(24) ဇနီးမယား
Viewers 10k

(24) ဇနီးမယား

နဂါးလှေပွဲတော်ကာလတစ်လျှောက်လုံး မိုးတွေရွာသွန်းနေခဲ့တယ်။ နန်းတွင်းပွဲအခမ်းအနားကျင်းပတဲ့ရက်ကတည်းက မြို့တော်တခွင်လုံး ရွာချနေခဲ့တာ ရက်တွေအများကြီးရှိနေခဲ့ပြီ။

“လင်မိန်းကလေး” ခြံဝန်းဆီရောက်လာတဲ့ဧည့်သည်က ကိုယ်ပေါ်ခြုံထားတဲ့မိုးကာကိုချွတ်ပြီး လျှောက်လမ်းဘေးမှာချလိုက်တယ်။ သူက ကိုယ်ပေါ်ကမိုးရေတွေကိုခါချပြီး လင်ဝေ့ရှီးကိုအပြုံးလေးနဲ့ပြောပါတယ် “ကြင်ယာတော်က လင်မိန်းကလေးကိုပြောစရာရှိလို့ ဖိတ်ခိုင်းလိုက်ပါတယ်”

ဝမ်ရှင်းက အပြင်ဘက်မှာရွာနေတဲ့မိုးတွေကိုကြည့်တယ်၊ နောက်တော့ သတင်းပါးလာသူကို မေးခွန်းထုတ်သလိုကြည့်တယ် “မိုးတွေရွာနေတယ်လေ၊ ဘာဖြစ်လို့ ကြင်ယာတော်က ဒီအချိန်မှ သခင်မလေးကိုခေါ်ရတာလဲ”

“ကျွန်တော်မျိုးမ မသိပါဘူး၊ လင်မိန်းကလေးကို အရေးတကြီးပြောစရာရှိလို့ ဖြစ်ပါလိမ့်မယ်”

လင်ဝေ့ရှီးက ညောင်စောင်းပေါ်ကထလာပြီး ပြောလိုက်တယ် “အရေးကြီးကိစ္စဆိုမှတော့ သွားကြတာပေါ့”

ဝမ်ရှင်းက အခန်းထဲမြန်မြန်ပြန်ဝင်ပြီး လင်ဝေ့ရှီးရဲ့ခြုံထည်ကိုသွားယူလာတယ်။ သူက တစ်ဖက်ကလည်း လင်ဝေ့ရှီးကိုခြုံပေးနေပြီး တစ်ဖက်က တစ်ယောက်တည်းပွစိထိုးနေပါတယ် “သခင်မလေးက နန်းတော်ကပြန်လာပြီးကတည်းက နေကောင်းချင်တာမဟုတ်ဘူး၊ အခုလည်း အပြင်ထွက်ပြီး လေစိမ်းတိုက်ခံရဦးမယ်၊ မတော်တဆ အဖျားကြီးဝင်သွားရင် ဘယ်လိုလုပ်မလဲ” 

“ဝမ်ရှင်း”

ဝမ်ယွဲ့က ဝမ်ရှင်းကို အသာဆိတ်ဆွဲပြီး ဘေးကိုဆွဲဖယ်လိုက်တယ်။ လင်ဝေ့ရှီးကတော့ အမှုမထားသလို တစ်ချက်ကြည့်ပြီး ခြုံထည်ကိုတင်းလိုက်ပြီးမှ အပြင်ထွက်သွားတယ်။

မိုးရေတွေက ခေါင်မိုးစွန်းကနေ အဆတ်မပြတ်ကျဆင်းနေတယ်။ အဝေးကနေကြည့်ရင် ဘော်ငွေရောင်ကြိုးမျှင်တန်းတွေ ချိတ်ဆွဲထားတာနဲ့တောင်တူတယ်။ လင်ဝေ့ရှီးက လျှောက်လမ်းတစ်လျှောက် လမ်းလျှောက်လာတယ်။ လျှောက်လမ်းအမိုးက သူ့ကို မိုးရေမထိအောင်ကာကွယ်ပေးထားပေမယ့် သူ့ဝတ်ရုံဖျားတွေကတော့ စိုစွတ်နေတယ်။

ခန်းမဆောင်ထဲမှာ ကောင်းရန်က သေသေသပ်သပ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးအစေခံအိုကြီးတစ်ယောက်နဲ့ စကားတွေပြောနေတယ်။ သူက လင်ဝေ့ရှီးဝင်လာတာမြင်ပြီး အထဲကိုညွှန်ပြလိုက်ပါတယ် “လင်မိန်းကလေးရောက်ပြီလား၊ အထဲမှာဝင်ထိုင်ပေးပါဦးနော်၊ လုပ်စရာလေးတွေရှိနေသေးလို့ ခဏလောက်စောင့်ပေးပါဦး”

လင်ဝေ့ရှီးက ခန်းမထဲကမိန်းမကို တစ်ချက်ကြည့်ပြီး ဘာတစ်ခွန်းမှမဆိုဘဲ အထဲကိုတန်းတန်းမတ်မတ်ဝင်သွားတယ်။

ဘာမှမပြောဘဲ အတွင်းထဲတန်းဝင်သွားတဲ့ လင်ဝေ့ရှီးရဲ့နောက်ကျောကို အစေခံအိုကြီးက မျက်စိတဆုံးလိုက်ကြည့်လေတယ်။ ပြီးမှ အသံကိုနှိမ့်ပြီး မျက်မှောင်ကျုံ့ကာ ပြောဆိုတော့တယ် “ကြင်ယာတော် ကြည့်ပါဦး ကြည့်ပါဦး ဒီတစ်ယောက်က တကယ့်ကိုပဲ၊ ဝမ်ရယ်က ကျေးဇူးကိုထောက်ပြီး မျက်နှာသာပေးထားတာကိုမှ အားမနာ၊ တစ်လံပြရင် တစ်မိုင်လောက်လိုချင်နေတယ်၊ ဝမ်ရယ့်ရှေ့မှာတော့ မခုတ်တတ်တဲ့ကြောင်လေးလိုလုပ်ပြီး နောက်ကွယ်ရောက်တာနဲ့ ကြင်ယာတော်ကိုတောင် မျက်လုံးထဲမထည့်တော့ဘူး”

“စွင်းမားမား မပြောနဲ့တော့” ကောင်းရန်က အသံကိုမြှင့်ပြီး ဟန့်လိုက်တယ် “သူက သူရဲကောင်းရဲ့တစ်ဦးတည်းသောသမီးပဲလေ သူ့အဖေက ဝမ်ရယ့်ကိုကယ်ရင်း အသက်စွန့်သွားတာဆိုတော့ နည်းနည်းတော့လည်း မော်ကြွားလိမ့်မှာပေါ့၊ ဒီစကားတွေကို ရှင် ကျွန်မကိုပြောလို့ရတယ်၊ ဒါပေမယ့် အပြင်ရောက်တာနဲ့ နောက်ထပ်တစ်ခွန်းဟဖို့စိတ်မကူးနဲ့”

“ကြင်ယာတော်က စိတ်ထားကောင်းလွန်းပါတယ်” စွင်းမားမားက သူ့လက်ကောက်ဝတ်သူငုံ့ကြည့်ရင်း ရေရွတ်သလိုပြောပါတယ်။ ပြီးတော့ လက်ဖျံတွေကိုအချင်းချင်းပွတ်ပြီး နောက်ထပ်ကိစ္စတစ်ခုကို ဆွဲထုတ်လာတယ် “ကြင်ယာတော်… စားဖိုဆောင်အတွက်ဈေးဝယ်ဖို့တာဝန်က….”

လင်ဝေ့ရှီးက သစ်သားကန့်လန့်ကာအကွယ်က ပျော့ပျောင်းတဲ့ထိုင်ခုံပေါ်ထိုင်နေတယ်။ ကောင်းရန်နဲ့စွင်းမားမား ခပ်တိုးတိုးပြောတဲ့အသံတွေကို ဝိုးတဝါးကြားနေရတယ်။ ခဏကြာတော့ သူတို့ပြောတဲ့အကြောင်းအရာက စားဖိုဆောင်ကိစ္စရောက်သွားတယ်။ ရှေ့ကအကြောင်းကို သူသိပ်မကြားလိုက်ဘူး။ ဒါပေမယ့် သေချာပေါက်ကောင်းတဲ့အရာမဟုတ်မှန်း ခန့်မှန်းလို့ရတယ်။ စွင်းမားမားက သူအကျိုးအမြတ်ရဖို့ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ မြှောက်ပင့်ပြောဆိုနေလိမ့်မယ်။ ဒါတွေ မြင်ဖူးခဲ့ပြီးသားပဲ။ 

အလုပ်အကြောင်းတွေပြောဆိုကြတဲ့အခါမှာတော့ ကောင်းရန်က တမင်သက်သက်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုတယ်။ စွင်းမားမားက ငြီးငြူပြနေတယ်… ဘဝက ဘယ်လိုတွေခက်ခဲတဲ့အကြောင်း၊ မီးဖိုချောင်ထဲ ပင်ပင်ပန်းပန်းလုပ်ရတဲ့အကြောင်း၊ သူက ရှန်ဝမ်ဖေးရဲ့နာမည်ကိုတောင် ဆွဲထည့်လိုက်သေးတယ်။ စွင်းမားမားက ပုံပြောကောင်းပြီး မရပ်မနားပြောနိုင်သူပါ။ သူ့အပြောတွေကနေ သိရတာက… သူက အလွန်သစ္စာရှိအစေခံကောင်းတစ်ယောက်ဖြစ်ပြီး မခိုမကပ်ကြိုးကြိုးစားစားလုပ်ပေးခဲ့ပေမယ့် အရင်ကြင်ယာတော်ဟောင်းကိုအပြစ်ပြုမိလို့ သူ့နေရာအစားထိုးခံလိုက်ရပြီး သူတို့မိသားစုတစ်ခုလုံးကို ဈေးဝယ်တာဝန်ခံနေရာကနေ ဖြုတ်ပစ်လိုက်ပါတယ်ပေါ့။ သူကလည်း စားဖိုဆောင်မှာပဲဆက်နေရပေမယ့် အရေးကြီးနေရာမဟုတ်တော့ဘဲ မီးဖိုနားတောင်မကပ်ရတော့ဘူးဆိုတဲ့ အကြောင်းတွေဖြစ်တယ်။

စွင်းမားမားက စကားတွေပြောပြီးအဆုံးမှာ စိတ်မထိန်းနိုင်မျက်ရည်တွေကျပြီး ငိုတော့တာပဲ။ ဘေးနားကအစေခံတွေလည်း နားထောင်ပြီး စိတ်ညစ်နေကြတယ်။ ကောင်းရန် သက်ပြင်းချပြီး နှစ်သိမ့်ရပြီ “ရှင့်စိတ်ကိုနားလည်ပါတယ်၊ နှစ်တွေအများကြီးလုပ်လာခဲ့တာပဲ၊ အဘွားနဲ့အမေသာ သက်ရှိထင်ရှားရှိဦးမယ်ဆိုရင် ရှင်က ယန့်ဝမ်အိမ်တော်အစေခံခေါင်းဆောင်ဖြစ်နေမှာ၊ သစ္စာရှိတာကိုတော့ သံသယမရှိပါဘူး၊ ရှင်မပြောလည်း အဘွားနဲ့အမေတို့မျက်နှာထောက်ပြီး ရှင့်မိသားစုကိုပစ်မထားပါဘူး”

မျက်ရည်ဗရပွနဲ့နားထောင်နေတဲ့အဘွားစွင်းက လက်နှစ်ဖက်ကိုဆုပ်ပြီး ပြောပြန်တယ် “ဆက်ခံသူကြင်ယာတော်ဆီက ဒီစကားကြားရတာ ကျွန်တော်မျိုးမသေပျော်ပါပြီ”

“အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့၊ နမိတ်မရှိနမာမရှိ သေတဲ့အကြောင်းတွေပြောတာ လာဘ်ပိတ်တယ်” ကောင်းရန်က ဆူပူအပြစ်တင်ပြီးမှ စာရင်းစာအုပ်ကိုတစ်ရွက်ချင်းလှန်ရင်းပြောတယ် “အရင်တုန်းကဟာတွေက အထင်လွဲတာဆိုမှတော့ အစ်မရှီး ရှင့်အပေါ်မှာ တကယ့်ကိုအမှားလုပ်မိတာပဲ၊ ကျွန်မအမြင်တော့ ရှင်တို့တစ်မိသားစုလုံး စားဖိုဆောင်ဈေးဝယ်တာ ပြန်လုပ်သင့်ပါတယ်၊ ရှင်တို့က ဈေးထဲကဈေးသည်တွေနဲ့လည်း သိကျွမ်းပြီးသားဆိုတော့ ဈေးဝယ်တဲ့ကိစ္စကို ရှင့်ဆီပြန်လွှဲပေးလိုက်မယ်”

စွင်းမားမား အပျော်လွန်သွားပြီး ချက်ချင်းကိုဒူးထောက်ကာ ဦးတိုက်လေတယ် “ကြင်ယာတော်ကိုကျေးဇူးတင်ပါတယ်”

လင်ဝေ့ရှီးက ပန်းကန်လုံးကိုကိုင်ပြီး ခပ်ဖြည်းဖြည်းမှုတ်နေတယ်။ ဒါကိုကြားတော့ ခေါင်းကိုယမ်းရင်းပြုံးပါတယ်။ ….စွင်းမားမားက ပါးစပ်တစ်ပေါက်ကောင်းကောင်းအသုံးချနိုင်တယ်။ ကုချန်ယောက်ကိုလည်း ဒီလိုလေလုံးတွေနဲ့ပဲ လှည့်စားခဲ့တာဖြစ်မှာ။

စွင်းမားမားက နှစ်ပေါင်းများစွာအလုပ်အကျွေးပြုလာတဲ့ အစေခံအိုကြီးပါ။ ဒါပေမယ့် အစေခံအိုကြီးတွေက သစ္စာရှိကြတယ်လို့ ဘယ်သူကပြောလို့လဲ။ အစေခံတွေအချင်းအချင်း ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေရှိလေလေ ညစ်ပတ်တဲ့အရာတွေ ပိုလုပ်နိုင်လေလေပဲ။ လင်ဝေ့ရှီးက ပြီးခဲ့တဲ့နှစ်စာရင်းတွေယူစစ်ပြီး စားဖိုဆောင်ကချို့ယွင်းချက်တွေအများကြီးကို ရှာတွေ့ခဲ့တယ်။ အကုန်လုံးက ဒီအစေခံအိုကြီးလက်ထဲကလာတာ။ ဒီညစ်ပတ်တဲ့အစေခံမကြီးက သတို့သမီးအသစ် စာရင်းစာအုပ်နားမလည်တာကိုအခွင့်ကောင်းယူပြီး စာအုပ်ကိုကူလီကူမာလုပ်ခဲ့တယ်။ လင်ဝေ့ရှီးဖော်ထုတ်တွေ့ရှိသွားပြီး ဆူပူသောင်းကြမ်းချိန်မှာတော့ စွင်းမားမားက သစ္စာရှိအစေခံဆိုတာကိုအသုံးချပြီး ရှန်ဝမ်ဖေးအကာအကွယ်ယူခဲ့တယ်။ စွင်းမားမားက ရှန်ဝမ်ဖေးဘေးနား နှစ်ပေါင်းများစွာခစားခဲ့တာပါ။ ဒါကြောင့်ပဲ စွင်းမားမားက အကြောက်အလန့်မရှိ အိမ်တော်ထဲ အကျင့်ပျက်လာဘ်စားရဲ၊ အတိုက်အခံပြုရဲတာဖြစ်တယ်။ လင်ဝေ့ရှီးကတော့ အဲဒိတုန်းက ဘာမှမငဲ့ပဲ သူတို့မိသားစုကို မီးဖိုဆောင်ကမောင်းထုတ်ပစ်လိုက်တယ်။ သူ့ယောက္ခမရှန်ဝမ်ဖေးမျက်နှာကြောင့်သာမဟုတ်ရင် စွင်းမားမားတစ်ယောက် စားဖိုဆောင်မှာကျန်ရစ်နေမှာ မဟုတ်ပါဘူး။

အဆုံးသတ်ကတော့ သိပ်မကြာခင်မှာပဲ ကောင်းရှီးသေဆုံးသွားပြီး စွင်းမားမားက လစ်လပ်သွားတဲ့နေရာအတွက် ဇာတ်နာရတဲ့စုန်းမအိုကြီးလို အပြေးကလေးလာရောက်ခဲ့တာဖြစ်တယ်။ ကောင်းရန်ကလည်း ဟုတ်လိမ့်နိုးနိုးနဲ့ ယုံကြည်ပေးလိုက်ပြီး နဂိုရာထူးပြန်ပေးခဲ့တယ်။

တကယ်တော့ ကောင်းရန်က စွင်းမားမားရဲ့စကားတွေကို အပြည့်အဝယုံကြည်တာလည်းမဟုတ်ပြန်ဘူး။ ဒါပေမယ့် သူ့မျက်နှာပုံပန်းက ရိုးသားကြိုးစားပုံပေါက်လေတော့ ဒီမျက်နှာလေးဗန်းပြပြီး မဟုတ်မဟတ်တွေလျှောက်ပြောလည်း လူလိမ်လူညာပုံ ပေါက်မနေဘူး။ ကောင်းရှီးက ဈေးဝယ်စာရင်းမှာ ပစ္စည်းနဲ့ငွေကွာတာကြောင့် စွင်းမားမားကို ရာထူးလျှော့ခဲ့တယ်။ ဒါပေမယ့် ကောင်းရန်ကတော့ စာရင်းစာအုပ်ကို ဟိုသည်လှန်ကြည့်ရင်း ကောင်းရှီးက ဒီလိုအသေးအဖွဲကိစ္စလေးကို အကျယ်ချဲ့တယ်လို့ တထစ်ချမှတ်ယူခဲ့ပါတယ်။ 

အိမ်တော်တစ်ခုမှာသခင်မဖြစ်ရတာက ဝိဉာဉ်ကူးပြောင်းမလာခင်သူ့အရင်ဘဝမှာ စီမံခန့်ခွဲရေးသမားလုပ်ရတာနဲ့တူတယ်။ ရေကကြည်လင်နေမယ်ဆိုရင်တော့ ဘာငါးမှရှိမှာမဟုတ်ဘူး။ ပစ္စည်းဝယ်ယူရေးဌာနကလူတွေ အလွဲသုံးစား မလုပ်ကြလို့လား…။ လုပ်တာပေါ့…။ ဒါကြောင့် သူကတော့ ပြဿနာကြီးကြီးမားမားမတွေ့သရွေ့ မျက်စိမှိတ်ပေးနိုင်ပြီး ကောင်းရှီးရဲ့အပြစ်ဒဏ်ကို ပယ်ဖျက်ပေးနိုင်ပါတယ်။ 

တကယ်တော့ ကောင်းရှီးကမှ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့မိန်းမ။ သူက အဆင့်အတန်းမြင့်မိသားစုကလာတဲ့ မိန်းမပျိုဖြစ်ပြီး မင်းသမီးတစ်ပါးလိုကြီးပြင်းခဲ့ရပေမယ့် ခံစားချက်နဲ့ဆိုင်တဲ့ တွေးခေါ်မျှော်မြင်မှုတွေမရှိဘူး။ လူတွေကိုအပြစ်တင်ဖို့ပဲသိပြီး လက်အောက်ငယ်သားတွေကို အမှားမလုပ်မိအောင် အရမ်းတင်းကျပ်တယ်။ ဒီတော့ နောက်ပိုင်း ကိုယ့်ရှူးကိုယ်ပတ်ပြီး အိမ်တော်မှာသေသွားတာတောင် အကောင်းပြောပေးမယ့်လူမရှိတာ အံ့သြစရာမရှိဘူး။ EQ မရှိတဲ့ပြဿနာကို ဘယ်သူ့ကိုများ သွားအပြစ်တင်ရမှာလဲ… ကျွတ် ကျွတ်…

ကောင်းရန် ပျော်ရွှင်နေပါတယ်။ သူ့အရင်ဘဝက နောင်တတွေအကုန်လုံးကို ဒီဘဝမှာဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ သူက အခု အဆင့်အတန်းမြင့်အိမ်တော်က သခင်မလေးဖြစ်ပြီး လူတွေအားလုံးရဲ့အထက်က ပြီးပြည့်စုံတဲ့မမလေးတစ်ယောက်ဖြစ်နေပြီ။ သူက မိဘအိမ်က “ဘွဲ့ရ”ခဲ့ပြီးမှာ  တိုက်ရိုက် “မန်နေဂျာ” ဖြစ်သွားခဲ့ပြီ။ သူ တိတိပပယုံကြည်တယ်၊ သူ့ရဲ့ EQနဲ့သာဆိုရင် ရေထဲမှာကူးခတ်တဲ့ငါးလေးတစ်ကောင်လို ကြီးမားတဲ့အသိုင်းအဝိုင်းထဲ ဝင်ဆန့်နိုင်မှာလိမ့်မှာပေါ့။

ကောင်းရန်က အတွင်းခန်းထဲကို ကြွကြွရွရွလေးပြန်ဝင်လာတယ်။ ပြဿနာတစ်ရပ် ငုတ်တုတ်ထိုင်နေသေးတာ မမေ့သေးဘူး။ ကောင်းရန်က လင်ဝေ့ရှီးရဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး အထူးတလည်တောင်းပန်တယ် “အိမ်တော်မှာက ကိစ္စအသေးအဖွဲလေးတွေ နေ့တိုင်းကို မပြီးနိုင်မစီးနိုင်ဖြစ်ပျက်နေတာလေ၊ ကျွန်မကိုယ်တိုင် ဝင်မရှင်းရရင်လည်း စိတ်မချဘူး၊ လင်မိန်းကလေးအကြာကြီးစောင့်နေရတာ အားနာစရာဖြစ်သွားပြီ”

လင်ဝေ့ရှီးက ကောင်းရန်ရဲ့ ဟန်လုပ်တောင်းပန်သံကို လျစ်လျူရှုထားတယ်။ သူသိပါတယ် ကောင်းရှီးကသေဆုံးသွားခဲ့ပြီ၊ ယန့်ဝမ်အိမ်တော်က သူနဲ့ဘာမှမဆိုင်တော့ဘူး။ ဒါပေမယ့် သူကြိုးစားပမ်းစားလုပ်ခဲ့ရတဲ့အရာတွေ ပျက်ဆီးသွားမှာစိုးရိမ်မိတာကြောင့် သခင်မအသစ်ကို သတိပေးမိတယ် “ကြင်ယာတော်က သူတို့ဘက်ကအပြောကိုပဲနားထောင်ပြီး စားဖိုဆောင်ဈေးဝယ်ကိစ္စလို အရေးကြီးတဲ့အရာကို သူတို့လက်ထဲလွှဲပေးလိုက်တယ်၊ ဒါက ဘက်လိုက်တာမဟုတ်ဘူးလား”

ဘာ… တောသူမက သူ့လုပ်ပိုင်ခွင့်ကိုတောင် လာပြီးလက်ညှိုးထိုးရဲတယ်ပေါ့လေ…။ ကောင်းရန်က လင်ဝေ့ရှီးကိုအပြုံးလေးနဲ့ကြည့်တယ် “ကျွန်မတို့ယန့်ဝမ်အိမ်တော်ရဲ့မိသားစုအရေးပါ၊ လင်မိန်းကလေးဝင်ပါစရာမလိုဘူးလေ ဟုတ်တယ်မလား” 

လင်ဝေ့ရှီးက ဟင့်ခနဲ့လုပ်ပြီး အကြည့်တွေရွှေ့သွားတယ်။ သူက ပျင်းလွန်းလို့ နောက်တစ်ကြိမ်ထပ်သတိမပေးချင်တော့ဘူး။

ကောင်းရန်က သူနိုင်ပြီလို့တွေးလိုက်တယ်။ ဒါကြောင့် ပိုပြီးပျော်ရွှင်လာပြီး အသံတွေလည်းပိုကျယ်လာတယ် “လင်မိန်းကလေးက ဒီနှစ် (၁၆)နှစ်ပြည့်ပြီးပြီဆိုတော့ (၁၇)နှစ်လို့သတ်မှတ်လို့ရပြီပေါ့”

လင်ဝေ့ရှီးက မျက်ခုံးပင့်ကြည့်တယ် “ပြောချင်တာကဘာလဲ”

“ဘာပြောချင်ရမှာလဲရှင့်… လင်မိန်းကလေးအတွက် စဉ်းစားနေရတာပေါ့” ကောင်းရန်ကပြုံးပြီးပြောတယ် “အခု ရှင့်အဖေရဲ့ဝမ်းနည်းခြင်းကာလလည်း ပြီးသွားပြီ၊ လက်ထပ်ပွဲကို အချိန်ဆွဲလို့မဖြစ်တော့ဘူးလေ၊ အသက်ပဲ(၁၇)နှစ်ရောက်နေပြီ လက်မထပ်ရသေးဘူး၊ တောင်းရမ်းလက်ထပ်ပြီးလို့ ခင်ပွန်းသည်အိမ်ရောက်သွားတဲ့အချိန်ကျရင် (၁၈)နှစ်၊ အမှန်အတိုင်းပြောရရင် (၁၈)နှစ်ဆိုတာ တော်တော်လေးအသက်ကြီးနေပြီ၊ မြန်မြန်လုပ်မှဖြစ်မယ် နို့မို့ဆို အရမ်းကြီးလွန်းသွားရင် ကလေးမွေးတဲ့ကိစ္စတွေနှောင့်နှေးသွားနိုင်တယ်”

ကောင်းရန်ပါးစပ်က ဒီစကားတွေထွက်လာလိမ့်မယ်မှန်း လင်ဝေ့ရှီးမထင်ထားဘူး။ သူထင်တာမှန်တယ်ဆိုရင် ကောင်းရန်ကူးပြောင်းမလာခင်နေထိုင်ခဲ့တဲ့ကမ္ဘာကြီးက အမျိုးသမီးတွေရဲ့အိမ်ထောင်ပြုတဲ့အသက်ကို ထိန်းချုပ်ကန့်သတ်မထားဘူး။ ရှေးခေတ်ကိုကူးပြောင်းလာတဲ့မိန်းမက ရှေးခေတ်အမျိုးသမီးထက်တောင် ပိုပြီး အိမ်ထောင်ပြုကလေးမွေးဖို့ စိတ်အားထက်သန်နေသေးတယ်။ (၁၇)နှစ်ဖြစ်တော့ ဘာဖြစ်လဲ…။ တစ်သက်လုံးလက်မထပ်တော့ရော ဘာဖြစ်လဲ… သူတင်ကျွေးထားရမှာကျလို့…

လင်ဝေ့ရှီး စိတ်နောက်နေပြီ။ စိတ်မရှည်လက်မရှည်ဖြစ်လာပြီး ခပ်တင်းတင်းပြောတော့တယ် “ရှင်ကျွန်မကို မိုးရွာနေတုန်းတန်းလန်း အခေါ်တော်လွှတ်လိုက်တာ ဒါပြောဖို့လား၊ တကယ်လို့ တခြားဘာမှမရှိဘူးဆိုရင် ပြန်လိုက်ပါဦးမယ်”

ကောင်းရန်က သူ့ကိုတားတယ်၊ အေးစက်စက်စိုက်ကြည့်ပြီး ခပ်ပြုံးပြုံးပြောပြန်တယ်  “လင်မိန်းကလေးက လက်မထပ်ချင်ဘူးပေါ့၊ သေသွားတဲ့အဖေ့အတွက် တကယ်ပဲဆုတောင်းပေးချင်တာလား၊ ဒါမှမဟုတ် ယန့်ဝမ်အိမ်တော်မှာနေရဖို့ တစ်ခုခုကြံနေတာလား”

လင်ဝေ့ရှီးရဲ့မျက်နှာက လုံးဝဥဿုံပျက်ယွင်းသွားလေတယ်။ အပြုံးတစ်စက်မှမရှိတော့ဘူး။ ဒီခဏမှာ အနက်ရောင်မျက်ဆန်အိမ်က ဝင်းဝင်းတောက်နေပြီး အပူပေးထားတဲ့ပုလဲလုံးတွေ ရေအေးအေးထဲနှစ်လိုက်သလို အေးစက်ပြီးစူးရှနေတယ် “ကြင်ယာတော်… စကားကိုကြည့်ပြောပါ”

“လင်မိန်းကလေးက ဒေါသထွက်လို့လား” ကောင်းရန်က အပြုံးကိုဆင်မြန်းထားဆဲပဲ၊ လက်ဖက်ရည်ကိုတစ်ငုံသောက်ပြီး နှုတ်ခမ်းတွေကိုကွယ်ထားတယ် “ထားပါလေ ကျွန်မမှားတယ်လို့ပဲ၊ ဒါတွေမပြောသင့်ပါဘူး၊ တကယ်တမ်းကျတော့လည်း ဘယ်မိန်းကလေးကများ စိတ်ကူးမယဉ်ကြလို့လဲ၊ လင်မိန်းကလေးက နုငယ်ပျိုမြစ်ပြီး သက်ဝင်တောက်ပနေတဲ့အရွယ်… ငယ်ရွယ်ခန့်ညားတဲ့အမျိုးသားတစ်ယောက်နဲ့ မြင်မြင်ချင်းချစ်ကျွမ်းဝင်သွားကြဖို့ ယုတ္တိရှိတာပဲလေ၊ … တစ်ခုပဲ လင်မိန်းကလေးရဲ့… ဆက်ခံသူကလက်ထပ်ပြီးနေပြီ”

လင်ဝေ့ရှီးက ဟွန့်ခနဲလုပ်တယ်၊ နှုတ်ခမ်းတွန့်ရုံပြုံးပြီး ကောင်းရန်ကိုကြည့်တယ် “သိပါတယ်… ဒုတိယအိမ်ထောင်လေ”

ကောင်းရန်ရဲ့ထွက်လုဆဲဆဲစကားတွေ ပိတ်ဆို့သွားလေရဲ့။ ဒါပေမယ့် ပျက်ယွင်းသွားတဲ့အနေအထားကိုဖုံးကွယ်ဖို့ ခပ်မြန်မြန်ပဲ ဟန်ကိုယ့်ဖို့လုပ်ရင်း “….ကျွန်မက ဒုတိယဇနီးဆိုရင်တောင် တရားဝင်လက်ထပ်ယူထားတဲ့ကြင်ယာတော်ပါ၊ တရားဝင်ဇနီးပါ၊ ဒါပေမယ့် အိမ်ထောင်သည်ယောင်္ကျားတစ်ယောက်ကို တရားဝင်ဇနီးကြီးငုတ်တုတ်ရှိရက်နဲ့ အရိပ်ဝင်ခိုချင်ရင်တော့ အရှက်မရှိလင်ခိုးတယ်လို့ခေါ်တယ်၊ သူများလင်မယားကြားဝင်ရှုပ်ချင်တဲ့ အရံပစ္စည်းပေါ့”

“ရှင်ပြောနေပုံက ရှင်ပဲ ကုချန်ယောက်ကို ရှင့်အစ်မသေသွားပြီးမှတွေ့သလိုလို…အဲ့လိုဆိုရင်တော့ ဒီစကားကို ရှင့်အတွက်ပဲထားလိုက်ပါ” လင်ဝေ့ရှီးက ကောင်းရန်ရဲ့အကြည့်ကို သတိပြုမိတယ်၊ မရှောင်ဘဲ စိုက်ကြည့်ပေးလိုက်ပြီး မျက်ခုံးတန်းတွေကို ပင့်ချီပြီးထပ်ပြောတယ် “ဘာလဲ ကျွန်မပြောတာမှားလို့လား၊ ဒါဆို အရင်ကြင်ယာတော်သေပြီး တစ်လတောင်မကြာတဲ့အချိန်မှာ ဘာဖြစ်လို့ ရှင်က ရှင့်အစ်မယောင်္ကျားကို လက်ထပ်ပြီးသားဖြစ်နေရတာလဲ”

………

ကောင်းရန်က နှလုံးခုန်ထွက်လုမတတ်ဖြစ်နေရတယ်။ နောက်တော့ အသက်ကိုဝဝရှူပြီး သိရှိသွားတာက လင်ဝေ့ရှီးနဲ့အပြိုင်မငြင်းနိုင်ဘူးဆိုတာပဲ။ ဒါမှမဟုတ်ရင် သူ့လက်ချက်နဲ့ အသက်ရှူရပ်ပြီးသေသွားလိမ့်မယ်။ ကောင်းရန်က ချက်ချင်းစကားခေါင်းစဉ်ပြောင်းလိုက်တယ် “လင်မိန်းကလေးပြောတဲ့အတိုင်းပါပဲ၊ ရှင်ကနှုတ်ရေးလေးကကြွယ်တော့ ကျွန်မတို့လိုရိုးရှင်းတဲ့လူတွေ ရှင်နဲ့ပြိုင်မပြောနိုင်ပါဘူး၊ ဒါပေမယ့် ရှင်အသက်ကြီးလာပြီး လက်ထပ်ရမယ့်အရွယ်ဂိတ်ဆုံးရောက်နေတာကိုတော့ ငြင်းမရဘူးလေ ဟုတ်တယ်မလား၊ ရှင်ကလင်မျိုးနွယ် ကျွန်မတို့ကကုမျိုးနွယ်ဖြစ်လို့ ရှင့်ရဲ့လက်ထပ်ပွဲကို ပူပန်ပေးနေစရာအကြောင်းမရှိပါဘူး၊ ဒါပေမယ့် ရှင်က ယန့်ဝမ်အိမ်တော်မှာနေပြီး အမည်နာမမရှိဘူးလေ၊ တကယ်လို့ ဝမ်းနည်းခြင်းကာလပြီးသွားတာတောင် လက်မထပ်ရသေးရင် အပြင်လူတွေက ကျွန်မတို့ယန့်ဝမ်အိမ်တော်ကို အပြစ်ပြောကြမှာစိုးပါတယ်”

လင်ဝေ့ရှီးက ကောင်းရန်ကိုစူးစူးရဲရဲကြည့်တယ် “ရှင့်ပါးစပ်ကိုပိတ်ထား၊ ကျွန်မရဲ့ဂုဏ်သိက္ခာကိုစော်ကားဖို့ ရှင့်မှာအခွင့်မရှိဘူး”

“စော်ကားတယ်လား၊ လင်မိန်းကလေးက တကယ်ပဲ ဆက်ခံသူအပေါ်စိတ်မရှိဘူးဆိုရင် ဘာဖြစ်လို့ ယန့်ဝမ်အိမ်တော်မှာတောက်လျှောက်ကပ်နေပြီး အောင်သွယ်တော်ကိုငြင်းရတာလဲ” ကောင်းရန်ရဲ့အမူအရာကလည်း မထီမဲ့မြင်ပဲ “ရှင်က သူတပါးယောင်္ကျားကိုမျက်စပစ်နေပေမယ့် ကျွန်မက အဖြစ်ခံမယ်ထင်နေလား၊ ချင်အိမ်ကသခင်မကြီးနဲ့ သဘောတူညီချက်ရပြီးပြီ… ရှင့်ကို ချင်မိသားစုဒုတိယသားနဲ့ နေရာချပေးဖို့၊ သူက လက်မထပ်ရသေးဘူး၊ သာမန်ဆိုရင်တော့ ဒီလိုမင်္ဂလာပွဲကို အပြင်လူလက်ထဲအရောက်မခံပါဘူး ဒါပေမယ့် ချင်ဒုတိယသခင်လေးက လင်မိန်းကလေးကိုမျက်စိကျသွားလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ၊ မိန်းမလှလေးနဲ့သူရဲကောင်းဆုံစည်းသွားတာပဲပေါ့.. ကောင်းပါတယ်၊ ချင်သခင်မကြီးကလည်း ရှင့်မိသားစုနောက်ခံအသိုင်းအဝိုင်းကို ထည့်မတွက်ပါဘူး၊ မယ်တော်ကြီးဆီလျှောက်တင်ပြီးသွားရင် ဇာတာခွင်(၈)မျိုးလဲဖို့ ချင်မိသားစုက လူတစ်ယောက်လွှတ်လိုက်လိမ့်မယ်”

လင်ဝေ့ရှီးက ဒါကိုကြားတဲ့အချိန် မျက်လုံးတွေပြူးကျယ်သွားရတယ် “ဘာပြောလိုက်တယ်… ချင်ဒုတိယသခင်လေး…”

ချင်ဒုတိယသခင်လေးက အပျော်အပါးလိုက်စားသူလို့ မြို့တော်မှာသတင်းမွှေးတယ်။ အတတ်ပညာ အသိပညာမသင်ယူဘဲ ပြည့်တန်ဆာတွေနဲ့သာတရုန်းရုန်းပျော်ပါးနေတဲ့ ဆန်ကုန်မြေလေးပါ။ လင်ဝေ့ရှီးအထင်သေးဆုံးက မိဘအရှိန်အဝါအားကိုးနဲ့ ပိုက်ဆံထိုင်ဖြုန်းနေတဲ့ ဒီလိုလူပေါ်ကျော့သခင်လေးမျိုးပဲ။ အရင်ဘဝပဲဖြစ်ဖြစ် အခုဘဝပဲဖြစ်ဖြစ် ဒီလိုလူမျိုးကို သူသည်းမခံနိုင်ဘူး။ ဒါပေမယ့် အခုကောင်းရန်က သူ့ကွယ်ရာမှာ ချင်မိသားစုကမ်းလှမ်းချက်ကို တကယ်ကြီးသဘောတူလိုက်တယ်ပေါ့လေ။

“ဟုတ်တယ်လေ မယ်တော်ကြီးရဲ့တူ၊ ဧကရာဇ်ရဲ့အမေဘက်ကဆွေမျိုး ချင်မိသားစုအဓိကအိမ်တော်က တရားဝင်သား၊ ဒီလိုကမ်းလှမ်းချက်က တကယ့်ကိုမယုံနိုင်စရာကောင်းတယ်၊ ပြောမယ်ဆို ရှင်လည်း အမြင့်ရောက်သွားတာပဲလေ၊ ချင်ဒုတိယသခင်လေးက မိသားစုအဆင့်အတန်းကိုဂရုမစိုက်ဘဲ ရှင့်လိုဆင်းဆင်းရဲရဲမိန်းကလေးကို လက်ထပ်ချင်တာပဲ မဟာကံကောင်းမှုကြီးဖြစ်နေပြီ” ကောင်းရန်က ပြောအပြီးမှာ လင်ဝေ့ရှီးရဲ့မျက်နှာကို တစ်ချက်ကြည့်တယ်။ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်… မျက်နှာလှလှလေးနဲ့ကိုယ်ခန္ဓာကိုသုံးပြီး မယ်တော်ကြီးရဲ့တူကိုအရဖမ်းနိုင်တာပဲ တင်းတိမ်ရောင့်ရဲလိုက်ပါတော့လို့ ပြောနေတာပါ။

လင်ဝေ့ရှီးက အလွန်တရာဒေါသထွက်ရလွန်းလို့ ပြန်တည်ငြိမ်အောင်မနဲကြိုးစားနေရတယ် “ချင်မိသားစုက မယ်တော်ကြီးကိုလျှောက်တင်ပြီးရင် ဇာတာ(၈)မျိုးလာလဲမယ်လို့ပြောတာ ရှင် သူတို့ကိုအကြောင်းပြန်လိုက်ပြီလား”

“အင်းလေ… ဒီလောက်ကောင်းတဲ့ကမ်းလှမ်းချက်ကို… ရှင် ဟန်ဆောင်ပန်ဆောင်နဲ့ မူနေမယ်ဆိုရင်တော့ အခွင့်အရေးလက်လွှတ်ပြီး ငိုနေရလိမ့်မယ်”

“အိုး… ရှင်ကသာ မမှီတဲ့ပန်း တုံးခုလှမ်းလိုက်ရလို့ ဦးနှောက်အခေါင်းပေါက်ဖြစ်သွားသလားပဲ၊ အကုန်လုံးကို ရှင့်လိုမျိုးများထင်နေလား၊ ဘယ်တုန်းက အကြောင်းပြန်လိုက်တာလဲ၊ ချင်မိသားစုကို ဘာတွေသွားပြောလိုက်လဲ”

“အဲ့ဒါ ချင်အိမ်ကသားပါ၊ ကျေနပ်လိုက်ပါတော့” ကောင်းရန်ကသက်ပြင်းချပြီး အများကြီးစိတ်မရှည်လက်မရှည်ဖြစ်လာတယ် “ဘာလဲ ရှို့ခန်းမင်းသမီးကြီးဆီ သွားငိုပြမလို့လား၊ အဲ့ဒါဆို အကြံပေးလိုက်မယ် အားအင်တွေမဖြုန်းတီးနဲ့တော့၊ မင်းသမီးကြီးကသားလည်းမရှိဘူး သူ့ကိုယ်သူတောင် မကာကွယ်နိုင်တာ မယ်တော်ကြီးရဲ့အိမ်ကို အာခံလို့ရမှာလား၊ ကျွန်မအကြံပေးတာကိုပဲလက်ခံလိုက်၊ ရှင့်လိုမိန်းကလေးက ချင်အိမ်ကိုဝင်နိုင်တာပဲ ပြီးတော့တရားဝင်ဇနီးနော်… တော်တော်ကံကောင်းနေပြီ”

လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေ မီးဝင်းဝင်းတောက်လာပြီး ရေခဲတမျှအေးစက်တဲ့စကားလုံးတွေ ထွက်လာတယ် “ကောင်းရန်…ရှင်က တော်တော်အရှက်မရှိတဲ့မိန်းမပဲ၊ ကျွန်မလက်ထပ်ပွဲကိုဆုံးဖြတ်ရအောင် ရှင့်ကိုယ်ရှင်ဘာထင်နေလဲ၊ ရှင်ကိုယ်တိုင်က ကလိမ်စေ့ငြမ်းဆင်ပြီး ခဲအိုကိုလက်ထပ်ခဲ့တာတောင် တရားဝင်မယားကြီးလေသံနဲ့ သူများယောင်္ကျားမမြူဆွယ်ရဘူးလေး ဆရာလာလုပ်နေတယ်၊ ယင်းကော်နယ်စားအိမ်တော်ကိုသိက္ခာချနေတာပဲ”

ဒီစကားက ကောင်းရန်ကို အနာပေါ်တုတ်ကျသလိုဖြစ်သွားစေတယ်။ သူကချက်ချင်းကို မကျေမနပ်ဖြစ်လာတယ် “ရှင်ကမှ ဘဝင်မြင့်မနေနဲ့၊ အဖေ့မျက်နှာထောက်ပြီး ရှင့်ကိုမျက်နှာသာပေးထားတာ၊ ကြောက်တယ်လို့များထင်နေလား၊ ကျွန်မက ယင်းကော်နယ်စားအိမ်တော်ကသခင်မလေး… ယန့်ဝမ်ဆက်ခံသူရဲ့ဇနီးဖြစ်ပေမယ့် ရှင်က သူလိုငါလိုသာမန်မိန်းမတစ်ယောက်ပဲ၊ ရွယ်တူချင်းသင်ကြားပေးနေတာတောင် လာအော်နေတယ်… တကယ် ယဉ်ကျေးမှုကိုမရှိဘူး”

“ချင်ဒုတိယက ဘယ်လိုလူမှန်းသိရဲ့သားနဲ့ ကွယ်ရာမှာကတိကဝတ်ပြုတာဘယ်သူလဲ၊ ဒီလိုလူစိတ်မရှိတဲ့အရာလုပ်တာ ဝဋ်လည်မှာမကြောက်ဘူးလား”

ကောင်းရန်က မတူမတန်သလို ပြောလေရဲ့ “ဘာလဲ ယန့်ဝမ်ဆီ နောက်တစ်ခါသွားပြေးတိုင်ဖို့တွေးနေတာလား၊ ဒါဆိုလည်း သွားလေ… ဘယ်လောက်ကောင်းတဲ့လက်ထပ်ပွဲလဲ လူတွေအကုန်လုံးသိသွားတာပေါ့၊ လင်ဝေ့ရှီး… ရှင့်စိတ်က မိုးကောင်းကင်ကြီးလောက်မြင့်ချင်မြင့်နိုင်ပေမယ့် ရှင့်ဘဝကတော့ စက္ကူတစ်ချပ်ထက်တောင်ပါးသေးတယ်၊ ရှင့်ကိုယ်ရှင် ကျွန်မနဲ့လာယှဉ်ချင်တယ်ဆိုရင်တော့ စိတ်ဝင်စားစရာမကောင်းဘူးလို့ပဲ ပြောပါရစေ၊ ကျွန်မက ယန့်ဝမ်ဆက်ခံသူကြင်ယာတော် နောင်တစ်ချိန် ယန့်ဝမ်ဖေးဖြစ်လာမှာ၊ ကျွန်မသားက အနာဂတ်ရဲ့ချင်းဝမ်ပဲ၊ နောက်ထပ်သားတွေထပ်မွေးမယ်ဆိုရင်တောင် ကျွင့်ဝမ်ဘွဲ့ရလိမ့်မယ်၊ ကျွန်မသားသမီးတွေ မြေးမြစ်တွေအကုန်လုံး မင်းမျိုးမင်းနွယ်တွေဖြစ်လာပြီး လူတွေအများကြီးလေးစားအားကျတာကိုခံရမှာ၊ အမတ်ချုပ်ဆိုတဲ့နေရာက လူစားလဲလို့ရပေမယ့် တော်ဝင်မိသားစုတွေကတော့ မရဘူး၊ တိုင်းပြည်ပုန်ကန်တဲ့အပြစ် မကျူးလွန်သရွေ့ တစ်ဘဝလုံး မင်းမျိုးမင်းနွယ်တော်ဝင်အဆင့်အတန်းပဲဖြစ်နေမှာ၊ ဒါပေမယ့် ရှင်ကရော… ရှင့်မှာဘာရှိလဲ၊ အမည်ခံမြို့စားရာထူးလေးလား… မျက်နှာလှလှလေးသုံးပြီး လက်ထပ်နိုင်တယ်ဆိုရင်တောင် ယောင်္ကျားက ထံကုန်ရှိ မှူးမတ်တစ်ယောက်ရဲ့သားပဲဖြစ်နိုင်တယ်၊ ချမ်းသာကြွယ်ဝချင်ရင်တောင် ဧကရာဇ်ကပေးသနားဦးမှ၊ တသက်လုံး ပညာတွေကြိုးစားပမ်းစားသင်ယူပြီး တိုင်းပြည်ကိုအလုပ်အကြွေးပြုနေရမှာ၊ ဒါပဲလေ… ကျွန်မက အပူဇော်ခံမင်းမျိုးမင်းနွယ်ဖြစ်နေချိန်မှာ ရှင်က ပူဇော်သူလူတန်းစားပဲ၊ ရှင်တစ်ယောက်တည်းတောင်မဟုတ်ဘူးနော် ရှင့်သားသမီးတွေ ရှင့်မြေးတွေအကုန်လုံး နောင်အနာဂတ်မှာ ကျွန်မမျိုးဆက်ထက် ပိုအဆင့်အတန်းမြင့်စရာ ဘာတစ်ကွက်မှမရှိဘူး”

လင်ဝေ့ရှီးက ကောင်းရန်ကို ခံစားချက်မဲ့ဗလာမျက်နှာနဲ့ စိုက်ကြည့်တယ်။ ကောင်းရန်က သူ့ကို အပြုံးလေးနဲ့ပြန်ကြည့်တယ်။ ဟုတ်ပါတယ်… သူဒေါသထွက်တော့ရော ဘာလုပ်နိုင်မှာမို့လဲ။ ကောင်းရန်က ယန့်ဝမ်အိမ်တော်ရဲ့ကြင်ယာတော်ဖြစ်ပြီးနေပြီ။ မြို့တော်ကလူအားလုံးနီးပါးရဲ့ အထက်မှာရှိတယ်။ ဒီအင်အားမရှိတဲ့မိန်းမ လင်ဝေ့ရှီးက ဘာများတတ်နိုင်ဦးမှာလဲ…

လင်ဝေ့ရှီးက ဘာတစ်ခွန်းမှမဆိုဘဲ လိုက်ကာကိုဆွဲဖယ်ပြီး ထွက်သွားတယ်။ ပုလဲတန်းလိုက်ကာက နောက်ဖက်မှာ တဖြောက်ဖြောက်မြည်ပြီးကျန်ခဲ့တယ်။ ဒါကိုမြင်တော့ အစေခံနင်ဖူက မျက်မှောင်ကျုံ့ကာ ရှေ့တက်ပြီးပြောလေတယ် “ကြင်ယာတော်…”

“ကိစ္စမရှိဘူး” ကောင်းရန်က နင်ဖူကို လက်ကာပြလိုက်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ် “ဒီအချိန် သူဒေါသထွက်နေမှာပဲ၊ သူရိုင်းတိုင်း လိုက်ရိုင်းစရာမလိုဘူး၊ ဂရုမစိုက်နဲ့ သွားပြီးလုပ်စရာရှိတာလုပ်”

နင်ဖူက ပြန်ဖြေပြီး ခပ်မြန်မြန်ပြန်ထွက်သွားတယ်။ ကောင်းရန်က ပြတင်းအပြင်ဘက်မိုးရေထဲလှမ်းကြည့်ပြီး ခပ်တိုးတိုးရေရွတ်လေတယ် “မိုးကလည်း ကြီးလိုက်တာ…”

လင်ဝေ့ရှီးက ပြန်လှည့်မကြည့်စတမ်း ပြေးထွက်လာခဲ့တယ်။ မိုးရေတွေက မြေပြင်ပေါ်ကျပြီး အဖြူရောင်ရေကွက်လေးတွေ ဟိုတစ်ကွက်သည်တစ်ကွက် လျှောက်လမ်းတစ်ခုလုံး ရေတွေပြည့်နေတယ်။ လျှောက်လမ်းအစွန်မှာ အလွန်တရာမြန်တဲ့နှုန်းနဲ့လျှောက်နေတဲ့ လင်ဝေ့ရှီးက ခဏချင်းမှာပဲ အဝတ်အစားတစ်ဝက်လောက် စိုရွှဲကုန်တယ်။ ဝမ်ယွဲ့က နောက်ကအမြန်ပြေးလိုက်ပြီး မိုးကာခြုံပေးဖို့ကြိုးစားရတယ် “သခင်မလေး ခန္ဓာကိုယ်ကအားနည်းနေတာ မိုးမိလို့မဖြစ်ဘူးလေ”

“ငါ့နောက်မလိုက်လာနဲ့ ခဏလောက်တစ်ယောက်တည်းနေချင်တယ်” လင်ဝေ့ရှီးက ဝမ်းနည်းနေပြီး အသံကအေးစက်နေတယ်။

“သခင်မလေး” လင်ဝေ့ရှီးရဲ့အပြောမှာ ဝမ်ယွဲ့တုန်လှုပ်ရပါတယ်။ သူက အတင်းဆွဲတားပြီး ခြုံပေးရတယ် “သခင်မလေး စိတ်ထဲအလိုမကျဘူးဆိုရင်တောင် ခန္ဓာကိုယ်ကို ဒုက္ခခံလို့မရဘူးလေ၊ လေတွေကအေးနေတာ နောက်တစ်ကြိမ်မိုးမိရင် ဘယ်လောက်ခံရမယ်မှန်း မသိတော့လို့လား”

ဝမ်ယွဲ့က သူ့ကို အနောက်ကနေအတင်းဖက်ထားတယ်။ လင်ဝေ့ရှီးက ရုန်းကန်ခါချပေမယ့် မရဘူး။ သူက ဒီအတိုင်း သုံးလေးငါးကြိမ်တွန်းထိုးရုန်းကန်ပြီးမှ တဖြည်းဖြည်းစိတ်ငြိမ်လာတယ်။ တခြားသူကြောင့် ကိုယ့်ကိုယ်ကိုနှိပ်စက်တယ်ဆိုတာ သိပ်ကိုရူးမိုက်လွန်းတဲ့လုပ်ရပ်ဖြစ်တယ်။ 

လင်ဝေ့ရှီးငြိမ်ကျသွားတာကိုမြင်မှပဲ ဝမ်ယွဲ့ သက်သာရာရတော့တယ်။ ဝမ်ယွဲ့က လင်ဝေ့ရှီးရဲ့အင်္ကျီကော်လံကို သပ်သပ်ရပ်ရပ်ပြန်ပြင်ပေးပြီးမှ နောက်ကိုဆုတ်ပြီး တိတ်တဆိတ်မတ်တပ်ရပ်နေတယ်။ လျှောက်လမ်းအပြင်ကမိုးရေသံတွေနားဆင်ပြီးတော့ပေါ့။

ကောင်းရန်ရဲ့စကားတွေ အမှားမရှိဘူး။ ကောင်းရန်က တကယ့်ကို ယုတ်မာပက်စက်တဲ့မိန်းမဖြစ်ပေမယ့် လင်ဝေ့ရှီးကရော ဘာများတုန့်ပြန်နိုင်လို့လဲ။ သူ ချင်မိသားစုနဲ့လက်ထပ်ပွဲကို စိတ်မပူပါဘူး။ မင်္ဂလာပွဲတစ်ခု ဖြစ်မြောက်ဖို့ခက်ပေမယ့် ဖျက်ဆီးဖို့က အလွယ်လေး။ သူ ယတိပြတ်ငြင်းဆိုနေသရွေ့ ချင်မိသားစုကအတင်းအကျပ်လုပ်နိုင်မှာတဲ့လား။ ဒါမှမဟုတ်လည်း ဆံပင်ကိုဖြတ်ပြီး သီလရှင်ဝတ်လို့ရတယ်။ ဒါပေမယ့်… အဲ့သလိုဖြစ်လာခဲ့မယ်ဆိုရင်ရော… လင်ဝေ့ရှီးရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး မီးအိမ်တစ်လုံးကိုင်ဆွဲပြီး အထီးကျန်စွာဖြတ်သန်းရတော့မှာ…

ဒါတွေထက်ကိုပိုပြီး အခဲမကျေဖြစ်ရတာကတော့ ကောင်းရန်နောက်ဆုံးပြောလိုက်တဲ့စကားတွေပဲ။ နယ်စားမြို့စားရာထူးတွေက မျိုးဆက်သုံးဆက်တိတိ အပြစ်ပေးအရေးယူခံရနိုင်ပေမယ့် ဝမ်ဘွဲ့ရသူတွေကတော့ ဘယ်တော့မှပြောင်းလဲခံရမှာမဟုတ်ဘူး။ ချင်းဝမ်ရဲ့အကြီးဆုံးတရားဝင်သားက မွေးမွေးချင်း ဆက်ခံသူဖြစ်မှာဖြစ်ပြီး နောင်တစ်ချိန်ချင်းဝမ်ဘွဲ့ကို ရယူနိုင်လိမ့်မယ်။ ကျန်တဲ့တရားဝင်သားတွေက ကျွင့်ဝမ်တွေဖြစ်လာမှာဖြစ်ပြီး သားတွေအဆင့်အဆင့်ဆက်ခံကြလိမ့်မယ်။ ဝမ်ဘွဲ့တွေက တိုးလာမှာပဲဖြစ်ပြီး လျှော့ပါးသွားမှာမဟုတ်ဘူး။ ချင်းဝမ်တစ်ယောက်ပေါ်ပေါက်လာတာနဲ့ ချင်းဝမ် ကျွင့်ဝမ်ဘွဲ့တွေ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းကြလိမ့်မှာ။ ဒါကြောင့် ကောင်းရန်ရဲ့စကား မမှားဘူး။ ယန့်ဝမ်က အခု အာဏာရဲ့အထွဋ်အထိပ်မှာရောက်နေပြီး ဧကရာဇ်ကိုယ်တော်တိုင် အားကိုးနေရတယ်။ နောင်အနာဂတ်မှာ ယန့်ဝမ်အိမ်တော်ရဲ့ဂုဏ်ကျက်သရေက တိုးလာဖို့ပဲရှိပြီး သားသမီးမြေးမြစ်တွေနဲ့ အဆုံးမရှိတောက်ပနေလိမ့်ဦးမှာ။

လင်ဝေ့ရှီးက လျှောက်လမ်းမှာ အချိန်အကြာကြီးမတ်တပ်ရပ်နေခဲ့တယ်။ ဂါဝန်အောက်ဖျားစတွေအကုန်လုံး ရွှဲစိုကုန်ပြီ။ ဝမ်ယွဲ့က စိုးရိမ်တကြီးကြည့်ပါတယ် “သခင်မလေး မိုးလေတွေပြင်းပါတယ်၊ အရင်ပြန်လိုက်ရအောင်ပါ”

“မပြန်သေးဘူး” လင်ဝေ့ရှီးက ပြောပြီး ရုတ်တရက်ပြုံးလေတယ်။ သူ့မျက်နှာက နှင်းတွေလိုစွတ်စွတ်ဖြူနေပြီး နှုတ်ခမ်းတွေက နီရဲနေတယ်။ ဒါပေမယ့် မျက်ဝန်းတွေက ခံစားချက်မဲ့နေတယ်။ ညို့မှိုင်းမှိုင်းမိုးရေတွေထဲမှာ သည်းထိတ်ရင်ဖိုစရာကောင်းတယ်။

ဝမ်ယွဲ့က လန့်ဖြန့်ပြီး ရင်တုန်ပန်းတုန်ဖြစ်သွားတယ်။ သူ့နှလုံးသားလေးအခုန်မြန်နေတုန်းမှာ လင်ဝေ့ရှီးရဲ့အသံကိုကြားလိုက်တယ်။ အသံက တည်ငြိမ်နေတာ ဘာမှမဖြစ်ခဲ့သလိုမျိုးပဲ “ဘယ်အချိန်ရှိပြီလဲ”

“သုံးလေးနာရီလောက်ရှိပါပြီ”

လင်ဝေ့ရှီးက ပြုံးပြန်တယ်။ ပြီးတော့ ဘယ်သွားမယ်တစ်ခွန်းမဆိုဘဲ လှည့်ထွက်သွားလေတယ်။ ဝမ်ယွဲ့က မသိစိတ်ထဲအလိုလိုလန့်မိနေပေမယ့် လင်ဝေ့ရှီးတစ်ယောက်တည်းဖြစ်နေမှာစိုးတော့ နောက်ကခပ်မြန်မြန်လိုက်သွားရလေတယ်။

…….

စာကြည့်ခန်းအပြင်ဘက်ကအစောင့်က အရှေ့ကိုစူးစိုက်ကြည့်နေတယ်။ သူက မိုးရွာနေတာကြောင့် သတိလက်လွတ်မနေရဲဘူး။ နောက်တော့ ရုတ်တရက် သူ့မျက်လုံးတွေကျုံ့သွားပြီးမှာ အံ့သြစရာကောင်းလောက်အောင် ရောက်ချလာတဲ့ဧည့်သည်ကိုတွေ့လိုက်ရတယ် “လင်မိန်းကလေး”

လင်ဝေ့ရှီးက တစ်လမ်းလုံးခြေကုန်သုတ်လာခဲ့တာ အခု သူ့ဂါဝန်တစ်ခုလုံး ရွှဲရွှဲစိုကုန်ပြီ။ သူ့ဆံပင်တွေတောင်မှ စိုနေတယ်။ သူ့နဖူးပေါ်မှာ ကပ်ညိနေတဲ့ဆံမျှင်စတွေရှိပြီး အသားအရေက ပိုလို့တောင်ဖြူဖွေးနေခဲ့တာ ငေးကြည့်ချင်စရာကောင်းလောက်အောင်လှပလေတယ်။

“ယန့်ဝမ်အထဲမှာရှိလား”

“ဝမ်ရယ်ရှိပါတယ်” အစောင့်က လင်ဝေ့ရှီးကို ချီတုံချတုံကြည့်တယ်။ လင်ဝေ့ရှီးက မျက်ခုံးပင့်ပြီးမေးလိုက်တယ် “ဘာလဲ ဝင်လို့မရဘူးလား”

“မဟုတ်ပါဘူးခင်ဗျ.. ဟို လင်မိန်းကလေးက မိုးရေတွေနဲ့စိုရွှဲနေလို့ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ခိုင်းဖို့ အစေခံတစ်ယောက်လောက်လိုဦးမလားလို့ပါ”

“မလိုဘူး” အစောင့်က မတားဆီးဘူး။ ဒါကြောင့် လင်ဝေ့ရှီးက အထဲကိုတန်းတန်းမတ်မတ်ဝင်လာတယ်။ ကုဟွေးရန့်ရဲ့စာကြည့်ခန်းက အတွင်းသီးခြားအဆောင်တစ်ခုပါ။ အခုတော့ မိုးသံတွေကြောင့် ပိုတိတ်ဆိတ်နေတယ်။

ကုမင်တက လင်ဝေ့ရှီးကိုမြင်ပြီး လန့်ဖြန့်သွားရတယ် “လင်မိန်းကလေး… ဘာဖြစ်လို့စိုရွှဲလာရတာလဲ၊ ခဏစောင့်ဦး ကောင်မလေးတစ်ယောက် သွားခေါ်လိုက်ဦးမယ်…”

“ဘာဖြစ်နေတာလဲ” အတွင်းထဲကနေ ကြည်လင်ပြတ်သားတဲ့အသံတစ်ခုထွက်လာပါတယ်။ အကြာကြီးအသုံးမပြုခဲ့လို့နေမယ် အသံက နက်ရှိုင်းနေတယ်။

လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေက တစ်ချို့သောအကြောင်းတွေကြောင့် နီရဲလာတယ်။ သူက အသံလာရာ အလျင်အမြန်ပြေးသွားတယ် “အရှင်ယန့်ဝမ်”

စာကြည့်ခန်းထဲကထွက်လာတဲ့ကုဟွေးရန့်က လင်ဝေ့ရှီးကိုမြင်တယ်။ သူက ပထမအံ့သြသွားပြီး နောက်မှ မျက်မှောင်ကျုံ့ပြီးပြောလေတယ် “ဘာဖြစ်လာတာလဲ၊ တာဝန်ကျအစေခံ ဘယ်သူလဲ၊ ဒီလောက်တောင်စိုရွှဲနေတာ ဘာဖြစ်လို့မတားကြတာလဲ” 

ဒါကိုကြားတော့ ဝမ်ယွဲ့က ချက်ချင်းဒူးထောက်ချပြီး ခေါင်းကိုငုံ့ထားတယ်။ လင်ဝေ့ရှီးက ဝမ်ယွဲ့ရှေ့ပိတ်ရပ်လိုက်တယ်။ ယန့်ဝမ်ကို နက်မှောင်တဲ့မျက်ဝန်းတွေနဲ့ စူးစူးစိုက်စိုက်ကြည့်လေတယ် “သူ့အမှားမဟုတ်ပါဘူး၊ အရှင်ယန့်ဝမ်… ကျွန်မ အရှင့်ကိုပြောစရာရှိလို့ပါ”

ကုဟွေးရန့်က လင်ဝေ့ရှီးကိုကြည့်တယ်။ မိန်းကလေးရဲ့မျက်ဝန်းထဲမှာ ရည်ရွယ်ချက်မပြီးမြောက်သရွေ့ လက်လျော့မှာမဟုတ်ဘူးလို့ အထင်သားပေါ်နေတယ်။ ဒါကြောင့် ကုဟွေးရန့်လည်း သက်ပြင်းချပြီးခွင့်ပြုလိုက်ရတယ် “မင်းသွားလိုက်တော့”

ကုမင်တက စကားတစ်ခွန်းမဆိုဘဲ နောက်ဆုတ်ပြီးတံခါးပိတ်ပေးသွားတယ်။ လင်ဝေ့ရှီးလည်း နေရာမှာရပ်နေတုန်း နောက်ပြန်လှည့်ပြီး အထဲပြန်ဝင်သွားတဲ့ ကုဟွေးရန့်ကိုမြင်တယ်။ သူအတော်လေး ချီတုံချတုံဖြစ်သွားရတာပေါ့။ ယန့်ဝမ်ရဲ့စာကြည့်ခန်းထဲမှာ ကန့်သတ်အရာတွေအများကြီးရှိတယ်။ သူလိုက်ဝင်လို့ရမရ မသေချာဘူး။ ဒါပေမယ့် သူတွေးလို့မပြီးခင်မှာပဲ ကုဟွေးရန့်က အဖြူရောင်ပိုးထည်တစ်စကိုကိုင်ပြီး အထဲကပြန်ထွက်လာတယ်။

“အပြင်ခန်းမှာရေနွေးရှိတယ်၊ ဆံပင်တွေအရင်သုတ်လိုက်၊ မင်းခန္ဓာကိုယ်အကြောင်း မင်းအသိဆုံးဖြစ်မှာပဲ၊ စကားက ခဏနေမှပြောလည်းဘာမှမဖြစ်ဘူး၊ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ဖာ့သာနှိပ်စက်ရင်တော့ ခံရတဲ့သူကကိုယ်ကိုတိုင်ပဲဖြစ်မှာ”

လင်ဝေ့ရှီးက ပိုးစကိုလှမ်းယူလိုက်ပေမယ့် သူ့လိုမိန်းမငယ်လေးက ယောင်္ကျားတစ်ယောက်ရှေ့မှာ လက်လွတ်စပယ်ခေါင်းသုတ်သင့်ရဲ့လားလို့ စဉ်းစားနေတယ်။ သူ တုတ်တုတ်မလှုပ်တာတွေ့တော့ ကုဟွေးရန့်က မေးလေတယ် “ဘာလဲ မလုပ်ချင်ဘူးလား”

“ပိုးက ရေမစုပ်ပါဘူး၊ အရှင်က ဆံပင်ရေသုတ်စေချင်ရင်တောင် ချည်ထည်ယူပေးမှရမှာ”

ကုဟွေးရန့် လက်မြှောက်လိုက်ရတယ် “ကောင်းပြီ… နောက်တစ်ခါရှာထားပေးမယ်”

ဒါပေမယ့် ဒီစကားချီးတွေကြောင့်ပဲ လင်ဝေ့ရှီးရဲ့လှုပ်ရှားနေတဲ့စိတ်ကလေး ငြိမ်ကျသွားပါတယ်။ သူက နောက်ထပ်တစ်ခါအသေအချာတွေးတောပြီး ပိုပြီးစိတ်ကြည်လင်လာတယ် “အရှင်ယန့်ဝမ်… ကျွန်မ ပြောစရာလေးရှိလို့ပါ”

“ငါကိုယ်တော် မှတ်မိတယ်” ကုဟွေးရန့်က ဒီကိစ္စကို သိပ်အလေးအနက်မရှိဘူး။ သူက စားပွဲနောက်ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး အင်္ကျီလက်ကိုပင့်ကာ စာရေးစုတ်တံတစ်ချောင်းကို ကောက်ကိုင်ပါတယ်။ စုတ်တံထိပ်ဖျားကိုမှင်စွတ်လိုက်ပြီးမှ သာမန်လေသံအတိုင်းပြောလိုက်တယ်  “ပြော”

“အရှင်ကျွန်မကို ကတိပေးထားဖူးတယ်လေ၊ ကျွန်မလိုချင်တာရှိရင် အလွန်အကျွံမဟုတ်သရွေ့ ဖြည့်ဆည်းပေးမယ်လို့”

ကုဟွေးရန့်က စာရေးရင်းတစ်ဖက် ပြန်ပြောတယ် “အင်း”

လင်ဝေ့ရှီးက အသက်ရှူအောင့်ထားပါတယ် “အရှင်… ဇနီးတစ်ယောက်မလိုချင်ဘူးလားဟင်”

စုတ်တံထိပ်ဖျားကမှင်တွေ ဆတ်ခနဲပျံ့သွားတယ်။ ကျန်းရှောင်လျန်အတွက်ရေးတဲ့စာက တစ်ခဏချင်း ပျက်ဆီးသွားပါတယ်။

ကုဟွေးရန့်က ခေါင်းကိုမော့ပြီး သူ့အရှေ့ကမိန်းကလေးကို စူးစူးစိုက်စိုက်ကြည့်လေတယ် “ဘာပြောလိုက်တယ်”

…………..