကျွန်တော့်ရဲ့ဖူးစာဖက်အိမ်ထောင်ရေးကို တမင်သက်သက်ဖျက်ဆီးတယ်၊ ကျွန်တော်က အလိမ်အညာတောထဲမှာ ရှေ့ဆက်နေရမှာလား”
“ဒါကြောင့်လား… ဒီအကြောင်းပြချက်ကို မင်းသမီးကြီးအိမ်တော်သွားဖို့ငြင်းတုန်းက ကျွန်မကြားခဲ့ပြီးပြီလေ” လင်ဝေ့ရှီးရဲ့အကြည့်တွေက ကုချန်ယောက်ကိုဖြတ်သွားပြီး သူ့နောက်ဖက်က မိုးရေတွေဆီရောက်သွားတယ်။ သူ့နှုတ်ခမ်းတွေကတော့ ဘာရယ်ကြောင့်မှန်းမသိ ပြုံးနေပါတယ် “ဆက်ခံသူကို ယန့်ဝမ်ဆူတုန်းကဟာကို မှတ်မိလား၊ အခု ကျွန်မပြောချင်တာ အဲ့ဟာပဲ၊ ဆက်ခံသူက အမြဲတမ်းယုံလွယ်တယ်၊ ဆုံးဖြတ်ချက်ကိုချတဲ့အချိန်တုန်းက သူ့ကိုပွင့်ပွင့်လင်းလင်းမေးဖူးခဲ့လား၊ အဖြစ်မှန်ကို တကယ်နားလည်သွားရဲ့လား၊ ဆက်ခံသူရဲ့ အဲဒိယုံကြည်လွယ်လွန်းတဲ့ဒဏ်ကို အနှေးနဲ့အမြန် ပြန်ပေးဆပ်ရလိမ့်ဦးမှာ”
ကုချန်ယောက်က ဒီလိုစကားတွေကြားရမယ်လို့ မမျှော်လင့်ထားဘူး “မိန်းကလေး.…”
လင်ဝေ့ရှီးက သူ့စကားကိုဆုံးအောင်မစောင့်ဘဲ သက်ပြင်းယဲ့ယဲ့လေးချပြန်တယ် “အဲဒိနေ့ကိုမြင်ရဖို့ ကျွန်မဆုတောင်းတယ်”
ကုချန်ယောက်က လင်ဝေ့ရှီးရဲ့မျက်နှာကိုကြည့်တယ်။ သူ့နှလုံးသားထဲမှာ အပြုံးတစ်ခု ဖြစ်ထွန်းလာခဲ့တယ်။ အခုလေးတင်ဖြစ်ခဲ့သမျှအရာတွေကို ရှင်းပြဖို့မလိုတော့သလိုပေါ့။ သူက ရယ်တယ်၊ ပြီးတော့ ပြောတယ် “ဒါဆိုလည်း လင်မိန်းကလေးမျှော်လင့်သလို အကောင်းဆုံးဖြစ်လာပါစေဗျာ”
လင်ဝေ့ရှီးက အသာတိုးတိုး ဟွန့်ခနဲလုပ်လေတယ်။ သူက ဒီလိုလုပ်လိုက်ဖို့ကိုလည်း ရှိုးတိုးရှန့်တန့်ဖြစ်မနေဘူး။
ဒီဖြစ်ရပ်အပြီးမှာတော့ သူနဲ့လင်ဝေ့ရှီးကြားထဲကအကွာဝေးက အတော်ကြီးနီးကပ်လာတယ်လို့ ကုချန်ယောက် ခံစားလိုက်ရတယ်။ ဒါကြောင့် စိတ်အလိုလိုက်ပြီး ပြောချင်တာလေးတွေ ထပ်ပြောလိုက်တော့တယ် “လင်မိန်းကလေး အိမ်တော်ကိုရောက်စက ကျွန်တော်အများကြီးကျေနပ်လှရယ်မဟုတ်ဘူး၊ ဒါပေမယ့် အခုတော့ ကျွန်တော့်ထင်မြင်ချက်တွေ အတိအကျမှန်ကန်မနေဘူးဆိုတာ သိသွားပြီ၊ မိန်းကလေးလိုမျိုးစရိုက်လက္ခဏာရှိတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်မနှစ်သက်နိုင်ဘူးလို့ ထင်ခဲ့မိတာ အကြာကြီးသိကျွမ်းလာပြီးတော့မှပဲ မိန်းကလေးရဲ့စရိုက်က ရိုးရှင်းပြီး တဲ့တိုးဆန်တဲ့လူမှန်း သိတော့တယ်၊ ဒါပေမယ့် ချစ်စရာကောင်းတာလေးတော့ နည်းနည်းလျော့သွားတာပေါ့” ဒါပေါ့… လင်ဝေ့ရှီးက သူ့ကိုလာလာဆွမနေဘူးဆိုရင် အများကြီးပိုပြီး ချစ်စရာကောင်းလိမ့်မှာ။
လင်ဝေ့ရှီး ထောင်းခနဲဒေါသထွက်သွားလေရဲ့ “ရှင်နှစ်သက်တာကို ဘယ်သူကလိုချင်နေလို့လဲ၊ ကျွန်မက ရုပ်ရည်ကြောင့်လည်း ကျော်ကြားတယ်၊ အရမ်းလည်းချမ်းသာတယ်၊ ငယ်တယ် လှပတယ်၊ ကျွန်မသာလိုချင်ရင် ယောင်္ကျားတွေပေါမှပေါ…ကျွန်မက ရိုးရှင်းတဲ့တိုးဆန်လို့ ချစ်စရာမကောင်းပေမယ့်… ရှင်လာပြောစရာမလိုဘူး၊ ရှင့်ရဲ့ချစ်စရာကောင်းလွန်းလှတဲ့ကြင်ယာတော်ဆီသာ ပြန်သွားလိုက်ပါလား”
လင်ဝေ့ရှီး ဒီလိုပြင်းပြင်းထန်ထန်တုန့်ပြန်လိမ့်မယ်လို့ ကုချန်ယောက်မထင်ထားဘူး။ သူက မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ တခိခိရယ်လေတယ် “မိန်းကလေးက ကောင်းရန်ကို ရန်လုပ်လွန်းတယ်”
“သြော် သူကရော ကျွန်မကို ရန်မလုပ်ဘူးထင်လို့လား၊ ကျွန်မအကြောင်းတွေ သူ ရှင့်ကို အိပ်ရာထဲ နှစ်ကိုယ်ကြားဘာတွေပြောထားလဲ… ပြန်မှတ်မိအောင် ကူညီရဦးမှာလား”
ဒါကိုကြားတော့ ကုချန်ယောက်က လက်ကိုတင်းတင်းဆုပ်ပြီး ချောင်းဟန့်မိလျက်သားဖြစ်သွားတယ် “အဟွတ်… မိန်းကလေးက အုပ်ထိန်းမှုအောက်ကမထွက်သေးတဲ့ မိန်းမငယ်လေးပါ၊ ဘာလို့ ဒီလိုတွေပြောနိုင်ရတာလဲ”
လင်ဝေ့ရှီးက ခဏလောက်ရပ်သွားပြီးမှ ဒေါသတကြီးတုန့်ပြန်တော့တယ် “ရှင့်ဖာသာရှင် မတော်တရော်တွေတွေးပြီး ကျွန်မကို အပြစ်လာတင်နေတယ်”
...
မိုးစဲသွားချိန်မှာတော့ ဒီစကားဝိုင်းက လင်ဝေ့ရှီးရဲ့တောင်စဉ်ရေမရတစ်ဖက်သတ်စကားတွေနဲ့ အဆုံးသတ်သွားခဲ့တယ်။ ကုချန်ယောက်က လင်ဝေ့ရှီးကို လက်မှိုင်ချကြည့်ပြီးပြောတယ် “မိုးတိတ်သွားပြီ၊ အခုအချိန်ပြန်ရင် ရွှဲရွှဲမစိုတော့ဘူး၊ ကျွန်တော်တို့ ပြန်လို့ရပြီလား”
မကျေမနပ်ဖြစ်နေတဲ့လင်ဝေ့ရှီးက ခပ်မြန်မြန်ထရပ်ပြီး တစ်ကိုယ်တည်းထွက်သွားတော့တာပေါ့။ အမှောင်ထဲမှာကျန်ခဲ့တဲ့ကုချန်ယောက် သက်ပြင်းကိုသာချပြီး နောက်လိုက်ရတော့တယ်။
…
ဒီအချိန်မှာ တစ်ဖက်ကကောင်းရန်က ယန့်ဝမ်ဆီကနေ ကုချန်ယောက်ကိုတွေ့မိလားဆိုတဲ့အမေးစကားကို ရရှိခဲ့ပေမယ့် သူ့မှာဖြေစရာမရှိခဲ့ပါဘူး။ သူက ဟိုဟိုသည်သည်လိုက်စုံစမ်းပြီးမှပဲ ကုချန်ယောက် လင်ဝေ့ရှီးကိုသွားကြိုပြီး ပြန်မရောက်လာသေးမှန်းသိသွားတယ်။
ကောင်းရန်က နှလုံးသားထဲမှာရယ်သွမ်းသွေးမိတယ်။ မိုးဖွဲကလေးပဲကျန်တဲ့အချိန်မှာတော့ သူက ရေကန်နားနေဆောင်ရှိရာ အသော့နှင်ခဲ့ရပါတယ်။
သူက လမ်းတစ်ဝက်ပဲရောက်သေးတယ်။ ထောင့်ချိုးကနေလျှောက်လာနေတဲ့ လင်ဝေ့ရှီးနဲ့ကုချန်ယောက်ကို မြင်တယ်။ တစ်ယောက်က အရပ်ရှည်ပြီးခန့်ညားတယ်၊ တစ်ယောက်က မတရားလှပပါတယ်။ နှစ်ယောက်သားက ရေခိုးရေငွေ့အလယ်မှာ လျှောက်လှမ်းလာကြတာ အရင်ဘဝက အိုင်ဒေါလ်ဒရာမာဇာတ်ဝင်ခန်းတွေထက် ပိုပြီးလှပတယ်။
သူသိလိုက်တယ်။ ဒီနှစ်ယောက်ကြား တစုံတခုပြောင်းလဲနေပြီဆိုတာကိုပေါ့။ အနေအထားက ခန့်မှန်းမရပေမယ့် ဒီလူနှစ်ယောက်ကြားဆက်ဆံရေး အများကြီးတိုးတက်သွားတယ်လို့ အလိုလိုသိလိုက်ပါတယ်။
ကုချန်ယောက်က သူ့ဆီ အပြုံးလေးနဲ့လှမ်းလာတဲ့ကောင်းရန်ကိုလှမ်းမြင်လိုက်တယ်။ လင်ဝေ့ရှီးက သူ့နောက်ကလူကိုလှည့်မေးတယ် “ဘယ်အချိန်နန်းတော်ကပြန်မှာလဲ” အဖြေအတိအကျရပြီးတဲ့အချိန်မှာ လင်ဝေ့ရှီးက ခေါင်းတစ်ချက်ညိတ်ပြီး လှည့်မကြည့်ဘဲထွက်သွားတော့တယ်။ သူက အားတုံ့အားနာဖြစ်နေတာမျိုးတောင် မရှိပါဘူး။ ကောင်းရန်ရဲ့မျက်လုံးတွေ လင်ဝေ့ရှီးရဲ့နောက်ကျောကိုစိုက်ကြည့်နေခဲ့တာကို ကုချန်ယောက်မြင်တယ်။ သူက ခေါင်းကိုစောင်းပြီး ထူးထူးဆန်းဆန်းကြည့်ကာမေးလိုက်တယ် “ဘာဖြစ်လို့လဲ… မင်းကိုကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါက်တယ်”
“မဖြစ်ပါဘူး” ကောင်းရန်က စိတ်ကိုအတင်းချုပ်တည်းထားခဲ့ရပါတယ်။ သူက မြောက်မြားလှတဲ့အစေခံတွေခြံရံပြီး နန်းတော်ထဲကလျှောက်ထွက်လာခဲ့တယ်။ အခုတော့ သူတို့တွေကြည့်လိုက်တဲ့အချိန် လင်ဝေ့ရှီးရဲ့ပုံပန်းသဏ္ဍာန်လေးကို မြင်နိုင်ပြီ။ လင်ဝေ့ရှီးက ပိန်ပါးသွယ်လျပေမယ့် တစ်ဖြောင့်တည်းချည်းမဟုတ်ဘူး။ သေးသွယ်တဲ့ခါးနဲ့ ဖြောင့်စင်းတဲ့ပုခုံးတန်းတွေရယ် သွယ်လျတဲ့လည်တိုင်လေးပါ မိန်းမတစ်ယောက်မှာရှိသင့်တဲ့ အမို့အမောက်တွေရှိတယ်။ လူတွေက အနောက်ဘက်ကနေကြည့်တာတောင် အဆုံးမရှိတဲ့လှပမှုကိုမြင်နိုင်ပါတယ်။ ဒါကိုကြည့်ပြီး ကောင်းရန်ရဲ့အတွေးတွေ ပိုလို့ပြတ်သားလာခဲ့တယ်။
လင်ဝေ့ရှီးကို အိမ်တော်မှာဆက်ထားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာပဲဖြစ်ပါစေ ယန့်ဝမ်အိမ်တော်မှာ ဆက်လက်နေထိုင်ဖို့ ခွင့်မပြုနိုင်တော့ပါဘူး။
ကောင်းရန်ရုတ်တရက်သတိရသွားခဲ့တယ်။ ဒီနေ့ ချင်မိသားစုက မသိမသာစကားလမ်းကြောင်းလာတာကိုပေါ့။ ချင်မယ်တော်ကြီးက အဆုံးသတ်မှာ မယ်တော်ကြီးဖြစ်သွားခဲ့ပြီး ချင်မိသားစုက ကောင်းချီးပေးခံရခဲ့ပြီ။ အခု သူတို့က မြို့တော်မှာ ဂုဏ်သရေအရှိဆုံးဆွေတော်မျိုးတော်တွေဖြစ်ကြတယ်။ ချင်မိသားစုသားက လင်ဝေ့ရှီးကို မြင်မြင်ချင်းသဘောကျသွားခဲ့တာ ဘယ်ရှုထောင့်ကကြည့်ကြည့် လင်ဝေ့ရှီးရဲ့ကုသိုလ်ပဲမလား။ တကယ်လို့ ဒီချင်မိသားစုဒုတိယသားက ပန်းကလေးတွေကြားထဲပျော်ပါးတတ်တဲ့ မျက်နှာများသူတစ်ယောက်ဖြစ်တာတောင်မှလေ…
ငြင်းစရာအကြောင်းတစ်စက်မှမရှိဘူး။ လင်ဝေ့ရှီးက မင်းသမီးကြီးအိမ်တော်ပြေးမယ်ဆိုရင်တောင် အနောက်ဖက်တောင်တန်းမှာနေဝင်နေပြီဖြစ်တဲ့ ဒီအဘွားကြီး ရှို့ခန်းမင်းသမီးက ချင်မယ်တော်ကြီးရဲ့မိသားစုကို အာခံနိုင်မှာတဲ့လား။
ဒါက လင်ဝေ့ရှီးရဲ့ကောင်းကျိုးအတွက်လုပ်ရတာပါလို့ ကောင်းရန်က သူ့ကိုယ်သူပြောနေမိပါတယ်။ လင်ဝေ့ရှီးလို ဘာမှမရှိတဲ့မိဘမဲ့တစ်ယောက်က မယ်တော်ကြီးရဲ့တူတော်ကို တရားဝင်ဇနီးအဖြစ်လက်ဆက်နိုင်တာ တကယ့်ကိုကောင်းချီးဖြာတဲ့မင်္ဂလာပဲပေါ့…
………